← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 18 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 18 Ch. 243-244

အပိုင်း(၂၄၃)

ချောက်ကမ်းပါးကြီးသည် အမြဲတမ်း မှောင်မည်းနေလေ့ရှိပြီး နေ့ဘက်တွင်ပင် ကောင်းကင်ယံမှ အလင်းရောင် အစအနလေးကိုသာ ဝင်ရောက်ခွင့် ပြုထား၏။ ညဘက်၌မူ အမှောင်ထု တစ်ခုတည်းသာ ရှိပေသည်။

ထို့ကြောင့် အလင်းရောင် ထွက်ပေါ်လာသောအခါ ယင်းက သူ၏ မျက်လုံးများကို ကျိန်းစပ်သွားစေခဲ့၏။

အပြာရောင် အလင်းတန်းသည် မျက်လုံးများကို မှိတ်ထားသည့်တိုင်အောင် အစပိုင်းတွင် မျက်စိကန်းသွားလောက်အောင် စူးရှနေဟန် ရှိသည်။ သို့သော်... သူသည် မျက်ခွံများမှ ရွှံ့များပေကျံနေသော မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး အမှောင်ထုထဲသို့ မျက်လုံးကို မှေးကြည့်လိုက်သောအခါ သူ၏ မျက်လုံးများသည် အလျင်အမြန်ပင် အသားကျသွားခဲ့လေသည်။

လင်းတုန်းသည် ဖန်ဂေါ်လီလုံး တစ်လုံး၏ အလယ်ဗဟို၌ တည်ငြိမ်စွာ လောင်ကျွမ်းနေသော မိုးပြာရောင် ဖယောင်းတိုင် မီးတောက်လေးတစ်ခုကို စိုက်ကြည့်နေမိ၏။ မီးတောက်လေးမှာ ငြိမ့်ညောင်းပြီး တောက်ပနေကာ ဖန်သားမှာလည်း အပြစ်အနာအဆာ ကင်းမဲ့နေလေသည်။

လင်းတုန်းသည် မြေကြီးထဲသို့ သွေးများ ယိုစီးကျနေစဉ် ထိုဖန်နှင့် မီးတောက် အလုံးလေးကို စိုက်ကြည့်နေခဲ့သည်။ စိုက်ကြည့်နေရုံသက်သက်သာ ဖြစ်၏။

ဆူရီရယ် သူ့ကို ပြသခဲ့သော အနာဂတ် မြင်ကွင်းများထဲ၌ သူ သေဆုံးခဲ့ရသည်။ သို့သော် ဒီနေရာမှာ မဟုတ်ပေ။ အမှောင်ထဲမှာ တစ်ယောက်တည်းလည်း မဟုတ်ချေ။

သူ သွားရမည့် ခရီးက အလွန် ရှည်လျားနေသေးသည်။

လင်းတုန်းသည် လက်တစ်ဖက်ကို ဖန်ဂေါ်လီလုံးပေါ်သို့ ပစ်ချလိုက်ပြီး ၎င်း၏ နွေးထွေးမှုကို ခံစားလိုက်သည်။ ယခင်က သူ မလှည့်ပတ်နိုင်ခဲ့ပေ။ သို့သော် သူ မသေသေးဘူး ဆိုသည့်အချက်ကို ထောက်ရှုပါက သူ၏ ဝိညာဉ် ထဲ၌ စွမ်းအားအချို့ ကျန်ရှိနေသေးသည်ဟု သူ တွေးတောရမည် ဖြစ်၏။

အကယ်၍ သူ သွေးထွက်လွန်၍ သေရမည်ဆိုလျှင်ပင် လှည့်ပတ် ကျင့်ကြံခြင်းကို လုပ်ဆောင်နေရင်းနှင့်သာ သေဆုံးခံမည် ဖြစ်လေသည်။

အကယ်၍ ထိုအရာက အလုပ်မဖြစ်ခဲ့ဘူးဆိုလျှင်... ရှိစေတော့။ ယခင်ကလည်း သူသည် စွမ်းအားမဲ့သည့် အခြေအနေမှနေ၍ ကြိုးစားရုန်းကန် တက်လှမ်းလာခဲ့ဖူးလေသည်။ ယခုလည်း ထပ်မံ လုပ်ဆောင်နိုင်ရမည် ဖြစ်၏။

လင်းတုန်းသည် သူ၏ မဟူရာ မီးတောက် အမြုတေ မှ စွမ်းအင်များကို ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော် ယင်းမှာ သစ်သားကို ရှူရှိုက်ရန် ကြိုးစားနေရသကဲ့သို့ ဖြစ်နေ၏။ ထိုနေရာ၌ ဘာမျှ မရှိတော့ပေ။

သို့သော် သူသာ စွမ်းအား အစအနလေးတစ်ခုကို ပြန်လည်ရယူနိုင်မည်ဆိုပါက မဟူရာ မီးတောက် သည်သာ သူ အလိုရှိသော အရာ ဖြစ်လေသည်။ အကယ်၍ ဂိုခရန် သာ ပြန်ရောက်လာပါက သန့်စင်သော မာဒြာ သည် သူ့အတွက် သိပ်အသုံးဝင်မည် မဟုတ်ချေ။ ထိုအတွေးက သူ့ကို ကြောက်ရွံ့မှုဖြင့် တုန်ရီသွားစေခဲ့သည်။

လင်းတုန်းသည် သူ၏ အသက်ရှူနှုန်းကို ပြန်လည် တည်ငြိမ်စေလိုက်ပြီး ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း ဘီး နည်းစနစ်အတိုင်း စတင် လည်ပတ်လိုက်လေသည်။ အဆုပ်များအတွင်းမှ နာကျင်မှုက သူ့ကို ယခင်က အသုံးပြုခဲ့သော ရိုးရှင်းသည့် အခြေခံအဆင့် နည်းစနစ်ဆီသို့ ပြန်သွားစေလုနီးပါး ဖြစ်စေခဲ့၏။ သို့သော် သူ ဇွဲမလျှော့ခဲ့ပေ။ အီသန် က သူ့ကို ဤလည်ပတ်ခြင်း နည်းစနစ်ကို လေ့ကျင့်ရန် ပြောထားခဲ့သည်။ အနည်းဆုံးတော့ သူ လက်လျှော့သွားခဲ့သည်ဟု မည်သူကမျှ ပြောနိုင်မည် မဟုတ်တော့ပေ။

အလွန် နာကျင်ရသော အသက်ရှူခြင်းများ တစ်ကြိမ်ပြီးတစ်ကြိမ် ကုန်လွန်သွားခဲ့သည်။ အကြိမ်တိုင်းသည် လေအလုံအလောက် မရရှိသကဲ့သို့ ခံစားနေရ၏။ သို့သော် သူ တစ်စုံတစ်ခုကို စတင် ခံစားလာရသည်အထိ သူ ဆက်လက် ကြိုးစားနေခဲ့သည်။

ချဉ်းကပ်လာသော မီးတောက်တစ်ခု၊ အနည်းငယ် လင်းလက်နေသော အနီရောင် အလင်းတန်းတစ်ခုနှင့် သူ၏ အရေပြားပေါ်ရှိ ကျဉ်စက်စက် ခံစားမှုတစ်ခု...

လင်းတုန်း မျက်လုံးများကို ဖြုန်းခနဲ ဖွင့်လိုက်ချိန်၌ တောက်ပသော သွေးအရောင် မျက်ဝန်းအိမ်များရှိသည့် အနက်ရောင် မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေမိကြောင်း တွေ့လိုက်ရလေသည်။

အော်သို...

...

ယီရင်သည် တောင်ထွတ်တစ်ခုဆီသို့ ဦးတည်ကာ အမည်းရောင် ဆင်ခြေလျှောတစ်လျှောက် အပြေးအလွှား တက်သွားသည်။ သို့သော်လည်း ကျင်းလုံက သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။

သူသည် သူမအား ကစားစရာတစ်ခုလို သဘောထားနေကြောင်းကို ရှင်းလင်းစွာ သိမြင်နေရသည်။ သူသည် နည်းစနစ်သစ်တစ်ခုကို စမ်းသပ်ချင်၍ ဖြစ်နိုင်သလို၊ သူမအား သူ၏ အစွမ်းကုန်ထုတ်သုံးရန် မတန်ဟု တွေးတောထား၍လည်း ဖြစ်နိုင်ပေသည်။ အမှန်တရားက မည်သို့ပင်ဖြစ်စေကာမူ ထိုအချက်က သူမ၏ ရင်ကို နာကျင်စေခဲ့၏။

သူမသည် အမြုတေထဲမှ နောက်ဆုံးကျန်ရှိနေသော မာဒြာတစ်စက်မကျန် အကုန်အစင် ကုတ်ခြစ်ထုတ်သုံးထားခဲ့ပြီးဖြစ်ရာ ကံစမ်းမှု သက်သက်ဖြင့်သာ ပြေးလွှားနေရခြင်း ဖြစ်သည်။ သို့သော်လည်း... သူမ၏ ဝိညာဉ်ထဲ၌ ငွေရောင်စွမ်းအား အစုအဝေးတစ်ခု ကျန်ရှိနေသေးသည်။ သူမသည် ထိုအရာထံမှ စွမ်းအားများ ထပ်မံရရှိရန် တောင်းဆိုပန်ကြားလိုက်၏။

သူမ ဆရာ၏ အလိုအလျောက် သိစိတ်များက သူမအား တိုက်ခိုက်ရန် လမ်းညွှန်နေခဲ့သည်။

"ငါ မလုပ်နိုင်ဘူး... တစ်ခုခုသာ ပေးစမ်းပါ၊ အဲဒါကို ငါ အသုံးပြုမယ်..."

သူမ တွေးတောလိုက်၏။ ဝိညာဉ်အကြွင်းအကျန်က သူမအတွက် အခြား မည်သည့် အကြံဉာဏ်မျှ မပေးနိုင်ခဲ့ပေ။ ရန်သူ့ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည့် အမှတ်ရစရာ မှတ်ဉာဏ် ဖျော့ဖျော့အချို့မျှသာ ရှိနေပြီး၊ လက်နက်နှင့် နည်းစနစ်များကို အသင့်ပြင်ဆင်ထားရန်သာ ပြသနေသည်။

သို့သော်လည်း... အခြားတစ်စုံတစ်ယောက်ကမူ သူမအတွက် စကားတစ်ခွန်း ရှိနေခဲ့၏။

မဖိတ်ခေါ်ဘဲ ရောက်လာကာ မကြိုဆိုသော သူမ၏ ကာလရှည် ဧည့်သည်...

၎င်းသည် သေစေနိုင်လောက်သည့် စွမ်းအားအထုံးအဖွဲ့ တစ်ခုအဖြစ် သူမ၏ အမြုတေထဲ၌ ခိုအောင်းနေသည်။ အကယ်၍ သူမက ထိုအရာကို လွှတ်ပေးလိုက်မည်ဆိုပါက ထိုအရာက သူမကို ကယ်တင်ပေးနိုင်လိမ့်မည်။ သူမသာ လွှတ်ပေးလိုက်လျှင် သူမကိုယ်သူမ ကယ်တင်နိုင်မည် ဖြစ်၏။

ဧည့်သည်ကိုသာ လွှတ်ပေးလိုက်ပါက မည်သို့ ဖြစ်လာမည်ကို သူမကိုယ်သူမ အမြဲတမ်း သတိပေးနေကျ ဖြစ်သည်။ အီသန်သာ မြေကြီးထဲမှ ထွက်မလာခဲ့ပါက သူမ၏ ဧည့်သည်သည် အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်၏။ သူမ အပါအဝင် လူအားလုံးကိုလည်း သတ်ဖြတ်ပစ်နိုင်ပေသည်။ သို့မဟုတ်လျှင်လည်း သူမ၏ ခန္ဓာကိုယ်ကို အခွံလွတ်ကြီးအဖြစ် အသုံးချသွားနိုင်ပြီး ထိုအခြေအနေက ပို၍ပင် ဆိုးရွားလှပေသည်။

မဖြစ်နိုင်ပေ။ ထိုကပ်ပါးကောင်၏ အကူအညီကို သူမ မလိုအပ်ခဲ့ချေ။ သူမ၏ ဆရာကသာ ဝင်ရောက် ကူညီပေးရန် လိုအပ်နေခြင်း ဖြစ်သည်။

ဝှစ်...

ကျင်းလုံက လက်ဝါးထဲမှ လိမ်ယှက်နေသော မြွေတစ်ကောင် ပစ်လွှတ်လိုက်ရာ သူမက ဆရာဖြစ်သူ၏ ဓားသွားဖြင့် ရင်ဆိုင်လိုက်သည်။ ဓားထဲသို့ ထည့်သွင်းရန် မာဒြာ လုံးဝ မကျန်ရှိတော့ပေ။ ထို့ကြောင့် လက်နက်၏ ထူးကဲသော အရည်အသွေးကသာလျှင် သူမကို ကယ်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။ သူမ၏ သွေးထွက်နေသော လက်သည်းခွံများသည် နှလုံးခုန်သံ စည်းချက်နှင့်အညီ နာကျင်စွာ တုန်ခါနေခဲ့သည်။

"ဘာလုပ်ရမလဲ ဆိုတာကို ပြသပေးပါ..."

ယီရင်က တောင်းဆိုလိုက်၏။ ဝိညာဉ်အကြွင်းအကျန်က သူမကို တိုက်ခိုက်ရန်သာ ဆက်လက် တိုက်တွန်းနေခဲ့သည်။ မကြိုဆိုသော ဧည့်သည်ကလည်း လွတ်မြောက်ခွင့်ပေးရန် ဆက်လက် တောင်းဆိုနေဆဲပင် ဖြစ်၏။

ယီရင်၏ ရင်ထဲတွင် သွေးစွန်းသွားသကဲ့သို့ နာကျင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် နောက်ဆုံးတွင် အမှန်တရားကို လက်ခံလိုက်နိုင်သောကြောင့် ဖြစ်၏။ ဤအရာသည် သူမ၏ ဆရာ မဟုတ်တော့ပေ။ ၎င်းကို ဖောက်ခွဲပစ်ခြင်းက သစ္စာဖောက်ရာ မကျသလို၊ သူ့ကို စွန့်ပစ်လိုက်ခြင်းလည်း မမည်ပေ။

အကယ်၍ သူမသည် ဝိညာဉ်အကြွင်းအကျန်ထဲသို့ တိုးဝင်ကာ ၎င်း၏ စွမ်းအားများကို ခမ်းခြောက်သွားသည်အထိ စုပ်ယူလိုက်မည် ဆိုပါက...

သူမ ဆရာ၏ အသံကို ဆုံးရှုံးဖို့လား...။

သူမသည် လွန်ခဲ့သော တစ်နှစ်နီးပါးခန့်က အထွတ်အမြတ် တောင်ကြား၌ ထိုအသံကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့်... ကျင်းလုံက ပျင်းရိလာကာ သူမကို ချောက်ကမ်းပါးယံအောက် ကန်ချလိုက်စဉ်တွင် ယီရင်သည် သူမ၏ အတွင်းစိတ်ဆီသို့ ဝင်ရောက်သွားခဲ့၏။ ဆရာဖြစ်သူ၏ ဝိညာဉ်အကြွင်းအကျန်သည် အမြုတေထဲတွင် ငွေရောင်စွမ်းအား အစုအဝေးတစ်ခု အဖြစ်သာ တည်ရှိနေသည်။ သို့သော်လည်း... သူမက ထိုအရာကို စတင်လက်ခံရယူခဲ့စဉ်က ပုံစံအတိုင်း စိတ်ကူးပုံဖော်ကြည့်လိုက်၏။ ၎င်းသည် ဓားသွားတပ်ဆင်ထားသော ခြေလက် ခြောက်ချောင်း ပါဝင်သည့် ငွေရောင်သတ္တု တစ္ဆေတစ်ကောင်ပင် ဖြစ်သည်။

သူမသည် ထိုတစ္ဆေထံသို့ လှမ်းကိုင်လိုက်ပြီး သူမ၏ ဆန္ဒစွမ်းအားဖြင့် ဖျက်ဆီး ချေမွပစ်လိုက်သည်။

မီးရှူးတိုင်တစ်ခုကို ထွန်းညှိလိုက်သကဲ့သို့ သူမ၏ ပတ်ဝန်းကျင်ရှိ အော်ရာများက ရုတ်တရက် တောက်လောင်လာခဲ့၏။

ငွေရောင် အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ အလွန် ထက်မြက်လှသော စွမ်းအား တိုင်လုံးကြီးတစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးရှိ သက်စောင့် အော်ရာများအားလုံးကို ဓား အော်ရာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

သူမ၏ ခြေဖဝါးအောက်၌ မမြင်ရသော ဓားသွားပေါင်း ထောင်ချီကာ ကျောက်တုံးများကို ခုတ်ထစ် ပိုင်းဖြတ်နေကြသည်။ ကျောက်စရစ်ခဲလေးများ လွင့်စဉ်လာပြီး သူမ၏ အသားအရေကို လာမှန်ကာ နာကျင်စေ၏။ လေထု ကိုယ်တိုင်ကပင် ပိုင်းဖြတ်ခံရသဖြင့် သူမ၏ နားထဲတွင် လေချွန်သံများ ထွက်ပေါ်နေခဲ့သည်။ လေပြင်းများက သူမ၏ ဆံပင်များနှင့် ဝတ်ရုံကို ပြင်းထန်စွာ ရိုက်ခတ်နေလေတော့သည်။

ဓားစွမ်းအင်များသည် သူမ၏ အတွင်းအပြင် နှစ်ရပ်လုံး၌ အပြင်းအထန် ရိုက်ခတ်နေခဲ့သည်။ ထိုစဉ် သူမသည် အတိတ်မှတ်ဉာဏ်တစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။

မိန်းမငယ်လေး တစ်ယောက်...

ထိုမိန်းကလေးငယ်သည် ဓားသူတော်စင်၏ ရှေ့မှောက်၌ ရပ်နေခဲ့သည်။ သူတို့၏ ပတ်ဝန်းကျင်တွင်မူ တစ်ချိန်က ကြီးပွားချမ်းသာခဲ့သော မိသားစုတစ်ခု၏ အပျက်အစီးများက ပြန့်ကျဲနေခဲ့၏။

ဓားသူတော်စင်၏ ဝိညာဉ်အာရုံထဲတွင် ထိုမိန်းကလေး၏ စွမ်းအားများက ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။ ထိုစွမ်းအားများ၏ တစ်ဝက်မှာ ပုံဖော်မထားသော အကြမ်းထည်သက်သက် ဖြစ်နေ၏။ ကျန်တစ်ဝက်မှာမူ သွေးစွန်းကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ သူမသည် အသက် ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ခန့်သာ ရှိသေးပြီး အလွန် ပိန်လှီနေခဲ့သည်။ သူမ၏ ပုံစံမှာ အစာရေစာ ငတ်မွတ်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားနေ၏။ စုတ်ဖွားနေသော ဆံပင်များကလည်း သူမ၏ မျက်လုံးများကို ဖုံးကွယ်လျက် ကျဆင်းနေလေသည်။

သူမ၏ ဝမ်းဗိုက်မှ ဆန့်ထွက်လာသော သွေးမာဒြာ ကြိုးတစ်ချောင်းကို သူမက အားကုန်ဆွဲထားလေသည်။ ထိုကြိုး၏ တစ်ဖက်စွန်းကို လွတ်ထွက်သွားသော မြင်းတစ်ကောင်၌ ချည်နှောင်ထားသည့်အလား ဖြစ်နေ၏။ သူမသည် ခြေဗလာများကို မြေပြင်၌ ခိုင်မြဲစွာ နင်းထားပြီး အံသွားများကို တင်းတင်းကြိတ်ထားလေသည်။ ထိုနည်းဖြင့်... ကပ်ပါးကောင်၏ အစွမ်းကို ဆန့်ကျင်၍ လက်နှစ်ဖက်ဖြင့် အပြင်းအထန် ရုန်းကန်နေရသည်။

ထိုအရာသည် ဆန့်ထွက်သွားပြီး ၎င်း၏ အဖျားပိုင်းမှာ ဓားသွားတစ်လက်အသွင် ပြောင်းလဲသွား၏။ ထို့နောက် ဓားသူတော်စင်ကို ခုတ်ပိုင်းရန် ကြိုးစားလေသည်။ ထိုဓားသွား သူ့ လည်ပင်းနှင့် တစ်လက်မအကွာသို့ ရောက်ရှိလာချိန်၌ သူမက အနိုင်နိုင် တားဆီးထားနိုင်ခဲ့သည်။

***

အပိုင်း(၂၄၄)

ပတ်ဝန်းကျင်ကမ္ဘာ ပြန်လည်၍ ထင်ရှားလာချိန်၌ ယီရင်သည် ပွန်းပဲ့သွေးထွက်နေပြီး ဒေါသတကြီး တိုက်ခတ်နေသော ငွေရောင်အလင်း မုန်တိုင်းတစ်ခု၏ ဝန်းရံခြင်းကို ခံထားရသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ ဒဏ်ရာများမှ စီးကျနေသော သွေးစက်များသည်ပင်လျှင် အော်ရာ ၏ ခုတ်ပိုင်းမှုကြောင့် အထက်သို့ စင်ထွက်သွားရသည်။ ထို့နောက်... သူမ၏ ကိုယ်ပေါ်၌ အနီရင့်ရောင် မြူခိုးများအဖြစ် ဖုံးလွှမ်းသွားလေ၏။

သူမ၏ ခန္ဓာကိုယ်မှ အလင်းတိုင်တစ်ခုသည် လေထုထဲသို့ ထိုးတက်သွားသည်။ ၎င်းသည် ကြွေကျလာသော ငွေရောင် ကြယ်တစ်ပွင့်နှင့်ပင် တူနေလေ၏။

မှေးမှိန်ပျောက်ကွယ်တော့မည့် အိပ်မက်တစ်ခုအလား ဓားသူတော်စင် ၏ မှတ်ဉာဏ်ကို သူမက ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ ဆရာဖြစ်သူက ထိုအချိန်ကာလကို သူမထက်ပို၍ ရှင်းလင်းစွာ မှတ်မိနေခဲ့လေသည်။ ထိုအချိန်ကာလမှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှုပင် ဖြစ်သည်။ ထိုစဉ်က ဖိတ်ခေါ်မထားသော ဧည့်သည်၏ စွမ်းအားရန်မှ သူ့ကို ကယ်တင်ရန် သူမ ကြိုးစားခဲ့ရ၏။

ကျင်းလုံသည် ချောက်ကမ်းပါးယံ အပေါ်မှ ရပ်ကာ သူမကို ကြည့်နေလေသည်။ သူမကလည်း မခံချင်စိတ်ဖြင့် ပြန်လည် စိုက်ကြည့်နိုင်ရန် ခွန်အားများကို စုစည်းထားလိုက်သည်။ ကျင်းလုံသည် ဓားစွမ်းအင်များ၏ ခုတ်ပိုင်းမှုမှ ကင်းလွတ်နိုင်ရန် လုံလောက်သော အကွာအဝေး၌ ရှိနေ၏။

သို့ရာတွင် သူကိုယ်တိုင်ကလည်း ဓား ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေသည်။ ထို့ကြောင့် သူမ အဆင့်တက်နေစဉ် ထွက်ပေါ်လာသော အကြမ်းဖက် မုန်တိုင်းကို ဖြတ်သန်းကာ အားနည်းနေသည့် သူမကို ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

သို့သော်လည်း သူက လက်ပိုက်လျက်သာ စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော် သူမက ထိုအချက်ကို မသိခဲ့ချေ။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်ကို ကန့်သတ်ချက်အထိ တွန်းအားပေးကာ ရုန်းကန်ခဲ့ရသည်။ သူမသည် နှုတ်ခမ်းကို ကိုက်ထားသဖြင့် သွေးများပင် စီးကျနေခဲ့၏။

ယီရင် မတ်တတ်ထရပ်လိုက်၏။ မာဒြာ များသည် သူမ၏ ကိုယ်တွင်းသို့ ပြည့်လျှံလာပြီး သူမ၏ လက်နက်ထဲသို့ စိမ့်ဝင်သွားလေသည်။ လေထုထဲတွင် ဓား အော်ရာ များသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် တောက်ပသော ငွေရောင်များဖြင့် သိပ်သည်းနေ၏။ ထိုအရာများသည် သူမ၏ ဓားအသွားတစ်လျှောက်၌ စုဝေးလာကြလေသည်။ သူမသည် ပုံမှန်သုံးရမည့် အား၏ ထက်ဝက်ခန့်ကိုသာ အသုံးပြု၍ သူမ၏ လက်နက် ကာကွယ်သူ နည်းစနစ် ဖြစ်သော 'စီးဆင်းနေသော ဓား' ကို ထုတ်ဖော်လိုက်သည်။ ထိုနည်းစနစ်သည် ခုတ်ပိုင်းမှုနှင့် ထိုးနှက်မှုတိုင်းတွင် အော်ရာ များကို စုဆောင်းပေးပြီး ရွေ့လျားလေလေ လက်နက်ကို ပို၍ အားကောင်းလာစေလေလေ ဖြစ်သည်။

အဆုံးမဲ့ဓားလမ်းစဉ် ၏ အရာအားလုံးသည် သက်စောင့် အော်ရာ ကို အဓိကထား၍ လည်ပတ်နေလေသည်။ ဓား လမ်းစဉ် အများစုကို ဓားမပါဘဲ အသုံးပြုနိုင်ကြ၏။ ၎င်းတို့၏ မာဒြာ သည် ဝက်သစ်ချပင်အိုကြီးများကို ခုတ်ပိုင်းနိုင်လောက်အောင် ထက်မြက်လှသဖြင့် လက်နက်ဆိုသည်မှာ မလိုအပ်သလောက်ပင် ဖြစ်သည်။ တိုက်ပွဲတစ်ခုအတွက် လိုအပ်သမျှကို ဖန်တီး နိုင်စွမ်းရှိကြလေသည်။

သို့သော်... သူမ၏ လမ်းစဉ် တွင်မူ နည်းစနစ်တိုင်း၏ တစ်ဝက်သည် အုပ်ချုပ်သူ နည်းစနစ်များ ဖြစ်နေသည်။ ၎င်းက သူမကို ပို၍ အားကောင်းစေပြီး သူမ၏ နည်းစနစ်များကို အပိုဆောင်း အင်အားများ ရရှိစေ၏။ သို့ရာတွင် ထိုအရာအားလုံးသည် သူမ၏ လက်ထဲ၌ ဓားတစ်လက် ရှိနေသရွေ့သာ ဖြစ်သည်။ အကယ်၍ သူမ၌ အသွားထက်သော လက်နက်တစ်ခုမျှ မရှိပါက သူမသည် အခြားသော ကျင့်ကြံသူ များထက်ပင် အသုံးမဝင်သူ တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့်ပင် သူမ၏ ရွှေအဆင့် အမှတ်အသား က လိုအပ်လာခြင်း ဖြစ်လေသည်။

သူမအား အပေါ်စီးမှ ငုံ့ကြည့်နေသော ကျင်းလုံသည် အမြင့်ဆုံးအမှတ်သို့ တက်လှမ်းနေသည့် စွမ်းအားများကို ခံစားမိနေမည်မှာ သေချာလှသည်။ ကောင်းကင်ယံသို့ ရေတံခွန်တစ်ခုအလား ပန်းထွက်နေသည့် ငွေရောင်အလင်းတန်းများ၏ အလွန်တွင် သူက ရပ်နေခဲ့၏။ အော်ရာ ဓားသွားများကြောင့် လွင့်စဉ်လာသော အပျက်အစီးများသည် သူ၏ ရင်ဘတ်ကို လာရောက် ရိုက်ခတ်နေကြသည်။

သို့တိုင်အောင် သူသည် လက်ပိုက်လျက် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သူသည် ဤမျှထက် ပို၍ မျှော်လင့်နေကြောင်း သိသာထင်ရှားလှ၏။

ကျင်းလုံသည် သူမကို သတ်ဖြတ်ရန် ရောက်လာခြင်း ဖြစ်သည်။ သို့သော် ထိုကလေးသည် မိစ္ဆာနတ်ဘုရား တစ်ပါး၏ မာဒြာကို ရင်ဆိုင်နေခဲ့သည်။ သူမကိုယ်၌ကလည်း ထူးခြားသည်။ သို့မဟုတ်ပါက ကပ်ပါးကောင်သည် အသက်ပိုကြီးသူ တစ်ဦးဦးကို ရွေးချယ်ခဲ့မည် ဖြစ်သည်။ တိုက်ပွဲရှုံးနိမ့်နေချိန်၊ သူမ၌ မည်သူမျှ မကျန်ရစ်တော့ချိန်၊ အနိုင်ရရန် မျှော်လင့်ချက် မရှိတော့သည့်အချိန်နှင့် တိုက်ခိုက်စရာ အကြောင်းပြချက် မရှိတော့ချိန်များ၌ပင် ဆက်လက် တိုက်ခိုက်ရန် လုံလောက်သော စိတ်ပိုင်းဖြတ်မှုမျိုး သူမ၌ ရှိနေခဲ့လေသည်။ သူမသည် ပြီးပြည့်စုံနေခဲ့၏။

ဆရာဖြစ်သူထံမှ မှတ်ဉာဏ်များနှင့် သဘောထားများသည် ယီရင်၏ စိတ်အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ ဓားသူတော်စင်၏ တည်ရှိမှုကို ထင်ရှားစွာ ခံစားလိုက်ရပြီး သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်တတ်သော သူမ၏ စိတ်ဓာတ်ကြောင့် သူသည် သူမကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ချောင်ပိတ်သည့် အခြေအနေသို့ ရောက်ရှိနေပြီး အနိုင်ရရန် လမ်းစမရှိတော့သည့်တိုင်အောင် သူမက တိုက်ခိုက်နေဦးမည် ဖြစ်သောကြောင့်ပင်။

အဆုံးမဲ့ ဓား လမ်းစဉ် ၌ ကာကွယ်ခြင်း ဆိုသည်မှာ မရှိပေ။ ဓား အော်ရာ သည် သူမကို အကာအကွယ် မပေးနိုင်ဘဲ ခုတ်ပိုင်းရန်အတွက်သာ အသုံးဝင်လေသည်။

သူမသည် ထွက်ပြေးလွတ်မြောက်ရန်၊ ပြိုင်ဘက်ကို သတ်ဖြတ်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန် သို့မဟုတ် အခြားသူတစ်ဦးကို ကယ်တင်ရန်အတွက် တိုက်ခိုက်သည်ဖြစ်စေ ထိုအရာအားလုံးကို တိုက်ခိုက်ခြင်းဖြင့်သာ ပြုလုပ်ရမည် ဖြစ်သည်။ ၎င်းသည် သူမ၏ လက်နက်တိုက်ထဲရှိ တစ်ခုတည်းသော လက်နက်ဖြစ်ပြီး ရှေ့သို့ ဆက်သွားရမည့် တစ်ခုတည်းသော လမ်းစဉ်ပင် ဖြစ်လေသည်။

သူမသည် အဆုံးမဲ့ဓားလမ်းစဉ် ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ၎င်း၏ စွမ်းဆောင်ရည်ကို အတိအကျ သိရှိခဲ့သည်။ သို့သော် ယခုအချိန်၌မူ ထိုအရာကို အရိုးထဲစွဲသွားသည်အထိ နက်ရှိုင်းစွာ ခံစားနေရပြီ ဖြစ်၏။

သူမ၏ ပတ်လည်ရှိ ငွေရောင်အလင်းတန်းများသည် တောက်ပမှုမှသည် အလင်းကွင်းတစ်ခုအဖြစ်သို့ မှေးမှိန်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ သူမ၏ ဝိညာဉ် စွမ်းအားကြောင့် လေထုထဲ၌ ဝဲပျံနေသော ကျောက်စရစ်ခဲများနှင့် သွေးစက်များသည် မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားကြ၏။ သက်စောင့် အော်ရာသည် သူမ၏ အောက်ဘက်ရှိ ကျောက်တုံးပေါ်တွင် ချောမွေ့သော တွင်းခွက်ကြီးတစ်ခုကို ထွင်းထုထားခဲ့သည်။ ထို့ပြင် ကျောက်တုံး အစအနမြောက်မြားစွာသည်လည်း ယခုအခါ လေထုထဲတွင် သေးငယ်သော ဖုန်မှုန့်များအဖြစ် လွင့်မျောနေကြလေပြီ။

"ဂုဏ်ယူပါတယ်..."

ကျင်းလုံ က ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်သည်။

ယီရင်သည် သူမ၏ အခြားပခုံးတစ်ဖက်ပေါ်တွင် ထွက်ပေါ်လာသော ဒုတိယမြောက် ဓားလက်တံကို ဆန့်ထုတ်လိုက်လေသည်။ ထိုအရာနှစ်ခုနှင့်ဆိုလျှင် သူမ၏ ပုံစံသည် ကျောပြင်၌ သံမဏိ ငါးမျှားတံ နှစ်ခုကို ကပ်ထားပြီး ၎င်းတို့၏ အဖျားတွင် ဓားများကို ချည်နှောင်ထားသည်နှင့် တူနေလေသည်။

"အဆင့်မြင့် ရွှေအဆင့် ..."

ဝိညာဉ် မှ ထွက်ပေါ်လာသော တုန်ခါမှုအသစ်ကို ခံစားရင်း သူမက ပြောလိုက်သည်။

"ဒီအဆင့်က တော်တော်လေး မိုက်သားပဲ..."

သူမသည် ကျင့်ကြံသူ တစ်ယောက်၏ အရိုအသေပေးဟန်ဖြင့် လက်သီးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ ထိုအခါ သူမ၏ လက်သည်းများမှ သွေးထွက်နေခြင်း ရပ်တန့်သွားသည်ကို သတိပြုမိလိုက်၏။ အဆင့်နိမ့် ရွှေအဆင့် မှ အဆင့်မြင့် ရွှေအဆင့် သို့ တက်လှမ်းခြင်းသည် ကြီးမားသော တိုးတက်မှုတစ်ခု မဟုတ်သော်လည်း အဆင့်တက်ခြင်းသည် ခန္ဓာကိုယ်အတွက် အမြဲတမ်း ကောင်းကျိုးဖြစ်ထွန်းစေလေသည်။

"စောင့်ပေးတဲ့အတွက် ကျေးဇူးပဲ..."

"ငါက ပြိုင်ဘက် တစ်ယောက်ကို လိုချင်တာ..."

သူက ခပ်တိုးတိုး ပြောလိုက်သည်။

"သားကောင် တစ်ကောင်ကို မဟုတ်ဘူး..."

မာဒြာများသည် သူမ၏ အသားနှင့် အရေပြားများအတွင်းသို့ ဖြတ်သန်းစီးဆင်းသွားပြီး သူမ၏ သံမဏိအဆင့် ခန္ဓာကိုယ်ကို အင်အားများ ဖြည့်တင်းပေးလိုက်သည်။ ထိုအရာများသည် ရေငတ်နေသော မြေဆီလွှာအတွင်းသို့ ရေများ စိမ့်ဝင်သွားသကဲ့သို့ သူမ၏ ကြွက်သားများထဲသို့ စိမ့်ဝင်သွားလေ၏။

သူမသည် မြေပြင်ကို ဆောင့်ကန်၍ ခုန်တက်လိုက်ရာ ကျင်းလုံ ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားလေသည်။ သူက ကြယ်တစ်ပွင့်အလား တောက်ပနေသော လက်တစ်ဖက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ သို့သော် သူမ၏ ရွှေအဆင့် အမှတ်အသား က ဝေဝါးသွားပြီး သူ၏ နည်းစနစ်ကို ဝင်ရောက်ခုခံလိုက်၏။ ၎င်းတို့ ထိခိုက်မိချိန်တွင် သံမဏိအချင်းချင်း ရိုက်ခတ်သည့်အလား အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထန်...

သူမ၏ ဒုတိယမြောက် ရွှေအဆင့် အမှတ်အသား က လျှပ်တစ်ပြက် ရိုက်ခတ်လာပြန်ရာ သူက အခြားလက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ရသည်။ သူမက အဖြူရောင် ဓားဖြင့် ဆက်လက်၍ ခုတ်ပိုင်းလိုက်ချိန်တွင် သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေ၏။

သူမ၏ ဓားမှ အော်ရာများ လက်ကနဲ ထွက်ပေါ်လာပြီး သူ၏ မျက်နှာကို ရစ်ပတ်ထားသော အဝတ်စများထဲမှ တစ်ခုကို ဖြတ်တောက်သွားသည်။ ထို့ကြောင့်... သူသည် နောက်သို့ ထပ်ဆုတ်လိုက်ရပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူက လက်ဝါးတစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ထိုအခါ မာဒြာ မြွေတစ်ကောင်သည် လေထုကို ဖြတ်သန်းလျက် အလင်းရောင် အစွယ်များကို ဖြီးပြကာ သူမ၏ မျက်နှာဆီသို့ တဟုန်ထိုး တက်လာလေ၏။

သူသည် နောက်ထပ် မြွေများစွာဖြင့် ဆက်လက် တိုက်ခိုက်လာခဲ့သည်။ ကာကွယ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို တစ်ပေါင်းတည်း ပြုလုပ်နေပြီး သူ၏ ဝိညာဉ် ကလည်း သူမ၏ အာရုံများကို တုန်ခါသွားစေဆဲ ဖြစ်သည်။ အကြမ်းထည် စွမ်းအားပိုင်းတွင် သူနှင့် ယှဉ်ပြိုင်နိုင်ရန် သူမ အများကြီး လိုအပ်နေသေး၏။

အနည်းဆုံးတော့ မာဒြာ စွမ်းအင်ပိုင်းတွင် ယှဉ်နိုင်ရန် ဝေးကွာနေသေးခြင်း ဖြစ်လေသည်။

သူမ၏ သံမဏိဖွား သံမဏိအဆင့် ခန္ဓာကိုယ် ပေါ်ထွက်လာရန် ဆင်းရဲဒုက္ခများ ခံစားနေရစဉ်အတွင်း ဆရာဖြစ်သူက ထိုခန္ဓာကိုယ်၏ အနာဂတ်အတွက် လှပသော ပုံရိပ်တစ်ခုကို ဖန်တီးပြခဲ့သည်။

'အဲဒါက မင်းနဲ့အတူ ကြီးထွားလာလိမ့်မယ်...'

သူက ပြောခဲ့ဖူးသည်။

'ငါတို့ရဲ့ ခန္ဓာကိုယ် ကာကွယ်သူ နည်းစနစ် တွေက သံချေးတက်နေတဲ့ အပိုင်းအစတွေလောက်တောင် တန်ဖိုးမရှိဘူးကွ... ဒါကြောင့် မင်းကိုယ်မင်း အလိုလို ကာကွယ်နိုင်တဲ့ ခန္ဓာကိုယ်မျိုး လိုအပ်တယ်...'

သူက သံမဏိတံခါးတစ်ချပ်ကို ထက်ဝက်တိတိ ခေါက်ချိုးလိုက်ပြီး ကျောက်တုံးတစ်တုံးကို အမှုန့်ဖြစ်သွားသည်အထိ ချေမွပြခဲ့သည်ကို သူမ မြင်တွေ့ခဲ့ဖူးသည်။

'အစပိုင်းမှာတော့ မင်း သတိထားမိမှာ မဟုတ်ဘူး... ဒါပေမဲ့ အဆင့်တိုင်းမှာ ပိုပြီး ထက်မြက်လာလိမ့်မယ်...'

ပထမဆုံး အကြိမ်အဖြစ် ဆရာဖြစ်သူက သူမအတွက် ချန်ရစ်ပေးခဲ့သော လက်ဆောင်ကို ယီရင် ခံစားလိုက်ရလေသည်။

***

All Chapters