← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း(138)

အကြီးအကဲမိုမှာ ယောင်ပင်းအား သိမ်းသွင်းရန်အတွက် တကယ့်ကို အစွမ်းကုန် အားထုတ်နေခဲ့ခြင်း ဖြစ်ပေသည်။

သူ အသာပြုံးလိုက်ပြီး လေးယောက်မြောက်သခင်မလေးအား စေတနာဖြင့် သတိပေးလေသည်။

“လေးယောက်မြောက်သခင်မလေး... ဒီငွေလဲစင်တာရဲ့ တံခါးက သေးလွန်းတယ်၊ တင့်ကား ဝင်နိုင်မှာ မဟုတ်ဘူး ထင်တယ်...”

ဒုန်း!

ဝုန်း!

ခိုင်ယဲ့ စကားမဆုံးခင်မှာပင် တံခါးဝမှ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်မှာ ရုတ်တရက် တုန်ခါသွားခဲ့ချေသည်။

ဝုန်း!

ဝုန်း!

အားလုံး မော့ကြည့်လိုက်ကြသောအခါ မြို့အနောက်ဘက်ရှိ မြေအောက်ငွေလဲစင်တာ၏ တံခါးကြီးမှာ တင့်ကားတစ်စီး၏ တိုက်ခိုက်မှုကြောင့် ပွင့်ထွက်သွားခဲ့ချေပြီ။

တင့်ကားတစ်စီးကိုမဆိုထားနှင့် ဘတ်စ်ကားတစ်စီးပင်လျှင် လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ချေပြီ။

“ကောင်ပြီ... အခု အဆင်ပြေသွားပြီ မလား”

လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်သည်။

“ဝင်ရတာ လွယ်ကူသွားပြီ”

ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြုံးလျက် ခေါင်းညိတ်လိုက်ကြလေ၏။

“မှန်ပါတယ်... ဝင်ရတာ တကယ်ပဲ လွယ်ကူသွားပြီ”

ဝုန်း... ဝုန်း...

တင့်ကားများ၏ အသံမှာ ဆက်တိုက် ထွက်ပေါ်လာချေသည်။

တစ်ငွေလဲစင်တာလုံး တုန်ခါနေပေသည်။

စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ဆင်ထားသော ကပ္ပတိန်လင်းမှာ ရုပ်ရည် ကြည့်ကောင်းပြီး ထက်မြက်ပုံရပေသည်။

သူသည်က တင့်ကားတစ်စီးပေါ်တွင် အေးအေးလူလူ ထိုင်လျက် တင့်ကားများကို မြေအောက်ဘဏ်အတွင်းသို့ ဝင်ရောက်ရန် လမ်းညွှန်နေခဲ့သည်။

“မင်း... မင်းတို့ ဘာလုပ်မလို့လဲ”

ယောင်ပင်းတစ်ဦးတည်းနှင့်ပင် အစ်ကိုထောင်အား ဒုက္ခပေးရန် လုံလောက်နေခဲ့လေပြီ။ ယခုအခါ လေးယောက်မြောက်သခင်မလေးနှင့် ကပ္ပတိန်လင်းတို့က တင့်ကားအမြောက်အမြားကို ခေါ်ဆောင်၍ ဘဏ်အတွင်းသို့ ဝင်ရောက်လာနေခဲ့သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ အစ်ကိုထောင်မှာ ပျာယာခတ်သွားပြီး စကားများပင် ထစ်ကုန်ကာ စိုးရိမ်တကြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရပေသည်။

“ဒါ... ဒါက အရပ်သား ပိုင်ဆိုင်မှုလေ၊ မင်းတို့ ဒီလို ဇွတ်ဝင်လာတာက ဥပဒေနဲ့ မညီဘူး”

ခိုင်ယဲ့က လှောင်ပြုံးပြုံးလိုက်ပေသည်။

လွန်ခဲ့သည့် နှစ်များစွာကတည်းက လျို့ချင်း၏ အကာအကွယ်အောက်တွင်ရှိနေသည့် အစ်ကိုထောင်က ပင်းဟိုင်မြို့၌ မောက်မာစွာ ပြုမူခဲ့ပြီး ပြစ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ပေသည်။

သူက “ဥပဒေနဲ့ မညီဘူး” ဟူသော စကားလုံးကို သိနေသေးသည်လား။

အစ်ကိုထောင်၏ နှုတ်မှ ဤစကားကို ကြားရခြင်းမှာ လုံးဝ ရယ်စရာ ကောင်းလွန်းပေသည်။

“ငါတို့က အထက်က အမိန့်အတိုင်း မြေအောက်ဂိုဏ်းတွေကို နှိမ်နင်းနေတာ”

ကပ္ပတိန်လင်းက သူ့အား စွပ်စွဲနေသော အစ်ကိုထောင်ကို ငုံ့ကြည့်လိုက်ပြီး အေးအေးလူလူ ဆိုလေသည်။

“လမ်းပိတ်တဲ့သူ မှန်သမျှကို တာဝန် ဝတ္တရား နှောင့်ယှက်မှုနဲ့ ကိုင်တွယ်မယ်၊ မရပ်နဲ့... ရှေ့သို့ ဆက်မောင်း”

တင့်ကားများသည်လည်း ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လက်မောင်းနှင်ခဲ့ကြသည်။

သူတို့သည် လမ်းပိတ်နေသော အစ်ကိုထောင်အား ရှိသည်ဟုပင် သတ်မှတ်ဟန် မတူချေ။

အစ်ကိုထောင်မှာ အသက်ရှူပင် ကျပ်သွားရပေသည်။

ဤသည်ကား မြေအောက်ဂိုဏ်းကို နှိမ်နင်းခြင်း မဟုတ်ချေ။ သူတို့ကို ကွက်တိ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းထင်ရှားပေသည်။

“မင်း... မင်းတို့တွေ မောက်မာလွန်းတယ်...”

အစ်ကိုထောင်မှာ ဒေါသများကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး ခြေထောက်များမှာ မသိစိတ်ဖြင့် နောက်သို့ ဆုတ်ခွာနေကာ မျက်ဝန်းများထဲတွင် ထိတ်လန့်ရိပ်များ ပြည့်နှက်နေလေပြီ။ သို့သော်လည်း သူသည် ထောင်လွှားစွာ သတိပေးနေဆဲ ဖြစ်ပေသည်။

“မင်းတို့ တကယ်ပဲ ဇွတ်လုပ်မယ်ဆိုရင် ငါတို့... ငါတို့ မင်းတို့ကို တိုင်ချက်ဖွင့်လို့ရတယ်”

သူ့ထံသို့ တိုးဝင်လာသောအရာမှာ တင့်ကားတစ်စီး ဖြစ်ပေသည်။ အကယ်၍ သူ လမ်းပိတ်ရဲပါက ထိုတင့်ကားသည် သူ့အား ခရမ်းချဉ်သီးအနှစ်ကဲ့သို့ နင်းခြေပစ်လိမ့်မည်။

ထို့ကြောင့် သူ့အနေဖြင့် နောက်ဆုတ်ရုံသာတတ်နိုင်ခဲ့သည်။

ဝုန်း!

အစ်ကိုထောင် စကားပြောရုံမျှ ရှိသေးစဉ် တင့်ကားတစ်စီးက ငွေလဲစင်တာ၏ လျှို့ဝှက်တံတိုင်းကို ဝင်တိုက်လိုက်သည်။

လျို့ချင်း၏ ညွှန်ကြားချက်အရ ကျွမ်းကျင်သော လက်သမားများဖြင့် အသေအချာ တည်ဆောက်ထားခဲ့သော တရုတ်ရိုးရာ စတိုင် လျှို့ဝှက်တံတိုင်းကြီးမှာ အစ်ကိုထောင်၏ မျက်မှောက်တွင်ပင် မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့ချေပြီ။

တင့်ကားပေါ်တွင် ထိုင်နေသော ကပ္ပတိန်လင်းက လှောင်ပြုံးပြုံးလာသည်။

“ကောင်းပြီ... မင်း အခု တိုင်ချက်ဖွင့်လို့ရပြီ”

ထိုသို့ပြောပြီးနောက် သူက လက်ကို မြှောက်လိုက်လေသည်။

ချက်ချင်းပင် သူ၏ တင့်ကားက ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့ချေပြီ။

သူ့နောက်က တင့်ကားသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပေသည်။

ဝုန်း...

တင့်ကားအမြောက်အမြားက ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားကြချေသည်။

စစ်သားအမြောက်အမြားသည်လည်း နောက်ကနေ လိုက်ပါလာကြပေသည်။

ဝုန်း!

ဝုန်း!

တင့်ကားများ သွားရာနေရာတိုင်းရှိ မြေအောက်ဘဏ်များက လုံးဝ ပျက်စီးကုန်ကြချေသည်။

ခဏချင်းအတွင်း ယခင်က ခန့်ညားထည်ဝါလှသော မြေအောက်ဘဏ်ကြီးမှာ ပျက်စီးယိုယွင်းသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

အစ်ကိုထောင်နှင့်အတူ လိုက်ပါလာကြသော ထွားကျိုင်းသည့် လူများသည် တင့်ကားများ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ထိတ်လန့်တကြား ဆုတ်ခွာသွားကြပြီး သူတို့တွင် ခြေထောက် နှစ်ချောင်းထက် ပိုရှိစေရန်သာ ဆုတောင်းချင်ကြပေသည်။

သူတို့မှာ သွေးနဲ့သားနဲ့ လုပ်ထားခြင်း ဖြစ်ရာ တန်ချိန် ဆယ်ဂဏန်းရှိသော ဤကြီးမားလှသော စက်ယန္တရားကြီးများ၏ ရှေ့တွင် မည်သို့ ရပ်တည်ရဲကြမည်နည်း။

ဤသည်ကား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်ပေလိမ့်မည်။

ယခင်က မောက်မာလှသော အစ်ကိုထောင်မှာ ယခုအခါ ထိတ်လန့်တုန်လှုပ်လျက် သူနှင့် လျို့ချင်းတို့ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့ကြသော မြေအောက်လောက အင်ပါယာကြီး ပျက်စီးသွားသည်ကို စွမ်းအားမဲ့စွာ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“အစ်ကိုထောင်... မင်းတို့ ဖမ်းဆီးထားတဲ့ အမျိုးသမီး ဘယ်မှာလဲ”

အစ်ကိုထောင် တုန်ရင်နေသည်ကို မြင်ရသောအခါ ခိုင်ယဲ့က သူ၏အနားသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားပြီး သူ၏ကော်လာကို ဆွဲကာ ယောင်ပင်း၏ရှေ့သို့ ပစ်ချလိုက်ပေသည်။

“တကယ်လို့ မင်း ရိုးရိုးသားသား ဝန်ခံရင် ငါတို့ ဒီနေ့ မင်းကို လွှတ်ပေးနိုင်သေးတယ်”

အစ်ကိုထောင် မော့ကြည့်လိုက်လျှင် ယောင်ပင်းနှင့် လေးယောက်မြောက်သခင်မလေးတို့က သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရပေသည်။

အထူးသဖြင့် ယောင်ပင်း၏ မျက်ဝန်းများမှာ ငရဲပြည်မှ လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ အေးစက်လှပေသည်။

“သူ... သူက...”

အစ်ကိုထောင်သည် ပြင်းထန်စွာ တုန်ရင်လျက် စကားများ ထစ်နေချေသည်။

“မင်းတို့ တံခါးကို လာရောက်ရိုက်ခွဲတဲ့ အချိန်မှာတင် ငါ... ငါ သူ့ကို ချင်းဇီဆီ ပို့ခိုင်းလိုက်တာ”

ယောင်ပင်းက မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး သူ၏လေသံမှာလည်း အေးစက်လှွန်းနေခဲ့သည်။

“လျို့ချင်း အခု ဘယ်မှာလဲ”

အစ်ကိုထောင်မှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး အချိန်အကြာကြီး စကားမပြောနိုင် ဖြစ်ရပေသည်။

သူ မပြောရဲပါချေ။

လျို့ချင်း၏ နောက်ကွယ်တွင် ကာလအတန်ကြာ ရှိနေခဲ့သဖြင့် လျို့ချင်း၏ စရိုက်ကို သူ အထင်အရှား သိပေသည်။ အကယ်၍ သူ လျို့ချင်း၏ တည်နေရာကို ပြောပြလိုက်ပါက လျို့ချင်းက သူ့အား သေချာပေါက် သတ်ပစ်လိမ့်မည်။

“နင်က တကယ့်ကို အရိုးမာတဲ့ကောင်ပဲ၊ ငါ ချီးကျူးပါတယ်”

လေးယောက်မြောက်သခင်မလေးက ညင်သာစွာ ပြုံးလိုက်လေ၏။ သူမ၏အပြုံးမှာ အလွန်အမင်း လှပလှပေသည်။ သူမက ကပ္ပတိန်လင်းအား လက်ဝှေ့ယမ်းပြလိုက်ပေသည်။

“ကပ္ပတိန်လင်း... ဒီကို ခဏလာပါဦး”

ဝုန်း...

ကပ္ပတိန်လင်း၏ တင့်ကားက အစ်ကိုထောင်ဆီသို့ နောက်တစ်ဖန် ပြန်လည်မောင်းနှင်လာခဲ့ပြန်ချေပြီ။

အစ်ကိုထောင်၏အနားသို့ ရောက်ရှိလုနီးပါး ဖြစ်နေသော်လည်း တင့်ကား၏အရှိန်ကို လျှော့ချဟန် လုံးဝ မရှိချေ။

ကပ္ပတိန်လင်းက တင့်ကားပေါ်တွင် မာနထောင်လွှားဖြင့် ထိုင်နေခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားချေသည်။

တင့်ကားက ပို၍ ပို၍ နီးကပ်လာခဲ့ချေပြီ...

အရှိန်လျော့နည်းသွားမည့် အရိပ်အယောင် လုံးဝ မရှိသေးချေ။

“အား...”

အစ်ကိုထောင်သည် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်ပေသည်။

“ငါ ပြောပါ့မယ်၊ ငါ ပြောပါ့မယ်၊ ငါ အဲဒီအမျိုးသမီးကို ချင်းဇီဆီ ခေါ်သွားခိုင်းလိုက်တာ၊ ချင်းဇီက သူမကို မြို့အရှေ့ဘက်က ကလပ်ကို ခေါ်သွားခဲ့ပြီ၊ သူ ပြောတာကတော့... သူ့လက်ထဲမှာ အဲဒီမျိုးသမီး ရှိနေသရွေ့ ယောင်ပင်းအနေနဲ့ သတိထားရမှာဖြစ်ပြီး ဇွတ်ဝင်လာရဲမှာ မဟုတ်ဘူးတဲ့..”

ရှေ့သို့ မောင်းနှင်နေသော တင့်ကားက ရုတ်တရက် ရပ်တန့်သွားခဲ့ချေပြီ။

အစ်ကိုထောင်သည် မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားပြီး ပြင်းထန်စွာ အသက်ရှူနေရရှာပေသည်။

သူသည်က ရေချိုးထားသည့်အလား တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေချေသည်။

သူ၏ ဤခဏအတွင်းအခြေအနေမှာ မည်မျှအထိ ထိတ်လန့်ဖွယ်ရာ ကောင်းခဲ့သည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ သူသည်က ရိုးရိုးသားသား ဝန်မခံဘဲ လိမ်ညာနေခြင်း မဟုတ်ချေ။

အကယ်၍ သူသာ မပြောပါက ကပ္ပတိန်လင်း၏ တင့်ကားက သူ့အား အမှန်တကယ် နင်းခြေပစ်ရဲပေသည်။

ဤလူများက တကယ့်ကို ရက်စက်လွန်းသည်။

သူ့ကို ကျောချမ်းသွားစေလောက်အောင်အထိ ရက်စက်ကြခြင်း ဖြစ်ပေသည်။

“မင်းတို့အနေနဲ့... တစ်ယောက်ယောက်ဆီကနေ စကားတစ်ခွန်း ကြားချင်ရင် ဒီလောက်အထိ ညင်သာနေလို့မရဘူး၊ နည်းလမ်းချို့ကို သုံးရမယ်လေ”

လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏အပြုံးမှာ ဆွဲဆောင်မှုရှိကာ လှပနေဆဲ ဖြစ်ပေသည်။

“သခင်လေးယောင် ရှာနေတဲ့လူက ဒီမှာ မရှိဘူးဆိုမှတော့... ကပ္ပတိန်လင်း... ဒီနေရာကို ရှင်းလင်းပစ်လိုက်တော့”

လေးယောက်မြောက်သခင်မလေး၏ အပြုံးမှာ လှပပြီး သူမ၏အသံမှာလည်း ချိုသာပေသည်

သို့သော်လည်း သူမ၏စကားမှာတော့ သေမင်း၏ အမိန့်ကဲ့သို့ပင် ဖြစ်ကာ အားလုံးကို ကျောချမ်းသွားစေပေသည်။

အထူးသဖြင့် သူမက ကပ္ပတိန်လင်းအား မြေအောက်ဘဏ်ကို ရှင်းလင်းရန် ပြောဆိုခြင်းမှာ အိမ်တစ်အိမ်ကို သန့်ရှင်းရေးလုပ်ရုံမျှကဲ့သို့ လွယ်ကူလွန်းပေသည်။

ကပ္ပတိန်လင်းက လက်ကို မြှောက်ပြလိုက်ပြီး သူ သဘောပေါက်ကြောင်း ပြသလိုက်ပေသည်။

ချက်ချင်းဆိုသလိုပင် တစ်မြေအောက်ဘဏ်လုံးတွင် တင့်ကားများ၏ အော်မြည်သံများနှင့် ပြိုကျသံများ ပြည့်နှက်သွားခဲ့ချေတော့သည်။

ယောင်ပင်းက သူ၏ဖုန်းကို ထုတ်ယူကာ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော အစ်ကိုထောင်အား ကမ်းပေးလိုက်ပေသည်။

“အစ်ကိုထောင်... လျို့ချင်းဆီ ဖုန်းဆက်ပြီး ငါ သူ့ကို အခုချက်ချင်း လာရှာတော့မယ်လို့ ပြောလိုက်၊

တကယ်လို့ သူက အန်တီဟွမ်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင် လုပ်ရဲရင် ဒီမြေအောက်ဘဏ်ဟာ သူ၏ ကံကြမ္မာ ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်စမ်း”

ယခုတစ်ကြိမ်တွင်တော့ အစ်ကိုထောင်သည် ငြင်းပယ်ခြင်း မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူ ငြင်းပယ်လျှင်ပင် ဤလူများသည် သူ့အား ဖုန်းခေါ်ဆိုစေရန်အတွက် ရက်စက်လှသော နည်းလမ်းပေါင်း တစ်ရာခန့် ရှိနေသည်ကို သူ သိသောကြောင့်ပင် ဖြစ်ပေသည်။

မကြာမီတွင် အစ်ကိုထောင်က ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပေသည်။

သူက ယောင်ပင်း ပြောခိုင်းသမျှ အရာအားလုံးကို လျို့ချင်းအား ပြောကြားလိုက်ပေသည်။

မြေအောက်ဘဏ်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုတော့ သူ လျို့ချင်းအား မည်သို့ ရှင်းပြသင့်ကြောင်း မသိတော့ချေ။

“ကောင်းပြီ၊ ငါလည်း ဖုန်းဆက်ပြီးပြီ”

လေးယောက်မြောက်သခင်မလေးက သူမ၏ အသစ်ပြင်ဆင်ထားသော လက်သည်းများကို ဂရုတစိုက် ကြည့်ရှုရင်း အနည်းငယ် ပြုံးလိုက်ပေသည်။

“အဘိုးမိုက ဒီနေ့အကာအကွယ်မှ မလိုဘူးတဲ့၊ ငါလည်း တခြားလုပ်စရာ မရှိတာနဲ့ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်”

ယောင်ပင်းနှင့် မာစတာခိုင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရုံသာ တတ်နိုင်ခဲ့ကြသည်။

သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက်တည်း ပေါ်လာခဲ့ချေသည်။

အကယ်၍ လေးယောက်မြောက်သခင်မလေးသာ လိုက်ပါလာခဲ့ပါက လျို့ချင်းတစ်ယောက် ဒုက္ခအကြီးအကျယ် ဆိုက်ရောက်ရပေတော့မည်။

**

All Chapters