အခန်း (၉၁-၉၂)
Vol. 9 Ch. 91-92
အခန်း ၉၁ မြင်ဖူးသလိုလို ရှိခြင်း
ညဥ့်အမှောင်ထုအတွင်း ဘေးခန်းတံခါးမှာ ဟင်းလင်းပွင့်နေပြီး ထောင်ထားသော အမဲလိုက်ပိုက်ကွန်မှာလည်း အောက်သို့ ကျသွားပြီဖြစ်ရာ သူခိုးမှာ မိသွားလေ၏။
ပိုက်ကွန်ထဲတွင် မိနေသော သူခိုးသည် ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ဝူကျိရှန်းမှာအနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။ထိုပိုက်ကွန်မှာ တစ်ချက်ဆွဲရုံနှင့် ပြတ်သွားမည့် ပါးလွှာသော ငါးဖမ်းပိုက်မဟုတ်ဘဲ လျော်ဖြူကြိုးအထူများဖြင့် ကျစ်ထားသည့် ခိုင်မာသော အမဲလိုက်ပိုက်ကွန်ဖြစ်လေသည်။ ၎င်းကို တောဝက်နှင့် ဝံပုလွေကဲ့သို့သော သားရဲကြီးများကို ဖမ်းရန် အထူးပြုလုပ်ထားခြင်းဖြစ်ရာ တစ်ခါမိသွားပါက ရုန်း၍မရဘဲ လက်နက်ချရန်သာ ရှိတော့၏။
ဝူကျိရှန်းသည် ပိုက်ကွန်ကြိုးကို တင်းတင်းဆွဲလိုက်ရာ အမဲလိုက်ပိုက်ကွန်မှာ တဖြည်းဖြည်း ကျုံ့သွားလေသည်။
သူခိုးကို ဖမ်းမိပြီဖြစ်သဖြင့် ချင်းချင်းမှာ ချက်ချင်းပင် ဒေါသထွက်လာလေ၏။ သူမသည် ဘာမှမပြောဘဲ သစ်သားတုတ်ကို မြှောက်ကာ အဆက်မပြတ် ရိုက်နှက်တော့သည်။
"ဒီသူခိုးယုတ် ၊ နင်က ခဏခဏ လာခိုးနေတာ ငါ အောင့်အီးသည်းခံခဲ့တာ ကြာပြီ။ အခုတော့ ငါ့ဒေါသပြေအောင် အရင်ဆုံး အရိုက်ခံလိုက်ဦး"
ခေါင်းကို အချက်ပေါင်းများစွာ အထုခံရသော်လည်း သူခိုးမှာ ဘာမှပြန်မပြောဘဲ အောင့်ခံနေလေ၏။ သူသည် အသနားခံခြင်းလည်း မရှိဘဲ သေလျှင်သေပါစေ လက်နက်မချဆိုသည့် ဇွဲမျိုး ပြနေလေသည်။
"နင် ဘယ်လောက်ပဲ ပြေးပြေးနောက်ဆုံးတော့ ငါတို့ထောင်ချောက်ထဲ မိတာပဲ"
ချင်းချင်းက အောင်နိုင်သူလေသံဖြင့် ပြောလိုက်လေ၏။
"နင်က အနက်ရောင်ဝတ်စုံဝတ်ပြီး မျက်နှာဖုံးစွပ်ထားတာဆိုတော့ ဝါရင့်သူခိုးပဲ ဖြစ်ရမယ်။ နင့်မျက်နှာဖုံးကို ခွာပြီး ဘယ်သူလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ချင်းချင်းသည် သူမ၏လက်ကို ဆန့်ထုတ်ကာ သူခိုး၏မျက်နှာဖုံးကို ခွာရန် ပြင်လိုက်စဉ် ဝူကျိရှန်းသည် အေးစက်သော အလင်းရောင်တစ်ခုကို မြင်လိုက်ရပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရလေသည်။ သူသည် သတိလက်လွတ်ပင် ချင်းချင်းကို အနောက်သို့ ဆွဲယူလိုက်လေသည်။
ပိုက်ကွန်ထဲတွင် မိနေသော သူခိုးသည် တောက်ပနေသော ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာ အမဲလိုက်ပိုက်ကွန်ကို အလွယ်တကူ ဖြတ်လိုက်လေသည်။ ထို့နောက် ဟာကွက်မှတစ်ဆင့် ပိုက်ကွန်ထဲမှ ရုန်းထွက်သွားလေ၏။
လွတ်မြောက်သွားသော သူခိုးသည် သူ၏လက်ထဲရှိ ဓားမြှောင်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး အသေခံတိုက်မည့် ပုံစံမျိုး ပြလေသည်။
ချင်းချင်းကို ထိခိုက်မည်စိုးသဖြင့် ဝူကျိရှန်းသည် သူမကို သူ၏အနောက်သို့ ဆွဲပို့လိုက်ပြီး သစ်သားတုတ်ကို ကိုင်ကာ ဓားကိုင်ထားသော သူခိုးနှင့် ရင်ဆိုင်လိုက်လေ၏။
သူသည် သူခိုးကို ဖမ်းရုံသာဟု ထင်ထားခဲ့သော်လည်း ယခုမူ သူခိုးမှာ ဓားထုတ်ကာ အသေခံတိုက်ရန် ကြံစည်နေလေသည်။
ချင်းချင်းမှာမူ ထိတ်လန့်သွားလေ၏။
"မင်းက သာမန်သူခိုး မဟုတ်ဘူးဆိုတာ ငါသိတယ် ၊ ငွေမက်တဲ့ သူခိုးမျိုးလည်း မဟုတ်ဘူး"
ဝူကျိရှန်းသည် ဓားကိုင်ထားသော သူခိုးကို တည်ငြိမ်စွာ ပြောလိုက်လေ၏။
"မင်း ဘာကြောင့် ဒီကိုလာတာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါက သာမန်လူတစ်ယောက်ပဲဆိုတာ မင်းကို ပြောပြနိုင်တယ်။ ငါ့အိမ်မှာ တန်ဖိုးကြီးရတနာတွေ မရှိဘူး ၊ မင်း ခဏခဏ လာနေရလောက်အောင် မထိုက်တန်ဘူး"
"မင်း ဘာကို ရှာနေသလဲဆိုတာ ငါသိပေမဲ့ ငါ သေချာပြောနိုင်တာကတော့ ငါဟာ သာမန်လူတစ်ယောက်ပဲ။ ငါ့အိမ်မှာ မင်းယူသွားလောက်စရာ တန်ဖိုးရှိတာ ဘာမှမရှိဘူး"
"မင်း ဘာရှာနေနေ ၊ ပြောရရင် မင်း လူမှားနေပြီ"
ဝူကျိရှန်းသည် တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ် သူခိုးမှာ ရုတ်တရက် ရှေ့သို့ တိုးလာပြီး ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ပေါ်လာလေသည်။ ထို့ကြောင့် ဝူကျိရှန်း အနောက်သို့ ဆုတ်လိုက်ရလေ၏။
သူခိုးသည် ဝူကျိရှန်းနှင့် အသေခံတိုက်လိုပုံ မရပေ။ သူသည် အခွင့်အရေးကို အသုံးချကာ လှည့်ထွက်သွားပြီး ခြံစည်းရိုးတံတိုင်းကို အလွယ်တကူ ကျော်တက်ကာ ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
အိမ်ထဲသို့ ပြန်ရောက်၍ မီးပြန်ထွန်းလိုက်ရာ ချင်းချင်း၏ ဖြူလျော့နေသော မျက်နှာကို မြင်လိုက်ရလေ၏။
"ဒီသူခိုးက တော်တော်ရက်စက်တာပဲ ၊ ဓားတောင် ပါသေးတယ်"
သူခိုး ထွက်သွားပြီဖြစ်သော်လည်း ချင်းချင်းမှာ တုန်လှုပ်နေဆဲပင် ဖြစ်လေသည်။
"ဓားပါလာတဲ့ သူခိုးဆိုတာ သူခိုးမဟုတ်တော့ဘူး ၊ ဒါက ဓားပြပဲ"
ခိုးယူရန် ကျူးကျော်ဝင်ရောက်ခြင်းသာဆိုလျှင် သူခိုးမျှသာ ဖြစ်သော်လည်း လက်နက် ပါလာသည့်အခါတွင်မူ ပြစ်မှု၏ သဘောသဘာဝမှာ ပြောင်းလဲသွားလေပြီ။
ရက်စက်သော သူခိုးနှင့် တောက်ပြောင်သော ဓားမြှောင်ကို တွေးမိသောအခါ ချင်းချင်းမှာ အလွန်ကြောက်ရွံ့သွားပြီး လူသတ်ဓားပြတိုက်ခြင်း ဆိုသည့် ကြောက်စရာ စကားလုံးများကို ပြန်လည် မြင်ယောင်လာလေ၏။
ခုနက မြင်ကွင်းကြောင့် ချင်းချင်းမှာ အတော်လေး လန့်သွားပုံရပြီး သူမသည် တုန်ယင်နေဆဲပင် ဖြစ်လေသည်။
"သခင်လေး ၊ ကျွန်မ ကြောက်တယ် ၊ တကယ် ကြောက်တာပါ။ ကျွန်မနားမှာ နေပေးလို့ ရမလားဟင်"
"တကယ် ကြောက်နေရင် ငါ့အခန်းထဲမှာပဲ အိပ်လေ"
ချင်းချင်းသည် အဝတ်အစားပင် မလဲဝံ့ဘဲ ခုတင်ပေါ်သို့ တန်းတက်ကာ စောင်ခြုံလိုက်လေသည်။
သို့သော်လည်း သူမသည် ပြင်းထန်စွာ တုန်ယင်နေဆဲပင် ဖြစ်၏။ သူမသည် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ဝူကျိရှန်းကို ကြည့်ကာ မေးလိုက်လေသည်။
"သခင်လေး ၊ အဲဒီသူခိုး နောက်တစ်ခါ ထပ်လာဦးမလားဟင်။ တကယ်လို့ သူက ဓားနဲ့ ကျွန်မတို့ကို ရန်ပြုဖို့ လာရင် ဘယ်လိုလုပ်မလဲ"
သူမသည် ထိုသို့သော အကြောင်းအရာများကို တွေးလေ ပိုကြောက်လေ ဖြစ်နေသဖြင့် ဝူကျိရှန်းသည် သူမကို ခဏမျှ နှစ်သိမ့်ပေးလိုက်ပြီး အကြောင်းအရာကို ပါးနပ်စွာ ပြောင်းလိုက်လေ၏။
"ငါတို့ ပြင်ဆင်ထားတာကို သူခိုးက သိသွားပြီဆိုတော့ သူ နောက်တစ်ခါ ထပ်မလာတော့ပါဘူး ၊ အနည်းဆုံးတော့ ဒီည မလာတော့ဘူးပေါ့"
"ငါ နင့်ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"
ချင်းချင်း၏ အာရုံကို လွှဲရန် ဝူကျိရှန်းသည် ပုံပြင်တိုတစ်ပုဒ်ကို စတင်ပြောပြလေ၏။
"ဟိုးရှေးရှေးတုန်းက မာရီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိသတဲ့။ သခင်မလေး မာရီယာဟာ ဂျိုးဆက်လို့ ခေါ်တဲ့ လက်သမားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြပြီး မကြာခင်မှာပဲ သခင်မလေး မာရီယာဟာ ကိုယ်ဝန်ရှိလာပြီး ကလေးမွေးတော့မှာပေါ့"
"အဲဒီအချိန်မှာပဲ အင်အားကြီးတဲ့ ရန်သူတွေက မြို့ကို လာတိုက်ကြသတဲ့။ မြို့ပျက်သွားတာနဲ့ သွေးချောင်းစီးတဲ့ စစ်ပွဲတွေ မလွဲမသွေ ဖြစ်လာတော့မယ်လေ။ ကလေးမွေးခါနီးဖြစ်တဲ့ သခင်မလေး မာရီယာဟာ ရန်သူတွေ ဝင်လာပြီး သူမရဲ့ ခေါင်းကို ဖြတ်သွားမှာကို သိပ်ကြောက်နေတာပေါ့"
"အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံက ဘုရားသခင် ၊ မဟုတ်ဘူး သိကြားမင်းဆီက အသံတစ်ခု ထွက်ပေါ်လာတယ်"
"သိကြားမင်း ဟုတ်လား"
ချင်းချင်းသည် ပုံပြင်ထဲသို့ အာရုံရောက်သွားပြီး သူမ၏ ဝိုင်းစက်သော မျက်လုံးကြီးများကို ပုတ်ခတ်ကာ မေးလိုက်လေ၏။
"သခင်မလေး မာရီယာ ကလေးမွေးတာက သိကြားမင်းကိုတောင် အုတ်အော်သောင်းနင်း ဖြစ်စေတာလား"
"ဒီသခင်မလေး မာရီယာက မရိုးရှင်းဘူးလေ ၊ သူမရဲ့ ဗိုက်ထဲက ကလေးက လောကကြီးကို ဆင်းရဲဒုက္ခကနေ ကယ်တင်မယ့် သူတော်စင် ကလေးလေး ဖြစ်နေတာ။ ဒါကြောင့် သိကြားမင်းက သူမနဲ့ သူမရဲ့ ကလေးကို စောင့်ရှောက်တာပေါ့"
ဝူကျိရှန်း ပြောပြသော ပုံပြင်မှာ အမှန်စင်စစ် ယေရှုခရစ်တော်ကို မွေးဖွားခြင်းအကြောင်း ဖြစ်သော်လည်း ချင်းချင်း နားလည်လွယ်စေရန် စိန့်မေရီ ကို သခင်မလေး မာရီယာဟုလည်းကောင်း ၊ ထာဝရဘုရားကို သိကြားမင်းဟုလည်းကောင်း ပြောင်းလဲပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
"သိကြားမင်းက သခင်မလေး မာရီယာကို ပြောတယ် ၊မကြောက်နဲ့ ၊ မထိတ်လန့်နဲ့။ အေးအေးဆေးဆေးပဲ ကလေးမွေးပါ။ ဒီည အပြင်မှာ ဘာတွေပဲဖြစ်ဖြစ် ၊ ကောင်းကင်နဲ့ မြေကြီး မီးဟုန်းဟုန်းတောက်နေပါစေ ၊ တောင်တွေ ပြိုပြီး မြေတွေ အက်ကွဲနေပါစေ ၊ မင်းကတော့ ဘေးကင်းလုံခြုံနေမှာပါ တဲ့"
"သိကြားမင်းက သခင်မလေး မာရီယာကို အေးချမ်းတဲ့ညတစ်ည ဖြစ်စေမယ်လို့ ကတိပေးခဲ့သလိုပဲ အဲဒီညဟာ တကယ်ပဲ အေးချမ်းဆိတ်ငြိမ်ပြီး ဘာမကောင်းတာမှ မဖြစ်ခဲ့ဘူး။ နောက်တစ်နေ့ မိုးလင်းတဲ့အခါမှာတော့ သခင်မလေး မာရီယာဟာ သားယောက်ျားလေးတစ်ယောက်ကို ချောချောမောမော မွေးဖွားနိုင်ခဲ့တယ်"
ထိုပုံပြင်ကြောင့် ချင်းချင်း ဘေးကင်းသည်ဟု ခံစားရခြင်းထက် ဝူကျိရှန်း ဘေးတွင် ရှိနေခြင်းကသာ သူမကို ပို၍ လုံခြုံစေလေသည်။ အထူးသဖြင့် ချော့သိပ်ခံရသည့် ခံစားချက်မှာ ဘုရားသခင်၏ ကတိတော်ကို ရရှိခဲ့သော သခင်မလေး မာရီယာကဲ့သို့ပင် နွေးထွေးပြီး စိတ်ချမ်းသာစရာ ကောင်းလှ၏။ ချင်းချင်းသည် ကြောက်စိတ်များ လျော့ပါးသွားပြီး တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။
ချင်းချင်းကို ချော့သိပ်ပြီးနောက် ဝူကျိရှန်းမှာမူ အိပ်ချင်စိတ် မရှိတော့ပေ။
သူသည် ပြတင်းပေါက်နားတွင် ထိုင်ကာ အဆုံးအစမရှိသော ညဥ့်အမှောင်ထုကို ငေးကြည့်ရင်း စဉ်းစားနေမိလေ၏။ သူ၏အိမ်သည် သူခိုး၏ ပစ်မှတ်ထားခြင်းကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရပြီ ဖြစ်သည်။ သူခိုးသည် အနက်ရောင်မျက်နှာဖုံး စွပ်ထားသဖြင့် မျက်နှာကို မမြင်ရသော်လည်း ဝူကျိရှန်းမှာ ရင်းနှီးသော ခံစားချက်တစ်ခုကို ရရှိနေလေ၏။
အထူးသဖြင့် သူခိုး ဆုတ်ခွာသွားသော ပုံစံမှာ ဝူကျိရှန်းကို မြင်ဖူးသလိုလို ရှိ နေပေသည်။သူခိုးကို တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ပင်။
သေချာ ပြန်လည် စဉ်းစားကြည့်သောအခါ ထိုရှင်းပြမရသော ရင်းနှီးမှုမှာ ပိုမို ခံစားရပြီး တန်ဖိုးရှိသော သဲလွန်စတစ်ခုကိုမျှ သူ မမှတ်မိနိုင် သေးပါ။
*********
`
အခန်း ၉၂ အမှန်တရားနီးကပ်လာခြင်း
နောက်တစ်နေ့တွင်နေမှာ ဝါးတစ်ပြန်ခန့် မြင့်နေပြီဖြစ်ပြီး နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ချင်းချင်း၏ မျက်နှာပေါ်သို့ ဖြာကျနေလေ၏။
အိပ်ရာမှ နိုးနိုးချင်းတွင် ချင်းချင်းသည် အကျင့်ပါနေသည့်အတိုင်း လှမ်းခေါ်လိုက်သည်။
"သခင်လေး"
မည်သူမျှ ပြန်မထူးပေ။
ဝူကျိရှန်းသည် ဆေးဝါးစီမံခန့်ခွဲရေးဌာနသို့ တာဝန်ထမ်းဆောင်ရန် သွားနှင့်ပြီဖြစ်ကြောင်း သိထားသဖြင့် ချင်းချင်းမှာ အံ့သြခြင်းမရှိပေ။
ချင်းချင်းကဲ့သို့သော အစေခံမိန်းကလေးငယ်တစ်ဦးအတွက် အရေးကြီးဆုံးမှာ ဝီရိယရှိရှိ စောစောထ၍ သခင်ကို လုပ်ကျွေးပြုစုရန် ဖြစ်လေသည်။ ချင်းချင်းသည် ယခင်က ထိုသို့နေထိုင်ခဲ့သော်လည်း သခင်မလေးရွန့် သူမ၏ မိဘအိမ်သို့ ပြန်သွားကတည်းက ချင်းချင်းမှာပျင်းရိလာခဲ့၏။
ဝူကျိရှန်းသည် သူမအပေါ် မည်သည့်အခါမျှအာဏာပြခိုင်းစေခြင်းမျိုး မရှိဘဲ ချင်းချင်းကို သူမအလိုအလျောက် နိုးလာသည်အထိ အိပ်ခွင့်ပေးထားလေသည်။
ယခင်ရက်များကဲ့သို့ပင် ချင်းချင်းသည် နွေးထွေးသော အိပ်ရာထဲတွင် ခေတ္တမျှ ဇိမ်ယူနေပြီးမှ ပျင်းရိစွာ ထလိုက်လေ၏။ မျက်နှာသစ်ပြီးနောက် သူမသည် သခင်မလေးရွန့်၏ အလှပြင်ပစ္စည်းများကို သုံးကာ လှပအောင် ပြင်ဆင်လိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် ဝူကျိရှန်း ထားခဲ့သော စာတိုလေးကို တွေ့လိုက်ရ၏။
"ထမင်းက အိုးထဲမှာ ၊ ပိုက်ဆံက အံဆွဲထဲမှာ"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝူကျိရှန်းသည် အမြဲတမ်း အချိန်မှန်ထကာ မီးမွှေးပြီး ရိုးရှင်းသော မနက်စာကို ချက်ပြုတ်ခဲ့လေသည်။ ထို့နောက် အိပ်နေသော ချင်းချင်းကို မနှောင့်ယှက်ဘဲ ဆေးဝါးစီမံခန့်ခွဲရေးဌာနသို့ အလုပ်သွားလေ့ရှိ၏။
သူ အလုပ်သွားတိုင်း စာတိုလေးတစ်စောင် အမြဲချန်ထားခဲ့လေသည်။
အစေခံတစ်ယောက်အနေဖြင့် သခင်ကို ရိုသေစွာ လုပ်ကျွေးပြီး ဝေယျာဝစ္စများကို ဂရုစိုက်ပေးရမည် ဖြစ်သော်လည်း ဝူကျိရှန်းသည် ချင်းချင်းကို ခိုင်းဖတ်တစ်ခုကဲ့သို့ မဆက်ဆံခဲ့ပေ။ ထို့ပြင် သူမကို ညီမလေးတစ်ယောက်ကဲ့သို့ပင် အလိုလိုက်ထားလေ၏။
ချင်းချင်းသည် ဝူကျိရှန်း ပြင်ဆင်ပေးခဲ့သော အစားအစာများကို မြိန်ယှက်စွာ စားရင်း အလွန်ကျေနပ်နေမိသည်။ သူမသည် ဝူကျိရှန်း၏ အလိုလိုက်မှုကို အလွန်နှစ်သက်သဘောကျ၏။
သခင်မလေးရွန့် မရှိသည့်ရက်များတွင် ချင်းချင်းသည် တစ်ခါမှမရဖူးသော လွတ်လပ်မှုကို ခံစားနေရလေသည်။ အခြားအစေခံများကဲ့သို့ သခင်ကို ကြောက်ရွံ့ရိုသေစွာ လုပ်ကျွေးစရာမလိုသလို ၊ သခင်၏ ရိုက်နှက်ကြိမ်းမောင်းမှုကိုလည်း စိုးရိမ်စရာမလိုပေ။ သူမသည် အပြင်ထွက်လည်ရန် အံဆွဲထဲမှ ပိုက်ဆံကိုတောင် ယူနိုင်လေသည်။
ထိုသို့ အေးအေးလူလူ နေရသောဘဝက ချင်းချင်းကို အလွန်အမင်း ကျေနပ်စေသော်လည်း ထိုကောင်းသောနေ့ရက်များမှာ ကြာရှည်မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိ၏။
ရက်တွက်ကြည့်လျှင် သခင်မလေးရွန့် ပြန်လာရန် အချိန်နီးနေပြီဖြစ်ရာ ထိုအခါကျလျှင် သူမလွတ်လပ်နေမည် မဟုတ်တော့ပေ။
သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ ညီအစ်မများကဲ့သို့ ခင်မင်ကြသော်လည်း အမှန်စင်စစ်တွင်မူ သူတို့မှာ သခင်နှင့် အစေခံသာ ဖြစ်ကြလေသည်။
သခင်မလေးရွန့်က သူမကို မည်မျှပင် အလိုလိုက်ပါစေ ၊ တင်းကျပ်သော သခင်နှင့် အစေခံ ဆက်ဆံရေးနှင့် လိုက်နာရမည့် စည်းကမ်းများစွာ ရှိနေဆဲပင် ဖြစ်၏။
ဝူကျိရှန်းနှင့် ရှိနေချိန်မှသာ သူမအမှန်တကယ်လွတ်လပ်နေခြင်း ဖြစ်လေသည်။
ချင်းချင်းသည် ယခင်က သခင်မလေးရွန့်မှာ အကောင်းဆုံးဟု ထင်ခဲ့သော်လည်း ယခုမူ...
ချင်းချင်းသည် စိတ်ထဲမှနေ၍ သခင်မလေးရွန့်ကို အမြန်ပြန်မလာစေချင်ပေ။ ဖြစ်နိုင်လျှင် လုံးဝပြန်မလာရန်ပင် ဆုတောင်းနေမိလေ၏။
တစ်ခြားသူများ၏ နှောင့်ယှက်မှုမရှိဘဲ သခင်လေးနှင့်ထိုသို့ အေးအေးချမ်းချမ်း ဆက်နေသွားရမည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
သို့သော် ထ်ုအရာမှာ ချင်းချင်း၏ ရိုးသားလွန်းသော စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လေသည်။
ယနေ့တွင် ချင်းချင်းသည် ယခင်ရက်များကဲ့သို့ လျှောက်မလည်တော့ပေ။ သူမသည်ဈေးထဲသို့ သွားကာ ဝူကျိရှန်းအတွက် နံရိုးမှိုစွပ်ပြုတ်ချက်ရန် အကောင်းဆုံး နံရိုး တစ်ဆယ့်နှစ်လျန်ကို ဝယ်ယူခဲ့လေသည်။
ဝူကျိရှန်းသည် ဆေးဝါးစီမံခန့်ခွဲရေးဌာနမှ အစားအစာများမှာ သူနှင့် ပါးစပ်မတွေ့ကြောင်း အမြဲညည်းညူလေ့ရှိသဖြင့် ချင်းချင်းသည် သူအကြိုက်ဆုံး နံရိုးကို အထူးတလည် ချက်ပေးလိုက်ခြင်း ဖြစ်၏။
ချင်းချင်း၏ လက်ရာမှာ ထူးထူးခြားခြား ကောင်းမွန်လှသည်မဟုတ်သော်လည်း မဆိုးလှပေ။ ချက်ထားသော နံရိုးများမှာ နူးညံ့ပြီး အရသာရှိလှသည့်အပြင် သူမသည် ကြက်သွန်မြိတ် ကိတ်မုန့်နှစ်ခုကိုလည်း အထူးပြုလုပ်ပေးခဲ့လေသည်။ သူမသည် ထိုအစားအစာများကို ထမင်းချိုင့်ထဲသို့ ထည့်ကာ ဆေးဝါးစီမံခန့်ခွဲရေးဌာနဆီသို့ ဦးတည်လိုက်တော့သည်။
"နံရိုးစွပ်ပြုတ်နဲ့ ကြက်သွန်မြိတ် ကိတ်မုန့်တွေလား"
ဝူကျိရှန်းသည် ချက်ချင်းပင် အလွန်ဝမ်းသာသွားပြီး ပြောလိုက်လေသည်။
"ဒါတွေအားလုံးက ငါ့အကြိုက်ဆုံးတွေပဲ။ ချင်းချင်း ၊ နင် တော်တော်ပင်ပန်းသွားမှာပဲ ၊ ငါ့ဆီအထိတောင် လာပို့ပေးသေးတယ်"
"ဘာပင်ပန်းတာ ရှိလို့လဲ"
လိမ္မာသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ပင် ချင်းချင်းသည် ပန်းကန်နှင့် တူကို ကျွမ်းကျင်စွာ ပြင်ဆင်ပေးလိုက်လေ၏။
"ကျွန်မတို့က မိသားစုတွေပဲလေ သခင်လေး ၊ အမြဲတမ်း အားနာမနေပါနဲ့"
"ကောင်းပြီ ၊ ကောင်းပြီ ၊ ဒါဆိုလည်း ငါ အားမနာတော့ဘူး။ မြန်မြန် စားကြစို့"
ချင်းချင်းသည် ငြင်းဆန်ခြင်းမရှိဘဲ ဝူကျိရှန်းနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ကာ အတူတူ စားသောက်လေသည်။
တကယ့် ဇနီးမောင်နှံများကဲ့သို့ပင် သဘာဝကျလှ၏။
"အို ၊ အနံ့က တော်တော်မွှေးတာပဲ"
သူတို့နှစ်ဦး စားနေစဉ် တံခါးဝမှ ဖြတ်သွားသော ကျောက်ပင်တိန့်က ခပ်ပေါ့ပေါ့ ပြောလိုက်လေ၏။
"အရာရှိဝူကတော့ ကံကောင်းတာပဲ ၊ တစ်ယောက်ယောက်က အစားအစာတွေတောင် သီးသန့် လာပို့ပေးသေးတယ်"
သူ၏ ရှေ့မှ လုပ်ဖော်ကိုင်ဖက်သည် မနေ့ညက ဓားကိုင်ထားသော သူခိုးဖြစ်လိမ့်မည်ဟု ဝူကျိရှန်းမှာ အိပ်မက်ပင် မမက်ခဲ့ပေ။ သူသည် ကျောက်ပင်တိန့်ကို နှုတ်ဆက်နေဆဲပင် ဖြစ်၏။
"ကျွန်တော်က ဒီဌာနက ထမင်းကို တကယ်ပဲ အသားမကျနိုင်လို့ပါ။ အရာရှိကျောက် ၊ ခင်ဗျားလည်း လာစားပါဦး... ဟင် ၊ ခင်ဗျားရဲ့ ခေါင်းက ဘာဖြစ်တာလဲ"
ကျောက်ပင်တိန့်၏ နဖူးပေါ်တွင် ညိုမည်းစွဲနေသော အညိုအမည်းကွက်နှင့် ဖူးရောင်နေသော အဖုကြီးတစ်ခု ရှိနေလေသည်။ ၎င်းမှာ မနေ့ညက သူခိုးဖမ်းစဉ်တွင် ချင်းချင်းက သစ်သားတုတ်နှင့် ရိုက်လိုက်သော ဒဏ်ရာဖြစ်၏။
"အော်... ဒါက အပေါ်ယံ ဒဏ်ရာလေးပါ ၊ ဘာမှမဖြစ်ပါဘူး"
ဝူကျိရှန်းဆက်မေးမည်ကို စိုးရိမ်သဖြင့် ကျောက်ပင်တိန့်သည် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ကျွန်တော်တို့ ဌာနက ထမင်းက တကယ်ကို ညံ့တာပါ။ ဆီလည်းနည်း ဆားလည်းမရှိနဲ့။ တစ်လမှာ အသားကောင်းကောင်း စားရဖို့ဆိုတာ တော်တော်ခဲယဉ်းတယ် ၊ ဒါပေမဲ့ ကျွန်တော်ကတော့ အသားကျနေပါပြီ။ ခင်ဗျားတို့ စားကြပါ ၊ ကျွန်တော် သွားတော့မယ်"
"အရာရှိကျောက် ၊ ခဏလေး"
ထိုစကားကို ကြားသောအခါ ကျောက်ပင်တိန့်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
"အရာရှိဝူ ၊ ဘာများ ခိုင်းစရာရှိလို့လဲ"
"ခင်ဗျားရဲ့ နဖူးမှာ အညိုအမည်းကွက်ကြီးနဲ့ ဖူးရောင်နေတာပဲ။ ကြည့်ရတာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ထားတဲ့ ပုံပဲ"
သူသည် ရန်ဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ မနေ့ညကတင် သူတို့နှစ်ယောက်လုံးနှင့် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ၊ ခေါင်းပေါ်က အဖုကြီးမှာလည်း ထိုအစေခံမလေးက တုတ်နှင့် ရိုက်လိုက်ခြင်းကြောင့် ဖြစ်လေသည်။
"ဒါက အပေါ်ယံဒဏ်ရာဆိုပေမဲ့ သွေးပုပ်တွေ ရှိနေရင် မကောင်းဘူး။ သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပုပ်တွေကို ဖယ်ရှားပေးတဲ့အပြင် ၊ အယောင်ကျစေပြီး အကိုက်အခဲပျောက်စေတဲ့ ဆေးကပ်ခွာကို ကပ်ထားတာ အကောင်းဆုံးပဲ"
"ကျေးဇူးတင်ပါတယ်အရာရှိဝူ။ ကျွန်တော် နောက်မှ ဆေးကပ်ခွာ သွားဝယ်လိုက်ပါ့မယ်"
ကျောက်ပင်တိန့်သည် ထိုသို့ပြောပြီးနောက် အနောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။
ထိုအချိန်တွင် ဝူကျိရှန်းသည် သူ နေ့တိုင်းမြင်နေရသော ကျောက်ပင်တိန့်မှာ သူ၏အိမ်သို့ သုံးကြိမ်တိုင်တိုင် "လာလည်" ခဲ့သော သူခိုးဖြစ်သည်ဟုလုံးဋမထင်ထားပေ။ သူသည် ကျောက်ပင်တိန့်ကို သွေးပုပ်ဖယ်ရှားသည့် ဆေးများကိုပင် စေတနာရှေ့ထားကာ အကြံပေးနေသေး၏။
"သခင်လေး ၊ သခင်လေး"
ချင်းချင်းသည် ထွက်သွားသော ကျောက်ပင်တိန့်၏ ကျောပြင်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
"ဒီလူရဲ့ လမ်းလျှောက်ပုံက မနေ့ညက သူခိုးနဲ့ တော်တော်တူနေသလိုပဲ"
ဝူကျိရှန်းသည် ထွက်သွားသော ကျောက်ပင်တိန့်ကို သတိလက်လွတ် ကြည့်လိုက်မိရာ သူ၏စိတ်ထဲတွင် မြင်ဖူးသလိုလို ရှိသည်ဟုခံစားလိုက်ရလေသည်။
ကျောက်ပင်တိန့်၏ ကျောပြင်နှင့် လမ်းလျှောက်ပုံမှာ မနေ့ညက သူခိုးနှင့် တကယ်ပင် တူညီနေသော်လည်း ဝူကျိရှန်းမှာ မစွပ်စွဲရဲ ပေ။
မည်သို့ပင်ဖြစ်စေ ကျောက်ပင်တိန့်သည် ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အစိုးရဝန်ထမ်းတစ်ဦးဖြစ်လေသည်။ သူသည် အဆင့်ကိုးရှိသော အရာရှိငယ်လေးမျှသာ ဖြစ်သော်လည်း ရာထူးအဆင့်အတန်းရှိပြီး နန်းတော်မှ လစာကို ရရှိနေသူဖြစ်၏။ သူသည် ဘာကြောင့် သူခိုးဖြစ်နိုင်မည်လဲ။
အမျိုးသမီးတစ်ဦး၏ အာရုံခံစားမှုမှာ အမြဲတမ်း ပိုမိုစူးရှသဖြင့် ချင်းချင်း၏ သံသယမှာ အလွန်ပြင်းထန်နေလေပြီ။
"မနေ့ညက ကျွန်မ အဲဒီသူခိုးရဲ့ ခေါင်းကို တုတ်နဲ့ ရိုက်လိုက်တာလေ။ အခု ဒီလူရဲ့ ခေါင်းမှာလည်း ဒဏ်ရာရှိနေတယ်။ တကယ်ပဲ သူ ဖြစ်နေမလား"
ကျောက်ပင်တိန့်ကို ညွှန်ပြနေသော နောက်ထပ် သက်သေတစ်ခု ရှိနေသော်လည်း ဝူကျိရှန်းမှာမူ လွယ်လွယ်နှင့် မယုံသေးပေ။
"အရာရှိကျောက်နဲ့ ငါက ဆက်ဆံရေး ကောင်းပါတယ်။ သူက ဖော်ရွေပြီး သဘောကောင်းတဲ့သူပဲ။ သူက အဲဒီသူခိုး ဖြစ်နိုင်မှာ မဟုတ်ပါဘူး ၊ နင်ပဲ အများကြီး တွေးနေတာ နေမှာပါ"
"သခင်လေး ၊ သေချာ ပြန်စဉ်းစားကြည့်ပါဦး"
ကျောက်ပင်တိန့်၏ ပုံစံမှာ သူခိုးနှင့် တူနေသည့်အပြင် ခေါင်းတွင်လည်း ဒဏ်ရာရှိနေသော်လည်း ထိုအရာများမှလွဲ၍ ခိုင်လုံသော သက်သေအထောက်အထား မရှိသေးပေ။ ထို့ကြောင့် စောင့်ကြည့်မှသာ အကောင်းဆုံး ဖြစ်ပေတော့မည်။
*********