အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း(137)
မြို့အနောက်ဘက်ရှိ မြေအောက်ငွေလဲစင်တာ။
ယောင်ပင်း ရောက်ရှိသွားသောအခါ အစ်ကိုခိုင်က သူ၏လူများနှင့်အတူ သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်ပေသည်။
“အစ်ကိုခိုင်... အန်တီဟွမ်က ဒီမြေအောက်ဘဏ်ထဲမှာ ရှိနေတာ သေချာလား”
ယောင်ပင်းက အသက်ပင် ကောင်းကောင်းမရှူနိုင်ဘဲ မာစတာခိုင်အား ချက်ချင်း မေးလိုက်ပေသည်။
“ခင်ဗျားရဲ့လူတွေ စစ်ဆေးပြီးပြီလား”
“သေချာတယ်”
မာစတာခိုင်က ခေါင်းညိတ်သည်။
“မင်းဘက်ကနေ အန်တီဟွမ် ပျောက်ဆုံးနေတယ်လို့ ပြောကတည်းက ငါ့လူအားလုံးကို သူ့ရဲ့ဓာတ်ပုံကို ပြထားတာ၊ သူတို့ လုံးဝ မမှားနိုင်ဘူး၊ စိတ်ချပါ”
ခိုင်ယဲ့သည်ကား အလုပ်လုပ်ရာတွင် အမြဲတမ်း စေ့စပ်သေချာသူ ဖြစ်ပေသည်။
ယောင်ပင်းအနေဖြင့် သူ့ကို အပြည့်အဝ ယုံကြည်ပေသည်။
ယောင်ပင်းက ခေါင်းညိတ်လိုက်ပြီးထပ်မံမေးမြန်းပေသည်။
“အစ်ကိုခိုင်... ကျင်းကျုံးက နိုက်ကလပ်ကိစ္စကော၊ ဘယ်လိုလဲ”
သူ ကျန်းရှောင်ပေ၏မိခင်ကို ရှာဖွေရန် ဟန်ဟိုင်လမ်း နံပါတ်တစ်သို့ သွားရန် အကြောင်းကြားစာ ရရှိခဲ့စဉ်က လျို့ချင်းဘက်က လူများမှာ ကျင်းကျုံးရှိ မာစတာခိုင်၏ နိုက်ကလပ်ကို လာရောက်သိမ်းပိုက်ရန် လူလွှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။
“သခင်လေးယောင် စိတ်ချပါ”
ခိုင်ယ့်က အေးစက်စွာ ပြုံးလိုက်ပေသည်။
“သခင်လေး ပြောခဲ့တဲ့အတိုင်းပဲ၊ ငါ လူအချို့ကို တမင်ချန်ထားပြီး လမ်းလွှဲထားခဲ့တယ်၊ ကျန်တဲ့လူတွေကိုတော့ အပြင်ကို ရွှေ့ထားလိုက်တယ်၊ ဒါကြောင့် နှစ်ဦးနှစ်ဖက် ကြီးကြီးမားမား မတိုက်ခိုက်ခဲ့ရဘဲ နိုက်ကလပ်က လျို့ချင်းရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ၊ ငါတို့ လိုချင်တဲ့ အခွင့်အရေးကို ရရှိခဲ့ပြီလေ”
ယခုအချိန်တွင် လျို့ချင်းသည် ပထမဦးစွာ လှုပ်ရှားခဲ့ပြီး ကျင်းကျုံးရှိ မာစတာခိုင်၏ နိုက်ကလပ်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် ခိုင်ယဲ့က မည်သို့ပင် တန်ပြန်တိုက်ခိုက်ပါစေ လျို့ချင်းအနေဖြင့် ပြောစရာ ရှိတော့မည် မဟုတ်ချေ။
ဤသည်ကား မြေအောက်လောက၏ စည်းမျက်နှာ ဖြစ်ပေသည်။
ယောင်ပင်းက လှောင်ပြုံးပြုံးလိုက်သည်။
“လျို့ချင်းက စွမ်းအားကြီးမားပြီး ပင်းဟိုင် မြေအောက်လောကရဲ့ တစ်ဝက်လောက်ကို ထိန်းချုပ်ထားတာဆိုတော့ သူ တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိရင်တောင် ဆက်ပြီး စုံစမ်းမှာ မဟုတ်ဘူး၊
ဘာလို့လဲဆိုတော့ သူက မောက်မာလွန်းလို့ ကျွန်တော်တို့ကို သူ့ရဲ့ပြိုင်ဘက်လို့ မတွေးထားဘူးလေ၊ အစ်ကိုခိုင်ရဲ့ စွမ်းအားတွေကို သူ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်မယ်လို့ ယုံကြည်နေတာ”
ထိုသို့ပြောပြီးနောက် ယောင်ပင်းသည် ငွေလဲစင်တာ၏ တံခါးဝသို့ လျှောက်လှမ်းသွားကာ ခိုင်ယဲ့၏ လူတစ်ဦးအား အမိန့်ပေးလိုက်ပေသည်။
“တံခါးကို ရိုက်ချိုးစမ်း”
“ဟုတ်ကဲ့”
ခိုင်ယဲ့၏လူများမှု ကျင်းကျုံးက နိုက်ကလပ် လုယက်ခံရကတည်းက ဒေါသများ ထွက်နေခဲ့ကြခြင်း ဖြစ်ပေသည်။
ယခုအခါ ယောင်ပင်းက တံခါးကို ရိုက်ချိုးရန် အမိန့်ပေးလိုက်သဖြင့် သူတို့၏ ဆန္ဒနှင့် ကွက်တိဖြစ်သွားချေသည်။
သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး လှည့်ထွက်ကာ ငွေလဲစင်တာ တံခါးဝရှိ ကျောက်ခြင်္သေ့များကို အတူတကွ မကာ တံခါးကို ဆောင့်ထုကြတော့သည်။
ဒုန်း!
ဒုန်း!
ဒုန်း!
ငွေလဲစင်တာ၏ သံတံခါးကြီးထံမှ နားကွဲလုမတတ် ပြင်းထန်သော အသံများ ထွက်ပေါ်လာခဲ့သည်။
အချက်အနည်းငယ် ထုပြီးနောက် ယခင်က ကောင်းမွန်နေခဲ့သော သံတံခါးကြီးမှာ အပိုင်းအစအချို့ ချိုင့်ဝင်သွားခဲ့ချေပြီ။
“ရိုက်ချိုးစမ်း”
ခိုင်ယဲ့၏လူများသည်လည်း အင်အားများ တိုးပွားလာပြီး တညီတညွတ်တည်း အော်ဟစ်ကာ ကျောက်ခြင်္သေ့ကို မ၍ သံတံခါးကြီးကို ဆောင့်ထုကြပြန်သည်။
ဝုန်း!
တင်းကျပ်စွာ ပိတ်ထားသော သံတံခါးကြီးမှာ အပေါက်တစ်ခုအဖြစ် ကွဲအက်သွားခဲ့ချေပြီ။
ခိုင်ယဲ့က ယောင်ပင်းအား အနည်းငယ် ပြုံးပြလိုက်ပြီး သံတံခါးကြီးရှေ့သို့ ခြေလှမ်းလှမ်းကာ ခြေထောက်ကိုမြှောက်၍ ကန်ချလိုက်သည်။
ဝုန်း!
နောက်ထပ် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ပျက်စီးနေခဲ့ပြီးသားဖြစ်သော သံတံခါးကြီးမှာ ခိုင်ယဲ့၏ ကန်ချက်ကြောင့် ပွင့်ထွက်သွားခဲ့ချေပြီ။
“ဝင်ကြရအောင်”
ခိုင်ယဲ့က ခေါင်းကို လှည့်ကာ အမိန့် ပေးလိုက်သည်။
“လက်မနှေးကြနဲ့၊ လူကို အရင်ရှာဖို့က အဓိကပဲဆိုတာ မှတ်ထားကြ”
ခိုင်ယဲ့၏ အမိန့်ပေးမှုအောက်တွင် ဒေါသများကို အောင့်အီးထားခဲ့ကြသော သူ၏လူများသည်လည်း ပြန်တုံ့ပြန်လိုက်ကြပြီး မြို့အောက်ခြေရှိ မြေအောက်ဘဏ်အတွင်းသို့ တောင်ပေါ်ကျားများကဲ့သို့ ပြေးဝင်သွားကြတော့သည်။
ခိုင်ယဲ့၏လူများ ဘဏ်အတွင်းသို့ ပြေးဝင်သွားကြချိန်မှာပင် အစ်ကိုထောင်က ထွားကျိုင်းသော လူအုပ်စုတစ်စုနှင့်အတူ ပေါ်လာခဲ့သည်။
“ကျောက်ခိုင်... မင်းက အစ်ကိုချင်းရဲ့ ဘဏ်ကို တကယ်ကြီးလာရိုက်ချိုးရဲတယ်ပေါ့၊ မင်း သေချင်နေတာပဲ”
အစ်ကိုထောင်သည် တံခါးဝတွင် ရပ်နေသော ခိုင်ယဲ့ကို မြင်ရသောအခါ ဒေါသများကြောင့် မျက်နှာပင် ပြာနှမ်းသွားရပေသည်။
သူသည် ခိုင်ယဲ့၏ လူတစ်ဦးအား ကန်ထုတ်လိုက်ပြီး ခိုင်ယဲ့အား မောက်မာစွာ ဟောက်လေသည်။
“အစ်ကိုချင်း ဒေါသ မထွက်ခင် မင်းရဲ့လူတွေကို ခေါ်ပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ထွက်သွားဖို့ နောက်ကျသွားလိမ့်မယ်”
သူတို့၏နောက်တွင် လျို့ချင်း ရှိနေသောကြောင့် ပင်းဟိုင်မြို့တွင် အမြဲတမ်း ဗိုလ်ကျစိုးမိုးခဲ့ကြသည်။ လျို့ချင်းက မြေအောက်လောကကို ထိန်းချုပ်ထားသည်ဟုလည်း ယုံကြည်နေကြပေသည်။
သူတို့အနေဖြင့် ဤကဲ့သို့သော စိန်ခေါ်မှုကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ထို့ကြောင့် ခိုင်ယဲ့၏လူများ ဘဏ်အတွင်းသို့ ပြေးဝင်သွားကြပြီး တိုက်ခိုက်ချင်နေသော်လည်း အစ်ကိုထောင်သည်က ခိုင်ယဲ့အား လုံးဝ အလေးမထားသေးချေ။
အဘယ်ကြောင့်ဆိုသော် အစ်ကိုထောင်ဒအတွေးအရ ခိုင်ယဲ့အနေဖြင့် လျို့ချင်းအား စိန်ခေါ်ရန်အတွက် အရည်အချင်း မရှိဟု ခံစားနေရသောကြောင့်ပင်ဖြစ်ပေသည်။
“အစ်ကိုခိုင်... ဒီကိုက်တတ်တဲ့ ခွေးကို ကျွန်တော်တို့ သင်ခန်းစာပေးဖို့ လိုအပ်နေပုံရတယ်”
ယောင်ပင်းက ခိုင်ယဲ့အား အနည်းငယ် ပြုံးပြလိုက်ပြီး အစ်ကိုထောင်၏အနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားပေသည်။
“ပြောစမ်းပါဦး... လူကို မင်းတို့ရဲ့ဆန္ဒအတိုင်း အပ်မလား၊ ဒါမှမဟုတ် ငါတို့က မင်းကို ရိုက်နှက်ပြီးမှ အပ်ခိုင်းရမလား”
ယောင်ပင်းက ခြေလှမ်းအနည်းငယ်ဖြင့် ဖြည်းညှင်းစွာ တိုးကပ်သွားသည်။
အစ်ကိုထောင်သည် မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရပေသည်။
အစ်ကိုထောင် ဇဝေဇဝါဖြစ်သွားရပေသည်။ မိမိ၏ရှေ့တွင် ရပ်နေသောသူမှာ အထက်တန်းကျောင်းသားလေးတစ်ဦးမျှသာ ဖြစ်သော်လည်း ယောင်ပင်း ဖြည်းည်းချင်း တိုးကပ်လာသည်နှင့်အမျှ အစ်ကိုထောင်တစ်ယောက် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ဖိအားတစ်ခုကို ခံစားလိုက်ရပေသည်။
ဤသည်ကား ဘုရင်တစ်ပါး ချဉ်းကပ်လာသကဲ့သို့ ဖိနှိပ်သည့်ခံစားချက် ဖြစ်ပေသည်။
ဤကဲ့သို့သော ဖိနှိပ်သည့် ခံစားချက်မျိုးကို လျို့ချင်း သို့မဟုတ် အခြားမြေအောက်ဘော့စ်များထံမှပင် တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။
သို့သော်လည်း ယခုအခါ လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည့် ယောင်ပင်းထံမှ ထွက်ပေါ်နေခဲ့သည်။
ထို့အပြင် သူ့အား ပုန်းကွယ်စရာမရှိအောင် ဖိအားပေးနေချေပြီ။
“မင်း... မင်း ဘာလုပ်မလို့လဲ”
အစ်ကိုထောင်၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေသော်လည်း သူ၏စကားမှာတော့ ထောင်လွှားနေဆဲ ဖြစ်ပေသည်။
“ဒါက ဘယ်နေရာလဲဆိုတာ မင်း သိလား၊ ဒီနေရာမှာ လာရောက်ပြဿနာရှာရဲတယ်ဆိုတော့ မင်း ခေါင်းကို မလိုချင်တော့ဘူးလား”
သူသည်က လျို့ချင်းတွင် နောက်ခံ ရှိနေသည်ကို သိထားသည်။
ထို့ကြောင့် အစ်ကိုထောင်အနေဖြင့် စိုးရိမ်စိတ်များ ရှိနေသော်လည်း သူ၏ ထုံးစံအတိုင်း မောက်မာသော အမူအရာကို ပြသနေဆဲ ဖြစ်ပေသည်။
“မင်း သူ့ကို ဘယ်မှာ ဝှက်ထားလဲ”
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး အစ်ကိုထောင်အား အေးစက်စွာ မေးမြန်းလိုက်ပေသည်။
အစ်ကိုထောင်၏ မျက်ဝန်းများတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသော်လည်း သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ မေးလာပြမ်သည်။
“ဘယ်သူလဲ... မင်း ဘာတွေ ပြောနေလဲဆိုတာ ငါ နားမလည်ဘူး”
ယောင်ပင်းက ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်မှ အမျိုးသမီးတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ငါ မင်းကို အကြံပေးချင်တာကတော့ သူ့စကားကို နားထောင်ပြီး ဝှက်ထားတဲ့လူကို အပ်လိုက်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်း သူ့ရဲ့ ရိုက်နှက်တာကိုပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ရိုက်နှက်တာကိာပဲဖြစ်ဖြစ် ခံရလိမ့်မယ်၊ မင်း ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်”
ရုတ်တရက် ကြားဖြတ်ထွက်ပေါ်လာသော ထိုအသံမှာ သာယာပြီး ဆွဲဆောင်မှု ရှိသော်လည်း ထိတ်လန့်ဖွယ်ရာ အေးစက်မှုတစ်ခုလည်း ပါဝင်နေချေသည်။
ယောင်ပင်း အနည်းငယ် အံ့သွသွားပြီး နောက်သို့ လှည့်ကြည့်လိုက်လျှင် လေးယောက်မြောက်သခင်မလေးကိုတွေ့လိုက်ရသည်။ သူမက မည်သည့်အချိန်ကတည်းက သူတို့၏နောက်တွင် ရပ်နေခဲ့ကြောင်း မသိရပါချေ။
လက်ရှိတွင် အစ်ကိုထောင်အား ပြုံးလျက် ကြည့်နေသည်ကို မြင်တွေ့လိုက်ရပေသည်။
လေးယောက်မြောက်သခင်မလေး၏ နောက်တွင် ရပ်နေသော ခိုင်ယဲ့သည်လည်း အံ့ဩသင့်သော မျက်နှာ ဖြစ်နေခဲ့သည်။
လေးယောက်မြောက်သခင်မလေးက ဤအချိန်တွင် ပေါ်လာလိမ့်မည်ဟု ခိုင်ယဲ့ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပေသည်။
“လေးယောက်မြောက်သခင်မလေး... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
ယောင်ပင်းက လေးယောက်မြောက်သခင်မလေး ရုတ်တရက် ပေါ်လာသည်ကို မြင်ရသဖြင့် အလွန်အမင်း အံ့ဩသွားပြီး သံသယဖြင့် မေးလိုက်ပေသည်။
“တစ်စုံတစ်ယောက်က ငါတို့လူကို လာပြီး ဗိုလ်ကျနေတာဆိုတော့ ငါလည်း သေချာပေါက် လာကြည့်ရတာပေါ့”
ထိုသို့ပြောပြီးနောက် လေးယောက်မြောက်သခင်မလေးက အပြင်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်ပေသည်။
“ကောင်းပြီ... ကပ္ပတိန်လင်း၊ မင်းရဲ့လူတွေကို ခေါ်ပြီး ဝင်ခဲ့တော့”
ဝုန်း!
ဝုန်း!
လေးယောက်မြောက်သခင်မလေး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှ နားကွဲလုမတတ် ပြင်းထန်သော အသံများ ထွက်ပေါ်လာချေသည်။
ချက်ချင်းဆိုသလိုပင် ယောင်ပင်းနှင့် ခိုင်ယဲ့တို့က မြေအောက်ဘဏ်၏ တံခါးဝကို လှမ်းကြည့်လိုက်ရာ တံခါးဝတွင် တင့်ကားအမြောက်အမြား ပေါ်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
လေးယောက်မြောက်သခင်မလေးသည်ကား တင့်ကားများကို နောက်တစ်ဖန် ပြန်လည်ခေါ်ဆောင်လာခဲ့ပြန်ချေပြီ။
မယုံနိုင်စရာမြင်ကွင်းတစ်ခုဖွစ်လာပြန်၏။
မြေအောက်ဘဏ်အတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ချက်ချင်း ဖြစ်ပွားခဲ့ချေပြီ။ ခိုင်ယဲ့၏လူများမှာ အတော်လေး တည်ငြိမ်ကြသော်လည်း အစ်ကိုထောင်၏လူများမှာမူ လုံးဝ ကြောင်အမ်းသွားကြချေသည်။
“သေစမ်း... အဲဒါ တင့်ကားတွေပဲ၊ ဒီမိန်းမက တင့်ကားတွေကို တကယ်ပဲ ခေါ်လာတာလား”
“လာနောက်နေတာလား၊ ဒါက ရန်ဖြစ်ရုံတင်လေ၊ တင့်ကားတွေကို သုံးဖို့ လိုလို့လား...”
…
ဤလူအုပ်စုသည် လျို့ချင်း၏ ဦးဆောင်မှုအောက်တွင် အမြဲတမ်း မောက်မာစွာ ပြုမူခဲ့ကြလေ၏။
လေးယောက်မြောက်သခင်မလေးမှာ အတော်လေး ပြတ်သားသူဟု သိထားခဲ့ကြသော်လည်း သူမက ဤမျှအထိ ပြတ်သားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
နယ်မြေလုသည့် ကိစ္စလေးမျှအတွက် လေးယောက်မြောက်သခင်မလေးက စစ်တပ်အတွင်းရှိ သူမ၏ ဆက်ဆံရေးများကို အမှန်တကယ်ပင် အသုံးပြုခဲ့သည်။
အပြင်ဘက်မှ တင့်ကားများကို မြင်ရသောအခါ ယောင်ပင်းနှင့် ခိုင်ယဲ့တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြုံးလိုက်မိကြပေသည်။
လေးယောက်မြောက်သခင်မလေး ပေါ်လာသည့် အကြိမ်တိုင်းမှာ ဤမျှအထိ ကောင်းကင်နှင့် မြေကြီး တုန်ခါလုမတတ် ဖြစ်ရပေသည်။
ခိုင်ယဲ့အနေဖြင့် သူ့၏ လျို့ချင်းနှင့် နယ်မြေလုသည့် ကိစ္စမျှသာဆိုလျှင် အဘိုးအိုက လေးယောက်မြောက်သခင်မလေးအား ဤမျှအထိ ကြီးကြီးမားမား လှုပ်ရှားခွင့် ပြုမည်မဟုတ်ကြောင်း သိပေသည်။
ဤကိစ္စ၏ အကြောင်းပြချက်အများစုမှာ ယောင်ပင်းအား သိမ်းသွင်းရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
*