အခန်း (၁၁၅၃-၁၁၅၄)
Vol. 99 Ch. 1153-1154
အခန်း ၁၁၅၃
ရှောင်းယီသည် ဗီလာသို့ ပြန်ရောက်ပြီးနောက် ဓာတ်ခွဲခန်းသို့ ချက်ချင်းပင် အပြေးအလွှား သွားလိုက်သည်။
“ရှေ့တန်းက ဟင်းလင်းပြင်ကို တကယ်ပဲ တည်ငြိမ်အောင် လုပ်နိုင်ပြီလား။”
ရှောင်းယီက တိုက်ရိုက်ပင် မေးလိုက်သည်။
“ဟုတ်ကဲ့ လုပ်နိုင်ပါပြီ။ ရှေ့တန်းက လေဟာနယ်တံခါးရဲ့ အဆုံးသတ်ပိုင်းကို သုတေသနပြုချက်အရ ကျုပ်တို့ ဟင်းလင်းပြင်ကို တည်ငြိမ်စေမယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။”
ဉာဏ်ရည်တုစက်ရုပ်တစ်ကောင်က ပြန်ဖြေလိုက်သည်။
အကယ်၍ လေဟာနယ်တံခါးပေါ်တွင် ဟင်းလင်းပြင်ကို တည်ငြိမ်စေမယ့် နည်းပညာသာ မရှိခဲ့လျှင် ရှေ့တန်းစစ်မျက်နှာအနီးရှိ လေဟာနယ်တံခါး၏ အဆုံးသတ်ပိုင်းသည် သေချာပေါက် ပရမ်းပတာဖြစ်သွားမည်ဖြစ်ပြီး တည်နေရာကူးပြောင်းမည့် ရည်ရွယ်ချက်ကိုလည်း အောင်မြင်နိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ရှောင်းယီတွင် အဆင့်မြင့်ဓာတ်ခွဲခန်းနှင့် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို အထူးပြုသည့် ဉာဏ်ရည်တုစက်ရုပ်များ ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် ဗဟုသုတ မရှိသော ရှောင်းယီကဲ့သို့ လူသားများအပေါ်တွင်သာ လုံးလုံးလျားလျား အမှီပြုခဲ့ရမည်ဆိုလျှင် နောက်ထပ် အနှစ်တစ်ရာကြာလျှင်ပင် ယခုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
“ဒါ အရမ်း ကောင်းတယ်။ လေဟာနယ်ကို တည်ငြိမ်အောင် ဘာတွေလုပ်ဖို့ လိုလဲ။”
ရှောင်းယီက အလောတကြီး မေးလိုက်သည်။
ရှောင်းယီအနေဖြင့် လက်ရှိတွင် သုတေသနလုပ်ငန်းစဉ် အသေးစိတ် သို့မဟုတ် နောက်ခံသီအိုရီ နိယာမများကို သိရှိရန် မလိုအပ်ပေ။ သူ သိရန်လိုအပ်သည်မှာ ရှေ့တန်းစစ်မျက်နှာရှိ လေဟာနယ်ကို မည်သို့တည်ငြိမ်အောင် လုပ်ရမည်ဆိုသည်ကိုသာ ဖြစ်သည်။
ဉာဏ်ရည်တုစက်ရုပ်သည် ဘေးနားမှ အနက်ရောင် သေတ္တာငယ်လေး အနည်းငယ်ကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီ အနက်ရောင် သေတ္တာလေးတွေကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်တဲ့ လေဟာနယ်ရဲ့ ထောင့်လေးထောင့်မှာ ချထားပေးရပါမယ်။ လောလောဆယ် တည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့ အတိုင်းအတာကတော့ ကန့်သတ်ချက်ရှိပါသေးတယ်။ လက်ရှိမှာတော့ အနားတစ်ဖက်ကို မီတာ ၁၀၀ ရှိတဲ့ ကုဗတုံးပုံစံ ဟင်းလင်းပြင်အကျယ်အဝန်းကိုပဲ တည်ငြိမ်အောင် လုပ်ပေးနိုင်ပါသေးတယ်။”
“ဒါဆို လုံလောက်ပြီ။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
“ငါ လောလောဆယ် လေးလုံးပဲ ယူသွားမယ်။ မင်းတို့ ဒီမှာ ဟင်းလင်းပြင်တည်ငြိမ်စက်တွေကို ဆက်ပြီး ထုတ်လုပ်ပြီး သုတေသနလုပ်နေလိုက်ပါ။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
စက်ရုပ်က ပြန်ဖြေလိုက်သည်။
ရှောင်းယီ၏ လက်ထဲရှိ သေတ္တာလေး လေးလုံးမှာ သိပ်မကြီးသဖြင့် သူသည် ရင်ဘတ်ထဲသို့ တိုက်ရိုက်ထည့်လိုက်ပြီးနောက် မိုဘိုင်းလ်ဖုန်းကိုထုတ်ကာ ရှိခုန်း ထံသို့ ဖုန်းခေါ်လိုက်သည်။
“မင်္ဂလာပါ ကျွန်းပိုင်ရှင် ကျုပ်ကို ခိုင်းစရာ ရှိလို့လား။”
ရှီခုန်းက မေးလာခဲ့သည်။
“ဟုတ်တယ်။ လူနည်းနည်းလောက် စုစည်းလိုက်ပါ။ အလတ်စား တည်နေရာ ကူးပြောင်းခြင်း အစီအရင်တစ်ခုကို ရှေ့တန်းဆီ အမြန်ဆုံး ရွှေ့ပြောင်းရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
“ကျုပ်ကို သုံးမိနစ်လောက် အချိန်ပေးပါ။”
သုံးမိနစ်အကြာတွင် ရှီခုန်းသည် လူအင်အားကို စုစည်းပြီးသွားပြီ ဖြစ်သဖြင့် သူတို့အားလုံးသည် မြို့ပြန်ကျောက်များကို အသက်သွင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိလာခဲ့ကြသည်။
အစီအရင် တည်ဆောက်ရေး ဝန်ထမ်းများအနေဖြင့် ရှေ့တန်းသို့ ရောက်ရှိဖူးခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး တစ်လောကလုံး မှောင်မှောက်နေသော ကမ္ဘာကြီးကို မြင်လိုက်ရသည့်အခါ သူတို့ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေကြသည်။
“ဒီအတိုင်း ကြည့်မနေကြနဲ့။ ရှီခုန်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ သွားပြီး လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို လဲလှယ်လိုက်ပါ။ ပြီးရင် အစီအရင်ကို ချက်ချင်း တည်ဆောက်တော့။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ရှီခုန်းသည် ကုန်တင်ယာဉ်ခန်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး အစီအရင် တည်ဆောက်ရန် လိုအပ်သော ပစ္စည်းကိရိယာအားလုံးကို လဲလှယ်ရယူလိုက်သည်။
ထိုအချိန်တွင် ညရှစ်နာရီ ရှိနေပြီဖြစ်သဖြင့် ရှေ့တန်းစစ်ကြောင်းများ၏ ရှေ့သို့ ချီတက်မှုမှာ ရပ်တန့်ထားပြီ ဖြစ်သည်။
ရှောင်းယီသည် ညီညာသော နေရာတစ်ခုကို ရှာဖွေပြီး သူယူဆောင်လာသော အနက်ရောင် သေတ္တာလေး လေးလုံးကို ထောင့်လေးထောင့်တွင် ချထားလိုက်ရာ ပတ်လည် မီတာ ၈၀ ခန့်ရှိသော ဟင်းလင်းပြင် ဧရိယာတစ်ခု ထွက်ပေါ်လာခဲ့သည်။
မကြာမီ ရှီခုန်းတစ်ယောက် အစီအရင်အတွက် ပစ္စည်းကိရိယာများနှင့်အတူ လျှောက်လာခဲ့လေသည်။
“ဒီသေတ္တာလေးလုံးရဲ့ အလယ်ဗဟိုတည့်တည့်မှာ အစီအရင်ကို တည်ဆောက်လိုက်။”
ရှောင်းယီက သူ့ရှေ့မှ ဧရိယာကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရှီခုန်းက ခေါင်းညိတ်ပြလိုက်ပြီး သူခေါ်လာသည့် လူများကို ချက်ချင်း လှမ်းခေါ်ကာ အလုပ်စလုပ်ကြတော့သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ယခုအခါ ဟင်းလင်းပြင်စွမ်းအားနှင့် ကိုက်ညီမှုရှိသော တည်နေရာကူးပြောင်းပေးသူ အမြောက်အမြားကို လေ့ကျင့်ပေးထားပြီးဖြစ်ရာ အများစုမှာ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
ဤမျှများပြားလှသော တည်နေရာကူးပြောင်းပေးသူများ အတူတကွ လက်တွဲလုပ်ဆောင်ကြသဖြင့် တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင် တည်ဆောက်မှု ပြီးစီးသွားခဲ့သည်။
“အခု အမြန်နှုန်းက တကယ့်ကို ပိုပိုပြီး မြန်လာတာပဲ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ မှတ်ချက်ပြုလိုက်သည်။ ထိုစကားကို ကြားသောအခါ ရှီခုန်းက ပြုံးကာ ပြောလိုက်သည်။
“လူတွေအများကြီး အတူတူလုပ်ကြတာဆိုတော့ အရင်ကထက် အများကြီး ပိုမြန်သွားတာပေါ့။”
“အင်း... နောက်ပိုင်းကျရင် ကျုပ်တို့ ဒီအစီအရင်ကို မကြာခဏ ရွှေ့ပြောင်းရဖို့ ရှိလိမ့်မယ်။ အဲ့ဒါကြောင့် ခင်ဗျားရဲ့အဖွဲ့ကို အသင့်အနေအထား ပြင်ခိုင်းထားလိုက်ပါ။”
ရှောင်းယီက သတိပေးလိုက်သည်။
ရှေ့တန်းစစ်မျက်နှာသည် အမြဲတစေ ရှေ့သို့တိုးချဲ့နေသဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်သည် ဤနေရာတစ်ခုတည်းတွင် ထာဝရရှိနေနိုင်မည်မဟုတ်ပေ။
“ဟုတ်ကဲ့ပါ။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ဟင်းလင်းပြင်တည်ငြိမ်မှုနှင့် ပတ်သက်၍ လမ်းညွှန်ချက်အချို့ကို ထပ်မံပေးလိုက်ပြီးနောက် ရှီခုန်းနှင့် အခြားသူများကို အနားယူရန် ပြန်လွှတ်လိုက်ပြီး တည်နေရာကူးပြောင်းခြင်းလုပ်ငန်းစဉ်များကို တာဝန်ယူရန်အတွက် တည်နေရာကူးပြောင်းပေးသူ နှစ်ဦးကိုသာ ချန်ထားရစ်ခဲ့သည်။
ရှီခုန်းနှင့် အခြားသူများ ပြန်သွားပြီးနောက် ရှောင်းယီသည် မီစီတို့ သုံးဦးကို သွားရှာကာ တည်နေရာကူးပြောင်းခြင်း အစီအရင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
“ဒါက တကယ်ပဲ အလုပ်ဖြစ်မှာ သေချာလို့လား။”
ဟူကျဲသည် ထိုသေတ္တာငယ်လေး လေးလုံးက ဟင်းလင်းပြင်ကို တည်ငြိမ်စေနိုင်သည်ဟူသောအချက်ကို ယခုအထိ မယုံကြည်နိုင်သေးဘဲ မေးလိုက်သည်။
“စိတ်ချပါ။ ဘာပြဿနာမှ မရှိစေရဘူး။”
ရှောင်းယီသည် သူ၏ဓာတ်ခွဲခန်းအပေါ် အလွန်အမင်း ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။
ထို့နောက် ရှောင်းယီသည် သူကိုယ်တိုင် အစီအရင်ထဲသို့ အရင်ဆုံး လှမ်းဝင်လိုက်တော့သည်။ အဖြူရောင်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီးနောက် သူ့ပုံရိပ်မှာ အစီအရင်ထဲမှ ပျောက်ကွယ်သွားခဲ့တော့သည်။
“တကယ် အလုပ်ဖြစ်တာပဲ။”
ဟူကျဲသည်လည်း ချက်ချင်း လှမ်းဝင်လိုက်ပြီး တစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။
မီစီနှင့် အခြားသူများသည်လည်း ၎င်းနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။
နောက်တစ်စက္ကန့်တွင် သူတို့သည် လှပသောရှုခင်းများနှင့် လတ်ဆတ်သောလေထု ရှိသည့် ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။ အနည်းဆုံးတော့ ရှေ့တန်းစစ်မျက်နှာကဲ့သို့ မွန်းကြပ်စရာကောင်းသော ခံစားချက်မျိုးထက် အများကြီး ပို၍ကောင်းမွန်နေပေသည်။
တောက်ပသော လရောင်အောက်တွင် မြင့်မားသောအဆောက်အဦးများ တစ်ခုပြီးတစ်ခု စီတန်းနေသည်ကို သူတို့ မြင်တွေ့လိုက်ရသဖြင့် သူတို့၏မျက်လုံးများထဲ၌ ဝေခွဲမရဖြစ်မှုများ ပေါ်ပေါက်လာခဲ့သည်။
“ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီကနေ ကြိုဆိုပါတယ်။ အခု ငါတို့က အပန်းဖြေစခန်း အနီးမှာ ရှိနေတယ်။ အပန်းဖြေစခန်းထဲကို အရင်သွားကြည့်ချင်ကြလား။”
ရှောင်းယီက မေးလိုက်သည်။
ဟူကျဲကတော့ သဘာဝအတိုင်း သွားကြည့်ချင်နေသော်လည်း မီစီက ပြောလိုက်သည်။
“ရှင်တို့ရဲ့ စိုက်ပျိုးရေးခင်းတွေကို အရင်သွားကြည့်ရအောင်။”
ဟူကျဲမှာလည်း ဘာမှမတတ်နိုင်ဘဲ လက်လျှော့လိုက်ရတော့သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ငါတို့ ဆက်ပြီး တည်နေရာကူးပြောင်းကြတာပေါ့။”
သူတို့သည် တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ထပ်မံအသုံးပြုကာ ရှောင်းယီ၏ ဗီလာအနီးသို့ ရောက်ရှိလာခဲ့ကြသည်။
ယခုအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ပင်မကျွန်းမှာ အလွန်ကြီးမားလှသဖြင့် အချိန်ကုန်သက်သာစေရန် တည်နေရာကူးပြောင်းခြင်း အစီအရင်ကို မဖြစ်မနေ အသုံးပြုရခြင်း ဖြစ်သည်။
ထိုနေရာကို ကူးပြောင်းကာ ရောက်ရှိလာပြီးနောက် တံတိုင်းပေါ်ရှိ ဂိတ်တံခါးကို လှမ်းကြည့်ရင်း ရှောင်းယီတစ်ယောက် ကူကယ်မဲ့စွာ ပြောလိုက်သည်။
“ဂိတ်တံခါးက အရမ်းသေးနေတော့ မင်းတို့ တံတိုင်းကိုပဲ ကျော်တက်ခဲ့လိုက်ပါ။”
“တံတိုင်းကို ကျော်ရမှာလား။”
ဟူကျဲသည် သူ့ရှေ့မှ မြို့တံတိုင်းကို ကြည့်ကာ မသေချာဟန်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့တံတိုင်းက ကျုပ်တို့တက်လိုက်ရင် ပြိုကျသွားမှာ စိုးရိမ်မိတယ်။”
ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးလိုက်မိသည်။
“စိတ်ချပါ။ မင်းတို့က အဲ့ဒီလောက်လည်း မလေးပါဘူး။”
“သေချာလို့လား။”
ဟူကျဲက မယုံကြည်နိုင်ဟန် ဖြစ်နေဆဲပင်။
“သေချာတာပေါ့။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေကတောင် ဒီတံတိုင်းကို ပျက်စီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်း စမ်းကြည့်လို့ရတယ်။”
အခြေအနေက ဤသို့ဖြစ်လာသည့်အတွက် ဟူကျဲတစ်ယောက် လုံးဝမကျေနပ်ဖြစ်သွားခဲ့လေသည်။
“ကျုပ် တိုက်လို့ ပျက်စီးသွားရင် လျော်ကြေးမပေးနိုင်ဘူးနော်။”
“ရပါတယ်။ ငါ မင်းကို လျော်ကြေးမတောင်းပါဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ထို့နောက် ဟူကျဲသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တံတိုင်းပေါ်သို့ တိုက်ရိုက် ထိုးချလိုက်တော့သည်။
“ဘုန်း...”
ကျယ်လောင်လှသော အသံကြီးတစ်ခု မြည်ဟည်းသွားခဲ့သည်။ ဟူကျဲ၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မာနေရတာလဲ။ အား... ငါ့လက်သီးတော့ သေပါပြီ။’
သို့သော်လည်း အပြင်ပန်းတွင်မူ သူ အောင့်အည်းထားရသည်။ ဟူကျဲသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ရင်း ပြောလိုက်သည်။
“မဆိုးပါဘူး။ ခင်ဗျားတို့တံတိုင်းက တော်တော်လေး ခိုင်ခံ့သားပဲ။ ကောင်းပြီ... ကျော်ကြစို့။”
ဤသို့ပြောနေစဉ်တွင် ဟူကျဲ နောက်ကျောဘက်၌ ဝှက်ထားသော သူ၏ညာလက်မှာ အနည်းငယ် တုန်ရင်နေခဲ့သည်။
ဘေးနားရှိ မီစီသည် ဟူကျဲ၏ အရှက်ရနေသော အခြေအနေကို မြင်လိုက်ရသဖြင့် အံ့သြရသလို ရယ်လည်း ရယ်ချင်သွားခဲ့သည်။
ဤအပြင်လူ၏ တံတိုင်းက ဤမျှအထိ ခိုင်မာတောင့်တင်းနေလိမ့်မည်ဟု သူမ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။
ရှောင်းယီသည် ဟူကျဲ၏ ကွယ်ဝှက်ထားသော အပြုအမူကို ဖွင့်မပြောတော့ဘဲ ပင်မဂိတ်တံခါးမှတစ်ဆင့် တိုက်ရိုက် လှမ်းဝင်သွားလိုက်တော့သည်။
ဟူကျဲနှင့် ဧရာမဘီလူးကြီး သုံးဦးမှာမူ တံတိုင်းကို ကျော်တက်ကာ သတိကြီးစွာဖြင့် အတွင်းသို့ လှမ်းဝင်လာခဲ့လိုက်ကြသည်။
အကြောင်းမှာ တံတိုင်းအတွင်းဘက်တွင် အခြားသော အဆောက်အဦးများစွာရှိနေသလို လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် ဆောက်လုပ်ထားသော စင်္ကြံလမ်းများလည်း ရှိနေသောကြောင့်ပင်။
အတွင်းသို့ ဝင်လာပြီးနောက်တွင် မီစီသည် ခြံဝင်းအတွင်းရှိ ဧရာမ ကောက်ပဲသီးနှံများကို ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
“ရှင်တို့ ဒါတွေကို တကယ်ပဲ အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့တာလား။ ပြီးတော့ ကျွန်မတို့စိုက်ခဲ့တာတွေထက်တောင် ပိုပြီးတော့ သန်စွမ်းဖြစ်ထွန်းနေသေးတယ်။”
မီစီက အံ့အားသင့်တုန်လှုပ်စွာ ရေရွတ်လိုက်လေသည်။
မီစီ၏နောက်မှ လိုက်ပါလာသော အခြားအမျိုးသမီးဧရာမဘီလူးသည်လည်း ထပ်တူပင် အံ့အားသင့်သွားခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ဆီက စိုက်ပျိုးရေက ငါတို့ရဲ့ ကောက်ပဲသီးနှံတွေ ကြီးထွားမှုကို တကယ်ပဲ ထောက်ပံ့ပေးနိုင်တာလား။”
မီစီက အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“သူတို့က စိုက်ပျိုးရေအတွက် အဆင့်မြင့်ရေကို သုံးထားတာ ဖြစ်ရမယ်။”
အခန်း ၁၁၅၄
“စိုက်ပျိုးရေသွင်းဖို့အတွက် အဆင့်မြင့်ရေကို သုံးတာလား။”
၎င်းကို ကြားလိုက်ရသောအခါ ဟူကျဲတစ်ယောက် အံ့အားသင့်သွားခဲ့သည်။
“ဒါက ဖြုန်းတီးလွန်းတာပဲ။”
“သူတို့ရဲ့ မဟာမိတ်အဖွဲ့က ထိပ်တန်းအဆင့် စားသောက်ကုန်တွေကို အမြားအပြား ထုတ်လုပ်နိုင်တယ်ဆိုကတည်းက သူတို့ဆီမှာ ထိပ်တန်းအဆင့် ရေထောက်ပံ့မှုလည်း အများကြီးရှိနေလို့ ဖြစ်ရမယ်။”
မီစီက ပြန်ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက လက်ဟန်ပြကာ ဖိတ်ခေါ်လိုက်သည်။
“ခြံဝင်းထဲကို ဝင်ခဲ့ကြပါ။ ကျုပ်တို့ရဲ့ စိုက်ပျိုးရေးပညာရှင် လောင်ယွမ်ကို ခြံဝင်းအကြောင်း မိတ်ဆက်ပေးခိုင်းပါရစေ။”
မီစီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ၎င်းတို့သုံးဦးသည် ခြံဝင်းထဲသို့ သတိကြီးစွာဖြင့် လျှောက်ဝင်လာခဲ့ကြသည်။
ယွမ်နွန်သည် ဤဧရာမဘီလူးများကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားမိခဲ့သည်။ သူ့အတွက် ဧရာမဘီလူးများနှင့် ဤမျှနီးကပ်သော အကွာအဝေးမှ ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သည်။
“မင်္ဂလာပါ။ ကျုပ်က ယွမ်နွန်ပါ။ ဒီခြံဝင်းကို တာဝန်ယူ စီမံခန့်ခွဲနေတဲ့သူပါ။ ဒီခြံဝင်းက အုတ်မြစ်ကျောက်ကျွန်းရဲ့ ပံ့ပိုးမှုအာနိသင်တွေနဲ့ ခြံဝင်းရဲ့ ကိုယ်ပိုင်ဂုဏ်သတ္တိတွေကြောင့် သီးနှံတွေရဲ့ ကြီးထွားမှုနှုန်းက အရမ်းကို မြန်ဆန်ပါတယ်။ အဲ့ဒါကြောင့် မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ ရိက္ခာ ၅၀ ရာခိုင်နှုန်းကျော်ကို ဒီနေရာကပဲ ထုတ်လုပ်ပေးနေတာပါ။”
ယွမ်နွန်က မိတ်ဆက်ပေးလိုက်သည်။
“ခင်ဗျားတို့ မြင်တွေ့ရတဲ့အတိုင်း စိုက်ခင်းတွေရဲ့ တစ်ဝက်လောက်မှာ ခင်ဗျားတို့ ဧရာမဘီလူးမျိုးနွယ်ရဲ့ သီးနှံတွေကို စိုက်ပျိုးထားပြီး သူတို့ရဲ့ ကြီးထွားမှု အခြေအနေကလည်း အလွန်ကောင်းမွန်ပါတယ်။”
မီစီက စိမ်းလန်းစိုပြည်နေသော သီးနှံများကို ကြည့်ကာ မေးလိုက်သည်။
“ဒီခြံဝင်းထဲက သီးနှံတွေကို ရေသွင်းဖို့ ဘယ်လိုရေအမျိုးအစားကို သုံးတာလဲ။”
“အားလုံးက SSS အဆင့် ရေတွေပါ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
ဤခြံဝင်းသည် စိုက်ပျိုးရေအတွက် အဆင့်မြင့်ရေကို အသုံးပြုထားသည်ဟု ၎င်းတို့ ကြိုတင်ခန့်မှန်းထားခဲ့ကြသော်လည်း ယွမ်နွန်၏ ပါးစပ်မှ ကိုယ်တိုင်ပြောသည်ကို ကြားလိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်အံ့သြသွားမိကြဆဲပင်။
“ရှင်တို့ မဟာမိတ်အဖွဲ့မှာ အဲ့ဒီလို ထိပ်တန်းအဆင့်ရေတွေ အများကြီး ရှိနေတာလား။”
မီစီက အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါပေါ့။ မကုန်နိုင်ဘူးလို့တောင် ပြောလို့ရပါတယ်။”
ယွမ်နွန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ဟစ်...
ဟူကျဲ အပါအဝင် ဧရာမဘီလူးသုံးဦးစလုံး အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည့်အရှိန်ကြောင့် ခြံဝင်းအတွင်း လေပွေတိုက်ခတ်မှုတစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။
မီစီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက်ပြန်သည်။
“ရှင်တို့ရဲ့ ခြံဝင်းက သာမန်အဆင့် အစားအစာတွေကိုလည်း အဆင့်မြင့် အစားအစာတွေအဖြစ် ပြောင်းလဲပေးနိုင်တာလား။”
ယွမ်နွန်က ပြုံးလိုက်သည်။
“ဒါကိုတော့ ကျွန်းပိုင်ရှင်ကိုပဲ မေးရလိမ့်မယ်။”
မီစီက ရှောင်းယီကို လှည့်ကြည့်လိုက်သည်။ ရှောင်းယီက ပုခုံးတွန့်ပြလိုက်၏။
“ဒါက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးလျှို့ဝှက်ချက်မို့လို့ လောလောဆယ် ပြောပြဖို့ အဆင်မပြေသေးဘူး။”
“နားလည်ပါပြီ။”
မီစီက ဆိုသည်။
“ဧရာမဘီလူးလူမျိုးတွေအတွက် ရိက္ခာတွေ အများကြီး ထောက်ပံ့ပေးနိုင်တယ်လို့ ရှင် ဘာလို့ ဒီလောက် ယုံကြည်မှုလွန်ကဲနေလဲဆိုတာ မဆန်းတော့ပါဘူး။”
“လက်နက်ကောင်းမရှိဘဲ တိုက်ပွဲဝင်လို့ မရဘူးလေ။”
ရှောင်းယီက ဆိုလိုက်သည်။ မီစီက ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ကို ရှင်တို့ရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဆီ ခေါ်သွားပေးပါဦး။”
ယွမ်နွန်က လက်ဟန်ပြလိုက်သည်။
“ဒီဘက်ကို ကြွပါ။”
ယွမ်နွန်သည် ၎င်းတို့အား မြေကွက်အသေးလေးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ရှေ့တွင်ရှိနေသော နာနတ်ပွင့်၊ စီချွမ်းငရုတ်ကောင်း၊ ဇီရာနှင့် အခြားအပင်များကို ညွှန်ပြကာ ရှင်းပြလိုက်သည်။
“ဒါတွေပါပဲ။ အများစုကတော့ ရိတ်သိမ်းပြီး အမှုန့်ကြိတ်ပြီးရင် အစားအစာထဲကို ထည့်လိုက်ရုံပဲ။”
မီစီသည် မြေပြင်ပေါ်သို့ ဝပ်ချလုနီးပါး ကုန်းလိုက်ကာ အပင်များ၏ အနံ့ကို နမ်းရှူကြည့်လိုက်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မတို့ကို ဒီဟင်းခတ်အမွှေးအကြိုင်တွေထဲက နည်းနည်းလောက် ပေးလို့ရမလား။”
မီစီက မေးလိုက်သည်။
“ဒါပေါ့။ ပြီးခဲ့တဲ့အကြိမ်ကတည်းက သဘောတူထားပြီးသား မဟုတ်လား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“လောင်ယွမ် ပြင်ထားပြီးပြီလား။”
“ဟုတ်ကဲ့။ ပြင်ဆင်ထားတာ ကြာပါပြီ။ အပြင်က ကားထဲမှာ ရှိပါတယ်။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“ခင်ဗျားတို့ ပြန်တဲ့အခါ တစ်ခါတည်း ယူသွားလိုက်ပါ။”
ရှောင်းယီက ပြောလိုက်ပြီးနောက် ယွမ်နွန်ကို မေးလိုက်သည်။
“လောင်ယွမ် ခင်ဗျားမှာ အခြားမေးစရာ မေးခွန်းတွေ ရှိသေးတယ် မဟုတ်လား။”
ယွမ်နွန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ရှေ့တက်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ ကျုပ်တို့ကို ပေးထားတဲ့ ဒီဧရာမသီးနှံတွေက ခင်ဗျားတို့ဆီမှာ ရှိသမျှ အသီးအနှံ အမျိုးအစားအားလုံးလား။”
“ဟုတ်တယ်။ ဒါတွေက ကျွန်မတို့ ဧရာမဘီလူးလူမျိုးတွေရဲ့ သီးနှံတွေအားလုံးပဲ။”
မီစီက ပြန်ဖြေလိုက်သည်။
“ဒါဆို ခင်ဗျားတို့ ဒီသီးနှံတွေကို ဘယ်လိုစိုက်ပျိုးကြတာလဲ။ ကျုပ်ရဲ့ တွက်ချက်မှုအရ ခင်ဗျားတို့ဆီမှာ အဆင့်မြင့်မြေဆီလွှာနဲ့ ရေအရင်းအမြစ်တွေ မရှိဘူးဆိုရင် ထွက်နှုန်းက အများကြီး လျော့ကျသွားနိုင်တယ်။ ဒါမှမဟုတ် လုံးဝကို ကြီးထွားလာမှာ မဟုတ်ဘူး။”
ယွမ်နွန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ မီစီတစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
“အမှန်အတိုင်း ပြောရရင် ကျွန်မတို့ကိုယ်တိုင် စိုက်ပျိုးတဲ့အခါ ထွက်နှုန်းက တကယ်ကို အရမ်းနည်းတယ်။ အဲ့ဒါကြောင့်လည်း ဧရာမဘီလူးမျိုးနွယ်မှာ ရိက္ခာတွေ အများကြီး မရှိတာပဲ။ ရှင်တို့ကို ပေးထားတဲ့ သီးနှံမျိုးစေ့တွေကိုတောင် ပြန်လိုချင်ရလောက်အောင် ကပ်စေးနှဲနေရတာလည်း ဒီအကြောင်းကြောင့်ပဲ။”
ယွမ်နွန်က ဆက်မေးလိုက်သည်။
“ဒါဆိုရင် ဧရာမဘီလူးမျိုးနွယ်မှာ အဆင့်မြင့်ရေအရင်းအမြစ်တွေ တကယ် ရှိနေတာပေါ့ ဟုတ်လား။”
“ဟုတ်တယ်။ ဒါပေမယ့် အရမ်းနည်းတယ်။ ငတ်မသေရုံတမယ် ရိက္ခာအချို့ စိုက်ပျိုးနိုင်ဖို့ပဲ လောက်ငှတာပါ။”
မီစီက ပြန်ဖြေလိုက်သည်။
“ဒါကြောင့်ကိုး။”
ရှောင်းယီက ဘေးမှနေ၍ မှတ်ချက်ပြုလိုက်သည်။
ထို့နောက်တွင်တော့ ယွမ်နွန်နှင့် မီစီတို့သည် သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ အချက်အလက်များကို ဆက်လက်ဖလှယ်နေကြပြီး ရှောင်းယီကမူ ယနေ့ ဂရုချက်ထဲတွင် အကြီးအကျယ် ရောင်းချထားမှုမှ ရရှိထားသော အုတ်မြစ်ကျောက်များကို အရင်ဆုံး သွားရောက်သိမ်းဆည်းရန်အတွက် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့လိုက်သည်။
“အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၄၂၃ သန်း။”
“နှစ်ဆ ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၈၄၆ သန်း။”
မကြာသေးမီက စစ်ပွဲများ မကြာခဏ ဖြစ်ပွားနေခဲ့သဖြင့် လူတိုင်း၏ လက်ထဲတွင် အုတ်မြစ်ကျောက် သိပ်မရှိကြတော့ပုံပင်။ ယခင်က နှစ်ဆရိတ်သိမ်းချိန်များတွင် အရောင်းအဝယ်များမှတစ်ဆင့် တစ်ဘီလီယံကျော်အထိ သူ ရရှိနိုင်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ နှစ်ဆတိုးပြီးသည့်တိုင်အောင် တစ်ဘီလီယံပင် မပြည့်တော့ပေ။
ဂရုချက် အရောင်းအဝယ်များမှ ရရှိသော အုတ်မြစ်ကျောက်များမှာ သိပ်မများလှသော်လည်း လေပြာအင်ပါယာက သူ့ထံသို့ သတင်းကောင်းတစ်ခု သယ်ဆောင်လာခဲ့သည်။
လေပြာအင်ပါယာ ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လန်ယုံသည် အုတ်မြစ်ကျောက် ၃၂၆.၈ ဘီလီယံကျော်ကို ထပ်မံ၍ လဲလှယ်ပေးလာခဲ့ပြန်သည်။
“[အုတ်မြစ်ကျောက်] ၃၂၆.၈ ဘီလီယံ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် ချက်ချင်းပင် ထိုလဲလှယ်မှုကို လက်ခံလိုက်သည်။
“အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၃၂၆.၈ ဘီလီယံ။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၆၅၃.၆ ဘီလီယံ။”
ရှောင်းယီသည် အန်းယွဲ့ထံ ဖုန်းဆက်ကာ ပြောလိုက်သည်။
“ကျုပ်တို့ နယ်မြေရဲ့ လက်ရှိပုံသဏ္ဍာန်အတိုင်း ဆက်ပြီး ချဲ့ထွင်လိုက်ပါ။”
ဖုန်းပြောနေစဉ်မှာပင် ရှောင်းယီသည် အုတ်မြစ်ကျောက်များကို အန်းယွဲ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။
“နားလည်ပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
‘ဒီဒေသခံတွေ လက်ထဲမှာ ဘယ်လောက်အထိ အလားအလာ ကျန်နေသေးလဲ မသိဘူး။”
ရှောင်းယီ တစ်ဦးတည်း တွေးတောလိုက်မိသည်။
အုတ်မြစ်ကျောက်များကို ဤကဲ့သို့ လိုက်လံသိမ်းဆည်းပြီးနောက်တွင်မူ ဒေသခံများ၏ လက်ထဲရှိ အုတ်မြစ်ကျောက်အားလုံးကို သူ ညှစ်ထုတ်ယူပြီးသွားပြီလားဟုပင် တွေးမိနေသည်။
“ဖြစ်နိုင်တာက... နောက်ဆုံးကျန်တဲ့ ဒီသုံးနာရီဝန်းကျင်အတွင်းမှာ နောက်ထပ်တစ်သုတ်လောက် ထပ်ပြီး ရိတ်သိမ်းနိုင်ဦးမယ်ထင်တယ်။”
ရှောင်းယီက စိတ်ထဲမှ တွေးလိုက်ပြီးနောက် မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ဤအချိန်တွင် မီစီမှာ ယွမ်နွန်နှင့် စကားကောင်းနေဆဲပင်။ သူမအနေဖြင့် ဝါသနာတူ အကြိုက်တူ အပေါင်းအဖော်တစ်ဦးနှင့် ဆုံတွေ့သွားသည့်နှယ် ရှိနေခဲ့လေသည်။
ရှောင်းယီ အပြင်ထွက်လာသည်ကို မြင်သောအခါ ပျင်းရိနေသည့် ဟူကျဲတစ်ယောက် နောက်ဆုံး၌ စကားပြောဖော်တစ်ယောက် ရှာတွေ့သွားခဲ့တော့လေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း သူတို့က ဒီမှာ စကားပြောနေကြတာဆိုတော့ ကျုပ်တို့ တခြားနေရာတွေကို လျှောက်ကြည့်လို့ ရမလား။”
ဟူကျဲက ပြုံးကာ မေးလိုက်သည်။
“မင်းတို့က အတူတူလာကြတာလေ။ သူတို့ကို မစောင့်ချင်ဘူးဆိုတာ သေချာလား။”
ရှောင်းယီက မီစီနှင့် အခြားတစ်ယောက်ကို ညွှန်ပြရင်း မေးလိုက်သည်။
“သူတို့က ဒီမှာ စိုက်ပျိုးရေးကိစ္စတွေ ဆွေးနွေးနေကြတာလေ။ ကျုပ်တို့ တစ်ခွန်းမှ ဝင်ပြောလို့ မရဘူး။”
ဟူကျဲက မျှော်လင့်ချက်ကင်းမဲ့နေသည့်လေသံဖြင့် ဆိုလိုက်သည်။
ရှောင်ယီသည် ဤကျွန်းအပေါ် အလွန်အမင်း စူးစမ်းလိုစိတ် ပြင်းပြနေသော ဟူကျဲကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“မင်းတို့ ဧရာမဘီလူးမျိုးနွယ်မှာ လူဦးရေဘယ်လောက်ရှိလဲ။”
ရှောင်းယီ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဟူကျီတစ်ယောက် အနည်းငယ် တန့်သွားခဲ့ပြီးနောက် ပြန်ဖြေလိုက်သည်။
“စုစုပေါင်း ၇၁၈ ယောက် ရှိပါတယ်။”
“ဒီလောက်တောင် နည်းတာလား။”
ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
ဟူကျဲက ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်တို့ရဲ့ မျိုးပွားနှုန်းက သဘာဝအတိုင်းကို နည်းပါးတယ်။ ပြီးတော့ ရိက္ခာပြဿနာတွေကြောင့်လည်း ကလေးမွေးလာရင် မကျွေးမွေးနိုင်မှာ စိုးရိမ်လို့ ကလေးမွေးဖို့ မဝံ့ရဲကြဘူး။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“မင်းတို့ ဧရာမဘီလူးမျိုးနွယ်က ဒီလောက်တောင် ရိက္ခာပြတ်လပ်နေတာ ငါတို့ကျွန်းကို လာခဲ့လိုက်။ ဒီလိုဆိုရင် အဲဒီလို စိုးရိမ်ပူပန်မှုမျိုးတွေ ရှိမှာ မဟုတ်တော့ဘူး။ ဒီကို ပြောင်းရွှေ့လာဖို့ မင်းတို့ စဉ်းစားဖူးလား။”
သူက ဆက်မေးလိုက်သည်။
“ဒီကို ပြောင်းရွှေ့လာဖို့ ဟုတ်လား။”
ဟူကျဲ အနည်းငယ် ကြောင်အသွားပြီးနောက် သူ၏ မျက်လုံးများ တောက်ပလာခဲ့သည်။
“ခင်ဗျားတို့နေရာက ကျုပ်တို့ ဧရာမဘီလူးကြီးတွေကို လက်ခံနိုင်လို့လား။”
ရှောင်းယီက ပြုံးလိုက်သည်။
“လာ...ငါ မင်းကို ငါတို့ မဟာမိတ်အဖွဲ့ရဲ့ မိတ်ဆက် ပရိုမိုးရှင်းဗီဒီယိုကို ပြပါရစေ။ ဒါဆိုရင် ဒီမေးခွန်းရဲ့ အဖြေကို မင်း သိသွားလိမ့်မယ်။”