အခန်း (၈၉၂-၈၉၄)
Vol. 60 Ch. 892-894
အပိုင်း ( ၈၉၂ ) အချည်းနှီးဖြစ်ခြင်း
ဆန်နီ ဟာ တောင်ဘက်တံတိုင်းပေါ်မှာ နှစ်ရက်တိုင်တိုင် ရှိနေခဲ့ပြီး သမုဒ္ဒရာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပါတယ်..။ ဒီအတောအတွင်းမှာတင် လူသုံးဆယ့်ခြောက်ယောက် ပျောက်ကွယ်သွားခဲ့ပြန်ပါပြီ..။ လုံခြုံရေး အစီအမံတွေကို ပိုပြီးတော့ တင်းကျပ်ပြတ်သားစွာ လုပ်ဆောင်ခဲ့ပေမဲ့လည်း ဗန် အနေနဲ့ ပျောက်ဆုံးမှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး..။ အရာအားလုံးက အချည်းနှီး ဖြစ်နေခဲ့တယ်..။
ပြီးတော့ ဒါက ထူးဆန်းစွာပဲ နက်နက်ရှိုင်းရှိုင်း ထိပ်လန့်ဖို့ ကောင်းနေခဲ့တယ်.။
အချိန်တစ်ခုမှာတော့ တည်ကြည်လွန်းတဲ့ မာစတာ ဟာ ဆန်နီ ဆီကို လာရောက်စကားပြောခဲ့ပေမဲ့.. အရင်ကထက် ပိုပြီး စိတ်ပျက်လက်ပျက်နဲ့ပဲ ထွက်ခွာသွားခဲ့ပါတယ်..။
ခံတပ်ဟာ အုပ်စုလိုက် ဖြတ်သန်းလာတဲ့ အိပ်မက်ဆိုး သားရဲ တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကိုလည်း ကြံ့ကြံ့ခံခဲ့ရပြန်တယ်..။ အရင်တစ်ကြိမ်လိုပဲ အဲဒီကောင်တွေက မြောက်ပိုင်းကနေ ဆင်းလာကြတာပါပဲ..။ ဒီတစ်ကြိမ်မှာတော့ ဆန်နီ က တိုက်ပွဲမှာ ပါဝင်ခြင်းမရှိပဲ သူရှိနေတဲ့ နေရာမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်..။ အသေအပျောက် အနည်းငယ် ရှိခဲ့တယ်..။
နိုးထသူ စစ်သားတွေကတော့ တစ်ပတ်ကျော်ကြာအောင် မအိပ်ဘဲ နေခဲ့ကြရတာကြောင့် အားလုံး အားအင်ကုန်ခမ်းနေကြပါပြီ..။ အားဖြည့်ကပ်ခွာဆေးတွေကလည်း တဖြည်းဖြည်းနဲ့ အာနိသင် လျော့နည်းလာခဲ့တယ်..။ သာမန်စစ်သားတွေကတော့ ကောင်းကောင်း အနားယူထားကြရပေမဲ့ ပိုပြီးတော့ စိတ်ခြောက်ခြားနေကြပါတယ်..။ သူတို့အားလုံးက အိပ်မက်ဆိုး အခိုက်အတန့် ကို စိုးရိမ်ထိတ်လန့်နေကြတာပါ..။
အရပ်သားတွေကတော့… မောပန်းနွမ်းနယ်နေကြသလို ကြောက်လည်း ကြောက်ရွံ့နေကြတယ်..။ သူတို့က ဒီလို ဖိအားတွေကို ကြံ့ကြံ့ခံနိုင်ဖို့ လေ့ကျင့်ထားရသူတွေ မဟုတ်ကြပါဘူး..။ အဲဒီအပြင် ဘာမှန်းမသိရတဲ့ ပျောက်ဆုံးမှုတွေရဲ့ သဘောသဘာဝက သူတို့ကို ထိတ်လန့်တုန်လှုပ်မှု အစွန်းဆီကို တွန်းပို့နေခဲ့ပါတယ်..။ ဗန် ရဲ့ စည်းမျဉ်းတွေကြောင့် တည်ရှိနေတဲ့ စည်းစနစ်ကျမှုနဲ့ အေရီယက်ဒ်နီ သင်္ဘော မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်သာ မရှိရင်.. သူတို့တွေ အခုအချိန်မှာ လုံးဝ စိတ်ပျက်ပြီး ကစဉ့်ကလျား ဖြစ်နေကြလောက်ပါပြီ..။
ကယ်ဆယ်ရေးသင်္ဘောကတော့ သုံးရက် ဒါမှမဟုတ် လေးရက်အတွင်းမှာ ရောက်လာဖို့ ရှိပါတယ်..။
…ဆန်နီ အတွေးနက်နေရင်း ရေပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့တယ်..။
ပေါ့ပါးတဲ့ ခြေသံတွေကို ကြားလိုက်ရတာကြောင့် သူ ဘေးကို လှမ်းကြည့်လိုက်မိပါတယ်..။ အေးစက်တဲ့ ရာသီဥတုထဲမှာ သူ့ဆီကိုတုန်တုန်ရီရီနဲ့ ချဉ်းကပ်လာတဲ့ ဘတ် ကို တွေ့လိုက်ရတယ်..။
“ဟေး… မာစတာ ဆန်းလပ်စ် ..”
သူ မျက်မှောင်ကြုတ်လိုက်ပြီး..
“ဟေး..”
ဒီမိန်းကလေးက သူ့ကို ခနလောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ အံကို ကြိတ်လိုက်တယ်..။
“ရှင် ဘာလုပ်နေတာလဲ..။ ရှင် ဒီတံတိုင်းပေါ်မှာ အချိန်တွေ အကြာကြီး ပိတ်မိနေတာပဲ..။ ပြီးတော့ ပြီးခဲ့တဲ့ တိုက်ခိုက်မှုကိုတောင် ရှင် လျစ်လျူရှုထားတယ်နော်..”
ဆန်နီ သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်တယ်..။ သူ ပြန်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ အသံက နည်းနည်း ထူးဆန်းနေခဲ့ပါတယ်..။
“ကျုပ်က စုံစမ်းစစ်ဆေးနေတာ..”
ဘတ် က သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပြီး..
“ရှင်… ရှင်က ဘာမှမလုပ်ဘဲ နေနေတာကို စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျမကို ယုံကြည်စေချင်တာလား..။ တောင်းပန်ပါတယ်..။ ရှင်ရော ဗန် ရော နှစ်ယောက်လုံးက လုံးဝကို အသုံးမကျတဲ့သူတွေ ဖြစ်သွားကြပြီ..။ လူတွေအများကြီး ပျောက်သွားတာတောင် ရှင့်တို့ နှစ်ယောက်လုံးက သေးသေးမွှားမွှား သဲလွန်စတစ်ခုတောင် ရှာမပေးနိုင်ကြဘူး..”
အဲ့အချိန်မှာပဲ တံတိုင်းပေါ်မှာ နောက်ထပ် လူတစ်ယောက် ထပ်မံ ပေါ်လာခဲ့ပါတယ်..။ ဒါက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့တယ်..။ သူတို့ နှစ်ယောက်လုံးက
ဒီအမျိုးသမီး ဖြတ်သွားနိုင်ဖို့ လမ်းဖယ်ပေးလိုက်ကြပါတယ်။.. အမျိုးသမီးက တံတိုင်းအစွန်းကို တိတ်ဆိတ်စွာ ကျော်တက်ပြီး အောက်ကို ခုန်ချသွားတာကိုတောင် ဘယ်သူမှ အာရုံ မစိုက်ကြပါဘူး..။ လှိုင်းထနေတဲ့ သမုဒ္ဒရာရဲ့ မှောင်မိုက်မှုတွေကတော့ သူမရဲ့ မျက်လုံးတွေထဲမှာ အရောင်ပြန်ဟပ်နေခဲ့ပါတယ်..။
ဆန်နီ ဟာ အောက်က ကျောက်ဆောင်တွေပေါ်ကို ခန္ဓာကိုယ်တစ်ခု ရိုက်ခတ်သွားတဲ့ အသံကြောင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပေမယ့်.. ခေါင်းခါယမ်းကာ ဒီအကြောင်းကို ချက်ချင်း မေ့ပစ်လိုက်တယ်..။
“မင်း ကြိုက်သလို ယုံကြည်နိုင်ပါတယ်..”
ဘတ် က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
“…ဆောရီးပါ..။ ဘာပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးတော့ပါဘူး..။ ကျမတို့ အကူအညီ ရောက်မလာခင် နောက်ထပ် ရက်အနည်းငယ်လောက်ပဲ ဆက်ပြီး တောင့်ခံထားဖို့ လိုတာပဲလေ..။ ဒါပေမဲ့… ရှင် ပရော်ဖက်ဆာကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား..။ အဲဒါကို အခုတော့ သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ဒီတံတိုင်းပေါ်မှာ လာထိုင်နေတယ်လေ..။ ဒါက လက်ခံနိုင်စရာ မရှိဘူးနော်..”
‘ဘုရားသခင်တို့.. သူမက ဘယ်လောက်တောင် သစ္စာရှိနိုင်လွန်းတာလဲ..။ ပရော်ဖက်ဆာ.. ပရော်ဖက်ဆာနဲ့ပဲ..ဖြစ်နေတာ..။ဒီမိန်းကလေးက
ကိုယ့်ကိုယ်ကိုအတွက် တစ်ခါလောက်တောင် မတွေးနိုင်ဘူးလား..။ သူမကိုယ်တိုင်လည်း အန္တရာယ်ထဲမှာ ရှိနေတာပဲကို..’
သူ မော့ကြည့်လိုက်ပြီး..
“ဘယ်သူက သူ့ကို တစ်ယောက်တည်း ထားခဲ့တယ်လို့ ပြောလို့လဲ..။ ဘတ်… ဒီပြဿနာတွေ အားလုံး စတင်ကတည်းက ကျုပ်က ပရော်ဖက်ဆာ အိုဘယ် နဲ့ မင်းကို တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံး၊ နေ့တိုင်း စောင့်ကြည့်နေခဲ့တာ..”
သူမ မျက်တောင်ခတ်လိုက်တယ်။
“အာ… ဘာလဲ.. ဘယ်လိုမျိုးလဲ..”
ဆန်နီ က နှာခေါင်းရှုံ့လိုက်ပြီး..
“ကျုပ်ရဲ့ ပထမဆုံး အထူးပြု စွမ်းရည်က ကင်းထောက်တာလေ..။ ကျုပ်ရဲ့ အရိပ်တွေ သွားတဲ့နေရာတိုင်းကို ကျုပ်က ကြည့်လို့ရနေတာပဲ..။ သူတို့ထဲက တစ်ကောင်က ပရော်ဖက်ဆာ ကို အမြဲ စောင့်ကြည့်နေခဲ့တာ..။ ဒါကြောင့်လည်း မင်းတို့ တိုက်ခိုက်ခံရတုန်းက အခန်းထဲကို ဘာလို့ ဒီလောက် မြန်မြန် ရောက်လာနိုင်ခဲ့လဲဆိုတာ မင်း တွေးကြည့်ဖူးလား..”
ဘတ် က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် ရုတ်တရက်ဆိုသလိုပဲ သူမရဲ့ ပါးပြင်တွေက နီမြန်းသွားခဲ့ပါတယ်..။
“တစ် တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံး တဲ့လား..။ဒါက ဘယ်လို ဆိုးဝါးတဲ့ ကိစ္စလဲ…”
ဆန်နီ သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်မိတယ်။
“ဘုရားသခင်တို့...ကိုယ့်ကိုယ်ကိုယ် အသိစိတ်ကပ်ထားစမ်းပါ..။ ဒီလောက် အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ ကျုပ်က သာမန်မိန်းကလေးတစ်ယောက်ကို ချောင်းကြည့်ဖို့ အချိန်ရှိနေမယ်လို့ မင်း ထင်နေတာလား..။ အဓိက အချက်ကတော့ ပရော်ဖက်ဆာ အိုဘယ် ကို အတတ်နိုင်ဆုံး ဘေးကင်းအောင် ကာကွယ်ပေးထားတယ် ဆိုတာပဲ..”
အဲ့အချိန်မှာပဲ နောက်ထပ် လူတစ်ယောက်က တံတိုင်းအထက်ကို တက်လာပြီး အောက်ကို ခုန်ချသွားခဲ့ပြန်တယ်..။ ဆန်နီ အနည်းငယ် တုန်လှုပ်သွားပုံရပေမဲ့လည်း သူတို့ နှစ်ယောက်လုံးက အဲဒီလူဆီကို တစ်ချက်ကလေးတောင် လှမ်းမကြည့်ခဲ့ကြပါဘူး..။
ဘတ် က တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်တယ်..။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးမှာတော့ စကားလုံးအချို့ကို ကြိုးစား ပြောဆိုခဲ့ပါတယ်..။
“အင်း… ကောင်းပြီလေ..။ ဒါဆို ကျမ သွားတော့မယ်..”
ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီ..”
ယင်းနောက် သူ ရုတ်တရက် သူမကို လှမ်းခေါ်လိုက်ပါတယ်..။
“နေဦး… မင်း ကျုပ်ရဲ့ စစ်သားတွေကို သိတယ်မလား..။ ဒွန်း လို့ ခေါ်တဲ့ လူကောင်ကြီးကြီး တစ်ယောက် ရှိတယ်..။ သူ့ကို ဒီကို လာခဲ့ဖို့ ပြောပေးလို့ ရမလား..”
ဘတ် က မျက်မှောင်ကျုတ်လိုက်ပြီးမှ ခေါင်းညိတ်ပြကာ အအေးဒဏ်ကနေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် အလျင်အမြန် ထွက်ခွာသွားခဲ့ပါတယ်..။ ဆန်နီ သက်ပြင်းချလိုက်မိတယ်..။
မကြာခင်မှာပဲ ဒွန်း ရောက်ရှိလို့လာခဲ့တယ်..။ သူ့ရဲ့ ကပ္ပတိန် ဘာလိုချင်လဲဆိုတာကို နားလည်ပြီးတဲ့နောက်မှာတော့ သူ ပျောက်ကွယ်သွားခဲ့ပါတယ်။ ခနအကြာမှာတော့ ရုပ်သံရိုက်ကူးရေး စက်ပစ္စည်းတွေကို သယ်ဆောင်ရင်း ပြန်ရောက်လာခဲ့ပါတယ်..။ ဒီကင်မရာတွေက နည်းနည်း ဟောင်းနေပြီဆိုပေမဲ့ ဒါကြောင့်ပဲ ပိုပြီး ခေတ်မီတဲ့ ကင်မရာတွေထက် စိတ်ချရတာပါ။
သူတို့အတူတူ ကင်မရာတွေကို တံတိုင်းပေါ်မှာ တပ်ဆင်လိုက်ကြပြီး ရိုက်ကူးရေး စက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ မော်နီတာ စခရင်ကို စိုက်ကြည့်နေခဲ့ကြပါတယ်..။
နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့တယ်..။ လူနှစ်ဆယ် ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်ပါပြီ..။
ဒီလူတွေ ဖြတ်သန်းသွားတာကို ကင်မရာတွေက အလွယ်တကူ ရိုက်ကူးထားနိုင်ခဲ့ပေမဲ့.. ဆန်နီ နဲ့ ဒွန်း တို့က ရုပ်သံမှတ်တမ်းတွေကို သေသေချာချာ လေ့လာနေကြတဲ့ အချိန်မှာတော့ ဒီထဲမှာ ဘာထူးဆန်းမှုမှ သတိထားမိကြပုံမရပေ..။
ဗန် ရဲ့ နိုးထသူ စစ်သားတစ်ယောက်ကတော့ သူ့ရဲ့ ကင်းစောင့်နေရာမှာ ရပ်နေရင်း မေ့လဲသွားခဲ့တယ်.. ဒါမှမဟုတ် ရိုးရိုးလေးပဲ အိပ်ပျော်သွားခဲ့ပါတယ်..။ သူ့ရဲ့ စိတ်ဝိဥာဉ် ကျောက်ဆူး
ကျိုးပျက်သွားနိုင်ခြေ မမြင့်မားဘူးဆိုပေမဲ့လည်း အဲဒီလိုပဲ ဖြစ်ပျက်သွားခဲ့တာပါ..။ အဲဒီစစ်သားက ရှစ်နာရီ ကုန်လွန်သွားခဲ့တာတောင် အိပ်မက်နယ်ပယ် ထဲကနေ ပြန်မလာခဲ့သလို ဆယ့်ခြောက်နာရီ ကြာသွားတဲ့အထိလည်း ပြန်မလာခဲ့ပါဘူး..။ အချိန်အတန်ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်က မသိမသာဆိုဖြစ်ပေမဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွားခဲ့ရတယ်..။
သူက ဟောလိုး တစ်ယောက် ဖြစ်သွားခဲ့ပါပြီ..။
သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ ဆေးဘက်ဆိုင်ရာ ဗဟိုဌာနထဲက ပိတ်ထားတဲ့ အခန်းတစ်ခန်းထဲမှာ ထားရှိလိုက်ကြတယ်..။
အရပ်သား ဝန်ထမ်းအချို့ကတော့ ပြင်းပြင်းထန်ထန် ရန်ဖြစ်ခဲ့ကြပေမဲ့ ကင်းစောင့်တွေက သူတို့ကို တစ်ယောက်စီ ဆွဲထုတ်သွားခဲ့ကြပြီး စိတ်ငြိမ်ဆေးတွေ ထိုးပေးလိုက်ကြပါတယ်..။
လမ်းမှားလာတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ကတော့ ခံတပ်နားကို ကပ်လာခဲ့တာကြောင့် ကျည်ဆန်မိုးတွေအောက်မှာပဲ အပိုင်းပိုင်းပြတ်သွားခဲ့ရတယ်..။ စက်သေနတ်မျှော်စင်တွေကနေ ပစ်ခတ်လိုက်တဲ့ မိုးကြိုးပစ်သလို အသံကြီးတွေက စခန်းအတွင်းမှာ ရှိတဲ့ လူတိုင်းကို တုန်လှုပ် ခြောက်ခြားသွားစေခဲ့ပါတယ်..။
နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့ပြန်ပါပြီ..။ လူနှစ်ဆယ့်နှစ်ယောက် ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်တယ်..။
လမင်းကြီး ပျောက်ကွယ်သွားခဲ့ပြီဆိုပေမဲ့ ဆန်နီ နဲ့ ဒွန်း တို့ကတော့ သမုဒ္ဒရာကို စောင့်ကြည့်ဖို့ တံတိုင်းပေါ်မှာ ရှိနေဆဲပါပဲ..။
ဆန်နီဟာ တံတိုင်းပေါ်မှာ ရပ်နေရင်း မှောင်မိုက်တဲ့ လှိုင်းလုံးတွေကို ကြည့်လိုက်..ကင်မရာတွေကနေ ပြသနေတဲ့ စခရင်ကို ကြည့်လိုက်.. ပြီးတော့ အေးစက်တဲ့ အနက်ရောင် ရေပြင်ကို ပြန်ကြည့်လိုက်နဲ့ ရှိနေခဲ့တယ်..။
နောက်ဆုံးမှာတော့ သူက သူ့ခေါင်းနောက်ကို ကုတ်လိုက်ပြီး မော်နီတာကနေ မှတ်ဉာဏ်သိုလှောင်မှု ကတ်ပြားကို ဆွဲထုတ်ကာ ဒွန်း ဆီကို လှည့်လိုက်ပါတယ်..။
“…ငါတို့ ဒီမှာ လုပ်စရာတွေ ပြီးပြီ..။ သွားကြစို့..”
သူက ပြန်ဖြေမယ့် စကားကိုပင် မစောင့်တော့ဘဲ လုံခြုံရေး ဗဟိုဌာန ရှိရာဆီကို ဦးတည်လိုက်တယ်..။ ဆန်နီ လူနေစခန်းနကို ဖြတ်လျှောက်သွားတဲ့အချိန်မှာ လူအများအပြားက သူ့ကို လှမ်းကြည့်နေခဲ့ကြပါတယ်..။ သူတို့ထဲက အချို့က ကြောက်ရွံ့နေပုံရပြီး အချို့ကတော့ ဒေါသထွက်နေပုံရတယ်..။ အချို့ကတော့ ရိုးရိုးလေးပဲ ကြောင်တောင်တောင်တွေ ဖြစ်နေကြပါတယ်..။
လူတိုင်းက မောပန်းနွမ်းနယ်နေခဲ့ကြပါပြီ..။
လုံခြုံရေး ဗဟိုဌာနဆီ ရောက်ရှိသွားတဲ့အချိန်မှာတော့.. ဆန်နီ ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာထားတွေနဲ့ တိတ်ဆိတ်စွာ ထိုင်နေကြတဲ့ ဗန် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ကို တွေ့လိုက်ရတယ်..။လူအိုကြီး ကတော့ ပုံမှန်ထက် ပိုပြီးတော့တောင် အိုမင်းရင့်ရော်ကာ အားအင်ချည်းနဲ့နေပုံရပါတယ်..။
ဆန်နီ က သူတို့ ရှေ့က စာပွဲပေါ်မှာ မှတ်ဉာဏ်သိုလှောင်မှု ကတ်ပြားကို ချထားလိုက်တယ်..။
ဗန် က အဲဒါကို ခနလောက် စိုက်ကြည့်နေပြီးမှ မော့ကြည့်လာခဲ့ပါတယ်..။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ..”
ဆန်နီ က ထိုင်ချလိုက်ပြီး သူ့လက်တွေကို နွေးထွေးသွားအောင် အချင်းချင်း ပွတ်သပ်လိုက်တယ်..။သူ့ရဲ့ နှုတ်ခမ်းပေါ်မှာတော့ နက်မှောင်ပြီး နိမိတ်မကောင်းတဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်။
“..ကျုပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေက ပြီးဆုံးသွားပြီ..။ လူတွေ ဘာလို့ ပျောက်ကွယ်နေကြလဲဆိုတာ ကျုပ် သိပြီ..”
အပိုင်း ( ၈၉၂ ) ပြီး၏။
အပိုင်း ( ၈၉၃ ) လစ်ဟာနေသော နေရာလွတ်
ဗန် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ဟာ ရုတ်တရက် သူ့ရဲ့ စကားလုံးတွေအပေါ်မှာ အာရုံစိုက်လာခဲ့ကြတယ်..။ ဆန်နီ နဲ့အတူ တံတိုင်းပေါ်မှာ ပြီးခဲ့တဲ့ နှစ်ရက်လုံးကို ကုန်ဆုံးခဲ့တဲ့ ဒွန်း တောင်မှပဲ.. သူ့ရဲ့ မောပန်းနွမ်းနယ်မှုတွေကို ခါထုတ်လိုက်ပုံရပြီး သူ့ကပ္ပတိန် ပြောမယ့်အရာကို အာရုံစိုက် နားထောင်နေခဲ့ပါတယ်..။
ဆန်နီ ခနလောက် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။
“ပထမဆုံး သားကောင် ပျောက်ကွယ်သွားတုန်းက.. ကျုပ်က ဖြစ်နိုင်ချေ သုံးခုပဲ ရှိတယ်လို့ ပြောခဲ့တယ်..။ အဲဒါတွေက သူ ထွက်ပြေးသွားတာ၊ တခြားလူတစ်ယောက်ယောက်က သူ့ကို သတ်လိုက်တာ.. ဒါမှမဟုတ် အိပ်မက်ဆိုး သားရဲ တစ်ကောင်က စခန်းထဲကို ခိုးဝင်လာတာပဲ..။ ကောင်းပြီ… ကျုပ် မှားသွားခဲ့တယ်..။ ဒီသီအိုရီတွေထဲက တစ်ခုမှ မမှန်ကန်ခဲ့ဘူး..။ ဒါပေမဲ့ တတိယမြောက် တစ်ခုကတော့ အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်ခဲ့တယ်..”
သူ သက်ပြင်းချလိုက်မိတယ်..။
“တကယ်ပဲ အိပ်မက်ဆိုး သားရဲ တစ်ကောင် ရှိနေခဲ့တယ်..။ ဒါပေမဲ့ ဒီကောင်က ခံတပ်ရဲ့ အတွင်းထဲမှာ ရှိနေတာ မဟုတ်ဘူး..”
ဗန် က မျက်မှောင်ကျုတ်လိုက်ပြီး သူ့ကို လေးနက်တည်ကြည်တဲ့ အကြည့်နဲ့ စိုက်ကြည့်လာခဲ့တယ်..။
“မင်း ဘာကို ဆိုလိုတာလဲ..”
ဆန်နီ မဖြေခင် ခနလောက် တုံ့ဆိုင်းနေခဲ့ပါတယ်..။
“အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားပြီး.. အဲဒါတွေကို ပေါင်းစပ်ကြည့်လိုက်ရင် အဖြေက အထင်အရှားပဲလေ..။ ပထမဆုံးက အလောင်းတွေအကြောင်း..။ လူတွေက ဘာခြေရာလက်ရာမှ မကျန်ဘဲ ဒီအတိုင်း ပျောက်ကွယ်မသွားနိုင်ဘူး..။ ဒါပေမဲ့ ကျုပ်တို့ LO49 ထဲမှာရော တံတိုင်းအလွန်က ကမ်းခြေလွင်ပြင်မှာပါ ဘာမှ ရှာမတွေ့ခဲ့ကြဘူးလေ..။ ဒါကြောင့် အရှင်းလင်းဆုံး အဖြေကတော့ အလောင်းတွေကို ကျုပ်တို့ ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုဆီ ယူဆောင်သွားတာပဲ..။ အဲဒါက ရေထဲကိုပေါ့..။ ဘာပဲဖြစ်ဖြစ် ဟိုး အပြင်ဘက်မှာ သမုဒ္ဒရာကြီးတစ်ခုလုံး ရှိနေတာပဲလေ..”
ဗန် က တစ်ခုခုပြောချင်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တိတ်ဆိတ်စွာနဲ့ပဲ ဆန်နီ ဆက်ပြောမှာကို စောင့်ဆိုင်းနေခဲ့ပါတယ်..။ ဆန်နီ က ခေါင်းညိတ်ပြလိုက်ပြီး
“ဒုတိယ အချက်ကတော့ ခေါ်သံ ပဲ..။ ကျုပ်တို့ အသားစား သားရဲ တွေ နဲ့တိုက်ခိုက်ခဲ့တဲ့နေ့မှာ
ဒီအသံရဲ့ စွမ်းအားက အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့တယ်..။ ဂိတ်ပေါက် တစ်ခုတည်းကနေ ထွက်ပေါ်လာဖို့ဆိုရင်.. အဲဒါက အရမ်းကို ပြင်းထန်လွန်း နေတယ်လေ.။ အထူးသဖြင့် ဒီလောက် မထင်မရှားတဲ့ ဂိတ်ပေါက်ငယ် တစ်ခုကနေပေါ့..။ ကျုပ် မှတ်မိသလောက်တော့..အဲဒီတုန်းက အနည်းဆုံး ဂိတ်ပေါက် နှစ်ခု ရှိရမယ်လို့ ကျုပ် အသေအချာ ယုံကြည်ခဲ့တာ..။ကျုပ်တို့ ကံကောင်းတယ်လို့တောင် ပြောခဲ့သေးတယ်..”
သူက သူတို့ကို ခနလောက် စိုက်ကြည့်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်ပါတယ်..။
“ဒါပေမဲ့ ကျုပ်တို့ ကံမကောင်းခဲ့ပါဘူး..။ ပြီးတော့ ကျုပ်တို့ ရှင်းလင်းခဲ့တဲ့ ဂိတ်ပေါက် ထက် ပိုပြီးတော့ အစွမ်းထက်တဲ့ နောက်ထပ် ဂိတ်ပေါက်တစ်ခု တကယ်ပဲ ရှိနေခဲ့တာလေ..။ ကျုပ်တို့က အဲဒါကို ရှာမတွေ့ခဲ့တာပဲ ဖြစ်လိမ့်မယ်..”
ပရော်ဖက်ဆာ အိုဘယ် ကတော့ သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုကို နားမလည်နိုင် ဖြစ်နေခဲ့တယ်..။ လူအိုကြီးကိုယ်တိုင်က ခေါ်သံ ကို မခံစားရတာကြောင့် ဒါက မျှော်လင့်ထားပြီးသား ကိစ္စပါ..။ သို့ပေမဲ့ ဗန် ကတော့… နောက်ဆုံးမှာတစ်ခုခုကို နားလည်သွားတဲ့ အရိပ်အယောင် ပေါ်လာခဲ့ပါတယ်..။
“ဒုတိယ ဂိတ်ပေါက်… ရေတွေ… မင်း ထင်နေတာက နောက်ထပ် ဂိတ်ပေါက်တစ်ခု ရှိနေတယ်ပေါ့လား..။ အဲဒါက ရေအောက်မှာ ပွင့်နေတာလား..”
ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။
“ကျုပ်ကတော့ အဲဒီအတိုင်းပဲလို့ အသေအချာ ယုံကြည်ထားတယ်..။ အဲဒါကပဲ လူတွေ ပျောက်ကွယ်နေရတဲ့ အကြောင်းရင်းပဲ..”
ဗန် က ခေါင်းခါယမ်းလိုက်ပြီး..
“ဒါက အရာအားလုံးကို အပြည့်အဝ ရှင်းမပြနိုင်သေးဘူး..။ ဟုတ်တယ်..ငါတို့က အတွင်းပိုင်း ကင်းလှည့်မှုကို အားဖြည့်ဖို့ တံတိုင်းတွေပေါ်က စစ်သားအမြောက်အမြားကို ရုပ်သိမ်းခဲ့တယ်..။ ဒါပေမဲ့ သမုဒ္ဒရာကိုတော့ အမြဲတမ်း စောင့်ကြည့်နေတုန်းပဲလေ..။ ဘယ်သတ္တဝါမှ လှိုင်းလုံးတွေအောက်ကနေ တွားတက်လာပြီး စခန်းထဲက လူတွေကို ဖမ်းဆီးတာ... ဘယ်သူမှ သတိမထားခင်မှာ ရေထဲကို ဆွဲချသွားတာမျိုး မရှိနိုင်ဘူး..”
ဆန်နီ က နက်မှောင်စွာ ပြုံးလိုက်ပြီး..
“…ကျုပ်ကလည်း အခု ဒီအချက်ကို ပြောတော့မလို့ပဲ..”
သူ ပင်ပန်းစွာ နဲ့ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်မိတယ်..။
“မှန်တယ်… ကျုပ်တို့အားလုံးက စိတ်ငြို့ခံထားကြရတာ..။ ဒါကြောင့် ဘယ်သူမှ ဘာကိုမှ သတိမထားမိကြတာပဲ..”
ပရော်ဖက်ဆာ အိုဘယ် ၊ ဗန် နဲ့ ဒွန်း တို့က သူ့ကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်ကြတယ်..။ နောက်ဆုံးမှာတော့ လူအိုကြီးက မေးလာခဲ့ပါတယ်..။
“မာစတာ ဆန်းလပ်စ် … မင်း ရဲ့ သီအိုရီကို သက်သေပြဖို့အတွက် အထောက်အထား တစ်ခုခုများ ရှိသလား..”
ဆန်နီ က ရိုးရိုးလေးပဲ ခေါင်းခါပြလိုက်တယ်..။
“မရှိဘူး..။ ဒါပေမဲ့… အဲဒါကပဲ အဓိက အချက်ပဲလေ..။ အထောက်အထား မရှိခြင်းကပဲ ကျုပ်ရဲ့ သီအိုရီကို သက်သေပြနေတာပဲ..။ အိပ်မက်ဆိုး သားရဲ က ဘယ်လောက်ပဲ ဖမ်းရခက်တာ၊ လှည့်စားတတ်တာ နဲ့ အစွမ်းထက်တာ တွေ ရှိနေပါစေ.. ကျုပ်တို့ အခုအချိန်မှာ တစ်ခုခုတော့ ရှာတွေ့သင့်နေပြီ..။ နှောင့်ယှက်မှုတွေကြောင့် စခန်းရဲ့ လုံခြုံရေး စက်ပစ္စည်းတွေက ကြိုးစားအလုပ်လုပ်နေရတာ ဆိုပေမဲ့လည်း.. ကင်မရာတွေက တစ်ခုခုကိုတော့ ရိုက်ကူးမိရမှာပဲ..။ ဗန် အကောင်အထည်ဖော်ထားတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ အပြန်အလှန် တာဝန်ယူမှု စနစ်ကလည်း ရလဒ်တစ်ခုခု ထွက်ပေါ်လာစေရမှာပဲ..။ ကျုပ်ရဲ့ အရိပ်တွေကလည်း ခြေရာလက်ရာ အချို့ကို ရှာတွေ့ရမှာပဲ..။ ဒါပေမဲ့ အဲဒီလိုမျိုး ဘာမှ မဖြစ်ပျက်ခဲ့ဘူး…။ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲလေ..။ ရလဒ်တွေ အားလုံး ရှိနေရမယ့် နေရာမှာ ကြီးမားတဲ့ လစ်ဟာမူ ကြီးတစ်ခု ရှိနေတယ်..။ဒါပေမဲ့ ကျုပ်တို့က အဲဒီ လစ်ဟာနေတဲ့ နေရာလွတ် ကို ကြည့်ပြီး အချို့သောအရာတွေကို ကောက်ချက်ချနိုင်တယ်လေ..”
သူ့မျက်နှာပေါ်မှာ မှောင်မိုက်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။
“ကျုပ် ပြောချင်တာက.. တကယ်တော့ သဲလွန်စတွေ ဆိုတာ ရှိနေပါတယ်..။ ကျုပ်တို့က အဲဒါတွေကို နားမလည်နိုင်အောင် အလုပ်ခံထားရတာပဲ..။ ဒီလိုမျိုး ကိစ္စ… ဒီလိုမျိုး ကိစ္စမျိုး ကျုပ်မှာ တစ်ကြိမ် ကြုံဖူးခဲ့တယ်..။ အဲဒီတုန်းက ကျုပ်က တစ်လလုံးလုံး အိပ်မက်ဆိုး သားရဲ တစ်ကောင်ရဲ့ စိတ်ငြို့တာကို ခံခဲ့ရတာ..။ ဒါပေမဲ့ ကျုပ်က အဲဒီလွှမ်းမိုးမှုကို လုံးဝ သတိမထားမိခဲ့ဘူး..။ ဘာလို့လဲဆိုတော့ အဲဒီကောင် ပထမဆုံး လုပ်တဲ့အရာက.. သူ့ရဲ့ တည်ရှိမှုကို သတိပြုမိနိုင်တဲ့ ကျုပ်ရဲ့ စွမ်းရည်ကို လုယူသွားခဲ့လို့ပဲ..။ အခုလည်း ကျုပ်တို့အားလုံး အဲလိုမျိုး ဖြစ်နေကြတာလို့ ကျုပ် ယုံကြည်တယ်..”
ဆန်နီ က ဗန် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ကို လေးနက်စွာ ကြည့်လိုက်ပြီး..
“ဒီစခန်းရဲ့ အနီးအနား တစ်နေရာရာက ရေအောက်မှာ.. အစွမ်းထက်တဲ့ ဂိတ်ပေါက်တစ်ခု ရှိနေလိမ့်မယ်..။ အဲဒီဂိတ်ပေါက်က ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ကို နိုးထခြင်း ကမ္ဘာထဲ ဆောင်ယူလာခဲ့တာပဲ..။ ပြီးတော့ အဲဒီသားရဲက လူတွေကို သူ့ရဲ့ ပါးစပ်ထဲ အလိုအလျောက် တိုးဝင်လာအောင် သွေးဆောင်ဖို့ နဲ့.. အခြားသူတွေက အဲဒါကို မတားဆီးနိုင်အောင် လုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို အသုံးပြုနေတာ ဖြစ်ရမယ်”
လုံခြုံရေး ဗဟိုဌာနအတွင်းမှာ စိတ်မသက်သာစရာ တိတ်ဆိတ်မှုတစ်ခု စိုးမိုးသွားခဲ့တယ်..။
ပရော်ဖက်ဆာ အိုဘယ် ကတော့ လက်လျှော့လိုက်ပုံရပေမဲ့ ဗန် ကတော့ ဆန့်ကျင်ဘက်အနေနဲ့ ရုတ်တရက် အားအင်တွေ ပြည့်ဝလာခဲ့ပါတယ်..။
“ဒါက အမှန်ပဲဆိုရင်… ငါတို့က အဲဒီ စက်ဆုပ်စရာ သတ္တဝါကို သတ်လိုက်ရုံပဲပေါ့..။ ဒါဆို အရာအားလုံး ပြေလည်သွားလိမ့်မယ်..”
သူ့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်နဲ့ ပြတ်သားမှုတွေ ရှိနေခဲ့တယ်..။ စစ်သည်တစ်ယောက်အတွက်တော့ တိုက်ခိုက်ရမယ့် ရှင်းလင်းတဲ့ ရန်သူ ရှိနေတာက ရင်းနှီးပြီးသား နယ်ပယ် တစ်ခုပါပဲ..။
ဆန်နီ က သက်ပြင်းချလိုက်ရင်း ခေါင်းခါယမ်းပြလိုက်ပါတယ်..။
“ဟင့်အင်း.. ကျုပ်တို့ အဲဒီ အိပ်မက်ဆိုး သားရဲ ကို သတ်နိုင်မှာ မဟုတ်ဘူး..”
ဗန် မျက်မှောင်ကြုတ်လိုက်ပြီး..
“ဘာလဲ.. ဘာလို့လဲ..”
ဆန်နီ က လူတွေ စတင် ပျောက်ဆုံးကတည်းက သူ ဝတ်ဆင်ထားခဲ့တဲ့ ထာဝရချိန်း ရဲ့ အနက်ရောင် သံမဏိ ကို လက်ညှိုးထိုးပြလိုက်တယ်..။
“ဘာလို့လဲဆိုတော့ ဒါက အဆင့် ၃ အထွတ်အထိပ်အဆင့် ဝတ်ရုံတော် ဖြစ်နေလို့ပဲ..။ သူ့ရဲ့ တိုးမြှင့်မူ တွေထဲက တစ်ခုက ဝတ်ဆင်ထားသူကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေရန်ကနေ မြင့်မားတဲ့ ကာကွယ်မှုတစ်ခုကို ပေးစွမ်းနိုင်တယ်..။ ဒီလို ရှိနေတာတောင်.. ကျုပ်က စိတ်ဝိဥာဉ် ကျိန်စာ ရဲ့ သက်ရောက်မှုတွေကနေ လုံးဝ ကင်းလွတ်မနေခဲ့ဘူးလေ..။ဒါ က ဘာကို ဆိုလိုလဲ ခင်ဗျား သိမှာပါ…”
ဗန် ရဲ့ မျက်နှာက ရုတ်တရက် သုန်မုန် သွားခဲ့တယ်..။
“..ဒီ အိပ်မက်ဆိုး သားရဲ ရဲ့ တိုက်ခိုက်မှုက မင်းရဲ့ အကာအကွယ် အက်ျီထက်တောင် ပိုပြီး အစွမ်းထက်နေတာ ပေါ့..”
ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။
“ဟုတ်တယ်..။ ဒါ့ကြောင့် အဲဒီကောင်က အနည်းဆုံးတော့ ပျက်ပြားခြင်းအဆင့် ဖြစ်ရမယ်..။ ကျုပ် ခန့်မှန်းရရင်တော့ အဲဒါက ပျက်ပြားခြင်းအဆင့် တယ်ရာ တစ်ကောင်ပဲ..။ ကျုပ်တို့ထဲက ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..။ အထူးသဖြင့် ရေထဲမှာဆိုရင် ပိုဆိုးတာပေါ့..။ ကျုပ်တို့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး..”
အဲဒီအချိန်မှာပဲ.. ပရော်ဖက်ဆာ အိုဘယ် က နောက်ဆုံးမှာ စကားပြောလာခဲ့ပါတယ်..။
“ဒါဆိုရင်…ငါတို့ ဘာဆက်လုပ်သင့်လဲ..”
ဆန်နီ ခနလောက် တိတ်ဆိတ်နေခဲ့ပြီး.. သူ့ရှေ့က စာပွဲပေါ်မှာ ရှိနေတဲ့ မှတ်ဉာဏ်သိုလှောင်မှု ကတ်ပြားကို စိုက်ကြည့်နေမိတယ်..။ နောက်ဆုံးမှာတော့ သူ အနည်းငယ် လှုပ်ရှားပြီး ပြောလိုက်ပါတယ်..။
“ပထမဆုံးအနေနဲ့…… ကျုပ်တို့က ဒီ စိတ်ငြို့ထားတာကို ဖျက်ဆီးပစ်ရမယ်..”
အပိုင်း ( ၈၉၃ ) ပြီး၏။
အပိုင်း ( ၈၉၄ ) အေးစက်သော လှိုင်းလုံးများ
ဆန်နီ ရဲ့ အစီအစဉ်က အတော်လေးကို ရိုးရှင်းပါတယ်..။ ဘာလို့လဲဆိုတော့ ထာဝရချိန်း ရဲ့ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်က အမည်မသိ ကြောက်မက်ဖွယ်သတ္တဝါရဲ့ စိတ်ငြို့ကျိန်စာကို ဖောက်ထွက်ဖို့ မလုံလောက်တာကြောင့်.. သူက ပိုကောင်းတဲ့ ခုခံကာကွယ်မှုတွေကို ရယူဖို့ပဲ လိုအပ်တာပါ..။
တကယ်တော့.. သူက ဒီလို တိုက်ခိုက်မှုတွေကို လုံးဝ ခုခံနိုင်စွမ်းရှိတဲ့ သူတော်စင် ကို ဆင့်ခေါ်နိုင်ပါတယ်..။ ဆန်နီ အနေနဲ့ ပျက်ပြားခြင်းအဆင့် တယ်ရာ လို့ သံသယရှိရတဲ့ အဲဒီ စက်ဆုပ်ဖွယ်သတ္တဝါ နဲ့ မလွှဲမရှောင်သာ တိုက်ခိုက်ရတော့မယ်ဆိုရင်..ဒီအတိုင်းပဲ အတိအကျ လုပ်ဆောင်မှာပါ..။ ဒါပေမဲ့ အခုအချိန်မှာတော့ သူက ဘာတွေ အတိအကျ ဖြစ်ပျက်နေလဲ.. ဘယ်လိုမျိုး ဖြစ်ပျက်နေလဲဆိုတာကို ရိုးရှင်းစွာနဲ့ နားလည်အောင် ကြိုးစားနေတာ ဖြစ်နေခဲ့တယ်..။
သူတော်စင် က သူမ မြင်တွေ့ခဲ့ရတဲ့အရာတွေကို ပြန်ပြီး ဆက်သွယ်ပြောဆိုနိုင်မှာ မဟုတ်တာကို ထည့်သွင်းစဉ်းစားပြီး.. သူကိုယ်တိုင်ပဲ ဒီကျိန်စာကို အရင် ဖောက်ထွက်ဖို့ ကြိုးစားရမှာပါ..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဗန် ဟာ သူ့ရဲ့ နိုးထသူ တပ်ဖွဲ့က အရာရှိတွေကို ဆင့်ခေါ်လိုက်ပြီး.. ဆန်နီ ဆီကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို အကာအကွယ်ပေးနိုင်မယ့် မှတ်သားမူ တိုင်းကို ယူဆောင်လာပေးဖို့ဆိုတဲ့ ရိုးရှင်းတဲ့ တာဝန်တစ်ခုနဲ့ စေလွှတ်လိုက်ပါတယ်..။ စခန်းမှာ နိုးထသူ စစ်သည် ကိုးဆယ်နီးပါး ရှိနေသေးတာကို ထည့်သွင်းစဉ်းစားရင်.. သူတို့ထဲက အနည်းဆုံး နှစ်ယောက်သုံးယောက်လောက်မှာတော့ ဒီလိုမျိုးအရာတွေ ရှိနေကြမှာပါ..။
မကြာခင်မှာပဲ ဆန်နီ ဟာ ငှားရမ်းထားတဲ့ မှတ်သားမူ အချို့ကို ပိုင်ဆိုင်ခွင့် ရရှိသွားခဲ့တယ်..။ သူက ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံး လက်နက် ဖြစ်တဲ့ ထာဝရချိန်း ကို ဝတ်ဆင်ထားပါတယ်..။ သူ့ရဲ့ လည်ပင်းမှာတော့ ဆွဲကြိုးအသစ်တစ်ခု ဆွဲထားပြီး.. သူ့ရဲ့ ကျောပြင်မှာတော့ ထူးဆန်းစွာနဲ့ ပြဒါးလို အရည်စိုရွှဲနေတဲ့ ဝတ်ရုံတစ်ထည် ရှိနေသလို.. သူ့လက်ထဲမှာလည်း ရာသီဥတုဒဏ်ခံနိုင်တဲ့ အရိုးနဲ့ ပြုလုပ်ထားတဲ့ မီးခတ်ကျောက် ဓားမြှောင်တစ်လက် ရှိနေခဲ့ပါတယ်..။
ဒီဓားမြှောင်က ဗန် ကိုယ်တိုင်ပေးထားတာ ဖြစ်လို့ အထူးသဖြင့် ပိုပြီး အစွမ်းထက်ပါတယ်..။
အခုဆိုရင် လုံခြုံရေး ဗဟိုဌာနထဲမှာ လူတွေ အများကြီး ရှိနေခဲ့ပါပြီ..။ ဒီထဲမှာ ဗန် ၊ ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် ၊ သူ့ရဲ့ စစ်သား ခြောက်ယောက်လုံးနဲ့ အိပ်ရေးပျက်နေတဲ့ နိုးထသူ အရာရှိ အချို့ ပါဝင်နေခဲ့တယ်..။ ဆန်နီ က မှတ်ဉာဏ်သိုလှောင်မှု ကတ်ပြားကို ကိုင်ထားရင်း စခရင်တစ်ခုရဲ့ ရှေ့မှာ ထိုင်နေခဲ့တယ်..။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး.. သူ့ရဲ့ အရိပ် လေးကောင်လုံးကို ထာဝရချိန်း ဘေးပတ်ပတ်လည်မှာ ရစ်ပတ်လိုက်တာကြောင့်.. အဲဒီ မှိုင်းညို့နေတဲ့ သံမဏိက ပိုပြီး ကြံ့ခိုင်၊ ပိုပြီး ခံနိုင်ရည်ရှိကာ ပိုပြီး အစွမ်းထက်လာတာကို သူ ခံစားလိုက်ရပါတယ်..။
ယင်းနောက် သူက မှတ်ဉာဏ်သိုလှောင်မှု ကတ်ပြားကို စက်ရဲ့ အပေါက်ထဲကို ထည့်သွင်းလိုက်ပြီး အဲဒီထဲမှာ သိမ်းဆည်းထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ဖွင့်ကြည့်လိုက်တယ်..။
လူတိုင်းက လှိုင်းထနေတဲ့ သမုဒ္ဒရာရဲ့ ဗီဒီယိုဖိုင်ကို ကြောက်လန့်တုန်လှုပ်စရာ ကောင်းတဲ့ စိတ်ဝင်စားမှုမျိုးနဲ့ ကြည့်ရှုနေကြပါတယ်..။ သို့ပေမဲ့ လုံခြုံရေး ဗဟိုဌာနထဲမှာ ရှိနေတဲ့ ဘယ်သူကမှ ဒီရုပ်သံမှတ်တမ်းထဲမှာ ထူးခြားတဲ့အရာ ဘာတစ်ခုကိုမှ သတိမထားမိကြပုံမပေါ်ပါဘူး..။
ခနအကြာမှာတော့ ဘတ် က ဝေခွဲမရတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။
“ကျမ… ဘာမှ မမြင်ရပါလား..”
ဒါပေမဲ့ သူမ ဆန်နီ ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့.. သူ့ရဲ့ ဖြူဖျော့ပြီး မောပန်းနွမ်းနယ်နေတဲ့ မျက်နှာပေါ်မှာ တည်ကြည်တဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။
ဘာလို့လဲဆိုတော့ တခြားလူတွေနဲ့မတူဘဲ.. ဆန်နီ က အရင်တုန်းက သတိမထားမိနိုင်ခဲ့တဲ့ အရာတွေကို မြင်တွေ့နေရလို့ပါပဲ..။ သူ့အတွက်တော့ ဒီရုပ်သံမှတ်တမ်းက အလွန်အမင်း ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့ လက်တွေ့အမှန်တရားကို ပြသနေခဲ့တယ်..။
စခရင်ပေါ်မှာ သူ မြင်တွေ့လိုက်ရတဲ့အရာတွေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး.. တုန်လှုပ်ကာ စိတ်ပျက်အားလျော့သွားစေခဲ့ပါတယ်..။
‘ချီးတဲ့မှပဲ…’
လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အနက်ရောင်ကမ်းခြေရဲ့ ပြောင်းလဲမူတွေကို အရှိန်မြှင့်ပြီး ပြန်လည်ပြသနေတဲ့ ရုပ်သံမှတ်တမ်းက ဆက်သွားနေစဉ်မှာပဲ.. ဆန်နီ က ဘာအကြောင်းပြချက်မှ မရှိဘဲ အဲဒီဗီဒီယိုကို အနှေးဆုံးအဆင့်အထိ ရက်အနည်းငယ်လောက် လျှော့ချလိုက်ပါတယ်..။ဒီလို လုပ်လိုက်တဲ့ အကြိမ်တိုင်းမှာပဲ သူ့ရဲ့ အမူအရာက ပိုပိုပြီးတော့ ဆိုးဝါးလာခဲ့တယ်..။
…သူက ဒီလိုမျိုးအရာကို မျှော်လင့်ထားရမယ်ဆိုတာ ကြိုသိနေခဲ့တာတော့ အမှန်ပါပဲ..။ ဒါပေမဲ့ စိတ်ငြို့ခံထားရတဲ့ သားကောင်တွေ သွားနိုင်ဖို့အတွက် သူကိုယ်တိုင်က ဘာမှမဖြစ်သလိုမျိုး လမ်းဖယ်ပေးခဲ့ပြီး.. ခနအကြာမှာတော့ သူတို့ရဲ့ တည်ရှိမှုကို မေ့လျော့သွားခဲ့တဲ့ မိမိကိုယ်ကိုယ် ပြန်ကြည့်ရတာက စိတ်ထဲမှာ တကယ်ကို မသက်မသာ ဖြစ်စေပါတယ်..။
ဆန်နီ ဟာ လူပေါင်းများစွာ အေးစက်တဲ့ လှိုင်းလုံးတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး.. ဒါကြောင့်လည်း သူ့ရဲ့ အသိစိတ်က ဒီအချက်ကို ပထမဆုံးအကြိမ်အဖြစ် သတိပြုမိသွားတာ ဖြစ်နေခဲ့တယ်..။
ဒီလို သတိပြုမိသွားတာနဲ့တင် ကျိန်စာက ပျက်ပြယ်သွားခဲ့ပြီး.. ရုတ်တရက်ဆိုသလိုပဲ အရင်က ဖိနှိပ်ခံထားရတဲ့ မှတ်ဉာဏ်တွေ အားလုံးက သူ့ရဲ့ စိတ်ထဲကို အလုံးအရင်းနဲ့ ပြန်လည်တိုးဝင်လာခဲ့ပါတယ်..။
ဆန်နီ တုန်လှုပ်သွားခဲ့ပါပြီ။
‘ဘုရားသခင်တို့…’
သူ့ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို သတိပြုမိသွားတာကြောင့် ဗန် က ရှေ့ကို ကိုင်းညွတ်လိုက်ပြီး..
“ဘာဖြစ်လို့လဲ..။ မင်း ဘာမြင်လိုက်ရတာလဲ..။ အဲဒါက ဘယ်လို အိပ်မက်ဆိုး သားရဲ လဲ..။ အဲဒီကောင်က စခန်းထဲက လူတွေကို ဘယ်လိုမျိုး ဖမ်းဆီးသွားတာလဲ..”
ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ တုန်ရီနေတဲ့ လက်နဲ့ ဗီဒီယိုပြသမှုကို ရပ်တန့်လိုက်ပါတယ်..။ သူက အဲဒါကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေပြီး လက်သီးကို တင်းတင်းဆုပ်လိုက်တာကြောင့် တုန်ရီမှုတွေက ရပ်တန့်သွားခဲ့တယ်..။
နောက်ဆုံးမှာတော့ သူက လေးလံစွာ သက်ပြင်းချလိုက်မိပါတယ်..။
“…ကျုပ် ပြောတာ အတော်များများ မှန်နေခဲ့တယ်..။ ဒီခံတပ်ထဲမှာ ရှိတဲ့ လူတိုင်းအပေါ် လွှမ်းမိုးနေတဲ့ စိတ်ငြို့မူ ကျိန်စာက တကယ်ပဲ ရှိနေခဲ့တာ..။ အဲဒါက ကျုပ်တို့ကို သားကောင်တွေနဲ့ သူတို့ ချန်ထားခဲ့တဲ့ သဲလွန်စတွေအပေါ် ဘာမှမသိအောင်နဲ့ ဂရုမစိုက်မိအောင် လုပ်ထားတာပဲ..။ ဒါပေမဲ့… ကျုပ် အဲဒီ သတ္တဝါ ကိုယ်တိုင် ကိုတော့ မမြင်ခဲ့ရဘူး..။ အဲဒီကောင်က ဘယ်တော့မှ ပေါ်မလာခဲ့ဘူးလေ..။ သားကောင်တွေက… သူတို့ကိုယ်တိုင် သမုဒ္ဒရာထဲကို လမ်းလျှောက်ဝင်သွားကြပြီး ပျောက်ကွယ်သွားခဲ့ကြတာ..။ အချို့က ကျုပ်တို့ မျက်စိရှေ့တင်ပဲ..။ ကြည့်ရတာ အဲဒီကောင်က ဒီလူတွေကို သူ့ဆီ လာဖို့အတွက် တစ်နည်းနည်းနဲ့ ထိန်းချုပ်ထားပုံရတယ်။ ကျုပ်တို့ကိုတော့ သူတို့ ဖြတ်သွားတာကို မမြင်နိုင်အောင် လုပ်ထားသလိုပဲ.."
ဗန် က အံကြိတ်လိုက်ပြီး..
“… အဲဒါကို တားဆီးဖို့ နည်းလမ်းတစ်ခုတော့ ရှိရမယ်..”
ဆန်နီ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပါတယ်..။
“ကျုပ်ရဲ့ အတွေ့အကြုံအရတော့.. ဒီလိုမျိုး သတ္တဝါကို ရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အဲဒီကောင်ဆီကနေ ထွက်ပြေးဖို့ပဲ..။ ကျုပ်တို့ ထွက်ပြေးနိုင်တုန်းမှာပေါ့..”
ဒေသခံ မာစတာ ကတော့ မကျေမနပ်ဖြစ်နေတဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်တယ်..။ သို့ပေမယ့် ဒီ မကျေနပ်မှုက ဆန်နီ ဆီကို ဦးတည်နေတာ မဟုတ်ပါဘူး..။ အဲဒီအစား.. လှိုင်းလုံးတွေအောက်မှာ ပုန်းအောင်းနေတဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး၊ အိပ်မက်ဆိုး ချိန်းကြိုးကြီး နဲ့ ယေဘုယျအားဖြင့် နိုးထခြင်း ကမ္ဘာရဲ့ သနားစရာကောင်းတဲ့ အခြေအနေဆီကို ဦးတည်နေခဲ့တာပါ။
“အခုအချိန်မှာ LO49 ကနေ ထွက်ခွာဖို့ ကြိုးစားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ဘူး..။ငါတို့က ဒီလောက် ကြမ်းတမ်းတဲ့ မြေပြင် အကွာအဝေးကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး..။ အထူးသဖြင့် ဒီ အန္တာတိက အလယ်ပိုင်း ဒေသမှာ အိပ်မက်ဆိုး သားရဲ အုပ်စုကြီးတွေက ဘာဆီးတားမှုမှ မရှိပဲ လှည့်လည်သွားလာနေကြတာ..။ ပြီးတော့ နယ်မြေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိသလို စစ်တပ်ဌာနချုပ်နဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတာလေ..”
သူ့ရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့ပြီး..
“…ငါတို့ ဒီမှာပဲ ဆက်နေပြီး အေရီယက်ဒ်နီ သင်္ဘော ရောက်လာတာကို စောင့်ရမယ်..။ အဲဒါက နောက် နှစ်ရက်အတွင်းမှာ ရောက်လာသင့်တယ်..။ ဒါမှမဟုတ်ရင်လည်း မကြာခင်ပေါ့..။ ငါတို့ ဒီ စက်ဆုပ်ဖွယ် သတ္တဝါကို နှစ်ရက်လောက်တော့ ဆက်ပြီး တောင့်ခံနိုင်ပါသေးတယ်..”
ဆန်နီ က သူ့ကို ခနလောက် စိုက်ကြည့်ပြီး စဉ်းစားနေမိတယ်..။ ပျက်ပြားခြင်းအဆင့် တယ်ရာ ဖြစ်နိုင်ခြေရှိတဲ့ သတ္တဝါနဲ့ ဒီလောက် နီးနီးကပ်ကပ် နေရတာက သူ့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေတယ် ဆိုပေမယ့်.. ဗန် ပြောခဲ့တဲ့အရာက ကျိုးကြောင်းဆီလျော်မှု ရှိတယ်ဆိုတာကိုတော့ သူ အသိအမှတ်ပြုရမှာပါပဲ..။
အေရီယက်ဒ်နီ သင်္ဘောက တကယ်ပဲ သူတို့ရဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်နေခဲ့တယ်..။
သူ သက်ပြင်းချလိုက်ပြီး..
“ဒါဆို ခင်ဗျားက ဒီအတောအတွင်းမှာ ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ အကြံပြုချင်တာလဲ..။ အဲ့ခွေးသား က လူတွေကို ဆက်ပြီး ဝါးမြိုနေတာကိုဒီတိုင်း လွှတ်ထားရမှာလား..”
ဗန် က သူ့လက်တွေကို ပိုက်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။
“မဟုတ်ဘူး..။ အခု ငါတို့က ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သိသွားပြီဆိုတော့.. နောက်ထပ် လူတွေ ပျောက်ကွယ်မသွားအောင် တားဆီးနိုင်ပြီလေ..”
ဆန်နီ မျက်ခုံး ပင့်လိုက်ပြီး..
“အဲတော့ ခင်ဗျားက ဘယ်လိုမျိုး လုပ်ဖို့ အကြံပြုချင်တာလဲ..”
ဒေသခံ မာစတာ က သူ့ကို အတွေးနက်စွာ စိုက်ကြည့်လိုက်တယ်..။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူက တည်ငြိမ်စွာ ပြောလာခဲ့ပါတယ်..။
“ကောင်းပြီလေ..။ တစ်ယောက်ယောက်က သားကောင်တွေ သမုဒ္ဒရာထဲကို ခုန်မချမိအောင် တားဆီးပေးလိုက်ရုံပဲ မဟုတ်ဘူးလား..။ ဟုတ်တယ်နော်..”
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တယ်..။
ဘယ်သူက ဒီတာဝန်ကို ရတော့မယ်ဆိုတာကို သူက တစ်နည်းနည်းနဲ့ သိနေခဲ့ပါပြီ…။
အပိုင်း ( ၈၉၄ ) ပြီး၏။