အခန်း (၂၅၅၁-၂၅၅၂)
Vol. 183 Ch. 2551-2552
အပိုင်း(၂၅၅၁)
လက်ရှိအချိန်၌...
"သူက ဒဏ်ရာရချင်ယောင်ဆောင်ပြီးတဲ့နောက် သူ့ကို ကြံစည်နေသူတွေကို မျှားခေါ်ထုတ်ခဲ့တယ်... အဲဒီနောက်မှာ ဖရိုဖရဲ စွမ်းအင်တွေကို လောင်စာအဖြစ် စုပ်ယူလောင်ကျွမ်းနိုင်တဲ့ မီး ဒြပ်စင် ကနေတစ်ဆင့် ဝိညာဉ်နဲ့ အမြင်အာရုံကို နှောင့်ယှက်နိုင်တဲ့ နယ်မြေတစ်ခုကို ဖန်တီးလိုက်တယ်... ပြီးတာနဲ့ အထွတ်အထိပ် သူတော်စင် တစ်ယောက်ချင်းစီကို တစ်ကွဲတစ်ပြားစီ ဖြစ်သွားအောင် လုပ်လိုက်ပြီး ခြောက်ယောက်ထဲမှာ အားအနည်းဆုံးသူကို ပစ်မှတ်ထားလိုက်တယ်... ပြောက်ကျားနည်းဗျူဟာတွေ သုံးပြီးတော့ ပြတ်သားတဲ့ တိုက်ခိုက်မှုနဲ့အတူ သူ့ကို သတ်ဖြတ်လိုက်တာပဲ... တကယ့်ကို ရူးသွပ်ဖို့ကောင်းလိုက်တာ..."
ရိုးရွဲ သူတော်စင် ရှီဇီ က ထိုအဖြစ်အပျက်များကို မိုးကုပ်စက်ဝိုင်း များထံ အသေးစိတ် ပြောပြနေခဲ့ခြင်း ဖြစ်သည်။ သူသည် ဝေ့ဝူယင်၏ ပထမဆုံး သတ်ဖြတ်မှုတွင် အသုံးပြုခဲ့သော အပြစ်ဆိုဖွယ်ရာ မရှိသည့် နည်းဗျူဟာကို ရှင်းပြနေခြင်း ဖြစ်လေသည်။
ဤသည်ကား သူတို့မျက်မြင်ကိုယ်တွေ့ ဝေ့ဝူယင် အမှန်တကယ် သတ်ဖြတ်လိုက်သော ပထမဆုံး အထွတ်အထိပ် သူတော်စင် ပင် ဖြစ်လေသည်။ လုံရှီယာ ၏ ခန္ဓာကိုယ် ပျက်စီးသွားမှုမျိုးသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများအတွက် အပြီးတိုင် သေဆုံးသွားခြင်းထက် ပို၍ဖြစ်လေ့ရှိသော အရာတစ်ခု ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် မီးတောက်မုန်တိုင်းများ ကြားမှပင် ဤအဖြစ်အပျက်များကို စောင့်ကြည့်နိုင်သော ကိရိယာများ ရှိနေခဲ့ပေသည်။
ဝေ့ဝူယင်သည် ဂိုလိုင်ယက် ငှက် အရှင်သခင် ၏ ပြတ်လွင့်နေသော ဦးခေါင်းကို ရန်လိုစွာဖြင့် လှမ်းပစ်ပေးလိုက်သောအခါ သူတို့အားလုံး ဆွံ့အသွားခဲ့ကြလေသည်။ ထိုလှောင်ပြောင်မှုသည် ကြက်သီးမွေးညင်းထစရာ ကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သူ၏ အမဲလိုက်ပွဲသည် ယခုမှသာ စတင်ခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ ခြောက်ဦးတွင် ငါးဦး ကျန်ရှိနေသေးလေသည်။
...
အမှောင် ဟင်းလင်းပြင် အတွင်းသို့ ပြန်သွားရပါက...
ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ ၏ မျက်နှာအမူအရာသည် တင်းမာခက်ထန်နေပြီး မယုံနိုင်လောက်အောင် ထိန်းချုပ်ထားရသော ဒေါသများဖြင့် အုံ့မှိုင်းနေခဲ့သည်။ သို့သော် သူမသည် ရိုးရွဲ သူတော်စင် တစ်ဦး ဖြစ်သည့်အားလျော်စွာ အခြေအနေကို ရှင်းလင်းစွာ သုံးသပ်ရာတွင် သူမ၏ စိတ်နှလုံးသည် တုန်လှုပ်ခြင်း မရှိခဲ့ချေ။ သူမသည် ထိုဦးခေါင်းကို သေချာစွာ စစ်ဆေးကြည့်ခဲ့သော်လည်း မည်သည့် ထောင်ချောက်မှ မတွေ့ရှိခဲ့ပေ။ သို့တိုင်အောင် သူမသည် ထိုဦးခေါင်းကို သူမ၏ မည်သည့် သိုလှောင်မှု ဒိုင်မန်းရှင်း ထဲသို့မျှ ထည့်သွင်းသိမ်းဆည်းခြင်း မပြုခဲ့ချေ။ ထိုအစား ထိုဦးခေါင်းကို မီးတောက်များထဲသို့ ပြန်လည်ပစ်ချလိုက်ပြီး ပြာအဖြစ် လောင်ကျွမ်းသွားစေရန်သာ ခွင့်ပြုလိုက်လေသည်။
"ဧကရာဇ်ဝေ့..."
အဆောင် ကြယ် နန်းတော်သခင် သည် မီးတောက်နယ်မြေဆီသို့ မျက်နှာမူကာ တည်ငြိမ်စွာ လှမ်းပြောလိုက်သည်။
"မင်းရဲ့ လုပ်ရပ်တွေက..."
"နောက်တစ်ယောက်က ခင်ဗျားပဲ..."
ငရဲဘုံမှ ထွက်ပေါ်လာသော သရဲတစ္ဆေတစ်ကောင်၏ အသံကဲ့သို့ ဝေ့ဝူယင် ၏ အသံသည် အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ဟင်းလင်းပြင် ကြီး ကိုယ်တိုင်က စကားပြောနေသကဲ့သို့ပင် ဖြစ်လေသည်။ အချိန်နှင့် သက်ဆိုင်သော လက္ခဏာများကို အတိအကျ ခွဲခြားသိရှိနိုင်ရန်ပင် ခက်ခဲလှပေသည်။ ဤစကားကို ယခုလေးတင် ပြောလိုက်ခြင်းလော၊ သို့မဟုတ် စက္ကန့်အနည်းငယ် အလိုက ကြိုပြောလိုက်ခြင်းလော။ သို့တည်းမဟုတ် နောက်ထပ် စက္ကန့်အနည်းငယ် ကြာပြီးမှ ထွက်ပေါ်လာမည့် အသံများလော။
သို့သော်.. ဤအရာက အချက်တစ်ချက်ကိုတော့ သေချာပေါက် အတည်ပြုပေးလိုက်လေသည်။ ဝေ့ဝူယင်တွင် စေ့စပ်ညှိနှိုင်းရန် မည်သည့် ရည်ရွယ်ချက်မှ မရှိဆိုသည့် အချက်ပင် ဖြစ်သည်။ ထို့ကြောင့် အဆောင် ကြယ် နန်းတော်သခင် ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ပိုမိုမည်းမှောင်လာခဲ့လေတော့သည်။
ဝှစ်... ဝှစ်... ဝှစ်...
သူသည် အစီအရင် အလံများအဖြစ် အသုံးပြုရန်အတွက် အထွတ်အထိပ် အရည်အသွေး လျှို့ဝှက်လောက အဆင့် အဆောင် ပေါင်း သုံးထောင်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မိမိကိုယ်ကိုယ် အခြားသူများနှင့် သီးခြားဖြစ်သွားစေရန် ဟင်းလင်းပြင် အနှောင့်အယှက်များ နှင့် အာကာသ ကန့်သတ်ချက် အာနိသင်များ ပါဝင်သော အားဖြည့် အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
ထိုအတားအဆီးသည် သူ၏ ခန္ဓာကိုယ်မှနေ၍ အပြင်ဘက်သို့ မိုင်တစ်သောင်းအထိ ကျယ်ပြန့်သွားခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ခုခံကာကွယ်ရန် ဖြစ်စေ၊ တိုက်ခိုက်ရန် ဖြစ်စေ အသင့်အနေအထားဖြင့် သူ၏ နေရာကို အခိုင်အမာ နေရာယူလိုက်လေသည်။ သူ၏ လုပ်ရပ်မှာ တစ်ကိုယ်ကောင်းဆန်လွန်းလှသော်လည်း မည်သူကမျှ အပြစ်တင် ကဲ့ရဲ့ခြင်း မပြုကြချေ။
“လောကသုံးထောင် အစီအရင် ရဲ့ အဆောင် အကာအကွယ်ပဲ... ငါတောင် ဒါကို ဖောက်ထွင်းဝင်ရောက်ဖို့ တော်တော်လေး ခက်ခဲမှာ..."
ရိုးရွဲ သူတော်စင်တီ က ဒေါသတကြီးဖြင့် ပြောလိုက်၏။ ထို သတ္တိကြောင်သူသည် သူ၏ အခိုင်မာဆုံး လိပ်ခွံကြီးကို ချက်ချင်းပင် တည်ဆောက်လိုက်ခြင်း ဖြစ်လေသည်။
ကျန်သူများကလည်း သူ့ထံမှ ခပ်ခွာခွာတွင် နေလိုက်ကြပြီး၊ လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ကာ အချင်းချင်း စုစည်းနေလိုက်ကြသည်။ သူတို့သည် ထိုမီးတောက်နယ်မြေကြီး ပျောက်ကွယ်သွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ရန်သူ၏ စိတ်ကြိုက် အားသာသော နယ်မြေအတွင်း၌ မည်သူကမျှ မလှုပ်ရှားလိုကြချေ။
ထိုစဉ် ရုတ်တရက် မိုင်တစ်သောင်း ကျယ်ဝန်းသော အကာအကွယ် အတားအဆီး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော သေအံ့ဆဲဆဲ အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အတားအဆီးမှာ အားကောင်းခိုင်မာစွာ တည်ရှိနေဆဲ ဖြစ်သော်လည်း သူတို့ အတွင်းသို့ လှမ်းကြည့်လိုက်သောအခါ လူပုံရိပ် နှစ်ခုကို အံ့သြဖွယ်ရာ တွေ့လိုက်ကြရသည်။
မည်ကဲ့သို့နည်း။
မည်ကဲ့သို့ ဖြစ်နိုင်သနည်း။
အတားအဆီးက အဆောင်ကြယ် နန်းတော် သခင်၏ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး အပြင်ဘက်ကို ချဲ့ထွင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝေ့ဝူယင် အနေဖြင့် ထိုအတားအဆီး အတွင်း၌ ရှိနေရန်ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်လေသည်။
"မင်း... နေဦး... ငါ ပေးပါ့မယ်..."
ဝေ့ဝူယင် သည် ဤသို့သော အခြေအနေမျိုးကို ကာကွယ်ရန် တည်ဆောက်ထားသည့် ကန့်သတ်ချက် အစီအရင် များအားလုံးကို ကျော်ဖြတ်ကာ သူ၏ရှေ့မှောက်သို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို မသိရသဖြင့် အဆောင် ကြယ် နန်းတော်သခင် မှာ အလွန်အမင်း ကြောက်လန့်နေခဲ့လေသည်။ သူ၏ စွမ်းအားနှင့် ခွန်အား အများစုကို အစီအရင် အတွင်းသို့ ထည့်သွင်းထားလိုက်ရသောကြောင့် သူ့အနေဖြင့် အလွန်အမင်း အားနည်းနေခဲ့သည်။ ထို့ကြောင့် သူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ဆေဘာ ၏ ဟစ်ကြွေးမြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
တိုက်ခိုက်မှု အပြန်အလှန် ဖြစ်စဉ်မှာ ရွံရှာဖွယ်ကောင်းလောက်အောင်ပင် တိုတောင်းလွန်းလှသည်။ ဝေ့ဝူယင် အနေဖြင့် လုံလောက်သော စွမ်းအားများကို ကြိုတင် စုဆောင်းထားခဲ့ပုံ ရလေသည်။ ဆေဘာ ချက်က သူ၏ လည်ပင်းကို ဖြတ်တောက်သွားပြီး၊ သူ၏ ဦးခေါင်းမှာ သနားညှာတာမှု ကင်းမဲ့စွာဖြင့် လွင့်စင်သွားခဲ့ရသည်။ ပျက်သုဉ်းခြင်း ဥပဒေသ က ဦးဆောင်သော အဓိက အာဏာ ခြောက်ခု၏ စွမ်းအားလှိုင်းများက ရှေ့သို့ လိမ့်တက်သွားခဲ့သည်။ ထိုအချိန်တွင် ရွှေရောင် ဆေဘာ တစ်လက်က ကျန်ရှိနေသေးသော အရာများကို သိမ်းပိုက်ရန်အတွက် အနီးအနားတွင် စိတ်လှုပ်ရှားစွာ ဝဲပျံနေခဲ့လေသည်။
ပျက်သုဉ်းခြင်း ဥပဒေသ သည် ကောင်းကင်ဘုံ ကိုယ်တိုင်ထံမှ အာဏာ စွမ်းအားများကို ရယူနိုင်သောကြောင့် တည်ရှိမှု တစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန်အတွက် အလွန်ပင် အံကိုက်ဖြစ်နေပုံ ရလေသည်။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ အဆောင် ကြယ် နန်းတော်သခင် ၏ ပြတ်လွင့်နေသော ဦးခေါင်းကို အပေါ်သို့ မြှောက်ကိုင်လိုက်လေသည်။ ထို့နောက် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသော ကျန်ရှိသည့် အထွတ်အထိပ် သူတော်စင် လေးဦး၏ ရှေ့မှောက်တွင် ထိုဦးခေါင်းကို လှုပ်ယမ်းပြလိုက်သည်။ ခိုင်မာစွာ တည်ရှိနေဆဲဖြစ်သော အတားအဆီး အကာအကွယ်ကြီးကို ကျော်လွန်၍ သူတို့အားလုံးကို ဝေ့ဝူယင်က စိုက်ကြည့်နေခဲ့လေသည်။
"ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ... ရိုးရွဲ သူတော်စင် ယန်ကျိ... ရိုးရွဲ သူတော်စင် တီ... ကြယ်ကြွေ နန်းတော်သခင်... အဆောင် ကြယ် နန်းတော်သခင် နဲ့ ဂိုလိုင်ယက် ငှက် အရှင်သခင်..."
"လေးယောက်ပဲ ကျန်တော့တယ်..."
သူ၏ အကြည့်များက ကြယ်ကြွေ နန်းတော်သခင်၏ အရပ်မြင့်မြင့်နှင့် သွယ်လျသော ကိုယ်ခန္ဓာ ပုံရိပ်ထံသို့ စူးစိုက်ကျရောက်သွားခဲ့လေသည်။
"နောက်တစ်ယောက်က ခင်ဗျားပဲ..."
...
စိတ်ဝိညာဉ်နယ်မြေ အတွင်း၌ ရှိနေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။ ကျော်ကြားလှသော ကြယ် နန်းတော်သခင်၏ ပြတ်လွင့်နေသော ဦးခေါင်းကို ကိုင်ဆောင်ထားသည့် ငွေရောင်မျက်လုံးများနှင့် ဧကရာဇ်ငယ်လေးအား သူတို့အားလုံး ဝိညာဉ်ပုံရိပ်မှတစ်ဆင့် စူးစိုက်ကြည့်နေမိကြသည်။ သူတို့၏ နှလုံးသားများမှာ ထိတ်လန့်မှုနှင့်အတူ မယုံနိုင်ခြင်းများ ရောယှက်ကာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့လေသည်။
တည်ဆောက်ထားသော အဆောင် အစီအရင် ကြောင့် သူတို့ ရှင်းလင်းစွာ မမြင်တွေ့နိုင်ခဲ့ကြချေ။ သို့သော် အဆောင် ကြယ် နန်းတော်သခင် ၏ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ဝိညာဉ်မျက်လုံးများ တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ သက်ဝင်လှုပ်ရှားမှု လက္ခဏာရပ်များ အားလုံး ပျောက်ကွယ်သွားသည်ကိုမူ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။ ၎င်းသည် အစစ်အမှန် သေဆုံးခြင်း၏ လက္ခဏာရပ်တစ်ခု ဖြစ်ပြီး၊ ထိုမြင်ကွင်းက သူတို့၏ အစစ်အမှန် ဝိညာဉ်များထက်တွင် အခိုင်အမာ စွဲထင်သွားခဲ့လေသည်။
သို့သော်... သူတို့ကို အမှန်တကယ် အသည်းခိုက်မတတ် တုန်လှုပ်သွားစေခဲ့သည်မှာ ထိုအမည်နာမ ခြောက်ခုကို ရွတ်ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ယခင်က အလွယ်တကူ သတိမထားမိနိုင်ခဲ့သော ထူးဆန်းသည့် လေသံအလေးပေးမှုမျိုးဖြင့် ရွတ်ဆိုလိုက်ခြင်း ဖြစ်လေသည်။ ယခုအခါ ထိုအရာကို သတိမထားမိရန်မှာ မဖြစ်နိုင်တော့ချေ။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ကိုယ်တိုင် နှုတ်မှ ကြေညာထားသော လူခြောက်ဦး၏ စာရင်းပင် ဖြစ်သည်။ ထိုအမည်နာမများကို နောက်ဆုံးမှစ၍ ပြောင်းပြန်အစဉ်လိုက် ရှင်းလင်းဖယ်ရှားနေခြင်း ဖြစ်လေသည်။
ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော ကြက်သီးမွေးညင်းထစရာ အာနိသင်ကို ပိုမိုပြင်းထန်လာစေရန်အတွက် ဝေ့ဝူယင် သည် နောက်တစ်ယောက် မည်သူဖြစ်ကြောင်းကိုပါ ပွင့်ပွင့်လင်းလင်း ညွှန်ပြနေခဲ့သည်။ ဤသည်ကား ဧကရာဇ်တစ်ပါး၏ ဒေါသတရားပင် ဖြစ်နေမည်လော။
***
အပိုင်း(၂၅၅၂)
စိတ်ဝိညာဉ်နယ်မြေ အတွင်းရှိ မိုးကုပ်စက်ဝိုင်းများ နှင့် တာအို တရားဥပဒေ ထိန်းသိမ်းသူများ ပင်လျှင် ဤမျှအထိ တုန်လှုပ်နေခဲ့လျှင်၊ လက်တွေ့ အခြေအနေတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသူများ၏ တုံ့ပြန်မှုကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။ ရိုးရွဲ သူတော်စင် မဟူရာ မုဆိုး အရှင်သခင်မ၊ ရိုးရွဲ သူတော်စင် ယန်ကျိ၊ ရိုးရွဲ သူတော်စင် တီ နှင့် နောက်ဆုံး ပစ်မှတ်ဖြစ်လာမည့် ကြယ်ကြွေ နန်းတော်သခင် တို့သည် အလွန်အမင်း တည်ငြိမ် လေးနက်နေခဲ့ကြလေသည်။
ဝေ့ဝူယင်သည် သူတို့ မဟာမိတ်ဖြစ်သူ၏ ဦးခေါင်းကို အပေါ်သို့ မြှောက်ကိုင်ထားပြီး၊ သူ မကြာမီကမှ သတ်ဖြတ်ခဲ့သော သားကောင်၏ လိပ်ခွံ အကာအကွယ် အတွင်းမှနေ၍ နောက်ထပ် သေဆုံးရမည့်သူကို လှောင်ပြောင် ကြေညာနေခဲ့သည်။
ထိုလိပ်ခွံသည် မလွတ်မြောက်နိုင်သော အကျဉ်းထောင်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတို့တွင် ကြီးမားသော ခွန်အားများ ရှိနေသော်လည်း အချိန်မီ ကူညီကယ်တင်ပေးရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။
ဝှစ်...
ရုတ်တရက် ရိုးရွဲ သူတော်စင် ယန်ကျိသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွား၏။ သူ၏ ပဲ့တင်ထပ် ချီစွမ်းအင် များသည် တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။ သူသည် သူ၏ အာကာသ ဥပဒေသ သာမည အာဏာ နှင့် ချိတ်ဆက်လိုက်ပြီး၊ စကြဝဠာ၏ ဂီယာများသဖွယ် လုပ်ဆောင်ပေးနေသော နက်နဲလှသည့် ကောင်းကင် အော်ရာ များကို စုစည်းလိုက်လေသည်။ ထိုအရာအားလုံးသည် သူ၏ ပဲ့တင်ထပ် ချီစွမ်းအင် ၏ ညွှန်ကြားမှုအောက်တွင် ရှိနေသည်။
ယခင်က စုရီ နှင့် တိုက်ခိုက်ခဲ့စဉ်ကနှင့် ခြားနားစွာပင် ရိုးရွဲ သူတော်စင် ယန်ကျိ သည် ရိုးရွဲ သူတော်စင် တစ်ဦး၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ပြသလိုက်လေပြီ။
ကောင်းကင်ငယ် နှင့် သာမည ဥပဒေသ ၏ စွမ်းအားများကို ထုတ်ဖော်ပြသထားသော ရိုးရွဲ သူတော်စင် ယန်ကျိ ၏ ပုံရိပ်သည် အဆုံးအစမရှိ အကန့်အသတ်မရှိ ကျယ်ပြန့်လာသကဲ့သို့ ထင်ရသည်။ သူသည် ကောင်းကင်ဘုံ ကိုယ်တိုင်၏ အသေးစား ကိုယ်စားပြုမှု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
၎င်းသည် ရိုးရွဲ သူတော်စင် များ၏ ပြိုင်ဘက်ကင်းသော စွမ်းရည်တစ်ခုဖြစ်ပြီး၊ ၎င်းတို့ကို အခြားသူများနှင့် ကွဲပြားခြားနားသွားစေသော အရာလည်း ဖြစ်သည်။ ထိုအရာကား ရိုးရွဲ အာဏာ ၏ ကောင်းကင် ကိုယ်ပွား ပင် ဖြစ်လေသည်။ ၎င်းကို ရိုးရွဲ အာဏာ ဟု မကြာခဏ အတိုကောက် ခေါ်ဝေါ်လေ့ ရှိကြသည်။ ကောင်းကင် ပဲ့တင်ထပ် ချီစွမ်းအင် ၏ လမ်းညွှန်မှုဖြင့် သူတို့၏ သာမည ဥပဒေသ ကို ဝိညာဉ်အင်အား ဖြင့်သာမက ကောင်းကင်ဘုံ ကိုယ်တိုင်နှင့် ပဲ့တင်ထပ်နေသော ပုံတူကူးချထားသည့် စွမ်းအားများဖြင့်ပါ လောင်စာ ဖြည့်တင်းပေးထားခြင်း ဖြစ်လေသည်။
ဝေ့ဝူယင်၏ ကောင်းကင် မျက်လုံးများ သည် မရပ်မနား တဖျပ်ဖျပ် ခုန်လှုပ်လာခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ လွမ်းဆွတ်သတိရမှုကို ခံစားလိုက်ရသည်။ ထိုအချိန်က သူသည် ကောင်းကင် တာအိုများ၏ လျှို့ဝှက်ချက်များကို ရဲတင်းစွာ ခိုးကြောင်ခိုးဝှက် ကြည့်ရှုခဲ့ဖူးသည်။ ကောင်းကင်ဘုံ ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် စူးစမ်းကြည့်ရှုခဲ့ဖူးသည်။
ရိုးရွဲ သူတော်စင် ယန်ကျိသည် မည်သည့်အရာကိုမျှ တားဆီးချန်လှပ်ထားခြင်း မရှိတော့ချေ။ လျှို့ဝှက် တားမြစ်ချက် ပင်လျှင် သူ၏ ပဲ့တင်ထပ် ဝိညာဉ် အာကာသ ကျင့်စဉ်များ ကို အနည်းငယ်မျှပင် တားဆီးချုပ်နှောင်ထားနိုင်ခြင်း မရှိခဲ့ပေ။
သူသည် ဖြန့်ထားသော လက်ဝါးဖြင့် ရှေ့သို့ လှမ်းဆန့်လိုက်ပြီး သူ၏ လက်ချောင်းများကို ရန်လိုစွာဖြင့် လက်သီးဆုပ်အဖြစ်သို့ ပြောင်းလဲ ဆုပ်ကိုင်လိုက်လေသည်။
ဘုန်း...
ဝေ့ဝူယင် တည်ရှိနေသော အာကာသ နယ်မြေကြီး ချိတ်ပိတ်ခံလိုက်ရသည်။ ကောင်းကင် အာဏာ၏ စွမ်းအားကြောင့် ဟင်းလင်းပြင် ပင်လျှင် သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်မှုကို ခံလိုက်ရပြီး အာကာသ တားဆီးမှု အမြှေးပါး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ထို့နောက်... ရိုးရွဲ သူတော်စင် ယန်ကျိသည် အာကာသ ရွှေ့ပြောင်းခြင်း နှင့် ဆင်တူသော စွမ်းအားမှတစ်ဆင့် အတားအဆီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ အာကာသ တစ်ခုလုံးသည် သူ၏ အတွေးတစ်ချက်ဖြင့် ဝင်ရောက်နိုင်သော နေရာများအဖြစ် ထင်မှတ်ရပြီး၊ သာမန် အာကာသ ရွှေ့ပြောင်းခြင်း များထက် များစွာ သာလွန်နေခဲ့လေသည်။
ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ၊ အထူးသဖြင့် အာကာသ၏ သာမည ဥပဒေသ ကို ဆုပ်ကိုင်ထားနိုင်သော ရိုးရွဲ သူတော်စင် များအတွက် ၎င်းကို အာကာသ မျက်တောင်ခတ် ရွှေ့ပြောင်းခြင်း ဟု လူသိများကြလေသည်။
၎င်းကို သေမျိုး များက အစစ်အမှန် နေရာရွှေ့ပြောင်းခြင်း ဟု အကောင်းဆုံး ဖော်ပြနိုင်ပေလိမ့်မည်။ ၎င်းသည် အရှိန်မြှင့်တင်ထားသော နှုန်းဖြင့် အာကာသ တစ်လျှောက် စီးဆင်းသွားသည့် အာကာသ ရွှေ့ပြောင်းခြင်း မျိုး မဟုတ်ဘဲ၊ အာကာသ ဥပဒေသများက လိုက်လျောပေးရသကဲ့သို့ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသော အာကာသ ရွှေ့ပြောင်းခြင်း မျိုး ဖြစ်လေသည်။ ၎င်းကို ရိုးရွဲ သူတော်စင် ယန်ကျိ ကို သူ၏ အာဏာ သက်ရောက်မှု နယ်ပယ်အတွင်း သူ အလိုရှိရာ နေရာတိုင်းသို့ ရိုးရှင်းစွာ နေရာချထားပေးခြင်း ဖြစ်သည်။
အသက်ရှူထုတ်လိုက်သည့် လေတစ်ချက်နှင့်အတူ သူ၏ ပဲ့တင်ထပ် ချီစွမ်းအင် များက အပြင်ဘက်သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မိုင်သုံးသန်း ကျယ်ဝန်းသော မီးတောက်နယ်မြေကြီးသည် အာကာသ ဒိုင်မန်းရှင်း များအတွင်းသို့ ဆွဲသွင်းခံလိုက်ရလေသည်။ အသက်ရှူခြင်း လုပ်ရပ်တစ်ခုတည်းဖြင့်ပင် ထိုနေရာကြီးမှာ ဗလာဖြစ်သွားခဲ့သည်။ ၎င်းသည် ကောင်းကင်ငယ် ဆန္ဒ ၏ ဖော်ပြချက်တစ်ခုပင် ဖြစ်လေသည်။ ၎င်းသည် လုံရှီယာ ၏ ပဲ့တင်ထပ် ဝိညာဉ် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ဖရိုဖရဲ စွမ်းအင်များကို အချိန်ထိန်းသိမ်းသူ က ဖယ်ရှားပစ်လိုက်ပုံနှင့် ဆင်တူနေခဲ့သည်။ ထိုလုပ်ရပ်၏ သဘောသဘာဝမှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေခဲ့လေသည်။
အတားအဆီးရှေ့တွင် ရပ်နေစဉ် သူ၏ မျက်လုံးများက ကောင်းကင်ရွှေရောင်များ ရောယှက်နေခဲ့သည်။ သူ၏ အစစ်အမှန် ဝိညာဉ်မှ ရေးဆွဲထားသည့် အလား မထင်ရှားသော သင်္ကေတနှစ်ခုက မျက်ဆန်များထက်တွင် ပေါ်လာခဲ့သည်။ ထိုသင်္ကေတများသည် ဝေ့ဝူယင် ကောင်းကင်စစ်ပွဲနယ်မြေတွင် တွေ့ကြုံခဲ့ရဖူးသော ကောင်းကင်သင်္ကေတများနှင့် အလွန်တူညီနေပေသည်။
"မင်း ကခုန်နေတာ လုံလောက်ပြီ...."
ရိုးရွဲ သူတော်စင် ယန်ကျိ၏ အသံကြီးက လောကတစ်ခွင်လုံး ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏အသံသည် မိုင်ပေါင်း ထရီလီယံနှင့်ချီ၍ ပြန့်နှံ့သွားပြီး အခြားသူများ၏ ဝိညာဉ်များထဲသို့ ဝင်ရောက်သွား၏။ သို့သော် အစစ်အမှန် ဝိညာဉ်များကို သော့မဖွင့်ရသေးသူများအတွက်မူ ထိုစကားလုံးများသည် နားထဲတွင် အသံအူနေသကဲ့သို့ မြည်ဟည်းနေခဲ့သည်။
ဝီခေါ်သံများ၊ မြည်သံများ၊ ရှူးရှူးရှားရှား အသံများ... စကားလုံးများမှလွဲ၍ ကျန်အသံများသာ ဖြစ်နေခဲ့သည်။
ထို့နောက် သူသည် သူ၏ ပဲ့တင်ထပ် ချီစွမ်းအင်ကို အစွမ်းကုန် ထုတ်ယူလိုက်သည်။ ကွယ်လွန်သွားပြီဖြစ်သော အဆောင်ကြယ် နန်းတော်သခင် တည်ဆောက်ခဲ့သည့် အစီအရင်ကို လက်သီးဖြင့် ထိုးချလိုက်၏။ လက်သီးတစ်ချက်တည်း ဖြစ်သည်။ သူ၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးက ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများ ရစ်ပတ်နေသော ကောင်းကင် ဥက္ကာပျံတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ဘုန်း...
တိုးဖျော့သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အစီအရင်သည် အဆုံးမရှိ လှိုင်းထနေခဲ့၏။ ရိုးရွဲ သူတော်စင် ယန်ကျိသည် အစွမ်းကုန်သုံးကာ ကောင်းကင်အာဏာ၏ ကိုယ်ပွားတစ်ခုကို အတုယူခဲ့သော်လည်း... ဂလက်ဆီငယ်တစ်ခုကိုပင် ဖောက်ထွင်းနိုင်သော နက်နဲလှသည့် ပဲ့တင်ထပ် ဝိညာဉ် ကျင့်စဉ်ကို သုံးခဲ့သော်လည်း.... ထိုအစီအရင်က ခံနိုင်ရည်ရှိခဲ့သည်။ မိုင်တစ်သောင်းသာ ကျယ်ဝန်းပြီး ပါးလွှာပုံရသော အစီအရင်သည် မပြိုကွဲသွားခဲ့ပေ။
ရိုးရွဲ သူတော်စင် ယန်ကျိ၏ မျက်နှာအမူအရာက အလွန်တရာ ရုပ်ဆိုးသွားခဲ့သည်။ ထိုသေချင်စော်နံနေသော ကောင်စုတ်လေးက အာကာသ ဥပဒေသများကို ပေါင်းစပ်ထားသည့် အာကာသ ကျင့်စဉ်များကို တန်ပြန်ရန် ရည်ရွယ်ထားသော ဤအစီအရင်ကို ဘာသောက်ကျိုးရှိလို့ တည်ဆောက်သွားခဲ့ရသနည်း။
ဝေ့ဝူယင်သည် အာကာသ ပိတ်ဆို့မှု အလယ်၌ ကျရောက်နေခဲ့၏။ ရိုးရွဲ အာဏာ၏ ကောင်းကင်ကိုယ်ပွားတစ်ခုက လိပ်ခွံကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့် ဟန်ရေးပြမှု အားလုံးကို သူ စောင့်ကြည့်နေခဲ့၏။ အစပိုင်းတွင် သူ၏နှလုံးသားက အကြောက်တရားကြောင့် ခုန်ပေါက်နေခဲ့သည်။ ထိုအလိုအလျောက် ဖြစ်ပေါ်လာသော ခံစားချက်ကို သူ မလိမ်ညာသလို ငြင်းလည်း မငြင်းပယ်ခဲ့ပေ။
သို့သော် ထိုအကြောက်တရားသည် သေမျိုးတစ်ယောက် သို့မဟုတ် လျှို့ဝှက်ဝိညာဉ် အာဏာရှင်များအတွက် နားလည်နိုင်စွမ်းမရှိသော အတွေ့အကြုံများဖြင့် တွန်းအားပေးထားသည့် သူ၏ ကျင့်ကြံခြင်း နှလုံးသားကြောင့် ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် သူ အထိတ်တလန့် မဖြစ်ခဲ့ပေ။ သူသည် ခိုင်မာသွားသော အာကာသ ဒိုင်မန်းရှင်းများ၏ နံရံများကို တည်ငြိမ်စွာ စစ်ဆေးခဲ့သည်။ ထို့နောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ခြင်းကို ပိတ်ဆို့ထားသည့် အာကာသ အမြှေးပါးကိုပါ စစ်ဆေးလိုက်၏။ ၎င်းသည် အစီအရင်တစ်ခု သို့မဟုတ် ဖွဲ့စည်းပုံတစ်ခုကြောင့် မဟုတ်ဘဲ ဤဘဝတွင် သူကြုံတွေ့ခဲ့ရသမျှ အပြင်းထန်ဆုံးသော ကန့်သတ်ချည်နှောင်မှု ပုံစံတစ်ခု ဖြစ်ပေသည်။
ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မနှင့် ရိုးရွဲ တီတို့က လှုပ်ရှားခြင်းမရှိခဲ့ပေ။ သူတို့သည် ပဲ့တင်ထပ် ချီစွမ်းအင်များကို အသင့်စီးဆင်းစေလျက် အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ကြ၏။ သို့သော် ကြယ်ကြွေ နန်းတော်သခင်သည် ရိုးရွဲ သူတော်စင် ယန်ကျိ လှုပ်ရှားသည်ကို မြင်သည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။
သူမ... ထွက်ပြေးသွားခဲ့သည်။
ဘုန်း...
ချက်ချင်းပင် သူမသည် အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်ဆီသို့ ရူးသွပ်စွာ ပြေးသွားခဲ့သည်။ သူမ၏ လုပ်ရပ်များကို အနည်းငယ်မျှပင် ဖုံးကွယ်မထားခဲ့ပေ။ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရိုးရွဲ သူတော်စင်များထဲမှ မည်သူကမျှ သူမကို အပြစ်မတင်ခဲ့ကြချေ။ စိတ်အာရုံ နယ်ပယ်မှ စောင့်ကြည့်နေသူများကလည်း အပြစ်မဆိုခဲ့ကြပေ။
ဝေ့ဝူယင်က သူတို့ထဲမှ အားအနည်းဆုံးသူများကို စနစ်တကျ ဖယ်ရှားပစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် နောက်ထပ် ပစ်မှတ် ဖြစ်နေသည်မှာ ထင်ရှားလှပေ၏။ သူမသည် ရိုးရွဲ သူတော်စင် တစ်ပါး မဟုတ်သော နောက်ဆုံးကျန်ရစ်သည့် ကောင်းကင်ငယ် တမန်တော်တစ်ဦး ဖြစ်နေသည်။ သူမသည် လွတ်မြောက်ရန်နှင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ လုံခြုံမှုကို ရှာဖွေရန် အနည်းငယ်မျှပင် မတုံ့ဆိုင်းခဲ့ချေ။
သူမသည် အရှိန်မြှင့်တင်ရေး စွမ်းအင်များ ထည့်သွင်းထားသော အဆောင်များနှင့် အထွတ်အထိပ် လျှို့ဝှက်လောက လက်နက်တစ်ခုဖြစ်သော သွေးရောင် တောင်ပံများ၏ အကူအညီဖြင့် သူမ၏ အမြန်ဆုံး လှုပ်ရှားမှု ကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ သူမသည် အာကာသကို ဖြတ်တောက်ကာ အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းသွားခဲ့၏။ မသိမသာပင် သူမသည် အရှိန်ပိုရရန်အတွက် သူမ၏ ပဲ့တင်ထပ် ဝိညာဉ်ကို လောင်ကျွမ်းစေရန် အသင့်ဖြစ်နေခဲ့သည်။
သူမ၏ အစစ်အမှန် ဝိညာဉ်အတွင်းရှိ လုံးဝဥဿုံ ထိတ်လန့်ကြောက်ရွံ့မှုကို မဖော်ပြလျှင် ကြီးလေးသော မတရားမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။ သူမနှင့် အင်အားမကွာလှဟု ယူဆထားသော ကျွမ်းကျင်သူ နှစ်ဦးသည် အချိန်တိုအတွင်း ခေါင်းဖြတ်ခံလိုက်ရသည်။ သူမ အလွန်တရာ ထိတ်လန့်နေခဲ့သည်။ သူမ ကြောက်ရွံ့နေသည်မှာ လုံးဝကို မှန်ကန်လှပေသည်။
ပေါက်ကွဲမှုအတွင်း ရရှိခဲ့သော သူမ၏ ဒဏ်ရာများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ပျံသန်းမှုကြောင့် ထိုဒဏ်ရာများက ပိုမိုဆိုးရွားလာကာ သူမ၏ နှုတ်ခမ်း၊ နားနှင့် မျက်လုံးများမှ သွေးများ ယိုစိမ့်ထွက်လာစေသည်။ သူမသည် မည်သည့်အရာကိုမျှ အနည်းငယ်မျှပင် ချန်လှပ်မထားခဲ့ချေ။
ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မနှင့် ရိုးရွဲ တီတို့သည် လောကသုံးထောင် အဆောင် အကာအကွယ် အစီအရင်၏ စွမ်းအားကို ကောင်းစွာ သတိထားမိကြသည်။ ထိုအစီအရင်ကို ဖြန့်ကြက်လိုက်သည်နှင့် တစ်ပြိုင်နက် ရိုးရွဲ တီက သူ့အနေဖြင့်ပင် ထိုအစီအရင်ကို ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်ဟု ချက်ချင်း ကြေညာခဲ့၏။ ဤအကြောင်းကြောင့် သူတို့သည် သူတို့၏ စွမ်းအားကို အလဟဿ မဖြုန်းတီးခဲ့ကြပေ။
သို့သော် ရိုးရွဲ သူတော်စင် ယန်ကျိက ထိုအစီအရင်ကို လွှမ်းမိုးရန် သူ၏ ရိုးရွဲ အာဏာကို အသုံးချရန် မျှော်လင့်ခဲ့သည်။ ဝေ့ဝူယင် လုပ်ခဲ့သကဲ့သို့ ထိုအစီအရင်ကို ကျော်ဖြတ်နိုင်ရန်လည်း ရည်ရွယ်ခဲ့၏။ သို့ရာတွင် သူ၏ နတ်ဘုရားတမျှ စွမ်းအားက အစီအရင်တစ်ဝိုက်ရှိ အာကာသ ဒိုင်မန်းရှင်းများကို အပြည့်အဝ ပိတ်လှောင်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။ အတွင်းရှိသူများထံ ရောက်ရှိစေရန် အာကာသကို လျစ်လျူရှုသော မည်သည့်တိုက်ခိုက်မှုမျိုးကိုမျှ မလုပ်နိုင်ခဲ့ချေ။
သူသည် အာကာသ ဥပဒေသကို ပိုင်ဆိုင်သော ရိုးရွဲ သူတော်စင် တစ်ပါး ဖြစ်သောကြောင့် ဂလက်ဆီတစ်ခွင်လုံးတွင် ရှောင်တိမ်းရန် သို့မဟုတ် ခန့်မှန်းရန် အလွန်ခက်ခဲပြီး ချက်ချင်းထိမှန်နိုင်သော တိုက်ခိုက်မှုများ ရှိထားခဲ့သည်။ သို့သော် ထိုတိုက်ခိုက်မှု အားလုံးသည် အစီအရင်၏ စွမ်းအားကြောင့် ပျက်ပြယ်သွားခဲ့ရလေသည်။
လက်သီးဖြင့် ထိုးချလိုက်ပြီးနောက် ရိုးရွဲ သူတော်စင် ယန်ကျိက အစီအရင်ကို စိုက်ကြည့်လိုက်သည်။ ရိုးရွဲ အာဏာကို အသုံးပြုခြင်းသည် သူ၏ ကောင်းကင် ပဲ့တင်ထပ် ချီစွမ်းအင်များကို အတိုင်းအဆမရှိ ကုန်ဆုံးစေပြီး၊ သူ၏ ကောင်းကင်ငယ်ကို ဖိအားများစွာ သက်ရောက်စေ၏။ ၎င်းသည် ဝိညာဉ်ဆင်းတု၊ ကြယ်တာရာဆင်းတု သို့မဟုတ် လျှို့ဝှက်ဆင်းတုများကဲ့သို့ပင် သူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရပေသည်။ ဒုတိယအကြိမ် တိုက်ခိုက်ရန် သူ မရဲဝံ့တော့ချေ။
အာကာသ နံရံများကို ခိုင်မာစေပြီးနောက် ရိုးရွဲ သူတော်စင် ယန်ကျိသည် သူ၏ ရိုးရွဲ အာဏာ အသုံးပြုမှုကို ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်နှာတွင် ဒေါသများ အထင်းသား ပေါ်လွင်နေ၏။
ဝေ့ဝူယင်က မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ရိုးရွဲ သူတော်စင် ယန်ကျိ ယခုလေးတင် ထုတ်ဖော်ပြသခဲ့သော စွမ်းအားမှာ အံ့မခန်းပင် ဖြစ်သည်။ ရိုးရွဲ သူတော်စင် တစ်ပါး၏ အစစ်အမှန် စွမ်းအား အတိမ်အနက်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့၏။ ရိုးရွဲ သူတော်စင် ယန်ကျိ၊ ရိုးရွဲ တီ နှင့် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မ တို့ကို သူ ကြည့်လိုက်သည်။ ဤရိုးရွဲ သူတော်စင်များတွင် သူ့ထက် များစွာ သာလွန်သော စွမ်းအားများ ရှိကြသော်လည်း ထိုစွမ်းအားကို ထုတ်ဖော်ရန် ခက်ခဲပြီး ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလေသည်။
"အစီအရင်ကို ပိတ်လှောင်လိုက်ကြစို့...."
ရိုးရွဲ သူတော်စင် ယန်ကျိက အော်ဟစ်လိုက်သည်။ သူသည် ဝေ့ဝူယင်ကို ဤနေရာတွင် ထာဝရ ချည်နှောင်ထားမည့် အစီအရင်များနှင့် သိုင်းကျင့်စဉ် အထပ်ထပ်ကြားတွင် ပိတ်လှောင်ထားချင်နေ၏။ အကယ်၍ သူက သူ့အပိုင်မဟုတ်သော လိပ်ခွံတစ်ခုထဲတွင် ပုန်းအောင်းရန် ကြိုးစားနေပါက ၎င်းသည် သူ၏ အကျဉ်းထောင် ဖြစ်လာနိုင်ပေသည်။
သို့သော် ရိုးရွဲ မဟူရာ မုဆိုး အရှင်သခင်မနှင့် ရိုးရွဲ တီတို့က နားမထောင်ခဲ့ကြပေ။ ထိုအစား ဝေ့ဝူယင်ကိုသာ အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့ကြ၏။ သူတို့က လူမိုက်များ မဟုတ်ကြပေ။ ဝေ့ဝူယင်သည် အစီအရင်ထဲသို့ မည်သည့် သတိပေးချက်မျှမရှိဘဲ ဝင်ရောက်သွားနိုင်ခဲ့ရာ သူက အစီအရင်ထဲမှလည်း ပြန်ထွက်နိုင်သည်ဆိုသည့် သွယ်ဝိုက်သော အဓိပ္ပာယ်သက်ရောက်နေပေသည်။ အာကာသ ကျင့်ကြံသူ ရိုးရွဲ အာဏာရှင်ပင် ဖောက်ထွင်း၍မရသော အစီအရင်ထဲသို့ သူ မည်သို့ ဝင်ထွက်နေသည်ကို နားမလည်ဘဲ အစီအရင်ကို ပိတ်လှောင်ရန် ကြိုးစားခြင်းမှာ အချည်းနှီးသာ ဖြစ်သည်။ ရန်သူကို တန်ပြန်ရန်အတွက် သူတို့၏ စွမ်းအားက မည်သို့ အလုပ်လုပ်သည်ကို ဦးစွာ နားလည်ရန် လိုအပ်ပေသည်။
***