အခန်း (၂၄၇-၂၄၈)
Vol. 18 Ch. 247-248
အပိုင်း(၂၄၇)
ဘုန်း... ဘုန်း... ဘုန်း...
သဲမြွေပွေး မာဒြာများသည် လိပ်ခွံ၏ အပြင်ဘက်ကို ရိုက်ခတ်နေသော်လည်း မည်သည့် အရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ သို့သော် တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း လင်းတုန်း သိလိုက်သည်။ အော်သိုသည် သေရန် အသင့်မဖြစ်သေးပါက မည်သည့်အခါမျှ ပုန်းအောင်းနေမည် မဟုတ်ချေ။ သူ၏ ဝိညာဉ်သည် ဝမ်းနည်းဖွယ် သီချင်းတစ်ပုဒ်ဖြစ်ပြီး ထိခိုက်ခံရသော မာန၏ နာကျင်နေသော ဒဏ်ရာတစ်ခု ဖြစ်လေသည်။
လင်းတုန်း၏ စိတ်ထဲ၌ ရန်သူများကို သူ၏ လက်တွဲဖော်ထံမှ တွန်းထုတ်ချင်သော ဆန္ဒမှလွဲ၍ မည်သည့်အရာမျှ မရှိတော့ပေ။ သူသည် လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး သူ စုဆောင်းထားသော မာဒြာ များကို တိုက်ခိုက်သူ နည်းစနစ် တစ်ခုအဖြစ် ထုတ်လွှတ်လိုက်လေသည်။
အကယ်၍ သူသည် ဂိုခရမ် ၏ ဟန်ချက်ကို ပျက်ပြားသွားအောင် လုပ်နိုင်ပါက အားနည်းနေသော အော်သို ပင်လျှင် သူ့ကို သတ်နိုင်မည် ဖြစ်၏။ သူတို့ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့သော် ထိုအရာသည် လင်းတုန်း ၏ သနားစရာကောင်းသော ကျောက်စိမ်းအဆင့် နည်းစနစ် က အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို ဒဏ်ရာရစေနိုင်မည်ဟု ယူဆချက်အပေါ်တွင်သာ မူတည်နေလေသည်။
လက်မောင်းတစ်လုံးစာ အထူရှိသော မဟူရာ မီးတောက် မာဒြာ တန်းကြီးသည် သဲမြွေပွေး ဂိုခရမ် ဆီသို့ စီးဆင်းသွားခဲ့သည်။ ထိုနည်းစနစ်သည် သိပ်သည်းပြီး အရည်များကဲ့သို့ ချောမွေ့နေခဲ့၏။ ထိုအစစ်အမှန် ရွှေအဆင့်က မာဒြာ များဖြင့် အစိမ်းရောင် လှံတစ်ချောင်းကို ဖန်တီးလိုက်ပြီး ၎င်းဖြင့် ထိုမီးတန်းဆီသို့ ရိုက်ချလိုက်လေသည်။ အစစ်အမှန် ရွှေအဆင့် သဲမြွေပွေး မာဒြာ နှင့် လင်းတုန်း ၏ မဟူရာ မီးတောက် တို့ ထိပ်တိုက် တွေ့ဆုံသွားကြ၏။
ဘုန်း...
အမှောင် မီးတောက်များသည် ဂိုခရမ်၏ အကာအကွယ်ကို လွှမ်းမိုးသွားပြီး သူ၏ လက်တစ်ဖက်ကို လက်ကောက်ဝတ်မှနေ၍ ဖြတ်တောက်သွားလေသည်။
သူသည် ယခင်က သူ၏ လက်ရှိခဲ့သော နေရာကို မျက်လုံးပြူးကာ စိုက်ကြည့်ရင်း နောက်သို့ ယိမ်းယိုင်သွားခဲ့၏။ လင်းတုန်း လည်း အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိလေသည်။ သူသည် ဖိအားများကြောင့် ခေါင်းမူးလာသည်အထိ သူ၌ ရှိသမျှအားလုံးကို ထိုတိုက်ခိုက်သူ နည်းစနစ် ထဲသို့ လောင်းထည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ မျှော်လင့်ခဲ့သည်မှာ အော်သို ၏ အပေါ်မှ ဖိအားအချို့ကို လျှော့ချပေးနိုင်ရန်မျှသာ ဖြစ်၏။
အဆင့်နိမ့် ရွှေအဆင့် သဲမြွေပွေး များပင်လျှင် နောက်သို့ ဆုတ်သွားကြပြီး လိပ်ကြီးထံမှ လင်းတုန်း ဆီသို့ အာရုံပြောင်းသွားကြလေသည်။
အော်သိုသည် သူ၏ အခွံထဲမှ ခေါင်းထွက်လာခဲ့၏။ လင်းတုန်း၏ တိုက်ခိုက်သူ နည်းစနစ် အပြီး အံ့အားသင့်လျက် အေးခဲသွားသော အချိန်လေးအတွင်းမှာပင် သူသည် ကျန်ရှိနေသော သူ၏ မာဒြာ များကို ဆန့်ထုတ်လိုက်လေသည်။ လင်းတုန်းသည် စာချုပ်မှတစ်ဆင့် လိပ်ကြီး ဘာလုပ်နေသည်ကို ခံစားသိရှိနိုင်သော်လည်း သူ၏ ကြေးအဆင့် အမြင် ကို မဖွင့်မချင်း သူ နားမလည်ခဲ့ပေ။
အနီနှင့် အနက်ရောင် အော်ရာ သည် ဒီရေအလား မြင့်တက်လာခဲ့သည်။ ထို့နောက် သဲမြွေပွေး အားလုံးကို လွှမ်းခြုံ ပျံ့နှံ့သွားလေ၏။
သဲမြွေပွေးတို့သည် သတိပြန်ဝင်လာကြပြီး အော်သို ၏ အုပ်ချုပ်သူ နည်းစနစ် မှနေ၍ ထွက်ပြေးကြလေသည်။ သို့သော်... ဂိုခရမ်သည် သွားများကို ဖြဲပြကာ သူ၏ ကျန်ရှိနေသော လက်ထဲမှ လှံကို အောက်သို့ ရမ်းခုတ်လိုက်၏။ ထိုလှံသည် အစိမ်းရောင် တောက်ပနေပြီး အဆိပ်ပြင်းသော မာဒြာ များဖြင့် လင်းလက်နေခဲ့သည်။
လင်းတုန်းသည် အော်ဟစ်လိုက်ပြီး မဟူရာ မီးတောက် မာဒြာ များကို သူ၏ ဦးတည်ရာဘက်သို့ ပက်ဖျန်းလိုက်လေသည်။ ၎င်းသည် ဂိုခရမ် အနားသို့ပင် မရောက်ရှိခဲ့ပေ။ သူ့ထံတွင် ထိုနည်းစနစ်ကို အာရုံစိုက်ရန်နှင့် ထိန်းချုပ်ထားနိုင်ရန် အချိန် တစ်စက်ကလေးမျှ မရှိခဲ့သောကြောင့် ဖြစ်၏။ သို့သော် လင်းတုန်း၏ သေစေနိုင်သော လမ်းစဉ် ကြောင့် လက်တစ်ဖက် ဆုံးရှုံးထားရသည့် ဂိုခရမ် သည် တွန့်ဆုတ်သွားခဲ့သည်။ သူ၏ လှံသည်လည်း တုန်ခါသွားလေ၏။
ထိုအခိုက်တွင် အော်သိုသည် သူ၏ အုပ်ချုပ်သူ နည်းစနစ် ကို အသက်သွင်းလိုက်လေသည်။
မီးတောက် နှင်းဆီပန်း ငါးပွင့်သည် မည်သည့်နေရာမှန်း မသိဘဲ ပွင့်အာလာခဲ့သည်။ ထိုအရာများသည် ကျန်ရှိနေသော သဲမြွေပွေး တစ်ယောက်ချင်းစီ၏ အလယ်ဗဟို၌ ပေါ်ပေါက်လာခြင်း ဖြစ်၏။ ရွှေဝါရောင်နှင့် လိမ္မော်ရောင် ရောယှက်နေသော မီးတောက်များသည် ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။ ထိုမီးတောက်များပေါ်တွင် မှင်ရောင်ကဲ့သို့ အမည်းစက်များနှင့် သွေးကဲ့သို့ အနီရောင်များ ပါဝင်နေပြီး ခန္ဓာကိုယ် ငါးခုကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားလေတော့သည်။ သူတို့ထဲမှ တစ်ယောက်မျှပင် အော်ဟစ်နိုင်ခြင်း မရှိခဲ့ပေ။
တိုက်ပွဲသည် အလွန်မြန်ဆန်လွန်းစွာပင် ပြီးဆုံးသွားခဲ့လေသည်။
ငါးမိနစ်ခန့် ကြာပြီးနောက်...
လင်းတုန်းသည် ယခုအထိ သူ၏ ကိုယ်ပိုင် မှတ်ဉာဏ်များကိုပင် မယုံကြည်နိုင်သေးချေ။ ပထမအချက်အနေဖြင့် မာဒြာသည် ယခင်ကထက် သူ့ကို ပိုမို လွယ်ကူစွာ နာခံလာခဲ့သည်။ ထို့နောက် သူ၏ နည်းစနစ်သည် ရွှေအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသူ တစ်ယောက်အပေါ် အလုပ်ဖြစ်ခဲ့လေသည်။ လင်းတုန်း သိထားသမျှ အရာအားလုံးအပေါ် အခြေခံရလျှင် ဂိုခရမ်၏ မာဒြာ အင်အားတစ်ခုတည်းကပင် ကျောက်စိမ်းအဆင့် တစ်ယောက် လုပ်နိုင်သမျှကို တားဆီးရန် လုံလောက်နေသင့်သည်။
အော်သိုသည် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို လင်းတုန်း ထံသို့ ဆွဲရွှေ့လာခဲ့သည်။ ထိုသို့ လာရင်းနှင့် ပါးစပ်အပြည့်ရှိနေသော အရိုးများကိုလည်း ဝါးနေခဲ့၏။
"မင်းက ကျောက်စိမ်းအဆင့် မဟုတ်တော့ဘူး..."
သူက ကြေညာလိုက်သည်။
"ကျောက်စိမ်းအဆင့် တစ်ယောက် ခံနိုင်ရည်ရှိတာထက် ပိုတဲ့ ငါ့ရဲ့ စွမ်းအားတွေကို မင်းဆီ ငါပေးလိုက်တာကွ..."
လင်းတုန်းသည် လိပ်ကြီးကို ကြည့်လိုက်ပြီးနောက် သူ၏ ကျောက်စိမ်းအဆင့် တံဆိပ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင် ဝိညာဉ် ကို အကဲခတ်ကြည့်လိုက်လေ၏။
"ကျွန်တော် ပိုသန်မာလာတာတော့ သေချာတယ်... ဒါပေမဲ့ အများကြီး ကွာခြားသွားတယ်လို့ မခံစားရဘူး... သံမဏိအဆင့် ဒါမှမဟုတ် ကျောက်စိမ်းအဆင့် ကို တက်လှမ်းတုန်းကနဲ့ ဘာမှမတူဘူး..."
သူ၏ မဟူရာ မီးတောက် အမြုတေ အလယ်ဗဟိုရှိ ကျောက်ဘီးသည် အနည်းငယ် ပို၍ မြန်ဆန်စွာ လည်ပတ်နေကောင်း လည်ပတ်နေပေလိမ့်မည်။ ထို့ပြင် သူ၏ ဝိညာဉ်သည် စီးဆင်းနေသော ချောင်းငယ်လေးတစ်ခုအစား ဒေါသတကြီး စီးဆင်းနေသော မြစ်တစ်စင်း၏ အင်အားဖြင့် လှည့်ပတ်နေခဲ့သည်။
သို့သော် သံမဏိအဆင့် သည် ခန္ဓာကိုယ်အသစ် တစ်ခုဖြင့် ရောက်ရှိလာပြီး ကျောက်စိမ်းအဆင့် သည် ဝိညာဉ် အသစ်တစ်ခုဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုအပြောင်းအလဲများနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေသည် ရိုးရှင်းလွန်းသည်ဟု ခံစားရလေ၏။ စာချုပ်တစ်ခုမှတစ်ဆင့် စွမ်းအားကို လက်ခံရယူမည့်အစား ဝိညာဉ်အကြွင်းအကျန် တစ်ခုကိုသာ သူ လက်ခံခဲ့ပါက တကယ့် ကွာခြားချက်ကို မြင်တွေ့ခဲ့ရနိုင်ပေသည်။
အော်သိုသည် ခြေထောက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့၏။
"လူသားတွေက အဆင့်တိုင်းကို ဂန္ထဝင် တစ်ခုလို လုပ်ချင်ကြတာကွ... အဆင့်နိမ့် ရွှေအဆင့် ဆိုတာ သွားပေါက်လာတဲ့ ကျောက်စိမ်းအဆင့် ပါပဲ... ကျောက်စိမ်းအဆင့် နဲ့ ရွှေအဆင့် ကြားက တစ်ခုတည်းသော ကွာခြားချက်က တောင်တစ်လုံးစာလောက်ရှိတဲ့ စွမ်းအားပဲ..."
သူက လင်းတုန်း ကို ဂုဏ်ယူဝင့်ကြွားမှုများ ဖြာထွက်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"အခု မဟူရာ မီးတောက် ရဲ့ တကယ့် ဂုဏ်ကျက်သရေကို မင်း မြင်ရပြီမလား..."
လင်းတုန်းသည် မှင်သက်နေဆဲ ဖြစ်သော်လည်း အမှန်တရားကိုမူ သူ ငြင်းခုံ၍ မရနိုင်ပေ။ သဲမြွေပွေး ဂိုခရမ်၏ ပြတ်တောက်နေသော ခြေထောက်များသည် ကိုက်အနည်းငယ် အကွာ၌ ကျနေခဲ့သည်။ ထိုအရာများသည် သူ့ထံမှ အကြီးဆုံး ကျန်ရစ်သော အစိတ်အပိုင်းများပင် ဖြစ်၏။ သူ၏ ဦးခေါင်းခွံမှာမူ အော်သို ၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။
ယခုအခါ လင်းတုန်း သည် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ တကယ့် ရွှေအဆင့် တစ်ယောက်ပင်...။
ဤသည်မှာ ရွှေအဆင့် ၏ စွမ်းအားပင် ဖြစ်တော့သည်။
သို့သော် အော်သို၏ ဝိညာဉ်သည် သူ့ကို နာကျင်စေဆဲ ဖြစ်၏။ အကယ်၍ ထိုလိပ်ကြီး၏ အခြေအနေကို ဂရုမစိုက်ဘဲ ပစ်ထားပါက သူသည် သူ့ကိုယ်သူ နောက်တစ်ကြိမ် ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဟု လင်းတုန်း ထင်မြင်ထားခဲ့လေသည်။
သူသည် မြစ်မျိုးစေ့ ကို အော်သို ၏ ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ခဏတာ ထိတ်လန့်သွားပြီးနောက် ထိုဝိညာဉ်လေးသည် လိပ်ကြီး၏ အရေပြားပေါ်သို့ လက်နှစ်ဖက်စလုံးကို တင်လိုက်လေ၏။ အပြာရောင် အလင်းတန်းများသည် မဟူရာ မီးတောက် ဝိညာဉ် အတွင်းသို့ စီးဆင်းသွားပြီး ချောမွေ့ကာ ငြိမ်းချမ်းသွားစေခဲ့သည်။
အော်သိုသည် ရေခဲရေဖြင့် အပက်ခံရသော လူတစ်ယောက်အလား အော်ဟစ်လိုက်သည်။ မြစ်မျိုးစေ့ သည် ထိတ်လန့်တကြား အသံလေး ပြုလိုက်ပြီး လင်းတုန်း ၏ လက်မောင်းပေါ်သို့ ကပျာကယာ ပြန်တက်လာခဲ့၏။ သူမသည် သူ၏ ပခုံးပေါ်၌ ခလုတ်တိုက်မိသွားပြီး အရေပြားများလည်း ဖြူရော်နေခဲ့သည်။ ထို့နောက် သူ၏ ခေါင်းပေါ်သို့ ပြိုကျသွားကာ ဆံပင်များကြားတွင် ကွေးကွေးလေး နေလေတော့သည်။
"ခွင့်လွှတ်ပါ..."
လင်းတုန်းက ဦးညွှတ် အရိုအသေပေးရင်း ပြောလိုက်သည်။
"ကျွန်တော် ကြိုသတိပေးဖို့ သတိမရလိုက်ဘူး..."
"ဒီ အင်းဆက်က ငါ့ကို တုပ်တယ်ကွ..."
အော်သို က မေးရိုးများကို ကြိတ်ရင်း ပြောလိုက်သည်။ ဆယ်လ်ဗန်သည် လင်းတုန်း ၏ ဦးရေပြားပေါ်တွင် တုန်ယင်နေခဲ့၏။ သူသည် သူ၏ အာရုံများကို သူမ၏ ထံသို့ ဖြန့်ကျက်လိုက်ပြီး သူ သံသယရှိနေခဲ့သည့် အရာကို အတည်ပြုလိုက်လေသည်။ ထို သေးငယ်သော ဝိညာဉ်လေးသည် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
အားနည်းနေသေးသည် ဆိုသော်ငြားလည်း အော်သို ၏ မာဒြာ များသည် ပိုမို ချောမွေ့စွာ စီးဆင်းနေပြီ ဖြစ်သည်။ သူ၏ မာဒြာ သွေးကြောများ သည်လည်း ယခင်ကလောက် နာကျင်မှု မရှိတော့ပေ။ ၎င်းသည် သူ၏ မာဒြာ များကို မကျဲပါးစေဘဲ သူ၏ ဝိညာဉ် ကို ငြိမ်းချမ်းသွားစေပုံရ၏။ ထို့ပြင် သူ၏ သွေးကြောများကိုလည်း အလိုအလျောက် ပြန်လည် ပြုပြင်နိုင်ရန် ခွင့်ပြုပေးခဲ့လေသည်။
အကယ်၍ သူသာ လင်းတုန်း နှင့် စွမ်းအားများကို မမျှဝေခဲ့ပါက ရက်အနည်းငယ်အတွင်း ထိုထိခိုက်မှုများ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ ၎င်းတို့၏ စာချုပ်နှင့် ဆယ်လ်ဗန် ၏ အကူအညီတို့ကို ပေါင်းစပ်လိုက်မည် ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ လိပ်ကြီး၏ ဝိညာဉ် တွင် တကယ့် တိုးတက်မှုအချို့ကို ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်မည် ဖြစ်လေသည်။
"အနည်းဆုံးတော့ ခင်ဗျား နည်းနည်း ပိုသက်သာသလို ခံစားရမှာပါ..."
လင်းတုန်း က ပြောလိုက်သည်။ လိပ်ကြီး သက်သာနေမည်ကို သူ သိထားခဲ့၏။
"ငါက ဆောင်းရာသီ သုံးရာသီရယ်၊ မဟူရာ မီးတောက် တွေရဲ့ ကျဆုံးမှုရယ်ကနေတောင် အသက်ရှင် လွတ်မြောက်လာခဲ့တာကွ..."
အော်သို က မြည်တွန်တောက်တီးလိုက်၏။
"ဒီလောက်ကတော့ အေးဆေး အသက်ရှင်နိုင်ပါတယ်ကွ..."
အော်သို၏ ကိုယ်စား လင်းတုန်း သည် ဆယ်လ်ဗန်၏ ခေါင်းလေးကို လက်ချောင်းတစ်ချောင်းဖြင့် ပုတ်ပေးလိုက်လေသည်။
သူ သူ၏ အာရုံများကို ဖြန့်ကျက်လိုက်ရာ ယခင်ကထက် များစွာ ပို၍ လွယ်ကူစွာ ပွင့်ထွက်သွားခဲ့သည်။ သူ၏ အာရုံများသည် တောင်ပေါ်သို့ လွင့်မျောသွားလေ၏။ သူသည် ယီရင် နှင့်တူသော ခံစားချက် လမ်းကြောင်းတစ်ခုကို ဖမ်းယူရရှိလိုက်သည်။ သူမ၏ အသံက သူမ၏ အနောက်တွင် ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်သော်လည်း သူမကိုယ်တိုင် မဟုတ်ပေ။
"ငါ အပြင်မှာ ရောက်နေတုန်းက..."
အော်သိုက ဆက်ပြောလိုက်သည်။
"သူ ပင်မတောင်ထိပ်မှာ တိုက်ခိုက်နေတာကို ငါ ခံစားမိတယ်... အခုတော့ မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ် က အားနည်းနေပုံရတယ်..."
ငလျင်ငယ်များ လှုပ်ခတ်သွားသကဲ့သို့ ရယ်မောသံများသည် သူ၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာခဲ့၏။
"အဲဒီဘက်မှာ ရင်းနှီးနေတဲ့ တခြား ဝိညာဉ် တစ်ခုလည်း ရှိနေသေးတယ်..."
လင်းတုန်းသည် သူ၏ အာရုံများကို ဆက်လက် လွင့်မျောခွင့် ပြုထားလိုက်ပြီး လိပ်ကြီး ဆိုလိုသည့်အရာကို အတိအကျ ခံစားမိသွားခဲ့သည်။ အီသန် သည် သူ၏ စွမ်းအားကို ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ အင်အားအပြည့်သည် မလှမ်းမကမ်း၌ အချက်ပြမီးတစ်ခုအလား တောက်ပနေခဲ့လေသည်။
အော်သိုက လမ်းလျှောက်နိုင်သည်ဟု အခိုင်အမာ ပြောဆိုနေသဖြင့် လင်းတုန်း သည် သူ၏ လွယ်အိတ်ကို လွယ်ကာ ထိုဦးတည်ရာဘက်သို့ ထွက်ခွာခဲ့လေသည်။ ထိုနေရာမှာ အီသန် ရှိနေသည့်နေရာနှင့် ၎င်းတို့ ယီရင် ကို နောက်ဆုံး မြင်တွေ့ခဲ့ရသည့် နေရာပင် ဖြစ်၏။
ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးကမူ သူ၏ ခေါင်းပေါ်တွင် စီးနင်းလိုက်ပါလာခဲ့လေသည်။
***
အပိုင်း(၂၄၈)
ကျင်းတိုင်ရှို့သည် အိပ်မက်ဆိုးတစ်ခုထဲ၌ ရောက်ရှိနေသကဲ့သို့ ခံစားနေရ၏။ သူနှင့် သူ၏ အစစ်အမှန် ရွှေအဆင့် အကြီးအကဲများသည် တိုက်ခိုက်သူ နည်းစနစ်များကို အတူတကွ ပစ်လွှတ်လိုက်ကြသည်။ ထိုအဖြူရောင် အလင်းတန်းများသည် ရန်သူ့ကို ထောင့်ခုနစ်ထောင့်မှ ဖောက်ထွင်းသွားရမည် ဖြစ်သည်။
သို့သော်... သူ၏ မျက်စိရှေ့နှင့် အာရုံခံစားမှု နှစ်ခုစလုံးမှ အီသန်သည် ပျောက်ကွယ်သွားခဲ့၏။ လွန်ခဲ့သော တစ်စက္ကန့်က ထိုလူသည် ပုံပျက်နေသော အော်ရာ အတားအဆီး၏ အခြားတစ်ဖက်၌ တံမြက်စည်းတစ်ချောင်းကို ကိုင်ကာ ရပ်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင်မူ…
နယ်နိမိတ် အစီအရင်၏ အပြင်ဘက်ရှိ အကြီးအကဲ တစ်ဦး၏ ဦးခေါင်းခွံသည် ကြက်ဥခွံကဲ့သို့ ကြေမွသွားခဲ့၏။ အီသန်သည် သွေးစွန်းနေသော တံမြက်စည်းကို ကိုင်လျက် ရပ်နေချိန်တွင် ထိုလူ၏ ခန္ဓာကိုယ်သည် လဲကျသွားခဲ့သည်။ အခြား အကြီးအကဲများ သတိမဝင်လာခင်မှာပင် ကျင်းတိုင်ရှို့က အီသန်ရှိရာဘက်သို့ ကြယ်ရောင်လှံ တစ်စင်းကို ပစ်လွှတ်ကာ တုံ့ပြန်လိုက်သည်။ သို့သော် အီသန်သည် ရေထဲသို့ လျှောဆင်းသွားသော ငါးတစ်ကောင်ကဲ့သို့ အစီအရင်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။
ဤအရာသည် လုံးဝ မဖြစ်နိုင်ပေ။ ထိုနယ်နိမိတ်သည် ရုပ်ဝတ္ထုပစ္စည်းများ ဖြတ်သန်းသွားခြင်းကို တားဆီးထားသည်။ ထိုကဲ့သို့ အတင်းဖြတ်သန်းသွားခြင်းသည် မီးလောင်နေသော နံရံတစ်ခုကို အတင်းဖြတ်သန်းသွားသည်နှင့် တူပေသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုသို့ပြုလုပ်နိုင်လောက်အောင် ကြောက်မက်ဖွယ် သန်မာနေလျှင်ပင် အစီအရင်သည် ပြိုကွဲသွားရမည် ဖြစ်သည်။ မာဒြာ သာလျှင် ဖြတ်သန်းသွားနိုင်၏။
အီသန်၏ ခန္ဓာကိုယ် အထက်ပိုင်းသည် အစီအရင် ပူဖောင်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် အခြား အကြီးအကဲ တစ်ဦးကို ဖမ်းဆွဲကာ အတွင်းသို့ ပြန်ဆွဲသွင်းသွားခဲ့၏။ အရိုးကျိုးသံနှင့်အတူ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ပန်းထွက်လာသော သွေးများကို အော်ရာ က တားဆီးထားလိုက်သည်။
ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပေသည်။ သူသည် အစီအရင်ကို ဖြတ်သန်းရန် သူ၏ ခန္ဓာကိုယ်ကို မာဒြာ အခွံတစ်ခုဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်နိုင်သည်။ သို့သော် လူတစ်ရပ်စာအရွယ်အစားရှိသော ဘောလုံးတစ်ခု ဖန်တီးပြီး လိမ့်ဝင်သွားခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။ ခန္ဓာကိုယ်၏ နေရာလပ်မကျန် ဖုံးအုပ်ထားရင်း အဝင်အထွက် လုပ်ရန် လိုအပ်သော စွမ်းအင်ပမာဏသည် အဆင့်နိမ့် အရှင်သခင် တစ်ဦးကိုပင် ခမ်းခြောက်သွားစေနိုင်သည်။ မာဒြာ ကို တိကျစွာ ထိန်းချုပ်နိုင်မည်ဆိုပါက ကျင်းတိုင်ရှို့ ကိုယ်တိုင်လည်း ထိုသို့ တစ်ကြိမ်ခန့် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ သို့သော် အခြားတစ်ဖက်သို့ ရောက်သည့်အခါ တိုက်ခိုက်ရန် အင်အားကျန်ရှိတော့မည် မဟုတ်ပေ။
ဤအရာသည် လှည့်ကွက် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေမှု တစ်ခု ဖြစ်ရမည်။ သို့မဟုတ်ပါက အီသန်တွင် ကျင်း ခေါင်းဆောင်ကြီး အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ဖော်ပြနိုင်သော မာဒြာ သိုလှောင်နိုင်စွမ်း ရှိနေခြင်း ဖြစ်ရမည်။ သူသည် တစ်နည်းနည်းဖြင့် အစောင့်အရှောက် သော့ တစ်ချောင်းကို ခိုးယူထားခြင်းလည်း ဖြစ်နိုင်၏။
ကျင်းတိုင်ရှို့သည် သူ၏ အသက်ရှင် ကျန်ရှိနေသော လူလေးယောက်ကို နောက်ဆုတ်ရန် အမိန့်ပေးကာ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ အကယ်၍ အီသန်က သူတို့ကို အမြန်နှုန်းနှင့် သွက်လက်မှုတို့ကို အသုံးပြုကာ တိုက်ခိုက်နေလျှင် သူကလည်း အကြမ်းထည်စွမ်းအားဖြင့် ယှဉ်ပြိုင်ရပေမည်။ မည်သို့ပင်ဖြစ်စေ ဤတောင်စောင်းကို နောက်ထပ် အသုံးပြုစရာလည်း မရှိတော့ချေ။
သူ၏ လှံသည် စွမ်းအားများဖြင့် တုန်ခါသွား၏။ ဖန်တီးထားသော လှံများသည် သူ၏ အထက်လေထဲတွင် ယပ်တောင်တစ်ခုသဖွယ် ဝဲပျံနေကြသည်။ လက်နက်တစ်ခုစီတိုင်းတွင် သူ၏ မာဒြာ စွမ်းအားအပြည့် ပါဝင်နေပြီး ဓား အော်ရာ များဖြင့် တောက်ပနေသည်။ ၎င်းတို့သည် ဗုံးများကဲ့သို့ ထိမှန်မည်ဖြစ်ပြီး သုံးပေခန့် လွဲချော်သွားလျှင်ပင် အော်ရာ ကြောင့် အရိုးမှ အသားများ ကွာကျသွားနိုင်၏။
သို့သော် ထိုမျှနှင့် မလုံလောက်သေးပေ။ သူသည် ဆယ်စုနှစ်များစွာကြာအောင် စုဆောင်းထားခဲ့သော ဝိညာဉ်မီးများကို ထုတ်ယူလိုက်သည်။ ထို့နောက် မှေးမှိန်နေသော မီးတောက်များကို လှံတစ်ခုစီတိုင်းထဲသို့ စီးဆင်းစေလိုက်၏။ ဝန်းကျင်ရှိ လေထု တုန်ခါသွားသည်အထိ စွမ်းအားများသည် လှံများအတွင်းသို့ စိမ့်ဝင်သွားကြသည်။
ဤအရာများသည် သံမဏိပြားကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသော သေစေနိုင်သည့် တိုက်ခိုက်မှု ခုနစ်ခု ဖြစ်သည်။ ထွက်ပြေးနိုင်သော ထောင့်ပေါင်းစုံကို ပိတ်ဆို့ရန် ဖြန့်ကျက်ထား၏။ လစ်ဟာမှုများကို ဖုံးကွယ်ရန်နှင့် ရန်သူ အချိန်ကိုက် တုံ့ပြန်နိုင်ခြင်းမှ ကာကွယ်ရန်အတွက် နည်းစနစ်တစ်ခုစီကို စက္ကန့်ပိုင်းမျှသာ ကွာခြားကာ ပစ်လွှတ်လိုက်သည်။ အီသန်သည် တားဆီးမရနိုင်သော လှံတံတိုင်းများ၊ လောင်ကျွမ်းနေသော အပူချိန်များနှင့် ခုတ်ထစ်နေသော ဓားသွားများကို ရင်ဆိုင်ရမည် ဖြစ်သည်။ သူသည် ပျဉ်ပြားတစ်ခုတွင် သံမှိုစွဲခံရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တောင်ကမ်းပါးသည် အရုဏ်ဦးကြယ်တစ်ပွင့်ကဲ့သို့ အဖြူရောင်အလင်းတန်းများဖြင့် တောက်ပသွား၏။ သူ၏ ဓား အော်ရာ စွမ်းအားကြောင့် မြေကြီးပေါ်တွင် မျက်စိဖြင့်မမြင်နိုင်သော အစင်းကြောင်းများ ထွက်ပေါ်လာသည်။ လှံခုနစ်စင်း၏ စွမ်းအားကြောင့် သူ၏ ဝိညာဉ် အာရုံသည်လည်း တုန်ခါနေ၏။ ကျင်းတိုင်ရှို့သည် ဤနည်းစနစ်ကို ရန်သူတစ်ဦးတစ်ယောက်ကို သတ်ဖြတ်ရန် အသုံးမပြုဘဲ ခံတပ်နံရံများကို ဖြိုချရန်အတွက်သာ အသုံးပြုလေ့ရှိသည်။ ဤအရာသည် ကျင်း ကလန်တွင် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော လှံသိုင်းပညာရပ်အားလုံး၏ အထွတ်အထိပ် ဖြစ်သည်။ ကျင်းတိုင်ရှို့က ၎င်းကို ကြယ်ခုနစ်ပွင့် ပြုတ်ကျခြင်းဟု ခေါ်ဆိုခဲ့၏။
သူသည် သူ၏လှံကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ ထိုအခါ သေစေနိုင်သော အဖြူရောင် မာဒြာ လှိုင်းလုံးနှင့် ဖန်တီး ထားသော လှံခြောက်စင်းသည် လေထုကို ခွင်းကာ စူးရှစွာ မြည်ဟည်းလျက် ထွက်ပေါ်လာ၏။ သေစေနိုင်သော ဖြူဖျော့ဖျော့ အလင်းတန်းများသည် တောင်ကမ်းပါးပေါ်သို့ တောက်ပသော လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်သွားသည်။ အလင်းတန်းတစ်ခုစီကြားရှိ လေထုသည် ကျောက်စရစ်ခဲများကို ဝါးမျိုကာ ဖုန်မှုန့်များကို ထွေးထုတ်ပစ်သည့် ဓား အော်ရာ များဖြင့် ပြည့်နှက်နေ၏။
လုံးဝ ပျက်စီးယိုယွင်းမှုကြီးက တောင်ကမ်းပါးကို ဖုံးလွှမ်းသွားခဲ့သည်။ နယ်နိမိတ် အလံ များ စုတ်ပြဲသွားကာ အစီအရင်များ ပျက်ပြယ်သွား၏။ လဲကျနေသော အကြီးအကဲ နှစ်ဦး၏ ခန္ဓာကိုယ်များမှာလည်း သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနည်းစနစ်သည် ကျောက်တုံးများနှင့် မြေကြီးများကို ထိုးခွဲသွားသည်။ ဖုန်တိမ်များ ကင်းစင်သွားသောအခါ အီသန် ရပ်နေခဲ့ဖူးသော ကျောက်ဆောင်၏ ထက်ဝက်ခန့်သည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ တောင်ကြီး၏ အစိတ်အပိုင်းတစ်ခု ပြတ်ထွက်သွားခဲ့ပြီး လွန်ခဲ့သော စက္ကန့်ပိုင်းက ကျောက်တုံးဖြစ်ခဲ့သော နေရာတွင် ညကောင်းကင်ယံ၏ အစိတ်အပိုင်းတစ်ခုက အစားထိုး နေရာယူသွားခဲ့သည်။
ကျင်းတိုင်ရှို့သည် ကျေနပ်စွာဖြင့် သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်ပြီး သူ၏ မာဒြာ ကို စတင်လည်ပတ်စေလိုက်၏။ ဤတိုက်ခိုက်မှုအတွက် သူ၏ ဝိညာဉ်ကို အလွန်အမင်း ဖိအားပေးခဲ့ရသည်။ သို့သော် အနည်းဆုံးတော့...
ရုတ်တရက်... သူ၏ ဝိညာဉ် က သူ့ကို သတိပေးအော်ဟစ်လိုက်သဖြင့် သူ လှည့်ထွက်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်ကာ ဘိုးဘေးလှံ ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက် အသင့်ပြင်လိုက်၏။
အီသန်သည် သူ၏ တံမြက်စည်းဖြင့် အစစ်အမှန် ရွှေအဆင့် တစ်ဦး၏ ခြေကျင်းဝတ်များကို ရိုက်ချိုးလိုက်သည်။ ထိုအဘိုးအို လေထဲတွင် ရှိနေဆဲ အချိန်မှာပင် တံမြက်စည်းရိုးတံသည် သူ၏ ကျောပြင်ပေါ်သို့ ရိုက်ချလိုက်၏။ ထိုလူ၏ ကျောရိုးကျိုးသွားသော အသံ ထွက်ပေါ်လာသည်။ သို့တိုင် သစ်သားတံမြက်စည်းမှာမူ ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိ ရှိနေဆဲဖြစ်သည်။
အီသန်သည် ကြယ်ခုနစ်ပွင့် ပြုတ်ကျခြင်း တိုက်ခိုက်မှုမှ အထိအခိုက်မရှိ လွတ်မြောက်လာခြင်းတော့ မဟုတ်ပေ။ သူ၏ မှိတ်ထားသော မျက်လုံးတစ်ဖက်သို့ သွေးများ စီးကျနေပြီး ဘယ်ဘက်ပခုံးတွင်လည်း သွေးထွက်နေသော ပြတ်ရှဒဏ်ရာတစ်ခု ရှိနေ၏။ သူ၏ အပြာရောင် ဝတ်ရုံကောင်းမှာလည်း တစ်ဝက်ခန့် စုတ်ပြဲနေသည်။ သို့သော် သူ လွတ်မြောက်လာခဲ့ခြင်းကပင် လုံလောက်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။
ကျင်းတိုင်ရှို့သည် အီသန်၏ အာရုံကို ဆွဲဆောင်ရန်နှင့် ကျန်ရှိနေသော အကြီးအကဲ သုံးဦး ထွက်ပြေးချိန်ရစေရန် အော်ဟစ်လိုက်သည်။ သူသည် ကြယ်ရောင် လှံ မာဒြာ ကို တစ်ဖြောင့်တည်း ပစ်လွှတ်လိုက်၏။ ကြယ်ရောင်လှံသည် အလွယ်ကူဆုံး တိုက်ခိုက်သူ နည်းစနစ်ဖြစ်သော်လည်း အမြန်ဆုံးလည်း ဖြစ်သည်။ အီသန် မည်မျှပင် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်စေကာမူ ဤအရာကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခြင်း ဖြစ်၏။
ဤအဆင့်ရှိ နည်းစနစ်တစ်ခုသည် အဆင့်နိမ့် အရှင်သခင် တစ်ဦးကို မသတ်ဖြတ်နိုင်ပေ။ သို့သော် သူ့ကို လှုပ်မရအောင် ချုပ်ထားနိုင်ပြီး ကျန်ရှိနေသော အစစ်အမှန် ရွှေအဆင့် များကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံသတ်ဖြတ်ခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။
အီသန်သည် နေရောင်ခြည်ကို ကာကွယ်သူ တစ်ယောက်ကဲ့သို့ သူ၏ လက်ကို မြှောက်လိုက်၏။ ကြယ်ရောင် လှံ မာဒြာ သည် သူ၏ လက်နှင့် တစ်ပေခန့်အကွာသို့ ရောက်ရှိလာသောအခါ မာဒြာ များ ပြန့်ကျဲသွားသည်။ ၎င်းသည် အရည်ပျော်သွား၏။ အဆင့်နိမ့် အရှင်သခင်က ထိုနည်းစနစ်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည့်အလား ပျောက်ကွယ်သွားခဲ့သည်။
ကျင်းတိုင်ရှို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် သံကြိုးများကဲ့သို့သော သူ၏ သတ္တုဆံပင်များသည် ကျောပြင်ကို ရိုက်ခတ်သွား၏။ ထို့နောက် စီးဆင်းနေသော ကြယ်ရောင် နည်းစနစ်ကို စတင်လည်ပတ်စေလိုက်သည်။ အကယ်၍ သူသာ တိုက်ပွဲ၌ ရင်ပေါင်တန်းနိုင်လိုလျှင် သူ၏ အရာအားလုံးကို အမြန်နှုန်းအတွက် မြှုပ်နှံထားရန် လိုအပ်ပေသည်။ သို့သော် အီသန်၏ လမ်းစဉ် ကို သူ ရှာမတွေ့နိုင်ပါက အမြန်နှုန်းက အရေးပါမည် မဟုတ်ပေ။ ထိုလူသည် သူ၏ နည်းစနစ်များကို ဝါးမျိုပစ်နိုင်စွမ်း ရှိနေ၏။
အီသန်သည် ဝေဝါးသွားပြီး ထပ်မံလှုပ်ရှားလိုက်ပြန်သည်။ သို့သော် စီးဆင်းနေသော ကြယ်ရောင် ကို အသုံးပြုထားသဖြင့် ကျင်းတိုင်ရှို့သည် သူ၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်ခဲ့၏။ သူသည် မာဒြာကို အနောက်သို့ ကန်ထုတ်ကာ ခုန်ထွက်လိုက်သည်။ ထို့နောက် စတုတ္ထမြောက် အကြီးအကဲ၏ နံရိုးများကို မချိုးဖျက်နိုင်မီ အီသန်၏ တံမြက်စည်းကို သူ၏ လှံဖြင့် ကြားဖြတ် တားဆီးလိုက်သည်။
သူတို့နှစ်ဦးသည် အသက်သုံးခါရှူစာမျှ အချိန်အထိ အချင်းချင်း အားပြိုင်နေခဲ့ကြ၏။ သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးမှာ နှေးကွေးသွားသကဲ့သို့ ရှိ၏။ အမြန်ဆုံး အစစ်အမှန် ရွှေအဆင့် အကြီးအကဲပင် ရူးသွပ်စွာ ပြေးထွက်သွားချိန်တွင် ရေထဲ၌ လှုပ်ရှားနေရသကဲ့သို့ ဖြစ်နေသည်။ သူ၏ ခြေလက်များပေါ်တွင် စီးဆင်းနေသော ကြယ်ရောင် ၏ အဖြူရောင်မျဉ်းများ ဖြတ်သန်းသွား၏။
ကျင်းတိုင်ရှို့သည် အီသန်၏ တံမြက်စည်းရိုးကို တွန်းကန်ရန် သူ၏ ခန္ဓာကိုယ် အင်အားအပြည့်နှင့် ကာကွယ်သူ နည်းစနစ်ကို အသုံးပြုခဲ့သည်။ သို့သော် ရွှေဝါရောင် ဆံပင်ပိုင်ရှင် အဆင့်နိမ့် အရှင်သခင် ကလည်း သူ့ကို ထိုနည်းတူ အားပြင်းပြင်းဖြင့် ပြန်လည်တွန်းကန်ထား၏။ အီသန်၏ မေးရိုးများ တင်းမာနေပြီး ပွင့်နေသော မျက်လုံးတစ်ဖက်သည် ဒေါသများဖြင့် တောက်လောင်နေကာ မေးရိုးမှတစ်ဆင့် ချွေးများ စီးကျနေသည်။ သူသည် အားယူရလွန်းသဖြင့် တုန်ယင်နေ၏။
သို့သော်... ကျင်းတိုင်ရှို့သည် သူ၏ ဘိုးဘေး ဖန်တီးခဲ့သော ဒဏ္ဍာရီလာ လက်နက်ကို အသုံးပြုနေခြင်း ဖြစ်သည်။ အီသန်ကမူ တံမြက်စည်းကိုသာ အသုံးပြုနေ၏။ သူသည် ၎င်းကို ဝိညာဉ်မီး ဖြင့် ထုံမွမ်းထားနိုင်သော်လည်း အရေးပါသော မှော်ပစ္စည်းတိုင်းတွင် ထိုကဲ့သို့ ပြုလုပ်ထားပြီး ဖြစ်သည်။ ဘိုးဘေးလှံသည် ဝိညာဉ်မီး အတွင်း၌ အကြိမ်များစွာ သွန်းလောင်းခြင်း ခံခဲ့ရပြီးဖြစ်မည်။ လက်နက်များ ကွာခြားနေသော်လည်း အီသန်သည် သူ့ကို ခုခံထားနိုင်ဆဲ ဖြစ်သည်။
ကျင်းတိုင်ရှို့သည် ဖန်တီးသူ နည်းစနစ်ကို လည်ပတ်စေလိုက်ရာ သူ၏ လက်ဖျံထက်ရှည်သော အပ်ယပ်တောင် တစ်ခုသည် ခေါင်းပေါ်တွင် စုစည်းလာ၏။ ယှဉ်ပြိုင်မှုကို ဖြိုခွဲရန်အတွက် ထိုအပ်များသည် တစ်ချောင်းပြီးတစ်ချောင်း အီသန်ထံသို့ ပြေးဝင်သွားကြသည်။ အာရီလီယပ် ခေါင်းဆောင်ကြီး ၏ တစ်ကိုယ်လုံးမှ မာဒြာ လှိုင်းတစ်ခု လျှံကျလာသည်။ ကျင်းတိုင်ရှို့သည် သူ၏ အရေပြားပေါ်တွင် မည်သည့်အရာကိုမျှ မခံစားရသော်လည်း သူ၏ ဖန်တီး ထားသော အပ်များသည် နွေရာသီ နေရောင်အောက်ရှိ ရေခဲများကဲ့သို့ အရည်ပျော်သွားကြ၏။
နောက်ဆုံးတွင်တော့ အီသန်၏ စွမ်းအားကို သူ ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကျင်းတိုင်ရှို့သည် ပြိုင်ဘက်ကို အဝေးသို့ တွန်းထုတ်လိုက်ပြီး ရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။
"သန့်စင်တဲ့ မာဒြာလား... ဘယ်သူကများ သန့်စင်တဲ့ မာဒြာကို သုံးတာလဲ..."
"သူ့အသုံးဝင်မှုနဲ့... သူပါပဲ..."
အီသန်က တံမြက်စည်းကို အားပြုမှီထားရင်း အမောတကောဖြင့် အပြုံးတစ်ခု ဖန်တီးကာ ပြောလိုက်လေသည်။
***