အခန်း (၉၃-၉၄)
Vol. 9 Ch. 93-94
အခန်း ၉၃ စုံစမ်းခြင်းနှင့် တန်ပြန်စုံစမ်းခြင်း
ချင်းချင်း ယူလာပေးသော အစားအစာများကြောင့် ဝူကျိရှန်းမှာ အလွန်ပင်မြိန်ယှက်စွာဖြင့်ကြက်သွန်မြိတ် ကိတ်မုန့်များကို ကုန်အောင် စားလိုက်သည့်အပြင် နံရိုးစွပ်ပြုတ်ကိုလည်းကုန်အောင် သောက်လိုက်လေ၏။
"သခင်လေး"
ချင်းချင်းက ရုတ်တရက် ထူးဆန်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ဒီကျောက်ပင်တိန့်က ဘယ်သန်လားဟင်"
ဝူကျိရှန်းက အလိုအလျောက် ခေါင်းညိတ်လိုက်လေ၏။
"ဟုတ်တယ် ၊ သူက ဘယ်သန်ပဲ။ ပြီးခဲ့တဲ့တစ်ခေါက် စားသောက်ဆောင်မှာ ထမင်းစားတုန်းက သူက ဘယ်လက်နဲ့ တူကို ကိုင်တာ ငါတွေ့လိုက်တယ်"
"ဒါဆို သေချာပြီ"
ချင်းချင်းက ခိုင်လုံမှုရှိလှသော လေသံဖြင့် ပြောလိုက်လေသည်။
"သူပဲဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ မနေ့ညက သူခိုးက ဓားကို ဘယ်လက်နဲ့ ကိုင်ထားတာလေ"
ဝူကျိရှန်းသည် မနေ့ညက အခြေအနေကို သေချာ ပြန်လည် စဉ်းစားကြည့်ရာ တကယ်ပင် ထိုသို့ ဖြစ်နေလေ၏။
ခဏခဏ လာခိုးနေသော သူခိုးမှာ တကယ်ပဲ ကျောက်ပင်တိန့်ဖြစ်နေတာလား။ ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အရာရှိတစ်ဦးကဘာလို့မျက်နှာဖုံးစွပ်ပြီး ခိုးယူ နေတာလဲ။
အိမ်ထောင်ရေး ဖောက်ပြန်သူကို ဖမ်းလျှင် အတူရှိနေခိုက် ဖမ်းရမည်ဖြစ်ပြီး ၊ သူခိုးကို ဖမ်းလျှင် သက်သေပစ္စည်းနှင့်တကွ ဖမ်းရမည် ဖြစ်လေသည်။ ဤကဲ့သို့ ကိစ္စရပ်များမှာ သက်သေအထောက်အထား လိုအပ်၏။
လက်ပူးလက်ကျပ် မဖမ်းမိသရွေ့ ခန့်မှန်းချက်သက်သက်ဖြင့် စွပ်စွဲခြင်းမှာ လူမှားပြီး ပြစ်ဒဏ်ပေးမိခြင်းမျိုး ဖြစ်သွားနိုင်လေသည်။
"တကယ်လို့ သခင်လေးက သူ့ကို လက်ပူးလက်ကျပ် ဖမ်းချင်တယ်ဆိုရင် မခက်ပါဘူး"
ချင်းချင်းက တဟိဟိ ရယ်လိုက်ပြီး ဝူကျိရှန်း၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်လေ၏။
ချင်းချင်း၏အစီအစဉ်ကို ကြားပြီးနောက် ဝူကျိရှန်းမှာ ဝေခွဲမရ ဖြစ်သွားလေသည်။
"ဒါက တကယ်အလုပ်ဖြစ်ပါ့မလား"
"ကျိန်းသေ အလုပ်ဖြစ်မှာပါ"
"ကောင်းပြီ ၊ ဒါဆိုလည်း တစ်ချက်လောက် စမ်းကြည့်တာပေါ့"
ထိုနေ့ညနေတွင် အလုပ်ဆင်းချိန် ရောက်ပြီဖြစ်သော်လည်း ဝူကျိရှန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် မပြန်ဘဲ အချိန်ဆွဲနေလေ၏။ သူ၏ မျက်လုံးများကလည်း အပြင်ဘက်သို့ အမြဲ ဝဲကြည့်နေလေသည်။
မကြာမီမှာပင် ကျောက်ပင်တိန့်သည် နောက်ဘက် ဂိုဒေါင်ထဲမှ ထွက်လာလေသည်။ သူသည် အလုပ်ဆင်းပြီး အိမ်ပြန်ရန် ပြင်ဆင်နေပုံ ရ၏။
ဝူကျိရှန်းသည် ချက်ချင်းပင် အပြင်သို့ ထွက်လာပြီး တိုက်ဆိုင်သယောင် ဟန်ဆောင်ကာ ကျောက်ပင်တိန့်နှင့်အတူ ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ တံခါးကြီးမှ အတူတူ ထွက်လာခဲ့ကြလေသည်။
"အရာရှိကျောက်"
ဝူကျိရှန်းသည် စကားပြောရန် ခက်ခဲနေသည့် ပုံစံမျိုးကို ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ကာ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်လေ၏။ "
အမဲလိုက်ပိုက်ကွန် ဘယ်မှာ ဝယ်လို့ရလဲဆိုတာ ခင်ဗျား သိလားဟင်။ သာမန်ဟာမျိုး မဟုတ်ဘဲနဲ့ ဓားနဲ့ခုတ်ရင်လည်း မပြတ်နိုင်တဲ့ ခိုင်မာတဲ့ အမဲလိုက်ပိုက်ကွန်မျိုးကို ကျွန်တော် ဝယ်ချင်လို့ပါ"
"ဓားနဲ့ခုတ်ရင်တောင် မပြတ်တဲ့ ပိုက်ကွန်လား။ အဲဒီလို အရာမျိုးက ရှားတယ်ဗျ"
ကျောက်ပင်တိန့်သည် ဝူကျိရှန်း အဘယ်ကြောင့် ထိုပိုက်ကွန်ကို ဝယ်ချင်သည်ကို ကောင်းကောင်းသိသော်လည်း မသိသယောင် ဟန်ဆောင်လိုက်လေ၏။
"အရာရှိဝူ ၊ အဲဒါကို ဘာလုပ်ဖို့လဲ။ မြို့ပြင်မှာ အမဲလိုက်ဖို့ဆိုရင် သာမန်ပိုက်ကွန်ဆိုရင်ပဲ လုံလောက်ပါတယ်"
"အရာရှိကျောက်က မေးနေမှတော့ ကျွန်တော် မဖုံးကွယ်တော့ပါဘူး"
ဝူကျိရှန်းသည် လျှို့ဝှက်သယောင် ဟန်ဆောင်၍ တိုးတိုးလေး ပြောလိုက်လေ၏။
"မကြာသေးခင်က ကျွန်တော့်အိမ်ကို သူခိုး ခဏခဏ လာနေလို့ပါ။ မနေ့ညက သူခိုးကို ပိုက်ကွန်နဲ့ မိလိုက်သေးတယ် ၊ ဒါပေမဲ့ သူခိုးမှာ ဓားပါလာပြီး ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
"အရာရှိဝူရဲ့ အိမ်က အခိုးခံရတာလား"
ကျောက်ပင်တိန့်သည်အနည်းငယ် ပိုပိုသာသာ အမူအရာမျိုးဖြင့် ပြောလိုက်၏။
"မြင့်မြတ်တဲ့ အစိုးရအရာရှိတစ်ယောက်ရဲ့ အိမ်ကိုတောင် လာခိုးတယ်ဆိုတာ ဒါက တော်တော်လေးကို မောက်မာပြီး ဥပဒေမဲ့လွန်းရာ မကျဘူးလား။အရာရှိဝူ အနေနဲ့ အာဏာပိုင်တွေကို တိုင်ကြားပြီး ထိုက်ယွမ်ခရိုင်က ရဲမက်တွေကို သူခိုးဖမ်းဖို့ အကူအညီ တောင်းသင့်တာပေါ့ ၊ ဘာလို့ ကိုယ်တိုင်လုပ်နေရတာလဲ"
"ဒါက ကိစ္စသေးလေးပါ ၊ ရုံးတော်ကို အလုပ်မရှုပ်စေချင်တော့ဘူး။ ဓားမဖြတ်နိုင်တဲ့ ပိုက်ကွန်ကြီးတစ်ခုသာ ရရင် ကျွန်တော် သူခိုးကို ဖမ်းနိုင်မှာပါ"
"ဓားမဖြတ်နိုင်တဲ့ အမဲလိုက်ပိုက်ကွန်ဆိုတာ တကယ်ကို ရှာရခက်တယ် ၊ ဈေးထဲမှာ ဝယ်လို့မရဘူး"
ကျောက်ပင်တိန့်သည် ဝူကျိရှန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ မေးစေ့ကို ပွတ်လိုက်လေ၏။
"အရာရှိဝူ အလိုရှိတဲ့ ပိုက်ကွန်မျိုးကိုတော့ ဂိုဏ်းအဖွဲ့တွေ ၊ လျှို့ဝှက်အသင်းအဖွဲ့တွေဆီမှာပဲ
ရှာလို့ရနိုင်လိမ့်မယ်"
သမိုင်းထဲမှ တကယ့်ဂိုဏ်းအဖွဲ့များမှာ ဝူရှီးယားဝတ္ထုများထဲမှ သူရဲကောင်းများကဲ့သို့ ဖြောင့်မတ်ပြီး မြင့်မြတ်ကြသူများ မဟုတ်ကြပေ။ ကျန်းဟူလူသား ဟု ခေါ်ဝေါ်ကြသူများမှာ အများအားဖြင့် တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဝါသနာပါသော လူမိုက်များသာ ဖြစ်ကြလေသည်။
ထို ကျန်းဟူလူသား များမှာ အားနည်းသူကို ကူညီပြီး မကောင်းမှုကို နှိမ်နင်းသည့် သူရဲကောင်းလုပ်ရပ်မျိုးကို လုပ်လေ့လုပ်ထ မရှိကြပေ။ သူတို့မှာ တစ်နေရာကို စိုးမိုးရန် စုဝေးနေကြပြီး စကားစပ်မိသည်နှင့် ခိုက်ရန်ဖြစ်ပွားတတ်သူများသာ ဖြစ်၏။ သူတို့မှာ ကိုယ်ခံပညာရှင်များ မဟုတ်ကြသဖြင့် တိုက်ခိုက်သည့်အခါတွင် ထုံးမှုန့်ဖြင့် ပက်ခြင်း သို့မဟုတ် ပိုက်ကွန်ကြီးများဖြင့် အုပ်ခြင်းကဲ့သို့သော လက်နက်ပုန်း နည်းလမ်းများကိုသာ အမြဲ သုံးလေ့ရှိကြလေသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ ကျွန်တော် ကျန်းဟူထဲက သူငယ်ချင်းတချို့ကို သိတယ်။ အရာရှိဝူ အဲဒီသူခိုးကို ဖမ်းနိုင်ဖို့ သူတို့ဆီကနေ ပိုက်ကွန်ကြီးတစ်ခု သွားငှားပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်အရာရှိကျောက်"
"ကိစ္စမရှိပါဘူး ၊ ပြောပလောက်တဲ့ အရာမှ မဟုတ်တာ"
ကျောက်ပင်တိန့်သည် ကတိတည်သောသူ ဖြစ်လေသည်။ သူသည် ထိုနေ့ညနေမှာပင် ပိုက်ကွန်ကြီးတစ်ခုကို ယူလာပေးခဲ့၏။
ဝူကျိရှန်း ယခင်က သုံးခဲ့သော အမဲလိုက်ပိုက်ကွန်နှင့် မတူဘဲထိုပိုက်ကွန်ကြီးမှာ လူဖမ်းရန် အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်လေသည်။
"အရာရှိဝူ ၊ ဒီပိုက်ကွန်ရဲ့ ကြိုးတွေထဲမှာ ကြေးနန်းတွေ ရောထားတာဆိုတော့ ဓားနဲ့ခုတ်ရင်တောင် မပြတ်ပါဘူး။ ဘယ်လိုသူခိုးပဲဖြစ်ဖြစ် ဒီပိုက်ကွန်ထဲ မိသွားပြီဆိုရင်တော့ လွတ်ဖို့ မလွယ်တော့ဘူး"
"ဒါ တော်တော်ကောင်းတာပဲ"
ကျောက်ပင်တိန့်၏ အကူအညီဖြင့် ဝူကျိရှန်းသည် ဘေးခန်း၏ တံခါးဝတွင် ပိုက်ကွန်ကြီးကို ထောင်ထားလိုက်လေသည်။
ထောင်ထားသော ထောင်ချောက်ကို ကြည့်ရင်း ဝူကျိရှန်းက တဟဟ ရယ်လိုက်လေ၏။
"အဲဒီသူခိုးသာ နောက်တစ်ခါ ထပ်လာဝံ့ရင်တော့ တစ်ခါတည်းနဲ့ အမိဖမ်းနိုင်တော့မှာပဲ။ အရာရှိကျောက်ရဲ့ အကူအညီကြောင့်ပါ ၊ ကျေးဇူးအများကြီး တင်ပါတယ်"
"အရာရှိဝူကလည်း အားနာစရာကြီး"
ကျောက်ပင်တိန့်က ရိုးသားဟန်ဖြင့် ပြုံးလိုက်လေ၏။
"ကျွန်တော့်အိမ်မှာ လုပ်စရာလေးတွေ ကျန်သေးလို့ အခု သွားလိုက်ပါဦးမယ်"
"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"မပို့ပါနဲ့တော့ ၊ မပို့ပါနဲ့တော့"
ကျောက်ပင်တိန့်သည် ဝူကျိရှန်းကို ယဉ်ကျေးစွာ ဂါရဝပြုပြီးနောက် တံခါးအပြင်သို့ လျှောက်ထွက်သွားလေတော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ ကျောက်ပင်တိန့်သည် သူ၏ခုတင်ပေါ်တွင် တန်းအိပ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏။
သန်းခေါင်ယံအချိန် ရောက်မှသာ အိပ်ပျော်နေသော ကျောက်ပင်တိန့်သည် ပြတင်းပေါက်မှ စည်းချက်ကျကျ ခေါက်သံတစ်ခုကို ကြားလိုက်ရလေသည်။
သူသည် ချက်ချင်း ထလိုက်ပြီး တံခါးကို ဖွင့်ကာ အမှောင်ထဲရှိ လူရိပ်ကို ရိုသေစွာ ဂါရဝပြုလိုက်လေ၏။
"ကျွန်တော်မျိုး အန်းချီကျုံးကို ဂါရဝပြုပါတယ်"
"အရိုအသေပြုမနေနဲ့တော့"
ကျင်းယီဝေ အန်းချီကျုံး အန်းကျန်းကျိုးသည် သူ၏အိမ်ကဲ့သို့ပင် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ပြီး ခုတင်ဘောင်ပေါ်တွင် တန်းထိုင်လိုက်လေ၏။
"မင်းရဲ့ တာဝန် ဘယ်လိုနေလဲ။ တစ်ခုခု တွေ့ပြီလား"
ထိုအဆင့်ခုနစ်ရှိသော ကျင်းးယီဝေ အန်းချီကျုံးကို ရင်ဆိုင်ရာတွင် ကျောက်ပင်တိန့်သည် ရိုရိုသေသေပင် ရှိနေလေသည်။
"ကျွန်တော် တန်ဖိုးရှိတဲ့ သဲလွန်စတစ်ခုမှ မတွေ့သေးပါဘူး"
သူ စကားမဆုံးခင်မှာပင်ထိုကျင်းယီဝေအန်းချီကျုံးမှာ စိတ်မရှည် ဖြစ်လာပြီး ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်လေ၏။
"မင်းက အစမ်းခန့် တစ်ယောက် ဖြစ်နေတာတောင် ပုံမှန်ဆို အလုပ်လုပ်ရင် တော်တော်ပါးနပ်ပြီး စွမ်းဆောင်ရည် ရှိခဲ့တာပဲ။ အခုလို ကိစ္စသေးလေးတစ်ခုကိုတောင် ဘာလို့ ကောင်းကောင်း မကိုင်တွယ်နိုင်ရတာလဲ။ မင်း အမြန်ဆုံး ပြီးအောင် လုပ်ဖို့ လိုပြီ"
"ဒီကိစ္စက အလောတကြီး လုပ်လို့မရနိုင်ဘူး ထင်တယ်"
ကျောက်ပင်တိန့်က စဉ်းစားဟန်ဖြင့် ပြောလိုက်လေ၏။
"ကျွန်တော် အကြိမ်ပေါင်းများစွာ ခိုးဝင်ခဲ့ပြီးပြီ ၊ အဲဒီ ဝူကျိရှန်းက တစ်ခုခုကို သတိထားမိသွားပုံရတယ်"
"မင်း အဖမ်းခံလိုက်ရတာလား"
"အဖမ်းမခံရသေးပါဘူး ၊ ဒါပေမဲ့... ဝူကျိရှန်းက ကျွန်တော့်ကို စတင် သံသယဝင်နေပြီလို့ ကျွန်တော် ထင်တယ်"
ကျောက်ပင်တိန့်သည် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်လေ၏။
"ဒီနေ့ ဝူကျိရှန်းက ကျွန်တော့်ဆီမှာ ပိုက်ကွန်ကြီး လာငှားပြီး ထောင်ချောက်ဆင်ဖို့တောင် အကူအညီ တောင်းသေးတယ်။ဒီတိုင်းဆိုရင် သူက ဒီလိုအရာမျိုးကိုဖုံးကွယ်ထားရမှာလေ။ဘာလို့ ကျွန်တော့်ကို သိအောင် လုပ်တာလဲ။ ဒါက လှည့်ကွက်တစ်ခုခု ပါနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ် ၊ ကျွန်တော်တို့ သေချာ စီစဉ်ရမယ်"
ချင်းချင်း၏ အစီအစဉ်မှာ ကျောက်ပင်တိန့်ထံသို့ သတင်းကို တမင်တကာသိစေပြီး မြွေကို တွင်းအပြင်ထွက်အောင် မျှားထုတ်ခြင်းပရိယာယ်သာ ဖြစ်လေသည်။
သို့သော်ချင်းချင်း၏ ဉာဏ်နီဉာဏ်နက်လေးမျှဖြင့် ကျောက်ပင်တိန့်၏ မျက်လုံးများကိုမဖုံးကွယ်နိုင်ချေ။
"သေချာ စီစဉ်ရမယ် ဟုတ်လား"
အဆင့်ခုနစ် ကျင်းယီဝေအန်းချီကျုံးမှာ အလွန်အမင်း စိတ်မရှည် ဖြစ်နေလေပြီ။
"မင်းက ပြောရတာ လွယ်တာပဲ ၊ ဒါက အရှင်မင်းကြီးကိုယ်တိုင် သေချာ စုံစမ်းဖို့ အမိန့်ပေးထားတဲ့ အမှုကြီးလေ။ အရှင်မင်းကြီးက အကြိမ်ပေါင်းများစွာ မေးမြန်းနေပြီ ၊ အရာရှိချုပ်လုလည်း ဆက်မတောင့်ခံနိုင်တော့ဘဲ ငါတို့ကို အကြိမ်ကြိမ် တိုက်တွန်းနေတာ။ ဒီအမှုကို ကိုင်တွယ်နေတဲ့ ငါတို့က အမြန်ဆုံး အဖြေတစ်ခု ပေးရမယ်"
ကျူးယွမ်ကျန်း ကိုယ်တိုင် မေးမြန်းထားသော ကိစ္စရပ်များကို အမြန်ဆုံး ကိုင်တွယ်ရမည် ဖြစ်လေသည်။ ကျင်းယီဝေများမှာ ထိုသို့လုပ်ဆောင်ရန်အတွက် လစာရနေကြသူများ ဖြစ်၏။
"ဒါပေမဲ့... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက အနည်းငယ် ထူးဆန်းနေသလိုပဲ။ ဒါက ဝူကျိရှန်းရဲ့ မြွေကို တွင်းအပြင်ထွက်အောင် မျှားထုတ်တဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်"
ကျောက်ပင်တိန့်စကားမဆုံးခင်မှာပင် အန်းချီကျုံး အန်းကျန်းကျိုးက ထပ်မံ ဖြတ်ပြောလိုက်လေ၏။
မြွေကို တွင်းအပြင်ထွက်အောင် မျှားထုတ်တာ ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ ငါတို့က ကျင်းယီဝေတွေလေ ၊ အဆင့်ခြောက်ရှိတဲ့ ထုံကျစ်လေးတစ်ယောက်ကို ကြောက်နေရမှာလား။ နောက်ပြီး သူ့ရဲ့ ထောင်ချောက်ကိုလည်း မင်းကိုယ်တိုင် ဆင်ပေးခဲ့တာ မဟုတ်ဘူးလား"
ထောင်ချောက်၏ အသေးစိတ် အချက်အလက်များကို သိရှိထားပြီး ဖြစ်သဖြင့် ထိုထောင်ချောက်မှာ လုံးဝ အသုံးမဝင်တော့ဘဲ ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။
"ဒီတာဝန်သာ ထပ်ပြီး ကြန့်ကြာနေလို့ အရာရှိချုပ်လု စိတ်မရှည်ဖြစ်သွားရင်တော့ မင်းရော ငါရော ကောင်းတဲ့ရလဒ် ရှိမှာ မဟုတ်ဘူး"
အန်းကျန်းကျိုးမှာ အန်းချီကျုံး တစ်ဦးဖြစ်သည့်အတွက် ကျောက်ပင်တိန့်ထက် ပို၍ စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေလေ၏။
"ဒီည ငါကိုယ်တိုင် သွားမယ် ၊ ဝူကျိရှန်းရဲ့ အပြစ်ပေးလို့ရမယ့် သက်သေကို မရရအောင် ရှာရမယ်"
"အန်းချီကျုံး ၊ ခင်ဗျားက"
"ငါ ဆုံးဖြတ်ပြီးပြီ ၊ ဒီအတိုင်းပဲ လုပ်မယ်"
ပြောနေရင်းနှင့်ပင် အန်းကျန်းကျိုးသည် ကျောက်ပင်တိန့်၏ ဗီရိုကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး အနက်ရောင် ညဝတ်စုံ တစ်စုံကို ထုတ်ယူလိုက်လေတော့သည်။
*********
`
အခန်း ၉၄ လူမှားပြီ
သန်းခေါင်ယံအချိန် ကျော်လွန်သွားပြီဖြစ်ရာ ခြံဝန်းလေးမှာ တိတ်ဆိတ်ငြိမ်သက်နေလေ၏။
မီးများ ပိတ်ထားသော်လည်း ဝူကျိရှန်းနှင့် ချင်းချင်းတို့မှာမူ မအိပ်ဘဲ မှောင်မည်းနေသော အိပ်ခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။
"သခင်လေး ၊ ဒီညတော့ အဲဒီသူခိုး ကျိန်းသေ ထပ်လာမှာပါ"
မြွေကို တွင်းအပြင်ထွက်အောင် မျှားထုတ်ခြင်းနည်းမှာချင်းချင်း၏ အကြံဉာဏ်ဖြစ်ရာ သူမသည် အလွန် ယုံကြည်မှုရှိနေပြီး စုံထောက်ကြီးတစ်ဦးကဲ့သို့ လေသံဖြင့် ပြောလိုက်လေသည်။
"တကယ်လို့ သူခိုးက ကျောက်ပင်တိန့်သာဆိုရင် သူရှာနေတာတွေက ဘေးခန်းထဲမှာ ရှိတယ်လို့ ထင်သွားမှာပဲ။ သူကိုယ်တိုင် ထောင်ချောက်ကို ဝိုင်းဆင်ပေးထားတာဆိုတော့ သူက ဘာမှကြောက်မှာ မဟုတ်ဘဲ ကျိန်းသေ ပြန်လာလိမ့်မယ်"
"သူခိုးက ကျောက်ပင်တိန့်သာ ဆိုရင်တော့ သူ ပြန်လာသင့်တာပေါ့။ တကယ်လို့ သူမဟုတ်ဘူးဆိုရင်တော့ ပြောရခက်တယ်"
ဝူကျိရှန်းက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်လေ၏။
"နင့်ရဲ့ မြွေကို တွင်းပြင်မျှားတဲ့ အစီအစဉ်က ကြည့်လိုက်ရင်တော့ တော်တော်ပါးနပ်တယ် ထင်ရပေမဲ့ သေချာ စိစစ်ကြည့်ရင်တော့ ကလေးကလား ဆန်လွန်းနေသလိုပဲ"
ချင်းချင်း၏ အစီအစဉ်မှာ ပါးနပ်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဟာကွက်များစွာ ရှိနေလေသည်။ တကယ်လို့ ကျောက်ပင်တိန့်ကသာ သူခိုးအစစ်ဆိုလျှင် ထိုဟာကွက်များကို သူ မြင်သွားနိုင်ပြီး အစီအစဉ် ပျက်သွားနိုင်လေ၏။
"ဟာကွက်တွေ ရှိနေရင်တောင် သူ မြင်မှာမဟုတ်ပါဘူး"
ချင်းချင်းကယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။
"သူခိုးဆိုတာ လောဘတက်နေတာလေ ၊ ဒီလောက်အထိ အများကြီး တွေးနိုင်မှာ မဟုတ်ဘူး။ ဒါကို မကောင်းမှုကို ကောင်းမှုက နိုင်တယ်လို့ ခေါ်တာပေါ့"
ထိုအချိန်တွင် ဝူကျိရှန်းရော သူခိုးပါ အပြန်အလှန် သတိထားနေကြလေပြီ။ မည်သူက နောက်ဆုံးမှ ရယ်နိုင်မလဲဆိုသည်မှာ သူတို့၏ ဉာဏ်ပညာနှင့် သည်းခံနိုင်စွမ်းကို စမ်းသပ်ခြင်းပင် ဖြစ်၏။ မကောင်းမှုကို ကောင်းမှုက နိုင်သည်ဆိုသည့် စကားမှာမူ အနည်းငယ် ရိုးစင်းလွန်းလှလေသည်။
"ဘာပဲဖြစ်ဖြစ် ထောင်ချောက်ကတော့ ဆင်ပြီးပြီဆိုတော့ နောက်ဆုံးရလဒ်ကိုပဲ စောင့်ကြည့်ကြတာပေါ့"
ဝူကျိရှန်းနှင့် ချင်းချင်းတို့ ငါးမျှားချိတ်ကို ငါးဟပ်မည့်အချိန်ကို စောင့်နေစဉ်မှာပင် လူရိပ်တစ်ခုသည် ညဥ့်အမှောင်ထုကို အကာအကွယ်ယူကာ တစ္ဆေတစ်ကောင်ကဲ့သို့ ခြံစည်းရိုးတံတိုင်းကို အလွယ်တကူ ကျော်တက်လာလေ၏။
သူသည် သတိထား၍ ခေါင်းပြူကြည့်ကာ အိမ်မကြီး၏ နံရံတွင် နားကပ်၍ ခဏမျှ နားစွင့်နေလေသည်။ အထဲရှိလူများ အိပ်ပျော်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ဘေးခန်းတံခါးဝသို့ ခြေဖော့၍ လျှောက်သွားလေတော့သည်။
ယခုတစ်ခေါက် ကျူးကျော်သူမှာ အစမ်းခန့်အရာရှိဖြစ်သော ကျောက်ပင်တိန့်မဟုတ်တော့ဘဲ တကယ့် ကျင်းယီဝေအရာရှိဖြစ်သူ အန်းချီကျုံး အန်းကျန်းကျိုး ဖြစ်လေသည်။
ဘေးခန်းထဲတွင် ဓားမဖြတ်နိုင်သော ပိုက်ကွန်ကြီး ထောင်ထားသည်ကို သိရှိထားပြီး ဖြစ်သည့်အပြင် ထိုပိုက်ကွန်၏ အသေးစိတ် အချက်အလက်များကိုပါ သူ သိထားလေ၏။
အန်းကျန်းကျိုးသည် တံခါးကို အလွယ်တကူ ဖွင့်လိုက်သော်လည်း ချက်ချင်း တွန်းမဖွင့်သေးပေ။ သူသည် သူ၏ နွေဦးပန်းပွင့်ဓားကို သတိထား ထုတ်ယူလိုက်ပြီး တံခါးဘောင်အထက်တွင် ဝှက်ထားသော သစ်သားတုံးလေးကို ဓားဦးဖြင့် ထိန်းထားလိုက်လေသည်။
ဤသစ်သားတုံးလေးမှာ ထောင်ချောက်တစ်ခုလုံး၏အဓိက ထိန်းချုပ်စနစ်ဖြစ်လေသည်။ သူ့ကိုသာ ထိန်းထားနိုင်ပါက ထောင်ချောက်တစ်ခုလုံးမှာ လုံးဝ အလုပ်မလုပ်တော့ပေ။
သူသည် နွေဦးပန်းပွင့်ဓားကို သေချာ ပြန်သိမ်းလိုက်ပြီး သစ်သားတုံးလေးကို လက်တစ်ဖက်ဖြင့် တင်းတင်း ဆုပ်ကိုင်လိုက်လေ၏။ နောက်လက်တစ်ဖက်ဖြင့် သစ်သားတုံး၏ အထက်ပိုင်းသို့ စမ်းသပ်ကြည့်ရာ ပိုက်ကွန်ကြီးကို ဆွဲချမည့် ကြိုးကို လျင်မြန်စွာ တွေ့ရှိသွားလေသည်။
သူသည် ကြိုးမှ လျှောကွင်းကို ဖြုတ်လိုက်ပြီး အောက်သို့ အသာအယာ ဆွဲချလိုက်လေ၏။
အန်းကျန်းကျိုး၏ မျှော်လင့်ချက်အရ ထိုသို့လုပ်လိုက်လျှင် ပိုက်ကွန်ကြီးမှာ ကျလာရမည် ဖြစ်လေသည်။
၎င်းမှာ အမှန်ပင်ဖြစ်သော်လည်း အနည်းငယ် လွဲချော်မှု ရှိသွားလေ၏။
ကျလာသောအရာမှာ ပိုက်ကွန်ကြီး မဟုတ်ဘဲ ထုံးမှုန့်အိတ်တစ်အိတ် ဖြစ်နေလေသည်။
အလေးချိန် ကျင်း သုံးလေးဆယ်ခန့် ရှိသော ထိုထုံးမှုန့်အိတ်မှာ သူ၏ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျလာလေတော့သည်။
မှုံညက်နေသော ထုံးမှုန့်များမှာ အောက်သို့ အရှိန်အဟုန်ဖြင့် ပြန့်ကျသွားရာ သူသည် ချက်ချင်းပင် ခေါင်းမူးသွားပြီး မျက်စိများလည်း ကန်းမတတ် ဖြစ်သွားလေ၏။
သူသည် ဝါရင့် ကျင်းယီဝေတစ်ဦး ဖြစ်သည့်အလျောက် သူတစ်ပါးအိမ်သို့ ခိုးဝင်ခြင်းနှင့် စူးစမ်းထောက်လှမ်းခြင်းမှာ သူ၏ အကျွမ်းကျင်ဆုံး ပညာရပ် များ ဖြစ်လေသည်။
အဆင့်ခုနစ် အန်းချီကျုံး၏ တုံ့ပြန်မှုမှာ လျှပ်စီးကဲ့သို့ မြန်လှ၏။ သူသည် ထောင်ချောက်ထဲ မိသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သဖြင့် အနောက်သို့ မဆိုင်းမတွ ဆုတ်လိုက်လေသည်။
ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ချက်ချင်း ဆုတ်ခွာခြင်းမှာ အမှန်ကန်ဆုံးနှင့် အခြေခံအကျဆုံး ပထမဆုံး တုံ့ပြန်မှု ဖြစ်လေ၏။ သို့သော် ဤလုပ်ရပ်ကြောင့်ပင် သူသည် ပြန်လမ်းမရှိသော ချောက်ထဲသို့ ကျဆင်းသွားလေတော့သည်။
သူသည် အလျင်အမြန် ဆုတ်ခွာစဉ်မှာပင် တံခါးခုံနောက်ကွယ်တွင် ဝှက်ထားသော ကြိုးတစ်ချောင်းကို တိုက်မိသွားလေ၏။
၎င်းမှာ အထဲသို့ဝင်လျှင်မမိဘဲ အပြင်သို့ဆုတ်လျှင်မှသာ မိမည့် လျှောကွင်းထောင်ချောက် ဖြစ်လေသည်။
စက်ကိရိယာ၏ ဆွဲအားကြောင့် လျှောကွင်းမှာ ချက်ချင်း တင်းသွားပြီး ဗုန်း ခနဲ အသံနှင့်အတူ အန်းကျန်းကျိုးကို ဇောက်ထိုး ဆွဲတင်လိုက်လေတော့သည်။
သူသည် ကျင်းယီဝေများထဲတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည့်အတိုင်းထိုအခြေအနေမျိုးတွင်ပင် တည်ငြိမ်စွာဖြင့် နွေဦးပန်းပွင့်ဓားကို ထုတ်ကာ ကြိုးကို ဖြတ်ရန် ပြင်လိုက်လေ၏။
သို့သော် ထိုအချိန်မှာပင် တုတ်ကြီးတစ်ချောင်းမှာ လေထဲမှ ရောက်လာပြီး သူ၏ လက်ကောက်ဝတ်ကို တိကျစွာ ရိုက်လိုက်လေရာ တောက်ပြောင်နေသော နွေဦးပန်းပွင့်ဓားမှာ မြေပြင်ပေါ်သို့ ခလွမ်း"ခနဲ အသံနှင့်အတူ ကျသွားလေတော့သည်။
ခြေဆုံးခေါင်းဆုံး ထုံးမှုန့်များ ပေကျံနေသော သူခိုးကို မြင်သောအခါ ချင်းချင်းမှာ ချက်ချင်းပင် ဒေါသထွက်လာလေ၏။ သူမသည် ဘာမှမပြောဘဲ သစ်သားတုတ်ကို ကောက်ကိုင်ကာ အားရပါးရ ရိုက်နှက်တော့သည်။
ဘေးတွင် ရပ်နေသော ဝူကျိရှန်းသည် ကြိုးတစ်ချောင်းကို အမြန်ထုတ်ယူကာ ဇောက်ထိုး မိနေသော သူခိုးကို မြဲမြံစွာ တုပ်နှောင်လိုက်လေ၏။
"နင်လို သူခိုးယုတ် ၊ ငါတို့အိမ်ကို လာခိုးတာ ဒါနဲ့ဆို လေးကြိမ်ရှိပြီ။ နင့်ကို ငါ အားရအောင် မရိုက်ရရင် ငါ့ဒေါသက ပြေမှာမဟုတ်ဘူး"
ချင်းချင်းမှာ သူခိုးကြောင့် တကယ်ပင် စိတ်တိုနေသဖြင့် လျှောက်ရမ်းကာ အချက်ပေါင်းများစွာ ထပ်ရိုက်လိုက်လေသည်။
ယခင်တစ်ခေါက်ကကဲ့သို့ပင် အရိုက်ခံရသော သူခိုးမှာ တစ်လျှောက်လုံး တိတ်ဆိတ်နေလေ၏။
"ကောင်းပြီ ၊ ကောင်းပြီ ၊ တော်လောက်ပြီ။ ဘာပဲဖြစ်ဖြစ် ငါတို့က ရုံးတော်တစ်ခုတည်းမှာ အလုပ်လုပ်နေကြတာပဲ ၊ သူ့ကို မျက်နှာသာ နည်းနည်းပေးရမယ်"
ဝူကျိရှန်းသည် ဒေါသထွက်နေသော ချင်းချင်းကို တားလိုက်ပြီး အစည်းခံထားရသော သူခိုးအနီးတွင် ဆောင့်ကြောင့်ထိုင်ကာ ခပ်ဟဟ ရယ်ရင်း ပြောလိုက်လေသည်။
"အရာရှိကျောက် ၊ ကျွန်တော် တကယ်ပဲ နားမလည်နိုင်လို့ပါ ၊ ခင်ဗျား ဘာလို့ ကျွန်တော့်အိမ်ကို ခဏခဏ လာခိုးနေရတာလဲ"
သူခိုးမှာ ဘာတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေဆဲပင် ဖြစ်လေသည်။
"ခင်ဗျားက ပိုက်ဆံမက်လို့ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ် ၊ ခင်ဗျား တစ်ခုခုကို ရှာနေတာပဲ ဖြစ်ရမယ်"
ဝူကျိရှန်းက ပြုံးလျက် ပြောလိုက်လေ၏။
"ကျွန်တော် သိချင်တာကတော့ ဘယ်လို တန်ဖိုးကြီးရတနာက ခင်ဗျားကို ဒီလိုမျိုး လုပ်ခိုင်းစေတာလဲ ဆိုတာပါပဲ"
"ခင်ဗျားက ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်တဲ့အပြင် အဆင့်ကိုး ရာထူးတောင် ရှိတာပဲ။ ကျွန်တော်တို့ ဆက်ဆံရေးကလည်း အမြဲတမ်း ကောင်းခဲ့တာပါ။ ခင်ဗျား ဘာလို့ ကျွန်တော့်အပေါ်မှာ ဒီလောက်တောင် စွဲလမ်းနေရတာလဲ"
ယခုအချိန်အထိ ဝူကျိရှန်းနှင့် ချင်းချင်းတို့မှာ သူခိုးသည် ကျောက်ပင်တင့် ဖြစ်သည်ဟုသာ ယုံကြည်နေကြဆဲ ဖြစ်လေသည်။
၎င်းမှာ ထင်ရှားလှ၏။ ကျောက်ပင်တိန့်တစ်ဦးတည်းသာထိုနေရာတွင် ထောင်ချောက်ရှိသည်ကို သိထားခြင်း ဖြစ်လေသည်။ လွဲစရာ မရှိပေ။
"ခင်ဗျားက အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်နေရက်သားနဲ့ ဘာလို့သူခိုးလုပ်ဖို့ ရွေးချယ်လိုက်တာပဲ။ သူခိုးလုပ်ပြန်တော့လည်း ပိုက်ဆံကို မမက်ဘူး။ ဒါတွေက ဘာအတွက်လဲ"
ဝူကျိရှန်းက ဖွဖွရယ်လိုက်သည်။
"ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲလေ။ ခင်ဗျား ဘာဖြစ်နေတာလဲဆိုတာကို ကျွန်တော့်ကို ပြောပြမယ်ဆိုရင် ခင်ဗျားကို ကျွန်တော် လုံးဝ အခက်အခဲ မဖြစ်စေပါဘူး"
သာမန်အခြေအနေအရဆိုလျှင် သူ၏မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားပြီဖြစ်ပြီး လက်ပူးလက်ကျပ်လည်း မိနေပြီဖြစ်ရာ ဝူကျိရှန်းက ဤမျှ အကျိုးအကြောင်းနှင့် ပြောဆိုနေသည်ကို ကျောက်ပင်တိန့်အနေဖြင့် အမှန်အတိုင်း ဝန်ခံပြောဆိုသင့်လေသည်။
သို့သော်လည်း အဖမ်းခံထားရသော သူခိုးမှာ ကျောက်ပင်တိန့်လုံးဝမဟုတ်ဘဲ တကယ့် ကျင်းယီဝေ ဖြစ်သူ အန်းကျန်းကျိုး ဖြစ်နေလေ၏။
ကျင်းယီဝေတစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။ သူသည် အလွယ်တကူ ဝန်ခံလိုက်မည်ဆိုလျှင် သူသည် ကျင်းယီဝေ ဖြစ်နိုင်မည်မဟုတ်တော့ပေ။
ထို့ကြောင့် အဖမ်းခံထားရသော်လည်း အန်းကျန်းကျိုးမှာ ဆက်လက် တိတ်ဆိတ်နေလေသည်။
"ဒီလောက်အထိ ဖြစ်နေတာတောင် ဇွဲကောင်းနေတုန်းပဲ။ နင့်အရိုးက ပိုမာလား ၊ ငါ့တုတ်က ပိုမာလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ချင်းချင်းက ထပ်မံရိုက်ရန် ပြင်လိုက်သော်လည်း ဝူကျိရှန်းက တားလိုက်၏။
ဝူကျိရှန်းက ရယ်လျက် ပြောလိုက်လေသည်။
"အရာရှိကျောက် ၊ ခင်ဗျားနဲ့ ကျွန်တော် သိလာတာလည်း ကြာပါပြီ။ အခုလို အခြေအနေအထိ ရောက်နေပြီဆိုမှတော့ ဖုံးကွယ်ထားစရာ မလိုတော့ဘူး မဟုတ်လား"
ပြောနေရင်းနှင့်ပင် ဝူကျိရှန်းသည် သူခိုး၏ မျက်နှာပေါ်ရှိ အနက်ရောင် မျက်နှာဖုံးကို ဆွဲခွာလိုက်လေ၏။
သူခိုး၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ ဝူကျိရှန်းနှင့် ချင်းချင်းတို့ နှစ်ဦးလုံး မှင်သက်သွားကြလေသည်။ ၎င်းမှာ ကျောက်ပင်တိန့် မဟုတ်ပေ။
*********