အခန်း (၁၁၅၁-၁၁၅၂)
Vol. 99 Ch. 1151-1152
အခန်း ၁၁၅၁
အသစ်တိုးချဲ့ထားသော နေရာလွတ်ကို အသစ်ပြန်ထွက်ဖြစ်ပေါ်လာမည့် ရိက္ခာနှင့် ပစ္စည်းများက လာရောက်နေရာယူခြင်းမှ တားဆီးရန်အတွက် အန်ယွဲ့ သည် ဆောက်လုပ်ရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ပြီးမှသာ တိုးချဲ့မှုများကို အမြဲတမ်းစတင်လေ့ရှိသည်။
အမှန်စင်စစ် ရှောင်းယီအနေဖြင့် ဤကိစ္စရပ်များကို တစ်ခုချင်းစီ လိုက်လံအာရုံစိုက်နေရန် မလိုအပ်ပေ။
အစည်းအဝေးခန်းမထဲမှ ထွက်လာပြီးနောက် ရှောင်းယီသည် မဟာမိတ်အဖွဲ့အတွင်းမှနေ၍ ရှေ့တန်းစစ်မျက်နှာသို့ ပြန်ရန်အတွက် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။
ရှေ့တန်းစစ်သည်အင်အားစုများသည် ရှေ့သို့ စတင်ချီတက်နေပြီဖြစ်ရာ ရှောင်းယီသည် ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းကို မေးလိုက်သည်။
“ရှေ့မှာ ခြုံခိုတိုက်ခိုက်တာတွေ ဘာတွေမရှိဘူးလား။”
“မရှိဘူး။ အကုန်လုံးကို သေချာကင်းထောက်ထားပြီးပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှေ့တန်းစစ်မျက်နှာ ချောချောမွေ့မွေ့ တိုးတက်နေသည်ကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကုပ်ကာ အတွေးနက်သွားခဲ့သည်။
မသေမျိုးမျိုးနွယ်စုတွေ တကယ်ပဲ ဘာတွေလုပ်နေကြတာလဲ။
အခြားတစ်ဖက်တွင်မူ လန်ယုံသည် သူ၏ စစ်ဗျူဟာမှူးအဖွဲ့နှင့်အတူ လေပြာအင်ပါယာသို့ ပြန်ရောက်နေပြီဖြစ်သည်။
“ငါတို့ ဒီနေရာကို တကယ်ပဲ လုံးဝစွန့်လွှတ်လိုက်ရတော့မှာလား။”
ထန်လုံက နှမြောတသဖြစ်စွာ ပြောလိုက်သည်။
ဤမျှကာလပတ်လုံး တည်ဆောက်လာခဲ့ရသည်များကို ယခုကဲ့သို့ သည်အတိုင်း စွန့်လွှတ်လိုက်ရမည်မှာ အလွန်နှမြောစရာကောင်းလှသည် မဟုတ်ပါလော။
လန်ယုံက ပြုံးလိုက်သည်။
“ဒီအခွင့်အရေးက လေပြာအင်ပါယာရဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေအားလုံးရဲ့ ဆန္ဒပဲ။ ပြီးတော့ ကိုယ်တော်တို့ဒီမှာရှိတဲ့အရာတွေက မဟာမိတ်အဖွဲ့ထဲမှာရှိတဲ့ ပစ္စည်းတွေကို တကယ်မယှဉ်နိုင်ဘူး။ လက်လွှတ်ရမှာကို နှမြောမနေပါနဲ့။”
ထန်လုံက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ကျွန်တော်မျိုးတို့ မဟာမိတ်အဖွဲ့ထဲက လူနေမှုဘဝ အဆောက်အဦးတွေကို အခုကတည်းက စပြီး ကြော်ငြာရတော့မလား။”
“အင်း...နယ်မြေအရှင်အန်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ။ မဟာမိတ်အဖွဲ့ထဲက လူနေမှုပုံစံက ငါတို့အခုရှိနေတာထက် အများကြီး ပိုပြီးကျန်းမာစိုပြည်တယ်။ လူတိုင်းကို တတ်နိုင်သမျှအမြန်ဆုံး အသားကျအောင် လုပ်ခိုင်းလိုက်ပါ။”
လန်ယုံက ပြန်ဖြေလိုက်သည်။
နယ်မြေအရှင်အန်း ဆိုသည်မှာ အန်းယွဲ့ ဖြစ်သည်။ အုပ်ချုပ်ရေးအဆင့်အတန်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် ရှောင်းယီသည် အန်းယွဲ့ကို မဟာမိတ်အဖွဲ့တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲရန်အတွက် ဗဟိုဒေသ၏ နယ်မြေအရှင်အဖြစ် ခန့်အပ်ခဲ့သည်။
“ဟုတ်ကဲ့။”
ထို့အတူ ကောင်းကင်မိုးကြိုးမင်းဆက်သည်လည်း မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး လော့လင်တန်သည် အသစ်သိမ်းပိုက်ထားသော နိုင်ငံလေးနိုင်ငံမှ ဘုရင်များကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
လော့လင်တန်သည် ပထမဦးစွာ လက်ရာမြောက်လှသော မြေပုံတစ်ခုကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ပြောလိုက်သည်။
“အားလုံးပဲ...ဒီကိုလာပြီး တစ်ချက်လောက်ကြည့်ကြပါ။”
ဧကရာဇ်ကူတာနှင့် အခြားဘုရင်လေးပါးတို့သည် ရှေ့သို့တိုးကာ မြေပုံကို ကြည့်လိုက်ကြလေသည်။
“ဒီတစ်ခေါက် ကျွန်းပိုင်ရှင်က ငါ့ကို အစည်းအဝေးခေါ်ရတဲ့ အဓိကရည်ရွယ်ချက်က ငါတို့တွေ မဟာမိတ်ကျွန်းကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ဖို့ပဲ။”
လော့လင်တန်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အခြားဘုရင်လေးပါးမှာ မျက်လုံးများ အပြူးသား ဖြစ်သွားခဲ့ကြသည်။ သူတို့သည် ဘုရင်များဖြစ်သည့်အားလျော်စွာ အုတ်မြစ်ကျောက်ကျွန်း၏ စွမ်းအားကို သူတို့အားလုံး သိကြသည်။
“ကျွန်တော်မျိုးတို့အားလုံး ပြောင်းရမှာလား။”
ဧကရာဇ်ကူတာက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဟုတ်တယ်။ လူတိုင်း၊ နိုင်ငံတိုင်းပဲ။”
လော့လင်တန်က ပြန်ဖြေလိုက်ပြီးနောက် မဟာမိတ်အဖွဲ့မှ အကောင်အထည်ဖော်ထားသော အုပ်ချုပ်ရေးအဆင့်အတန်း ခွဲခြားမှုအသစ်ကို မိတ်ဆက်ပေးလိုက်သည်။
“ဒါဆိုရင် အနာဂတ်မှာ ငါတို့အားလုံးက ကောင်းကင်မိုးကြိုးတိုင်းအောက်မှာ ရှိသွားတော့မှာပေါ့ ဟုတ်လား။”
ဧကရာဇ်ကူတာက ပြောလိုက်သည်။
“အမှန်ပဲ။ မင်းတို့ရဲ့ နိုင်ငံလေးနိုင်ငံက စီရင်စုလေးခု ဖြစ်လာလိမ့်မယ်။ နာမည်တွေကိုတော့ မင်းတို့ရဲ့ အရင်နိုင်ငံနာမည်တွေအတိုင်းပဲ ဆက်သုံးမယ်။”
လော့လင်တန်က ပြန်ပြောလိုက်သည်။
“ကောင်း... အခု ငါတို့ စီရင်စုတစ်ခုချင်းစီရဲ့ နယ်နိမိတ်အတိုင်းအတာကို အရင်ဆုံး သတ်မှတ်ကြရအောင်။”
“ဟုတ်ကဲ့။”
နိုင်ငံတစ်ခုချင်းစီ၏ လူဦးရေအပေါ် မူတည်၍ ကောင်းပင်မိုးကြိုးတိုင်းကို နယ်မြေငါးခုအဖြစ် ပိုင်းခြားလိုက်ပြီး နောက်ပိုင်းတွင် ပြောင်းရွှေ့မည့်အစီအစဉ်ကို ဤပိုင်းခြားထားသော နယ်မြေများအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။
လော့လင်တန်သည် ဂရုစိုက်ရမည့် အခြားကိစ္စအချို့ကို ရှင်းပြပြီးနောက် နောက်ဆုံးအနေဖြင့် မေးလိုက်သည်။
“အခြားမေးစရာ မေးခွန်းရှိသေးလား။”
“မရှိပါဘူး အရှင်မင်းကြီး။”
ဧကရာဇ်ကူတာ အပါအဝင် ဘုရင်လေးပါးက ပြန်ဖြေလိုက်ကြသည်။ လော့လင်တန်က ပြုံးလိုက်သည်။
“အနာဂတ်မှာ အဲ့ဒီအခေါ်အဝေါ်ကို ပြောင်းလို့ရပြီ။ ငါ့ကို တိုင်းမှူးလော့ ဒါမှမဟုတ် တိုင်းမှူးလို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ကြပါ။”
“ဟုတ်ကဲ့ တိုင်အုပ်ကြီး။”
ခရိုင်မှူးကူတာ အပါအဝင် လေးယောက်လုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။
“နောက်တစ်ခုက... လူတိုင်း လက်ပ်တော့ပ် အချို့ကို ယူသွားကြပါ။ အဲ့ဒီထဲမှာ မဟာမိတ်အဖွဲ့ရဲ့ လူနေမှုပုံစံနဲ့ အဆောက်အဦးတွေအကြောင်း မိတ်ဆက်ဗီဒီယိုတွေ ပါတယ်။ လူတိုင်း ကြည့်ဖြစ်အောင် သေချာလုပ်ပြီး ကြိုတင်ပြင်ဆင်ထားရမယ်။ မဟုတ်ရင် ပြောင်းရွှေ့ပြီးတဲ့အခါ လူတွေ အသားမကျဘဲ ဖြစ်နေလိမ့်မယ်။”
လော့လင်တန်က နောက်ဆုံးအနေဖြင့် မှာကြားလိုက်လေသည်။
“ဟုတ်ကဲ့ပါ...တိုင်းမှူးကြီး။”
ခရိုင်မှူးကူတာတစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
“ကျုပ်တို့ဘက်မှာရှိတဲ့ အရာအားလုံးကို တကယ်ပဲ စွန့်လွှတ်လိုက်ရတော့မှာလား။”
“အတော်များများကိုတော့ စွန့်လွှတ်ရလိမ့်မယ်။ ဒါပေမဲ့ သတ္တုသတ္တုရိုင်းတွင်းတွေလိုမျိုး အရင်းအမြစ်တွေကိုတော့ ငါတို့နဲ့အတူ တစ်ပါတည်း ယူသွားရမယ်။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
မကြာမီပင် လေပြာအင်ပါယာနှင့် ကောင်းကင်မိုးကြိုးမင်းဆက်တို့မှ ပြည်သူများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းရွှေ့ရမည့် သတင်းကို ကြားသိလိုက်ရတော့လေသည်။
“ဘာလဲ... ငါတို့ ပြောင်းရမှာလား။”
“ငါတော့ ဒီနေရာကနေ မထွက်သွားချင်ဘူး။ ငါ ဒီမှာ နေလာတာ အနှစ်သုံးဆယ်ကျော်ပြီ။”
“ဟုတ်တယ်။ ဒါ ငါတို့ရဲ့ ဇာတိမြေပဲ။ ငါလည်း မထွက်သွားချင်ဘူး။”
“ဘာလို့ လူတိုင်း ပြောင်းရမှာလဲ။ ဒီမှာပဲ နေခဲ့လို့ မရဘူးလား။”
“ရတာပေါ့။ မင်းတို့ရဲ့ စားနပ်ရိက္ခာနဲ့ ဘေးကင်းလုံခြုံရေးပြဿနာတွေကို မင်းတို့ဘာသာ ဖြေရှင်းနိုင်သရွေ့တော့ ဒီမှာပဲ နေချင်တယ်ဆိုရင် ဘယ်သူမှ လာတားမှာမဟုတ်ဘူး။”
“ဘာပဲဖြစ်ဖြစ် ငါကတော့ ဟိုဘက်ကို ပြောင်းမှာပဲ။ မဟာမိတ်အဖွဲ့ထဲမှာ အဆင့်မြင့်ပြီး ခေတ်မီတဲ့ အဆောက်အဦးတွေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ်။”
“ဟုတ်တယ်။ အပန်းဖြေစခန်းတစ်ခုလည်း ရှိပုံပဲ။ နောင်ကျရင် ငါတို့ အဲ့ဒီကို ခဏခဏ သွားလည်လို့ရပြီ။”
လူကြီးပိုင်းများမှာ မိမိတို့၏ ဇာတိမြေကို စွန့်ခွာရန် ခက်ခဲနေကြသော်လည်း လူငယ်များမှာမူ ဘဝသစ်ကို မျှော်လင့်တောင့်တနေကြသည်။
အထူးသဖြင့် ဆန်းသစ်သောအရာများကို မြင်တွေ့ရသောအခါ လူကြီးပိုင်းများမှာ ထိုနေရာသို့ ပြောင်းရွှေ့ရန်ပင် အနည်းငယ် ကြောက်ရွံ့နေကြသော်လည်း လူငယ်များမှာမူ ပို၍ပင် စိတ်လှုပ်ရှားနေကြတော့သည်။
သို့သော် ဤအချိန်တွင် လန်ယုံနှင့် လော့လင်တန်တို့သည် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားကြပြီး အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်ကြသည်။
“ဗဟိုတိုင်းမှူးအန်း...ကျုပ်တို့ ဒီလောက်များပြားတဲ့ လူတွေကို ဘယ်လို ရွှေ့ပြောင်းကြရမလဲ။ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို သုံးမယ်ဆိုရင် ကျုပ်တို့မှာ စွမ်းအင်သလင်းကျောက်တွေ အလုံအလောက် မရှိဘူး ”
လော့လင်တန်က မေးလိုက်သည်။ အန်းယွဲ့က ပြုံးသည်။
“ရိက္ခာနဲ့ ပစ္စည်းတွေကိုတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ တစ်ဆင့် ပို့လိုက်လို့ရပါတယ်။ လူတွေအတွက်ကတော့ ကျုပ် အကြီးစား ကုန်စည်ပို့ဆောင်ရေး လေယာဉ်နဲ့ မြို့ပြန်ကျောက်တွေကို စီစဉ်ပေးပါ့မယ်။”
“ပို့ဆောင်ရေး လေယာဉ် ဟုတ်လား။”
လော့လင်တန်က သံသယဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်။ အဲ့ဒါက အကြီးစား ပို့ဆောင်ရေး လေယာဉ်ပဲ။ မဟာမိတ်အဖွဲ့အတွင်းမှာ အနောက်ဆုံးပေါ် အကြီးစား သယ်ယူပို့ဆောင်ရေး စက်ပစ္စည်းတစ်ခုဖြစ်ပြီး အရှိန်လည်း တော်တော်မြန်တယ်။”
အန်းယွဲ့က ရှင်းပြလိုက်သည်။
“ကောင်းပါပြီ။”
အန်းယွဲ့က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် အခြားပြဿနာများ မရှိတော့ပေ။ ယခုအခါ ၎င်းကို သေချာစွာ ဆော်ဩကြော်ငြာရန်သာ လိုအပ်တော့သည်။
လန်ယုံတို့ဘက်ကိုလည်း အန်းယွဲ့က ထိုနည်းတူစွာပင် ပြန်လည်ဖြေကြားခဲ့သည်။
ရှောင်းယီသည် ရှေ့တန်းစစ်မျက်နှာ၌ ခေတ္တမျှ နေထိုင်ခဲ့သည်။ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဧရာမဘီလူးမျိုးနွယ်စုဘက်မှသာ ဆက်တိုက် ရှေ့တိုးချီတက်နေခဲ့သည်။
ကျန်းယွင်ထျန်းကို နှုတ်ဆက်ပြီးနောက် ရှောင်းယီသည် ဗီလာသို့ ပြန်လာကာ သူ၏ လက်ကိုင်ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
“တကယ်ကို အံ့သြဖို့ကောင်းတဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်ပဲ။ မသေမျိုးမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှု မရှိတော့တော့ စိတ်ထဲမှာ အတိုင်းမသိ ပေါ့ပါးလန်းဆန်းသွားတာပဲ။”
“ဟုတ်တယ်။ ဒီလို အပန်းဖြေရတဲ့အချိန်မျိုး ထာဝရ ဆက်ပြီးရှိနေပါစေလို့ပဲ ဆုတောင်းမိတယ်။ အဲ့ဒီလို စမ်းသပ်မှုတွေကို ဘယ်တော့မှ ထပ်ပြီး မရင်ဆိုင်ချင်တော့ဘူး။”
“မင်းတို့အားလုံး ဘာလုပ်နေကြလဲ။ အပန်းဖြေစခန်းကို လာပြီး မပျော်ကြဘူးလား။”
“ငါကတော့ သူဌေးရဲ့ အပန်းဖြေစခန်းကို ရောက်နေပြီ။ ည ၁၂ နာရီအထိ ကဲဖို့ ပြင်ဆင်ထားတယ်။”
“ငါလည်း အတူတူပဲ။ ဒီလို အပန်းဖြေချိန်မျိုးဆိုတာ ရခဲတယ်။ သေချာလေး အနားယူရမယ်။”
“မင်းတို့ကတော့ တကယ် အားယားနေကြတာပဲ။ ငါတို့ မဟာမိတ်အဖွဲ့ကျ ကာကွယ်ရေးတွေကို အားဖြည့်နေရတုန်း၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေလည်း ဝယ်နေရတုန်းပဲ။”
“မင်းတို့ကလည်း ဘာလို့ အဲ့လောက်တောင် ဂရုစိုက်နေတာလဲ။ သူဌေးက ငါတို့အတွက် ခဲရာခဲဆစ်နဲ့ တစ်ရက်တာ နားရက်ကို ဖန်တီးပေးထားတာတောင် မင်းက ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် လုပ်နေတုန်းပဲ။ တကယ်ကို အလုပ်အပေါ် သစ္စာရှိတာပဲ။”
“အဓိကကတော့ သူဌေးက ဒီနေ့ အကြီးအကျယ် လျှော့စျေးပေးနေလို့ပဲ။ ပုံမှန်ထက် အများကြီး ပိုသက်သာတယ်။ ဒီနေ့ဝယ်ရင် အုတ်မြစ်ကျောက်တွေ အများကြီး သက်သာသွားလိမ့်မယ်။”
“သူဌေးက အရမ်းမိုက်တာပဲ။ ဒီနေ့ရဲ့ အကြီးအကျယ် လျှော့စျေးပွဲကြီးက ပြီးခဲ့တဲ့ကမ္ဘာက စားသုံးသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လှည့်စားခဲ့တဲ့ ‘Double 11’ (၁၁ ရက် ၁၁ လပွဲ) တွေထက် အများကြီး ပိုကောင်းတယ်။”
“သူဌေးကတော့ ဒီနေ့ အုတ်မြစ်ကျောက်တွေ အများကြီး ရတော့မှာပဲ။ ကျွန်းကလည်း နောက်ထပ် တစ်ဆလောက် ပိုပြီး ကျယ်ပြန့်လာဦးမှာ သေချာတယ်။”
“ဒါပေါ့...။ ဒါပေမဲ့ ဒါက မင်းနဲ့ရော ငါနဲ့ရော ဘာမှမဆိုင်ဘူး။ ငါတို့မှာ အုတ်မြစ်ကျောက်တွေ ဒီလောက်အများကြီး ရှိရင်တောင် စွန့်စားပြီး ကျွန်းကို လျှောက်မချဲ့ရဲဘူး။ ငါတို့ လူဦးရေနဲ့ဆိုရင် ကျွန်းအကြီးကြီးကို မကာကွယ်နိုင်ဘူး။”
“ဒါလည်း ဟုတ်တာပဲ။”
“ဒီ...ဒီ...။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက် အသံမြည်လာခဲ့သည်။
ရှောင်းယီ သွားကြည့်လိုက်ရာ ရှေ့တန်းမှ ကျန်းယွင်ထျန်းက မက်ဆေ့ခ်ျ ပို့ထားခြင်းဖြစ်သည်။
“ကျွန်းပိုင်ရှင် ဧရာမဘီလူးမျိုးနွယ်စုရဲ့ ထောက်ပို့တာဝန်ခံ မီစီက ငါတို့ မဟာမိတ်အဖွဲ့ဆီ လာရောက်လည်ပတ်ချင်နေတယ်။”
အခန်း ၁၁၅၂
ရှောင်းယီ ပြုံးလိုက်မိသည်။
“မီစီကတော့ တကယ့်ကို စိတ်စောနေတာပဲ။ ဒါပေမဲ့ သူ ဒီဘက်ကို ကူးလာဖို့က နည်းနည်းခက်ခဲမယ့်ပုံပဲ။ သူ့ကို ခဏလောက် စောင့်ခိုင်းလိုက်ပါ။”
“နားလည်ပါပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဧရာမဘီလူးမျိုးနွယ်များသည် ခန္ဓာကိုယ် အလွန်ကြီးမားလွန်းသဖြင့် မြို့ပြန်ကျောက်များ အလုပ်လုပ်မည်မဟုတ်သလို အသေးစား တည်နေရာကူးပြောင်းခြင်း အစီအရင်များဖြင့်လည်း မလုံလောက်ပေ။ သို့သော် အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင် သို့မဟုတ် လေဟာနယ်တံခါးတစ်ခုဆိုလျှင်တော့ သေချာပေါက် အလုပ်ဖြစ်နိုင်သည်။
သို့သော် လက်ရှိတွင် ရှေ့တန်းစစ်မျက်နှာ၌ အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင် မရှိသေးပေ။ အကြောင်းမှာ ဟင်းလင်းပြင်အက်ကွဲကြောင်း ပြဿနာကြောင့် တစ်ခုခု တည်ဆောက်လိုက်လျှင်ပင် အသုံးပြု၍ ရမည်မဟုတ်သောကြောင့်ပင်။
ထို့အပြင် လေဟာနယ်တံခါးများသည်လည်း ရှေ့တန်းစစ်မျက်နှာနှင့် အလွန်ဝေးကွာလှပြီး ဧရာမဘီလူးမျိုးနွယ်ဘက်ခြမ်းရှိ လေဟာနယ်တံခါးမှာ နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများနှင့် ချိတ်ဆက်နေခြင်းဖြစ်သည်။
ယခင်က သာမန် အရိုးနဂါးများကို ရင်ဆိုင်စဉ်ကတည်းက ကျန်ယွင်ထျန်းသည် လေဟာနယ်တံခါးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထိုလေဟာနယ်တံခါး၏ အနောက်တွင် ရှောင်းယီထံသို့ တိုက်ပွဲဗီဒီယိုဖိုင်ကို ရောင်းချခဲ့ဖူးသည့် နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့ ရှိနေခြင်း ဖြစ်သည်။
ထိုစဉ်က ရှောင်းယီနှင့် သူ၏အဖွဲ့သည် မသေမျိုးမျိုးနွယ်ကို လိုက်လံနှိမ်နင်းရန်နှင့် ရှေ့တန်းစစ်မျက်နှာကို ရှေ့သို့တိုးချဲ့ရန်သာ အာရုံစိုက်နေခဲ့သဖြင့် ထိုနိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့နှင့် များများစားစား အဆက်အသွယ်မရှိခဲ့ဘဲ နှုတ်ဆက်ရုံမျှသာ ရှိခဲ့သည်။
မီစီအနေဖြင့် ထိုလေဟာနယ်တံခါးကို ဖြတ်သန်းသွားနိုင်ခဲ့လျှင်ပင် နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းသို့သာ ရောက်ရှိသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ယီရန်ပင်းမဟာမိတ်အဖွဲ့ထံသို့ ရောက်ရှိရန် အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင်ကို အသုံးပြုရဦးမည်ဖြစ်သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့ထံ တိုက်ရိုက်ရောက်ရှိမည့် လေဟာနယ်တံခါးကို ရှာဖွေရန်ဆိုသည်မှာမူ ပို၍ပင် ဝေးကွာလွန်းလှသည်။
ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသက်သွင်းကာ ရှေ့တန်းစစ်မျက်နှာသို့ အမြန်ရောက်ရှိလာခဲ့သည်။ မီစီသည် ကုန်တင်လေယာဉ်ကြီး ပြင်ပရှိ ကွင်းပြင်ထဲတွင် အမျိုးသမီးဧရာမဘီလူးတစ်ဦး၊ ဟူကျဲတို့နှင့်အတူ ရပ်နေခဲ့သည်။
အကြောင်းမှာ ကျားကျန့်တစ်ယောက် မီစီအနေဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့ထံ ရောက်ရှိသွားပါက ရှောင်းယီအပေါ် စော်ကားမိမည့် အပြုအမူမျိုး လုပ်ဆောင်မိမည်ကို စိုးရိမ်သဖြင့် ဟူကျဲကို အခြေအနေကို စောင့်ကြည့်ရန် အတူတူ လွှတ်လိုက်ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ မီစီက ငြင်းဆန်ခြင်း မပြုခဲ့ပေ။
“အစီအစဉ်တွေ ဒီလောက်မြန်မြန် ဆောင်ရွက်ပြီးသွားတာလား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“စီစဉ်စရာ သိပ်မရှိပါဘူး။ အခုလောလောဆယ် ရှေ့တန်းအတွက် ရိက္ခာတွေ ပြင်ဆင်ပေးဖို့ မလိုသေးတော့ တော်တော်လေး အားနေတယ်လေ။”
ရှောင်းယီက မြို့ပြန်ကျောက်တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
“ဒါကိုသုံးပြီး ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို တည်နေရာကူးပြောင်းလို့ ရ၊ မရ စမ်းကြည့်လိုက်ပါ။”
သူသည် ယခင်က မရနိုင်ကြောင်း ခန့်မှန်းထားရုံသာ ရှိသေးသော်လည်း စမ်းသပ်ကြည့်ရန် လိုအပ်သည်။ အကယ်၍ မတော်တဆ အလုပ်ဖြစ်သွားခဲ့လျှင် ပို၍ အဆင်ပြေသွားမည် မဟုတ်ပါလော။
မီစီသည် မြို့ပြန်ကျောက်ကို ယူ၍ ချက်ချင်း အသက်သွင်းလိုက်သည်။ အဖြူရောင်အလင်းတစ်ခုသည် မီစီ၏ လက်မောင်းတစ်ဝက်ခန့်ကိုသာ ဖုံးလွှမ်းသွားပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ တည်နေရာကူးပြောင်း၍ မရနိုင်ကြောင်း ရှင်းလင်းထင်ရှားနေပေသည်။
ရှောင်းယီ သက်ပြင်းချလိုက်မိသည်။
“မင်းတို့ ငါတို့မဟာမိတ်အဖွဲ့ဆီ သွားဖို့အတွက် လေဟာနယ်တံခါးကိုပဲ သုံးရတော့မယ့်ပုံပဲ။
“ကျုပ်တို့ အခု ရှေ့ကို ကီလိုမီတာ နှစ်ထောင်ကျော်တောင် တိုးလာခဲ့တာဆိုတော့ ခင်ဗျားတို့ မဟာမိတ်အဖွဲ့ဆီ ရောက်မယ့် လေဟာနယ်တံခါးဆီကို သွားဖို့ဆိုရင် လမ်းမှာတင် ဆယ်နာရီလောက် ကြာလိမ့်မယ်။”
ဟူကျဲက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
ဤခန့်မှန်းချက်မှာ ဟူကျဲဘက်မှ အကောင်းမြင်ကာ တွေးပေးထားခြင်း ဖြစ်သည်။ ထောက်ပံ့ရေးတာဝန်ခံများဖြစ်သည့် မီစီတို့အဖွဲ့သည် ဟူကျဲကဲ့သို့သော တိုက်ခိုက်ရေးသမားများနှင့် ယှဉ်လျှင် အပြေးနှုန်းနှင့် ခံနိုင်ရည် ပို၍ နိမ့်ပါးပေသည်။
ရှောင်းယီ အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“ဒီမှာ ခဏစောင့်နေပေးပါ။ ကျုပ် အနီးဆုံး လေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းက မဟာမိတ်အဖွဲ့နဲ့ အဆက်အသွယ်လုပ်ပြီး သူတို့ မဟာမိတ်အဖွဲ့ကို ကြားခံအမှတ်အသားအနေနဲ့ သုံးပြီး ပြန်လို့ရမလားဆိုတာ မေးကြည့်လိုက်မယ်။ ဒါဆိုရင် လမ်းမှာ အချိန်အများကြီး ဖြုန်းစရာမလိုတော့ဘူး။”
“ကောင်းပါပြီ။”
မီစီနှင့် အခြားသူများက ခေါင်းညိတ်ကြသည်။
ရှောင်းယီသည် ကုန်တင်လေယာဉ်ပေါ်သို့ ပြန်တက်ကာ ဧရာမဘီလူးမျိုးနွယ်နှင့် အရိုးနဂါးများ တိုက်ပွဲဗီဒီယိုကို သူ့ထံ ရောင်းချခဲ့ဖူးသည့် နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သီးသန့်စကားပြောလိုက်သည်။
“မင်္ဂလာပါ။ ငါ မင်းနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ။”
“ဘာကိစ္စလဲ။ ပြောပါ။”
တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ငါ့ဆီမှာ ငါတို့ မဟာမိတ်အဖွဲ့ဆီ လာလည်ချင်တဲ့ ဘီလူးအချို့ ရှိနေတယ်။ အဲ့ဒါကြောင့် သူတို့ကို မင်းတို့ မဟာမိတ်အဖွဲ့ကို ကြားခံနေရာတစ်ခုအနေနဲ့ ဖြတ်သန်းသွားခွင့်ပြုလို့ ရမလားဆိုတာ သိချင်ပါတယ်။”
ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ တစ်ဖက်လူသည် အနည်းငယ် ဆွံ့အသွားပြီးနောက် သူတို့ပတ်ဝန်းကျင်ရှိ လူများက ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“ဧရာမဘီလူးမျိုးနွယ်က တကယ်ပဲ ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီ သွားကြည့်ချင်နေတာလား။”
“တစ်ခုခု အကျိုးအမြတ်ရှိလို့ပဲ ဖြစ်ရမယ်။ ငါတို့ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မရဘူး။ အကျိုးအမြတ်တွေကို ဒီအတိုင်း လက်လွှတ်ဆုံးရှုံးခံလိုက်လို့ မဖြစ်ဘူး။”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ အကျိုးအမြတ်ကို တိုက်ရိုက် တောင်းလိုက်ရမလား။ ဒါမှမဟုတ် ဧရာမဘီလူးကြီးတွေကို ဒီမှာပဲ ဆွဲထားလိုက်ရမလား။”
“ဧရာမဘီလူးတွေကို ဆွဲထားဖို့ကတော့ သိပ်ပြီး မဖြစ်နိုင်ဘူး။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းကြောက်စရာကောင်းလွန်းတယ်။ ငါတို့မဟာမိတ်အဖွဲ့ရဲ့ အားနည်းတဲ့ ခံစစ်တံတိုင်းတွေက သူတို့ကို ဘယ်လိုမှ တားဆီးထားနိုင်မှာ မဟုတ်ဘူး။”
“ဒါဆိုရင်တော့ ယီရန်ပင်းဆီကနေ အကျိုးအမြတ်တောင်းဖို့ပဲ လမ်းရှိတော့တယ်။”
“မှန်တယ်။ ဒါ့အပြင် ယီရန်ပင်းဆီမှာလည်း ပစ္စည်းတွေကောင်း အများကြီးရှိတယ်။”
“ဟုတ်တယ်။ ဆီမီးအော်တို ရိုင်ဖယ်တွေ၊ စစ်သုံးယာဉ်တွေနဲ့ လေယာဉ်တွေတောင် စစ်မြေပြင်မှာ ပေါ်နေပြီပဲ။”
ဆွေးနွေးပြီးနောက်တွင် တစ်ဖက်လူက နောက်ဆုံး၌ ပြန်လည်ဖြေကြားလာခဲ့သည်။
“ဒီနေရာကနေ ဖြတ်သွားဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူတို့က ဒီအတိုင်း အလကားတော့ ဖြတ်သွားလို့ မရဘူးမလား။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ပြန်စာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် တစ်ဖက်လူက အကျိုးအမြတ် လိုချင်နေသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။
“ငါတို့ဘက်က ဘာပေးရမလဲ။ အုတ်မြစ်ကျောက်တွေလား။ ဒါမှမဟုတ် လက်နက်တွေလား။”
“နှစ်ခုလုံး လိုချင်တယ်။”
တစ်ဖက်လူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကာဘိုင်ရိုင်ဖယ် ငါးထောင်၊ စစ်သုံးယာဉ် ငါးရာနဲ့ လေယာဉ် ငါးစင်း ပေးရမယ်။ ဒါဆိုရင် နောက်ဆို မင်းတို့ ငါတို့မဟာမိတ်အဖွဲ့ကို စိတ်ကြိုက် ဖြတ်သန်းသွားလာနိုင်ပြီ။”
ထိုကဲ့သို့ မတန်တဆ တောင်းဆိုမှုကို ကြားလိုက်ရသဖြင့် ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းတို့ဘက်က လောဘကြီးလွန်းမနေဘူးလား။”
အချိန်အနည်းငယ် သက်သာစေရန်အတွက်မျှဖြင့် ဤမျှများပြားသော ထောက်ပံ့ရေးပစ္စည်းများကို ပေးလိုက်ရခြင်းမှာ လုံးဝ မထိုက်တန်ပေ။
အကယ်၍ သူသည် နောင်တွင် သမုဒ္ဒရာမျက်နှာပြင်ပေါ်ရှိ ထိုလေဟာနယ်တံခါးများကို ရှာဖွေတွေ့ရှိနိုင်ခဲ့လျှင် ဤလေနယ်တံခါးကိုပင် လိုအပ်တော့မည် မဟုတ်ပေ။ တစ်ဖက်လူသည် ရှောင်းယီကို အရူးလုပ်၍ ဓားပြတိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ယီရန်ပင်း သူဌေးကြီး ခင်ဗျား သေချာ စဉ်းစားကြည့်ပါဦး။ ကျုပ်တို့နေရာကနေ ဖြတ်ပြန်တာက အကောင်းဆုံး လမ်းကြောင်းပဲ။ တခြားလေဟာနယ်တံခါးတွေကို ရွေးမယ်ဆိုရင် အချိန်တွေအများကြီး ဖြုန်းတီးရလိမ့်မယ်။ အချိန်ဆိုတာ ငွေပဲလေ။”
တစ်ဖက်လူက ရှောင်းယီကို ဆွဲဆောင်ရန် ကြိုးစားလာခဲ့သည်။
“ကျုပ်တို့ ခင်ဗျားကို ၂၀ ရာခိုင်နှုန်း လျှော့ပေးလို့ရပါတယ်။”
အချိန်သည် အမှန်တကယ် အဖိုးတန်သော်လည်း ရှောင်းယီသည်လည်း အရူးအလုပ်မခံလိုပေ။
“မင်းတို့ဘက်က ရိုးသားမှုမရှိမှတော့ ထားလိုက်တော့။”
“ဒါဆို ၄၀ ရာခိုင်နှုန်း လျှော့ပေးမယ်ဆိုရင်ကော...။”
တစ်ဖက်လူက ဈေးနှုန်းကို ဆက်လက်လျှော့ချလာပြန်သည်။ ရှောင်းယီက မျက်မှောင်ကြုတ်လိုက်၏။
“ငါ အများဆုံး ကာဘိုင်ရိုင်ဖယ် ဆယ်လက်ပဲ ပေးနိုင်မယ်။”
“ဆယ်လက်ကတော့ အရမ်းနည်းလွန်းပါတယ်။ နည်းနည်းလောက် ထပ်တိုးပေးပါဦး။”
တစ်ဖက်လူသည် စိတ်ကျေနပ်မှု မရှိသည်မှာ သေချာပေသည်။
အတိအကျ ထိုအချိန်၌ပင် ပင်မကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတင်းစကားတစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့သည်။
“ရှောင်းယီ သုတေသနဓာတ်ခွဲခန်းကနေ အခုတင် သတင်းတစ်ခု ရောက်လာတယ်။ လေဟာနယ်တံခါးနဲ့ပတ်သက်တဲ့ သုတေသနမှာ အောင်မြင်မှုအသစ် ရရှိသွားပြီ။ ရှေ့တန်းစစ်မျက်နှာက ဟင်းလင်းပြင် မတည်ငြိမ်မှုပြဿနာကို ငါတို့ ဖြေရှင်းနိုင်ပြီ။”
ထိုသတင်းစကားကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့လေသည်။ အကယ်၍ သူတို့သာ ဟင်းလင်းပြင် မတည်ငြိမ်မှုပြဿနာကို ဖြေရှင်းနိုင်လျှင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်နိုင်ပြီ မဟုတ်ပါလော။
ဤသို့တွေးတောရင်း ရှောင်းယီသည် တစ်ဖက်လူ၏ ဈေးဆစ်နေမှုများကို ဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“စိတ်မကောင်းပါဘူး။ ငါတို့ မင်းတို့နေရာကနေ မဖြတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။”
လောဘကြီးချင်သေးတယ် ဟုတ်လား။ ငါ့ကို ငွေညှစ်ချင်တယ် ဟုတ်လား။
အခု မင်းတို့ ကာဘိုင်ရိုင်ဖယ် ဆယ်လက်တောင် မရတော့ဘူးကွ။
ရှောင်းယီသည် အပြင်သို့ အမြန်ထွက်လာလိုက်ပြီး မီစီကို ပြောလိုက်သည်။
“ခဏလောက် စောင့်ပေးပါဦး။ ကျုပ်တို့ဘက်က ဟင်းလင်းပြင်ကို တည်ငြိမ်အောင်လုပ်နိုင်မယ့် နည်းပညာကို အပြီးသတ်နိုင်ခဲ့ပြီ။ ဒါကြောင့် ဒီနေရာမှာ တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခု တည်ဆောက်နိုင်လိမ့်မယ်။ အဲ့ဒါဆိုရင် တိုက်ရိုက် တည်နေရာကူးပြောင်းပြီး သွားလို့ရပြီ။”
ထိုစကားကို ကြားလိုက်ရသောအခါ မီစီအပါအဝင် သူတို့သုံးဦးစလုံး အံ့အားသင့်ကာ မှင်သက်သွားခဲ့ကြလေသည်။
“ခင်ဗျားတို့က ဟင်းလင်းပြင်ကို တည်ငြိမ်စေမယ့် နည်းပညာကို တကယ်ပဲ တီထွင်နိုင်ခဲ့တာလား။”
ဟူကျဲက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ အခုလေးတင် အပြီးသတ်နိုင်ခဲ့တာ။ ငါ အရင်ဆုံး ပြန်သွားလိုက်ဦးမယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင် တည်နေရာကူးပြောင်းခြင်း အစီအရင် တည်ဆောက်ဖို့ လူတွေကို ခေါ်လာခဲ့မယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ဒီအပြင်လူက ဘယ်လိုတောင် အစွမ်းထက်တာလဲ။”
မီစီသည် ထောက်ပံ့ရေးတာဝန်ခံမျှသာ ဖြစ်သော်လည်း အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းကာ နေရာကူးပြောင်းခြင်းဆိုသည်မှာ အလွန်နက်နဲသော နယ်ပယ်တစ်ခုဖြစ်ကြောင်း သူမ သိရှိထားသည်။
ဟူကျဲက ခေါင်းညိတ်ပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“ဒါသာ တကယ်ဆို အရမ်းကောင်းတာပဲ။ တည်နေရာကူးပြောင်းခြင်း အစီအရင်သာ ရှိလာရင် ငါတို့ရှေ့တန်းစစ်မျက်နှာက ထောက်ပံ့ရေးပြဿနာတွေကြောင့် ကန့်သတ်ချက် ရှိတော့မှာ မဟုတ်ဘူး။”
မီစီကလည်း ထိုစကားကို အလွန်ပင် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။