အခန်း (၂၄၉-၂၅၀)
Vol. 18 Ch. 249-250
အပိုင်း(၂၄၉)
ကျင်းတိုင်ရှို့ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ယခုအခါ သူသည် အသက်ရှင်လျက် လွတ်မြောက်အောင် ကြိုးစားရတော့မည် ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော အီသန် အာရီလီယပ်၏ လမ်းစဉ် နှင့် ပတ်သက်ပြီး သီအိုရီများစွာကို သူ ဖတ်ရှုခဲ့ဖူးသော်လည်း အားလုံးမှာ မှားယွင်းနေခဲ့၏။ ဤသတင်းအချက်အလက်ကို ကလန်သို့ ပြန်လည်ယူဆောင်သွားခြင်းသည် အာရီလီယပ် မိသားစု ကို ဖြုတ်ချနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ မည်သည့် အစစ်အမှန် ရွှေအဆင့် ကမျှ သူပြောသည်ကို ကြားခဲ့မည် မဟုတ်ပေ။ သူတို့သည် အလွန် ဝေးကွာသော နေရာတွင် ရှိနေကြ၏။
သို့တိုင်... အာရုံခံစားမှုက အသိပေးနေသော်လည်း ဤအရာသည် လှည့်ကွက်တစ်ခု သို့မဟုတ် အီသန်၏ ခန္ဓာကိုယ်တွင် ဝှက်ထားသော ဝိညာဉ်ပန်းပဲဆရာ၏ ကိရိယာတစ်ခုခုများ ဖြစ်နေမလားဟု သူ တွေးတောနေဆဲ ဖြစ်သည်။
အီသန်သည် သာမန်တံမြက်စည်းတစ်ခုကို ဝိညာဉ်မီး ဖြင့် ဆေးကြောထားလျှင်ပင် ရှေးဟောင်း ကျင်း အမျိုးသမီး ခေါင်းဆောင်၏ လှံနှင့် ထိတွေ့မှုကို ခံနိုင်ရည်ရှိစေရန် ကာကွယ်သူ နည်းစနစ်ကို အသုံးပြုခဲ့သည်။ လက်နက်တစ်ခုကို ထိုမျှ ခိုင်မာလာစေရန် ပြုလုပ်နိုင်သောကြောင့် မြေကြီး သို့မဟုတ် အင်အား မာဒြာ ဖြစ်မည်ဟု သူ သံသယဝင်ခဲ့ဖူး၏။
သန့်စင်သော မာဒြာ ဖြင့် ထိုသို့ပြုလုပ်ခြင်းသည်...
၎င်းက အထိရောက်မှု အနည်းဆုံး နည်းစနစ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ တံမြက်စည်း ပေါက်ကွဲမသွားစေရန်အတွက်သာ ထိုအထဲသို့ မာဒြာ များကို သူ အတင်းအဓမ္မ ထည့်သွင်းနေရမည် ဖြစ်သည်။
အဆင့်နိမ့် အရှင်သခင် တစ်ဦးကို သာမန်ဟု သတ်မှတ်၍ ရမည်ဆိုပါက အီသန်သည် သာမန်သာဖြစ်ကြောင်း သူ၏ အာရုံအားလုံးက ပြောပြနေ၏။ သူသည် အဆင့်တစ်ဆယ့်တစ်တွင် ရှိပြီး အင်ပါယာအတွင်း လှုပ်ရှားနေသော အရှင်သခင်များအားလုံး၏ အောက်ဆုံးနားတွင် ရှိနေသည်။ သူ၏ တစ်ခုတည်းသော ထူးခြားချက် နှစ်ခုမှာ အာရီလီယပ် တစ်ဦးထံမှ မျှော်လင့်ထားလို့ရသည့်အတိုင်း သူ၏ အာရုံခံစားမှုများနှင့် သိသာထင်ရှားလှသော သူ၏ မာဒြာ နက်ရှိုင်းမှုတို့သာ ဖြစ်သည်။ ထိုအရာသည် လုံလောက်မှု မရှိသင့်ပေ။
ရုတ်တရက် ကျောရိုးထဲမှ စိမ့်တက်လာသော အကြောက်တရားကြောင့် ကျင်းတိုင်ရှို့၏ ဝမ်းဗိုက်ထဲတွင် တုန်ယင်သွားခဲ့သည်။ ရွှေအဆင့် ကို ကျော်လွန်ခဲ့ပြီးကတည်းက သူ မရင်ဆိုင်ခဲ့ရဖူးသော အကြောက်တရား၊ မသိရသေးသော ပြိုင်ဘက်တစ်ဦးအပေါ် ထားရှိသည့် အကြောက်တရား ဖြစ်၏။ မိမိကိုယ်တိုင် အသက်ရှင်ရပ်တည်ရေးအတွက် အကြောက်တရားပင် ဖြစ်သည်။
သူသည် ကျောရိုးကို မတ်မတ်ထားလိုက်ပြီး ထိုအကြောက်တရားကို ဒေါသအဖြစ် လောင်ကျွမ်းစေလိုက်၏။ သူသည် ရှေးဟောင်း ကျင်း ကလန် ၏ ခေါင်းဆောင်ကြီး ဖြစ်သည်။ သူသည် မည်သူ့ကိုမျှ ဒူးထောက်မည် မဟုတ်ပေ။ မိမိစိတ်ထဲတွင်ပင် ဒူးထောက်မည် မဟုတ်ချေ။
သူ ဒုက္ခိတဖြစ်သွားမည် ဆိုလျှင်ပင် ယနေ့ညတွင် သူ နိုင်အောင် တိုက်ရမည် ဖြစ်သည်။ ကျင်းတိုင်ရှို့သည် သူ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်ရာ အမြုတေသည် တောက်လောင်သွားပြီး စီးဆင်းနေသော ကြယ်ရောင် နည်းစနစ်သည် အရေပြားပေါ်တွင် မျက်စိကျိန်းမတတ် တောက်ပသွား၏။ ယခုအခါ အီသန်ပင် နှေးကွေးသွားပုံရပြီး သူ၏ အပြာရောင်မျက်လုံးမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။
အခြားသော စွမ်းအင်အမျိုးအစားများကဲ့သို့ပင် သန့်စင်သော မာဒြာ တွင်လည်း အားသာချက်နှင့် အားနည်းချက်များ ရှိပေသည်။ ဝိညာဉ်ကို တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းအတွက် ၎င်းသည် ပြိုင်ဘက်ကင်းဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာနှင့် ထိတွေ့ဆက်ဆံနိုင်စွမ်း မရှိပေ။
သဘာဝတရား၏ စွမ်းအားများအပေါ်တွင် အီသန်၌ မည်သည့် သြဇာလွှမ်းမိုးမှုမျှ မရှိချေ။ ထို့ကြောင့် သူသည် အုပ်ချုပ်သူ တစ်ဦး၏ နည်းစနစ်များရှေ့တွင် အကူအညီမဲ့နေပေလိမ့်မည်။
ကြယ်ရောင်လှံ လမ်းစဉ်၌ အုပ်ချုပ်သူ နည်းစနစ်များ မရှိပေ။ သို့သော် သူ၏ ကျင့်ကြံမှုပညာရပ်များကို ပြီးပြည့်စုံစေရန် ကျင်းတိုင်ရှို့ မြှုပ်နှံခဲ့ရသော ဆယ်စုနှစ်များစွာသည် အချည်းနှီး မဖြစ်ခဲ့ချေ။ ကြယ်ရောင် လှံ မာဒြာ သည် ဓားနှင့် အလင်း စွမ်းအင်သဘာဝများ ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် သူ၏လှံကို အာရုံစိုက်လိုက်ပြီး လှံသွားတစ်လျှောက် ရစ်ပတ်နေသော ငွေဖြူရောင် အော်ရာ ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုငွေရောင်စွမ်းအားကို သူ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အော်ရာကို ပုဆိန်တစ်လက်၏ အကျယ်ခန့်ရှိသော ဓားသွားတစ်ခုအဖြစ် ဖြန့်ကျက်လိုက်၏။ သူသည် ထိုအော်ရာ ကို အသက်သွင်းလိုက်ရာ ငွေရောင်အလင်းများ တောက်ပသွားတော့သည်။
ဤနည်းဖြင့် ပဲပြားတစ်တုံးကို ဖြတ်တောက်ရသကဲ့သို့ပင် လွယ်ကူစွာဖြင့် သစ်ပင်တစ်ပင်ကို သူ ပိုင်းဖြတ်နိုင်ပေမည်။ ဤအရာနှင့်ပတ်သက်၍ အီသန် လုပ်နိုင်သည့်အရာ ဘာတစ်ခုမျှ မရှိချေ။ ဓား မာဒြာ အပေါ်တွင် အီသန်၌ မည်သည့် သြဇာလွှမ်းမိုးမှုမျှ မရှိပေ။ ထို့အပြင် ဓားသွားကို ရပ်တန့်ရန် နည်းလမ်းလည်း မရှိခဲ့ပေ။
ကျင်း ခေါင်းဆောင်ကြီး သည် သူ၏ မာဒြာ များကို အချိန်တိုအတွင်း အလွန်အမင်း အသုံးပြုထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဤတိုက်ခိုက်မှုက အရာအားလုံးကို အဆုံးသတ်ပေးလိမ့်မည်။ သူသည် အစွမ်းကုန် အင်အားဖြင့် လှံကို ရှေ့သို့ ထိုးသွင်းလိုက်၏။ အော်ရာ ဖြင့် အားဖြည့်ထားသော ထိုလှံသွားသည် ကလေးငယ်တစ်ဦးက တွန်းလိုက်လျှင်ပင် အီသန်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းနိုင်စွမ်း ရှိပေသည်။
အီသန်သည် တံမြက်စည်းကို လွှတ်ချလိုက်သည်။ ထိုတံမြက်စည်းမှာ လေထဲတွင် တွဲလောင်းခိုနေသကဲ့သို့ အလွန် နှေးကွေးစွာ ကျဆင်းသွား၏။ ထို့နောက် သူသည် သူ၏ အပြင်ဝတ်ရုံ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။
အရာအားလုံးသည် အမြန်နှုန်း တစ်ဝက်ဖြင့် လှုပ်ရှားနေသကဲ့သို့ ကျင်းတိုင်ရှို့ စောင့်ကြည့်နေခဲ့သည်။ ငွေရောင် အော်ရာ ဓားသွားသည် အဝါရောင် ဆံပင်မျှင်များကို ဖြတ်တောက်သွား၏။ ထို့နောက် အီသန်၏ ဝတ်ရုံမှ ပိုးချည်မျှင်များကို ဖောက်ထွင်းသွားသည်။ အာရီလီယပ် အဆင့်နိမ့် အရှင်သခင် သည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့ ဆုတ်လိုက်သော်လည်း လုံလောက်အောင် မမြန်ဆန်ခဲ့ပေ။
သူ၏ လက်သည် အိတ်ကပ်ထဲမှ ထွက်ပေါ်လာ၏။ ငွေရောင် ဓားသွားသည် အီသန်၏ ပါးပြင်မှ သွေးများကို စီးကျစေခဲ့သည်။ အနီရောင် သွေးစက်များသည် အထက်သို့ ပျင်းရိလေးတွဲစွာ လွင့်ပျံသွားကြ၏။
အီသန်သည် လက်ကို မျက်နှာရှေ့သို့ ကာလိုက်စဉ် သူ၏ လက်ခုံမှာ ပြတ်ရှသွားခဲ့သည်။ လှံ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိသော အဆောင်လက်ဖွဲ့တစ်ခုအလား အိတ်ကပ်ထဲမှ ထုတ်ယူလာသော အရာတစ်ခုကို သူ ကိုင်ဆောင်ထား၏။
အီသန်သည် ထိုအရာကို ငွေရောင် ဓားသွား လာရာ လမ်းကြောင်း အရှေ့သို့ ကာကွယ်လိုက်သည်။ ထိုအချိန်တွင် ထိုအရာသည် အနက်ရောင် ကတ်ကြေးတစ်လက် ဖြစ်ကြောင်း ကျင်းတိုင်ရှို့ မြင်တွေ့လိုက်ရ၏။
၎င်းသည် အပ်ချုပ်သမားတစ်ဦး အဝတ်အထည်များ ဖြတ်တောက်ရာတွင် အသုံးပြုလေ့ရှိသော ရှည်လျားသော အသွားများရှိသည့် သာမန် ကတ်ကြေးတစ်လက်သာ ဖြစ်သည်။ ထိုကတ်ကြေးနှင့် ပတ်သက်၍ ထူးခြားချက် တစ်စုံတစ်ရာကိုမျှ သူ မခံစားရချေ။ ထိုအရာကို ရွှေသံမဏိဖြင့်ပင် ပြုလုပ်ထားခြင်း မဟုတ်ပေ။ သူ သိထားသလောက် သာမန် သံဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်၏။
ထိုကတ်ကြေးကို ဝိညာဉ်မီး ဖြင့် ဆေးကြောထားခြင်းဖြစ်မည်ဟု သူ ယူဆရပေမည်။ သို့မှသာ ၎င်းတို့ကို ပိုမို ခိုင်မာလာစေပြီး မာဒြာ နှင့် အော်ရာ များကို ပို၍ ထိရောက်စွာ စီးဆင်းနိုင်စေမည် ဖြစ်သည်။ သို့သော် သာမန် ရုပ်ဝတ္ထုပစ္စည်းများအပေါ်တွင် အဆင့်နိမ့် အရှင်သခင် တစ်ဦး၏ ကောင်းချီးပေးနိုင်စွမ်းမှာ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်၏။
အော်ရာ သည် ကတ်ကြေးကို ဝင်ရောက်ရိုက်ခတ်သွားသည်။ သို့သော် ကတ်ကြေးကို ထက်ပိုင်း ပိုင်းဖြတ်သွားခြင်း မရှိချေ။ ကျောက်ဆောင်ကို ဝင်တိုက်မိသော လှိုင်းလုံးတစ်လုံးကဲ့သို့ နှစ်ခြမ်းကွဲသွားခဲ့၏။
ကျင်းတိုင်ရှို့သည် သူ၏ တိုက်ခိုက်မှုတွင် အလွန်အမင်း အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့်... ငွေရောင် အလင်း ဓားသွား ကတ်ကြေးပေါ်တွင် နှစ်ခြမ်းကွဲသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ပေ။ ဒြပ်မဲ့ အော်ရာ အလင်းတန်းများသည် အီသန်၏ မျက်နှာ တစ်ဖက်တစ်ချက်စီသို့ ပြန့်ကျဲလွင့်စဉ်သွားကြ၏။ ရွှေဝါရောင် ဆံပင် အနည်းငယ် မြေပြင်ပေါ်သို့ ကျဆင်းသွားသော်လည်း သွေးများ ထပ်မံ ထွက်ကျလာခြင်း မရှိတော့ပေ။
လှံသွားသည် အနက်ရောင် ကတ်ကြေးသွားထံသို့ ရောက်ရှိလာ၏။ ထိုအခါ အီသန်သည် သူ၏ ကတ်ကြေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကျင်းတိုင်ရှို့၏ အစွမ်းကုန် တိုက်ခိုက်မှုကို ဘေးတစ်ဖက်သို့ တွန်းဖယ်ပစ်လိုက်၏။
ကျင်းခေါင်းဆောင်ကြီး ယိမ်းယိုင်သွားချိန်တွင် အာရီလီယပ်သည် ခါးကိုကိုင်းကာ အပြင်းအထန် အသက်ရှူနေရသည်။ ထို့နောက် သူ၏ တံမြက်စည်းကို ကောက်ယူလိုက်၏။
"တော်တော်လေး နီးကပ်သွားတယ်..."
မောဟိုက်နေသော အသက်ရှူသံများကြားမှ သူက ပြောလိုက်သည်။
သူသည် လက်တစ်ဖက်တွင် အပ်ချုပ်သမား ကတ်ကြေးတစ်လက်၊ အခြားလက်တစ်ဖက်တွင် အမှိုက်လှည်းသည့် တံမြက်စည်းတစ်ချောင်းကို ကိုင်ဆောင်လျက် ကိုယ်ကို မတ်လိုက်၏။ ထို့နောက် လှံစွမ်းရည် ကျရှုံးသွားသော စစ်သည်တော် ကလန် ၏ အရှင်သခင်ရှေ့တွင် မားမားမတ်မတ် ရပ်နေခဲ့သည်။
မည်သူကများ ဤအိပ်မက်ဆိုးထဲမှ သူ့ကို လာရောက်နှိုးပေးမည်နည်းဟု ကျင်းတိုင်ရှို့ တွေးတောနေမိ၏။ ဝိညာဉ်မီး ကို အသုံးပြုထားလျှင်ပင် သန့်စင်သော မာဒြာ ကို သုံး၍ သာမန် သံကို ထိုအဆင့်အထိ ကာကွယ်သူ နည်းစနစ် အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ပေ။ လုံးဝကို မဖြစ်နိုင်ချေ။ ထိုသို့ပြုလုပ်ခြင်းက ကျင်းတိုင်ရှို့၏ အမြုတေကို သုံးကြိမ်တိုင်တိုင် ခမ်းခြောက်သွားစေလိမ့်မည် ဖြစ်၏။
"ဘယ်လိုလုပ်လိုက်တာလဲ ငါ့ကိုပြောစမ်း..."
ပြိုင်ဘက်ဖြစ်သူကို မော့ကြည့်ရင်း သူက တောင်းဆိုလိုက်သည်။
ထိုအခိုက်တွင် အနက်ရောင် ကတ်ကြေးသည် သူ၏ လည်ချောင်းထံသို့ ရောက်ရှိလာ၏။ ပြင်းထန်သော နာကျင်မှုက သူ၏ ကာကွယ်သူ နည်းစနစ်ကို ဖျက်ဆီးပစ်လိုက်သည်။ အချိန်ရေစီးကြောင်းသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
အီသန်သည် ခဏမျှ စဉ်းစားလိုက်၏။
"မင်းရဲ့ ဝိညာဉ်အကြွင်းအကျန် ကို ငါ ပြောပြလိုက်မယ်..."
သူက ဆိုလိုက်လေသည်။
***
အပိုင်း(၂၅၀)
လင်းတုန်းသည် တောင်ကမ်းပါးစွန်းတစ်ခု၌ ပက်လက်လှန်လျက် လဲလျောင်းနေသော အီသန်ကို တွေ့လိုက်ရ၏။
သူ၏ အဝါရောင် ဆံပင်များသည် အနောက်ဘက်တွင် ပြန့်ကျဲနေသည်။ သူ၏ အပြာရောင် ဝတ်ရုံမှာမူ ခွေးတစ်အုပ်ကို ကျွေးထားခဲ့ရသကဲ့သို့ စုတ်ပြဲနေ၏။ ထို့အပြင် လင်းတုန်း မြင်နိုင်သလောက် ဒဏ်ရာ ခြောက်ခုခန့်မှ သွေးများ စီးကျနေခဲ့သည်။ ဆန့်ထုတ်ထားသော သူ၏ လက်များနှင့် မလှမ်းမကမ်းတွင် တံမြက်စည်းတစ်ချောင်းနှင့် ကတ်ကြေးတစ်လက်တို့ ကျနေခဲ့၏။
"အထိအခိုက်များ ရှိသွားသေးလား..."
လင်းတုန်းက သူ၏ ကျောပိုးအိတ်ကို ချကာ ပတ်တီးများကို ဆွဲထုတ်ရင်း မေးလိုက်သည်။ ထိုအိတ်သည် သူ၏ လက်ထဲမှ လွတ်ကျသွားမတတ် ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် အိတ်ကြိုးတစ်ချောင်းမှာ မဟူရာ မီးတောက် ကြောင့် တစ်ဝက်ခန့် လောင်ကျွမ်းနေသောကြောင့် ဖြစ်သည်။
အီသန်သည် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်၏။ သူသည် နှစ်ဖက်စလုံးကို ဖွင့်ရန် ကြိုးစားခဲ့ပုံရသော်လည်း မျက်လုံးတစ်ဖက်မှာမူ သွေးများဖြင့် ကပ်ကာ ပိတ်နေခဲ့သည်။
"ငါ အနားယူရင်း ညဘက် လေညင်းလေးကို ခံစားနေတာပါ... မင်းပုံစံကတော့ ပေါက်ကွဲနေတဲ့ မီးတောင်တစ်ခုကို တက်နေတုန်း တုတ်တွေနဲ့ ဝိုင်းရိုက်ခံထားရတဲ့ ပုံပေါက်နေတယ်..."
အော်သိုသည် တောင်ကမ်းပါး နှစ်ခုကြားရှိ အပျက်အစီးများကြားတွင် လမ်းရှာကာ လျှောက်လာနေဆဲ ဖြစ်၏။ သူ၏ စိတ်ပျက်ဒေါသထွက်မှုများသည် စာချုပ်မှတစ်ဆင့် ပဲ့တင်ထပ်နေသည်။ သို့သော် သူရော၊ အီသန်ပါ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို မျှော်လင့်နေပုံ မရပေ။
လင်းတုန်းသည် သူ၏ အာရုံကို ဖြန့်ကျက်လိုက်ရာ သူ့အထက်ရှိ တောင်စောင်းများတွင် အလွန် သတိထားစရာကောင်းသော ဝိညာဉ် အချို့ကို ခံစားလိုက်ရ၏။
"သူတို့ ကျွန်တော်တို့ကို လာမတိုက်လောက်တော့ဘူး မဟုတ်လား..."
သူက မေးလိုက်သည်။
အီသန်သည် ဟားတိုက် ရယ်မောလိုက်ပြီးနောက် နာကျင်စွာဖြင့် မျက်နှာရှုံ့သွားခဲ့သည်။
"အိုး... အဲဒါက... တော်တော်လေး နူးညံ့သွားတယ်... ငါ ပြလိုက်တဲ့ ပြကွက်အပြီးမှာတော့ ငါ့ရင်ဘတ်ကို လှံနဲ့ထိုးထားပြီး သေပါရစေလို့ တောင်းဆိုနေရင်တောင် သူတို့ ငါ့အနားကို ကပ်ရဲမှာ မဟုတ်တော့ဘူး... စကိုင်းဆွန်း တွေထဲက တစ်ယောက်ယောက် ငါတို့ကို စောင့်ကြည့်နေသလား ဆိုတာတော့ မပြောတတ်ဘူး... ဒါပေမဲ့ အဆင့်နိမ့် အရှင်သခင် တွေကြားက ငါ့ရဲ့ အဆင့်သတ်မှတ်ချက်တော့ ပြောင်းလဲသွားတော့မယ်လို့ ထင်တယ်..."
လင်းတုန်း၏ ခေါင်းပေါ်မှ ငှက်မွေးတစ်ချောင်းစာခန့် အလေးချိန် လျော့ကျသွား၏။ ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးသည် သူ၏ ပခုံးပေါ်သို့ ခုန်တက်လာပြီး လက်မောင်းပေါ်မှတစ်ဆင့် လျှောဆင်းသွားသည်။ သူမ၏ သမုဒ္ဒရာပြာရောင် ဆံပင်များမှာ အနောက်ဘက်တွင် လွင့်မျောနေ၏။ ထို့နောက် သူမသည် လင်းတုန်း၏ လက်ပေါ်မှ ခုန်ထွက်ကာ အီသန်၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်လိုက်သည်။
အဆင့်နိမ့် အရှင်သခင် သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"အိုး...”
သူမသည် အီသန်၏ နဖူးပေါ်သို့ လျှောက်သွားကာ ဒူးထောက်ထိုင်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ငုံ့ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် သူ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးကာ ပလွေသံကဲ့သို့ လေချွန်လိုက်၏။ လင်းတုန်း ထင်သည့်အတိုင်းဆိုလျှင် ထိုအသံသည် နှစ်သိမ့်ပေးရန် ရည်ရွယ်ပုံရသည်။
"မင်းရဲ့ စွမ်းအားက ငါ့ကို မကူညီနိုင်ပါဘူး..."
အီသန်က တွန့်ခနဲ ဖြစ်သွားရင်း ထိုင်လိုက်ကာ ပြောလိုက်သည်။
ဆယ်လ်ဗန် မြစ်မျိုးစေ့လေးသည် သူ၏ ခေါင်းပေါ်သို့ အပြေးအလွှား တက်သွားပြီး ကိုယ်ချင်းစာသော မျက်နှာထားဖြင့် ထိုင်နေဆဲဖြစ်၏။
"မာဒြာတွေက ငါ့ထက် ပိုပြီး သန့်စင်တာ၊ ဒါမှမဟုတ် ပိုပြီး နူးညံ့တာမျိုး မရှိနိုင်ဘူး..."
တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ သူသည် လင်းတုန်းထံသို့ ကြည့်လိုက်သည်။
"ဒါနဲ့ စကားမစပ်... မင်းက ငါ့ရဲ့ လှည့်ပတ်ခြင်း နည်းစနစ်ကို ကောင်းကောင်း အသုံးချနေတာပဲ... ယုံကြည်စိတ်ချရတယ် မဟုတ်လား... ကျင့်ကြံရတာ မပျော်စရာကောင်းပေမဲ့ အမြဲတမ်းတော့ အပေးအယူ ရှိတတ်တာပဲလေ..."
"ဟုတ်ပါတယ်..."
လင်းတုန်းက ချက်ချင်း သဘောတူလိုက်၏။
"ကျွန်တော် တကယ်ကို ကျေးဇူးတင်မဆုံးပါဘူး... အဲဒါသာ မရှိရင်..."
အီသန် ပြောလိုက်သော စကား၏ ဆိုလိုရင်းကို နောက်တစ်စက္ကန့်တွင် သူ သဘောပေါက်သွားခဲ့သည်။
"...အာ... ခွင့်လွှတ်ပါ... ခင်ဗျားက 'ခင်ဗျားရဲ့' လှည့်ပတ်ခြင်း နည်းစနစ်လို့ ပြောလိုက်တာလား..."
"ငါ့ဟာလို့ ပြောတာပါ..."
အီသန်က ရွှင်ပျစွာဖြင့် ပြန်ဖြေလိုက်၏။
"အခု ငါ သုံးနေတဲ့ နည်းစနစ်ပေါ့... အဲဒါက မိသားစု စာကြည့်တိုက်ထဲမှာ ရှိခဲ့တာပါ... သန့်စင်တဲ့ မာဒြာ လမ်းစဉ် တွေက လူတိုင်းထင်နေသလောက် ရှားပါးတာမျိုး မဟုတ်ပါဘူး..."
"ခင်ဗျားက..."
လင်းတုန်းက သံသယဖြစ်စွာဖြင့် ပြောဆိုရန် စတင်လိုက်သော်လည်း အတည်ပြုရန် ပို၍ ယဉ်ကျေးသော နည်းလမ်းတစ်ခု ရှိနေခဲ့သည်။ သူသည် သူ၏ အာရုံကို ဖြန့်ကျက်ကာ အီသန်၏ ဝိညာဉ် ကို စူးစမ်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ အီသန်၏ အမြုတေ ကို အမြဲဖုံးလွှမ်းထားလေ့ရှိသော မြူခိုးများ ပျောက်ကွယ်နေခဲ့သည်။
ထိုအခါ သူ၏ အမြုတေကဲ့သို့ပင် သန့်စင်သော ပြာလဲ့လဲ့ အဖြူရောင် စွမ်းအားကန်ကြီး တစ်ခုကို သူ ခံစားလိုက်ရတော့သည်။
"မင်းရဲ့ အပြစ်အနာအဆာကင်းတဲ့ ဖက်ရှင်အမြင်ကြောင့် မင်းကို ငါ ရွေးချယ်ခဲ့တာ မဟုတ်ဘူး..."
အီသန်က သွေးများကပ်နေသော သူ၏ မျက်လုံးထောင့်ကို လက်နှစ်ချောင်းဖြင့် ထိလိုက်ရင်း ပြောလိုက်သည်။
"ဟင်း... ရောင်နေပြီလို့ ထင်တယ်... ဘာပဲဖြစ်ဖြစ်... သန့်စင်တဲ့ အမြုတေ တစ်ခုက ငါတို့နှစ်ယောက် တူညီတဲ့ အချက်နှစ်ချက်ထဲက တစ်ခုပဲ... ဒါကြောင့် မင်းကို ထူးခြားတဲ့ လမ်းညွှန်မှုတချို့ ငါ ပေးနိုင်လိမ့်မယ်လို့ တွေးမိခဲ့တာ... ပြီးတော့ ရေရှည်မှာ မင်းကလည်း ငါ့ကို ပြန်ကူညီနိုင်လိမ့်မယ်လို့လေ..."
သူ မေးရမည့် အချိန်ရောက်ပြီဆိုတာကို လင်းတုန်း သေချာသိလိုက်သည်။ ထို့ကြောင့် သူ၏ အခန်းကဏ္ဍအတိုင်း သူ ဆက်ကပြလိုက်၏။
"ဒုတိယ အချက်က ဘာများလဲ..."
"မင်း ရွှေအဆင့် ကို တက်လှမ်းပြီးတဲ့နောက် စမ်းသပ်မှုတွေထဲမှာ အဲဒါကို ထားရစ်ခဲ့တယ်..."
အီသန်က ဆိုလိုက်သည်။
"ဖြစ်တတ်ပါတယ်... အဆင့်တက်တာက မှတ်ဉာဏ်တွေကို ကမောက်ကမ ဖြစ်စေနိုင်တယ်... အထူးသဖြင့် အဲဒီဖြစ်စဉ်က စိတ်ဒဏ်ရာရစရာ ဖြစ်နေရင်ပေါ့... အဲဒါက မြေကြီးထဲမှာ ကျန်ခဲ့ရမှာ...”
“ဒါပေမဲ့ အဲ့တာက မင်းနောက်ကို လိုက်လာခဲ့တယ်... အခု အဲဒါက မင်းရဲ့ ညာဘက် အိတ်ကပ်ထဲမှာ ရှိနေတယ်..."
လင်းတုန်းသည် ဘာတွေ့မည်ကို သိနေသည့်အတွက် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး ဆူရီရယ် ၏ ဖန်ဂေါ်လီ ကို ဆွဲထုတ်လိုက်၏။ သန့်စင်သော ဖန်လုံးလေးသည် သူ၏ လက်ဝါးပေါ်တွင် တည်ရှိနေပြီး ၎င်း၏ နီလာရောင် မီးတောက်သည် ငြိမ်သက်စွာဖြင့် သူ့ အပေါ်သို့ အပြာရောင် အလင်းတန်းများ ဖြာကျနေစေသည်။
"ဒါက ဘာလဲဆိုတာ ခင်ဗျား သိလို့လား..."
လင်းတုန်းက မေးလိုက်သည်။ သူ ကြောက်ရွံ့နေသလား သို့မဟုတ် စိတ်လှုပ်ရှားနေသလား ဆိုသည်ကို သူ့ကိုယ်သူပင် သေချာ မသိတော့ပေ။
"အစကတော့ ငါလည်း မသေချာဘူး..."
အီသန်က သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်ရင်း ပြောလိုက်၏။
"ငါ့ရဲ့ အာရုံခံစားမှုကို ပိတ်ဆို့နိုင်တဲ့ အရာတိုင်းက ကောင်းကင်ဘုံက လာတာ မဟုတ်ဘူးလေ..."
သူသည် လက်မအရွယ်အစားခန့်ရှိသော သူ၏ ကိုယ်ပိုင် ဖန်ဂေါ်လီ တစ်လုံးကို ဆွဲထုတ်လိုက်သည်။
"ပြီးတော့ မင်းဟာက ငါ့ဟာနဲ့ နည်းနည်းတော့ ကွာခြားနေပုံရတယ်..."
အခေါင်းပေါက်ဖြစ်နေသော ဖန်ခွံအတွင်း၌ စက်ဝိုင်းပုံစံ အတိအကျရှိသော အမှောင်ထု ဘောလုံးလေး တစ်လုံး ရှိနေ၏။ ၎င်းသည် ဖန်လုံးထဲတွင် ချိတ်ဆွဲထားသော အဆုံးအစမဲ့ တွင်းနက်ကြီးတစ်ခုကဲ့သို့ အလွန်အမင်း နက်ရှိုင်းနေပုံရသည်။
အီသန်သည် ၎င်းကို မျက်လုံးတစ်ဖက်ဖြင့် မြှောက်ကာ စစ်ဆေးကြည့်လိုက်သည်။
"အကြွေစေ့တွေလိုမျိုးလည်း ဖြစ်နိုင်တယ်..."
သူက စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
"ဒါက အစေခံ တစ်ယောက်ကို မာဒြာပြား တစ်ပြား ပစ်ပေးလိုက်တဲ့ ကောင်းကင်ဘုံက လုပ်ရပ်မျိုးလည်း ဖြစ်နိုင်တာပဲ..."
လင်းတုန်းတွင် မေးခွန်းများစွာ ရှိနေပြီး ၎င်းတို့အားလုံးက သူ၏ ပါးစပ်မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရန် ကြိုးစားနေကြသည်။ အားလုံးက အတူတကွ ထွက်လာသည့်အတွက် "ဗလပ်..." ဟူသော အသံသာ ထွက်လာခဲ့တော့၏။
အီသန်က သူ မျှော်လင့်ထားသော မေးခွန်းအစစ်အမှန်ဖြစ်သည့်အလား ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ကွက်တိပဲ... ကဲ... ရန်လိုနေတဲ့ သူစိမ်းတွေ ဝိုင်းမရံထားခင် ငါတို့ ဇာတ်လမ်းတွေ ဖလှယ်ကြတာပေါ့..."
သူသည် သူ၏ အနက်ရောင် ဖန်ဂေါ်လီ ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အခြားအရာတစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းသည် သူ၏ လက်ဝါးထက် အနည်းငယ် ပိုကြီးသော ရွှေပြားတစ်ခုဖြစ်ပြီး အလယ်တွင် အဖြူရောင်၊ အပြာရင့်ရောင်နှင့် အနက်ရောင် လခြမ်းပုံစံ တစ်ခုကို စီခြယ်ထားသည်။
"ဒါက အာရီလီယပ် မိသားစု ခေါင်းဆောင်ကြီးရဲ့ အာဏာပိုင် အမှတ်အသားပဲ..."
ထိုရွှေပြားကို လင်းတုန်းထံသို့ ပစ်ပေးလိုက်ရင်း သူက ပြောလိုက်သည်။
"ငါ့အတွက် အလုပ်လေးတစ်ခု အမြန်သွားလုပ်ပေးဖို့ ဒါကို မင်း လိုအပ်လိမ့်မယ်..."
လင်းတုန်းသည် အလှဆင်ထားသော ထိုအမှတ်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် ယုယစွာ ကိုင်ဆောင်ထားလိုက်၏။
"ဒါဟာ ဂုဏ်ယူစရာပါပဲ..."
သူသည် ကျန်ရှိနေသော စကားဝိုင်းကို နားလည်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကာ ပြန်ပြောလိုက်သည်။
"ငါတို့အထက်မှာ ကျင်း မိသားစုရဲ့ အိမ်တွေကို တွေ့ရလိမ့်မယ်... အဲဒီအိမ်တွေထဲက တစ်လုံးမှာ အလှဆင်ထားတဲ့ ရဲတိုက်တစ်ခု၊ ပန်းရောင်သစ်ရွက်တွေနဲ့ သစ်ပင်တစ်ပင်၊ ပြီးတော့ တိုက်ခိုက်နေတဲ့ ကြိုးကြာငှက်နဲ့ နဂါး ရုပ်တုတစ်ခု ရှိတယ်... အဲဒီအိမ်ထဲကို ဖောက်ဝင်ပြီး ကျင်းချန် လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာပါ..."
"သူ့ကို ဒီကို ခေါ်လာခဲ့ရမလား..."
အီသန်၏ အပြုံးသည် ပို၍ ကျယ်ပြန့်သွား၏။
"သူက ကျင်းလုံ ရဲ့ ညီမလေ... သူ့ကို ပူးပေါင်းပါဝင်လာအောင် အဆင့်နိမ့် အရှင်သခင် က ဖမ်းဆီးထားတာ... ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတဲ့ကြားထဲမှာ သူ တစ်ယောက်တည်း ကျန်ခဲ့ပြီထင်တယ်..."
"တကယ်လား..."
လင်းတုန်းက ပြောလိုက်၏။ သူ၏ ကိုယ်တွင်း၌ မဟူရာ မီးတောက် များ လှုပ်ရှားရုန်းကြွလာခဲ့၏။
အီသန်က လက်ဖျောက်တီးလိုက်ပြီး သူ့ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါပဲ... ကျင်း ကလန် က လူတွေ မင်းကို တားတဲ့အခါ အဲဒီအမှတ်တံဆိပ်ကို ပြလိုက်ပြီး သူတို့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး အခုလိုမျိုး လုပ်လိုက်... အဲဒါတောင် သူတို့ မင်းစကားကို နားမထောင်ဘူးဆိုရင် ငါ ကိုယ်တိုင်လာပြီး သူတို့ကို သတ်ပေးမယ်..."
"ကျွန်တော်... တောင်းပန်ပါတယ်... သူတို့မျက်လုံးကိုကြည့်ပြီး ဘာလုပ်ရမှာလဲ..."
လင်းတုန်းက မေးလိုက်၏။
"ကလေး... ရွှေအဆင့် အမှတ်အသား တစ်ခုရဖို့ ဝိညာဉ်အကြွင်းအကျန် ကို လိုအပ်တာမဟုတ်ဘူး... နောက်ကျ မင်းနားလည်လာလိမ့်မယ်"
အီသန်က ပြောလိုက်ပြီး ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးကို သူ့ လက်ဝါးပေါ်သို့ မတင်လိုက်သည်။ သူမသည် လင်းတုန်းထံသို့ ပြန်ခုန်သွား၏။ လင်းတုန်းက သူမကို ပခုံးပေါ်တွင် နေရာချပေးလိုက်၏။
"ကဲ... သွားတော့... သွား..."
လင်းတုန်း ပြေးထွက်သွားသည်ကို အော်သိုခံစားလိုက်ရသောအခါ သူ၏ ဝိညာဉ် သည် စိတ်အနှောင့်အယှက်ဖြစ်မှုများဖြင့် ပြည့်နှက်သွား၏။ သို့သော် သူသည် တွန့်ဆုတ်စွာဖြင့် နောက်သို့ လှည့်ကာ သူ့နောက်သို့ လိုက်လာခဲ့တော့သည်။
***