အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အပိုင်း ( ၈၉၅ ) ညအချိန် ဖမ်းဆီးသူ
တစ်ခြားလူတွေ အေးစက်တဲ့ သမုဒ္ဒရာထဲကို တိတ်တဆိတ် လမ်းလျှောက်ဝင်မသွားအောင် တားဆီးနိုင်တဲ့ တစ်ဦးတည်းသောလူက ဆန်နီ ဖြစ်နေခဲ့တယ်..။ သူက ငှားရမ်းထားတဲ့ မှတ်သားမူ တွေကို ပြန်ပေးပြီး ထာဝရချိန်း ကို တခြားလူတစ်ယောက်ဆီ ပေးလိုက်ရင်တောင်မှ.. အဲဒီလူက အရိပ် လေးကောင်ရဲ့ တိုးမြှင့်မှု စွမ်းအားကို ရရှိခံစားနိုင်မှာ မဟုတ်ပါဘူး..။ ဒါကြောင့် စိတ်ငြို့ကျိန်စာက ပျက်ပြယ်သွားမှာ မဟုတ်ပေ..။
ဒီအခြေအနေမှာ ကောင်းတဲ့အရာ တစ်ခု ရှိနေခဲ့တယ်ဆိုရင်.. အဲဒါက ဆန်နီ အနေနဲ့ ကိုယ်ကိုယ်ကို စိတ်ငြို့မူ ကနေ ဖယ်ရှားပြီးတဲ့နောက်မှာ.. သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်တွေကို ဒီလောက်အထိ အဆင့်မြင့်ထားဖို့ မလိုတော့တာပါပဲ..။ အခုဆိုရင် သူက အဲဒီအမည်မသိ သတ္တဝါရဲ့ လွှမ်းမိုးမှုဒဏ်ကနေ ကာကွယ်ဆေး ထိုးနှံပြီးသလိုမျိုး ဖြစ်သွားခဲ့တာပါ။
အနည်းဆုံးတော့ အခုလောလောဆယ်အထိပေါ့..။
သူက ဆွဲကြိုး၊ ပြဒါးရောင် ဝတ်ရုံနဲ့ မီးခတ်ကျောက် ဓားမြှောင်တို့ကို သူတို့ရဲ့ ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်ပါတယ်..။ အရိပ် တစ်ကောင်က ပရော်ဖက်ဆာ အိုဘယ် ရဲ့ နောက်ကို ဆက်လက် လိုက်နေခဲ့ပြီး.. ကျန်တဲ့ အရိပ် သုံးကောင်ကတော့ လိုရမယ်ရ ထာဝရချိန်း
ဘေးပတ်လည်မှာပဲ ဆက်လက် ရစ်ပတ်ထားခဲ့တယ်..။ အဲဒီနောက်မှာတော့ လူတိုင်းက အလုပ်စလုပ်ကြပါတော့တယ်..။
ဆန်နီ က စိတ်ငြို့ခံထားရသူတွေကို မြင်နိုင်တဲ့ တစ်ဦးတည်းသောလူ ဖြစ်နေခဲ့ပေမဲ့.. အဲဒါနဲ့ပဲ တခြားလူတွေအနေ ထပ်မံပျောက်ကွယ်မသွားအောင် မကူညီနိုင်ဘူးလို့ မဆိုလိုပါဘူး..။ အခုဆိုရင် ဗန် က သူတို့ ဘာကို အတိအကျ ရင်ဆိုင်နေရလဲဆိုတာ သိသွားပြီ ဖြစ်လို့.. ရန်သူက သားကောင်တွေကို အလွယ်တကူ ဆွဲခေါ်မသွားနိုင်အောင် ခံတပ်ရဲ့ လုံခြုံရေး စည်းမျဉ်းတွေကို ပြောင်းလဲသတ်မှတ်နိုင်ပါတယ်..။
စစ်သားတွေက ညွှန်ကြားချက်အသစ်တွေကို ရရှိခဲ့ကြပြီး.. အရေးမပါတဲ့ ဝန်ထမ်းတွေ အားလုံးကိုတော့ သူတို့ရဲ့ နေထိုင်ရာ အခန်းတွေထဲမှာပဲ ပိတ်လှောင်ထားခဲ့တယ်..။ သူတို့ အပြင်မထွက်နိုင်ရင်တော့ သမုဒ္ဒရာဆီကို ရောက်ရှိနိုင်မှာ မဟုတ်တော့တာကြောင့် အကောင်းဆုံးပါပဲ..။
အဲ့အချိန်မှာ ဆန်နီ ကတော့ ...
သူက မှောင်မိုက်နေတဲ့ ကမ်းခြေပေါ်ကို လမ်းလျှောက်ထွက်လာခဲ့ပြီး သက်ပြင်းချလိုက်မိတယ်..။ ယင်းနောက် လှိုင်းသံတွေ မြည်နေတဲ့ ကမ်းစပ်နားမှာ လက်ရာမြောက်တဲ့ အရိပ်ထိုင်ခုံ တစ်လုံးကို ချလိုက်ပြီး သမုဒ္ဒရာကို ကျောခိုင်းကာ ထိုင်လိုက်ပါတယ်..။ခံတပ်ရဲ့ တံတိုင်းကြီးကို မျက်နှာမူထားရင်းပေါ့..။ ဆန်နီ က အေးစက်တဲ့ လေပြေထဲမှာ ခနလောက် တုန်ရီသွားခဲ့ပြီးမှ နောက်ကို မှီလိုက်ပြီး ခြေထောက်ကို သက်သောင့်သက်သာ ချိတ်လိုက်မိတယ်..။
‘နည်းနည်းတော့ ချမ်းသားပဲ…’
ကမ္ဘာကြီးက မှောင်မိုက်နေခဲ့ပြီး.. သူ့ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်နေတဲ့ တစ်ခုတည်းသော အသံတွေကတော့ လေပြင်းတွေရဲ့ အော်သံနဲ့ လှိုင်းလုံးတွေရဲ့ မရပ်မနား
အော်မြည်သံတွေပါပဲ..။ သမုဒ္ဒရာကို ကျောခိုင်းပြီး ထိုင်နေရတာက စိတ်ထဲမှာ ဘယ်လိုမှ မသက်သာလှပါဘူး..။ အထူးသဖြင့် အလင်းရောင်ကင်းမဲ့နေတဲ့ ရေမျက်နှာပြင်အောက်မှာ ပျက်ပြားခြင်းအဆင့် တယ်ရာ တစ်ကောင် ပုန်းအောင်းနေတယ်ဆိုတာ သိနေတဲ့အချိန်မှာ ပိုတောင်ဆိုးပါသေးတယ်။
ဆန်နီ ကို စိတ်သက်သာရာရစေတဲ့ တစ်ခုတည်းသောအရာကတော့.. တံတိုင်းရဲ့ အရိပ်ထဲမှာ မော်ဂန်ရဲ့ စစ်ပွဲလေး ကို ကိုင်ဆောင်ရင်း လှုပ်ရှားမှုမရှိပဲ ရပ်နေတဲ့ သူတော်စင် ရဲ့ ပုံရိပ်ပါပဲ..။ ဒါပေမဲ့လည်း ဆန်နီ မှာ စိုးရိမ်စရာတွေ အများကြီး ရှိနေပါသေးတယ်..။
သူ တကယ်ပဲ လူတွေ ရေထဲကို မရောက်အောင် တားဆီးနိုင်ပါ့မလား..။
သူတို့က ပြန်ပြီး ခုခံကြမှာလား.. ဒါမှမဟုတ် LO49 ရဲ့ အတွင်းထဲကို ငြိမ်ငြိမ်သက်သက် ပြန်လိုက်လာကြမှာလား..။
…အရေးအကြီးဆုံးကတော့.. တကယ်လို့ရုတ်တရက် အစာရေစာ ဖြတ်တောက်ခံလိုက်ရတဲ့အချိန်မှာ အဲဒီ တယ်ရာ က ဘယ်လို တုန့်ပြန်မှာလဲဆိုတာပါပဲ..။ အဲဒီ သတ္တဝါ က သူတို့ကို ဒီအတိုင်း လွှတ်ထားလိမ့်မယ်ဆိုတာကို ဆန်နီ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။
သူကတော့ ဒီသတ္တဝါရဲ့ နောက်ဆုံး လက်တုံ့ပြန်မှု မလာခင်မှာ ကယ်ဆယ်ရေးသင်္ဘော ရောက်ရှိလာဖို့ နဲ့.. သတ္တဝါရဲ့ စိတ်ငြို့မူက သင်္ဘောသားတွေအပေါ် မသက်ရောက်ခင်မှာ သူတို့ကို ခေါ်ဆောင်သွားနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။
ဆန်နီ သက်ပြင်းချလိုက်ရင်း.. သူ့ရဲ့ အရိပ်တွေကို ရှေ့ကို စေလွှတ်လိုက်ပါတယ်..။ အရိပ်တွေက တံတိုင်းပေါ်ကို တွားတက်သွားခဲ့ကြပြီး
မတူညီတဲ့ နေရာ သုံးခုမှာ နေရာယူကာ စောင့်ကြပ်နေခဲ့ကြတယ်..။
ယင်းနောက်မှာတော့ သူ လုပ်နိုင်တာဆိုလို့ နောက်ကွယ်က လှိုင်းလုံးတွေရဲ့ အော်မြည်သံကို နားထောင်ရင်း စောင့်ဆိုင်းနေဖို့ပဲ ရှိပါတော့တယ်..။
တစ်မိနစ် ကုန်လွန်သွားခဲ့ပြီး.. နောက်ထပ် တစ်မိနစ် ကုန်လွန်သွားခဲ့တယ်..။ အဲဒီနောက်မှာတော့ နောက်ထပ် မိနစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြန်ပါတယ်..။
ဆန်နီ ဟာ သူနဲ့အတူ ယူဆောင်လာခဲ့တဲ့ ဓာတ်ဘူးကို ဖွင့်လိုက်ပြီး မွှေးကြိုင်လှတဲ့ ကော်ဖီတစ်ခွက် ငှဲ့လိုက်ပါတယ်..။သူက အေးစက်လှတဲ့ ရာသီဥတုထဲမှာ ကော်ဖီကို တစ်ငုံချင်းစီ သောက်ရင်း.. သမုဒ္ဒရာကြီးကို လုံးဝ စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်ကာ ဆက်ပြီး စောင့်ဆိုင်းနေခဲ့တယ်..။
တစ်နာရီလောက် ကြာပြီးတဲ့နောက်မှာတော့.. တံတိုင်းပေါ်မှာ လူသားပုံရိပ်တစ်ခုက နောက်ဆုံးတော့ ပေါ်လာခဲ့ပါပြီ..။ ဆန်နီ ဟာ အိပ်ငိုက်နေတာတွေကို မောင်းထုတ်ဖို့ သူ့မျက်နှာကို သူ ပြန်ရိုက်လိုက်ပြီး.. ဓာတ်ဘူးကို ချကာ ထရပ်လိုက်ပါတယ်..။သူက အရိပ်ခြေလှမ်း ကနေတစ်ဆင့် စိတ်ငြို့ခံထားရတဲ့ လူရဲ့ အနားကို ရောက်ရှိသွားခဲ့တယ်..။
ဒီလူကတော့…… သူ အဲဒီလူကို သိပါတယ်..။ သူက ဒေသခံ တပ်ခွဲကို တာဝန်ယူထားရတဲ့ နိုးထသူ အရာရှိတွေထဲက တစ်ယောက်ပါ..။ ဒီစစ်သားက ပုံမှန်ဆိုရင် နှစ်ပတ်နီးပါးလောက် အိပ်ရေးပျက်ထားရင်တောင်မှ အမြဲတမ်း ရွှင်ရွှင်လန်းလန်းနဲ့ တက်ကြွနေတတ်ပါတယ်..။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိတဲ့ အမူအရာတစ်ခု ရှိနေပြီး.. သူ့ရဲ့ အသက်မဲ့နေတဲ့ မျက်လုံးတွေထဲမှာလည်း ဘာအလင်းရောင်မှ ရှိမနေခဲ့ပေ..။
ဆန်နီ က ဖြည်းညှင်းစွာ လမ်းလျှောက်နေတဲ့ နိုးထသူ နဲ့ တံတိုင်းရဲ့ အစွန်း ကြားထဲမှာ ရပ်လိုက်ပါတယ်..။
ဒီတစ်ကြိမ်မှာတော့ သူက လမ်းဖယ်ပေးခြင်း
မရှိခဲ့ပါဘူး။
အဲဒီအစား သူက ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ စစ်သားရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်ပြီး တားဆီးလိုက်ပါတယ်..။ ဒီလူက သူ့ကိုယ်သူတစ်နေရာတည်းမှာတင် လမ်းလျှောက်နေမိတာကို သတိမထားမိဘဲ နောက်ထပ် ခြေလှမ်းအချို့ကို လှမ်းနေခဲ့သေးတယ်..။
ယင်းနောက် သူက လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာကာ.. တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ဆန်နီ ကို စိုက်ကြည့်လာခဲ့တယ်..။
‘ချီးပဲ.. ဒါက တကယ် ကြောက်ဖို့ကောင်းတာပဲ..'
ဆန်နီ က တစ်ခုခုပြောဖို့ သူ့ပါးစပ်ကို ဟလိုက်ပေမဲ့.. အဲ့အချိန်မှာပဲ ပြင်းထန်တဲ့ ရိုက်ခတ်မှုတစ်ခုက သူ့ကို နောက်ကို လွင့်ထွက်သွားစေခဲ့ပါတယ်..။သူ တံတိုင်းရဲ့ အစွန်း နဲ့ ဆောင့်မိသွားခဲ့ပြီး..တံတိုင်းကို ကျော်ကာ အောက်ကို လိမ့်ကျသွားခဲ့ပါတယ်။သူ့ပုံစံက အောက်ခြေက ကျောက်တုံးတွေပေါ်ကို သနားစရာကောင်းတဲ့ ပုံစံနဲ့ ပြုတ်ကျသွားခဲ့တာပါ..။
‘အား… ဘယ်လို ငရဲမျိုးလဲ’
ဒီတိုက်ခိုက်မှုက သာမန် နိုးထသူ တစ်ယောက် ထုတ်ဖော်နိုင်စွမ်း ရှိတာထက် အများကြီး ပိုပြီးပြင်းထန်နေခဲ့တယ်..။ သူ့ရဲ့ ခန္ဓာကိုယ်ကို အရိပ်တွေနဲ့ မတိုးမြှင့်ထားရင်တောင်မှ ဆန်နီ က မာစတာ တစ်ယောက်ပါပဲ..။ ပြီးတော့ သူ့မှာ အမြုတေ လေးခု ရှိနေသလို သူ အသုံးပြုနိုင်တဲ့ အဆီအနှစ် ပင်လယ်ကြီးလည်း ရှိနေပါသေးတယ်။
ဒီစိတ်ငြို့ခံထားရတဲ့ အရာရှိက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..။
သူ ကျိန်ဆဲလိုက်ရင်း မြေပြင်ကနေ ဖြည်းဖြည်းချင်း ထလိုက်မိတယ်..။ အဲ့အချိန်မှာပဲ
ဒီ နိုးထသူ က သူ့ရဲ့ အနီးအနား က ကျောက်တုံးတွေပေါ်ကို ခုန်ဆင်းလာခဲ့တယ်။သူက.. ခနလောက် ယိမ်းယိုင် သွားခဲ့ပေမဲ့ မှောင်မိုက်တဲ့ လှိုင်းလုံးတွေဆီကို ဆက်ပြီး လျှောက်လှမ်းနေခဲ့ပြန်ပါတယ်..။ ဆန်နီ က သူ့ရဲ့ လမ်းကြောင်းကို ပိတ်မထားတော့တာကြောင့် စစ်သားက သူ့ကို ထပ်ပြီး အာရုံမစိုက်တော့ပါဘူး..။
“အမြန်မသွားနဲ့လေ..ငတုံးကောင်…”
ဆန်နီဟာ အရိပ်တွေကို ရှည်လျားတဲ့ ချိန်းကြိုးတစ်ခုအဖြစ် ဖန်တီးလိုက်ရင်း..ကြိုးကွင်းတစ်ခု အနေနဲ့ စိတ်ငြို့ခံထားရတဲ့ လူဆီကို ပစ်ကာ ဖမ်းဆီးလိုက်ပါတယ်..။သူက ဒီစစ်သား ပြသခဲ့တဲ့ မျှော်လင့်မထားတဲ့ ခွန်အားကို ထည့်သွင်းစဉ်းစားပြီး.. သေချာအောင် နောက်ထပ် ချိန်းကြိုးတစ်ခုကို ထပ်တိုးလိုက်တယ်။
“ဟင်း… အရင်တုန်းက အချိန်တွေ အတိုင်းပဲ..”
တောင်ဘုရင် ရဲ့ လည်ပင်းကို ချိန်းကွင်း လှမ်းပစ်ခဲ့ရတဲ့ မှတ်ဉာဏ်က သူ့ရဲ့ စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါပဲ..။
ဗန် ရဲ့ အရာရှိက မလှုပ်ရှားနိုင်တော့တာ သေချာပြီဆိုမှ.. ဆန်နီ က သူ့ကို နောက်ဆွဲခေါ်လာခဲ့ပြီး တံတိုင်းပေါ်ကို ပြန်တင်ပေးလိုက်ပါတယ်..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူက အနည်းငယ် မောပန်းရင်း မျှော်စင်ဟောင်းရဲ့ အတွင်းထဲကို လမ်းလျှောက်ဝင်သွားခဲ့တယ်..။ ဒီနေရာမှာတော့ ပထမဆုံး အကျဉ်းခန်း အချို့ကို တည်ဆောက်ပြီးစီးနေခဲ့ပြီ ဖြစ်ပြီး.. အလုပ်သမား အဖွဲ့တစ်ဖွဲ့ကလည်း နောက်ထပ် အခန်းတွေကို အလုအယက် တည်ဆောက်နေကြပါတယ်..။ သူတို့က ဆန်နီ ကို စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်ကြပေမဲ့.. ခနအကြာမှာတော့ စိတ်ငြို့ကျိန်စာကြောင့် အာရုံပျံ့လွင့်သွားပြီး စိတ်ဝင်စားမှု ပြန်လည်ပျောက်ဆုံးသွားခဲ့ကြတယ်..။
ဆန်နီ က အလုပ်သမားတွေကို ဂရုမစိုက်ပဲ အနီးဆုံး အခန်းဆီကို လျှောက်သွားကာ.. စိတ်ငြို့ခံထားရတဲ့ အရာရှိကို အတွင်းထဲ ပစ်ထည့်လိုက်ပြီး တံခါးကို ပိတ်လိုက်ပါတယ်..။ နိုးထသူ တစ်ယောက်အတွက်တောင်မှ ဒီလိုမျိုး အကျဉ်းခန်းထဲကနေ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ..။
ခနအကြာမှာတော့ အကျဉ်းချခန်းရဲ့ အတွင်းဘက် နံရံပေါ်ကို ပြင်းထန်တဲ့ ထုရိုက်သံ အချို့ ကျရောက်လာတာကြောင့် အခန်းတစ်ခုလုံး တုန်ခါသွားခဲ့ရတယ်..။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ခိုင်ခံ့တဲ့ တည်ဆောက်မှုက တောင့်ခံနိုင်ခဲ့ပါတယ်..။ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့.. စိတ်ငြို့ခံထားရတဲ့ စစ်သည်ဟာ သမုဒ္ဒရာနဲ့ အနီးဆုံး ထောင့်စွန်းဆီကို လမ်းလျှောက်သွားပြီး အဲဒီနံရံကို ကပ်ကာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပါတယ်..။
သူက ဘာမှ မလုပ်တော့ပဲ ရုပ်တုတစ်ခုလိုသာ မတ်တတ် ရပ်နေတော့တာပါ။
ဆန်နီ ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်မိတယ်..။
‘ကောင်းပြီလေ… ဒါက မဆိုးပါဘူး…’
စိတ်ငြို့ခံထားရသူတွေက အပြင်ထွက်ဖို့ မဖြစ်နိုင်တော့ရင်တောင်မှ သမုဒ္ဒရာဆီကို ရောက်ဖို့ ကြိုးစားရင်း အကျဉ်းခန်းရဲ့ နံရံတွေကို သူတို့ရဲ့ ခေါင်းတွေနဲ့ တိုက်နေကြမှာကို သူ စိုးရိမ်နေခဲ့တာပါ..။
“အို…… မာစတာ ဆန်းလပ်စ်..။ ရှင် ဘယ်တုန်းက ရောက်လာတာလဲ..”
အခုဆိုရင် သူက စစ်သားကို ချုပ်ကိုင် မထားတော့တာကြောင့် အလုပ်သမားတွေက နောက်ဆုံးတော့ သူ့ရဲ့ တည်ရှိမှုကို သတိပြုမိသွားခဲ့ကြတယ်..။ သူတို့က ဆန်နီ့ ကို အံ့ဩနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာကြပါတယ်..။
သူ မျက်တောင် အနည်းငယ် ခတ်လိုက်ပြီးမှ ပြုံးပြလိုက်တယ်..။
“…ဆက်လုပ်ကြပါ.. ကျုပ်က ဒီအတိုင်း ဖြတ်သွားတာပါ..”
အဲ့အချိန်မှာပဲ.. သူ့ရဲ့ အရိပ်တွေက တံတိုင်းပေါ်ကို တက်လာတဲ့ နောက်ထပ် လူသားပုံရိပ်တစ်ခုကို သတိပြုမိလိုက်ကြပြန်ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။ သူ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ.. အရိပ်ခြေလှမ်းကို အသုံးပြုပြီး နောက်တစ်ကြိမ် ထွက်ခွာသွားခဲ့ပါတော့တယ်..။
အပိုင်း ( ၈၉၅ ) ပြီး၏။
အပိုင်း ( ၈၉၆ ) အတားအဆီး
ဆန်နီ တစ်ယောက် ရူးချင်သလိုတောင် ဖြစ်နေခဲ့တယ်..။
သူက ပင်ပန်းနေပြီး အိပ်ရေးပျက်ကာ ချမ်းအေးနေခဲ့တယ်..။ သူက စွန့်ပစ်ထားတဲ့ မျှော်စင်ဟောင်းတစ်ခုကို ဗဟိုပြုပြီး ဆောက်ထားတဲ့ ဝေးလံခေါင်သီတဲ့ ကုန်းမြေပေါ်က ခံတပ်တစ်ခုထဲမှာ ပိတ်မိနေခဲ့တာပါ..။ ဒီခံတပ်က နက်ရှိုင်းတဲ့ ရေအောက်ကနေ ရောက်လာတဲ့ အမည်မသိ ထိတ်လန့်စရာ သတ္တဝါရဲ့ ခြိမ်းခြောက်မူကိုခံနေခဲ့ရပါတယ်။.. သူကတော့ ဒီသတ္တဝါရဲ့ ကျိန်စာဘေးကနေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူ ဖြစ်နေခဲ့တယ်..။
ဒါပေမဲ့ ဒီအရာတွေအားလုံးထဲမှာ အထူးဆန်းဆုံးအချက်ကတော့.. တစ်ခါတစ်ရံမှာ ဆန်နီီကို ဘယ်သူမှ မမြင်ကြတာပါပဲ..။ သူက သားကောင်တွေထဲက တစ်ယောက်ကို ဖမ်းဆီးပြီး မျှော်စင်ဟောင်းထဲက အကျဉ်းချစခန်းဆီ ဆွဲခေါ်သွားတဲ့ အကြိမ်တိုင်းမှာ.. စခန်းထဲက လူတိုင်းက သူ မရှိသလိုမျိုး ပြုမူနေကြပါတယ်..။
မဟုတ်ဘူး.. ဒါက လုံးဝ ကွယ်ပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး..။ လူတွေက သူ့ကို မြင်တော့ မြင်နိုင်ကြပါတယ်..။ ဒါပေမဲ့ သူ့ရဲ့ တည်ရှိမှုက သူတို့ရဲ့ အသိစိတ်ထဲကို ရောက်သွားပြီးတာနဲ့ ချက်ချင်းပဲ ပြန်ပြီး စီးဆင်းပျောက်ကွယ်သွားခဲ့ပုံရတယ်..။ ဆန်နီ က စိတ်ငြို့ခံထားရတဲ့ သားကောင်တစ်ယောက်ရဲ့ ဘေးမှာ ရှိနေသရွေ့တော့.. LO49 မှာ ရှိတဲ့သူတွေက သူ့ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ကြပေမဲ့.. သူတို့ မြင်ခဲ့ရတဲ့အရာကို ချက်ချင်း မေ့လျော့သွားကာ လုပ်စရာရှိတာကို ဆက်လုပ်ကြပါတယ်..။ ဒါက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ..။
ဒီလို ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေမှာ.. ဒီတိုင်းသာ ဆက်ဖြစ်နေရင် သူက လူတိုင်းရဲ့ ထာဝရ မေ့လျော့ခြင်းကို ခံရတော့မလားဆိုပြီး ဆန်နီ စိတ်ထဲမှာ အဓိပ္ပာယ်မရှိတဲ့ ကြောက်ရွံ့မှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်..။
မေ့လျော့ခြင်း နတ်ဘုရား ရော ဒီလိုမျိုး ခံစားခဲ့ရတာလားဆိုတာကို သူ သိချင်သွားခဲ့တယ်။
…ကံကောင်းတာကတော့.. ဒီထူးဆန်းတဲ့ အကျိုးသက်ရောက်မှုက ဆန်နီ တစ်ယောက် အကျဉ်းသားတွေကို အခန်းတွေဆီ ပို့ဆောင်နေတဲ့ အချိန်မှာပဲ ဖြစ်တတ်တာပါ..။ သူက ဒီလူတွေကို အကျဉ်းချခန်းထဲ ထည့်လိုက်တာနဲ့တင်.. သူ့ရဲ့ တည်ရှိမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်..။ ကောင်းပြီလေ… သူ့ရဲ့ တည်ရှိမှုက နဂိုကတည်းက ပုံမှန်ဖြစ်နေရင်ပေါ့။
သူ့ရဲ့ ဖမ်းဆီးသူ တာဝန် ပထမဆုံးနေ့မှာပဲ..
ဆန်နီ ဟာ လူပေါင်း နှစ်ဆယ့်ကိုးယောက်ကို တိုက်ခိုက်၊ ဖမ်းဆီးပြီး ပိတ်လှောင်ခဲ့ရပါတယ်..။ သူ့ရဲ့ ကြွက်သားတွေက နာကျင်ကိုက်ခဲနေပြီး.. ရေစပ်နားမှာ အကြာကြီး နေခဲ့ရတာကြောင့်..ဝတ်ရုံတော် ကလည်း စိုရွဲနေခဲ့ပါပြီ..။ သူ့ရဲ့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့လည်း.. သူ စိတ်သက်သာရာရသွားတာကတော့.. အဲဒီ တယ်ရာ က သူ့ရဲ့ အစာလမ်းကြောင်းပေါ်မှာ ပေါ်လာတဲ့ ရုတ်တရက် အတားအဆီး အပေါ်
ဘာတုံ့ပြန်မှုမှ မပြသခဲ့တာပါပဲ..။ အနည်းဆုံးတော့ အခုအချိန်အထိပေါ့..။
သူတော်စင် ကတော့ ခံတပ်ရဲ့ မြင့်မားတဲ့ တံတိုင်းအရိပ်ထဲမှာ ဆက်လက် ပုန်းအောင်းနေရင်း.. သမုဒ္ဒရာရဲ့ နက်ရှိုင်းပြီး မှောင်မိုက်ကာ အေးစက်လှတဲ့ ရေပြင်ကို စောင့်ကြည့်နေခဲ့တယ်..။
သန်းခေါင်ယံ အချိန်မှာတော့ ဆန်နီ က သူ့ရဲ့ ကြိုးပမ်းမှု ရလဒ်တွေကို ဗန် ဆီကို အစီရင်ခံလိုက်ပါတယ်..။ သူတို့က မျှော်စင်ဟောင်းဆီကို အတူတူ လမ်းလျှောက်သွားခဲ့ကြတယ်။.. အဲဒီနေရာမှာတော့ ဒေသခံ မာစတာ က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်..။
“မင်း ပြောချင်တာက ဒီအကျဉ်းခန်းတွေထဲမှာ လူတွေ ရှိနေတယ်ပေါ့.. ဟုတ်လား..”
ဆန်နီ က သမ်းဝေချင်စိတ်ကို အလုအယက် ထိန်းချုပ်နေခဲ့ပေမဲ့ မအောင်မြင်ဘဲ ခေါင်းညိတ်ပြလိုက်တယ်..။
“…ဟုတ်တယ်..။ လူအယောက် သုံးဆယ်လောက် ရှိတယ်..”
ဗန် က မိနစ်အနည်းငယ်လောက် အကျဉ်းခန်းတွေကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေခဲ့ပြီးမှ.. စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းခါယမ်းလိုက်ပါတယ်..။
“ထူးဆန်းတယ်..။ သူတို့ အဲဒီမှာ ရှိနေတယ်ဆိုတာ ငါ သိနေရင်တောင်မှ.. ငါ ဘာမှ မမြင်ရပါလား..။ ငါ့အတွက်တော့ ဒီအခန်းတွေက ဗလာဖြစ်နေသလိုပဲ..”
ဆန်နီ က အနည်းငယ် နောက်ကျပြီးမှ ပြန်လည် တုံ့ပြန်လိုက်ပါတယ်..။
“အို.. ကျုပ်ကို ယုံပါ.. သူတို့ အဲဒီမှာ ရှိနေကြပါတယ်..။ သူတို့က သူတို့အခန်းရဲ့ တောင်ဘက်ခြမ်း နားမှာပဲ ရပ်နေပြီး ဘာမှ မလုပ်ကြဘူးလေ..။ အနည်းဆုံးတော့ သူတို့က ကျုပ်တို့ကို မကြည့်ဘဲ နံရံတွေကိုပဲ စိုက်ကြည့်နေကြတာလေ..။ သူတို့သာ ကျုပ်တို့ကို လှည့်ကြည့်နေရင် ပိုပြီး ခြောက်ခြားစရာ ကောင်းနေမှာ..”
ဗန် က သူ့ကို နက်မှောင်စွာ လှမ်းကြည့်လိုက်ပြီး..
“…ငါ့အထင်တော့ ဒီအခြေအနေကတင်လုံလောက်အောင် ခြောက်ခြားဖို့ ကောင်းနေပါပြီ..”
ယင်းနောက် သူက အကျဉ်းခန်းတွေဆီကနေ အကြည့် လွှဲလိုက်ပြီး လေးနက်တဲ့ လေသံနဲ့ မေးလာခဲ့တယ်..။
“တယ်ရာ ရဲ့ အမူအရာမှာ တစ်ခုခု ပြောင်းလဲသွားတာ ရှိလား..”
ဆန်နီ ခေါင်းခါပြလိုက်တယ်..။
“မရှိဘူး..။ အနည်းဆုံးတော့ ကျုပ် သတိထားမိတာမျိုး မရှိဘူး..”
ဗန် ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ သက်ပြင်းချလိုက်ပါတယ်..။
“ကောင်းပြီ..။ ဒါဆို ဆက်လုပ်ပါဦး..။ အေရီယက်ဒ်နီ သင်္ဘောက မကြာခင် ရောက်လာတော့မှာ ဆိုတော့.. ငါတို့ နောက်ထပ် နည်းနည်းလောက်ပဲ ဆက်ပြီး တောင့်ခံထားဖို့ လိုတယ်..”
ဒီလိုမျိုးနဲ့ပဲ ဆန်နီ က သူ့ရဲ့ ခြောက်ခြားဖွယ်ရာ တာဝန်ကို ဆက်ပြီး လုပ်ဆောင်နေခဲ့ပါတယ်..။ သူက ရေစပ်နားမှာ စောင့်ဆိုင်းရင်း.. သမုဒ္ဒရာထဲကို ခုန်ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတဲ့ လူတွေကို ဖမ်းဆီးကာ.. ဘယ်သူမှ မမြင်ရတဲ့ ဒဏ်ကို ခံစားရင်း သူတို့ကို အခန်းတွေထဲမှာ ပိတ်လှောင်ထားခဲ့တယ်..။
‘ချီးပဲ အေးလိုက်တာ…’
သူက အေးစက်တဲ့ လေပြင်းဒဏ်ကနေ
ကာကွယ်ဖို့ ရေခဲမှတ်သားမူ ကို ဆင့်ခေါ်ထားခဲ့ပြီး.. ဒါကို အဆီအနှစ်တွေ စဉ်ဆက်မပြတ် ဖြည့်တင်းပေးထားခဲ့ရပါတယ်..။
ဒီလိုမျိုးနဲ့ပဲ နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့ပြန်တယ်..။ ဒီနေ့အတွင်းမှာ ဆန်နီ ဟာ လူပေါင်း သုံးဆယ့်ငါးယောက်ကို လှိုင်းလုံးတွေရဲ့ ဝါးမြိုခြင်းကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်..။ အရိပ်တွေကနေ ချိန်းကြိုးတွေ ဖန်တီးတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကလည်း အများကြီး တိုးတက်လာခဲ့ပါပြီ..။
သန်းခေါင်ယံ အချိန်မတိုင်မီ မိနစ်အနည်းငယ်အလိုမှာတော့.. ဆန်နီ က လက်ထဲမှာ ဓာတ်ဘူးအလွတ်တစ်လုံးကို ကိုင်ထားရင်း သူ့ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်ကာ ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့တယ်..။ ဒီနေ့မှာတော့ လမင်းလည်း မရှိသလို.. မြောက်ဝင်ရိုးစွန်း အလင်းတန်းတွေလည်း မရှိပါဘူး..။ ဟိုးအထက်မှာ ဖြည်းဖြည်းချင်း တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေသာ ကျန်ရှိနေခဲ့တယ်..။
‘ဒီနေ့ လှိုင်းသံက တစ်မျိုးဖြစ်နေသလိုပဲ…’
သူ့မျက်နှာကို သူ ပွတ်သပ်လိုက်ပြီး.. နောက်ကို လှည့်ကာ သမုဒ္ဒရာရဲ့ လှိုင်းထနေတဲ့ အနက်ရောင် မျက်နှာပြင်ကို မယုံကြည်မှုတွေနဲ့ စိုက်ကြည့်လိုက်မိတယ်..။
အဲ့အချိန်မှာပဲ ကမ္ဘာကြီးမှာ တစ်ခုခု ပြောင်းလဲသွားပုံရပါတယ်..။ ဆန်နီ မျက်မှောင်ကြုတ်လိုက်မိပေမဲ့.. သူ ဘာမှမလုပ်နိုင်ခင်မှာပဲ တံတိုင်းပေါ်မှာ နောက်ထပ် လူသားပုံရိပ်တစ်ခု ပေါ်လာပြန်တာကြောင့် သက်ပြင်းချလိုက်မိတယ်..။
‘လေးဆယ်… အရှိန် ပိုမြန်လာပြီပဲ…’
သူ မတ်တတ်ထရပ်လိုက်ပြီး အရိပ်ခြေလှမ်းကို အသုံးပြုကာ လေးဆယ်မြောက် သားကောင်ကို ဖမ်းဆီးဖို့ ပြင်လိုက်ပေမဲ့..ပုံရိပ်မှာ ထူးဆန်းတဲ့အရာတစ်ခု ရှိနေခဲ့ပါတယ်..။သူက တခြားလူတွေလို တံတိုင်းရဲ့ အစွန်းဆီကို လျှောက်မသွားပဲ.. သူ့ကို အချက်ပြသလိုမျိုး လက်တစ်ဖက်ကို မြှောက်ပြနေခဲ့တယ်..။
“ဟမ်..”
ဒါက ချီတင် ဖြစ်နေခဲ့တာပါ..။
ဆန်နီ က ရှေ့ကို ဖြည်းဖြည်းချင်း ပြေးသွားရင်း သူ့ရဲ့ အဆီအနှစ်ကို ချွေတာလိုက်ပြီး.. ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်ကာ သာမန်လူတွေ မခုန်နိုင်တဲ့ အမြင့်ကို ခုန်ရင်း တံတိုင်းပေါ်တက်လိုက်တယ်..။ သူ ကွန်ကရစ် တံတိုင်းမျက်နှာပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး ချီတင် ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပါတယ်..။
“ဘာလဲ..။ ဘာဖြစ်လို့လဲ..”
ယဥ်ကျေးတဲ့ ကုသသူက စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေနဲ့ ပြုံးလိုက်တယ်။
“ကပ္ပတိန်..။မျှော်စင်ဟောင်း…ကို သွားကြည့်လိုက်ဦး…”
ဆန်နီ အချိန်မဆွဲတော့ဘဲ အနီးနားက အဆောက်အဦးရဲ့ အမိုးပေါ်ကို ခုန်ဆင်းလိုက်ပြီး.. စခန်းရဲ့ ဗဟိုမှာ ရှိတဲ့ အဖြူရောင် အမိုးခုံးဆီကို အလျင်အမြန် ပြေးသွားခဲ့ပါတယ်..။ အတွင်းထဲကို လမ်းလျှောက်ဝင်လိုက်တာနဲ့တင်.. စိတ်ရှုပ်ထွေး၊ ကြောက်လန့်ပြီး ဒေါသထွက်နေတဲ့ အသံတွေကို သူ ချက်ချင်း ကြားလိုက်ရတယ်..။
“ဘာလဲ..။ငါ ဘယ်ရောက်နေတာလဲ..”
“ဘာဖြစ်သွားတာလဲ..”
“ဟေး ..တစ်ယောက်ယောက်.. ဒါက ဘာကြီးလဲ။ ကျနော့်ကို အပြင်လွှတ်ပေးပါဦး”
သူ ဆွံ့အစွာနဲ့ စိုက်ကြည့်နေမိတယ်..။
ဒီအသံတွေက အကျဉ်းခန်းတွေရဲ့ အတွင်းထဲကနေ ထွက်ပေါ်လာနေတာပါ..။ ဒါက သူ ပိတ်လှောင်ထားခဲ့တဲ့ သားကောင်တွေရဲ့ အသံတွေပါပဲ..။ ကြည့်ရတာ သူတို့က စိတ်ငြို့ကျိန်စာကို တစ်နည်းနည်းနဲ့ ရုန်းထွက်နိုင်ခဲ့ပြီး သူတို့ရဲ့ အသိစိတ်တွေ ပြန်လည်ရရှိသွားခဲ့ကြပုံရပါတယ်..။
ပြီးတော့ ဒီလူတွေတင် မကပါဘူး..။
ဆန်နီ ခေါင်းကို လှည့်ပြီး အကျဉ်းခန်းတွေကို လုံခြုံအောင် ထိန်းသိမ်းထားဖို့ တာဝန်ယူထားရတဲ့ အလုပ်သမားတွေကို လှမ်းကြည့်လိုက်ပါတယ်..။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စကားပြောနေကြပြီး စိတ်သက်သာရာရသွားတဲ့ မျက်နှာတွေနဲ့ အကျဉ်းခန်းတွေကို လှမ်းကြည့်နေကြတယ်..။ သူတို့လည်း သားကောင်တွေရဲ့ အသံကို ကြားရတာ ဖြစ်ပါလိမ့်မယ်..။
…ဆိုလိုတာကတော့ ကျိန်စာက သူတို့ကိုလည်း ထပ်ပြီး လွှမ်းမိုးမထားတော့ဘူးဆိုတဲ့ သဘောပါပဲ..။
“နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်..အဲဒီ သားရဲကြီး ထွက်သွားပြီ ထင်တယ်.."
ပျော်ရွှင်စရာ အခြေအနေ ဖြစ်နေခဲ့ပေမဲ့လည်း.. ရုတ်တရက်ဆိုသလိုပဲ ဆန်နီ့ စိတ်ထဲမှာ နက်ရှိုင်း၊ အေးစက်ပြီး မသက်မသာ ခံစားချက်ကြီးတစ်ခုက အလျင်အမြန် ပေါ်လာခဲ့ပါတယ်..။ ဒါက သူ့ရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားပြီး.. စက္ကန့်တိုင်းမှာ ပိုပိုပြီးတော့ ပြင်းထန်လာခဲ့တယ်..။
သူ ကျောချမ်းသွားခဲ့တယ်..။
‘..ဘာတွေ ဖြစ်ပျက်နေတာလဲ…’
အပိုင်း ( ၈၉၆ ) ပြီး၏။
အပိုင်း ( ၈၉၇ ) တိတ်ဆိတ်သော သမုဒ္ဒရာ
ဆန်နီ တစ်ယောက် စိတ်ငြို့ကျိန်စာကို ရုန်းထွက်ပြီးနောက်.. စိတ်ငြို့ခံထားရတဲ့ လူတွေကို လိုက်လံကယ်ဆယ်ရင်း နှစ်ရက်တာ အချိန်ကုန်လွန်သွားခဲ့တယ်။.. လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့..အေးစက်လှတဲ့ အနက်ရောင် လှိုင်းလုံးတွေအောက်မှာ ပုန်းအောင်းနေတဲ့ ထိတ်လန့်စရာ သတ္တဝါဟာ LO49 ရဲ့ အနီးအနားကနေ ထွက်ခွာသွားခဲ့ပုံရပါတယ်..။
စိတ်ငြို့ခံရသူတွေက သူတို့ရဲ့ အသိစိတ်တွေ ပြန်လည်ရရှိလာခဲ့ကြပြီး.. စခန်းထဲက လူတိုင်းကလည်း သူတို့ကို ထင်ထင်ရှားရှား ပြန်လည်မြင်တွေ့ နိုင်ခဲ့ကြတယ်..။ နောက်ထပ် နာရီအနည်းငယ်အတွင်းမှာပဲ ဘယ်သူ့ဆီမှာမှ စိတ်ငြို့ယူခြင်းခံထားရတဲ့ လက္ခဏာမျိုး မတွေ့ရတော့ပါဘူး..။ လူတွေ ပျောက်ကွယ်သွားတာမျိုးလည်း မရှိတော့ပေ..။
ပြီးတော့ အေရီယက်ဒ်နီ သင်္ဘောကလည်း မကြာခင် ရောက်ရှိလာတော့မှာပါ..။
ခံတပ်အတွင်းထဲက ပင်ပန်းနွမ်းနယ်ပြီး ကြောက်လန့်တုန်လှုပ်နေခဲ့ကြတဲ့ ဒေသခံတွေဟာ စမ်းကြည့်တဲ့ အနေနဲ့ စိတ်လျှော့လိုက်ကြပါပြီ..။ သူတို့ရဲ့ နုနယ်လှတဲ့ မျှော်လင့်ချက်လေးတွေကလည်း ပြန်လည်ရှင်သန် လာခဲ့ကြတယ်..။
သို့ပေမဲ့.. ဒီလို ကောင်းမွန်တဲ့ ပြောင်းလဲမှုအတွက် အဓိက တာဝန်အရှိဆုံးလူ ဖြစ်တဲ့ ဆန်နီ ကတော့.. သူတို့လို ပျော်ရွှင်မှုမျိုး ဒါမှမဟုတ် စိတ်သက်သာရာရမှုမျိုးကို အနည်းငယ်တောင်
မခံစားရပါဘူး..။ အဲဒီအစား မိနစ်တွေ ကုန်လွန်သွားလေလေ.. သူ့စိတ်ထဲက မသက်မသာ
ဖြစ်မှု နဲ့ မကောင်းတဲ့ ခံစားချက်တွေက ပိုမိုပြင်းထန်လာလေလေ ဖြစ်နေခဲ့တယ်..။
သူက အခုဖြစ်ပျက်နေတဲ့ အခြေအနေကို လုံးဝ သဘောမကျပါဘူး..။
ဆန်နီဟာ စခန်းရဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ လမ်းမတွေပေါ် လမ်းလျှောက်နေရင်း..ကင်းလှည့် စစ်သားတွေရဲ့ တက်ကြွနေတဲ့ မျက်နှာတွေကို စိတ်ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ လေ့လာနေခဲ့မိတယ်..။ သူ့ရဲ့ မျက်နှာကတော့ နက်မှောင်ပြီး လေးလံနေခဲ့ပါတယ်..။
‘…အဓိပ္ပာယ်မရှိဘူး..။ ဒါတွေအားလုံးက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး..’
သူက လုံခြုံရေးဗဟိုဌာနနားကို ချဉ်းကပ်သွားရင်း.. ဆန်းပြားတဲ့ ဇီဝအချက်အလက်ပြ
သော့ပြားပေါ်ကို လက်တင်လိုက်ပါတယ်..။ အာရုံခံကိရိယာက သေချာ စစ်ဆေး စကန်ဖတ်ရမှာ ဖြစ်ပေမဲ့.. စက္ကန့်အနည်းငယ် ကုန်လွန်သွားတဲ့အထိ ဘာမှ ဖြစ်မလာခဲ့ပေ..။ ဒီ
အစုတ်အပြတ် စက်ပစ္စည်းက ပျက်နေခဲ့တာပါ..။
ဆန်နီ က ဒါကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ သက်ပြင်းချလိုက်ပြီး.. လေးလံတဲ့ သတ္တုစပ် တံခါးကြီးကို လက်သီးနဲ့ ထုလိုက်ပါတယ်..။ မကြာခင်မှာပဲ အိပ်ချင်မူးတူး ဖြစ်နေတဲ့ စစ်သားတစ်ယောက်က အတွင်းထဲကနေ လက်နဲ့ လာဖွင့်ပေးခဲ့ပြီး ဆန်နီ့ ကို ဝင်ခွင့်ပြုလိုက်တယ်..။
ဆန်နီဟာ လုံခြုံရေးဗဟိုဌာနရဲ့ အတွင်းထဲကို လမ်းလျှောက်ဝင်သွားရင်း..ပုခုံးပေါ်က ဆီးနှင်းတွေကို ခါချလိုက်ကာ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ပြီး ဗန် ဆီကို ဦးတည်သွားလိုက်ပါတယ်..။
“အခြေအနေ ဘယ်လိုရှိလဲ..”
ဗန် က သူ့ရဲ့ အရာရှိတစ်ယောက်ကို အမိန့်စာတစ်ခု ပေးပြီး စေလွှတ်လိုက်တယ်..။ အဲဒီနောက် သူ့ရဲ့ ဂျူနီယာ လုပ်ဖော်ကိုင်ဖက်ကို လှမ်းကြည့်ပြီး ပုခုံးတွန့်ပြလိုက်ပါတယ်..။
“ဘာမှ မပြောင်းလဲဘူး..။ အဲဒီ တယ်ရာ.. ဒါမှမဟုတ် ဘာကောင်ပဲဖြစ်ဖြစ် အဲဒီ သားရဲကြီးက တကယ်ပဲ ထွက်ခွာသွားပြီ ထင်တယ်..”
ဆန်နီ အံကြိတ်လိုက်မိတယ်..။
“အိပ်မက်ဆိုး သတ္တဝါတစ်ကောင်က ဘယ်တုန်းက အလိုအလျောက် ထွက်ခွာသွားဖူးလို့လဲ..။ ခင်ဗျား ကိုယ် ခင်ဗျား လှည့်စားနေတာပဲ..”
အသက်ကြီးတဲ့ မာစတာ က မျက်မှောင်ကျုတ်လိုက်ပြီး..
“ဒါပေါ့ ငါတို့ သေသေချာချာ မသိနိုင်တာတော့ အမှန်ပဲ..။ ဒါပေမဲ့ စိတ်ငြို့ကျိန်စာ ပျောက်ကွယ်သွားတာက သက်သေပြနေတာပဲလေ..။ မင်းကိုယ်မင်း အထင်မသေးစမ်းပါနဲ့..။ စိတ်ပိုင်းဆိုင်ရာ လှည့်စားနိုင်တဲ့ သတ္တဝါတွေက အလွန်အမင်း အန္တရာယ်များတယ်ဆိုပေမဲ့.. သူတို့မှာ တိုက်ရိုက် တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မျိုး မရှိတတ်ကြဘူး..။ မင်းက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာ ပြသလိုက်တော့.. သူက ပိုပြီး လွယ်ကူတဲ့ သားကောင်ကို သွားရှာတာလည်း ဖြစ်နိုင်တာပဲလေ..”
ဆန်နီ က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ ခေါင်းခါယမ်းလိုက်ပါတယ်..။
“ပျက်ပြားခြင်းအဆင့် တယ်ရာ ဆိုတာက တယ်ရာ တစ်ကောင်ပဲနော်..။ ကျုပ်တို့က သူ့ရဲ့ စွမ်းအားကို အပိုင်းအစလောက်တောင် မြင်ရသေးတာ မဟုတ်ဘူး..။ အဲလိုမျိုး သတ္တဝါက ဘာလို့ ဒီအတိုင်း အရှုံးပေးပြီး ထွက်သွားရမှာလဲ..”
ဗန် က ပင်ပန်းနွမ်းနယ်စွာနဲ့ သူ့မျက်နှာကို သူ ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။
“ဒီသတ္တဝါရဲ့ အဆင့်နဲ့ အမျိုးအစားက မင်းရဲ့ ခန့်မှန်းချက်သက်သက်ပဲဆိုတာကို ထည့်တွေးဦးလေ..။ သူ ဘယ်လောက်အထိ သန်မာလဲဆိုတာ ငါတို့ တကယ်သိတာ မဟုတ်ဘူး..။ ဒါဆိုရင်
စိတ်ငြို့ကျိန်စာ ပျောက်သွားပြီး ဘယ်သူမှ ထပ်မပျောက်ကွယ်တော့တဲ့ အချက်ကို မင်းက ဘယ်လို ရှင်းပြမှာလဲ..”
ဆန်နီ ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်..။
“သူက နည်းဗျူဟာ ပြောင်းလိုက်တာလည်း ဖြစ်နိုင်တာပဲ..။ သူက တစ်ချက်တည်းနဲ့ အပြတ်ချေမှုန်းဖို့ စွမ်းအားတွေ စုဆောင်းနေတာလည်း ဖြစ်နိုင်တယ်..။ ဒါမှမဟုတ် သူက သူ့ရဲ့ သားကောင်တွေကို ကစားရတာ သဘောကျနေတာလည်း ဖြစ်နိုင်တာပဲလေ..။ ဘယ်သူ သိနိုင်မှာလဲ..."
သူ့ရဲ့ ရှေ့မှာရှိနေတဲ့လူက လေးနက်တဲ့ အမူအရာနဲ့ အဝေးကိုကြည့်လိုက်တယ်။
“…ကောင်းပြီလေ..။ ဒါပေမဲ့ ငါ့ကို ဘာလုပ်စေချင်တာလဲ..။ ငါက လုံခြုံရေး အစီအမံတွေကို လျှော့ချလိုက်တာမှ မဟုတ်တာ..။ ငါတို့က အမြင့်ဆုံး သတိပေးချက်အတိုင်း ရှိနေဆဲ ဖြစ်ပြီး စစ်ပွဲအတွက်လည်း ပြင်ဆင်ထားတုန်းပဲ..။ အရပ်သားတွေကိုလည်း ပိတ်လှောင်ထားဆဲ ဖြစ်သလို ခံစစ်တွေကိုလည်း တောင်ဘက်
တံတိုင်းမှာပဲ စုစည်းထားတုန်းပဲလေ..။ နောက်ထပ် ဘာတွေ ထပ်ပြင်ဆင်ရဦးမလဲဆိုတာတော့ ငါ မသိတော့ဘူး..”
ဆန်နီ က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်..။
“ကျုပ် ပြောချင်တာက ပေါ့ဆရမယ့် အချိန်မဟုတ်ဘူး ဆိုတာပဲ..။ ဆန့်ကျင်ဖက် အနေနဲ့ ကျုပ်တို့က ရုတ်တရက် မြင့်တက်လာမယ့် အခြေအနေ ဆ်ိုးတွေအတွက် အဆင်သင့် ပြင်ထားရမယ်..”
ဗန် က သူ့ကို စက္ကန့်အနည်းငယ်လောက် ခံစားချက်မဲ့စွာ စိုက်ကြည့်နေခဲ့တယ်..။
“ငါ ကလည်း ငါတို့ လုပ်နိုင်သမျှ အကုန်လုပ်နေပြီးသား လို့ ပြောချင်တာလေ..။ ဘယ်လောက်ပဲ ရာခိုင်နှုန်း နည်းပါစေ.. မင်းပြောတာ မှန်နိုင်ခြေ ရှိနေသေးတာကြောင့် ငါတို့ ဒါတွေကို လုပ်ရမယ်..။ အဲဒါက ဒီစခန်းထဲက လူတိုင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိတဲ့ အရာရှိတစ်ယောက်အနေနဲ့ ငါ့ရဲ့ ရပ်တည်ချက်ပဲ..။ ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်အမြင် အရဆိုရင်တော့… မင်း ပင်ပန်းပြီး စိုးရိမ်မူလွန်ကဲနေတာလို့ ငါ ထင်တယ် ဆန်းလပ်စ်..။ ဒါက ငါတို့ အားလုံးအတွက် ခက်ခဲခဲ့တာပဲလေ..”
ဆန်နီ ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ တိုးညှင်းတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
“ဒါပေမဲ့ ကျုပ်ရဲ့ လွန်ကဲတဲ့ စိုးရိမ်မှုတွေက ဘယ်တုန်းကမှ လမ်းမှားကို မရောက်စေခဲ့ဖူးဘူး..”
သူ ဒီလို ပြောပြီးတာနဲ့ မျက်မှောင်ကျုတ်ကာ ထွက်ခွာလာခဲ့ပါတယ်..။
‘ဒီတစ်ကြိမ်တော့ ငါ တကယ် မှားနေတာလည်း ဖြစ်နိုင်တာပဲ..။ တကယ်လို့ ငါ မမှားရင်တောင်မှ ဗန် ပြောတာ မှန်တယ်… ငါတို့ နောက်ထပ် ဘာလုပ်နိုင်ဦးမှာလဲ..။ အဲဒီ အစုတ်အပြတ် သင်္ဘော ရောက်မလာမချင်းတော့ ငါတို့ ထပ်ပြီး ပြင်ဆင်နိုင်တာ သိပ်မရှိတော့ဘူး..’
ဒါပေမဲ့ သူက ဘာလို့ ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ..။ သူ့ရဲ့ စိတ်မသက်မသာ ခံစားချက်က ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ..။
လုံခြုံရေးဗဟိုဌာနကနေ လမ်းလျှောက်ထွက်လာပြီးနောက်မှာတော့.. ဆန်နီ ဟာ သုန်မုန်တဲ့ အမူအရာနဲ့ နေရာမှာ ခနလောက် ရပ်နေလိုက်မိတယ်..။ အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့.. သူက အနားမှာ လျှောက်သွားနေတဲ့ လူစတာ ကို သတိပြုမိသွားတာကြောင့် လှမ်းခေါ်လိုက်ပါတယ်..။
“အာ… ဟုတ်ကဲ့ ကပ္ပတိန်..။ တစ်ခုခု လိုလို့လား ”
ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ခေါင်းညိတ်ပြလိုက်တယ်..။
“အေး..။ တခြားလူတွေကို သွားစုပြီး ရိုင်နို ရဲ့ အနားမှာပဲ နေဖို့ ပြောလိုက်..။ ပြီးတော့ ဒီအစုတ်အပြတ် နေရာကနေ အမြန်ဆုံး ထွက်ပြေးဖို့ လိုလာတဲ့ အချိန်မှာ အဲဒီ အကာအကွယ်ကားက မောင်းဖို့ အသင့်ဖြစ်နေအောင် သေချာ စစ်ဆေးထားဦး..”
လူစတာ က မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး သူ့ကို ထိပ်လန့်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာခဲ့တယ်..။ ယင်းနောက် သူက တံတွေးတစ်ချက် မြိုချလိုက်ပြီး..
“အာ…… နားလည်ပါပြီ ဆရာ..။ ဒါဆို ကျနော် သွားလုပ်လိုက်ပါဦးမယ်..”
လူငယ်လေးကို လွှတ်လိုက်ပြီးနောက်မှာတော့.. ဆန်နီ ဟာ တောင်ဘက်ကို လှည့်ပြီး ဝေးလံလှတဲ့ တံတိုင်းကြီးကို ခနလောက် စိုက်ကြည့်နေခဲ့မိတယ်..။ယင်းနောက် မျက်မှောင်ကြုတ်လိုက်ရင်း တံတိုင်းဆီကိုပဲ ဦးတည်ပြီး လမ်းလျှောက်သွားခဲ့ပါတယ်..။
ကမ်းခြေကတော့ ခါတိုင်းလိုပဲ မှောင်မိုက်နေပြီး ချမ်းအေးနေခဲ့တယ်..။ အနက်ရောင် လှိုင်းလုံးတွေကတော့ ကမ်းစပ်ပေါ်ကို သူတို့ရဲ အမြဲတမ်း ရိုက်ခတ်နေခဲသလိုပဲ ဆက်လက်ရိုက်ခတ်နေစမြဲပါ..။ လှိုင်းလုံးတွေ ဟာ ပဲ့တင်ထပ်နေတဲ့ တဝုန်းဝုန်း အသံတွေနဲ့ ရောက်လာလိုက် ပြန်သွားလိုက် ဖြစ်နေခဲ့တာကြောင့်.. သမုဒ္ဒရာကြီး တစ်ခုလုံး အသက်ရှူနေသလိုမျိုး တောင် ထင်မှတ်ရပါတယ်..။
သူ့ရဲ့ ထိုင်ခုံက ရေစပ်နားမှာ ရှိနေဆဲ ဖြစ်ပြီး.. ဓာတ်ဘူးအလွတ်ကတော့ အနီးနားက ကျောက်တုံးတွေပေါ်မှာ လဲလျောင်းနေခဲ့တယ်..။
ဆန်နီဟာ တံတိုင်းပေါ်ကနေ ဆင်းလာခဲ့ပြီးနောက်..ရေစပ်နားကို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ပြီး.. လှိုင်းလုံးတွေ မမီနိုင်တဲ့ နေရာ အကွာအဝေးမှာ ရပ်လိုက်ပါတယ်..။ ယင်းနောက် အေးစက်နေတဲ့ သမုဒ္ဒရာရဲ့ လှိုင်းထနေတဲ့ ရေပြင်ကြီးကို လေးနက်စွာ မျက်မှောင်ကျုတ်ရင်း စိုက်ကြည့်နေခဲ့မိတယ်..။ သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကတော့ အရိပ်တွေထဲမှာ ပုန်းကွယ်နေခဲ့တာပါ..။
သူင လှိုင်းလုံးတွေကို စိုက်ကြည့်ရင်း..တီးတိုးရေရွတ်လိုက်မိတယ်..။
“မင်း ဘယ်မှာလဲ ခွေးသားလဲ..။ မင်း ဘာတွေ ကြံစည်နေတာလဲ..”
ဒါပေါ့.. သမုဒ္ဒရာကြီးကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပါပဲ..။သူ့အပေါ်မှာ ဘာတုံ့ပြန်မှုမှ ရှိမနေခဲ့ပေ..။
အပိုင်း ( ၈၉၇ ) ပြီး၏။