အခန်း (၁၁၅၇-၁၁၅၈)
Vol. 99 Ch. 1157-1158
အခန်း ၁၁၅၇
ရှောင်းယီက အမှန်အကန် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“မသေမျိုး မျိုးနွယ်စုတွေက တကယ်ပဲ နေရာအနှံ့ ရှိနေတဲ့ပုံပဲ။”
ကျားကျန့်က အလောတကြီး မေးလိုက်သည်။
“အဲ့ဒီ မသေမျိုး မျိုးနွယ်စုတွေ ဘယ်နားမှာလဲ။”
ရှောင်းယီ ခေါင်းခါပြလိုက်၏။
“အခုလောလောဆယ်တော့ ကျုပ်လည်း မသိသေးဘူး။ ဒါပေမဲ့ ဒီဟာက စွမ်းအင်အရင်းအမြစ်နဲ့ ဆက်စပ်နေတာဆိုတော့ အဲ့ဒီ စွမ်းအင်ထွက်ရှိတဲ့ နေရာအဝင်အဝမှာ ရှိနေနိုင်တယ်လို့ ကျုပ် သံသယရှိတယ်။”
ရှောင်းယီ၏ စကားကို ကြားပြီးနောက် ကျားကျန့်က လေးနက်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
“မီစီ... လူတွေကို အခုချက်ချင်း သွားပြီးစစ်ဆေးခိုင်းလိုက်။”
“ဟုတ်ကဲ့။”
ဧရာမဘီလူး မျိုးနွယ်စုသည် တည်နေရာရွှေ့ပြောင်းရန်နှင့် ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း ဤနေရာကို မသေမျိုး မျိုးနွယ်စု၏ အသိုက်အအုံ ဖြစ်သွားစေ၍ မရပေ။ သူတို့အနေဖြင့် မသေမျိုး မျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရမည် ဖြစ်သည်။
သို့မဟုတ်ပါက နောင်တစ်ချိန်တွင် သူတို့ မသေမျိုး မျိုးနွယ်စုကို တိုက်ခိုက်သည့်အခါ နောက်ကျောမှ ညှပ်၍အတိုက်ခံရလျှင် အလွန်အန္တရာယ်များလှသည် မဟုတ်ပါလော။
“ကျုပ်ကိုပါ တစ်ခါတည်း ခေါ်သွားပေးပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါက... နည်းနည်း အန္တရာယ်များလွန်းမနေဘူးလား။”
ကျားကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကျုပ်က သေခြင်းတရားစွမ်းအင်ကို ပိုပြီး အာရုံခံနိုင်စွမ်း ရှိတယ်။ ကျုပ်ကို သွားကြည့်ခွင့်ပြုမယ်ဆိုရင် ပိုပြီး မြန်မြန် ရှာတွေ့နိုင်လိမ့်မယ်လို့ ကျုပ် ထင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို အတူတူသွားကြတာပေါ့။”
ကျားကျန့်က သဘောတူလိုက်သည်။
ဧရာမဘီလူးကြီး အုပ်စုတစ်စုသည် ရှောင်းယီကို ခေါ်ဆောင်ကာ အန်းနန်တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ ရှောင်ယီ၏ လက်ရှိ ရုပ်ခန္ဓာကြံ့ခိုင်မှု အဆင့်အတန်းနှင့်ဆိုလျှင် ဤဘီလူးကြီးများ၏ အရှိန်ကို လိုက်မှီရန်မှာ လုံးဝ ပြဿနာမရှိပေ။
စွမ်းအင်ထွက်ရှိရာ နေရာအဝင်အဝတွင် ပြဿနာရှိနိုင်သည်ဟု ရှောင်းယီက ပြောခဲ့သောကြောင့် သူတို့သည် စွမ်းအင်စမ်းရေထွက်ရှိရာ နေရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့ကြသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ရှောင်းယီနှင့် ဧရာမဘီလူးကြီးများအားလုံး တောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။
“တကယ်ပဲ မသေမျိုး မျိုးနွယ်စုတွေ ရှိနေတာပဲ။”
ကျားကျန့်က ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်တော့သည်။
တောင်ထိပ်တွင် နက်မှောင်ပြောင်လက်နေသော ပိုးကောင်ကြီးများ အုပ်စုတစ်စုသည် စွမ်းအင်အရင်းအမြစ်နေရာတွင်တွင် ဝပ်စင်းနေကြပြီး အတွင်းမှ စွမ်းအင်များကို အမြဲမပြတ် စုပ်ယူနေကြသည်။
[မသေမျိုး ပိုးကောင် (SS အဆင့်) - ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားစွာ မာကျောသော အခွံတစ်ခု ရှိသည်။ အခွံပေါ်ရှိ မည်သည့် အချွန်အတက်မဆို ၎င်းတို့၏ လက်နက် ဖြစ်သည်။ မြေပြင် မည်မျှပင် မာကျောပါစေ ဖောက်ထွင်းတူးဆွနိုင်သောကြောင့် ၎င်းတို့သည် မြေအောက်တွင် အများဆုံး လှုပ်ရှားလေ့ရှိကြောင်း သတိပြုပါ။]
ထိုအချိန်တွင် ကျားကျန့်နှင့် ဧရာမဘီလူးကြီး အုပ်စုမှာ ရှေ့သို့ ဝင်ရောက်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ သူတို့သည် လက်ဝါးများ၊ လက်သီးများ သို့မဟုတ် ခြေထောက်များကို သုံး၍ တက်နင်းခြေမွှလိုက်ကြသည်။ ထိုမသေမျိုး ပိုးကောင်များသည် ဧရာမဘီလူးကြီးများ၏ တိုက်ခိုက်မှုကို လုံးဝ မပိတ်ဆို့နိုင်ကြသော်လည်း ၎င်းတို့သည် အိမ်တွင်တွေ့ရသော ပိုးဟပ်များကဲ့သို့ပင်။ အရေအတွက်မှာ အလွန်တရာ များပြားလွန်းသဖြင့် ရိုက်သတ်၍ပင် မကုန်နိုင်တော့ချေ။
ရှောင်ယီသည်လည်း သူ၏ရွှမ်းယွမ်ဓားကို ထုတ်ယူကာ ရှေ့သို့ ပြေးဝင်သွားလိုက်သည်။ ဤမသေမျိုး ပိုးကောင်များသည် ဧရာမဘီလူးကြီးများအတွက် ပိုးဟပ်လေးများကဲ့သို့သာ ဖြစ်သော်လည်း ရှောင်းယီအတွက်မူ နွားပေါက်စတစ်ကောင် အရွယ်အစားခန့် ရှိပေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏လက်ထဲမှ ရွှမ်းယွမ်ဓားမှာ အစွမ်းထက်လှသည်။ အကယ်၍ ဤမသေမျိုး ပိုးကောင်များကို လက်ဗလာဖြင့် တိုက်ခိုက်ရမည်ဆိုပါက အနည်းငယ် ဒုက္ခများပေလိမ့်မည်။
ထိုမသေမျိုး ပိုးကောင်များသည် ဧရာမဘီလူးကြီးများ၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ကြောင်း သိသွားသောအခါ အားလုံး မြေအောက်သို့ စတင်၍ လှိုဏ်ခေါင်းများ တူးကြတော့သည်။
ဤနေရာမှာ တောင်ပေါ် ဖြစ်သော်လည်း ထိုပိုးကောင်များသည် တောင်ကုန်းအောက်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားနိုင်ကြဆဲပင်။
ဧရာမဘီလူးကြီးများသည် အချို့ကိုသာ ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့ပြီး အများစုမှာမူ လွတ်မြောက်သွားခဲ့ကြသည်။
ရှောင်းယီသည် သူ၏ရွှမ်းယွမ်ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး စွမ်းအင်အရင်းအမြစ် တည်ရှိရာနေရာကို ကြည့်လိုက်ရာ စနစ်၏အချက်ပေးစာ ထွက်ပေါ်လာခဲ့သည်။
[ညစ်ညမ်းနေသော စွမ်းအင်အရင်းအမြစ် - မသေမျိုး မျိုးနွယ်စု၏ ညစ်ညမ်းစေမှုကြောင့် ရေအရည်အသွေး ကျဆင်းနေသည်။ ၎င်း၏ အောက်ခြေတွင် စွမ်းအင်သလင်းကျောက် တောင်ကုန်းကိုယ်ထည် ရှိသည်။ စွမ်းအင်သလင်းကျောက်၏ လွှမ်းမိုးမှုအောက်တွင်မှသာ အဆင့်မြင့်ရေများကို ထုတ်လုပ်နိုင်သည်။]
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်းယီ လွန်စွာ တုန်လှုပ်သွားခဲ့သည်။ ဤနေရာ၏ အောက်ခြေတွင် အမှန်တကယ်ပင် စွမ်းအင်သလင်းကျောက် တောင်ကုန်းကိုယ်ထည်ကြီး ရှိနေခြင်းပင်။
“ခေါင်းဆောင်ကျား... ကျုပ် ဒီတောင်ကို မဟာမိတ်အဖွဲ့ ရှိတဲ့ဘက်ကို ရွှေ့ချင်တယ်။”
ရှောင်းယီက ချက်ချင်းပင် နောက်လှည့်ကာ ကျားကျန့်ကို ပြောလိုက်သည်။ ကျားကျန့်က အနည်းငယ် ဆွံ့အသွားပြီး ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... မင်း ဘာပြောလိုက်တာလဲ။”
“ကျုပ် ဒီတောင်ကြီးတစ်ခုလုံးကို ရွှေ့ပစ်ချင်တယ်။”
ရှောင်ယီက အတည်ပြုရန် ပြန်ဖြေလိုက်သည်။
“ဒီလုပ်ငန်းပမာဏက အရမ်းကြီးလွန်းမနေဘူးလား။”
ကျားကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီတောင်အောက်ခြေ တစ်ခုလုံးမှာ စွမ်းအင်သလင်းကျောက်တွေ ရှိနေတယ်။ ကျုပ်တို့ ဒါကို ဒီအတိုင်း ပစ်ထားခဲ့လို့ မဖြစ်ဘူး။”
“ဘာ...”
ကျားကျန့်၏ မျက်လုံးများ ပြူးကျယ်သွား၏။
“မင်း သေချာလား။”
“သေချာတယ်။”
“ဒါဆိုရင် သေချာပေါက် ယူသွားရမှာပေါ့။”
ကျားကျန့်က သဘောတူလိုက်သဖြင့် ရှောင်းယီသည် အန်းယွဲ့ထံသို့ ချက်ချင်း ဆက်သွယ်လိုက်တော့သည်။
“ဦးလေးအန်း... တူးဖော်ရေး စက်ကိရိယာအားလုံးကို ချက်ချင်း ပြင်ဆင်ပြီး ဒီဘက်ကို ပို့ပေးပါ။ ညသန်းခေါင် မတိုင်ခင် ကျုပ် ဒီတောင်တစ်ခုလုံးကို ပြီးအောင်တူးဖော်ရမယ်။”
အန်းယွဲ့တစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့ပြီးနောက် “ကောင်းပြီ” ဟု ချက်ချင်း ပြန်ဖြေလိုက်သည်။
ရှောင်ယီတွင် ယနေ့အတွက် နှစ်ဆ အခြေအနေ ရှိနေ၏။ အကယ်၍ သူသာ ညသန်းခေါင်မတိုင်မီ ပစ္စည်းများကို တူးဖော်မထုတ်ယူနိုင်ပါက ထိုနှစ်ဆအခြေအနေမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
အန်းယွဲ့သည် မဟာမိတ်အဖွဲ့ရှိ ဉာဏ်ရည်တု တူးဖော်ရေးစက် အားလုံးနှင့်အတူ ရောက်ရှိလာရန် ငါးမိနစ်သာ ကြာခဲ့ပြီး လမ်းတွင် အခြား တူးဖော်ရေးစက် အမျိုးအစား အများအပြားကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... ငါတို့ ဘယ်တောင်ကို တူးရမလဲ။”
အန်းယွဲ့က မေးလိုက်သည်။
“ဒီတစ်ခုပဲ။ အထဲမှာ စွမ်းအင်သလင်းကျောက်တွေ ရှိတယ်။ အမြန်ဆုံး ဖြစ်နိုင်သမျှ မြန်မြန် တူးလိုက်ပါ။”
ရှောင်းယီက သူ့ရှေ့ရှိ တောင်ကုန်းကိုယ်ထည်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“ကောင်းပြီ။”
အန်းယွဲ့၏ အမိန့်အောက်တွင် အားလုံးက စတင် လှုပ်ရှားကြတော့သည်။
“အားလုံးပဲ သတိထားကြပါ။ တောင်အထဲမှာ မသေမျိုး မျိုးနွယ်စုတွေ ရှိနေနိုင်တယ်။ သူက အတော်အတန်ကြီးမားတဲ့ ပိုးကောင်အမျိုးအစားပဲ။ အကယ်၍ တစ်ကောင်ကောင်ကို တွေ့တာနဲ့ ချက်ချင်း သတိပေးပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ဧရာမဘီလူး မျိုးနွယ်စုသည် ပတ်ပတ်လည်တွင် ညီတူညီမျှ ဖြန့်ကြက်နေရာယူထားကြပြီး ထွက်ပေါ်လာနိုင်သည့် မသေမျိုး ပိုးကောင်များကို အချိန်မရွေး သတ်ဖြတ်ရန် အသင့်ပြင်ထားလိုက်ကြသည်။
ခုခံရမည့် ပိုးကောင် အရေအတွက် များလွန်းခြင်းမှ ကာကွယ်ရန်အတွက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို လူအင်အား ငါးသောင်းရှိသော အဖွဲ့တစ်ဖွဲ့ ခေါ်ဆောင်စေကာ အန်းနန်တောင်တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ထားစေခဲ့သည်။
တူးဖော်ရေးစက်များ စတင် အလုပ်လုပ်နေပြီ ဖြစ်သည်ကို မြင်သောအခါမှ ရှောင်းယီက မေးလိုက်သည်။
“ခင်ဗျားတို့ အရင်တုန်းက စွမ်းအင်အရင်းအမြစ် လျော့နည်းလာပြီး အရည်အသွေး ကျဆင်းလာတာကို သိတုန်းက အပေါ်ကို တက်ပြီး မစစ်ဆေးခဲ့ကြဘူးလား။”
“ငါတို့ စစ်ဆေးခဲ့ပါတယ်။”
မီစီက အတည်ပြုလိုဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“တစ်ကြိမ်ထက်မကဘူး။ ဒါပေမဲ့ ငါတို့ တကယ်ပဲ ဒီမသေမျိုး ပိုးကောင်တွေကို ရှာမတွေ့ခဲ့ဘူး။”
အမှန်ပင်....။ အကယ်၍ ဤမသေမျိုး ပိုးကောင်များအားလုံးက တောင်ကုန်းကိုယ်ထည်ထဲသို့ လှိုဏ်ခေါင်းတူးကာ ဝင်ရောက်နေကြပါက ၎င်းတို့ကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထိုသေခြင်းတရားစွမ်းအင်ကိုလည်း ရှောင်းယီသည် စနစ်၏ စွမ်းအား အကူအညီဖြင့်သာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
“ခေါင်းဆောင်... ဒါက ကျွန်မရဲ့ တာဝန်လစ်ဟင်းမှုကြောင့်ပါ။”
မီစီက စကားပြောပြီးနောက် ကျားကျန့်ကို မိမိ၏ အမှားအတွက် ဝန်ခံလိုက်သည်။
ကျားကျန့်က လက်ကာပြလိုက်သည်။
“ဒါ မင်းရဲ့ ပြဿနာ မဟုတ်ပါဘူး။ ငါတို့အနေနဲ့ မြေအောက်ထဲက ဒီလိုပိုးကောင်မွှားလေးတွေကို လုံးဝ ရှာမတွေ့နိုင်တာက သဘာဝပဲ။”
ရှောင်းယီက ခေါင်းညိတ်လိုက်မိသည်။ မသေမျိုး ပိုးကောင်များ၏ အရွယ်အစားမှာ ဧရာမဘီလူးကြီးများနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် အနည်းငယ် သေးငယ်လှသည်။
“ဒါပေမဲ့ နောင်ကျရင်တော့ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ အကယ်၍ မသေမျိုး မျိုးနွယ်စုတွေက မဟာမိတ်ကျွန်းပေါ်ကို ကျူးကျော်လာရင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကနေ တိုက်ရိုက် အကြောင်းကြားပေးလိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့။ ဒီလိုဆိုရင် ဒီမသေမျိုး မျိုးနွယ်စုတွေ ခိုးဝင်လာမှာကို ငါတို့ စိုးရိမ်စရာ မလိုတော့ဘူး။”
မီစီက ဝမ်းသာအားရ ပြောလိုက်သည်။ ကျားကျန့်သည်လည်း ခေါင်းညိတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
“အုတ်မြစ်ကျောက်ကျွန်းက တကယ် ကောင်းတာပဲ။ ဒီတစ်ကြိမ်တော့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို ငါ တကယ် ကျေးဇူးတင်ရမယ်။”
“အားနာမနေပါနဲ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့က အချင်းချင်းတွေပဲလေ။ ဘာဝအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကူညီကြမှာပေါ့။”
အပြည့်အဝ အလိုအလျောက်မောင်းနှင်သည့် ဉာဏ်ရည်တု တူးဖော်ရေးစက်များ ရှေ့သို့ တိုးလာသည်နှင့်အမျှ တောင်ကုန်းကိုယ်ထည်ထဲမှ မသေမျိုး ပိုးကောင်များသည် အဆက်မပြတ် အုပ်စုလိုက် တိုးထွက်လာကြတော့သည်။ ထိုအခါ ဧရာမဘီလူးကြီးများသည် ချက်ချင်းပင် ရှေ့သို့ ပြေးဝင်ကာ တူးဖော်ရေး ဝန်ထမ်းများအနီးရှိ မသေမျိုး ပိုးကောင်များကို စတင် သတ်ဖြတ်ကြတော့သည်။
သူတို့၏ အဓိက တာဝန်မှာ ဝန်ထမ်းများကို ကာကွယ်ရန် ဖြစ်ပြီး ကျန်းယွင်ထျန်း ယူဆောင်လာသော အဖွဲ့ကသာ နှိမ်နင်းချေမှုန်းရေးကို အဓိက တာဝန်ယူရခြင်း ဖြစ်သည်။
“မင်းဘိုးအေပဲ... ဒါကို ကျွန်းပိုင်ရှင်က အတော်လေးကြီးတယ်လို့ ပြောတာလား။”
“ငါ့တစ်သက်မှာ ဒီလောက်ကြီးတဲ့ ပိုးကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး။”
“ကျွန်းပိုင်ရှင်က ဘီလူးကြီးတွေနဲ့ အတူနေတာ ကြာပြီဆိုတော့ သူတို့ရဲ့ အရွယ်အစား အယူအဆက ပြောင်းသွားတာ ဖြစ်လိမ့်မယ်။”
“အပိုတွေ ပြောမနေနဲ့။ သူတို့ ဒီဘက်ကို လာနေပြီ...စတိုက်ကြတော့။”
“ဟုတ်ကဲ့။”
“ဒိုင်း ဒိုင်း ဒိုင်း....”
“ဒပ် ဒပ် ဒပ်....”
ယီရန်ပင်း မဟာမိတ်စစ်သားများ၏ လက်ထဲမှ ကာဘိုင်ရိုင်ဖယ်များနှင့် စက်သေနတ်အပေါ့စားများမှာ ဟိန်းဟောက်သံ ပြုလာတော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုစစ်သားများ၏ မျက်လုံးများအားလုံး ပြူးကျယ်သွားကြရသည်။
အကြောင်းမူကား ထိုမသေမျိုး ပိုးကောင်များကို ထိမှန်သွားသည့် ကျည်ဆန်များမှာ အမှန်တကယ် လွင့်စင်ထွက်သွားကြသောကြောင့်ပင်။
အခန်း ၁၁၅၈
“ကျွန်းပိုင်ရှင်... ဒီမသေမျိုး ပိုးကောင်တွေရဲ့ အခွံတွေက အရမ်းမာလွန်းတယ်။”
ကျည်ဆန်များ မသေမျိုး ပိုးကောင်များပေါ်မှ တဒုန်းဒုန်းနှင့် ချက်ချင်း လွင့်စင်သွားသည်ကို ကျန်းယွင်ထျန်းလည်း မြင်လိုက်ရသည်။
ရှောင်းယီလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ သူနှင့် ဧရာမဘီလူးကြီးများ ယခင်က မသေမျိုး ပိုးကောင်များကို သတ်ခဲ့စဉ်တုန်းကမူ ၎င်းတို့၏ အခွံများက ဤမျှအထိ မာကျောသည်ဟု မခံစားခဲ့ရပေ။
[မသေမျိုး ပိုးကောင်၏ စွမ်းရည် - သံချပ်ကာ ဒိုင်း။
၎င်းစွမ်းရည်ကို အသက်သွင်းလိုက်ပါက မိမိ၏ ခုခံရေးစွမ်းအားကို စက္ကန့်နှစ်ဆယ်ကြာ မြှင့်တင်ပေးမည်။]
စနစ်၏ အချက်ပေးစာကို မြင်လိုက်ရပြီးနောက် ရှောင်းယီ ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
“ဒီပိုးကောင်တွေ ဘာလို့ ဒီလောက်တောင် မာသွားလဲဆိုတာ မဆန်းတော့ဘူး။”
“ဘာဖြစ်လို့လဲ။”
ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းက စပ်စုလိုသောစိတ်ဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီပိုးကောင်တွေက သူတို့ရဲ့ ခုခံအားကို မြှင့်တင်ပေးတဲ့ စွမ်းရည်တစ်ခုကို သုံးလိုက်လို့ပဲ။ အားလုံးပဲ စက္ကန့်နှစ်ဆယ်လောက် ထိန်းထားလိုက်။ ပြီးရင် ငါတို့ သူတို့ကို ရှင်းပစ်လို့ရပြီ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်သားများ၏ လက်နက်များမှာ SS အဆင့်များ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် မသေမျိုး ပိုးကောင်များ၏ ခုခံမှုကို လုံးဝ မဖောက်ထွင်းနိုင်စရာ အကြောင်းမရှိပေ။
ရှောင်းယီ စကားမဆုံးသေးမီမှာပင် ရှေ့တန်းမှ စစ်သားများသည် ယခင်က ကျည်ဆန်များကို ပိတ်ဆို့ထားနိုင်ခဲ့သည့် မသေမျိုး ပိုးကောင်များ၏ အခွံများမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို တွေ့လိုက်ရလေသည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများ ချထားသည့် ခံစစ်လိုင်း၏ ရှေ့ ဆယ်မီတာခန့်အကွာတွင် ရှိနေသော ထိုမသေမျိုး ပိုးကောင်များသည် ၎င်းတို့၏ ဝတ်စုံကို လဲလှယ်လိုက်သကဲ့သို့ ရုတ်တရက် အလွန်နုနယ်သွားကြသည်။
“ဒိုင်း ဒိုင်း ဒိုင်း....”
ကျည်ဆန်မိုးများသည် ထိုမသေမျိုး ပိုးကောင်များကို စုတ်ပြတ်သတ်သွားစေပြီး မြေပြင်ပေါ်တွင် အသားစအကျိုးအပဲ့များအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ယီရန်ပင် မဟာမိတ်စစ်သားများသည်လည်း အားရပါးရ ရယ်မောလိုက်ကြသည်။
“ငါက အရမ်းမာတယ် အောက်မေ့နေတာ။ ဒါပဲလား။”
“ဟုတ်ပါ့... ငါကတော့ လက်ပစ်ဗုံးတွေ တန်းသုံးရတော့မယ်လို့တောင် ထင်နေတာ။”
“မှန်တယ်။ ဒီလောက် အခွံမာတဲ့ မသေမျိုး ပိုးကောင်အများကြီးကို ရင်ဆိုင်ဖို့ လက်ပစ်ဗုံးတွေ သုံးရမယ်လို့ ငါလည်း ထင်နေတာ။”
ကျန်းယွင်ထျန်းက ရှောင်းယီ၏ သတင်းစကားကို ရှေ့တန်းသို့ လက်ဆင့်ကမ်းလိုက်သည်။
“အားလုံးပဲ မပေါ့ဆကြနဲ့။ ဒီမသေမျိုး ပိုးကောင်တွေမှာ သူတို့ကိုယ်ပိုင် စွမ်းရည်တွေ ရှိတယ်။ သူတို့ရဲ့ အခွံတွေကို အရမ်းမာအောင် လုပ်နိုင်တယ်။ ဒီစွမ်းရည်ရဲ့ ကြာချိန်က စက္ကန့်နှစ်ဆယ်ပဲ။ ငါတို့ ဒီစက္ကန့်နှစ်ဆယ်ကို တောင့်ခံနိုင်သရွေ့ သူတို့ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်။”
“မဆန်းတော့ပါဘူး။ ဒီပိုးကောင်ကြီးတွေမှာ တကယ်ပဲ စွမ်းရည်တွေ ရှိနေတာကိုး။”
“ဒါဆိုရင်တော့ ငါတို့ ဒုက္ခရောက်သွားနိုင်တယ်။ အကယ်၍ အမိန့်ပေးတဲ့ စစ်သေနာပတိသာ ရှိရင် သူတို့က ငါတို့ရဲ့ သေနတ်ခံစစ်ကို အလွယ်တကူ ဖောက်ထွင်းသွားနိုင်တယ်။”
“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ငါတို့ မဟာမိတ်အဖွဲ့မှာလည်း သေနတ်တွေတင် ရှိတာ မဟုတ်ဘူးလေ။”
စစ်သားတစ်ယောက်က သူ၏ လက်ပစ်ဗုံးကို မြှောက်ပြရင်း ပြုံးကာ ပြောလိုက်သည်။
“အင်း... ဒါကြောင့် ဘယ်သူမှ မပေါ့ဆဖို့ ငါက သတိပေးနေတာ။”
တပ်စုမှူးတစ်ဦးက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
အားလုံးက ပြန်လည် တုံ့ပြန်လိုက်ကြသည်။
ထိုစစ်သားများ၏ စကားဝိုင်းကို မသေမျိုး မျိုးနွယ်စုမှ စစ်သေနာပတိ တစ်ဦးဦးက ကြားသွားပုံရပြီး ထိုမသေမျိုး ပိုးကောင်များသည် စနစ်တကျနှင့် ၎င်းတို့၏ စွမ်းရည်များကို အမှန်တကယ် စတင်အသုံးပြုလာကြတော့သည်။
ရှေ့ဆုံးမှ မသေမျိုး ပိုးကောင်များက ၎င်းတို့၏ သံချပ်ကာ ဒိုင်းကို အသုံးပြုပြီးနောက် နောက်ကွယ်မှ ပိုးကောင်များက ရူးသွပ်စွာဖြင့် နောက်မှလိုက်လာကာ ရှေ့သို့ တိုးဝင်လာကြသည်။ ရှေ့ဆုံးမှ မသေမျိုး ပိုးကောင်များ စတေးခံလိုက်ရသည့်အခါ နောက်မှ ကပ်လိုက်လာသည့် ပိုးကောင်များသည် ၎င်းတို့၏သံချပ်ကာ ဒိုင်းကို ချက်ချင်း အသက်သွင်းပြီး ရှေ့သို့ ဆက်လက် ချီတက်လာခဲ့ကြလေသည်။
ဤနည်းဖြင့် မသေမျိုး ပိုးကောင်အုပ်စုကြီးသည် ကျန်းယွင်ထျန်း၏ ခံစစ်လိုင်းထံသို့ လျင်မြန်စွာ ပြန်လည် ချဉ်းကပ်လာခဲ့သည်။
“အမ်... မသေမျိုး မျိုးနွယ်စုက ငါတို့ပြောတာကို တကယ် ကြားသွားတာလား။ ဒါမှမဟုတ် မင်းက မသေမျိုး မျိုးနွယ်စုရဲ့ စစ်သေနာပတိလား။”
“ငါက အဲ့ဒီလို ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလိုက်ရုံလေးပါ။ သူတို့က ငါပြောတဲ့အတိုင်း တကယ်လုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”
“မင်းက နိမိတ်မရှိ အမင်္ဂလာစကားတွေ ပြောတဲ့ကောင်ပဲ။ နောက်ဆို စကားနည်းနည်းပဲ ပြော။ အားလုံးပဲ လက်ပစ်ဗုံးတွေကို ချက်ချင်းပစ်ကြ။ သူတို့ကို ငါတို့ သေချာပေါက် တားထားရမယ်။”
“ဟုတ်ကဲ့။”
အားလုံးက ပြန်လည် တုံ့ပြန်လိုက်ကြသည်။
“ရှူး... ရှူး... ရှူး... “
လက်ပစ်ဗုံးများသည် ခံစစ်စခန်းများမှ လွင့်ပျံထွက်သွားပြီး မသေမျိုး ပိုးကောင်အုပ်စုကြီးထဲသို့ ကျရောက်သွားသည်။
“ဘုန်း... ဘုန်း...ဘုန်း...”
အလွန်အမင်း မာကျောလှသော သံချပ်ကာ ဒိုင်းများသည် လက်ပစ်ဗုံး ပေါက်ကွဲမှုဒဏ်ကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရသည်။
“ငါတို့မှာ ယမ်းမှုန့်တွေ ပိုလိုဦးမယ့်ပုံပဲ။”
ရှောင်းယီက ချဉ်းကပ်လာသော မသေမျိုး ပိုးကောင်များကို သတ်ဖြတ်ပြီးနောက် လက်ပစ်ဗုံး ပေါက်ကွဲမှု၏ ရလဒ်များကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် တောင်ကို တူးဖော်နေကြသည့် အဖွဲ့များသည်လည်း မသေမျိုး ပိုးကောင်များ၏ တိုက်ခိုက်ခြင်းကို ခံနေကြရသည်။ ရှောင်းယီနှင့် ဧရာမဘီလူးကြီးများသည် ဝန်ထမ်းများကိုသာ အမြဲမပြတ် ကာကွယ်ပေးနေရလေသည်။
ကံကောင်းသည်မှာ အန်းယွဲ့ ယူဆောင်လာသော စက်ပစ္စည်းအများစုမှာ အလိုအလျောက်မောင်းနှင်စနစ်များ ဖြစ်ကြပြီး လူအင်အား သိပ်မလိုသဖြင့် ဝန်ထမ်းအရေအတွက်မှာ နည်းပါးလှသည်။ အလိုအလျောက် တူးဖော်ရေးစက်များမှ တူးဖော်ရရှိသော စွမ်းအင်သလင်းကျောက်များကိုလည်း ယီရန်ပင်း မဟာမိတ်အဖွဲ့ထံသို့ ချက်ချင်းပင် ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။
အန်းယွဲ့သည် ယာဉ်ပေါ်သို့ ပြောင်းရွှေ့တပ်ဆင်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ယူဆောင်လာခဲ့သဖြင့် ထိုစွမ်းအင်သလင်းကျောက်များကို အချိန်မရွေး ပြန်လည် ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။
“ကျွန်းပိုင်ရှင်... လူကိုယ်တိုင် လုပ်ကိုင်ရတဲ့ တူးဖော်ရေး ကိရိယာတွေက သုံးလို့မရသလောက်ပဲ။ အကုန်လုံးကို ပြန်ပို့လိုက်ကြရအောင်။”
အန်းယွဲ့က အကျယ်ကြီး လှမ်းအော်ပြောလိုက်သည်။
“ဒီ အလိုအလျောက် တူးဖော်ရေးစက် အလုံးသုံးဆယ်နဲ့တင် လုံလောက်ပါပြီ။”
အန်းနန်တောင်ပေါ်ရှိ စွမ်းအင်သလင်းကျောက်များသည် သန့်စင်မှုနှုန်း မြင့်မားပြီး အလွန်စုပြုံနေသောကြောင့် ဤတူးဖော်ရေးစက်များသည် စွမ်းအင်သလင်းကျောက်များကို ဖြတ်တောက်ယူရုံသာ လိုအပ်ပြီး လူဖြင့် ထိန်းချုပ်မောင်းနှင်ရန် အနည်းငယ်သာ လိုအပ်သည်။
ဤကဲ့သို့သော ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်သည် အပြည့်အဝ အလိုအလျောက်မောင်းနှင်သည့် ဉာဏ်ရည်တု တူးဖော်ရေးစက်များအတွက်မူ အလွန်ပင် ရိုးရှင်းလှပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မှာလည်း အလွန်မြင့်မားသည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ကျန်တဲ့ တူးဖော်ရေး ကိရိယာတွေအားလုံးကို ပြန်ပို့လိုက်တော့။”
“ဟုတ်ကဲ့။”
အန်းယွဲ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်းပင် လုပ်ဆောင်လိုက်သည်။
မကြာမီမှာပင် ကိရိယာအားလုံးကို ပြန်လည် ပို့ဆောင်လိုက်ပြီး စက်မောင်းနှင်သူ အားလုံးသည်လည်း မြို့ပြန်ကျောက်များကို အသုံးပြု၍ ဤနေရာမှ ထွက်ခွာသွားကြသည်။
အပြည့်အဝ အလိုအလျောက်မောင်းနှင်သည့် ဉာဏ်ရည်တု တူးဖော်ရေးစက်များသည် SSS အဆင့် ကိရိယာများ ဖြစ်ကြသဖြင့် ဤ SS အဆင့်ရှိ မသေမျိုး ပိုးကောင်များက ၎င်းတို့ကို မည်သည့် ပျက်စီးဆုံးရှုံးမှုမျှ အလွယ်တကူ မပေးနိုင်ကြချေ။
သို့သော်လည်း မသေမျိုး ပိုးကောင် အရေအတွက် များပြားလွန်းပါက ၎င်းတို့၏ အလုပ်လုပ်ဆောင်မှု စွမ်းရည်ကိုတော့ သေချာပေါက် သက်ရောက်မှု ရှိစေမည် ဖြစ်သည်။
ဤနည်းဖြင့် ရှောင်းယီနှင့် ဧရာမဘီလူးကြီးများ၏ တာဝန်မှာ များစွာ ပို၍ရိုးရှင်းသွားခဲ့သည်။ ၎င်းတို့သည် တူးဖော်ရေးစက်များကို ပိတ်ဆို့ထားသည့် မသေမျိုး ပိုးကောင်များကို သတ်ဖြတ်ပေးရုံသာ လိုတော့သည်။
အပြည့်အဝ အလိုအလျောက် တူးဖော်ရေးစက် သုံးဆယ်သာ ရှိတော့သောကြောင့် ဧရာမဘီလူးကြီးများသည်လည်း ပတ်ဝန်းကျင်ရှိ ခံစစ်လိုင်းများကို ကူညီရန် လူအင်အား အများအပြား အားလပ်သွားခဲ့သည်။ ဘီလူးကြီးများ ပါဝင်လာမှုကြောင့် ခံစစ်လိုင်းများပေါ်ရှိ ဖိအားမှာ ပို၍ပင် လျော့နည်းသွားခဲ့သည်။
မသေမျိုး ပိုးကောင်အုပ်စုကြီးသည် မူလက ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်လိုင်းကို ဖောက်ထွင်းပြီး တူးဖော်ရေးစက်များ၏ စွမ်းအင်သလင်းကျောက်များ ထုတ်ယူမှုကို တစ်ပြိုင်နက်တည်း တားဆီးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများကို တားဆီးရန် လုံးဝ မဖြစ်နိုင်တော့သည်မှာ ထင်ရှားနေပြီဖြစ်သည်။
အတန်ကြာသောအခါ တောင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မသေမျိုး ပိုးကောင်များသည် ရုတ်တရက် မြေအောက်သို့ လှိုဏ်ခေါင်းတူး၍ ဝင်ရောက်သွားကြတော့သည်။
ရှောင်းယီနှင့် အခြားသူများသည် အချိန်လုကာ အနည်းငယ်မျှကိုသာ ထပ်မံသတ်ဖြတ်နိုင်ခဲ့ပြီး ၎င်းတို့ မြေအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ချေ။
“နှမြောစရာပဲ...ငါတို့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ သတ်နိုင်ခဲ့တယ်။”
ကျန်းယွင်ထျန်းက အနည်းငယ် နှမြောတသဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်ပြီး မြေပြင်ပေါ်ရှိ အပေါက်များကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ အများဆုံး ဆယ်ရာခိုင်နှုန်းလောက်ပဲ သတ်နိုင်ခဲ့တာ။ ဒီမသေမျိုး ပိုးကောင်တွေရဲ့ အရေအတွက်က အရမ်းများလွန်းတယ်။ အပြင်ထွက်လာတာက အပိုင်းအစ အနည်းငယ်ပဲ ရှိလိမ့်မယ်။”
ကျန်းယွင်ထျန်း အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီလိုအကောင်မျိုးတွေသာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းကို ကျူးကျော်လာရင် တကယ်ဒုက္ခများလိမ့်မယ်။”
ရှောင်းယီလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ အဓိက ပြဿနာမှာ မသေမျိုး ပိုးကောင်များသည် မြေအောက်သို့ လှိုဏ်ခေါင်းတူးနိုင်ခြင်း ဖြစ်ပြီး ၎င်းမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
၎င်းတို့ မြေအောက်ထဲသို့ ရောက်သွားသည်နှင့် လက်ရှိ လက်နက်များနှင့် နည်းပညာများဖြင့် ဤမြေအောက်သတ္တဝါများကို ရင်ဆိုင်ရန် အလွန်ခက်ခဲလှပေသည်။
“ဟုတ်တယ်။ ငါတို့ ဒီလို မြေအောက်လှိုဏ်ခေါင်းတူးတတ်တဲ့ သတ္တဝါတွေကို နှိမ်နင်းဖို့ နည်းလမ်းတစ်ခုခုကို ရှာဖွေထားဖို့ လိုဦးမယ့်ပုံပဲ။”
ထိုစဉ် ကျန်းယွင်ထျန်းက ရုတ်တရက် ပြောလိုက်သည်။
“ကမ္ဘာဟောင်းတုန်းက ပိုးဟပ်တွေနဲ့ တခြားပိုးမွှားတွေကို သတ်ဖို့ သုံးတဲ့ ပိုးသတ်ဆေးမျိုးကိုသာ ငါတို့ ဖော်စပ်နိုင်ရင် သူတို့ကို နှိမ်နင်းရတာ ပိုပြီး ရိုးရှင်းမသွားဘူးလား။”
ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“မသေချာဘူး။ မသေမျိုး မျိုးနွယ်စု သတ္တဝါတွေက သာမန်သတ္တဝါတွေ မဟုတ်ဘူး။ အဲ့ဒီ ဓာတုဆေးဝါးတွေက သူတို့အပေါ် သက်ရောက်မှု ရှိ၊ မရှိ ဆိုတာ မရေရာလှဘူး။”