အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း(140)
အသက်အကြီးဆုံး ဘော့စ်က လျို့ချင်း၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး အလေးအနက် ပြောလေသည်။
“အစ်ကိုလျို့... မင်းက မာနကြီးသူဖြစ်ပြီး သူတစ်ပါးအပေါ် လွယ်လွယ်နဲ့ ခေါင်းငုံ့မှာ မဟုတ်မှန်း ငါ သိပါတယ်၊ ဒါပေမဲ့ လက်ရှိအခြေအနေအရဆိုရင်တော့ မင်း မိုမိသားစုနဲ့ စေ့စပ်ညှိနှိုင်းပေးနိုင်မဲ့ ကြားလူတစ်ယောက် ရှာဖွေပြီး ဒီကိစ္စကို ဖြေရှင်းနိုင်မလားကြည့်ဖို့ ငါ အကြံပေးချင်တယ်”
“အမှန်ပဲ”
နောက်ထပ် ဘော့စ်တစ်ဦးက ချက်ချင်း ကြားဖြတ်ဆိုသည်။
“တကယ်လို့ အစ်ကိုလျို့သာ စေ့စပ်ညှိနှိုင်းဖို့ သဘောတူရင် ငါ မင်းအတွက် လူတချို့ ရှာပေးနိုင်ပါတယ်၊ ပြောရရင် ငါတို့ သိကျွမ်းခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပြီပဲ၊ မင်း ဒုက္ခရောက်တာကို ငါ မမြင်ချင်ဘူး...”
လျို့ချင်းသည် အံကို တင်းတင်းကြိတ်ထားသဖြင့် သွားများမှာ အမှုန့်ပင် ဖြစ်လုနီးပါး ဖြစ်ရပေသည်။
ဤဘော့စ်များ၏ အားကိုးမှုကို ရရှိရန်အတွက် သူ့ဘက်မှ စီးပွားရေးအမြောက်အမြားကို စွန့်လွှတ်ခဲ့ရပေသည်။ သူသည်က လျှို့ဝှက်စွာဖြင့်လည်းကောင်း၊ အထင်အရှားဖြင့်လည်းကောင်း သူတို့အပေါ် ကြီးမားသော အကျိုးအမြတ်များကို ပေးအပ်ခဲ့ဖူးပေသည်။
မျှော်လင့်မထားဘဲ မိုမိသားစုဟူသော နာမည်မျှဖြင့် သူတို့သည် ထိတ်လန့်သွားကြပြီး ချက်ချင်းပင် နောက်ဆုတ်သွားကြချေပြီ။
ဝုန်း!
ဝုန်း!
သူ ဒေါသထွက်နေစဉ်မှာပင် အပြင်ဘက်မှ ပြင်းထန်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ ရုံးခန်းကိုပင် တုန်ခါသွားစေချေသည်။
အပြင်ဘက်က နားကွဲလုမတတ် ပြင်းထန်သော အော်မြည်သံများနှင့်အတူ လူအမြောက်အမြား၏ အသံများလည်း ပါဝင်နေချေသည်။
“သူတို့ ရောက်လာကြပြီ၊ သူတို့ ရောက်လာကြပြီ”
လျို့ချင်း၏ လူများက ထိတ်လန့်တုန်လှုပ်လျက် ထွက်ပြေးရန် ကြိုးစားကြလေသည်။
“အစ်ကိုချင်း... ကျွန်တော်တို့တွေ ပြေးကြရအောင်၊ မပြေးရင် ဒီကလပ်ကို မြေလှန်ခံရလိမ့်မယ်”
ဘော့စ်အချို့ကလည်း လျို့ချင်းအား အလျင်အမြန် တိုက်တွန်းကြသည်။
“အစ်ကိုလျို့... အခုအချိန်က ဇွတ်လုပ်ရမယ့် အချိန်မဟုတ်ဘူး၊ မင်း အလျော့ပေးလိုက်ပြီး ပြန်လည်သင့်မြတ်နိုင်မယ့် နည်းလမ်း ရှိမလား ကြည့်သင့်တယ်”
“မှန်တယ်၊ ကလပ်က ပျက်စီးသွားပေမဲ့ အသက်ရှင်သန်ဖို့က ပိုပြီး အရေးကြီးပါတယ်”
နောက်ထပ် တစ်ဦးက ချက်ချင်း ကြားဖြတ်ဆိုသည်။
သူတို့ထဲမှ မည်သူမျှ ကျင်းနန်က မိုမိသားစုအား မပြစ်မှားလိုကြချေ။
ဤဘော့စ်များ၏ “စေတနာ” မှာ ထင်ရှားလွန်းသဖြင့် လျို့ချင်းသည် စိတ်ကို ထိန်းထားရပြီး ထိုနေရာတွင် ဒေါသ မပေါက်ကွဲရဲချေ။
သူသည်က ဤဘော့စ်များ မည်သည့်အရာကို ကြောက်ရွံ့နေသည်ကို သဘာဝအတိုင်း သိပေသည်။
“ညီအစ်ကိုတို့... ငါက ပြန်လည်သင့်မြတ်ဖို့ မလိုလားတာ မဟုတ်ပါဘူး”
ခဏတုံ့ဆိုင်းပြီးနောက် လျို့ချင်းသည် စကားတစ်ခွန်းကို အနိုင်နိုင် ညှစ်ထုတ်လိုက်ပေသည်။
“ဒါပေမဲ့ အခု အခြေအနေက ဒီလောက်အထိ တင်းမာနေတာလေ၊ ငါတို့တွေ မိုမိသားစုနဲ့ ပြန်လည်သင့်မြတ်ဖို့ ဘယ်လို စကားပြောရမလဲ”
သူ စကားပြောရုံမျှ ရှိလိုက်ချိန်တွင်ပင် ကလပ်အတွင်းသို့ တုန်ခါသံကြီးတစ်ခု ဝင်ရောက်လာခဲ့ချေသည်။
ထိုတုန်ခါသံကို ကြားရသောအခါ လော့စ်များ၏ မျက်နှာအမူအရာမှာ နောက်တစ်ဖန် ပြောင်းလဲသွားပြန်သည်။ သူတို့ထဲမှ ကော်ဟု နာမည်ရှိသော ဘော့စ်က အလျင်အမြန် ဆိုလေသည်။
“အစ်ကိုလျို့... ငါ့မှာ မင်းကို မိုမိသားစုနဲ့ ပြန်လည်သင့်မြတ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ်၊ ဒါပေမဲ့ မင်း နည်းနည်းလောက် အလျော့ပေးဖို့တော့ လိုအပ်လိမ့်မယ်... ယောကျာ်းကောင်းဆိုတာ အလျှော့အတင်း ရှိရတယ်လေ၊ အခက်အခဲလေး နည်းနည်းလောက်ကတော့ ဘာမှမဟုတ်ပါဘူး”
“အစ်ကိုကော်... ဘယ်လိုနည်းလမ်းလဲ”
ဘော့စ်ကော်က ရှင်းပြလေလေ လျို့ချင်းသည် ရင်ထဲတွင် ပို၍ စိတ်မအေးဖြစ်လေလေ ဖြစ်ရပေသည်။
ဘော့စ်ကော်က လျို့ချင်းအား အလေးအနက် ကြည့်ရှုရင်း မေးလိုက်ပေသည်။
“အစ်ကိုလျို့... အခုအချိန်မှာ သူတို့ အလိုချင်ဆုံးအရာက ဘာလဲ”
ယောင်ပင်းနှင့် သူ၏လူများ ဤကလပ်ကို ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ ကျန်းရှောင်ပေ၏မိခင်ကြောင့် ဖြစ်ပေ၏။
သို့သော်လည်း လျို့ချင်းသည် ဤဘော့စ်များအား အမှန်တရားကို ပြောပြ၍ မဖြစ်ချေ။
အကယ်၍ သူ ပြောပြလိုက်ပါက သူတို့သည် သူ့အားသေချာပေါက် စွန့်ပစ်ကြလိမ့်မည်။
သူသည်က ကိုယ့်အတွက် လမ်းစတစ်ခု ချန်ထားရမည် ဖြစ်ပေသည်။
သူတို့၏ မေးမြန်းမှုအောက်တွင် လျို့ချင်းသည် မြေအောက်ငွေလဲစင်တာ၏ “သခင်လေးများပြိုင်ပွဲ” တွင် သူသည်က ယောင်ပင်းနှင့် ခိုင်ယဲ့တို့အား ပြစ်မှားမိခဲ့ဖူးသဖြင့် သူတို့က ကလဲ့စားချေရန် လာကြခြင်း ဖြစ်ကြောင်းသာ မသဲမကွဲ ရှင်းပြလိုက်နိုင်ခဲ့သည်။
ထို့အပြင် ခိုင်ယဲ့သည် အကြီးအကဲမို၏ လက်အောက်ခံ ဖြစ်ခဲ့ဖူးသဖြင့် အကြီးအကဲမိုကလည်း ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း ပြောလိုက်ပေသည်။
သူသည်က အသေးစိတ် အချက်အလက်များကိုမူ လျှို့ဝှက်ထားခဲ့ပေသည်။
သူ့စကားကိုနားထောင်ပြီးနောက် ဘော့စ်များသည် ခဏမျှ တိုးတိုးလေး တိုင်ပင်ကြပြီးနောက် လျို့ချင်းအား ပြောလာ၏။
“အစ်ကိုလျို့... ဒီကိစ္စက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပေမဲ့ သေးငယ်တဲ့ ကိစ္စလည်း မဟုတ်ဘူး၊ မင်း အကြီးအကဲမိုကို တောင်းပန်လိုက်ဖို့ ငါတို့ အကြံပြုချင်တယ်၊ ဒီလိုဆိုရင် ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်”
တောင်းပန်ရမယ် ဟုတ်လား။
လျို့ချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဒေါသကို ဖိနှိပ်ထားလိုက်ပေသည်။
သူသည်က ဤဘော့စ်များအား သူ့ကို ကူညီပေးရန်အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း သူတို့သည်က မိုမိသားစု အကြီးအကဲ၏ နာမည်ကို ကြားရုံမျှဖြင့် စမ်းသပ်ခြင်းပင် မပြုလုပ်ရဲကြဘဲ သူ့အား တောင်းပန်ရန် တိုက်ရိုက်ပြောဆိုနေကြချေပြီ။
သောက်ကျိုးနည်း...
သူတို့က သာမန်အချိန်တွင် အင်မတန် ခန့်ညားထည်ဝါပုံရသော်လည်း တကယ့် အရေးကြီးသော အချိန်တွင်တော့ သတ္တိမရှိသည့် ငကြောက်များသာဖြစ်နေခဲ့သည်။
သူ၏ရင်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသော်လည်း လျို့ချင်းတစ်ယောက် မျိုချလိုက်ရကာ ဟန်ဆောင်အပြုံးဖြင့် မေးလိုက်ရသည်။
“ကျွန်တော်ဘယ်လို တောင်းပန်ရမလဲ”
*
အရှေ့မြို့ပတ်ကလပ်၏ တံခါးဝတွင်:
ယောင်ပင်း၊ ခိုင်ယဲ့နှင့် လေးယောက်မြောက်သခင်မလေးတို့မှာ SUV ကားတစ်စီးအတွင်း ထိုင်နေကြပြီး အပြင်ဘက်က ဆူညံမှုများကို စောင့်ကြည့်နေကြပေသည်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့မှာတော့ စိုးရိမ်စိတ်များ ရှိနေကြပေသည်။
အဆုံးတွင် ကျန်းရှောင်ပေ၏မိခင်သည်က လျို့ချင်း၏လက်ထဲတွင် ရှိနေဆဲပင်။
လေးယောက်မြောက်သခင်မလေးကတော့ တည်ငြိမ်နေဆဲ ဖြစ်ပေသည်။
ယောင်ပင်း သူမ၏ တည်ငြိမ်မှုကို စိတ်ထဲမှ ချီးကျူးမိပေသည်။ သူမ၏ တည်ငြိမ်မှု အရှိန်အဝါမျိုးမှာ ယောကျာ်းအများစုပင်လျှင် မမှီနိုင်သောအရာ ဖြစ်ပေ၏။
ကလပ်တံခါးဝတွင် ကပ္ပတိန်လင်း ခေါ်ဆောင်လာသော တင့်ကားဆယ်စီးကျော်မှာ ညီညာစွာ ရပ်တန့်ထားပြီး သူ၏လူများသည်လည်း သူတို့၏နောက်တွင် ညီညာစွာ ရပ်နေကြကာ တိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားကြသည်။
ကလပ်တံခါးဝတွင်တော့ လူမိုက်သုံးလေးဆယ်ခန့်က တံခါးဝကို ပိတ်ဆို့ထားကြပေသည်။
အခြေအနေမှာ တင်းမာနေဆဲပင်။
“ငါ သုံးအထိ ရေတွက်မယ်”
ခဏအကြာတွင် ကပ္ပတိန်လင်းသည် စိတ်မရှည်ဖြစ်လာချေသည်။ သူသည်က ကလပ်တံခါးဝကို ပိတ်ဆို့ထားသော လူမိုက်သုံးလေးဆယ်ခန့်ကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလေသည်။
“ငါတို့က မြေအောက်ဂိုဏ်းတွေကို နှိမ်နင်းနေတာ၊ လမ်းပိတ်ရဲတဲ့သူ မှန်သမျှ သေရမယ်”
သူသည်က စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူ၏စတိုင်မှာ အမြဲတမ်း ပြတ်သားပြီး ရက်စက်လှသည်။
အကယ်၍ သူသာ ကိစ္စတစ်ခုကို စာတစ်ကြောင်းတည်းဖြင့် ရှင်းပြနိုင်ပါက နှစ်ကြောင်း လုံးဝ မသုံးချေ။
ကပ္ပတိန်လင်း၏ အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း အလွန်အမင်း ဖိအားပေးမှု ရှိလှပေသည်။
ထိုလူမိုက်သုံးလေးဆယ်ခန့်မှာ လျို့ချင်း စုဆောင်းထားသော လူမိုက်များနှင့် လူလေလူလွင့်များသာ ဖြစ်ကြ၏။ သူတို့သည်က ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ကပ္ပတိန်လင်း၏ စကားကြောင့် သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာထက်တွင် ထိတ်လန့်ရိပ်များ ပေါ်လာခဲ့ချေပြီ။
ကပ္ပတိန်လင်း၏ ဖိနှိပ်မှု အရှိန်အဝါမှာ သူတို့အား ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
ထို့ထက် ပို၍ဆိုးသည်မှာ သူ၏နောက်တွင် တင့်ကားဆယ်စီးကျော်နှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားအုပ်စုတစ်စု ရှိနေခြင်းပင်။
သို့သော်လည်း သူတို့အားလုံးက လျို့ချင်း၏ စရိုက်ကို သိကြပေသည်။ အကယ်၍ သူတို့သာ နောက်ဆုတ်၍ ထွက်ပြေးပါက လျို့ချင်းမှ သူတို့အား လုံးဝ ခွင့်လွှတ်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့က ထိတ်လန့်နေကြသော်လည်း အံကိုကြိတ်ကာ ကလပ်တံခါးဝတွင် ဆက်လက်ရပ်တည်နေကြရုံသာတတ်နိုင်ခဲ့ကြသည်။
ကပ္ပတိန်လင်းသည်က စကားအမြောက်အမြား ပြောဆိုရန် စိတ်မပါသဖြင့် စတင်ရေတွက်လေသည်။
“သုံး”
သူ စကားပြောလိုက်သည်နှင့် ထိုလူမိုက်သုံးလေးဆယ်ခန့်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး သူတို့၏ အာရုံကြောများမှာ ချက်ချင်း တင်းမာသွားရပေသည်။
လူမိုက်များထဲက အရပ်ရှည်ပြီး အဝါရောင်ဆံပင်ရှိသော လူတစ်ဦးက သတ္တိမွေး၍ ထောင်လွှားစွာ အော်ဟစ်လေသည်။
“ဘာလဲ... ငါတို့ နောက်မဆုတ်ရင် မင်းတို့ ငါတို့ကို တကယ်ပဲ နင်းခြေပစ်မလို့လား၊ ငါတို့က အရပ်သားတွေလေ၊ တကယ်လို့ မင်းတို့ တကယ်လုပ်ရင် လူတွေရဲ့ ကဲ့ရဲ့ခြင်းကို ခံရလိမ့်မယ်”
ထိုအဝါရောင်ဆံပင်ရှိသော လူသည်က ကပ္ပတိန်လင်းအနေဖြင့် သူ့စကားကြောင့် ခနတော့ တွန့်ဆုတ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပေသည်။
မျှော်လင့်မထားဘဲ ကပ္ပတိန်လင်းက သူ့အား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဆက်လက်ရေတွက်လေသည်။
“နှစ်”
ထိုအဝါရောင်ဆံပင်ရှိသော လူသည် ချက်ချင်းပင် ပျာယာခတ်သွားရပေသည်။
လူမိုက်သုံးလေးဆယ်ခန့်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်သည်။
ဤအချိန်တွင် သူတို့၏ မျက်ဝန်းများထဲ၌ ထိတ်လန့်မှုများကို အထင်အရှား မြင်တွေ့နေရချေပြီ။
သို့သော်လည်း မည်သူကမျှ ပထမဦးစွာ နောက်မဆုတ်ရဲကြချေ။ လျို့ချင်းက သူတို့အား ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
“ရှေ့သို့ မောင်းတော့”
ကပ္ပတိန်လင်းသည် နေကာမျက်မှန်အောက်မှ မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး သူ၏နောက်က တင့်ကားများအား လက်ဝှေ့ယမ်းပြလိုက်ပေသည်။
သူ ဆက်လက်စောင့်ဆိုင်းရန် စိတ်ရှည်မှု မရှိတော့ချေ။
ဝုန်း...
ဝုန်း...
သူ လက်ဝှေ့ယမ်းပြလိုက်သည်နှင့် သူ၏နောက်က တင့်ကားဆယ်စီးကျော်သည်ဘည်း တပြိုင်နက်တည်း စက်နှိုးလိုက်ကြပြီး ကလပ်တံခါးဝဆီသို့ ပြင်းထန်စွာ တိုးဝင်မောင်းနှင်လာကြချေတော့သည်။
၎င်းတို့၏ အရှိန်အဝါမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းပေ၏။
လူမိုက်သုံးလေးဆယ်ခန့်မှာ တံခါးဝသို့ တိုးဝင်လာသော တင့်ကားများကို စိုက်ကြည့်နေကြပြီး မျက်စိများ ပြူးကျယ်သွားကြကာ ခြေထောက်များ တုန်ရင်လျက် ခန္ဓာကိုယ်များလည်း အထိန်းအကွပ်မဲ့စွာ တုန်ခါနေကြချေသည်။
သတ္တိနည်းသော လူအချို့မှာတော့ တစ်ကိုယ်လုံး တုန်ရင်နေကြပြီး ၎င်းတို့၏ ပေါင်ကြားကနေ မသဲကွဲသော အရည်အချို့ပင် ထွက်ကျနေချေပြီ။
“ သူတို့ လာနေကြပြီ”
လက်အောက်ငယ်သား လူမိုက်အချို့က စကားများ ထစ်အစွာဖြင့် ဆိုကြသည်။
“သူတို့ တကယ်ပဲ မောင်းလပြီ၊ အဲဒီတင့်ကားတွေက ငါတို့ကို နင်းခြေပစ်လိမ့်မယ်”
အဝါရောင်ဆံပင်ရှိသော လူမိုက်က ရက်စက်စွာ အော်ဟစ်လေသည်။
“ပါးစပ်ပိတ်စမ်း၊ လူအသက်တွေအများကြီး ရှိနေတာကို သူတို့ အနားသို့ တိုးရဲမှာ မဟုတ်ဘူး၊ နောက်ဆုတ်ရဲတဲ့သူ မှန်သမျှကို ငါ အရင် သတ်ပစ်မယ်”
သူက ထိုသို့ပြောနေသော်လည်း သူကိုယ်တိုင်ပင်လျှင် မျက်နှာမှာ ပြာနှမ်းနေပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်ရင်နေချေသည်။
ဤသည်ကား တင့်ကားများ ဖြစ်ပေသည်။ လက်နက်အစစ်အမှန်များ တပ်ဆင်ထားခြင်း ဖြစ်ရာ မည်သူက မထိတ်လန့်ဘဲ နေနိုင်မည်နည်း။
သို့သော်လည်း အကယ်၍ သူ သာ ပထမဦးစွာ နောက်ဆုတ်လိုက်ပါက အခြားလူမိုက်များသည်လည်း နောက်ဆုတ်ကြလိမ့်မည်။
သို့ဆိုလျှင် သူ လျို့ချင်းအား မည်သို့ ရှင်းပြရမည်နည်း။
*