အသုံးချခံ
Vol. 83 Ch. 1114
ကောင်းကင်အရှင်ကျန့်ယွမ်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ယီထျန်းယွမ်အား စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“ကောင်းပြီ... တကယ့်ကို စကားပြောကောင်းတဲ့ ပါးစပ်ပဲ... ငါက မင်းကို ကြည့်မရလို့ကွာ ဘာဖြစ်လဲ... လက်သီးအစွမ်းကသာ အမှန်တရားပဲ...”
“ဒီနေ့ ငါမင်းကို ပညာမပေးလိုက်ရင် ငါက ဘာလို့ စီနီယာဖြစ်ပြီး မင်းက ဘာလို့ ဂျူနီယာဖြစ်နေလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး...”
သူသည် အထက်မှ ဒေါသတကြီး ဆင်းလာပြီး ယီထျန်းယွမ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်သည်။ ယီထျန်းယွမ်သည် မျက်ဝန်းများကို စုစည်းကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အားအကောင်းဆုံး ပေါက်ကွဲအားကို ပြင်ဆင်ထားပြီး ဤမျှအထိ သန်မာသော ကောင်ကင်အရှင်ကိုပင် သူက လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
အထူးသဖြင့် တစ်ဖက်လူက ပေါ့ဆနေသည့် အခြေအနေမျိုးတွင် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။ မြေကမ္ဘာအရှင်တစ်ဦးက ကောင်းကင်အရှင် အများစုထက် သာလွန်သော စွမ်းအား ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ပေါ့ဆမှုတစ်ခုအောက်တွင် အရာအားလုံးမှာ ပြီးဆုံးသွားပေလိမ့်မည်။
“ဒုက္ခပဲ၊ ကောင်းကင်အရှင်ကျန့်ယွမ် ဒေါသထွက်သွားပြီ...”
စီနီယာအစ်ကိုဇီကွမ်း မြင်တွေ့လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
ယီထျန်းယွမ်နှင့် ကောင်းကင်အရှင်ကျန့်ယွမ်ကြား ကွာခြားချက်မှာ အလွန်ကြီးမားလှပေရာ တိုက်ခိုက်ကြမည်ဆိုပါက ယီထျန်းယွမ်အတွက် အန္တရာယ်ရှိနိုင်သည်။ ဤနေရာ၌ တိုက်ခိုက်ခြင်းမှာ တကယ်ပင် မိုက်မဲသော လုပ်ရပ်ပင် ဖြစ်သည်။
အခြားသော နတ်ဘုရားနယ်မြေများမှ ကျင့်ကြံသူများမှာမူ ကဲ့ရဲ့လှောင်ပြောင်သော အကြည့်များ ရှိနေကြသည်။ ဤနေရာ၌ပင် အတွင်းရေး ပြဿနာများ ဖြစ်နေကြသည်မှာ မထင်မှတ်ထားစရာပင်။ အပြင်ဘက်တွင် တိုက်ခိုက်ကြမည်ဆိုလျှင် အနည်းဆုံးတော့ ကျောက်စိမ်းပြားကို ဖြုန်းတီးရာ မရောက်ချေ။ ဤနေရာ၌မူ အချိန်တိုင်းမှာ ရွှေနှင့်တူလှသည်။
သူတို့သည် အသေအချာ ကျင့်ကြံခြင်း မပြုဘဲ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်မှာ တကယ်ပင် ရယ်စရာကောင်းလှသည်။ ၎င်းတို့မှာ ဤမြင်ကွင်းကို ကြည့်ရှုရန် ဝမ်းသာနေကြပြီး မိမိတို့အတွက် ဆုံးရှုံးမှု မရှိသည့်အပြင် ဘေးမှနေ၍ ဖျော်ဖြေရေး တစ်ခုကိုလည်း ကြည့်ရှုနိုင်သဖြင့် ပို၍ပင် သဘောကျနေကြသည်။
“ဒီလူအတွေက အဆင့်အတန်း ခွဲခြားမပြရရင် သေမယ့်သူတွေပဲ”
ကောင်းကင်အရှင်ယွီဟွာက ခေါင်းခါလိုက်ပြီး ထိုဘက်သို့ လှမ်းအော်လိုက်သည်။
“စီနီယာကျန့်ယွမ်... စိတ်လျှော့ပါဦး၊ ဒီမှာ ပြဿနာရှာတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ။ အပြင်ရောက်မှပဲ တစ်ခုခု စီစဉ်ကြတာပေါ့၊ ဘယ်လိုလဲ”
သူတို့မှာ ပျံသန်းသွား၍ မရသဖြင့် အောက်ဘက်မှသာ လှမ်းအော်နိုင်ကြသည်။ ကောင်းကင်အရှင်ယွီဟွာမှာ သူတို့ကို ဖျောင်းဖျလိုခြင်း ဖြစ်ပြီး အပြင်ရောက်မှ အကြီးအကဲများထံတွင် ဖြေရှင်းရန် ရည်ရွယ်ခြင်းပင်။ ၎င်းမှာ အချိန်ဆွဲသည့် နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ကောင်းကင်အရှင်ကျန့်ယွမ်အား လက်စားချေရန် နေရာကောင်းတစ်ခု ပေးအပ်လိုခြင်း မဟုတ်ချေ။
တကယ်တမ်း အပြင်ရောက်သွားပါက အကြီးအကဲများက သူတို့ကို အဘယ်မှာ တိုက်ခိုက်ခွင့် ပေးပါမည်နည်း။
“ငါက ဒီမှာပဲ ဖြေရှင်းချင်တာ၊ ဘယ်လိုလဲ”
ကောင်းကင်အရှင်ကျန့်ယွမ်က သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး ကောင်းကင်အရှင်ယွီဟွာ၏ ဖျောင်းဖျမှုကို လုံးဝ ဂရုမစိုက်ချေ။
သူက ယီထျန်းယွမ်အား အေးစက်စွာ ပြန်လည်ကြည့်ရှုသည်။ မိမိ၏ ဂုဏ်သိက္ခာကို ထိပါးခံရသဖြင့် လက်ရှိ အခြေအနေကို သူက ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်၌ ရန်သူများ ဝိုင်းနေလျှင်ပင် ယီထျန်းယွမ်အား အရင်ဆုံး ဖြေရှင်းရန် ဆုံးဖြတ်ထားသည်။
သူ့အား ဖီဆန်ဝံ့သူ နောက်ထပ် မပေါ်လာစေရန်အတွက် သူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည် ဖြစ်သည်။
ကောင်းကင်အရှင်ကျန့်ယွမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဘေးဘက်မှ ပုံရိပ်တစ်ခု ဖြတ်သန်းသွားပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“အော်... ဒီမှာ ဂျူနီယာလေးကို နှိပ်စက်နေတာက မင်းလို ကျန့်ယွမ်ရဲ့ ပုံစံပေါ့လေ... အရင်ကတော့ ငါနဲ့ ယှဉ်ပြိုင်မယ် ဘာညာနဲ့ အော်နေပြီးတော့ အခုကြည့်ရတာ ဒီလောက်ပဲ စိတ်သဘောထား သေးသိမ်တာလား၊ တကယ်ကို အထင်သေးစရာပဲ”
နှင်းကဲ့သို့ ဖြူစင်သော ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာရာ ယီထျန်းယွမ်မှာ မျက်လုံးပြူးသွားတော့သည်။ သူ၏ ရှေ့မှောက်၌ ပေါ်လာသူမှာ အခြားသူ မဟုတ်ဘဲ ယခင်က ဆုံတွေ့ခဲ့ဖူးသော နတ်ဘုရားမယွီချင်းပင် ဖြစ်သည်။
ခဏမျှ မဆုံတွေ့ဖြစ်သော အချိန်အတွင်း သူမသည် မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းသွားခဲ့ပြီး ကြည့်ရသည်မှာ ကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေပုံရသည်။ သို့သော် သူမ၏ ယခင်ဘဝမှာ နတ်ဘုရားမယွီချင်း ဖြစ်သဖြင့် ကောင်းကင်မျက်လုံး၏ အချက်အလက်များမှာလည်း အသစ်ဖြစ်သွားခဲ့သည်။
နတ်ဘုရားမယွီချင်းကို ဤနေရာ၌ မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် သူက အလွန်ပင် အံ့ဩမိသည်။ သူမနှင့် ပြန်ဆုံတွေ့ရမည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့မှောက်သို့ ရောက်လာသဖြင့် တကယ်ပင် အံ့အားသင့်ရသည်။
“ကောင်းကင်အရှင်လျိုယွန်း... မင်း ရောက်လာပြီပဲ...”
ကောင်းကင်အရှင်ကျန့်ယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး နတ်ဘုရားမယွီချင်းအား စူးစိုက်ကြည့်ကာ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
“ကောင်းကင်အရှင်လျိုယွန်း ဟုတ်လား”
ယီထျန်းယွမ်မှာ လျှာပင် တစ်သွားတော့မတတ် ဖြစ်သွားသည်။ ဤမိန်းကလေးက ကောင်းကင်အရှင်လျိုယွန်းတဲ့လား။ အဓိကအချက်မှာ သူမသည် ကောင်းကင်အရှင်အဆင့်သို့ လုံးဝ မတက်လှမ်းရသေးဘဲ အဘယ်ကြောင့် ကောင်းကင်အရှင်ဟု ခေါ်ဆိုခံနေရသနည်း။
သို့သော် သေချာ အာရုံခံကြည့်လိုက်သည့်အခါ သူမ၏ အော်ရာမှာ ကောင်းကင်အရှင်နှင့် တူညီနေသည်မှာ မှန်ပေသည်။ သူမ၏ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ဝိညာဉ်နိုးထမှုမှာလည်း ပိုမိုများပြားလာရာ ထွက်ပေါ်လာသော အော်ရာမှာ ကောင်းကင်အရှင်နှင့် တူညီသွားခြင်း ဖြစ်သည်။
ဤသို့ဖြင့် သူမအား ကောင်းကင်အရှင်ဟု လူများက မှားယွင်းယူဆကြခြင်းမှာ ပြဿနာ မဟုတ်ချေ။ ယီထျန်းယွမ်၏ ကောင်းကင်မျက်လုံးမှာမူ အရာအားလုံးကို မြင်နိုင်သဖြင့် သူ့အား ဖုံးကွယ်ထား၍ မရပေ။
သို့သော် သူမတွင် အခြားသော အဆင့်အတန်းတစ်ခု ရှိနေပုံရပြီး အခြားသော နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ကာ ဤနေရာသို့ အောင်မြင်စွာ ဝင်လာနိုင်ခဲ့ပုံရသည်။ ကြည့်ရသည်မှာ ဤနေရာသို့ ဝင်ရောက်လာခြင်းမှာ ပထမဆုံးအကြိမ် ဟုတ်ပုံမရပေ။ မဟုတ်ပါက ချက်ချင်းပင် ပျံတက်လာနိုင်မည် မဟုတ်ချေ။
နတ်ဘုရားမယွီချင်းသည် မိုင် ၈၀ ကျော် အကွာအဝေးသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ရာ ကောင်းကင်အရှင်ကျန့်ယွမ်ထက်ပင် မြင့်မားသော နေရာသို့ ရောက်ရှိသွားသည်။ သူမသည် တောင်ထိပ်သို့ တက်လှမ်းရန် အခွင့်အရေး အရှိဆုံးဟု နာမည်ကျော်နေသော ကောင်းကင်အရှင်လျိုယွန်းပင် ဖြစ်သည်။ ယခု သူမ ပြန်လည်ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
“ဒီတစ်ခေါက် ကောင်းကင်အရှင်လျိုယွန်းက တောင်ထိပ်ကို တက်လှမ်းဖို့ ကြိုးစားတော့မှာလား”
“ဖြစ်နိုင်တယ်၊ ဒီတစ်ခေါက် ပြန်လာတာက တောင်ထိပ်ကို တက်ဖို့ပဲ ဖြစ်မှာပေါ့။ တောင်ထိပ်ကို မရောက်ရင်တောင် အနီးဆုံးအထိ သွားနိုင်တာကပဲ အံ့ဩစရာပဲ”
“တောင်ထိပ်ကို ရောက်သွားမယ်ဆိုရင် ကိုးယောက်မြောက် အမည် ဖြစ်သွားမှာပဲ... ငါလည်း အဲဒီမှာ နာမည် ထွင်းချင်လိုက်တာ...”
သူတို့အားလုံးမှာ ခေါင်းခါလိုက်ကြပြီး အားကျမိကြသည်။ မိမိတို့တွင်လည်း ထိုကဲ့သို့သော အရည်အချင်းမျိုး ရှိလျှင် ကောင်းမည်ဟု တွေးမိကြသည်။
“ကောင်းကင်အရှင်လျိုယွန်း... ငါ့ရဲ့ မိန်းမ လုပ်ပါလား...”
ထိုအချိန်တွင် ကောင်းကင်အရှင်ကျန့်ယွမ်က သူမအား ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။
၎င်းမှာ မြေပြင်တွင် မိုးကြိုးပစ်လိုက်သလိုပင် လူအများကို အံ့ဩသွားစေသည်။ ဤအချိန်တွင် ကောင်းကင်အရှင်ကျန့်ယွမ်က ဤသို့သော စကားမျိုး ပြောလိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။ သို့သော် မည်သူမျှ ကောင်းကင်အရှင်လျိုယွန်းအား မနာလို မဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူမမှာ အမျိုးသမီး ဖြစ်နေခြင်းကြောင့်ပင်။
အမျိုးသမီးတစ်ဦးကို မနာလို ဖြစ်နေရန် မလိုပေ။ တစ်နေ့နေ့တွင် သူမသည် အခြားသော ကောင်းကင်အရှင်၏ ဇနီး သို့မဟုတ် မိမိ၏ ဇနီးပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် မနာလို ဖြစ်နေမည့်အစား သူမကို အောင်နိုင်ရန်သာ ကြိုးစားကြပေလိမ့်မည်။
ယခု ကောင်းကင်အရှင်ကျန့်ယွမ်မှာ လူအများ၏ ရှေ့မှောက်တွင် သူမကို အောင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ရာ ၎င်းမှာ တကယ်ပင် မောက်မာလွန်းလှသည်။
ယီထျန်းယွမ်သည် နတ်ဘုရားမယွီချင်းအား ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာကို မြင်တွေ့ရရန် ကြိုးစားသော်လည်း တည်ငြိမ်မှုကိုသာ တွေ့ရပြီး သူမက စိတ်ဝင်စားမှု လုံးဝ မရှိပုံရသည်။
“မင်းရဲ့ မိန်းမ လုပ်ရမယ် ဟုတ်လား”
နတ်ဘုရားမယွီချင်းက ယီထျန်းယွမ်အား တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“ငါ့ရဲ့ အမျိုးသား ဖြစ်ချင်တယ်ဆိုရင် သူ့ကို အရင်နိုင်အောင် လုပ်လိုက်ဦးလေ”
ပြောပြောဆိုဆိုနှင့် သူမက ယီထျန်းယွမ်အား ညွှန်ပြလိုက်ရာ တစ်ခဏအတွင်းမှာပင် လူတိုင်း၏ အကြည့်များမှာ ယီထျန်းယွမ်ဆီသို့ ရောက်ရှိသွားပြီး သူသည် လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။
ယီထျန်းယွမ်မှာ မှင်တက်မိသွားသည်။ ကြည့်ရသည်မှာ ဤနတ်ဘုရားမယွီချင်းက သူ့အား အသုံးချပြီး ဤလူအများကို တားဆီးရန် ကြံစည်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
“သူ့ကို နိုင်အောင် လုပ်ရမယ် ဟုတ်လား”
ကောင်းကင်အရှင်ကျန့်ယွမ်က ကဲ့ရဲ့လိုက်သည်။
“ဒီကောင်ကို နိုင်ဖို့တောင် လိုလို့လား...”
“မှန်ပါတယ်၊ ငါ့ကို နိုင်ဖို့ မလိုပါဘူး၊ မင်းက နိုင်ပြီးသားပါ”
ယီထျန်းယွမ်က နတ်ဘုရားမယွီချင်းအား ကြည့်ကာ ဆိုလိုက်သည်။
“သူက ငါ့ကို နိုင်သွားပြီလေ၊ စည်းကမ်းအရဆိုရင် သူက မင်းရဲ့ အမျိုးသား ဖြစ်နိုင်ပြီ မဟုတ်လား”
ယီထျန်းယွမ်၏ အဖြေကြောင့် လူတိုင်းမှာ ကြောင်အမ်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရှုံးပေးလိုက်ရသနည်း။
ကောင်းကင်အရှင်ကျန့်ယွမ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“တကယ်ကို ကောင်းတဲ့ ဂျူနီယာလေးပဲ၊ အခြေအနေကို နားလည်တတ်တာ တကယ်ကို ကောင်းတယ်... ငါမင်းကို နည်းနည်း သဘောကျလာပြီ”
နတ်ဘုရားမယွီချင်းမှာ လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး စိတ်ထဲမှ ဒေါသထွက်သွားသည်။ ယီထျန်းယွမ်က သူမ၏ အကွက်ထဲတွင် မကစားဘဲ တကယ်ပင် အရှုံးပေးလိုက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ ဂုဏ်သိက္ခာ အနည်းငယ်မျှပင် မရှိသလော။
ယီထျန်းယွမ်ကမူ ပုခုံးတွန့်လိုက်သည်။ သူသည် အသုံးချခံ တစ်ယောက် မဖြစ်လိုခြင်းကြောင့်သာ ဤသို့ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။