← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း(136)

ဖုတ်ကောင်ဘုရင်နှင့် ၎င်း၏ဖုတ်ကောင်အုပ်စုသည် ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသဖြင့် ယောင်ပင်းတစ်ယောက် ကြောင်အမ်းသွားရပေသည်။

သူနှင့် ဖုတ်ကောင်ဘုရင်တို့က အသေအလဲ အကြိတ်အနယ် တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်၍ ဖုတ်ကောင်ဘုရင်သည် အဘယ်ကြောင့် ရုတ်တရက် တိုက်ပွဲကို ရပ်တန့်လိုက်သည်လဲ။ ထို့အပြင် တခြားဖုတ်ကောင်များနှင့်အတူ သူ့ကို ဝိုင်းရံထားရသည်လဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်ရသည်။

သူ့ထက်ပို၍ ဇဝေဇဝါဖြစ်နေကြသူများမှာ ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့ ဖြစ်ကြပေသည်။

ဖုတ်ကောင်ဘုရင် ကြံစည်နေသည့်အရာကို သူတို့ လုံးဝ ခန့်မှန်းနိုင်ခြင်း မရှိကြချေ။

သို့သော်လည်း မကြာမီတွင် သူတို့ သဘောပေါက်သွားကြချေပြီ။

ယောင်ပင်းအား ဝိုင်းရံပြီးနောက် ဖုတ်ကောင်ဘုရင်က ဖုတ်ကောင်လေးကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး ယောင်ပင်းအား အလေးအနက် ဦးညွှတ်လိုက်ကာ “ဂျစ်... ဂျစ်...” ဟု အသံအချို့ဖြင့် စကားပြောနေခဲ့သည်။

၎င်း၏ လက်အောက်ခံ ဖုတ်ကောင်များသည်လည်း ထိုနည်းတူစွာပင် ယောင်ပင်းအား အလေးအနက် ဦးညွှတ်ကြလေသည်။

ညီညီညာညာနှင့် ရိုရိုသေသေဦးညွတ်ခြင်းပင်။

ဖုတ်ကောင်လေးမှာတော့ ဖုတ်ကောင်ဘုရင်နှင့် အခြားဖုတ်ကောင်များ လုပ်နေကြသည်ကို နားမလည်သဖြင့် ဖုတ်ကောင်ဘုရင် ဦးညွှတ်နေစဉ်အတွင်း ယောင်ပင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီး ၎င်း၏ခေါင်းလေးကို စောင်းလျက် သူ့ကို စူးစမ်းသော မျက်နှာအမူအရာဖြင့် အပေါ်အောက် အကဲခတ်နေချေသည်။

နောက်ဆုံးတွင် ၎င်းက ဖြူဖျော့နေသော လက်ညှိုးလေးကို ဆန့်ထုတ်ကာ ယောင်ပင်း၏ ဗိုက်ကို တို့ကြည့်လေသည်။

ယောင်ပင်းသည်လည်း ဖုတ်ကောင်လေးကို ငုံ့ကြည့်လိုက်သည်။

ဖုတ်ကောင်လေးမှာ လေးငါးနှစ်အရွယ် ကလေးတစ်ဦး၏ အရပ်အမောင်းမျှသာ ရှိလေ၏။ ဆိုရလျှင် ၎င်း၏ အသားအရေမှာ သာမန်ထက်များစွာ ပိုမိုဖြူဖျော့နေ သွားများမှာ ပိုမိုရှည်လျားနေခြင်းသာ သာမန်ကလေးနှင့် ကွာခြားချေသည်။

တခြားထင်ရှားသော ကွာခြားချက် မရှိချေ။

အထူးသဖြင့် ဖုတ်ကောင်လေးသည် သူ့ကိုကြည့်ရန် ခေါင်းလေးစောင်းလိုက်သောအခါ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးပုံရပေသည်။

ဖုတ်ကောင်လေး၏ ယဉ်ကျေးပြီး နာခံတတ်သော အမူအရာကို မြင်ရသဖြင့် ယောင်ပင်းသည်လည်း လက်ကိုမြှောက်ကာ ၎င်း၏ခေါင်းကို ပုတ်ပေးလိုက်ပေသည်။

ဟီး... ဟီး... ဟီး...

ယောင်ပင်း၏လက်က ဖုတ်ကောင်လေး၏ ခေါင်းကို ထိမိသည်နှင့်တစ်ပြိုင်နက် ဖုတ်ကောင်ဘုရင်သည် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ယောင်ပင်းအား သတိပေးလိုက်သည်။

ဤသည်ကို မြင်ရသဖြင့် ယောင်ပင်းသည်လည်း လက်ကို ပြန်လည်ရုပ်သိမ်းကာ အကူအညီစွာ လက်ကို ဖြန့်ပြလျက်ပြောလိုက်မိ၏။

“ဖုတ်ကောင်ဘုရင်... စိတ်မပူပါနဲ့၊ ငါ မင်းရဲ့ကလေးကို လုံးဝ နာကျင်အောင် မလုပ်ပါဘူး”

သူ ထိမိရုံမျှနှင့် ဖုတ်ကောင်ဘုရင်၏ တောင့်တင်းသွားမှုကို ရုတ်တရက် သဘောပေါက်သွားချေပြီ။

ဖုတ်ကောင်လေးနှင့် ဖုတ်ကောင်ဘုရင်ကြားတွင် တစ်စုံတစ်ရာသော ဆက်ဆံရေး ရှိနေရပေမည်။

ဖုတ်ကောင်ဘုရင်သည်က နောက်ဆုံးစက္ကန့်တွင် သူက ဖုတ်ကောင်လေးကို ကယ်တင်ခဲ့သောကြောင့် တိုက်ပွဲကို ရုတ်တရက် ရပ်တန့်လိုက်ခြင်း ဖြစ်နိုင်သည်။

ဤသည်မှာ တကယ့်ကို တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေသည်။

ဟီး... ဟီး... ဟီး...

ယောင်ပင်းက ဖုတ်ကောင်လေးအား လွှတ်ပေးလိုက်ပြီးနောက်တွင်လည်း ဖုတ်ကောင်ဘုရင်က စိုးရိမ်နေဆဲဖြစ်ကာ ၎င်းအား လက်ဝှေ့ယမ်း ခေါ်လိုက်သည်။

ဖုတ်ကောင်လေးသည် ဖုတ်ကောင်ဘုရင်၏ ဘေးနားသို့ ခုန်ဆွခုန်ဆွဖြင့် ပြန်သွားခဲ့ချေပြီ။ ထိုအခါမှသာ ဖုတ်ကောင်ဘုရင်သည်လည်း စိတ်အေးသွားရချေတော့သည်။

ဖုတ်ကောင်လေးက ဖုတ်ကောင်ဘုရင်၏ ဘေးနားသို့ ပြန်ရောက်သွားပြီးနောက်တွင် ဖုတ်ကောင်ဘုရင်က ၎င်း၏ခန္ဓာကိုယ်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်ယူကာ ယောင်ပင်းအား ကမ်းပေးလိုက်လေ၏။ ထို့နောက်တွင် နောက်ထပ် အော်မြည်သံအချို့ ပြုလုပ်ကာ ဖုတ်ကောင်လေးနှင့် အခြားဖုတ်ကောင်များနှင့်အတူ လှည့်ထွက်သွားကြတော့သည်။

ဖုတ်ကောင်ဘုရင်နှင့် ဖုတ်ကောင်များ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ယောင်ပင်းက သူ့ လက်ထဲက အရာဝတ္ထုကို ကောက်ယူကာ အကြိမ်ကြိမ် စစ်ဆေးကြည့်ပေသည်။

ဖုတ်ကောင်ဘုရင် ပေးခဲ့သော အရာဝတ္ထုမှာ ဖြူဖွေးနေပြီး အလွန်အမင်း ထက်မြက်လှပေသည်။

“ဒါက... သွားတစ်ချောင်းလား”

ယောင်ပင်း ၎င်းကို အချိန်အကြာကြီး လေ့လာပြီးနောက် ဖုတ်ကောင်ဘုရင် သူ့အား ပေးခဲ့သည်မှာ သွားတစ်ချောင်း ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့သည်။

ယောင်ပင်းသည် အနည်းငယ် ရယ်လည်းရယ်ချင်၊ စိတ်လည်းပျက်သွားရလေ၏။

“မတိုက်ချင်လို့ မတိုက်တာ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဖုတ်ကောင်ဘုရင်က ဘာလို့ သွားတစ်ချောင်း ပေးသွားရတာလဲ”

မလှမ်းမကမ်းတွင်:

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့သည် ပြာနှမ်းနေသော မျက်နှာများဖြင့် အံကို ကြိတ်ကာ စောင့်ကြည့်နေကြပေသည်။

ယခုတစ်ကြိမ်တွင်လည်း ယောင်ပင်း နောက်တစ်ဖန် လွတ်မြောက်သွားခဲ့ပြန်ချေပြီ။

ထို့ထက် ပို၍အရေးကြီးသည်မှာ ဖုတ်ကောင်ဘုရင်သည်က ယောင်ပင်းအား ဖုတ်ကောင်သွားတစ်ချောင်းကို အမှန်တကယ်ပေးအပ်ခဲ့သည်။

ယောင်ပင်းသည် သူ့လက်ထဲက သွားကို ရွံရှာသော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်ရသောအခါ ကန်းခွိုက်လဲ့သည် ၎င်းကို လုယူချင်စိတ် ပြင်းပြနေချေသည်။

ဆိုရလျှင် ဖုတ်ကောင်ဘုရင် ယောင်ပင်းအား ပေးခဲ့သော သွားမှာ ဖုတ်ကောင်ဘုရင်၏ ကိုယ်ပိုင်သွား ဖြစ်ပေသည်။

အကယ်၍ တစ်စုံတစ်ဦးသည်သာ ဖုတ်ကောင်ဘုရင်၏ သွားကို ပိုင်ဆိုင်ထားပါက ၎င်းသည်က ဖုတ်ကောင်ဘုရင်၏ အရှိန်အဝါကို ရရှိမည်ဖြစ်ပြီး ဖုတ်ကောင်အားလုံးကို အမိန့်ပေးနိုင်မည် ဖြစ်ပေသည်။

ဖုတ်ကောင်ဘုရင်၏ သွားက အမှတ်အသားတစ်ခုကဲ့သို့ပင်။

ဤသည်ကား ရေတွက်၍မရသော ကျင့်ကြံသူများ အိပ်မက်မက်ခဲ့ကြသော အရာ ဖြစ်ပေသည်။

သို့သော်လည်း ယောင်ပင်းကတော့ ၎င်းကို အထင်သေးသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။

ကန်းခွိုက်လဲ့အနေဖြင့် ပို၍ လက်မခံနိုင်သောအရာမှာ သူ သုံးနှစ်အပြည့် အချိန်ပေးခဲ့ရပြီး တပည့်အများအပြားနှင့်အတူ ခြိမ်းခြောက်ခြင်း၊ မြှူဆွယ်ခြင်းတို့ကို သုံးပြီးမှ ဖုတ်ကောင်ဘုရင်အနားသို့ အနည်းငယ် ကပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ယနေ့တွင်လည်း ကန်းခွိုက်လဲ့သည် ဖုတ်ကောင်ဘုရင်ကို ဆင့်ခေါ်ရန်အတွက် ကြီးမားသော စွမ်းအားကို အသုံးပြုခဲ့ရပေသည်။

ဖုတ်ကောင်ဘုရင် ပေါ်လာသည်နှင့် ယောင်ပင်းအား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ပေသည်။

ယောင်ပင်းသည် ဤလောကမှ လုံးဝ ပျောက်ကွယ်သွားရပေလိမ့်မည်။

အထူးသဖြင့် ဖုတ်ကောင်လေးက ရွှေရောင်အလင်းတန်းအနားသို့ ချဉ်းကပ်ခါနီးတွင် ကန်းခွိုက်လဲ့သည် ဖုတ်ကောင်လေးအား တွန်းပို့ကာ အရိုးပုံအဖြစ် ပြောင်းလဲပစ်ချင်စိတ် ပြင်းပြနေခဲ့ပေသည်။

ဖုတ်ကောင်လေးသာ အရိုးပုံဖြစ်သွားခဲ့လျှင် ယောင်ပင်းနှင့် ဖုတ်ကောင်ဘုရင်တို့သည် ထာဝရ ရန်သူများ ဖြစ်သွားကြမည် ဖြစ်ပေသည်။

ဖုတ်ကောင်ဘုရင်သည်က ယောင်ပင်းအား လုံးဝ လွှတ်ပေးမည် မဟုတ်ချေ။

သို့သော်လည်း ဖုတ်ကောင်ဘုရင်နှင့် အသေအလဲ တိုက်ခိုက်နေသော ယောင်ပင်းသည် ရုတ်တရက် တိုက်ပွဲကို ရပ်တန့်လိုက်ပြီး ဖုတ်ကောင်လေးကို ကယ်တင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ဤအပြုအမူကြောင့်ပင် ဖုတ်ကောင်ဘုရင်သည် တိုက်ပွဲကို လုံးဝ စွန့်လွှတ်လိုက်ပြီး ယောင်ပင်းအား ဖုတ်ကောင်သွားကို ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်ကား သူတို့အနေဖြင့် ယောင်ပင်းအား သတ်မည့်အစား ကြီးမားသော လက်ဆောင်တစ်ခုကို ပေးအပ်လိုက်သလို ဖြစ်သွားခြင်းကို ဆိုလိုပေသည်။

ဤအရာကို တွေးမိသောအခါ ကန်းခွိုက်လဲ့မှာ ဒေါသများကြောင့် သွေးဆူလာရချေသည်။

“ညီလ ကန်း... မင်း ဖုတ်ကောင်ဘုရင်ကို အမိန့်မပေးနိုင်ဘူးလား၊ သူက ဘာလို့ ဒီအတိုင်း ထွက်သွားရတာလဲ”

မာစတာလျို့သည်ကာ မတိုင်မီက ဖြစ်ပျက်ခဲ့သောအရာကို အထင်အရှား မြင်တွေ့ခဲ့ရသော်လည်း သိလျက်နှင့် မသိချင်ယောင်ဆောင်ကာ ကန်းခွိုက်လဲ့အား မေးလေသည်။

“မင်း ဖုတ်ကောင်ဘုရင်ကို ဘာလို့ ပြန်မခေါ်တာလဲ”

သူသည် ကန်းခွိုက်လဲ့၏ မောက်မာမှုကို အမြင်မကြည်သည်မှာ ကြာပြီဖြစ်ရာ သူ့ကို ရိုးရိုးရှင်းရှင်းပင် နှိုးဆွလိုက်ခြင်း ဖြစ်ပေသည်။

“သူ ဘာလို့ ရုတ်တရက် ထွက်သွားရလဲဆိုတာ ကျုပ် ဘယ်လိုလုပ် သိမှာလဲ”

ကန်းခွိုက်လဲ့မှာ စောစောကတည်းက ဒေါသထွက်နေခဲ့ရာ မာစတာလျို့၏ လှောင်ပြောင်မှုက သူ့ကို ပို၍ ဒေါသထွက်စေသဖြင့် မျက်နှာမှာ ပြာနှမ်းသွားရပေသည်။

“အစ်ကိုလျို့... မမေ့ပါနဲ့ဦး၊ ကျုပ်တို့တွေ အခု လှေတစ်စီးတည်း စီးနေကြတာ၊ အဲဒီကောင်လေး မသေဘူးဆိုရင် မစ္စတာမိုက မင်းအပေါ်ကိုလည်း ဒေါသထွက်မှာပဲ၊ ကျုပ်ကို လှောင်ပြောင်မယ့်အစား နောက်ထပ် ဘာလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားစမ်းပါ”

မာစတာလျို့၏ လှောင်ပြုံးမှာ ချက်ချင်းပင် အေးခဲသွားရပေသည်။

မှန်ပေသည်။ သူနှင့် ကန်းခွိုက်လဲ့တို့သည် ယခုအခါ လှေတစ်စီးတည်းစီး၊ ကံကြမ္မာချင်း ဆက်စပ်နေကြပြီ ဖြစ်ပေသည်။

သူတို့သည် ယောင်ပင်းအား ရှင်းလင်းရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပေသည်။

ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ကျန်းရှောင်ပေ၏မိခင်အား ဆေးရုံမှ ခေါ်ထုတ်လာခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သူတို့နှင့် မသက်ဆိုင်ကြောင်း မည်သို့ ဖယ်ထုတ်ရမည်ဟူသော အချက် ဖြစ်ပေသည်။

“စိတ်မပူပါနဲ့... ကျန်တဲ့ကိစ္စတွေကို ငါ အကုန် စီစဉ်ပြီးသား၊ အဲဒီကောင်လေးက စာရင်းရှင်းချင်ရင်တောင် ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး၊ လျို့ချင်းကပဲ အပြစ်အားလုံးကို ခံရလိမ့်မယ်”

မာစတာလျို့သည်က မလှမ်းမကမ်းရှိ ယောင်ပင်းကို စိုက်ကြည့်ရင်း ကန်းခွိုက်လဲ့အား တိုးတိုးလေး အာမခံလိုက်ပေသည်။

“အခုတင် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကိုလည်း မစ္စတာမို လုံးဝ သိမှာ မဟုတ်ပါဘူး”

ကန်းခွိုက်လဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေချေသည်။

အကယ်၍ ယခုအချိန်တွင် ယောင်ပင်းအား မရှင်းလင်းနိုင်ပါက နောင်တွင် နောက်ထပ် အခွင့်အရေးကို ရှာဖွေရမည် ဖြစ်ပေသည်။

တီ... တီ..

မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ယောင်ပင်း၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့ချေသည်။

ယောင်ပင်းသည် ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီး အလျင်အမြန် ကိုင်လိုက်ပေသည်။

“အစ်ကိုခိုင်... ခင်ဗျားတို့ဘက်မှာ အခြေအနေ ဘယ်လိုလဲ... ဘာလဲ... မင်းရဲ့လူတွေက အန်တီဟွမ်ကို လျို့ချင်းရဲ့လက်ထဲမှာ တွေ့ခဲ့တယ် ဟုတ်လား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အခု အဲဒီကို သွားနေတယ်”

ယောင်ပင်း ဖုန်းကို အလျင်အမြန် ချလိုက်ပြီး သင်္ချိုင်းထဲမှ ပြေးထွက်ခဲ့ပေသည်။

ယောင်ပင်း ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ကန်းခွိုက်လဲ့က မာစတာလျို့အား သံသယဖြင့် မေးလေသည်။

“အစ်ကိုလျို့... မင်း အဲဒီအမျိုးသမီးကို လျို့ချင်းရဲ့လက်ထဲကို ဘယ်အချိန်က ထည့်ပေးလိုက်တာလဲ”

“အဲဒီကောင်လေး သင်္ချိုင်းကို ရောက်လာတဲ့ အချိန်မှာပဲ လျို့ချင်းဆီ ပို့ခိုင်းလိုက်တာ”

မာစတာလျို့က ကောက်ကျစ်စွာ ပြုံးလိုက်ပေသည်။

“ဒီလိုဆိုရင် အဲဒီယောင်ပင်းက အရာအားလုံးကို လျို့ချင်း ကြံစည်တာလို့ပဲ ထင်သွားမှာ၊ ငါတို့နဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ တွေးသွားလိမ့်မယ်”

အကယ်၍ သူသာ ယောင်ပင်းအား ရှင်းလင်းနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး မရှင်းလင်းနိုင်လျှင်တော့ အပြစ်အားလုံးကို လျို့ချင်းအပေါ်သို့ ပစ်ချလိုက်ရုံသာ ဖြစ်ပေသည်။

မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် မာစတာလျို့၏ အပြုံးမှာ ကောက်ကျစ်ပြီး လျှို့ဝှက်လွန်းပေသည်။

*

All Chapters