အခန်း (၉၅-၉၆)
Vol. 9 Ch. 95-96
အခန်း ၉၅ စစ်ဆေးမေးမြန်းခြင်း
သူသည် သူခိုးမှာ ကျောက်ပင်တိန့် ဖြစ်လိမ့်မည်ဟု အစပိုင်းက ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ သူစိမ်းတစ်ယောက် ဖြစ်နေလေ၏။
အမှန်စင်စစ် ဝူကျိရှန်းသည်ကျင်းယီဝေ အန်းချီကျုံးနှင့် တစ်ကြိမ် ဆုံဖူးသော်လည်း ထိုစဉ်က သူသည် အန်းကျန်းကျိုးကို အာရုံမစိုက်မိခဲ့ပေ။ ယခုမူ အန်းကျန်းကျိုး၏ မျက်နှာပေါ်တွင် ထုံးမှုန့်များစွာ ပေကျံနေသဖြင့် မူလရုပ်သွင်ကို ခွဲခြားရန် မဖြစ်နိုင်တော့ရာ ဝူကျိရှန်းအနေဖြင့် မမှတ်မိသည်မှာ သဘာဝပင် ဖြစ်လေသည်။
သာမန် သူခိုးမျှသာဆိုလျှင် တစ်မျိုးဖြစ်သော်လည်း သည်လူမှာ မည်သည့်နည်းနှင့်မျှ သာမန်သူခိုး မဟုတ်ကြောင်း ဝူကျိရှန်း ကောင်းကောင်း သိထားလေ၏။
သူသည် ထိုလူနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိဘဲနှင့် သူက အိမ်သို့ အကြိမ်ကြိမ် ခိုးဝင်နေသည်မှာလုံးဝ အဓိပ္ပာယ်မရှိပေ။
အခြေအနေကို ရှင်းရှင်းလင်းလင်း သိရရန် ဝူကျိရှန်းနှင့် ချင်းချင်းတို့သည် သူခိုးကို စတင်စစ်ဆေးမေးမြန်းကြတော့သည်။
ချင်းချင်းသည် မူလက ခရိုင်ဝန်ရှန်လင်၏ အိမ်မှ အစေခံဖြစ်ရာ သူမကိုယ်တိုင် ရာဇဝတ်သားများကို မစစ်ဆေးဖူးသော်လည်း အရာရှိများ စစ်ဆေးသည်ကိုမူ အကြိမ်ပေါင်းများစွာ မြင်ဖူးလေ၏။
ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးတယ်ဆိုသည့် စကားပုံ ရှိသည်မဟုတ်ပါလား။
ချင်းချင်းသည် ရုံးတော်တက်နေသည့် ခရိုင်ဝန်ရှန်လင်၏ ဟန်ပန်ကို အတုယူကာ လက်ထဲရှိ သစ်သားတုတ်ကိုအသုံးချပြီး စားပွဲကို အားပြင်းပြင်း ရိုက်လိုက်လေသည်။ ထို့နောက် တင်းမာသော လေသံဖြင့် မေးလိုက်၏။
"နင့်နာမည် ဘယ်သူလဲ။ ဘယ်မှာ နေတာလဲ။ အပေါင်းအဖော်တွေရော ရှိလား။ ငါတို့အိမ်ကို ဘာလို့ ခဏခဏ လာခိုးနေရတာလဲ။ အမှန်အတိုင်း ဝန်ခံစမ်း"
မည်သို့ပင်ဖြစ်စေ အန်းကျန်းကျိုးမှာ ခကျင်းယီဝေ အန်းချီကျုံး တစ်ဦးဖြစ်ပြီး စစ်ဆေးမေးမြန်းခန်း ပေါင်းစုံကို မြင်ဖူးသူ ဖြစ်လေသည်။ ထို့ကြောင့် သူသည် ဟန်ဆောင်ပန်ဆောင် လုပ်နေသော ချင်းချင်းကို အရေးပင်မလုပ်ဘဲ လျစ်လျူရှုထားလေ၏။
သူခိုးက မောက်မာသော ဟန်ပန်ဖြင့် ခေါင်းမော့နေသည်ကို မြင်သောအခါ ချင်းချင်းမှာ ပို၍ ဒေါသထွက်လာလေသည်။
"နင့်ရဲ့ နှလုံးသားက သံမဏိလို မာနေပါစေဦး ၊ ဥပဒေဆိုတာ မီးဖိုတစ်ခုလိုပဲဆိုတာ နင် သိစေရမယ်။ ဝန်မခံဘူးဆိုရင်တော့ ပြင်းထန်တဲ့ ပြစ်ဒဏ်အတွက်သာ ပြင်ထားပေတော့"
ပြင်းထန်တဲ့ ပြစ်ဒဏ် ဟု ပြောလိုက်သည်နှင့် ချင်းချင်းသည် ဝူကျိရှန်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်လေ၏။ ၎င်းမှာ တုတ်ကြီးကို ကောက်ကိုင်ပြီး သူခိုး၏ တင်ပါးကို ရိုက်ရန် အချက်ပေးခြင်း ဖြစ်လေသည်။
ထိုအရာမှာ မြို့စားမင်းရှန်လင် အမှုစစ်ဆေးသည့်အခါ လုပ်လေ့ရှိသော လုပ်ငန်းစဉ် ဖြစ်လေ၏။ ရာဇဝတ်သားက ဝန်မခံလျှင် ရဲမက်များကို တင်ပါးရိုက်ခိုင်းလေ့ရှိပြီး တုတ်ကြီး ကျလာသည်နှင့် ရာဇဝတ်သားမှာ အော်ဟစ်ငိုယိုကာ အလိမ္မာလေး ဝန်ခံတော့သည် မဟုတ်ပါလား။
အန်းကျန်းကျိုးမှာမူ ကျင်းယီဝေ တစ်ဦးဖြစ်ရာ စစ်ဆေးမေးမြန်းမှုများစွာကိုကြုံဖူးသူဖြစ်သည်။ ချင်းချင်း၏ ကလေးကလား စစ်ဆေးမှုကသူ့အတွက်ကစား နေသလိုပင်။
သူခိုး၏ မကြောက်မရွံ့သော အမူအရာကို မြင်သောအခါ ထိုပြင်းထန်သော ပြစ်ဒဏ်ဖြင့် သူ့ကို ခြောက်လှန့်၍ ရမည်မဟုတ်ကြောင်း ဝူကျိရှန်း သိလိုက်လေ၏။
စစ်ဆေးမေးမြန်းခြင်းမှာလည်း နည်းပညာ လိုအပ်လေသည်။ ခေါင်းမာသူကို ခြောက်လှန့်ရုံဖြင့် အလုပ်မဖြစ်ဘဲ နည်းဗျူဟာကို သင့်တော်သလို ပြောင်းလဲရမည် ဖြစ်၏။
"အစ်ကို"
ဝူကျိရှန်းသည် အလွန်စာနာတတ်သော" အမူအရာမျိုး ဖမ်းလိုက်လေသည်။
"ကျွန်တော်တို့ကြားမှာ အဟောင်းရော အသစ်ရော ဘာရန်ငြိုးမှ မရှိပါဘူး။ အစ်ကိုက ကျွန်တော့်ကို ခဏခဏ ဒုက္ခပေးခဲ့ပေမဲ့ ကျွန်တော် ဘာမှလည်း ဆုံးရှုံးသွားတာ မဟုတ်ဘူး။ အစ်ကိုက ကြက်သူခိုး ၊ ခွေးသူခိုးမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ် ၊ ဒါကြောင့် အစ်ကို့ကို အခက်အခဲ သိပ်မဖြစ်စေချင်ဘူး။ ဘာကြောင့် ကျွန်တော့်ကို ပစ်မှတ်ထားနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြမယ်ဆိုရင် အစ်ကို့ကို အခုချက်ချင်း လွှတ်ပေးပါ့မယ်"
"ကျွန်တော်က အသည်းမာတဲ့ သူရဲကောင်းတွေကို အလေးစားဆုံးပဲ ၊ ညှဉ်းပန်းနှိပ်စက်တာမျိုးကိုလည်း စက်ဆုပ်ပါတယ်။ တကယ်လို့ အစ်ကိုက မပူးပေါင်းဘူးဆိုရင်တော့ ကျွန်တော်လည်း အာဏာပိုင်တွေဆီ ပို့ရုံပဲ ရှိတော့မှာပေါ့"
"ရုံးတော်ကလူတွေက ကျွန်တော့်လို စကားပြောလို့ ကောင်းတဲ့သူတွေ မဟုတ်ဘူးနော်။ အဲဒီအချိန်ကျရင် ရေနှစ်တာတို့ ၊ လက်ညှပ်တာတို့ ၊ အမျိုးမျိုး လုပ်ကြမှာဆိုတော့ အစ်ကို ဒုက္ခရောက်လိမ့်မယ်။ ကျားထိုင်ခုံတို့ ၊ ငရုတ်သီးရည် တိုက်တာတို့လို ရက်စက်တဲ့ နှိပ်စက်နည်းတွေတောင် ရှိနိုင်သေးတယ်"
ငရုတ်သီးမှာ အမေရိကတိုက်မှ ထွက်ကုန်ဖြစ်ပြီး ဟုန်ဝူခေတ် မင်မင်းဆက်တွင် ထိုအရာ မရှိသေးပေ။ ဝူကျိရှန်းမှာ စကားစပ်မိ၍သာ ပြောလိုက်ခြင်းဖြစ်ပြီး ထိုအချက်ကို သတိမထားမိပေ။
အန်းကျန်းကျိုးမှာမူ ထိုကဲ့သို့သော နှိပ်စက်မှုများကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် တဟားဟား ရယ်မောလိုက်လေ၏။
"ငါ့ကို အာဏာပိုင်တွေဆီ ပို့ချင်တာလား။ ကောင်းတာပေါ့"
အာဏာပိုင်များထံ ပို့ဆောင်ခံရခြင်းမှာ အန်းကျန်းကျိုး အလိုရှိဆုံးအရာ ဖြစ်လေသည်။
ရုံးတော်သို့ ရောက်သည်နှင့် သူ၏ ကျင်းယီဝေ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်ရုံဖြင့် အားလုံး အဆင်ပြေသွားမည် ဖြစ်သည်။
မည်သည့် ဒေသန္တရ အစိုးရအရာရှိက ကျင်းယီဝေ၏ ကိစ္စများတွင် ဝင်ပါဝံ့မည်မဟုတ်ပေ။
"အစ်ကို ၊ ကျွန်တော်က အစ်ကို့အကျိုးအတွက် ပြောနေတာပါ။ ဘာဖြစ်နေတာလဲဆိုတာကို ပြောပြရင် အားလုံး အဆင်ပြေသွားမှာပေါ့။ မဟုတ်ရင်တော့ ကျွန်တော် အာဏာပိုင်တွေဆီ တကယ် ပို့လိုက်ရင် အစ်ကို အဆုံးစွန်ထိ နှိပ်စက်ခံရမှာကတော့ မလွဲမသွေပဲ"
"သခင်လေး ၊ ဒီခေါင်းမာတဲ့ လူယုတ်မာကို စကားတွေ အများကြီး ပြောမနေပါနဲ့တော့။ ရိုက်လိုက်ရုံပဲ ၊ အားရပါးရ အရိုက်ခံလိုက်ရရင် သူ အကုန်ဝန်ခံသွားမှာပဲ"
"ဒီအစ်ကိုက အကျိုးအကြောင်း သိတဲ့သူလို့ ငါ ထင်ပါတယ် ၊ အကြမ်းဖက်စရာ မလိုပါဘူး"
ချင်းချင်းနှင့် ဝူကျိရှန်းတို့၏ အပြန်အလှန် ပြောဆိုမှုမှာ အန်းကျန်းကျိုးကို အလွန် စိတ်မရှည် ဖြစ်စေလေ၏။
"တော်လောက်ပြီ ၊ တော်လောက်ပြီ။ တစ်ယောက်က လူဆိုးလုပ် ၊ တစ်ယောက်က လူကောင်းလုပ်ပြီး စစ်တဲ့ နည်းလမ်းကို ငါ ကောင်းကောင်း ကျွမ်းကျင်ပြီးသား။ ငါ့ရှေ့မှာ လာပြီး ဟန်မဆောင်ကြပါနဲ့တော့။ ငါ့ကို အာဏာပိုင်တွေဆီ ပို့မယ်ဆိုလည်း အချိန်မဆွဲဘဲ မြန်မြန် ပို့ပေးကြစမ်းပါ"
ဝူကျိရှန်းနှင့် ချင်းချင်းတို့၏ နည်းပရိယာယ်မှာ တကယ်ပင် တစ်ယောက်က လူဆိုး ၊ တစ်ယောက်က လူကောင်းလုပ်သည့် နည်းလမ်းဖြစ်လေသည်။ သူတို့က ထိုနည်းလမ်းမှာ အလွန် ကောင်းမည်ဟု ထင်ထားခဲ့သော်လည်း သူခိုးကသူတို့အတွေးကိုထွင်းဖောက်မြင်သွား၏။
တော်တော်လေး ရှက်စရာ ကောင်းလှပေသည်။
သူခိုးကို လက်ရဖမ်းထားနိုင်သော်လည်း သူ၏ မလျှော့သော ဇွဲကြောင့် ဝူကျိရှန်းနှင့် ချင်းချင်းတို့မှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြလေသည်။
ချင်းချင်းမှာအကြံကုန်သွားသဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။
"သခင်လေး ၊ ကျွန်မတို့ လက်လျှော့လိုက်ရအောင်။ မိုးလင်းရင်တော့ ဒီသူခိုးကို ထိုက်ယွမ်ခရိုင် ရုံးတော်ဆီပဲ အပ်လိုက်ကြတာပေါ့"
သူခိုး ထွက်မပြေးနိုင်စေရန် ချင်းချင်းသည် ကြိုးများကို ထပ်ရှာပြီး အန်းကျန်းကျိုးကို မြဲမြံစွာ တုပ်နှောင်လိုက်လေ၏။
"အစ်ကို ၊ ဒါ အစ်ကို့အတွက် နောက်ဆုံး အခွင့်အရေးပဲနော်"
ဝူကျိရှန်းမှာ လက်မလျှော့ချင်သေးပေ။
"ဘာဖြစ်နေတာလဲဆိုတာကို ပြောပြရင် ညှိနှိုင်းလို့ ရပါသေးတယ်။ မဟုတ်ရင် မိုးလင်းတာနဲ့ ကျွန်တော် ရုံးတော်ကို တကယ် ပို့ရတော့မှာ"
"ဘာတွေ အပိုပြောနေတာလဲ"
သူခိုးက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည်ကို မြင်သောအခါ ဝူကျိရှန်းမှာအကြံကုန်သွားလေတော့သည်။
ယင်းရှီချန် (ကုန်ဆုံးခါနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။နာရီဝက်ခန့် ကြာလျှင် မိုးလင်းတော့မည် ဖြစ်၏။
ထိုအချိန်မှာပင် တံခါးဝ ခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ခြံဝန်းတံခါးကို ဖွင့်လိုက်သောအခါ ကျောက်ပင်တိန့်ဖြစ်နေလေ၏။
ကျောက်ပင်တိန့်သည် မီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားပြီး ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီးသူ၏မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေ၏။သူက အားနာဟန်ဖြင့် ပြောလိုက်လေသည်။
"အရာရှိဝူ ၊ ဒီအချိန်မှာ လာနှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
မိုးပင်မလင်းသေးမီ ကျောက်ပင်တိန့် ရောက်လာခြင်း ဖြစ်ရာ ဝူကျိရှန်းသည် အလွန်အရေးကြီးလိမ့်မည်ဟု တွေးလိုက်လေ၏။
"အရာရှိကျောက် ၊ ဒီအချိန်အထိ မအိပ်ဘဲ ကျွန်တော့်ဆီ လာတယ်ဆိုတော့ တစ်ခုခု ဆွေးနွေးစရာ ရှိလို့ ထင်တယ်"
"အရာရှိဝူလည်း မအိပ်သေးဘဲ နိုးနေတာပဲ မဟုတ်လား"
ကျောက်ပင်တိန့်က ပြုံးလျက်ပင် ပြောလိုက်လေ၏။
"ကျွန်တော် ဒီအချိန်မှာ လာတာက ကိစ္စတစ်ခု ရှိလို့ပါ။ အဆင်ပြေမယ်ဆိုရင်တော့ အထဲဝင်ပြီး စကားပြောချင်ပါတယ်။အရာရှိဝူက ကျွန်တော့်ကို အထဲဝင်ခွင့် မပေးဘဲ မနေဘူး မဟုတ်လား"
အိမ်ထဲတွင် သူခိုးတစ်ယောက်ကို ဖမ်းဆီး တုပ်နှောင်ထားချိန်တွင် ကျောက်ပင်တိန့်ရောက်လာခြင်းမှာ တစ်ခုခုကို ဆိုလိုနေသလိုပင်။
ဝူကျိရှန်းသည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားပြီးနောက် ချက်ချင်းပင် လက်ဖြင့်"အထဲကြွပါ" ဟု အချက်ပြလိုက်လေ၏။
ခြံဝန်းထဲသို့ လှမ်းဝင်ပြီးနောက် ကျောက်ပင်တိန့်သည် သူ၏မီးအိမ်ဖြင့် ဘေးခန်းဘက်သို့ ကြည့်လိုက်ရာ ဟင်းလင်းပွင့်နေသော တံခါးကို မြင်လိုက်ရပြီး ချက်ချင်းပင် နားလည်သွားလေသည်။
"ကျွန်တော် ထင်တာ မမှားဘူးဆိုရင်တော့ အရာရှိဝူရဲ့ အိမ်ကို သူခိုး ထပ်ရောက်လာပြန်ပြီ ထင်တယ် ၊ ဟုတ်တယ်မလား"
ထိုစကားကို ကြားသည်နှင့် ဝူကျိရှန်း ချက်ချင်း နားလည်သွားလေတော့သည်။
"ဒီသူခိုးက တကယ်ပဲ ခင်ဗျားနှင့် ပတ်သက်နေတာပဲ"
"ကျွန်တော်နှင့်အနည်းငယ်တော့ ပတ်သက်နေတာ အမှန်ပါပဲ"
ကျောက်ပင်တင့်က တဟားဟား ရယ်မောလိုက်ရင်း
"ကျွန်တော် အခု လာရတာလည်း ဒီကိစ္စအတွက်ပါပဲ"
*********
အခန်း ၉၆ သူခိုးက လူပြန်ဟစ်ခြင်း
အန်းကျန်းကျိုးသည် ဝူကျိရှန်း၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီးနောက် မိုးလင်းလုနီးသည့်တိုင်အောင် ပြန်မလာသဖြင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ကျောက်ပင်တိန့် သိလိုက်၏။
ယင်းသည် မြွေကိုတွင်းမှအပြင်သို့ မျှားထုတ်သည့် ပရိယာယ်တစ်ခုဖြစ်ကြောင်း သူ ကြိုတင်ရိပ်မိခဲ့သော်လည်း အန်းကျန်းကျိုးက လောကြီးသွားခဲ့သဖြင့် ရေမြောင်းထဲတွင် ကုန်းပတ်မှောက်ကာ ဝူကျိရှန်းနှင့် ချင်းချင်းတို့၏ လက်ရဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။
ကျင်းယီဝေအဖွဲ့တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည့်အပြင် ဝူကျိရှန်းမှာလည်း အခြေအနေ၏ နက်နဲမှုကို မသိရှိသေးပေ။ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ကျောက်ပင်တိန့်သည် မိမိ၏အထက်လူကြီးကို ကယ်တင်ရန် ဝူကျိရှန်းထံသို့ လာရောက်ခဲ့ရခြင်း ဖြစ်၏။
ကောက်ညှင်းထုပ်ကဲ့သို့ တုတ်တုတ်မျှ မလှုပ်နိုင်အောင် အချည်ခံထားရသော အန်းကျန်းကျိုးကို ကြည့်ရင်း ကျောက်ပင်တိန့်က အနည်းငယ် ပြုံးလိုက်ကာ ပြောလ်ိုက်သည်။
"ကျွန်တော့် မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးပါဦး"
"လွှတ်ပေးရမယ် ဟုတ်လား၊ ပြောတော့ လွယ်တာပဲ"
ချင်းချင်းက ချက်ချင်းပင် ကန့်ကွက်လေသည်။
"ကျွန်မတို့ တရားခံကို ခဲရာခဲဆစ် ဖမ်းမိထားတာ၊ အရာရှိတွေဆီ အပ်ပြီး အရေးယူခိုင်းတော့မလို့ပဲ။ ဘယ်လိုမှ လွှတ်မပေးနိုင်ဘူး"
ကျောက်ပင်တိန့်သည် ချင်းချင်းကို မရှင်းတော့ဘဲမိမိ၏ ရင်ဘတ်ထဲမှ အရာဝတ္ထုအသေးတစ်ခုကို ထုတ်ယူကာ ဝူကျိရှန်းထံသို့ ပြုံးလျက် ကမ်းပေးလိုက်၏။
ယင်းသည် ငါးလက်မခန့် ရှည်လျားပြီး အပေါ်ပိုင်း ဝိုင်းကာ အောက်ပိုင်း စတုရန်းပုံသဏ္ဌာန်ရှိသော သေသပ်လှပသည့် ဆင်စွယ်တံဆိပ်ပြားငယ်တစ်ခု ဖြစ်သည်။
ထိုတံဆိပ်ပြား၏ တစ်ဖက်တစ်ချက်တွင် နေ၊ လနှင့် မီးလျှံတိမ်တိုက် ပုံသဏ္ဌာန်များကို ထုဆစ်ထား၏။ ထိပ်ဆုံးတွင် တပ်မငါးခု စစ်သေနာပတိချုပ်ရုံး ကျန့်ဖူရုံးဟု ရေးထိုးထားပြီး အလယ်တွင် ကျင်ယီနန်းတွင်းကိုယ်ရံတော် ဟူသော စာလုံးများ ရှိနေကာ အောက်ခြေ၌မူ ကျောက်ရှီဘင်းတိန်ဟူသော စာလုံးအသေး လေးလုံး ရှိနေလေသည်။
အစောပိုင်းကာလများတွင် ကျင်းယီဝေများသည် တပ်မငါးခု စစ်သေနာပတိချုပ်ရုံး၏ လက်အောက်၌ ရှိခဲ့ကြ၏။ ယင်းသည် ထင်ရှားသော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း လူတိုင်း သိကြသော်လည်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ အမည်ကိုသာ သုံးစွဲထားဆဲ ဖြစ်သည်။
ကျန့်ဖူရုံးသည် ဆေးဝါးရေးရာဌာနနှင့် အဆင့်အတန်းတူညီသော ဖွဲ့စည်းပုံတစ်ခု ဖြစ်၏။ထိုအချိန်တွင် စေလွှတ်ရေးအဖွဲ့အစည်းအဖြစ် ကျန့်ဖူရုံးတစ်ခုသာ ရှိသေး၏။ လူအများ ကြားရုံမျှဖြင့် တုန်လှုပ်ချောက်ချားစေသော "မြာက်ပိုင်းကျန့်ဖူရုံးနှင့် တောင်ပိုင်းကျန့်ဖူရုံး များမှာမူ ကျူးဒီ ထီးနန်းတက်လာပြီးမှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဝူကျိရှန်းသည် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများထဲတွင် ကျင်းယီဝေများကို အကြိမ်ကြိမ် မြင်တွေ့ဖူးသော်လည်း ကျင်းယီဝေတစ်ဦးကို ကိုယ်တွေ့မြင်တွေ့ရခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်၏။
"မင်းက... ကျင်းယီ"
ကျောက်ပင်တိန့်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် အချည်ခံထားရသော အန်းကျန်းကျိုးကို လက်ညှိုးထိုးပြကာ ပြောသည်။
"ကျွန်တော်တို့မှာ စည်းမျဉ်းတွေ ရှိတယ်၊ သူ့ရဲ့ အမည်နဲ့ ရာထူးကို ကျွန်တော် ပြောပြလို့မရဘူး။ မင်းကို တစ်ခုပဲ သိခွင့်ပေးနိုင်တယ်၊ သူက ကျွန်တော့်ရဲ့ အထက်လူကြီးပဲ"
"ကျွန်တော်တို့ အခု အမိန့်အရ နန်းတွင်းအမှုတစ်ခုကို စုံစမ်းစစ်ဆေးနေတာ၊ ကျွန်တော် ပြောပြနိုင်တာ ဒါအကုန်ပဲ"
ဒါကြောင့်မို့သူတို့သည် အဖိုးတန်ပစ္စည်းများကို စိတ်မဝင်စားဘဲ ခိုးယူမှုများကိုသာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပေသည်။
သို့သော် ဝူကျိရှန်းမှာ ပိုရှုပ် ထွေးသွားရ၏။ ကျင်းယီဝေများ အမှုစစ်ဆေးလိုက စစ်ဆေးနိုင်သော်လည်း ငါ့ကိုဘာလို့လာရောက် ပတ်သက်နေရတာလဲ။
"ငါကအကျင့်ပျက်ခြစားတဲ့ အရာရှိတစ်ဦး မဟုတ်သလိုအာဏာကြီးမားတဲ့ နန်းတွင်းဝန်ကြီးတစ်ဦးလည်း မဟုတ်ဘူး။ ဘာလို့လာရောက် စုံစမ်းစစ်ဆေးနေကြတာလဲ"
ကျောက်ပင်တိန့်သည် ဝူကျိရှန်း၏ မေးခွန်းများကို ပြန်မဖြေဘဲ ရှေ့သို့ လျှောက်လှမ်းကာ အန်းကျန်းကျိုးကိုချည်ထားသောကြိုးများကို ဖြည်ပေးလိုက်လေသည်။
အန်းကျန်းကျိုးသည် လွတ်မြောက်သွားသည်နှင့် အဆင့်ခုနစ် ကျိစုံးတစ်ဦး၏ အရှိန်အဝါကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး စားပွဲကို ရိုက်ကာ ဒေါသတကြီး အော်ဟစ်တော့သည်။
"ဝူကျိရှန်း။မင်း အပြစ်ကို မင်း ဝန်ခံမလား"
"အပြစ်ဝန်ခံရမည် ဟုတ်လား။ ငါ့မှာ ဘာအပြစ် ရှိလို့လဲ"
"မင်းက ငါ့ကို ကျင်းယီဝေတွေရဲ့ တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်တယ်လို့ စွပ်စွဲချင်တာလား"
"မင်းတို့က ငါ့အိမ်ထဲကို သူခိုးလို တိတ်တဆိတ် ဝင်လာတာ၊ ငါက သူခိုးအောက်မေ့လို့ ဖမ်းးတာပဲ။ ဒါတွေအားလုံးက က တရားဥပဒေနဲ့ ညီညွတ်တယ်၊ မင်းတို့ မတရားစွပ်စွဲတာကို ငါ မကြောက်ဘူး"
"ငါ အဲဒီအကြောင်းကို ပြောနေတာ မဟုတ်ဘူး"
မိမိ၏ အမှတ်အသားပေါ်ပေါက်သွားပြီဖြစ်သဖြင့် အန်းကျန်းကျိုးသည် ဖုံးကွယ်မနေတော့ပေ။ သူသည် ရာဇဝတ်ကောင်ကို စစ်ဆေးမေးမြန်းသည့် ပုံစံချက်ချင်းပြောင်း လိုက်ပြီး စားပွဲကို အသံကျယ်လောင်စွာ ရိုက်ကာ ပြောလိုက်လေသည်။
"ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မင်းဟာ နန်းတွင်းအမှုတစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက သံသယရှိသူပဲ။ မင်းမှာ ကြံရာပါ ဘယ်နှယောက် ရှိလဲ၊ ပြီးတော့ လူတွေကို လမ်းမှားရောက်အောင် မှားယွင်းတဲ့ အတွေးအခေါ်တွေကို ဘယ်လို ဖြန့်ဝေခဲ့တာလဲ။ အားလုံးကို အမှန်အတိုင်း ဝန်ခံစမ်း။ မဟုတ်ရင် မင်း ပြင်းထန်တဲ့ နှိပ်စက်မှုတွေကို ခံရလိမ့်မယ်"
"ဟမ် ။ဒါ ကျွန်မ အခုနက ရှင့်ကို ပြောခဲ့တဲ့ စကားတွေပဲ"
ချင်းချင်းက ဒေါသတကြီး အော်ပြောလေသည်။
"ရှင်တို့ ကျင်းယီဝေ ဟုတ်မဟုတ် ကျွန်မ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ သခင်လေးနဲ့ ကျွန်မက ဥပဒေကို လိုက်နာတဲ့ ပြည်သူတွေပဲ။ ရှင်တို့က ဘာတွေမလို့ ကျွန်မတို့ကို လာစစ်ဆေးနေရတာလဲ"
ဝူကျိရှန်းက လက်ကာပြကာ ချင်းချင်းကို အငြင်းမပွားရန် တားမြစ်လိုက်ပြီး အန်းကျန်းကျိုးကို အလွန်တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
"အရာရှိမင်း။အရင်ဆုံး အရှိန်အဝါတွေ ပြမနေပါနဲ့ဦး။ ဒါကို သေချာ ရှင်းကြရအောင်"
"ကျွန်တော် နန်းတွင်းအမှုတစ်ခု ကျူးလွန်ခဲ့တယ်လို့ မင်း ပြောတယ်နော်။ အဲဒါက ဘာအမှုလဲ။ ကျွန်တော် အပြစ်မဝန်ခံခင် မင်း သေချာ ရှင်းပြရမယ်"
ငါကိုယ်တိုင်ပင် ငါ ဘာအမှု ကျူးလွန်မိမှန်း မသိဘဲ မင်းက ငါ့ကို ဘာတွေ ဝန်ခံခိုင်းနေတာလဲ။
ဝူကျိရှန်း၏ စိတ်ထဲတွင် ကျင်းယီဝေဟူသည် အကျင့်ပျက်ခြစားသော အရာရှိများကို နှိမ်နင်းရန်အတွက်သာ သီးသန့်အဖွဲ့ ဖြစ်သည်။ သူတို့က ငါ့ကို ဆေးဝါးရေးရာဌာနတွင် အကျင့်ပျက်ခြစားမှု ရှိနေသည်ဟု သံသယဝင်နေကြခြင်းလား။တကယ်လို့ အဲဒါဆိုရင်တော့ ဖြေရှင်းရတာ လွယ်ကူလှ၏။
အရောင်းအဝယ် မှတ်တမ်းအားလုံးက ရုံးတော်ထဲမှာ ရှိနေတာပဲ။ စာရင်းတွေကို ထုတ်စစ်လိုက်ရင် အားလုံး ရှင်းလင်းသွားမှာ မဟုတ်လား။
"မင်းက အဆင့်ခြောက် ထုံကျိ ရာထူးအသေးလေးပဲ ရှိတာ။ မင်း တကယ်လို့ ခြစားခဲ့ရင်တောင် ငါကိုယ်တိုင် လာရောက် စုံစမ်းစစ်ဆေးဖို့ မတန်ဘူး"
အန်းကျန်းကျိုးသည် ချင်းချင်း အသုံးပြုခဲ့သော သစ်သားတုတ်ကို ကောက်ယူလိုက်ပြီး သူမကဲ့သို့ပင် တရားခွင်သုံး တူအဖြစ် အသုံးပြုကာ ပြောလိုက်၏။
"သူခိုးရဲ့ စိတ်က သံမဏိလို မာကျောပေမဲ့ ဥပဒေကတော့ မီးဖိုတစ်ခုလိုပဲ။ မင်း အမှန်အတိုင်း မဝန်ခံရင် ခန္ဓာကိုယ် နာကျင်မှုကို ခံစားရမှာ မလွဲဘူး"
သူ၏ စကားများကို နားထောင်ရင်း ချင်းချင်းမှာ ရယ်လည်းရယ်ချင် စိတ်လည်းတိုလာရ၏။ အကြောင်းမူကား ထိုစကားလုံးများမှာ သူမ၏ စကားလုံးများ ဖြစ်နေသောကြောင့်ပင်။
"အရာရှိဝူ။မင်းနဲ့ ငါက ရုံးတော်တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်နေကြတာပဲ။ မင်းသာ ဝါးကျည်တောက်ထဲက နှမ်းတွေ သွန်လိုက်သလို အားလုံးကို အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် မင်းကို ငါ အခက်အခဲ မဖြစ်စေရဘူးလို့ အာမခံပါတယ်"
ကျောက်ပင်တိန့်၏ စကားများမှာလည်း ဝူကိရှန်းနှင့်အလွန် ရင်းနှီးနေ၏။မကြာသေးမီက ဝူကျိရှန်းသည် အန်းကျန်းကျိုးကို အလားတူ စကားမျိုး ပြောခဲ့ဖူးလေသည်။
"သခင်လေး သူတို့က တစ်ယောက်က လူကောင်းလုပ်၊ တစ်ယောက်က လူဆိုးလုပ်ပြီး လှည့်စားနေကြတာ။ သူတို့ ထောင်ချောက်ထဲ မဝင်ပါနှင့်"
ဝူကျိရှန်းသည် လူကောင်း လူဆိုး ကိစ္စများကို စိတ်မဝင်စားနိုင်ဘဲ စိတ်ပျက်လက်ပျက် အပြုံးဖြင့်သာ ပြန်ပြောလိုက်၏။
"အရာရှိ ကျောက် ကျွန်တော် ဘာအမှု ကျူးလွန်ခဲ့လဲဆိုတာ အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ ရမလား"
ကျွန်တော် ဘာပြစ်မှု ကျူးလွန်ခဲ့လဲဆိုတာကိုတောင် မပြောဘဲ အခမ်းအနားနဲ့ လာရောက် စစ်ဆေးပြီး အမှန်အတိုင်း ဝန်ခံဖို့ တောင်းဆိုနေကြတာပဲ။ ငါက ဘာကို ဝန်ခံရမှာလဲ။
"အရာရှိဝူက ဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ၊ သိလျက်နဲ့ မသိချင်ယောင် ဆောင်မနေပါနဲ့တော့။ ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ကိစ္စက မင်းနဲ့ ပတ်သက်နေတာ မဟုတ်လား"
ထိုစကားကို ကြားရသောအခါမှ ဝူကျိရှန်းသည် အနည်းငယ် နားလည်သွားသော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ကျွန်တော် ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ကိစ္စကို ကိုင်တွယ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါက နန်းတွင်းအမှုနဲ့ ဘာဆိုင်လို့လဲ"
ငါ ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို ကိုင်တွယ်ခဲ့ခြင်းမှာ ပြည်သူ့အကျိုးအတွက် သက်သက်သာ ဖြစ်သည်။
နန်းတွင်းက ငါ့ကို ငွေအနည်းငယ်ပဲ ပေးပြီး ဒီလောက်များပြားတဲ့ ဆေးဝါးတွေကို ဝယ်ခိုင်းတာ။ ငါသာ ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို သုံးပြီး ငွေမရှာခဲ့ရင် ဒီလောက်များပြားတဲ့ ဆေးဝါးတွေကို ဘယ်ကနေ ရမှာလဲ။
ငါက နန်းတွင်းအတွက် အလုပ်လုပ်ပေးဖို့ နည်းလမ်းရှာပြီး ငွေရှာခဲ့တာ။ ငါ့ကို ဆုမချရင် နေပါဦး၊ အခုတော့ လာပြီး စစ်ဆေးနေကြတယ် ဟုတ်လား။
လောကကြီးမှာ ဒီလို တရားသဘော ဘယ်မှာ ရှိပါ့မလဲ။
ငွေရရန်အတွက် ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို စိုက်ပျိုးရောင်းချခြင်းမှာ အမှန်တကယ်ပင် ဥပဒေနှင့် မညီညွတ်သည် မဟုတ်ပေ။ သို့သော် ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို မင်္ဂလာရှိသော နိမိတ်အဖြစ် နန်းတွင်းသို့ ဆက်သခြင်းမှာမူ မှားယွင်းသော အတွေးအခေါ်များကို ဖြန့်ဝေပြီး လူတို့ကို လမ်းမှားသို့ ပို့ဆောင်ခြင်း ဖြစ်သဖြင့် ဥပဒေနှင့် ဆန့်ကျင်နေလေသည်။
ငါက ဘယ်တုန်းက နန်းတွင်းကို ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ဆက်သခဲ့လို့လဲ။ ဒါက ဘယ်ကနေ ရောက်လာတဲ့ အကြောင်းအရာလဲ။
ကျောက်ပင်တိန့်ကိုယ်တိုင်ပင် ထိုစွပ်စွဲချက်မှာ အလွန် မမှန်ကန်ဟု ခံစားရ၏။
ထိုက်ယွမ်ခရိုင်နှင့် မြို့တော်သည် တောင်တန်း ရေမြေများစွာ ခြားနားနေသဖြင့် သွားရလာရသည်မှာ အချိန်ကြာ၏။ ဆေးဝါးရေးရာဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် ကျောက်ပင်တိန့်သည် ဝူကျိရှန်းကို နေ့တိုင်း မြင်တွေ့နေရသဖြင့် သူသည် ပြစ်မှုကျူးလွန်ရန် အချိန်မရှိသည်မှာ ထင်ရှားလှ၏။
"မင်းကိုယ်တိုင် နန်းတွင်းကို မင်္ဂလာနိမိတ်အဖြစ် သွားရောက် မဆက်သခဲ့ရင်တောင် အကျိုးအမြတ်ရဖို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာ သေချာတယ်"
ထိုအချိန်ကျမှသာ ဝူကျိရှန်းသည် ပြဿနာ၏ အဓိကအချက်ကို အမှန်တကယ် နားလည်သွားတော့၏။
ခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုမှာ အဓိကမဟုတ်ဘဲ တစ်စုံတစ်ယောက်ကထိုအရာကို ဧကရာဇ်မင်းမြတ်ထံ မင်္ဂလာနိမိတ်အဖြစ် ဆက်သခဲ့ခြင်းကသာ အဓိက ဖြစ်နေသည်။
သို့သော် ဧကရာဇ်မင်းမြတ်သည် ထိုကဲ့သို့သော အရာများကို မည်သည့်အခါမျှ မယုံကြည်ဘဲ တစ်စုံတစ်ယောက်က နောက်ကွယ်မှ ပြဿနာရှာနေသည်ဟု ထင်မြင်သဖြင့် လူလွှတ်ကာ စုံစမ်းစစ်ဆေးခိုင်းခြင်း ဖြစ်၏။
အဆင့်ဆင့် စုံစမ်းစစ်ဆေးပြီးနောက် နောက်ဆုံးတွင် အဓိက အရင်းအမြစ်ဖြစ်သော ဝူကျိရှန်းထံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ဒါကြောင့်မို့လို့ကိုး၊ ဒါကြောင့်မို့လို့ကိုး။ အခုတော့ ကျွန်တော် နားလည်သွားပြီ"
မိမိနှင့် မည်သို့မျှ မပတ်သက်သဖြင့် ဝူကျိရှန်းသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အစအဆုံး အသေးစိတ် ရှင်းပြလိုက်လေတော့သည်။
*********