အခန်း (၂၄၁-၂၄၂)
Vol. 18 Ch. 241-242
အပိုင်း(၂၄၁)
"ယီရင် အာရီလီယပ်... ဓားသူတော်စင် ရဲ့ တပည့်... မင်း ဘယ်သူလဲဆိုတာကို အဆင့်နိမ့် အရှင်သခင် က ငါ့ကို ပြောပြခဲ့တယ်... ပြီးခဲ့တဲ့အကြိမ်တုန်းကသာ မင်း ငါ့ကို ပြောပြခဲ့ရင် မင်းရဲ့ဆရာကို လေးစားတဲ့အနေနဲ့ ငါ ဘယ်တော့မှ လက်နက်ဆွဲထုတ်ခဲ့မှာ မဟုတ်ဘူး..."
ကျင်းလုံက ယီရင်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ယီရင်က မာဒြာ အကြွင်းအကျန်များကို ဓားထဲသို့ စီးဆင်းစေလိုက်၏။
"အာရီလီယပ် ဆိုတဲ့ အပိုင်းက အခုထိ လတ်လတ်ဆတ်ဆတ် အသစ်စက်စက်လေးပဲ ရှိသေးတယ်... ငါက မွေးစားခံရတယ်လို့ နင် ပြောချင်ရင်လည်း ရတယ်... ဒီတစ်ကြိမ်မှာ နင်က လက်နက်တွေအစား စကားလုံးတွေကို သုံးချင်တယ်ဆိုရင်တော့ နင့်ကို ကရုဏာသက်ပြီး ငါ ခွင့်ပြုပေးလို့ရတယ်..."
သဲမြွေပွေးသည် လှံတစ်ချောင်းကို မြှောက်တင်လိုက်ပြီး သူ၏ မျက်လုံးများကို လင်းတုန်း ထံသို့ စူးစိုက်ထားလိုက်သည်။
ကျင်းလုံ သည်လည်း မာဒြာ များကို စတင် လှည့်ပတ်လိုက်သည်။ သူတို့ သူမအပေါ် အာရုံမစိုက်မိသော ထိုမျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ယီရင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။
ဘုတ်...
သူမသည် လင်းတုန်း ၏ ရင်ဘတ်ကို ခြေဖြင့် ကန်လိုက်သည်။ သူ့ကို ဥမင်လိုဏ်ခေါင်းထဲသို့ ပြန်လည်ရောက်ရှိသွားစေပြီး စမ်းသပ်မှု နှင့် ပို၍ နီးကပ်သွားစေခဲ့၏။
ဘုန်း...
လင်းတုန်း ရပ်နေခဲ့သော ပြောင်ရှင်းနေသည့် ကျောက်ဆောင်ပေါ်၌ သဲမြွေပွေး နည်းစနစ်တစ်ခုသည် အစိမ်းရောင် အလင်းတန်းများအဖြစ် ပေါက်ကွဲကြေမွသွားခဲ့သည်။ မီးခိုးရောင် ဆံပင်နှင့် အမျိုးသားသည် သူမကို ကျော်ဖြတ်ကာ ပြေးလွှားသွားခဲ့၏။ သူ ပြေးသွားစဉ် ဒေါသတကြီး ဟိန်းဟောက်သံသည် အော်ဟစ်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူမ၏ အထက်ဘက်ရှိ အခြားသော သဲမြွေပွေး များသည်လည်း ပို၍ နီးကပ်လာကြသည်။
သူမ အနောက်သို့ လှည့်ကြည့်လိုက်ချိန်၌ ကျင်းလုံသည် အရှိန်ဖြင့် ပြေးဝင်လာခဲ့ပြီ ဖြစ်လေသည်။
ယီရင်တွင် ရှင်းလင်းသော လမ်းကြောင်း တစ်ခု ရှိနေသည်။ ယခုအခါ ဆရာဖြစ်သူ သင်ကြားပေးခဲ့သည့်အတိုင်းသာ သူမ လုပ်ဆောင်ရတော့မည် ဖြစ်၏။ အရာအားလုံးကို ထက်ပိုင်း ခုတ်ဖြတ်ပစ်ရန်ပင် ဖြစ်လေသည်။
သူမ၏ စိတ်အစဉ်ရှိ မှောင်မည်းသော အရိပ်များထဲ၌ သေဆုံးရမည်ကို ကြောက်ရွံ့သောစိတ်သည် ၎င်း၏ ခေါင်းကို ထပ်မံ ထောင်ထလာခဲ့ပြန်လေတော့သည်။
...
ကျင်းကလန် ၏ ခေါင်းဆောင်ကြီး ဖြစ်သော ကျင်းတိုင်ရှို့ သည် အော်ရာ ပူဖောင်းကို ဖြတ်ကျော်ကာ ဆံပင်အဝါရောင် ဝေဝါးနေသည့် ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။
ပုံမှန်အားဖြင့် ဤနယ်နိမိတ် အစီအရင် မှတစ်ဆင့် အသံများသည် ကောင်းစွာ ပျံ့နှံ့နိုင်မည် မဟုတ်ပေ။ သို့သော် အီသန်ကတော့ သူ့ကို မြင်တွေ့နိုင်ပြီး ကြားလည်း ကြားနိုင်မည် ဖြစ်လေသည်။ သူသည် လေးစားရသော ဘိုးဘေးလှံကို မြှောက်တင်ကာ ရန်သူ၏ အရှေ့၌ ပြသလိုက်၏။
ထို့နောက် သူက ခေါင်းခါရမ်းလိုက်သည်။ သူ၏ ရင်ထဲမှ အောင်ပွဲခံနေမှုကို ဖုံးကွယ်ရန် မျက်နှာပေါ်တွင် ဝမ်းနည်းနေဟန်ကို ပြသလိုက်လေသည်။
"မင်းရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေက ငါတို့ကို ဒီကို ရောက်လာစေတာပဲ ဆယ့်တစ်... မင်းက ဘယ်သူ့ကိုမှ မလေးစား၊ ထည့်မတွေးဘဲ လူငယ်သဘာဝ စိတ်ထင်ရာအတိုင်း လုပ်ချင်တာတွေ လုပ်ခဲ့တယ်... ဒါက မင်းစိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို ပြန်ရိတ်သိမ်းရတာပဲ..."
သူ့ပတ်လည်ရှိ အကြီးအကဲများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဖခင်ဖြစ်သူ၏ အနားသို့ စုရုံးလာကြသော ကလေးငယ်များအလား အဆင့်နိမ့် အရှင်သခင် ၏ အနီးသို့ တိုးကပ်လာခဲ့ကြလေသည်။
ရှိစေတော့...။ ဤသည်မှာ ကျင်းတိုင်ရှို့ အောင်ပွဲခံမည့် အချိန်အခါပင် ဖြစ်သည်။ မျက်မြင်သက်သေ ပို၍ များပြားလေလေ ပို၍ ကောင်းမွန်လေလေပင် ဖြစ်လေ၏။
အော်ရာ မြူခိုးများ ကြားမှတစ်ဆင့် အီသန် ၏ မျက်နှာအမူအရာကို အကဲခတ်၍ မရနိုင်ပေ။ သူသည် လက်ထဲမှ တံမြက်စည်းကို တစ်ဖက်သို့ ဆန့်ထုတ် ကိုင်ဆောင်ထား၏။ အသေးစိတ် မြင်တွေ့နိုင်ရန် ခက်ခဲလှသော်လည်း ၎င်းသည် လက်နက် (သို့မဟုတ်) မှော်ပစ္စည်း တစ်ခုနှင့်တော့ တူညီနေဟန် မရှိချေ။ သာမန် တံမြက်စည်း တစ်ချောင်းသာ ဖြစ်လေသည်။
ကျင်းတိုင်ရှို့သည် စိတ်မရှည် ဖြစ်လာသည်နှင့်အမျှ လှံကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ငါ တောင်ရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေရင်တောင် မင်း ငါပြောတာကို ကြားနိုင်ပါတယ် ဆယ့်တစ်... မင်းဘဝမှာ တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် လူကြီးလူကောင်း တစ်ယောက်လို စကားပြောစမ်းပါ... ဒါဆိုရင် ငါတို့ သဘောတူညီမှု တစ်ခု ရကောင်း ရနိုင်တယ်..."
အီသန်သည် တံမြက်စည်းကို တုတ်ရှည်တစ်ချောင်းအလား ပျင်းရိပျင်းတွဲဖြင့် စက်ဝိုင်းပုံ လှည့်လည်လိုက်သည်။ သို့သော် သူသည် မည်သည့်စကားမျှ ဆိုမလာခဲ့ပေ။
နောက်ဆုံးတွင် ကျင်းတိုင်ရှို့ ၏ သည်းခံနိုင်စွမ်းများ ပေါက်ကွဲထွက်သွားခဲ့လေပြီ။ လွန်ခဲ့သော ခြောက်နှစ်တာ ကာလအတွင်း ကမ္ဘာ၏ အခြားတစ်ဖက်စွန်းမှ ရောက်ရှိလာကတည်းက... အီသန် အာရီလီယပ်သည် သူ့အတွက် လမ်းလျှောက်နေသော ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့၏။ သူသည် ကျင်းကလန် ကို မလေးမစား ပြုမူခဲ့သည်။ မိမိထက် အဆင့်မြင့်သူများ၏ စကားကို လျစ်လျူရှုခဲ့ပြီး ကျင်းတိုင်ရှို့ ၏ မျက်နှာကို တိုက်ရိုက် စော်ကားခဲ့လေသည်။ အင်ပါယာရှင် ၏ အရှေ့၌ပင် တစ်ကြိမ် စော်ကားခဲ့ဖူးသော်လည်း လေးစားရသော အင်ပါယာရှင် က စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။
လူတစ်ယောက်၏ သည်းခံနိုင်စွမ်း ဟူသည်မှာလည်း ကန့်သတ်ချက် တစ်ခုအထိသာ ရှိလေသည်။
ကျင်းတိုင်ရှို့သည် ဘိုးဘေးလှံကို ချိန်ရွယ်လိုက်သည်။ ခြေကုပ်အနေအထားကို ပြောင်းလဲလိုက်ပြီး မာဒြာ များကို သူ၏ ခြေလက်များထဲသို့ လွတ်လပ်စွာ စီးဆင်းသွားစေလိုက်၏။
"ဒါဆိုရင် အင်ပါယာ အတွင်းက အသက်အငယ်ဆုံး အဆင့်နိမ့် အရှင်သခင် ရဲ့ စွမ်းရည်တွေကို စမ်းသပ်မိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေတော့..."
ဤ နယ်နိမိတ် အစီအရင် သည် အီသန် ကို ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်သည်။ သူ မည်သည့် လမ်းစဉ်အား ကျင့်ကြံသည်ကို မည်သူမျှ တပ်အပ်မသိကြပေ။ သူ တိုက်ခိုက်သူ နည်းစနစ် ကို အသုံးပြုခဲ့သည်ဟူသော သတင်းအချက်အလက်များလည်း လုံးဝ မရှိခဲ့ချေ။ သတင်းအများစုက သူသည် ကာကွယ်သူ နည်းစနစ်များကို အဓိကထားသော လမ်းစဉ် ကို အသုံးပြုကြောင်း သဘောတူညီကြပြီး အင်အားပိုင်းဆိုင်ရာကို ပို၍ အာရုံစိုက်ဟန် ရှိလေသည်။
သူသည် တူညီသည့် ရွှေအဆင့် သင်္ကေတ ကို မပိုင်ဆိုင်ထားသော်လည်း တိမ်တိုက် တူ ကျောင်းတော် နှင့်အတူ လေ့ကျင့်ခဲ့ဖူးနိုင်ချေ ရှိလေသည်။
နယ်နိမိတ် အစီအရင် ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော လေပြင်းထဲ၌ အီသန် ၏ ဆံပင်များသည် အနောက်ဘက်သို့ လွင့်ဝဲနေခဲ့သည်။ သူသည် ကျင်းတိုင်ရှို့ နှင့် မျက်နှာချင်းဆိုင် တည့်တည့် ရပ်နေခဲ့၏။ ထိုအာရီလီယပ်သည် တံမြက်စည်းကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ထားကာ ကျင်းအကြီးအကဲ များထဲမှ တစ်ဦးဆီသို့ ချိန်ရွယ်လိုက်၏။
မဟုတ်သေး...။ အကြီးအကဲ ဆီသို့ မဟုတ်ဘဲ နယ်နိမိတ် အလံ ဆီသို့ ချိန်ရွယ်လိုက်ခြင်း ဖြစ်လေသည်။
"ဒီ နယ်နိမိတ် က ဘယ်သူ့ရဲ့ အကြံဉာဏ်လဲ..."
အီသန်က မေးလိုက်၏။ စကားသံများမှာ အနည်းငယ် ပုံပျက်နေသော်လည်း ကျင်းတိုင်ရှို့ သည် ၎င်းတို့ကို ရှင်းလင်းပြတ်သားစွာ ကြားနေရဆဲပင်။
"မင်း ထွက်ပြေးမသွားနိုင်အောင် တားဆီးဖို့ တစ်ခုခု လိုအပ်မယ်ဆိုတာကို ငါ သိထားတယ်လေ..."
သူက ပြောလိုက်၏။ အမှန်တကယ်တော့ ဤအတားအဆီးသည် မာဒြာ များကို ဖြတ်သန်းသွားခွင့် ပြုထားခြင်း ဖြစ်သည်။ သူသည် အီသန် ပြန်လည် ခုခံတိုက်ခိုက်၍ မရနိုင်ချိန်၌ တိုက်ခိုက်သူ နည်းစနစ် များဖြင့် ထိုအဆင့်နိမ့် အရှင်သခင်ကို အသေအလဲ ထိုးစိုက်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
ကျင်းတိုင်ရှို့ သည် သူ၏ ဘဝသက်တမ်း အများစုကို အင်ပါယာ အတွင်းရှိ မည်သူမဆို မနာလိုဖြစ်ရလောက်သည့် ဂုဏ်သိက္ခာနှင့် လေးစားခံရမှုတို့ကို တည်ဆောက်ရာ၌ ကုန်ဆုံးစေခဲ့သည်။ သို့သော်... သေမင်းနှင့် နီးကပ်လာချိန်၌မူ အခြားသူများ၏ အမြင်တွင် မျက်နှာပန်းလှအောင် နေထိုင်ရခြင်းက သူ့အတွက် တဖြည်းဖြည်း စိတ်ဝင်စားဖွယ်ရာ မကောင်းတော့ကြောင်း သူ သိရှိလာခဲ့၏။
အခြားလူများ၏ လှောင်ပြောင်မှုများက သူ့ကို မည်သို့ ထိခိုက်စေနိုင်မည်နည်း။ သူ၏ ကလန် ကို ပျက်စီးသွားစေမည်လော။ သူ သေဆုံး၍ မြေမြှုပ်ခံရသည့် အချိန်၌ သူ၏ ကလန် သည်လည်း ပြိုကွဲသွားမည်သာ ဖြစ်လေသည်။ ယခုအချိန်၌ ရလဒ်များကသာလျှင် အရေးအကြီးဆုံး ဖြစ်ပေသည်။
ကျင်းခေါင်းဆောင်ကြီး ကြယ်တာရာ လှံ နည်းစနစ်ကို ပြင်ဆင်လိုက်ချိန်၌ သူ၏ လှံသွားသည် အဖြူရောင် နေမင်းကြီးတစ်စင်းအလား တောက်ပလာခဲ့သည်။ အမိုးခုံး ပတ်ပတ်လည်၌ နေရာယူထားကြသော အခြား အကြီးအကဲ များသည်လည်း ထိုနည်းတူပင် ပြင်ဆင်လိုက်ကြလေတော့သည်။
အီသန်က ခေါင်းညိတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်... အခုတော့ မျက်မြင်သက်သေတွေ မရှိတော့ဘူး..."
သူက ပြောလိုက်၏။
အီသန် ဆုပ်ကိုင်ထားသော တံမြက်စည်း၏ အလယ်ဗဟိုမှ မှိုင်းညို့နေသော မီးခိုးရောင် မီးပွားလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက တံမြက်စည်း၏ ထိပ်ဖျားနှစ်ဖက်စလုံးဆီသို့ စီးဆင်းပျံ့နှံ့သွား၏။
ဝိညာဉ်မီးတောက်...
အဆင့်နိမ့် အရှင်သခင် တစ်ဦး၏ ပြယုဂ်ပင် ဖြစ်လေသည်။ ထိုမီးတောက် ဖြတ်သန်းသွားသော နေရာများ၌ တံမြက်စည်း၏ အရောင်မှာ ရင့်ရော်သွားခဲ့သည်။ စုစည်းထားသော သက်စောင့် အော်ရာ မီးတောက်များဖြင့် အသစ်တဖန် ပြန်လည် ဖန်တီးလိုက်ခြင်းပင် ဖြစ်၏။ ယခုအခါ ၎င်းသည် စွမ်းအင်များကို အပြစ်အနာအဆာကင်းလုနီးပါး သယ်ဆောင်ပေးနိုင်မည် ဖြစ်ပြီး သံမဏိထက်ပင် ပို၍ မာကျောနေမည် ဖြစ်လေသည်။ အကောင်းဆုံးသော လက်နက်များအားလုံးသည် အရှင်သခင် တစ်ဦး၏ ဝိညာဉ်မီးတောက် ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်၏။
ထိုအရာအားလုံးသည် ကျင်းတိုင်ရှို့ ၏ တွက်ချက်မှုများထဲတွင် ပါဝင်ပြီးသား ဖြစ်လေသည်။ ထို့အပြင် ၎င်းမှာ သာမန် တံမြက်စည်း တစ်ချောင်းသာ ဖြစ်နေဆဲပင်။
ကျင်းတိုင်ရှို့သည် သူ၏ တိုက်ခိုက်သူ နည်းစနစ် ကို မစတင်မီ ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ အီသန် အာရီလီယပ်သည် ရူးသွပ်သွားလောက်သည်အထိ မာနကြီးနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို လူငယ် အဆင့်နိမ့် အရှင်သခင် သည် အမြဲလိုလို လူငယ်တို့သဘာဝ အလွန်အကျွံ ယုံကြည်မှုများဖြင့် ရိုင်းစိုင်းခက်ထန်နေဟန် ရှိလေသည်။ အားလုံးက ဝန်ခံရလောက်အောင် မြင့်မားလှသော သူ၏ သဘာဝ ပါရမီအပေါ် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပေါင်းစပ်လိုက်သောအခါ... ယခုမူ...
မည်သည့် အစစ်အမှန် ရွှေအဆင့် မျှ အဆင့်နိမ့် အရှင်သခင် တစ်ဦးကို ယှဉ်ပြိုင်နိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။ ဝိညာဉ်မီးတောက် ကိုယ်တိုင်နှင့် ၎င်းကို သက်စောင့် အော်ရာ မှတစ်ဆင့် ရက်လုပ်ရသော လုပ်ငန်းစဉ်တို့သည် မည်သည့် ရွှေအဆင့် မျှ မရယူနိုင်သော စွမ်းအားများကို အရှင်သခင် များထံသို့ ပေးအပ်ထားခြင်း ဖြစ်လေသည်။
သို့သော် အစစ်အမှန် ရွှေအဆင့် တစ်ဦးအနေဖြင့် ဘာမျှ မလုပ်နိုင်သည်တော့ မဟုတ်ပေ။ အထီးကျန် ဝံပုလွေ တစ်ကောင်သည် သားကောင်သက်သက်သာ ဖြစ်သော်လည်း ဝံပုလွေ တစ်အုပ်ဆိုလျှင်မူ ကျားတစ်ကောင်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိလေသည်။ ကျွမ်းကျင်မှု ရှိကြသည်နှင့်အညီ ဤ အစစ်အမှန် ရွှေအဆင့် အကြီးအကဲ ခြောက်ဦး ပူးပေါင်းလိုက်ပါက အီသန် ကို သူတို့ချည်းသက်သက်ဖြင့်ပင် အနိုင်ယူနိုင်စွမ်း ရှိလေသည်။ ကျင်းတိုင်ရှို့ ပါ ထပ်မံ ပေါင်းထည့်လိုက်မည်ဆိုပါက အာရီလီယပ် အဆင့်နိမ့် အရှင်သခင် မှာ သေဆုံးပြီးသား ဖြစ်နေပေပြီ။
သူသည် မာနကြောင့်သာ စကားကြီးစကားကျယ် ပြောနေခြင်း ဖြစ်သည်။
မာန သက်သက်သာ ဖြစ်လေ၏။
***
အပိုင်း(၂၄၂)
လင်းတုန်း သည် စမ်းသပ်မှု တံခါးမှတစ်ဆင့် အနောက်သို့ ယိမ်းယိုင်ဆုတ်ခွာလာခဲ့သည်။ အော်ရာ အတားအဆီးကို ပြန်လည်အသက်သွင်းရန်အတွက် သူ၏ လက်ကို အစီအရင် ပေါ်သို့ ရိုက်ချလိုက်၏။ ယီရင်သည် သူ့ကို အန္တရာယ်များထဲမှ မည်မျှများပြားသော အကြိမ်အရေအတွက်အထိ ကယ်တင်ပေးခဲ့ဖူးသနည်းဆိုသည်ကို သူ မှတ်မိရန် ကြိုးစားနေမိသည်။
ယခုအချိန်အထိ အနည်းဆုံး ခြောက်ကြိမ်တော့ ရှိနေပြီဖြစ်ကြောင်း သူ သေချာပေါက် သိထားလေသည်။ တောခွေးတစ်ကောင်အလား ကန်ထုတ်ခံရခြင်းက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့၏။ သို့သော် ထိခိုက်သွားသော ဂုဏ်သိက္ခာနှင့် ရင်ဘတ်ကို ဖောက်ထွင်းသွားမည့် လှံတစ်ချောင်းကြားတွင် ရွေးချယ်ရမည်ဆိုပါက မည်သည့်အရာကို ရွေးချယ်ရမည်ကို သူ ကောင်းစွာ သိထားလေသည်။
ထိုအကြိမ်များအားလုံးတွင် သူမ အန္တရာယ်နှင့် ကြုံတွေ့ရချိန်၌ သူ ဘာလုပ်ပေးနိုင်ခဲ့သနည်း။ ဘာမျှမလုပ်ပေးနိုင်ခဲ့ပေ။ ထွက်ပြေးရန်သာ တတ်နိုင်ခဲ့လေသည်။
မိမိကိုယ်ကိုယ် မုန်းတီးစွာဖြင့် လင်းတုန်း သည် အုပ်ချုပ်သူ စမ်းသပ်မှု ထဲသို့ ပြန်လည် ပြေးဝင်သွားခဲ့သည်။ အော်သို ထိုနေရာတွင် မရှိတော့ကြောင်း သိလိုက်ရချိန်၌ သူ၏ ပထမဆုံး မျှော်လင့်ချက်မှာ ပျက်စီးသွားခဲ့ရ၏။ လိပ်ကြီးမှာ အနီးအနားတွင် ရှိနေဆဲပင် ဖြစ်သည်။ သို့သော် စမ်းသပ်မှု ကွင်းပြင် (သို့မဟုတ်) ဥမင်လိုဏ်ခေါင်းများထဲရှိ မည်သည့်နေရာတွင်မဆို ရှိနေနိုင်လေသည်။
ဘုန်း...
အစိမ်းရောင် အလင်းတန်းတစ်ခုက အော်ရာ အတားအဆီး ကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။ မီးခိုးရောင် ဆံပင်နှင့် သဲမြွေပွေးသည် လက်တစ်ဖက်စီ၌ လှံတိုတစ်ချောင်းစီကို ကိုင်ဆောင်ကာ အတင်း ဖောက်ထွင်းဝင်ရောက်လာခဲ့၏။ အဆုံးမဲ့ ဓား မာဒြာ များသည် အပြင်ဘက်၌ လင်းလက်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ယီရင်သည် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။ အနည်းဆုံးတော့ သူမသည် အစစ်အမှန် ရွှေအဆင့် ပြိုင်ဘက် နှစ်ဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်စရာမလိုတော့ပေ။
လင်းတုန်း သည် စမ်းသပ်မှု ဝင်ပေါက်ဆီသို့ ပြေးလွှားသွားခဲ့သည်။ အကယ်၍ သူသာ ကာကွယ်သူ စမ်းသပ်မှုဆီသို့ ပြန်ရောက်နိုင်မည်ဆိုပါက အော်သို ချန်ရစ်ခဲ့သော ကျောက်တိုင်အကျိုးအပဲ့များကြားတွင် ပုန်းအောင်းနေနိုင်မည် ဖြစ်၏။ ထို့နောက်...
သံချောင်းတစ်ချောင်းသည် သူ၏ ခြေသလုံးကို ဖောက်ထွင်းသွားခဲ့ရာ သူ လဲကျသွားလေတော့သည်။ ထို့နောက်... မြေကြီးနှင့် မထိမီ လက်နှစ်ဖက်ဖြင့် ထောက်ကာ လိမ့်ထွက်လိုက်၏။ ထို့ကြောင့် သူ၏ အခြားခြေထောက်ကို ဖောက်ထွင်းရန် ရည်ရွယ်ထားသော အစိမ်းရောင် မာဒြာသံချောင်းမှာ မြေကြီးထဲသို့သာ စိုက်ဝင်သွားခဲ့လေသည်။
သူ၏ မဟူရာ မီးတောက် အမြုတေ သည် မျှော်လင့်ချက်မဲ့စွာပင် ဗလာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ်သည်လည်း အပေါက်ဖြစ်နေသော ရေပုံးတစ်ပုံးအလား သန့်စင်သော မာဒြာ များကို သူ၏ ခြေသလုံးဆီသို့ စီးဆင်းစေနေခဲ့၏။ သူသည် အပ်ကို လက်နှစ်ချောင်းဖြင့် ညှပ်ကိုင်လိုက်သည်။ သဲမြွေပွေး မာဒြာ က သူ၏ အရေပြားကို အက်စစ်ကဲ့သို့ စူးရှစွာ နာကျင်စေခဲ့၏။ ထို့နောက် သူ ၎င်းကို ဆွဲနှုတ်လိုက်လေသည်။
ထို့နောက် သူသည် သူ၏ အိတ်ကို မြေကြီးပေါ်သို့ ချထားလိုက်သည်။ သူ့နောက်သို့ လိုက်လာသူကို ရင်ဆိုင်ရန် လှည့်လိုက်လေ၏။
"ကျွန်တော့်နာမည်က ဝေ့ရှီလင်းတုန်း ပါ လေးစားရတဲ့ အစစ်အမှန် ရွှေအဆင့် ကြီးခင်ဗျာ..."
လင်းတုန်း သည် လက်များကို ဖြန့်ကားပြရင်း ပြောလိုက်သည်။
"မြင်တဲ့အတိုင်းပဲ ကျွန်တော်က ကျောက်စိမ်းအဆင့် တစ်ယောက်ပါ... လူကြီးမင်းလို အဆင့်အတန်းမျိုးရှိတဲ့ အကြီးအကဲ တစ်ယောက် စိတ်ဝင်စားလောက်စရာ ဘာမှမရှိပါဘူး..."
"သဲမြွေပွေး ဂိုခရန်..."
သူက ဟိန်းဟောက်လိုက်သည်။
"ခရယ် ရဲ့ အဖေပဲ..."
လှံ ဝင်ရောက်လာချိန်၌ လင်းတုန်း သည် အလိုအလျောက် တုံ့ပြန်မှုဖြင့် မီးတောက် ခြုံလွှာ ကို ဖန်တီးရန် ကြိုးစားလိုက်သည်။ သို့သော်... မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ သူသည် သန့်စင်သော မာဒြာ ကို လည်ပတ်နေခြင်းဖြစ်သည်။ မဟူရာ မီးတောက် မာဒြာကို မဟုတ်ချေ။ ၎င်းကို ကွဲပြားစွာ ကိုင်တွယ်ရမည် ဖြစ်လေသည်။ သို့သော် သူသည် လက်မောင်းများကို ကာကွယ်သူ နည်းစနစ်ဖြင့် ဖြစ်သလို အားဖြည့်လိုက်ပြီး ထိုးစိုက်လာသော လှံချက်ကို လမ်းကြောင်းလွှဲပစ်နိုင်ခဲ့၏။
ဝှစ်...
ဒုတိယမြောက် လှံချက်က ချက်ချင်းဆိုသလိုပင် ဆက်တိုက် ဝင်ရောက်လာခဲ့သည်။ ထိုအရာကို တားဆီးရန်အတွက် သူ နောက်သို့ ဆုတ်လိုက်ရ၏။ သို့သော်... ယင်းမှာ သွေးထွက်နေသော ခြေသလုံးပေါ်သို့ အလေးချိန် ဖိချလိုက်ရခြင်းပင် ဖြစ်လေသည်။
သူ မအော်မိအောင် ထိန်းထားလိုက်သည်။ သို့သော်... သူ ယိမ်းယိုင်သွားပြီး ပခုံးကို လှံသွားဖြင့် အထိုးခံလိုက်ရချိန်၌မူ အော်ဟစ်လိုက်မိလေတော့သည်။
နောက်ထပ် နည်းစနစ်တစ်ခု ဝင်ရောက်လာချိန်၌ လင်းတုန်းသည် သူ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သည်။ သို့သော်... အပ်မိုးကြီးက မျက်နှာသာ မဟုတ်...။ သူ၏ ခေါင်းမှသည် တင်ပါးအထိ ဖုံးလွှမ်းသွားခဲ့၏။ အစပိုင်းတွင် သူ့ကို ကယ်တင်ပေးရန်အတွက် သံမဏိအဆင့် ခန္ဓာကိုယ် ၏ စွမ်းအားနှင့် ကာကွယ်သူ နည်းစနစ်ကို သူ ယုံကြည်ထားခဲ့သည်။ သို့သော် အစစ်အမှန် ရွှေအဆင့် တစ်ဦး၏ စွမ်းအားက သူ့ကို လွှမ်းမိုးထားလေသည်။ ဒဏ်ရာတိုင်းသည် အဆိပ်များဖြင့် ပူလောင်နေခဲ့၏။ သဲမြွေပွေး အဆိပ်များကို တွန်းလှန်ရန် ကြိုးစားရင်း သူ၏ ခန္ဓာကိုယ်မှ မာဒြာ များ ယိုစိမ့်ထွက်လာခဲ့လေသည်။
သူ၏ အဆုတ်များ ပိတ်ဆို့သွားခဲ့သည်။ သူ အသက်ရှူ၍ မရတော့ပေ။ သူ၏ မာဒြာ လမ်းကြောင်းများသည် တဖျပ်ဖျပ် လင်းလက်နေရာမှ မှောင်မည်းသွားခဲ့၏။ ကာကွယ်သူ နည်းစနစ် ပျက်ပြားသွားသည်နှင့်အမျှ နာကျင်မှုများက သူ့ကို လွှမ်းမိုးသွားလေတော့သည်။
ဂိုခရန်သည် ဒေါသကြောင့် မျက်နှာကြီး တစ်ခုလုံး ခရမ်းရောင်သန်းကာ တစ်စုံတစ်ခုကို အော်ဟစ်နေခဲ့သည်။ သို့သော် လင်းတုန်းသည် စကားတစ်ခွန်းကိုမျှ မကြားရတော့ပေ။ သူ၏ အမြင်အာရုံ ထောင့်စွန်းများဆီသို့ အမှောင်ထု တွားသွား ဝင်ရောက်လာသည်နှင့်အမျှ သူသည် ခန္ဓာကိုယ်နှင့် ဝေးကွာကာ အသိစိတ်များ လွင့်မျောသွားလေတော့သည်။
ဘုန်း...
အော်သိုသည် ဂိုခရန် ကို တောင်ပြိုကျလာသကဲ့သို့ ဝင်တိုက်လိုက်လေသည်။
ဂါး...
လိပ်ကြီး၏ ဟိန်းဟောက်သံက ချောက်ကမ်းပါးကြီးကို တုန်လှုပ်သွားစေခဲ့၏။ ပြင်ပမှ ဒေါသတစ်ခုသည် လင်းတုန်း ၏ ဝိညာဉ် ထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။ မဟူရာ မီးတောက် စွမ်းအားသည် အက်စစ်ကဲ့သို့ အစိမ်းရောင် အလင်းတန်းကို ဆန့်ကျင်ကာ တောက်လောင်သွားခဲ့လေသည်။ ကျောက်တုံးများ အက်ကွဲသွားပြီး လူများ၏ အော်ဟစ်သံများနှင့် မီးလောင်ကျွမ်းသံများ ထွက်ပေါ်လာခဲ့၏။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော် အခြားသော အသေးစိတ် အချက်အလက်များ အားလုံးသည် လင်းတုန်း၏ အသိစိတ်နှင့်အတူ မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။
သူ၏ အောက်ရှိ မြေပြင်က တဒုန်းဒုန်း တုန်ခါနေစဉ် နာကျင်မှု မြူခိုးများကြား၌ အချိန်များ ကုန်လွန်သွားခဲ့သည်။ မြေကြီးများနှင့် ပြာများကို ပါးစပ်အပြည့်ဖြင့် နင်ကာ သီးရင်း သူ သတိပြန်ရလာခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး သွေးများ ယိုစီးထွက်ကျနေဆဲ ဖြစ်သည်။ သူသည် စတင် တုန်ရီလာခဲ့လေသည်။ သို့သော် သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ်က ၎င်း၏ အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့ပြီ ဖြစ်၏။ အနည်းဆုံးတော့ အဆိပ်များသည် သူ၏ သွေးကြောများထဲ၌ ဆက်လက် တွားသွားမနေတော့ပေ။
သူသည် သွေးလူးနေသည့် ရွှံ့များကို ထွေးထုတ်လိုက်သည်။ သဲမြွေပွေး ဂိုခရန် ကို မြင်တွေ့ရရန် မျက်လုံးများကို ကလည်ကလည် လုပ်ကာ လည်ပင်းဆန့်၍ ရှာဖွေကြည့်လိုက်၏။
နေဝင်ဆည်းဆာ အချိန် လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ကြယ်ကလေးများသည် အမှောင်ထုကို ဆန့်ကျင်ကာ အလင်းပေါက်လေးများအလား တောက်ပနေကြလေသည်။
သူ မည်သူ့ကိုမျှ မမြင်တွေ့ရပေ။ သူ ဝိညာဉ် ဆိုင်ရာ အာရုံခံနိုင်စွမ်းကို အစွမ်းကုန် ဆန့်တန်းကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို ခံစားသိရှိလိုက်၏။
ဘာမျှမရှိတော့ချေ။
သူသည် နာကျင်နေသည့်တိုင်အောင် အသက်ကို ပြင်းပြင်းရှူသွင်းရင်း နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။ သူ ဝိညာဉ် ကို တတ်နိုင်သမျှ ငြိမ်သက်သွားစေရန် ပြုလုပ်လိုက်၏။ သို့သော်လည်း... သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် သေဆုံးနေဆဲပင် ဖြစ်သည်။
သူ မျက်လုံးများကို ဖွင့်လိုက်ပြီး မြင်နိုင်စွမ်းထက် ကျော်လွန်ကာ စိုက်ကြည့်လိုက်၏။ သူ ကြေးအဆင့် အမြင်အာရုံကို ဖွင့်လှစ်၍ အော်ရာ များ၏ အရိပ်အယောင်ကို ဖမ်းဆုပ်နိုင်ရန် ရှာဖွေနေခြင်း ဖြစ်လေသည်။
မည်သည့် အရောင်မျှ မရှိပေ။ ကမ္ဘာကြီးသည် မီးခိုးရောင်သန်းကာ အသက်မဲ့နေခဲ့သည်။ သူ၏ ခြေလက်များသည်လည်း ယခုအခါ တဖြည်းဖြည်း တွားသွားဝင်ရောက်လာသော အအေးဒဏ်ကြောင့် တုန်ရီနေခဲ့လေပြီ။
သူ ထိတ်လန့်မှုကို ငြိမ်သက်စေရင်း မာဒြာ အပေါ်သို့ အာရုံစိုက်လိုက်သည်။ သူ၏ အမြုတေ သည် ခမ်းခြောက်နေခဲ့ပြီ ဖြစ်၏။ သို့သော် လှည့်ပတ် ကျင့်ကြံခြင်းဖြင့် ထိုအရာကို သူ ပြုပြင်နိုင်ပေသည်။ သူသည် တံတောင်ဆစ်များကို အားပြု၍ ထထိုင်ရန် ကြိုးစားရင်း နာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်လေသည်။
မြေကြီးထဲ၌ သူ၏ လက်မောင်းများ တဆတ်ဆတ် တုန်ရီသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူ မည်သည့်အရာကိုမျှ မခံစားရပေ။
ထိတ်လန့်မှုက သူ၏ လည်ချောင်းထဲသို့ တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့သည်။ သူ၏ အသက်ရှူနှုန်းကို ပျက်ယွင်းသွားစေခဲ့၏။ သူသည် သူ၏ အမြုတေ ထဲရှိ လေးလံသော ကျောက်ဘီးကြီးကို မြင်ယောင်ရန် ကြိုးစားလိုက်သည်။ သူ ဘာကိုမျှ မခံစားရပေ။ မီးပွားလေး တစ်ပွင့်မျှပင် မရှိတော့ချေ။
သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် က အရာအားလုံးကို စုပ်ယူသွားခဲ့ခြင်း ဖြစ်လေသည်။
နာကျင်မှုကြောင့် သူ၏ အမြင်အာရုံများ ဝေဝါးနေပြီး ကြောက်ရွံ့မှုက သူ့ကို ဖိနှိပ်ထားသည့်တိုင်အောင် သူသည် သူ၏ အိတ်အနီးသို့ ရောက်ရန် တရွတ်တိုက် သွားနိုင်ခဲ့သည်။ ၎င်းသည် သူနှင့် နီးကပ်စွာ ကျက်ကျနေခဲ့၏။ ထိုအထဲ၌ ဆေးလုံး တစ်လုံး (သို့မဟုတ်) မာဒြာပြား အချို့ ရှိနေနိုင်ပေသည်။ အနည်းဆုံးတော့ သူ့ထံ၌ မည်သည့်အရာများ အသုံးပြုရန် ကျန်ရှိနေသေးသည်ကို သူ ကြည့်ရှုစစ်ဆေးနိုင်ပေမည်။
သူသည် တဖြည်းဖြည်း နီးကပ်စွာ တိုးသွားပြီး အိတ်၏ ထောင့်စွန်းကို သွားဖြင့် ကိုက်ထားလိုက်သည်။ ထို့နောက်... သူ၏ လက်ကို အထက်ဘက်ရှိ ချိတ်ဆီသို့ ရောက်အောင် ရွှေ့ယူနိုင်ခဲ့၏။ ချိတ်တွင် အဝတ်ကွင်းလေးတစ်ခုသာ တပ်ဆင်ထားသည်။ သူလုပ်ရမည်မှာ ထိုကွင်းလေးကို ဖြုတ်ချလိုက်ရန်သာ ဖြစ်ပြီး ထိုအခါ အိတ် ပွင့်သွားမည် ဖြစ်လေသည်။ သူသည် လက်မကို ထိုကွက်လပ်ထဲသို့ တိုးဝင်စေလိုက်သည်။
သို့သော် သူ မဖြုတ်နိုင်ခဲ့ပေ။
သူ ထပ်ခါတလဲလဲ ကြိုးစားခဲ့သည်။ သူ၏ ရင်ဘတ်ထဲ၌ စိတ်ပျက်အားငယ်မှုသည် မှိုများအလား ကြီးထွားလာခဲ့၏။ နောက်ဆုံးတွင် သူ ထိုကွင်းလေးကို ဖမ်းဆုပ်နိုင်ခဲ့လေသည်။ အားအင်ကုန်ခမ်းနေသော လက်ချောင်းလေးဖြင့် သူ ၎င်းကို ဆွဲဖွင့်လိုက်သည်။
အိတ်သည် စောင်းကျသွားခဲ့၏။
၎င်း၏ အတွင်းမှ ပစ္စည်းများသည် မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့သည်။ အမှိုက်သရိုက်များအလား သူ၏ မျက်နှာနှင့် လက်ကို လာမှန်ကြ၏။ တိုက်ပွဲအတွင်း အိတ်သည် အကြမ်းပတမ်း လှုပ်ခါခံခဲ့ရပုံပေါ်သည်။ အဘယ်ကြောင့်ဆိုသော်... အတွင်းအိတ်ကပ်များထဲ၌ လုံခြုံစွာ ရှိနေသင့်သော အရာအချို့ပင် ပြုတ်ထွက်လာသောကြောင့် ဖြစ်လေသည်။ သူ၏ အမြွှာကြယ် လမ်းစဉ် လမ်းညွှန်စာအုပ်၊ မှော်ပစ္စည်း ဖန်တီးခြင်း အခြေခံစာအုပ်၊ ချိတ်ပိတ်ထားသော မှင်အိုးတစ်လုံးနှင့် ငွေတစ်ဝက် အစအန တစ်ဆုပ်တို့ ဖြစ်ကြ၏။ ထိုအရာအားလုံးသည် သူ့ပတ်လည်၌ အမှိုက်များအလား ဖိတ်စင် ကျဆင်းလာခဲ့လေသည်။
ဝေဝါးနေသော အသိစိတ်အတွင်း၌ လင်းတုန်းသည် အတွေးတစ်ခုကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သူသည် အရာအားလုံးကို ရှိသင့်ရှိထိုက်သော နေရာများဆီသို့ ပြန်လည်ထားသိုရမည် ဖြစ်၏။ သူသည် အဖိုးတန်သော လမ်းစဉ် လမ်းညွှန် စာအုပ် ကို မြေကြီးများနှင့် မထိစေရန် ကြိုးစားရင်း လက်ကို တွန်းထုတ်လိုက်သည်။ မာဒြာ မရှိတော့သည့်အတွက် သူ၏ လက်မောင်းမှာ ပန်းကန်ဆေးဝတ်စုတ် တစ်ခုနှင့်ပင် တူနေတော့၏။
သူ ဗလာဖြစ် နေခဲ့ပြီ ဖြစ်သည်။
***