← Chapters

အခန်း (၁၁၅၉-၁၁၆၀

Vol. 99 Ch. 1159-1160

အခန်း (၁၁၅၉-၁၁၆၀

Vol. 99 Ch. 1159-1160

အခန်း ၁၁၅၉

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီလိုဆိုရင် ငါတို့ ဘာလို့ တစ်ကောင်လောက် ဖမ်းပြီး ဓာတ်ခွဲခန်းကို သုတေသနလုပ်ဖို့ ပြန်မပို့ပေးရမှာလဲ။”

“အကြံကောင်းပဲ။”

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားပြီး စစ်တပ်ဝန်းထဲတွင် သက်ရှိလက္ခဏာ ကျန်ရှိနေသေးသည့် မသေမျိုး ပိုးကောင်များကို ချက်ချင်း လိုက်လံရှာဖွေတော့သည်။

သူသည် လုံးဝမသေသေးသည့် မသေမျိုး ပိုးကောင်များကို ရှာဖွေတွေ့ရှိပြီးနောက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မဟာမိတ်အဖွဲ့ထံသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီး အန်းရန်ကို ၎င်းတို့အား ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခိုင်းလိုက်သည်။

“ရန်ရန်... လောင်ယွမ်ကို ငါတို့ ကမ္ဘာဟောင်းတုန်းက သုံးခဲ့တဲ့ ပိုးသတ်ဆေး ဒါမှမဟုတ် အင်းဆက်သတ်ဆေး အမျိုးမျိုးရဲ့ ပါဝင်ပစ္စည်းတွေအကြောင်း သုတေသနစက်ရုပ်တွေကို ပြောပြခိုင်းလိုက်ပါ။ အဲ့ဒီ အဓိက ပါဝင်ပစ္စည်းတွေက မသေမျိုး မျိုးနွယ်စုတွေအပေါ်မှာ သေစေနိုင်တဲ့ သက်ရောက်မှု ရှိ၊ မရှိ ဆိုတာကိုပါ သူတို့ကို သုတေသန လုပ်ခိုင်းလိုက်။”

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြောလိုက်သည်။

“ကောင်းပြီ။”

အန်းရန်က ပြန်ဖြေလိုက်သည်။

စိုက်ပျိုးရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတွက် ယွမ်နွန်သည် ပိုးသတ်ဆေး အမျိုးမျိုးနှင့် ပတ်သက်၍ သဘာဝအတိုင်း အလွန်ပင် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ထိုအရာများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော်လည်း ၎င်းတို့၏ ကမ္ဘာဟောင်းတွင်မူ ထိုဆေးများကို မသုံးပါက ရိတ်သိမ်းမှုနှုန်းကို ထိခိုက်နိုင်မည် ဖြစ်သည်။

အန်းရန် လက်ဆင့်ကမ်းပေးသော သတင်းစကားကို ရရှိပြီးနောက် ယွမ်နွန်တစ်ယောက် သုတေသန စက်ရုပ်များကို ချက်ချင်း ပြောလိုက်သည်။

“ငါတို့ အတိတ်က သုံးခဲ့တဲ့ ပိုးသတ်ဆေးတွေကို အဓိက အမျိုးအစားတွေ ခွဲခြားနိုင်တယ်။ အော်ဂဲနိုကလိုရင်း၊ အော်ဂဲနိုဖော့စဖိတ်...”

ယွမ်နွန်က သူသိသမျှ ပိုးသတ်ဆေး အားလုံးကို စာရင်းပြုစုပေးပြီး တစ်ခုချင်းစီ၏ တိကျသော အာနိသင်ပြ ပါဝင်ပစ္စည်းများကို ရှင်းလင်းစွာ ရှင်းပြခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ၏ အသိပညာများကို အသုံးပြုခြင်းဖြင့် ဤစက်ရုပ်များသည် ပိုးသတ်ဆေးများ ဖော်စပ်ခြင်းကို တိုက်ရိုက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်သောကြောင့် ဓာတ်ခွဲခန်းအတွင်း သုတေသနပြုရမည့် အချိန်ကို လျှော့ချပေးနိုင်ခဲ့သည်။

ဤသို့ စီစဉ်ပြီးနောက် ရှောင်းယီ ပြုံးလိုက်မိသည်။

“လောင်ယွမ်ရဲ့ အသိပညာက ရန်သူတွေကို သတ်တဲ့နေရာမှာ အသုံးဝင်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။”

“ဒါ အမှန်ပဲ။ ဘယ်နယ်ပယ်မဆို ကျွမ်းကျင်သူတစ်ယောက်က သူတို့ရဲ့ သက်ဆိုင်ရာ အသိပညာကို သုံးပြီး ရန်သူတွေကို သတ်ပစ်နိုင်တာပဲ။”

ကျန်းယွင်ထျန်းကလည်း ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး ဘေးနားတွင် ရပ်နေသော ဧရာမဘီလူးကြီးများထံသို့ လျှောက်သွားလိုက်သည်။

“ဘာလဲ... အန်းနန်တောင်ကနေ မခွာချင် ဖြစ်နေကြတာလား။”

ရှောင်းယီက မေးလိုက်သည်။

ကျားကျန့်သည် တောင်ကုန်း၏ ထက်ဝက်ခန့် တူးဖော်ပြီးစီးနေပြီဖြစ်သော အန်းနန်တောင်ဆီမှ သူ၏အကြည့်ကို လွှဲလိုက်၏။

“ဒီတောင်က ငါတို့ ယရာမဘီလူး မျိုးနွယ်စုကို မွေးမြူ စောင့်ရှောက်ပေးခဲ့တယ်။ အကယ်၍ ဒီတောင်သာ မရှိရင် ငါတို့ ဧရာမဘီလူး မျိုးနွယ်စုလည်း ပျက်စီးသွားလောက်ပြီ။ ဒါကြောင့် တကယ်ကို မခွဲနိုင် မခွာရက် ဖြစ်ရတယ်။”

“အဲ့လောက်ထိလည်း နှမြောတသ ဖြစ်မနေပါနဲ့။ ဒီအန်းနန်တောင်က ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ဧရာမဘီလူး နယ်မြေမှာ ပြန်ပေါ်လာမှာပါ။”

ရှောင်းယီ လျင်မြန်စွာ နှစ်သိမ့်ပေးလိုက်သည်။

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျားကျန့်က မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“မင်း သေချာလား။”

“သေချာတာပေါ့။ အန်းနန်တောင်ကနေ တူးဖော်ရရှိတဲ့ စွမ်းအင်သလင်းကျောက်တွေ အားလုံးကို မဟာမိတ်အဖွဲ့ထဲက ခင်ဗျားတို့ နေထိုင်မယ့် နေရာမှာ ကျုပ် ပြန်ထားပေးမယ်။”

ရှောင်းယီက ထပ်မံ၍ အတည်ပြုပေးလိုက်သည်။ ကျားကျန့်က ရှောင်းယီကို အံ့သြတကြီး ကြည့်လိုက်၏။

“မင်း တကယ်ပြောတာလား။”

“လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားက ရွှေချထားသလိုပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

၎င်းသည် တရုတ်စကားပုံတစ်ခု ဖြစ်သော်လည်း ရှောင်းယီ၏ တယ်လီပသီစွမ်းရည်၏ လွှမ်းမိုးမှုအောက်တွင် ကျားကျန့်အနေဖြင့် နားလည်ရန်မှာ လုံးဝ ပြဿနာမရှိခဲ့ပေ။

ကျားကျန့်သည် ရုတ်တရက် ဒူးတစ်ဖက် ထောက်ချလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်... ငါတို့ ဧရာမဘီလူး မျိုးနွယ်စုက မင်းကို သစ္စာခံပြီး ငါတို့ရဲ့ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမှုကို ဖော်ပြချင်ပါတယ်။”

အခြားသော ဧရာမဘီလူးကြီးများသည်လည်း သူတို့ခေါင်းဆောင်၏ လှုပ်ရှားမှုကို မြင်သောအခါ ချက်ချင်းပင် လိုက်လံလုပ်ဆောင်ကြပြီး ရှောင်းယီ၏ ရှေ့တွင် ဒူးတစ်ဖက်စီ ထောက်လိုက်ကြသည်။

ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။

“အားလုံးပဲ ထကြပါ။ ကျုပ်တို့အချင်းချင်း ဒီလောက်အထိ ရိုသေသမှုပြုနေဖို့ မလိုပါဘူးလို့ ကျုပ် ပြောပြီးပြီပဲ။”

ဧရာမဘီလူးကြီးများ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမားလှသဖြင့် ရှောင်းယီအနေဖြင့် သူတို့ကို မည်သည့်နေရာမှ စတင်၍ တွဲထူပေးရမှန်းပင် မသိတော့ချေ။

သို့သော်လည်း ကျားကျန့်က အလွန် လေးနက်စွာဖြင့် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်... အခုကစပြီး ငါတို့ ဧရာမဘီလူး မျိုးနွယ်စုက မင်းရဲ့ ဦးဆောင်မှုကို အပြည့်အဝ နာခံသွားပါမယ်။”

ရှောင်းယီက လက်ကာပြလိုက်သည်။

“မင်းတို့တွေ အခုမထဘူးဆိုရင် မဟာမိတ်အဖွဲ့ထဲကို ပြောင်းရွှေ့နေထိုင်ခွင့် မပြုတော့ဘူးနော်။”

ထိုစကားကို ကြားမှပင် ကျားကျန့်သည် အခြားသော ဧရာမဘီလူးကြီးအားလုံးနှင့်အတူ နောက်ဆုံး၌ မတ်တပ်ရပ်လိုက်ကြတော့သည်။

“အခုကစပြီး ငါ့ကို ကျွန်းပိုင်ရှင်လို့ပဲ ခေါ်ပါ။”

ရှောင်းယီက ပြောလိုက်သည်။ ကျားကျန့်တစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့သည်။ ထိုအခါ ဘေးနားတွင် ရပ်နေသော ကျန်းယွင်ထျန်းက ချက်ချင်း ဝင်ပြောလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ဝင် အားလုံးက သူ့ကို ကျွန်းပိုင်ရှင်လို့ပဲ ခေါ်ကြတယ်။ ခင်ဗျားတို့ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲ မဝင်ချင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။”

“သေချာပေါက် ဝင်ချင်တာပေါ့။”

ကျားကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် ရပြီ။ သူတို့ကို ပြန်ပြီး ပြင်ဆင်ခိုင်းလိုက်တော့။ ခင်ဗျားတို့ မနက်ဖြန်ကျရင် ပြောင်းရွှေ့လာလို့ ရပြီ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့... မဟာမိတ်... ကျွန်းပိုင်ရှင်။”

ကျားကျန့်က တုံ့ပြန်လိုက်ပြီးနောက် သူ့နောက်မှ ဘီလူးကြီးများကို ပြန်သွားပြီး ပစ္စည်းများ သိမ်းဆည်းကြရန် ပြောလိုက်သည်။

မသေမျိုး ပိုးကောင်များ ဆုတ်ခွာသွားပြီးနောက် အန်းယွဲ့သည် အခြေအနေပေါ် မူတည်၍ အခြားသော တူးဖော်ရေး ကိရိယာအချို့ကို ချက်ချင်း ယူဆောင်လာပြီး စွမ်းအင်သလင်းကျောက်များကို အတူတူ စတင်တူးဖော်ကြတော့သည်။

အခြားသော တူးဖော်ရေး ကိရိယာများသည် အတော်အတန် ခေတ်နောက်ကျပြီး နှေးကွေးသော်လည်း ဘာမှမရှိတာထက်စာလျှင် နှေးနှေးကွေးကွေးလုပ်ရခြင်းက ပိုကောင်းပေသည်။

ဤကိရိယာများကိုပါ ပေါင်းစပ်အသုံးပြုလိုက်ရာ တစ်နာရီအတွင်းမှာပင် အန်းနန်တောင်တစ်ခုလုံးကို အမှန်တကယ်ပင် အခေါင်းပွဖြစ်အောင် တူးဖော်နိုင်ခဲ့ကြသည်။ စွမ်းအင်သလင်းကျောက် အားလုံးကို ယီရန်ပင်း မဟာမိတ်အဖွဲ့ထံသို့ လွှဲပြောင်းပို့ဆောင်လိုက်လေသည်။

“ခေါင်းဆောင်ကျား... ကျုပ် အန်းနန်တောင်ကရတဲ့ စွမ်းအင်သလင်းကျောက်တွေကို စီစဉ်ဖို့ အရင်ဆုံး ပြန်သွားရပါမယ်။”

ရှောင်းယီက နှုတ်ဆက်လိုက်သည်။

“နားလည်ပါပြီ။ ငါလည်း ရှေ့တန်းစစ်မျက်နှာကို ပြန်ရမယ်။”

“ကောင်းပြီ။ ဒါဆို ကျုပ်တို့ မဟာမိတ်ကျွန်းမှာ တွေ့ကြတာပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကောင်းပါပြီ။”

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ယခုအချိန်တွင် ည ၁၁ နာရီ ၄၅ မိနစ် ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ထိုစွမ်းအင်သလင်းကျောက်များကို အမြန်ဆုံး မသိမ်းဆည်းပါက ယနေ့၏ နှစ်ဆအခေုအနေကို လွဲချော်သွားပေတော့မည်။

ဗီလာသို့ ပြန်ရောက်ပြီးနောက် သူသည် စွမ်းအင်သလင်းကျောက်များ တောင်လိုပုံနေသည့် မလှမ်းမကမ်းရှိ ကွင်းပြင်ကျယ်ကြီးဆီသို့ ချက်ချင်း သွားလိုက်သည်။

ဤမျှများပြားလှသော စွမ်းအင်သလင်းကျောက်များကို မြင်လိုက်ရသည့်အခါ စနစ်၏ အချက်ပေးစာ ထွက်ပေါ်လာခဲ့သည်။

[သေခြင်းတရားစွမ်းအင် ညစ်ညမ်းမှု ခံထားရသော စွမ်းအင်သလင်းကျောက်များ၊ အရေအတွက် - တန်ချိန် ၅၀၀၀၀၀]

“ဘာလဲ။ ဒါတွေက တကယ်ပဲ သေခြင်းတရားစွမ်းအင် ညစ်ညမ်းတာ ခံထားရတာလား။”

ရှောင်းယီသည် သူ့ရှေ့ရှိ စွမ်းအင်သလင်းကျောက်များကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သေခြင်းတရားစွမ်းအင်ကို ဖယ်ရှားပစ်ရန် ပိုးသတ်ဆေးကို အသုံးပြုနိုင်သည်ဟု စနစ်က ထပ်မံ သတိပေးလာခဲ့သည်။

“အဲ့ဒီလိုဆိုရင်တော့ ပြဿနာမရှိပါဘူး။”

ရှောင်းယီက ရေရွတ်လိုက်သည်။

“ချက်ချင်း သိမ်းဆည်းမယ်။”

ရရှိသော အရင်းအမြစ်များ - သေခြင်းတရားစွမ်းအင် ညစ်ညမ်းမှု ခံထားရသော စွမ်းအင်သလင်းကျောက် တန်ချိန် ၅၀၀၀၀၀။

[နှစ်ဆ ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - သေခြင်းတရားစွမ်းအင် ညစ်ညမ်းမှု ခံထားရသော စွမ်းအင်သလင်းကျောက် တန်ချိန် ၁၀၀၀၀၀၀။]

ကွင်းပြင်ကျယ်ကြီးထဲရှိ စွမ်းအင်သလင်းကျောက်များမှာ ချက်ချင်းပင် ပို၍ မြင့်မားစွာ ပုံတက်သွားတော့သည်။

“ဦးလေးအန်း... စွမ်းအင်သလင်းကျောက် တန်ချိန် ၅၀၀၀၀၀ ကို အရှေ့ဘက်က အသစ်ချဲ့ထွင်ထားတဲ့ ကွင်းပြင်အလွတ်ဆီ သယ်ယူဖို့ လူနည်းနည်းလောက် စီစဉ်လိုက်ပါ။ ဖြစ်နိုင်သမျှ မြင့်မြင့်ပုံထားဖို့ ကြိုးစားကြည့်။”

ရှောင်းယီက အန်းယွဲ့ထံသို့ စာပို့လိုက်သည်။

“သယ်ယူနေစဉ်အတွင်းမှာ စွမ်းအင်သလင်းကျောက် တစ်တုံးချင်းစီအပေါ်ကို ပိုးသတ်ဆေး ဖြန်းပေးပါ။”

“ကောင်းပြီ။”

အန်းယွဲ့က ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။

မကြာမီမှာပင် လူအများသည် ထိုစွမ်းအင်သလင်းကျောက်များအား စတင် သယ်ယူကြတော့သည်။ ထို့အတူ အခြားလူများကလည်း ၎င်းတို့အပေါ်သို့ ပိုးသတ်ဆေးများကို အဆက်မပြတ် ဖြန်းပေးနေကြသည်။

အခြားသော လူသားများ၏ လူနေမှုဘဝကို မနှောင့်ယှက်စေရန်နှင့် ထိုစွမ်းအင်သလင်းကျောက်များကို အဝေးကြီးသို့ မသယ်ယူလိုသောကြောင့် ရှောင်းယီသည် ဧရာမဘီလူးကြီးတိုင်းကို ဗီလာနှင့် မလှမ်းမကမ်းရှိ ဗဟိုနယ်မြေအတွင်း၌သာ ရည်ရွယ်ချက်ရှိရှိ ထားရှိခဲ့ပေသည်။

ထိုအချိန်တွင် သွမ့်ပေယန် ဦးဆောင်သော မြေတိုင်းအဖွဲ့သည် ဧရာမဘီလူးကြီးများ၏ အဆောက်အဦး ပုံကြမ်းများကို ထုတ်လုပ်ပြီးစီးသွားခဲ့ပြီး အန်းယွဲ့ထံသို့ ပေးအပ်ပြီး ဖြစ်သည်။

အန်းယွဲ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ အန်းနန်တောင်အသစ်နှင့် မလှမ်းမကမ်းရှိ ထိုကွင်းပြင်အလွတ်ပေါ်တွင် ဧရာမဘီလူးကြီးများ၏ အဆောက်အဦးများကို ချက်ချင်း တည်ဆောက်လိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ထိုဧရာမ အဆောက်အဦးကြီးများသည် ကွင်းပြင်ကျယ်ကြီးပေါ်တွင် ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့ကို ဧရာမဘီလူး မျိုးနွယ်စု၏ မူလ အဆောက်အဦး ပုံစံအတိုင်း အတိအကျ တည်ဆောက်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ကွာခြားချက်တော့ ရှိနေသေးသည်။

မူလ ဧရာမဘီလူး မျိုးနွယ်စု၏ အိမ်များကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ၎င်းတို့၏ အိမ်များကို သံကူကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်းအပြင် ဤဧရာမ ဘီလူးကြီး အဆောက်အဦးများတွင် လျှပ်စစ်မီးများပါ တပ်ဆင်ထားသောကြောင့် ၎င်းတို့အနေဖြင့် အလင်းရောင်အတွက် မီးတုတ်များကို အသုံးပြုရန် မလိုတော့ပေ။

ရှောင်းယီသည် အရာအားလုံးကို စီစဉ်ပြီးနောက် နောက်ဆုံးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံး အုတ်မြစ်ကျောက်အသုတ်ကို သိမ်းဆည်းရန် အသင့်ပြင်လိုက်တော့သည်။

အခန်း ၁၁၆၀

နောက်ဆုံး သုံးနာရီခန့်အတွင်းတွင် ထိုအသုတ်သည် အရောင်းအဝယ် ပြုလုပ်ခြင်းဖြင့် အုတ်မြစ်ကျောက် နောက်ထပ် သန်း ၃၀ ကို ရရှိခဲ့သည်။

ထို့ပြင် လန်ယုံ၏ဘက်မှလည်း အုတ်မြစ်ကျောက် ၃ ဘီလီယံ ထပ်မံရရှိခဲ့သည်။

အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၃.၀၃ ဘီလီယံ။

နှစ်ဆရိတ်သိမ်းမှု အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၆.၀၆ ဘီလီယံ။

ယခုအခါ နိုင်ငံခြောက်နိုင်ငံမှ လူအများသည် ယီရန်ပင်း မဟာမိတ်အဖွဲ့သို့ ပူးပေါင်းဝင်ရောက်လာခဲ့ပြီဖြစ်ရာ ရှောင်းယီသည် သူ၏ကျွန်းကို ချဲ့ထွင်ရန်အတွက် ထိုအုတ်မြစ်ကျောက်တုံးအားလုံးကို အသုံးချရန် တုံ့ဆိုင်းမနေခဲ့ပေ။

ကျွန်းကို ချဲ့ထွင်ပြီးနောက် ရှောင်းယီသည် သူ၏ကျွန်းကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်သည်။

အကြီးစားကျွန်း - ကျွန်းပိုင်ရှင် ရှောင်းယီ၊ ဧရိယာ စတုရန်းကီလိုမီတာ ၁၅.၈၈ သန်း၊ ကျွန်း၏ အုတ်မြစ်ကျောက်များ ပင်လယ်ရေ၏ တိုက်စားမှုကို ခံနေရသည်။ ကျန်ရှိသော တိုက်စားချိန် ၃ မိနစ်...

“ကျွန်းကို စတုရန်းကီလိုမီတာ ဆယ်သန်းကျော်အထိ ချဲ့ထွင်ဖို့ ၁၁၂ ရက်ပဲ ကြာခဲ့တယ်။ ဒါက တကယ့်ကို မကြုံစဖူး ထူးခြားမှု ဖြစ်လိမ့်မယ်။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။

သုံးမိနစ်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အားလုံး၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များပေါ်၌ အချက်ပေးစာတစ်စောင် ပေါ်လာခဲ့လေသည်။

“မင်းတို့က ငါ့ကို တကယ် အံ့အားသင့်စေခဲ့တာပဲ။”

“၁၆ ပတ်အတွင်းမှာတင် တစ်ယောက်ယောက်က သူတို့ရဲ့ကျွန်းကို အကြီးစား ကျွန်းကြီးအဆင့်အထိ တကယ်ပဲ ချဲ့ထွင်နိုင်ခဲ့တယ်။”

“ဒါတင်မကသေးဘူး။ မင်းတို့က အာကာသ အက်ကွဲကြောင်းရဲ့ အနီးအနားအထိ တကယ်ပဲ တိုက်ခိုက်နိုင်ခဲ့ကြတာပဲ။ အရမ်းကောင်းတယ်။”

“မင်းတို့က ဒီလောက်အထိ ထူးချွန်နေကြမှတော့ မင်းတို့ရဲ့ အကန့်အသတ်က ဘယ်နားမှာလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါဦး။”

“ငါက မသေမျိုး မျိုးနွယ်စုတွေကို ဆက်ပြီး အားကောင်းအောင် လုပ်မှာဖြစ်သလို တစ်ပြိုင်နက်တည်းမှာပဲ တခြား စမ်းသပ်မှုတွေကိုလည်း ပိုပြီး အားကောင်းအောင် လုပ်သွားမယ်။”

“အကယ်၍ မင်းတို့အနေနဲ့ တစ်ပတ်အတွင်း မသေမျိုး မျိုးနွယ်စုတွေကို ရှင်းလင်းနိုင်ရင် စွမ်းဆောင်ရည် အကောင်းဆုံး အသက်ရှင်ကျန်ရစ်သူကို ငါ ဆုလာဘ်တစ်ခု ပေးမယ်။ ဆုလာဘ်ရဲ့ အကြောင်းအရာကိုတော့ လောလောဆယ် လျှို့ဝှက်ထားဦးမယ်။”

“ဒါပေမဲ့ အကယ်၍ မင်းတို့ ရှင်းလင်းဖို့ ပျက်ကွက်ခဲ့ရင်တော့ နောက်အပတ်မှာ မသေမျိုး မျိုးနွယ်စုတွေရဲ့ စွမ်းအားက ပိုပြီးတော့ အဆမတန် အားကောင်းလာလိမ့်မယ်။”

“ကံကောင်းပါစေ။”

ထိုအချက်ပေးစာများ ဆက်တိုက်ပေါ်လာသည်နှင့်အမျှ လူတိုင်းသည် မိုဘိုင်းဖုန်း၏ ဂရုချတ်ထဲတွင် ထိုအကြောင်းကို အပြင်းအထန် ဆွေးနွေးနေကြပြီ ဖြစ်သည်။

“မအေဘေးပဲ... ဒီအပတ်မှာလည်း တကယ်ကြီး အချက်ပေးစာ ထပ်ပေါ်လာပြန်ပြီ။”

“ငါတို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်လွန်းသွားပုံရတယ်။”

“အပေါ်ကကောင်... မင်းပြောတာ မှားနေတယ်။ အတိအကျ ပြောရရင် ယီရန်ပင်း သူဌေးရဲ့ အရှိန်က မြန်လွန်းနေတာလို့ ပြောရမှာကွ။”

“ဟုတ်တယ်။ သူဌေးက အရမ်းမြန်လွန်းတယ်။”

“အဲ့ဒီလိုလား...။ မင်း စမ်းကြည့်ဖူးလို့လား။”

“သေစမ်း... မင်းဆိုတဲ့ကောင် ညစ်ညမ်း ဟာသတွေ ထပ်ပြောနေပြန်ပြီလား။ မင်းမှာ နောက်ပြောင်ဖို့ အားလပ်ချိန်တွေ ရှိနေသေးတယ်ပေါ့။”

“မသေမျိုး မျိုးနွယ်စုတွေရဲ့ စွမ်းအားက တိုးလာတော့မယ်လို့ အချက်ပေးစာထဲမှာ ပြောသွားတာကို မင်းမကြားဘူးလား။”

“တိုးပါစေပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ ယီရန်ပင်းသူဌေး ရှိတာပဲ။”

“မှန်တယ်။ မိုးပြိုရင် အရပ်ရှည်တဲ့သူတွေ တောင့်ခံလိမ့်မယ်။ ငါတို့က အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ လိုတယ်။”

“သေစမ်း... ဒီလက်မည်းကြီးက တကယ်ကို လူမဟုတ်ဘူး။ ငါတို့ အေးအေးဆေးဆေး နေရမှာကို တကယ် မကြည့်ချင်ဘူးပဲ။”

“ကြိုးကိုင်သူက တကယ် လူမှမဟုတ်တာ။ အခု အခြေအနေအရ ကြည့်ရင် သူက သေချာပေါက် နတ်ဘုရားတစ်ပါးပဲ။”

“အို... ဘုရားသခင်...ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။”

“မသေမျိုး မျိုးနွယ်စုတွေရဲ့ စွမ်းအားက တိုးလာမယ့်အပြင် ပိုပြီးတော့တောင် ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ရှိလာဦးမယ်တဲ့။ ဒါက ငါတို့ကို အသက်ရှင်ခွင့် မပေးချင်တော့တာပဲ။”

“လာမယ့်အပတ်က အသက်ရှင်ကျန်ရစ်သူတွေအတွက် အခက်ခဲဆုံး အပတ်ဖြစ်လိမ့်မယ်လို့ ငါ ခံစားနေရတယ်။”

“ဟူး... ရှေ့မှာ တောက်ပတဲ့ အနာဂတ်ဆိုတာ မရှိတော့ဘူး။”

“ငါကတော့ ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခုလို့ ထင်တယ်။ အကယ်၍ ငါတို့ ကြိုးစားပြီး ကောင်းကောင်းစွမ်းဆောင် ပြနိုင်ရင် ငါတို့က အကောင်းဆုံး ဖြစ်သွားပြီး လက်မည်းကြီးဆီက ဆုလာဘ်ကိုတောင် ရနိုင်မလားပဲ။ အဲ့ဒီကနေတစ်ဆင့် အထွတ်အထိပ် ရောက်သွားနိုင်တယ်။”

“အာ... အပေါ်ကကောင် မင်း မျက်နှာသွားသစ်ပြီး အိပ်လိုက်တာ ပိုကောင်းမယ်။ အိပ်မက်ထဲမှာ မင်း လိုချင်တာ အကုန်ရနိုင်တယ်။”

“အတိအကျပဲ။ ယီရန်ပင်းသူဌေး ရှိနေတာကို မင်းက အကောင်းဆုံး ဖြစ်ချင်သေးတယ် ဟုတ်လား။ မင်း အတွေးလွန်နေပြီ။”

“ညီအစ်ကိုရာ... အမှန်တရားကို ရင်ဆိုင်လိုက်စမ်းပါ။ ယီရန်ပင်းသူဌေး ရှိနေသရွေ့တော့ တခြားလူတွေအားလုံးက နောက်တန်းမှာ နေရမှာ။”

“မကြိုးစားဘဲနဲ့ မင်း မလုပ်နိုင်ဘူးလို့ ဘယ်လိုသိမှာလဲ။”

“မှန်တယ်... မကြိုးစားကြည့်ရင် မင်းကိုယ်မင်း ဘယ်လောက်တောင် အသုံးမကျမှန်း သိမှာမဟုတ်ဘူး။”

“ဟွန့်... စာကလေးတစ်ကောင်က ဟင်္သာငှက်ရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

“ဟုတ်ပါပြီ။ ငါက စာကလေးတစ်ယောင်ပါ ဟုတ်ပြီလား။ မင်းက ဟင်္သာငှက် ဖြစ်နိုင်ပေမဲ့ သူဌေးက တကယ့် နဂါးစစ်စစ်ပဲ။”

“ဒီတစ်ခေါက် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ရဲ့ အချက်ပေးစာက တခြားသတင်းတစ်ခုကိုပါ ဖော်ပြသွားတာကို အားလုံး သတိထားမိကြလား။”

“ဘာသတင်းလဲ။”

လူတိုင်း၏ အာရုံစိုက်မှုက စမ်းသပ်မှုများဆီသို့သာ ရောက်ရှိနေကြသဖြင့် အခြားအချက်အလက်များကို လုံးဝ သတိမထားမိကြသည်မှာ ထင်ရှားသည်။

“အချက်ပေးစာထဲမှာ တစ်ယောက်ယောက်ရဲ့ ကျွန်းက အကြီးစားကျွန်းအဆင့်ကို ရောက်သွားပြီလို့ ပြောထားတယ်မဟုတ်လား။ အကြီးစားကျွန်းအဆင့်ရဲ့ သတ်မှတ်ချက် ဘောင်တွေက ဘာလဲဆိုတာ မင်းတို့ မသိချင်ကြဘူးလား။”

“သိချင်စရာလား။ မလိုပါဘူး။ သိရလည်း ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှာ ပြနေတာက ကျွန်းငယ်အဆင့်ပဲ ရှိသေးတယ်။ အကြီးစားကျွန်းအဆင့်ဆိုတာ ငါ့အတွက်တော့ ဝေးလွန်းနေသေးတယ်။”

“ငါ့ကျွန်းလည်း အတူတူပဲ။ အဲ့တော့ ငါလည်း စိတ်မဝင်စားဘူး။”

“လောလောဆယ် ကြည့်ရသလောက်တော့ ယီရန်ပင်း သူဌေးရဲ့ ကျွန်းတစ်ကျွန်းတည်းပဲ အကြီးစားကျွန်းအဆင့်ကို ရောက်နိုင်တာ။ ပြီးခဲ့တဲ့ အရောင်းအဝယ် အနည်းငယ်ကို အခြေခံပြီး တွက်ကြည့်မယ်ဆိုရင် သူဌေးရဲ့ ကျွန်းက စတုရန်းကီလိုမီတာ တစ်သန်းလောက် ရှိလိမ့်မယ်။”

“စတုရန်းကီလိုမီတာ တစ်သန်းကြီးတောင်လား။ ဒီလောက်ကြီးတဲ့ ဧရိယာအကျယ်အဝန်းကို ငါ ဒီတစ်သက် မှီနိုင်ပါ့မလားပဲ။”

“တကယ်တော့ ဒါက အနည်းဆုံး ခန့်မှန်းခြေပဲ ရှိသေးတယ်။ သူဌေးက ဒေသခံတွေ အများကြီးနဲ့ အဆက်အသွယ်ရှိတာကို မင်းတို့ သိထားရမယ်။ သူတို့ဆီကနေ အုတ်မြစ်ကျောက်တွေ ဘယ်လောက်တောင် ရထားလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ငါက ဂရုထဲက အရောင်းအဝယ် ပမာဏတွေကို ကြည့်ပြီး အကြမ်းဖျင်းပဲ ခန့်မှန်းထားတာ။”

“ဟုတ်တယ်။ သူဌေး အဲ့ဒီဒေသခံတွေဆီကနေ ရတဲ့ အုတ်မြစ်ကျောက်တွေက ဘီလယံချီတယ်လို့ ငါကြားဖူးတယ်။ ဒါကြောင့် သူဌေးရဲ့ ကျွန်းက တကယ်တမ်း ဘယ်လောက်ကြီးလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။”

“ဒါပေမဲ့ လက်ရှိ အချက်အလက်တွေအရဆိုရင်တော့ အကြီးစားကျွန်းကြီးဆိုတာ စတုရန်းကီလိုမီတာ တစ်သန်းကျော်ရမယ်။”

ထိုစကားများကို မြင်သောအခါ ရှောင်းယီ ခေါင်းခါလိုက်မိသည်။ စတုရန်းကီလိုမီတာ တစ်သန်းဆိုသည်မှာ အလတ်စားကျွန်း အဆင့်အတွက် အနိမ့်ဆုံး သတ်မှတ်ချက်သာ ရှိသေးသည်။

သို့သော် သူ ဘာမှ ထပ်မပြောတော့ပေ။ သူ့ကိုယ်ပိုင်ကျွန်း၏ ဧရိယာအကျယ်အဝန်းကို လူတိုင်းအား လိုက်ပြောပြနေရန် မလိုအပ်ပါချေ။

အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညသန်းခေါင်ကျော်သွားပြီ ဖြစ်သဖြင့် ရှောင်းယီ ချက်ချင်း လက်မှတ်ထိုးဝင်လိုက်တော့လေသည်။

[လင်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - စက်အမြောက် ပုံစံခွက် ( SSS အဆင့်) ၁။

‘စက်အမြောက်လား။ ဒါက အစ်ကိုကျန်းပြောဖူးတဲ့ တိုက်လေယာဉ်ပေါ်မှာ တပ်ဆင်လို့ရတဲ့ လက်နက်မျိုး ဖြစ်ရမယ်။ တိုက်လေယာဉ်ရဲ့ အသုံးဝင်မှုက ပိုပြီး တိုးလာပြန်ပြီပေါ့။’

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်သည်။

စက်အမြောက် ရှိလာပြီဖြစ်ရာ နောက်ဆုံးတွင် တိုက်လေယာဉ်ပေါ်ရှိ လက်နက်များကို အပြည့်အစုံ တပ်ဆင်နိုင်တော့မည် ဖြစ်သည်။ စက်အမြောက်နှင့် လေကြောင်း ဒုံးကျည်များကို ပေါင်းစပ်လိုက်ပါက နောက်ဆုံးတွင် တိုက်လေယာဉ်သည် ၎င်း၏ အမည်နှင့် လိုက်ဖက်စွာ စွမ်းဆောင်ရည်အပြည့် ထုတ်နိုင်တော့မည် ဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အချက်ပေးစာက သူ့ကို အရေးတကြီး စိုးရိမ်စိတ် အနည်းငယ် ပေးခဲ့သော်လည်း သူ အလွန်အမင်းတော့ မပူပန်မိပေ။ အဘယ်ကြောင့်ဆိုသော် အချက်ပေးစာထဲတွင် ၎င်းသည် သူတို့၏ အောက်ခြေစွမ်းအားကို စမ်းသပ်ရန်သာ ဖြစ်သည်ဟု ပြောထားသောကြောင့် သေကြေပျက်စီးစေမည့် ဒဏ်ခတ်မှုမျိုးတော့ ဖြစ်လာနိုင်ခြေ နည်းပါးသည်။

ထို့ပြင် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် အသက်ရှင်ကျန်ရစ်သူများထဲတွင် သေချာပေါက် အားအကောင်းဆုံး မဟာမိတ်အဖွဲ့ ဖြစ်သည်။ အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့ပင် တောင့်မခံနိုင်ပါက အသက်ရှင်ကျန်ရစ်သူများ အားလုံး လုံးဝ ဥဿုံ သုတ်သင်ရှင်းလင်းခံရမည့် သဘောပင် ဖြစ်လိမ့်မည်။

စိုးရိမ်ပူပန်နေစရာ မလိုသဖြင့် ကိုယ်လက်သန့်စင်ကာ အိပ်စက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ အကြောင်းမှာ တိုက်ပွဲက အချိန်မရွေး ပြန်လည်ဖြစ်ပွားလာနိုင်သောကြောင့်ပင်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အချက်ပေးစာ ကွယ်ပျောက်သွားပြီး သိပ်မကြာမီမှာပင် အာကာသ အက်ကွဲကြောင်း အနီးရှိ ကျောက်တုံးအိမ်ထဲမှ ဝတ်စုံနက်ဝတ်ဆင်ထားသူ အားလုံး၏ ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ကြသည်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ငါ့ရဲ့ စွမ်းအားတွေ နည်းနည်း ပြန်ပြည့်လာသလို ခံစားနေရတယ်။”

“ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့အပေါ် ထားတဲ့ ဖိနှိပ်မှုတွေကို လျှော့ချပေးလိုက်တာလား။”

“ဖြစ်နိုင်တယ်။ ငါတို့ နောက်ဆုံးတော့ အာကာသ အက်ကွဲကြောင်းကို တည်ငြိမ်အောင် လုပ်ပြီး ပိုပြီး အဆင့်မြင့်တဲ့ မသေမျိုး မျိုးနွယ်စုတွေကို ဆင့်ခေါ်နိုင်တော့မယ်။”

“အားလုံးပဲ... အရင်ဆုံး ကိုယ့်ရဲ့ စွမ်းအားနယ်ပယ်ကို နည်းနည်း တည်ငြိမ်အောင် အရင်လုပ်ကြပါ။ ကမ္ဘာ့စည်းမျဉ်းတွေက ဖိနှိပ်မှုကို လျှော့ချပေးလိုက်ပြီဖြစ်လို့ အားလုံးပဲ ပြန်လည်ရရှိလာတဲ့ စွမ်းအားတွေကို မြန်မြန် အသားကျအောင် လုပ်ကြ။ မနက်ဖြန်ကစပြီး ဒီကမ္ဘာက သတ္တဝါတွေကို မသေမျိုး မျိုးနွယ်စုက ဘယ်လောက်အထိ ပြိုင်ဘက်ကင်းလဲဆိုတာ သိစေရမယ်။”

ခေါင်းဆောင်ဖြစ်သူ ဝတ်စုံနက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့။”

အခြားသော ဝတ်စုံနက်ကလည်း တညီတညွတ်တည်း ပြန်လည် တုံ့ပြန်လိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူသည် သူ၏ ဝတ်စုံနက်အောက်တွင် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

‘ကမ္ဘာ့စည်းမျဉ်းတွေက ဒီကမ္ဘာပေါ်က သတ္တဝါတွေကို ကူညီရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ငါတို့အပေါ် ဖိနှိပ်ထားတာတွေကို လျှော့ချပေးရတာလဲ။ ဒါမှမဟုတ်... အခြား မသေမျိုး မျိုးနွယ်စုက ကျူးကျော်သူတွေ ရှိနေလို့လား။’

All Chapters