← Chapters

အခန်း (၂၃၉-၃၄၀)

Vol. 18 Ch. 239-240

အခန်း (၂၃၉-၃၄၀)

Vol. 18 Ch. 239-240

အပိုင်း (၂၃၉)

အမြုတေကို ပြောင်းလဲလိုက်သည်နှင့် လင်းတုန်း၏ တည်ရှိမှုသည် ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်တစ်ခုမှနေ၍ မမြင်ရလုနီးပါး တည်ငြိမ်နေသည့် ရေကန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် မတူညီသော လမ်းစဉ် တစ်ခုမှ ကျောက်စိမ်းအဆင့် တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူ ထို အထွတ်အမြတ် သားရဲ ကြီးကို မသတ်ဖြတ်မီ တစ်စုံတစ်ခုက ယီရင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

သူ မည်သည့်အချိန်က သူ၏ အမြုတေ နှစ်ခုစလုံး၌ အပြည့်အဝ စွမ်းအားတွေ ရှိနေသနည်း။

လင်းတုန်း၏ တိုးတက်မှုက အလွန် နှေးကွေးလွန်းသည့်အပြင် သူသည် ရှားရှားပါးပါး တစ်ခါတစ်ရံမှသာ သူ၏ အမြွှာကြယ် မာဒြာ သို့ ပြောင်းလဲလေ့ရှိသောကြောင့် သူမ တစ်ခါမျှ ထူးထူးခြားခြား သတိမထားမိခဲ့ပေ။

သူ၏ အမြုတေသည် အလွန် အစွမ်းထက်နေခြင်း မဟုတ်သေးသော်လည်း ယခင်က သူ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးပမာ ဖြစ်နေခဲ့သည်။ ယခု သူ ပြသနေသော အမြုတေ တစ်ခုတည်းကပင် အထွတ်အမြတ် တောင်ကြား သို့ ပြန်သွားပါက ကျောက်စိမ်းအဆင့် တစ်ဦး အနေဖြင့် မင်းမူနိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ မဟူရာ မီးတောက် အမြုတေကသာ ဤထက် တစ်မိုက်ခန့် ပိုကြီးနေပါက သူမ၏ ဓားကို သူမ ပြန်စားပစ်လိုက်မည် ဖြစ်၏။

လည်ပတ်ခြင်း နည်းစနစ် အသစ်အား အီသန် က သူ့ကို သင်ပေးခဲ့ခြင်း ဖြစ်သည်။ လင်းတုန်း က ထိုအရာကို မည်သည့်အခါမျှ လျှို့ဝှက်မထားခဲ့ပေ။ သို့သော် ယီရင် သည် ယခင်က ထိုအကြောင်းကို အလေးအနက်ထား၍ မတွေးခဲ့ဖူးချေ။ ယင်းမှာ လည်ပတ်ခြင်း နည်းစနစ် တစ်ခုမျှသာ ဖြစ်သည်။ လမ်းစဉ် တိုင်း၌ ထိုအရာတစ်ခုစီ ရှိကြလေသည်။

အီသန် သင်ပေးသည့် ထိုကောင်းကင် ဘာညာ ဘီး သည် မည်မျှ ခက်ခဲကြောင်း လင်းတုန်း က ညည်းညူခဲ့ဖူးသည်။ သို့သော် သူသည် ကျင့်ကြံခြင်း ပညာရပ် နယ်ပယ်၌ လူသစ်တစ်ဦးသာ ဖြစ်၏။ အရာအားလုံးက သူ့အတွက် ခက်ခဲနေခဲ့လေသည်။

အီသန် က သူ့အပေါ် ပုဂ္ဂိုလ်ရေးအရ အာရုံစိုက်ပေးမှုများကို သူမ မနာလို ဖြစ်ခဲ့ဖူးသည်။ သို့သော် ရိုးသားစွာ ဝန်ခံရလျှင် သူမထက် သူက ပို၍ လိုအပ်နေခြင်း ဖြစ်လေသည်။ သို့သော် ယီရင် သည် အီသန် က သူ့ကို ကြီးကျယ်ခမ်းနားသည့် အရာတစ်ခုခု သင်ပေးနေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အကြောင်းမှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အီသန်က သူတို့ကို တကယ့် တပည့်အရင်းများကဲ့သို့ ဆက်ဆံနေခြင်း မဟုတ်သောကြောင့်ပင်။ သူသည် သူ ကျင့်ကြံနေသည့် လမ်းစဉ် အမည်ကိုပင် သူတို့ကို မပြောပြခဲ့ဖူးချေ။

သို့သော်... အကယ်၍ သူသာ လင်းတုန်း ကို တပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့မည်ဆိုပါက။ အကယ်၍ သူသည် သူ၏ ကျင့်ကြံခြင်း ပညာရပ်များကို လင်းတုန်း ထံသို့ အမှန်တကယ် လက်ဆင့်ကမ်း သင်ကြားပေးနေခဲ့ခြင်း ဖြစ်မည်ဆိုပါက...

၎င်းသည် လင်းတုန်း ရှေးဟောင်း မှတ်တမ်းတစ်ခုထဲမှ ရှာတွေ့ခဲ့သော မဖြစ်စလောက် နည်းစနစ်တစ်ခု မဟုတ်နိုင်ပေ။ ၎င်းသည် ဆရာဖြစ်သူက သူမထံသို့ လက်ဆင့်ကမ်းပေးခဲ့သော လည်ပတ်ခြင်း နည်းစနစ်နှင့် အဆင့်အတန်း တူညီနေပေလိမ့်မည်။

သူမသည် မနာလိုဝန်တိုမှုများ အသစ်တဖန် ပေါက်ကွဲထွက်ပေါ်လာမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် သူမ၏ စိတ်နှလုံးသာထဲမှ ဖြတ်သန်းသွားခဲ့သောအရာမှာ သက်သာရာရမှုတစ်ခုသာ ဖြစ်လေသည်။ ကျင့်ကြံသူ တစ်ဦး၏ အနာဂတ် အတိုင်းအတာတစ်ခုကို ၎င်းတို့ လမ်းစဉ် ၏ အရည်အသွေးကို ကြည့်၍ ပြောပြနိုင်ပေသည်။

ပြီးပြည့်စုံသော သံမဏိအဆင့် ခန္ဓာကိုယ် မရှိဘဲနှင့်လည်း အစစ်အမှန် ရွှေအဆင့် သို့ ရောက်ရှိနိုင်ပေသည်။ သို့သော် အဆင့်နိမ့် အရှင်သခင် အဆင့်သို့ တက်လှမ်းချိန်၌မူ ထိုခန္ဓာကိုယ်သည် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။ ဝိညာဉ် များနှင့် ပတ်သက်၍လည်း ထိုနည်းတူပင် ဖြစ်၏။ ခိုင်မာသော ကျောက်စိမ်းအဆင့် လည်ပတ်ခြင်း နည်းစနစ် မရှိပါက နောက်ထပ် ရှေ့ဆက်၍ မတက်လှမ်းနိုင်တော့မည့် အချိန်အထိ အဆင့်တိုင်းတွင် ဝိညာဉ် သည် တဖြည်းဖြည်း ယိမ်းယိုင်လာမည်သာ ဖြစ်လေသည်။

အခြေခံအုတ်မြစ် ပို၍ ခိုင်မာလေလေ၊ ပို၍ ခရီးပေါက်လေလေပင် ဖြစ်၏။

အီသန်သည် သူတို့ကို လမ်းဆုံးအထိ ခေါ်ဆောင်သွားလိုကြောင်း ပြောခဲ့သည်။ ထိုစဉ်က လေအလကား ရ၍ လျှောက်ပြောနေခြင်း မဟုတ်ချေ။

သို့သော်လည်း... အကယ်၍ အော်သို ၏ ဝိညာဉ်အကြွင်းအကျန် ကသာ သူတို့နှစ်ဦးစလုံးကို သတ်ဖြတ်ပစ်မည်ဆိုပါက သူတို့သည် တောင်ကြားထဲမှ ခြေတစ်လှမ်းမျှပင် ထွက်ခွာနိုင်မည် မဟုတ်ပေ။ တိုက်ပွဲက မပြီးဆုံးသေးချေ။

လင်းတုန်းသည် ဓားကိုင်မထားသည့် လက်ကို မြှောက်လိုက်၏။ ထို့နောက် သူက ဗလာလက်ဝါး ဖြင့် လိပ်ကြီး၏ ဝမ်းဗိုက်အလယ်တည့်တည့်သို့ ရိုက်ချလိုက်၏။ ထိုအခါ သတ္တဝါကြီး၏ မာဒြာ များ အရိုင်းဆန်စွာ သောင်းကျန်းသွားသည်ကို ယီရင် ခံစားလိုက်ရလေသည်။ ၎င်းသည် မြေငလျင်တစ်ခုအလား ဟိန်းဟောက်လိုက်ရာ အလွန်ကျယ်လောင်လွန်းလှသဖြင့် သူမ၏ နားစည်များ မပေါက်ကွဲသွားစေရန် မာဒြာ များကို နားရွက်များဆီသို့ လည်ပတ်ပို့ဆောင်ပေးလိုက်ရသည်။ လိပ်ကြီးသည် လင်းတုန်း ကို ခါချရန် ကြိုးစားရင်း မုန်တိုင်းထဲမှ သင်္ဘောတစ်စင်းအလား တုန်ခါရုန်းကန်နေခဲ့၏။

သို့သော် ၎င်းသည် ခန္ဓာကိုယ်ကို ကာကွယ်သူ နည်းစနစ်ဖြင့် အားမဖြည့်နိုင်တော့ပေ။ အော်သို ၏ လျင်မြန်ပြီး သပ်ရပ်သော လှုပ်ရှားမှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် ဧရာမ လိပ်ကြီးတစ်ကောင်မျှသာ ဖြစ်နေလေတော့သည်။

လင်းတုန်းသည် ဓားသူတော်စင် ၏ ဓားကို မြှောက်တင်ကာ ဘေးဘက်သို့ လွှင့်ပစ်လိုက်လေသည်။

ယီရင်သည် သူ့ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိ၏။ သူ့အပေါ် သူမ တွေးတောခဲ့မိသော လှပသည့် အတွေးအမြင်များအားလုံး အဝေးသို့ လွင့်စဉ်ပျောက်ကွယ်သွားခဲ့လေပြီ။

လိပ်ကြီးပေါ်မှ ခုန်ဆင်းကာ မြေကြီးပေါ်သို့ ကျဆင်းချိန်၌ လင်းတုန်း ၏ ဒူးများမှာ ခွေကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် ဟန်ချက်ထိန်းနိုင်ရန် အော်သို ၏ အခွံဘေးကို မှီထားလိုက်ရ၏။

"ခွင့်လွှတ်ပါ... ဒါပေမယ့် သူ ဒီမှာ သေဖို့ မထိုက်တန်ဘူး... ပြီးတော့ ဆယ်လ်ဗန် က သူ့ကို ကူညီနိုင်လောက်တယ်..."

“...”

ယီရင် သူ့ကို စိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင်မူ သူမ၏ ခေါင်းထဲရှိ အသံသုံးခုစလုံးက သဘောတူညီနေခဲ့ကြသည်။ မဖိတ်ခေါ်ထားသော ဧည့်သည်၊ ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန် နှင့် ယီရင် ကိုယ်တိုင်တို့သည် ဤလူမိုက် အရာအားလုံးကို မဖျက်ဆီးပစ်မီ ရန်သူကို သတ်ဖြတ်ပစ်ရန် ပြောဆိုနေကြလေသည်။

"ငါက အပျော် သတ်ပစ်ဖို့ ပြောနေတာ မဟုတ်ဘူး... ရန်သူဆိုရင် သတ်ရမယ်... ငါပြောတာ ကြားလား... နင်သာ မသတ်ရင် သူတို့က နင့်နောက်ကနေ လာပြီး ကျောကို ဓားနဲ့ထိုးလိမ့်မယ်..."

လင်းတုန်းသည် ရှက်ရွံ့သွားဟန်ရှိသော်လည်း ဓားကို ပြန်မကောက်ခဲ့ပေ။

"ငါ့အိတ်ကို သွားယူရဦးမယ်..."

အော်သိုက ကိုယ်ကိုတည့်မတ်ရန် လူးလွန့်ရုန်းကန်နေစဉ် ယီရင် သည် အနီးသို့ လျှောက်သွားကာ မြေကြီးထဲမှ သူမ ဆရာ၏ လက်နက်ကို ဆွဲယူလိုက်သည်။ သူမ၏ သွေးထွက်နေသော လက်သည်းများက လက်မောင်းများဆီသို့ စူးရှသော နာကျင်မှုကို ပေးစွမ်းနေခဲ့၏။ သို့သော် ၎င်းမှာ သူမ လျစ်လျူ မရှုနိုင်သည့် အရာမျိုး မဟုတ်ပေ။

"နင် တစ်ယောက်တည်း ဒီအမှားကို လုပ်နေတာဆိုရင်တော့ ငါ ခွင့်ပြုပေးမှာပဲ... ဒါပေမယ့် နင်က တစ်ယောက်တည်း မဟုတ်ဘူးလေ..."

သူမသည် လိပ်ကြီးပေါ်မှ ခုန်ကျော်ကာ ၎င်း၏ ခေါင်းဘေးသို့ ဆင်းသက်လိုက်ပြီး ဓားကို မြှောက်တင်လိုက်သည်။ သူမ၏ မာဒြာ များသည် ဓားထဲသို့ စီးဆင်းသွားပြီး ဓားသွားတစ်လျှောက် အော်ရာ များကို စုစည်းလိုက်လေသည်။

လိပ်ကြီး၏ အနက်နှင့် အနီရောင် မျက်လုံးများသည် မျက်လုံးအိမ်ထဲတွင် လည်ပတ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့၏။ ယခင်ကဲ့သို့ ဒေါသတကြီး ဖြစ်မနေတော့ပေ။

လမ်းပျောက်နေလေသည်။

ထိုမျက်လုံးများသည် အဖြေတစ်ခုကို တောင်းပန်နေသည့်အလား သူမကို စိုက်ကြည့်နေကြ၏။ လိပ်ကြီး၏ လည်ချောင်းထဲမှ တိုးညှင်းသော ညည်းညူသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"လုပ်... သင့်တာကို... လုပ်ပါတော့..."

အထွတ်အမြတ် သားရဲကြီးက ရှေးကျပြီး လေးလံသော အသံကြီးဖြင့် ပြောလိုက်လေသည်။

ယီရင်သည် အနက်ရောင် သားရေကဲ့သို့ ထူထဲသော လည်ချောင်းပေါ်၌ အဖြူရောင် ဓားကို တင်ထားလျက် တုံ့ဆိုင်းသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အရာအားလုံးက လိပ်ကြီး၏ လည်ပင်းကို ခုတ်ပိုင်းပစ်ရန် ပြောနေခဲ့၏။

သူမသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ လင်းတုန်း ထံသို့ ပြေးသွားလိုက်သည်။ သူက သူ၏ အိတ်ကို ယူရန် ပြေးသွားရာ သူမလည်း သူနှင့်အတူ လိုက်ပါသွားလေသည်။

"တကယ်တော့ သူက ရန်သူတောင် မဟုတ်ဘူးမလား..."

သူမက ဘေးယှဉ်လျက် ပြေးရင်း တီးတိုးပြောလိုက်သည်။

"ငါလည်း အဲ့ဒီလို တစ်ခါမှ မတွေးခဲ့ဖူးဘူး..."

"လမ်းစဉ်က သူ့ကို ရူးသွပ်သွားစေတာလား..."

"သူ့ရဲ့ စိတ်က သူ့ ဝိညာဉ်ထဲက ခံစားချက်တွေကို မယှဉ်နိုင်တာပါ..."

လင်းတုန်းက ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်သည်။

"ငါ အဲဒီလိုပဲ မြင်တယ်..."

"အေးပါ... တကယ်လို့ နင့်သာ အဲဒီလို ဖြစ်လာရင်တော့ နင့်ခေါင်းကို ငါ ဖြတ်ပစ်မယ်..."

ဓားသူတော်စင်က သူမကို ရန်သူများအပေါ် ကရုဏာမပြရန် သင်ကြားပေးခဲ့သည်။ သို့သော် သူက နောင်တမရနိုင်မည့် နည်းလမ်းမျိုးဖြင့်သာ ပြုမူလှုပ်ရှားရန်လည်း သင်ကြားပေးခဲ့သေး၏။ သူမ၏ သွေးဆာနေသော ဝိညာဉ်အကြွင်းအကျန် နှင့် သူမ၏ သွေး မာဒြာ ကပ်ပါးကောင်တို့က တစ်စုံတစ်ခုအပေါ် သဘောတူညီနေပြီဆိုပါက သူမ အနေဖြင့် အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် သေချာပေါက် နောင်တရလိမ့်မည်ဟု လောင်းကြေးထပ်ရဲလေသည်။

သူတို့သည် ဂူထဲ၌ အပြာကောင်လေးကို လိုက်ဖမ်းကာ ဖန်ကန်ထဲသို့ ပြန်လည်ထည့်သွင်းရန် တစ်မိနစ်ထက်မက အချိန်ယူခဲ့ရသည်။ ထိုအရာမှလွဲ၍ ပစ္စည်းများ သိမ်းဆည်းရသည်မှာ အသက်ရှူရသကဲ့သို့ လွယ်ကူလှ၏။ လင်းတုန်းသည် သူ၏ ပစ္စည်းများကို စာကြည့်တိုက်မှူးတစ်ဦးပင် မနာလိုဖြစ်ရလောက်အောင် စနစ်တကျ သိမ်းဆည်းထားတတ်သည်။ ယီရင်၌မူ မည်သည့်ပစ္စည်းမျှ မရှိပေ။ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ခန္ဓာကိုယ်ပေါ်တွင်သာ သိမ်းဆည်းထားလေသည်။

လင်းတုန်းသည် တုန်ရီနေသော ဆယ်လ်ဗန် ကို လက်နှစ်ဖက်ဖြင့် ယုယုယယ ပွေ့ချီကာ အုပ်ချုပ်သူ စမ်းသပ်မှု သို့ ပြန်လည်ရောက်ရှိလာကြသည်။ ဆယ်လ်ဗန် မြစ်မျိုးစေ့ ၏ စွမ်းအားက အော်သို ၏ ဝိညာဉ် ကို တည်ငြိမ်သွားစေနိုင်မည်ဟု သူ သေချာပေါက် ယုံကြည်ထား၏။ သို့သော် ယီရင် ကမူ သူမ၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲပင် ဖြစ်လေသည်။

သူမသည် ယခုလေးတင် အသက်ချမ်းသာပေးခဲ့သူတစ်ဦးကို ပြန်လည်မသတ်ဖြတ်လိုတော့ပေ။ သို့သော် လင်းတုန်းသည် ယုံလွယ်လွန်းလှသည်။

သို့သော်လည်း... အော်သိုမှာ မရှိတော့ချေ။ ၎င်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လင်းတုန်းက ဤသို့ဖြစ်မည်ကို ကြိုသိနေသည့်အလား ဆယ်လ်ဗန် ကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထိုအခါမှသာ သူမလည်း သက်ပြင်းချနိုင်လေတော့သည်။

***

အပိုင်း(၂၄၀)

"ဒီမှာ ငါတို့အတွက် ဘာမှ မကျန်တော့ဘူး..."

ယီရင်က ပြောလိုက်၏။ ထို့နောက်... သူမက သူ၏ ပခုံးကို ဆွဲကိုင်ပြီး ထွက်ပေါက်ဆီသို့ ဆွဲခေါ်သွားလေသည်။ သူ၏ ရွေ့လျားမှုက သူမ စိတ်တိုင်းကျလောက်အောင် မမြန်ဆန်သောအခါ သူမက သူ့ကို အတင်းဆွဲပြေးလေတော့သည်။

"အခု အုပ်ချုပ်သူ စမ်းသပ်မှု ကို ငါတို့ ဖြတ်ကျော်နိုင်ပါ့မလား သံသယဝင်မိတယ်..."

ပြေးလွှားနေရင်း လင်းတုန်း က ပြောလိုက်သည်။ သူ၏ ကျောပေါ်၌ ခုန်ပေါက်နေသော အိတ်ကြီးကြောင့် သူကိုယ်တိုင်ပင် လိပ်တစ်ကောင်နှင့် တူနေလေသည်။

"ငါလည်း နည်းနည်းတော့ သံသယဝင်မိတယ်..."

ယီရင်က ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်၏။ ကိုးဆယ့်ကိုးရုပ်သော အရုပ်များထဲမှ တစ်စိတ်တစ်ပိုင်းသည် သူတို့၏ တိုက်ပွဲ အကျိုးဆက်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မဟူရာ မီးတောက်များကြောင့် ပျက်စီးသွားခြင်း (သို့မဟုတ်) အဆုံးမဲ့ ဓား ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားခြင်းပင် ဖြစ်လေသည်။ စမ်းသပ်မှုကြီး အသက်မဝင်လာခဲ့သည်က သူတို့အတွက် ကံကောင်းသွားခြင်း ဖြစ်၏။ သို့မဟုတ်ပါက ထိုအရုပ်များပါ တိုက်ပွဲထဲ ဝင်ပါလာနိုင်ချေ ရှိလေသည်။

"ငါတို့ စောစောထွက်လာခဲ့တာကို အီသန် နားလည်ပေးနိုင်ပါ့မလား..."

သူက စိုးရိမ်တကြီး မေးလိုက်သည်။

ယီရင်သည် မြို့ထဲမှ ကသောင်းကနင်း ဖြစ်မှုများကို အာရုံခံမိနေဆဲပင်။ မြွေသင်္ချိုင်းမြို့ စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားချိန်၌ သူတို့သည်လည်း စိတ်ရိုင်းဝင်သွားသော အထွတ်အမြတ် သားရဲ တစ်ကောင်၏ ရန်ကြောင့် စမ်းသပ်မှုများ ထဲမှ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ အီသန် ကသာ သူတို့ကို ထိုနေရာ၌ ဆက်နေရန် မျှော်လင့်ထားမည်ဆိုပါက သူ၏ ဦးနှောက် ချို့ယွင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ထွက်ပေါက် မုခ်ဦးသည် အနီရောင်မဟုတ်ဘဲ အနက်ရောင်ဖြစ်နေခဲ့သည်။ သို့သော် လင်းတုန်း ၏ မဟူရာ မီးတောက် မာဒြာ နှင့် ထိတွေ့လိုက်ချိန်၌ ယင်း၏ အစီအရင် များသည် လင်းလက်သွားခဲ့၏။ ထိုစက်ဝိုင်းကို အသက်သွင်းရန်အတွက် သူ အတော်လေး အားထုတ်လိုက်ရသည်ကို မြင်တွေ့နိုင်လေသည်။ ထို့အပြင် သူ၏ အမြုတေ သည် ငြိမ်းလုဆဲဆဲ အမွှေးတိုင် တစ်တိုင်၏ ထိပ်ဖျားမှ မီးပွားလေးတစ်ခုအလား ခံစားနေရ၏။

ယီရင် ကိုယ်တိုင်လည်း ပို၍ ကောင်းမွန်သော အခြေအနေ၌ ရှိမနေခဲ့ပေ။ သူမ၏ အမြုတေ ထဲရှိ မာဒြာ များသည် ပုလင်းအောက်ခြေမှ နောက်ဆုံး လက်ကျန် အရည်စက်များအလား ဖြစ်နေခဲ့သည်။ သူမ၏ လက်ချောင်းများမှာလည်း လှည်းတစ်စီးဖြင့် တိတ်ကြိတ်ခံထားရသကဲ့သို့ တဆစ်ဆစ် နာကျင်နေလေသည်။

သူတို့သည် မြွေသင်္ချိုင်း မြို့ကို အပေါ်စီးမှ မြင်ရသော ကျောက်ကမ်းပါးယံ တစ်ခုပေါ်သို့ ထွက်ပေါ်လာခဲ့ကြသည်။ ကျောက်တုံးကို ဖောက်လုပ်ထားသော လမ်းကလေးတစ်ခုသည် အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်သွားလေသည်။

သို့သော် သူတို့နှစ်ဦးစလုံး မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အေးခဲသွားခဲ့ကြ၏။ သူတို့ ခံစားလိုက်ရသည့် အရာကြောင့်လည်း ဖြစ်လေသည်။

ယီရင် မျှော်လင့်ထားခဲ့သည့်အတိုင်း မြို့ထဲသို့ စစ်ပွဲကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကြောက်မက်ဖွယ် အဖြူရောင် အလင်းတန်းများသည် အိမ်များကို ဖောက်ထွင်း ဖျက်ဆီးနေကြသည်။ နဂါး အရိုးများကတော့ ကြံ့ကြံ့ခံနိုင်ခဲ့၏။ သို့သော်... ဤမျှအကွာအဝေးမှပင်လျှင် အပေါက်အပြဲများကို မြင်တွေ့နေရလေသည်။ ကျင့်ကြံခြင်း နည်းလမ်းများ၏ ဖျက်ဆီးမှုကြောင့် သစ်သား၊ အင်္ဂတေနှင့် ဆေးသုတ်ထားသော နေရာများ၌ မီးခိုးငွေ့များ ထွက်ပေါ်နေသော ဟာကွက်ကြီးများကို မြင်တွေ့ရလေသည်။

ကျောက်တုံးများ လွင့်စဉ်လာမှု၊ လေပြင်းများ တိုက်ခတ်လာမှုနှင့် အရောင်အသွေးများ လင်းလက်လာမှုတို့က လမ်းမများတစ်လျှောက် တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို ဖော်ပြနေခဲ့သည်။ မရပ်မနား မြည်ဟည်းနေသော ခေါင်းလောင်းသံများသည် ကမ်းပါးယံပေါ်ရှိ သူတို့ထံသို့ပင် ရောက်ရှိလာခဲ့၏။ ထိုအသံများနှင့်အတူ တစ်ခါတစ်ရံ၌ လွင့်မျောလာသော အော်ဟစ်သံများလည်း ပါဝင်လေသည်။ အရာအားလုံးအပေါ်၌ မီးခိုးငွေ့များ ဖုံးလွှမ်းနေသည်။ သွေး၊ မီးနှင့် ဖျက်ဆီးခြင်းဆိုင်ရာ သက်စောင့် အော်ရာ တို့သည် ပန်းချီကားတစ်ချပ်ထဲသို့ အနီနှင့် အနက်ရောင် မှင်များ စိမ့်ဝင်သွားသကဲ့သို့ မြို့တစ်ခွင်သို့ ပျံ့နှံ့နေလေသည်။

ဟိုသည်နေရာအနှံ့၌ ဝိညာဉ်အကြွင်းအကျန် များသည် အဆောက်အအုံများအပေါ်နှင့် အဆောက်အအုံများကြားတွင် တွားသွားနေကြလေသည်။

လင်းတုန်း သည် ထိတ်လန့်တကြား ဖြစ်နေဟန်ရှိပြီး နှစ်သိမ့်မှုတစ်ခု ရရှိစေရန်အလို့ငှာ လည်ပင်း၌ ဆွဲထားသော ကျောက်စိမ်းအဆင့် တံဆိပ်ပြားကို ဆုပ်ကိုင်ထားလိုက်သည်။ ယီရင် လည်း သူမ၏ ဓားကို ဆုပ်ကိုင်ထားမှုအား အနည်းငယ် လျှော့ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် လက်ချောင်းထိပ်များမှ သွေးများထွက်လာသည်အထိ ဆုပ်ကိုင်ထားမိသောကြောင့် ဖြစ်လေသည်။

"အီသန် မြို့ထဲမှာ မရှိဘူး..."

သူမက ပြောလိုက်သည်။

"နင် ဘယ်လိုလုပ် သေချာနေရတာလဲ..."

"တကယ်လို့ သူသာရှိရင် ဒီလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူး... မြို့အနှံ့မှာ ကျင်းကလန် သားတွေရဲ့ အလောင်းတွေ ပုံနေလောက်ပြီ..."

"ငါတို့ စမ်းသပ်မှုများ ထဲကနေ ပြန်သွားလို့ရတယ်..."

လင်းတုန်းက တိုးညှင်းသော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"ကွေ့ပတ်သွားမယ်... အာရီလီယပ် နယ်မြေရဲ့ အနောက်ဘက်ကနေ ထွက်မယ်... အီသန် ဒါမှမဟုတ် ကပ်ဆီးယပ်စ်က ငါတို့ကို အရင်ဆုံး ရှာတွေ့လိမ့်မယ်... အဲဒါကိုတော့ ငါတို့ သေချာပေါက် ပြောနိုင်တယ်..."

ယီရင်သည် ရေဘူးတစ်ဘူး၊ ထုပ်ပိုးထားသော အစားအစာခြောက် တစ်ထုပ်၊ သူမ၏ ဓားမြှောင်နှင့် ဆရာဖြစ်သူ ချန်ထားရစ်ခဲ့သော ရွှေအဆင့် တံဆိပ်ပြားတို့ ရှိနေသေးကြောင်း သေချာစေရန် သူမ၏ အိတ်ကပ်များကို ပုတ်ကြည့်လိုက်သည်။ ထိုအရာများ၊ သူမ၏ ဝတ်ရုံများနှင့် ဓားတစ်လက်သည်သာ သူမ လိုအပ်သော တစ်ခုတည်းသော ပိုင်ဆိုင်မှုများ ဖြစ်လေသည်။

"ငါတို့ မြို့တော်ကို သွားဖို့ စတင်သင့်ပြီ..."

သူမက ပြောလိုက်သည်။

"မဟူရာ မီးတောက် မြို့တော် ကို တစ်ခါမှ မရောက်ဖူးပေမယ့် တခြားနေရာတိုင်းကိုတော့ ငါ ရောက်ဖူးတယ်... နာမည်မရှိ၊ ကလန် မရှိပေမယ့် အသင့်အတင့်ကောင်းတဲ့ လမ်းစဉ် တွေ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ နှစ်ယောက်အတွက် ဘယ်နေရာမှာမဆို အလုပ်ရှာလို့ရတယ်..."

"ဒီအတွက် အီသန် သိပ်သဘောကျမှာ မဟုတ်ဘူးဆိုတာ ငါ သေချာတယ်..."

လင်းတုန်းက သတိထား၍ ပြောလိုက်သည်။

၎င်းမှာ သေချာ စဉ်းစားရမည့် အချက်တစ်ခု ဖြစ်လေသည်။ ကြီးမားသော မြို့ကြီးတစ်မြို့၏ လူအုပ်ကြီးထဲတွင် သူတို့ကို ခြေရာခံ ရှာဖွေနိုင်သူ တစ်ဦးတစ်ယောက် ရှိသည်ဆိုလျှင် ထိုသူမှာ အီသန် ပင် ဖြစ်ပေလိမ့်မည်။

"ဒါက ထက်မြက်တဲ့ တွေးခေါ်မှုပဲ... ဒါပေမယ့် ဒီလိုတွေ ဖြစ်ပြီးသွားတဲ့နောက်မှာ ငါတို့ဘာသာ ထွက်လာခဲ့လို့ဆိုပြီး သူ ငါတို့ကို အပြစ်တင်နိုင်မှာ မဟုတ်ဘူး..."

သူမသည် ပျက်စီးနေသော မြို့ကြီးကို ရည်ညွှန်းသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ငါနဲ့ ငါ့လူတွေကို လာတိုက်ခိုက်မယ်ဆိုရင် ငါ ဓားဆွဲထုတ်မယ်ဆိုတာ နင် သိပါတယ်... ဒါပေမယ့် အာရီလီယပ် မိသားစုက သူတို့အတွက် ငါ သေပေးချင်လောက်အောင်အထိ ငါတို့ကို အများကြီး ပေးမထားဘူး... ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန် ကို မြင်ရင်တောင် အဲဒီမှာရှိတဲ့ ဘယ်သူကမှ မျက်ရည်တစ်ပေါက် ကျပေးမှာ မဟုတ်ဘူး..."

သူမ ဘဝ၏ အချိန်အများစုတွင် သူမကို လုံးဝ မှတ်မိနေမည့် တစ်ဦးတည်းသောသူမှာ သူမ၏ ဆရာသာလျှင် ဖြစ်ခဲ့သည်။

သို့သော်လည်း ယခုအခါ... သူမ သေဆုံးသွားလျှင် လင်းတုန်း က သူမအတွက် ငိုကြွေးပေးပေလိမ့်မည်။ သူက သူမ၏ နာမည်ကို မှတ်မိနေပေးလိမ့်မည်။

ထိုအရာက အောက်သို့ မဆင်းသွားသင့်သည့် နောက်ထပ် အကြောင်းရင်းတစ်ခုပင် ဖြစ်လေသည်။

"ငါတို့ စမ်းသပ်မှုများ ထဲကိုပဲ ပြန်သွားသင့်တယ်..."

နောက်ဆုံးတွင် လင်းတုန်း က ပြောလိုက်သည်။ သို့သော် သူ၏ အသံမှာ ထိုအချက်အတွက် သိပ် သဘောကျနေပုံ မပေါ်ပေ။

"လိပ်ကြီးက အဲဒီနောက်နား တစ်နေရာမှာ ရှိနေသေးတယ်... သူသာ ငါတို့ကို ထပ်ပြီး ရမ်းကားလာရင်တော့ ငါတို့..."

သူမက လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ရုတ်တရက်... သူမ၏ ဝိညာဉ်က သူမကို သတိပေးလာခဲ့သည်။ ထို့ကြောင့် သူမသည် လင်းတုန်း ကို ကျောက်ဆောင်များဆီသို့ အနောက်သို့ တွန်းပို့လိုက်၏။

ဝှစ်... ဝှစ်...

ကျင့်ကြံသူ နှစ်ဦးသည် သူမ၏ အရှေ့၌ ဆင်းသက်လာကြသည်။ သူတို့၏ ကျောများက ကျောက်ကမ်းပါးယံဘက်သို့ မျက်နှာမူထား၏။ သို့သော် အထက်ဘက်၌ ကိုယ်ယောင်မပြသေးသော အခြားသူများလည်း ရှိနေသေးလေသည်။ တစ်ဦးမှာ သူမနှင့် အရပ်အမောင်း မတိမ်းမယိမ်းရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ကျုံ့ထားသော စပရိန်တစ်ခုအလား တင်းကြပ်စွာ ဖွဲ့စည်းထားပြီး အနက်ရောင် သားမွေးများကို ခြုံလွှမ်းထား၏။ သူ၏ မီးခိုးရောင် ဆံပင်များကို အဆီများဖြင့် နောက်သို့ သပ်တင်ထားသည်။ လှံရိုးနှစ်ချောင်း၏ အဖျားပိုင်းများက သူ၏ ပခုံးများအထက်သို့ ထိုးထွက်နေခဲ့၏။ သူသည် အစွယ်ငေါပြနေသော မြွေတစ်ကောင်ကို သတိရသွားစေလောက်သည့် အကြည့်မျိုးဖြင့် လင်းတုန်း ကို စိုက်ကြည့်နေလေသည်။

သူ၏ ဘေး၌မူ ခေါင်းတစ်လုံးခန့် ပို၍ အရပ်ရှည်ကာ ကျင်းလုံ ရပ်နေခဲ့သည်။ သူမ သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က သူ၏ ဝိညာဉ် သည် အသက်အန္တရာယ် ပေးနိုင်လောက်သော်လည်း ဓားအိမ်ထဲ ထည့်ထားသော ဓားတစ်လက်အလား ချုပ်တည်းထားဟန် ရှိခဲ့သည်။ ယခုမူ ထို ဓားအိမ်ကို ဖယ်ရှားလိုက်ပြီ ဖြစ်၏။ သူသည် အစစ်အမှန် ရွှေအဆင့် တစ်ဦး ဖြစ်နေရုံသာမက သူ၏ စွမ်းအားများက သူမ၏ အာရုံခံနိုင်စွမ်းများကို ဖိနှိပ်ထားလေသည်။ သူသည် အလွန် အန္တရာယ်များလှသည်ဟု ခံစားနေရ၏။ အနီးအနားတွင် ရပ်နေရုံမျှဖြင့်ပင် သူမကို ပြတ်ရှသွားစေမည့်အလား ဖြစ်လေသည်။

အနီရောင် အဝတ်စများသည် သူ၏ မျက်နှာကို ဖုံးအုပ်ထားသည်။ ပတ်တီးစတစ်ခုစီတိုင်းတွင် စီးဆင်းနေသော အစီအရင် များဖြင့် ပြည့်နှက်နေ၏။ မျက်နှာဖုံး၏ အလယ်ဗဟို၌ မှောင်မည်းသော မျက်လုံးများက တောက်ပနေခဲ့လေသည်။

ဤတစ်ကြိမ်၌ သူသည် မည်သည့် လှံကိုမျှ ကိုင်ဆောင်ထားခြင်း မရှိခဲ့ပေ။

အစစ်အမှန် ရွှေအဆင့် နှစ်ဦး...

အသက်ကြီးရင့်သော သဲမြွေပွေး က ဟိန်းဟောက်ကာ သူ၏ လက်ကို လေထဲသို့ ဝှေ့ယမ်းလိုက်သည်။ အက်စစ်ကဲ့သို့ စူးရှသော အစိမ်းရောင် မာဒြာ များဖြင့် ဖန်တီးထားသည့် လက်ချောင်းအရွယ်အစားရှိ အပ်တစ်ဆုပ်သည် ဖြန်းခနဲ လွင့်ပျံထွက်ပေါ်လာခဲ့၏။

ယီရင်သည် လှိုင်းဂယက် ဓား နည်းစနစ်ကို လည်ပတ်စေလိုက်သည်။ ထို့နောက် သူ့ကို ရင်ဆိုင်ရန် ရှေ့သို့ ခြေလှမ်းလိုက်လေသည်။

သူမ၏ အမြုတေ ထဲ၌ မျှော်လင့်ချက်များနှင့် ဆန္ဒများမှလွဲ၍ အခြားမည်သည့်အရာမျှ ပြည့်နှက်မနေခဲ့ပေ။ သို့သော် သူမသည် ရရှိနိုင်သမျှ စွမ်းအား အစက်အပေါက်တိုင်းကို ညှစ်ထုတ်လိုက်လေသည်။ အပ်များသည် သူမ၏ ကွေးညွတ်နေသော ဓားကို ကျောက်ဆောင်ကို ရိုက်ခတ်သည့် လှိုင်းလုံးတစ်လုံးအလား ဝင်တိုက်မိသွားကြ၏။ သို့သော် ၎င်းမှာ သူမ နည်းစနစ်၏ အဆုံးသတ် မဟုတ်သေးပေ။

သူမ၏ မာဒြာ များ လင်းလက်သွားခဲ့သည်။ ငွေရောင် အော်ရာ ဖြင့် ဖုံးလွှမ်းထားသော အရောင်အဆင်း ကင်းမဲ့သည့် လခြမ်းပုံသဏ္ဍာန် စွမ်းအား ခုတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့၏။ အစစ်အမှန် ရွှေအဆင့် သဲမြွေပွေး၏ မျက်နှာပေါ်၌ ထိတ်လန့်မှုများ တစ်ခဏတာ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူသည် မှုန်ဝါးသွားလောက်အောင် လျင်မြန်သော အရှိန်ဖြင့် လှံများကို လက်ထဲသို့ ဆွဲယူလိုက်လေသည်။

ထိုစဉ် ကျင်းလုံ ဝင်လာခဲ့သည်။ သူ၏ လက်သည် အဖြူရောင် တောက်ပနေပြီး သူမ၏ နည်းစနစ်ကို ဝင်ရောက် ရိုက်ခတ်လိုက်သည်။ လှိုင်းဂယက်ဓားသည် အရည်ကြည်ဖုတစ်ခုအလား ပေါက်ကွဲသွားခဲ့သည်။ ဓား အော်ရာ များသည်လည်း လေထဲသို့ လွင့်စဉ်ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters