← Chapters

ငရဲဘုံမှ တာအိုဥသျှောင် လွတ်လာပြီ

Vol. 96 Ch. 1341

ငရဲဘုံမှ တာအိုဥသျှောင် လွတ်လာပြီ

Vol. 96 Ch. 1341

မန်ဟိုက ကောင်းကင်ဘုံ (၁) မြေထုကြီးကို တဘုန်းဘုန်း ထုနေသည်။ ဧရာမချောက်နက်ကြီးများ၊ အက်ကွဲကြောင်းများ ဖြာထွက်နေရာ ကောင်းကင်ဘုံ (၁) မည်မျှကြာကြာ တောင့်ခံနိုင်မည်လဲ ပြောရခက်သည်။ ထိုစဉ် အောက်ရှိ အဋ္ဌမတောင်ပင်လယ်တွင် ငရဲဘုံ ၃၃ ဘုံရှိရာဧရိယာမှ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။

ထို့နောက် ဧရာမကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ ကြေမွသွားသည့်အလား ထင်ရသည်။ အမျက်ဒေါသနှင့် အမုန်းတရားနှစ်မျိုးလုံးကို ထုတ်လွှတ်နေသော ကို့ရိုးကားရားအရိပ်တစ်ခု ဒယိမ်းဒယိုင်ထွက်လာသည်။

သူ့မှာ ချက်ချင်း သွေးတစ်ပွက်အန်လိုက်ရပြီးနောက် သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ ထို့နောက် သူသည် ခေါင်းနောက်လှန်၍ ခံပြင်းစွာ ဟိန်းဟောက်လိုက်၏။

“မန်ဟို ငါ မင်းတို့တစ်မျိုးနွယ်လုံးကို မျိုးဖြုတ်ပစ်မယ်လို့ ငါ ဒီမှာ ကျိန်တယ်”

၎င်းက ငရဲဘုံ ၃၃ ဘုံထဲသို့ မန်ဟို၏မျှားခေါ်ခြင်း ခံခဲ့ရသော ရွှေရောင်ချပ်ဝတ်နှင့် အပြင်သူတာအိုဥသျှောင် လောင်လင်းစစ်မှတစ်ပါး အခြားမဟုတ်ပေ။

လောလောဆယ်တွင် သူ့ကိုယ်ပေါ်၌ ရွှေရောင်ချပ်ဝတ်အစအနကိုပင် မမြင်ရပေ။ သူ့မှာ စုတ်တီးစုတ်ပဲ့ဖြစ်နေပြီး မောပန်းနွမ်းနယ်နေကြောင်း သိသာသည်။ သို့သော် သူ၏စွမ်းအားအဆင့်မှာ ယခင်ထက် လျော့မသွားပေ။ ပို၍ပင်သန်မာလာသေး၏။ ငရဲဘုံ ၃၃ ထဲ၌ ဒဏ်မည်မျှခံခဲ့ရသလဲ၊ မည်သို့လွတ်လာခဲ့သလဲ ပြောရန်မဖြစ်နိုင်သော်လည်း သူ ပေးဆပ်ခဲ့ရသည့်တန်ကြေးကတော့ စိတ်ကူးကြည့်၍ပင်မရပေ။

ထို့အတွက်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် ဤမျှမကျေမချမ်းဖြစ်နေမည်မဟုတ်။

ထွက်လာလျှင်ချင်း သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ အဋ္ဌမတောင်ပင်လယ်၏ ကျင့်ကြံသူများထံမှ လာနေသော ကြွေးကြော်သံများနှင့်အတူ အပြင်သူများ၏အော်သံများကို ကြားလိုက်ရ၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ ... သူ့အိမ် ကောင်းကင်ဘုံ (၁) ပြိုကျလာနေသည်ကို မြင်လိုက်ရ၏။

သူ့ကို ပို၍ဒေါသူပုန်ထသွားစေသည်မှာ သူ မုန်းလွန်း၍ ကိုက်ဖြဲစားသောက်ပစ်ဖို့ မစောင့်နိုင်တော့သော မန်ဟို့အရှိန်အဝါကို ခံစားလိုက်ရခြင်းဖြစ်သည်။

“မန်ဟို” သူက ခေါင်းနောက်လှန်ကာ အဋ္ဌမတောင်ပင်လယ်တစ်ဝန်းလုံး ပြည့်နှက်သွားသော ခံပြင်းပြင်းဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ကျင့်ကြံသူများနှင့်အပြင်သူအားလုံး ချာချာလည်မူးဝေးသွားကြစဉ် လောင်လင်းစစ်သည် လေပေါ်ထိုးတက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။

ပါရာဂွန်အောဂူမှာ ပါရာဂွန်ပင်လယ်အိပ်မက်ကို တိုက်ခိုက်နေသောခုလတ်တွင် ဖြစ်သည်။ သူသည် အစက သိပ်မစိုးရိမ်ခဲ့သော်လည်း ယခုတော့ တိုက်ပွဲထဲမှ ရုန်းထွက်ဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ဖို့ စဉ်းစားနေ၏။ သို့သော် လောင်လင်းစစ်၏ အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူ၏မျက်လုံးများ စတင်တောက်ပလာသည်။ ခိတိဂဗ္ဗကို တိုက်ခိုက်နေသော အင်ပါယာသခင်တွင်လည်း ထိုနည်းတူတုံ့ပြန်မှုရှိသည်။ တာအိုဥသျှောင်ကိုယ်ပွားမှာ စိတ်သက်သာရသွားသည်။ ထို့ကြောင့် ဤအပြင်သူသုံးယောက်လုံးသည် သူတို့၏နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းများကို ဟင်းလင်ပြင်ထဲသို့ စေလွှတ်လိုက်၏။

“မန်ဟို့ကို သတ်ပစ်၊ သူ့ကို မရရအောင် တား”

“ဘာကိုပဲပေးရပေးရ သူ့ကို သတ်ရမယ်”

သူတို့နတ်ဘုရားစိတ်ဆန္ဒက တောင်ပင်လယ်လောကတစ်ခုလုံးတွင် ပျံ့နှံလာရာ ကျင့်ကြံသူအားလုံး ခံစားလိုက်ရသည်။ ထိုကျင့်ကြံသူများ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာကြသည်။ မန်ဟိုသည် သူတို့၏စံနမူနာ၊ သူတို့၏စိတ်ဓာတ်အားမာန်ကို တဟုန်းဟုန်းတောက်လာစေသော မီးစလေးဖြစ်သည်။

ကောင်းကင်ဘုံ (၁) သာ အမှန်ပြိုကျလာလျှင် ထိုမီးစသည် မိုးနှင့်မြေကို လွှမ်းခြုံနိုင်သော မီးတောက်ကြီးဖြစ်လာလိမ့်မည်။ သို့သော် ... ကောင်းကင်ဘုံ (၁) သာ ပြိုကျမသွားခဲ့ မန်ဟို သေဆုံးသွားခဲ့လျှင် ထိုမီးတောက်များက သူတို့ကို ပြန်လည်ဝါးမြိုသွားလိမ့်မည်။

အားလုံး တုန်ခါနေစဉ် ကျင့်ကြံသူပေါင်းများစွာသည် စိုးရိမ်တကြီး မော့ကြည့်နေကြ၏။ လောင်းလင်းစစ်ကမူ သူ့တာဝန်သူ သိသည်။ မွေးရပ်မြေ၏ဘေးကင်းလုံခြုံမှုနှင့် မန်ဟို့အပေါ် အမုန်းစိတ်သည် တစ်သားတည်းဖြစ်သွားပြီး သူ့နှလုံးသားထဲ၌ သူ၏အသက်အန္တရာယ်ကိုပင် လျစ်လျူရှုမိစေသော အမျက်ဒေါသအဖြစ် ပေါက်ဖွားလာ၏။

“မန်ဟို” လောင်လင်းစစ်က ကောင်းကင်ဘုံ (၁) ထံသို့ မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်းထိုးသွားနေစဉ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခေါင်းထက်ရှိ မြေထုကြီးသည် ဆက်လက်ပြိုကွဲနေ၏။ နယ်စပ်အနားတစ်လျှောက်ရှိ မြေလွှာ၊ကျောက်ခဲများသည် ကြယ်တာရာကောင်းကင်မှ ပြိုကျလာပြီး တောင်ပင်လယ်လောကထဲ ဝင်ရောက်လိုက်သည့် ပွတ်တိုက်မှုကြောင့် မီးတောက်လာကြသည်။ မကြာမီ ကြယ်တာရာကောင်းကင်မှာ မီးပင်လယ်ကြီးပမာဖြစ်လာတော့သည်။

စောင့်ကြည့်နေသူတိုင်းမှာ အံ့ဩမှင်သက်နေကြသည်။ လောင်လင်းစစ်မှာ သူ၏အသက်စွမ်းအားကိုပင် လောင်ကျွမ်းစေလိုက်ရာ မီးတောက်များက သူ့ပတ်ပတ်လည်တွင် ဟုန်းခနဲ တောက်လာ၏။

သူ ကောင်းကင်ဘုံ (၁) အပေါ် ခြေချတော့မည့်အချိန်တွင် မန်ဟိုသည် သူ့ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ မြေပြင်များ အက်ကွဲပြိုကျနေသဖြင့် ကူပါကယ်ပါအော်သံများ တစာစာဆူညံနေသည်။ မြို့တော်များ ပြိုပျက်ကုန်ပြီး အဆောက်အအုံများလည်း ရုပ်လုံးမပေါ်တော့ပေ။ တောင်တန်းများက လွင်ပြင်ဖြစ်သွားပြီး လွင်ပြင်များက ချောက်နက်၊ ချိုင့်ခွက်များ ဖြစ်ကုန်သည်။

ကမ္ဘာမှလာနေသော နှင်ထုတ်ခြင်းအားနှင့် ကမ္ဘာ၏စိတ်ဆန္ဒ ဝမ်းနည်းပူဆွေးစွာ ဟိန်းဟောက်နေသည်ကို မန်ဟို ခံစားနေရသည်။ မန်ဟိုမှာ သက်ပြင်းခိုးချပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

တခဏကြာသော် သူ့မျက်လုံးများက ယခုလေးတင် ကောင်းကင်ဘုံ (၁) သို့ မိုးကြိုးတန်းကြီးသဖွယ် ဝုန်းဒိုင်းကြဲ ရောက်လာခဲ့သော လောင်လင်းစစ်အပေါ် ကျရောက်သွားသည်။ လောင်လင်းစစ်အတွက် ဤနေရာသည် သူ့အိမ်၊ သူ ကြီးပြင်းလာခဲ့သော၊ ကျင့်ကြံအားထုတ်ခဲ့သောနေရာဖြစ်၏။ ဤနေရာတွင် အမှတ်တရာများစွာ ရှိ၍ မည်သည့်နေရာကိုကြည့်ကြည့် သူ အချိန်ကုန်ဆုံးခဲ့ဖူးသော နေရာများကို မြင်ရနိုင်သည်။

သို့သော် ယခုတော့ ဘေးဘီဝဲယာကို ကြည့်ရင်း သူ့မှာ တဆတ်ဆတ် တုန်ရီလာပြီး သူ၏မျက်လုံးများက သွေးကဲ့သို့ နီစွေးလာသည်။ သူ့မှာ တစ်ခုခုအော်ဟစ်ပြောလိုက်ချင်သော်လည်း မည်သည့်အသံမှ ထွက်မလာ။ သူ၏အသက်ရှူသံသည် ဟောဟဲလှိုက်နေပြီး သူ့နှလုံးသားထဲရှိ အမျက်ဒေါသက ထိန်းမနိုင်သိမ်းမရအောင် အုံကြွလာတော့သည်။

“မင်း...မင်း....။ မင်းက ငါ့လူတွေ၊ ငါ့မျိုးနွယ်စု၊မြို့တွေနဲ့ ... တစ်ကမ္ဘာလုံးကိုတောင် ဖျက်စီးပစ်တယ်လား။ ငါတို့ စစ်ဖြစ်နေတယ်ဆိုပေမယ့် မင်း ဘယ်လိုလုပ် ဒီလောက်လွန်ရတာလဲ” လောင်လင်းစစ်၏မျက်လုံးများက နီရဲနေသည့်အပြင် သွေးမျက်ရည်များပင် ကျလာသည်။ သူ့နှလုံးသားမှာ ဓားနှင့်ပါးပါးလှီးခံနေရသကဲ့သို့ ခံစားနေရလေသည်။ မည်သည့်ဘက်သို့ကြည့်ကြည့်၊ ပျက်စီးနေသောမြို့များ၊ သေနေသော သို့မဟုတ် အသက်ငင်သော သူ့လူများကိုသာ သူ မြင်နေရသည်။

မျိုးနွယ်တူများ၏ သွေးအနံ့ကို သူ ရနေသည်၊ အလောင်းများ၊ အပျက်စီးများကို သူ မြင်နေရသည်...

“မန်ဟို” သူက ဟိန်းဟောက်သည်။ အမုန်းအပြည့်၊ ဒေါသအပြည့်နှင့် သူသည် အရာအားလုံးကို တသိမ့်သိမ့်တုန်ရီနေစေရင်း မန်ဟို့ထံ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

“စစ်ပွဲမှာ စည်းဘောင်ရှိတယ်ဆိုတာ မင်း နားလည်သားပဲ။ သေမျိုးတွေကိုလည်း မင်းတို့ အသက်ချမ်းသာမပေးခဲ့သင့်ဘူးလား” မန်ဟိုက လောင်လင်းစစ်ကို စက်ဆုပ်စွာ ကြည့်ရင်း အေးစက်စက်ပြောသည်။ “တောင်ပင်လယ်လောကသားတွေတော့ မသိဘူး။ ငါကတော့ မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး၊ သွေးတစ်စက်ဆို သွေးတစ်စက်ပဲ

“ဒီနေ့ ကောင်းကင်ဘုံ (၁) ရဲ့ ပျက်သုဉ်းမှုက အစပဲရှိသေးတယ်” မန်ဟို့အသံသည် ရေခဲတမျှ အေးစက်နေ၏။ တစ်ချိန်တည်းမှာပင် သူက ညာလက်သီးကို ဆုပ်၍ လောင်လင်းစစ်ထံ ထိုးချလိုက်သည်။

မီတာ ၅၀၀၀ ဝေးကွာသော်လည်း သူက အသက်နုတ်လက်သီးကို ထုတ်လွှတ်လိုက်သေးလေသည်။

သုတ်သင်ခြင်းစိတ်ဆန္ဒသည် ကောင်းကင်ဘုံ (၁)၏ အသက်ဓာတ်အားလုံးကို စုပ်ယူရင်း ဖြာထွက်သွား၏။ ထိုလက်သီးချက်က မြေပြင်များကို တုန်ရီလာစေသည်၊ တောင်များကို လှုပ်ခတ်လာစေသည်၊ လေထဲတွင် အရောင်အဝါများ လင်းလက်ပြိုးပျက်သွားစေသည်။

လောင်လင်းစစ်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် မိုးမီးလောင်မတတ် ဒေါကန်နေသော်လည်း ဆင်ခြင်တုံတရားတော့ ရှိသေး၏။ မန်ဟို တိုက်ခိုက်လိုက်သည်နှင့် သူ ရင်ဒိန်းခနဲ ခုန်သွားသည်။ လက်သီးချက်၏အားက မန်ဟို့အပြင်အားကိုယ်တစ်ခုတည်းမှ ဖြစ်သည့်တိုင် ကြောက်မက်ဖွယ်အန္တရာယ်ကို သူ ခံစားလိုက်ရသေးသည်။

သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် မန်ဟို့ကို လက်ညှိုးထိုးလိုက်၏။ ချက်ချင်းပင် အနှစ်သာရစွမ်းအား ထွက်ပေါ်လာပြီး မန်ဟို့လက်သီးချက်ကို ဝင်ဆောင့်လိုက်သော ခြောက်ရောင်ခြယ်ဝဲတစ်ဝဲ ဖြစ်သွားသည်။

ဝုန်း

မိုးနှင့်မြေမှာ တုန်ရီသွားသလို လောင်လင်းစစ်လည်း သွေးအန်လျက် နောက်ယိုင်သွားသည်။ မန်ဟိုလည်း နောက်ဆုတ်လိုက်ရပြီး သူ ဆုတ်လိုက်သောခြေလှမ်းတိုင်းက လေထဲတွင်သာ ဖြစ်သော်လည်း အောက်ရှိမြေကြီးမှာ လှုပ်ခတ်လာပြီး ပေါက်ကွဲသွားလေသည်။

မြေထုသည် မီတာသုံးထောင်ပတ်ပတ်လည်အထိ ပြိုကျသွားသဖြင့် ဧရာမတွင်းနက်ကြီးတစ်တွင်း ပေါ်လာသည်။ ထိုတွင်းကြီးမှာ ကောင်းကင်ဘုံ (၁) တစ်ခုလုံးကို ထုတ်ချင်းဖောက်သွားခဲ့သဖြင့် ကျောက်ခဲမြေမှုန်များက တောင်ပင်လယ်လောကထံ ရွာကျလာသည်။

ထိုအပေါက်ကြီးမှ ငုံကြည့်လျှင် အောက်ရှိတောင်ပင်လယ်လောကကို မြင်ရလိမ့်မည်။

ယင်းက မန်ဟို တိုက်ခိုက်နေပုံပင်။ သူ့ကို ရိုက်ခတ်သော တိုက်ကွက်၏အင်အားကို ငှားယူ၍ ပြန်ထိုးနှက်ခြင်း။

လောင်းလင်းစစ်က ဟိန်းဟောက်၍ သူ့လက်နှစ်ဖက်သည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ကို ဖော်ကာ အနှစ်သာရ ၆ခု ပေါ်ထွက်လာစေသည်။ ၎င်းတို့က ကြောက်မန်းလိလိသုတ်သင်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လျက် မန်ဟို့ထံ ပြေးဝင်သွားကြသော ဖွတ်အိမ်မြှောင်ကြီးခြောက်ကောင် ဖြစ်လာသည်။

မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက အေးစက်စွာ ရယ်သည်။ သူ၏ညာလက်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် ဝှေ့ယမ်းရင်း ပါရာဂွန်တံတားကို ဆင့်ခေါ်သည်။ ပါရာဂွန်တံတား အနှစ်သာရ ၆ ခု ဖွတ်အိမ်မြှောင်များအပေါ် ဆင်းသက်သွားသောအခါ အရာအားလုံး ဖျက်စီးခံလိုက်ရသဖြင့် အလွန်ကျယ်လောင်သောပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

လောင်လင်းစစ်သည် ကြေမွနေသော သူ့အိမ်၊ မြေပြင်များကို ကြည့်ရင်း စူးစူးဝါးဝါး အော်၏။ ထို့နောက် ခါးသီးစွာ ရယ်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မြှင့်တင်ဖို့ သူ၏အသက်ဓာတ်ကို လောင်ကျွမ်းစေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် လေကို ဖြတ်ကာ မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာ၏။ သူ့လက်များက လက်နှစ်ဖက်မုဒြာလက်တစ်ကွက်ကို ဖော်ဆောင်လိုက်ပြီး ဧရာမပါးစပ်ကြီးသဖွယ် မီးတောက်မီးလျှံများက မန်ဟို့ကို လှမ်းဟပ်လိုက်သည်။

မန်ဟို့အတွက် ရှောင်ရန်အချိန်မရှိပေ။ သူသည် အနက်ရောင်မီးပါးစပ်ကြီး သူ့ကို ကိုက်ချလိုက်သည်ကိုသာ ကြည့်နေနိုင်၏။

အနက်ရောင်မီးတောက်များက ကောင်းကင်၊ မြေပြင်နှင့် လေထုကို စုတ်ဖြဲပျက်စီးလျက် တဟုန်းဟုန်းတောက်နေသည်။ သို့သော် ထိုမီးတောက်များမှာ ဝုန်းခနဲ ပြိုကွဲသွားပြီး မန်ဟိုက စစ်လက်နက်ကို ကိုင်စွဲရင်း လမ်းလျှောက်ထွက်လာသည်။

သူသည် လောင်းလင်းစစ်ထံ မဦးတည်ခင် တဒင်္ဂလေးပင် မနားပေ။ စစ်လက်နက်မှာ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော်လည်း အတော်လေး အားကုန်စေသည်။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ဆင့်ခေါ်ရာ၌ ဂရုစိုက်သော်လည်း တိုက်ခိုက်ဖို့ အချိန်ကျသောအခါ ဘယ်တော့မှ မတွန့်ဆုတ်ပေ။ ယခုတွင် စစ်လက်နက်ကား လောင်လင်းစစ်ကို ပိုင်းချနေလေပြီ။

သို့သော် ထိုအခိုက်အတန့်တွင် လောင်လင်းစစ်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားပြီး သူက ခေါင်းနောက်လှန်ကာ ဟိန်းလိုက်သည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစဉ် သူ့ခန္ဓာကိုယ်သည် မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပိုးအိမ်ကို ခွဲထွက်လာသော ပိုးကောင်တစ်ကောင်ပမာ နှစ်ခြမ်းကွဲသွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုနှစ်ခြမ်းအနက်မှ တစ်ခြမ်းကိုသာ စစ်လက်နက်မှ ထိလိုက်လေသည်။

ကျန်တစ်ပိုင်းက အနက်ရောင်တောက်ပလျက် နောက်ဆုတ်သွားသည်။ သူ့အရှိန်အဝါမှာ အားနည်းသွားသော်လည်း ဒဏ်ရာမရလိုက်ပေ။

“မင်း အဲဒီလိုမျိုး ဘယ်နှကြိမ် တိုက်ခိုက်နိုင်တာလဲ" လေမုန်တိုင်းတစ်လုံးက လောင်လင်းစစ်ကို စတင်လည်ပတ်လာသည်။

မန်ဟိုက မျက်မှောင်ကြုတ်၍ ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး လောင်လင်းစစ်ကို လက်ညှိုးထိုးသည်။ ၎င်းက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ဖြစ်သော်ငြား မန္တန်အစွမ်း ပေါ်ထွက်လာလျှင်ချင်း လောင်လင်းစစ်က ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။

“ဖွတ်အိမ်မြှောင်အပေါင်း၏ မိခင်၊ ကောင်းကင်ဘုံ (၁) ၏ စိတ်ဆန္ဒ ကျွန်တော်မျိုးအား စောင့်ရှောက်ပေးပါလော့” လောင်လင်းစစ် ဟိန်းဟောက်လိုက်သည့်အခါ အံ့မခန်းလိလိ စိတ်ဆန္ဒသည် ပြိုကျနေသော ကောင်းကင်ဘုံ (၁)အတွင်းထဲမှ ထွက်လာ၏။ ၎င်းက ချက်ချင်းဆိုသလို လောင်လင်းစစ်အပေါ် သက်ဆင်းရင်း မန္တန်အစွမ်းကို ဖယ်ရှားတိုက်ခိုက်လိုက်လေသည်။

မန်ဟို့မျက်လုံးများ မှေးကျဉ်းသွားသော်လည်း သူက မတွန့်ဆုတ်ဘဲ စစ်လက်နက်ကို သိမ်း၍ နတ်ဆိုးလက်သီးကို ထုတ်ဖော်ရန် လက်သီးဆုပ်လိုက်သည်။

All Chapters