အခန်း (၈၈၁-၈၈၂)
Vol. 64 Ch. 881-882
အခန်း ၈၈၁ လဲ့ရှန်း၏ အောက်မေ့လွမ်းဆွတ်ခြင်း
ဤရာသီတွင် မင်နက်ဂြိုဟ်၌ မိုးရွာသွန်းသော်လည်း ချမ်းအေးခြင်းမရှိချေ။ ကောင်းကင်ယံမှ ကျဆင်းလာသော မိုးရေစက်များသည် နွေးထွေးမှုအငွေ့အသက်အချို့ကို သယ်ဆောင်လာသော်လည်း လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည့်အခါ ဝတ်ရုံများကို စိုစွတ်စေပြီး အရေပြားတွင် ကပ်ငြိသွားစေကာ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။
မိုးထဲရေထဲရှိ ဆီစိမ်စက္ကူထီးများသည် လှပသော ပန်းပွင့်များနှင့် တူလှပေသည်။ အကယ်၍သာ တစ်စုံတစ်ဦးက ကောင်းကင်ယံမှ ငုံ့ကြည့်မည်ဆိုပါက လူများအား မြင်တွေ့ရမည်မဟုတ်ဘဲ ထီးများအောက်တွင် မိုးထဲရေထဲ၌ အေးအေးလူလူ လျှောက်လှမ်းနေကြသော ခြေထောက်များကိုသာ မြင်တွေ့ရပေမည်။
စုမင်သည် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူ၏ ရှည်လျားသော မီးခိုးရောင် ဆံပင်အုံသည် လေညင်းတိုက်ခတ်မှုကြောင့် လေထုထဲ၌ ဝဲပျံခါယမ်းနေသည်။ သူ၏ ဘေးတွင်မူ ကျကျနန လှပနေသော ယုရို ရှိနေ၏။ သူမသည် လက်ထဲတွင် ထီးတစ်လက်ကို ကိုင်ဆောင်ကာ စုမင် အနားတွင် ကပ်လျက် လျှောက်လှမ်းနေပြီး အမှန်တကယ်ပင် အစေခံအမျိုးသမီးတစ်ဦး ဖြစ်သွားသည့်အလား ထင်မှတ်ရပေသည်။
စုမင် မိုးထဲတွင် လျှောက်လှမ်းနေစဉ် သူ၏ ရှည်လျားသော ဆံနွယ်များသည် ပုခုံးပေါ်သို့ ဝဲကျနေ၏။ ဆံနွယ်အချို့သည် ယုရို၏ မျက်နှာဖုံးပုဝါကို ဖွဖွလေး ထိခတ်သွားရာ ၎င်းတို့နှစ်ဦးမှာ ပန်းချီကားတစ်ချပ်အလား တစ်သားတည်း ပေါင်းစပ်သွားသည့်အသွင် ပေါ်ပေါက်နေတော့သည်။
သူတို့၏ နောက်ကွယ်တွင်မူ ခွေးဝါကြီး၏ ကျောပေါ်၌ ထိုင်နေသော ထိပ်ပြောင်ကြိုးကြာ ရှိနေ၏။ ၎င်းသည် မိုးရေစက်များကို ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခွင့်ပေးထားပြီး မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအရာတစ်ခု ရှိနေသော်လည်း ထိုမထီမဲ့မြင်ပြုခြင်းက မည်သူ့အား ရည်ညွှန်းသည်ကိုမူ မည်သူမျှ မသိရှိနိုင်ချေ။
ခွေးဝါကြီးသည် ယုရိုကို ရန်လိုသော အကြည့်ဖြင့် ဆက်လက် စိုက်ကြည့်ရင်း မိုးထဲရေထဲ၌ သူတို့နောက်မှ လိုက်ပါလာသည်။ ယုချန်ဟိုင်ကမူ အနောက်ဆုံးကနေ လိုက်ပါလာ၏။
ထိုလူစုသည် ယုမိသားစု၏ တံခါးဝမှ ထွက်ခွာလာခဲ့ရာ ကျယ်ပြောလှသော လောကကြီးတစ်ခုသည် သူတို့၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာတော့သည်။ ယုမိသားစု တည်ရှိရာ ဤနေရာမှာ အနည်းငယ် အလှမ်းဝေးကွာလှပေသည်။ အကယ်၍ သူတို့အဖွဲ့က လေလံရုံသို့ သွားရောက်လိုလျှင် ရေနက်မြို့တော်သို့ သွားရောက်ရမည် ဖြစ်၏။
မင်နက်ဂြိုဟ်တစ်ဂြိုဟ်လုံးကို မိသားစု အသီးသီးက နယ်မြေအမြောက်အမြား ပိုင်းခြားထားကြသည်။ အချို့နယ်မြေများသည် အခြားနယ်မြေများနှင့် ရှုပ်ထွေးသော ဆက်နွှယ်မှုများ ရှိကြသော်လည်း ခြုံငုံ၍ ကြည့်မည်ဆိုလျှင် ဤဂြိုဟ်ပေါ်တွင် အကြီးမားဆုံး မြို့ကြီးသုံးမြို့ ရှိပေသည်။ ၎င်းတို့မှာ ရေနက်၊ မင်ချီလင် နှင့် လောကကြယ်ပွင့်တို့ ဖြစ်ကြ၏။ ဤမြို့ကြီးများကို မင်နက်ဂြိုဟ်ပေါ်ရှိ အကြီးမားဆုံး မိသားစုကြီး သုံးစုက စိုးမိုးအုပ်ချုပ်ထားကြသည်။
ထိုမြို့ကြီးသုံးမြို့၏ ကျော်ကြားမှုကြောင့် နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ် အတွင်းရှိ ကျင့်ကြံသူများနှင့် ဂြိုဟ်သား မျိုးနွယ်စုဝင်များသည် ထိုနေရာသို့ စုရုံးရောက်ရှိလာကြပြီး အကျိုးအမြတ် ခွဲဝေမှုအချို့ကြောင့် သေးငယ်သော မိသားစုများသည် သူတို့နေထိုင်ရာနှင့် အနီးစပ်ဆုံးမြို့ကြီးများ၏ အနီးအနားတွင် ကိုယ်ပိုင်လေလံရုံများကို တည်ဆောက်ထားကြသော်လည်း ဤသို့ပြုလုပ်ရန်အတွက် ငွေကြေးပမာဏ အချို့အား ပေးဆောင်ကြရပေသည်။
ထို့ကြောင့်ပင် သေးငယ်သော လေလံပွဲအချို့ကို ထိုမြို့ကြီးသုံးမြို့၏ အနီးအနားတွင် ကျင်းပလေ့ ရှိကြသည်။ ပိုမိုကြီးမားသော လေလံပွဲကြီးများကိုသာ မြို့ကြီးများနှင့် ဝေးကွာသော နေရာများတွင်လည်းကောင်း မိသားစုများ၏ သက်ဆိုင်ရာ အခြေစိုက်စခန်းများ အတွင်း၌လည်းကောင်း တည်ဆောက်ကျင်းပကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော လေလံပွဲကြီးများအတွက်သာ မိသားစုများသည် ဖိတ်စာများကို ကျယ်ကျယ်ပြန့်ပြန့် ပေးပို့လေ့ ရှိကြသည်။
ယုမိသားစု၏ လေလံရုံမှာလည်း ထိုနည်းတူပင် ဖြစ်ပြီး ရေနက်မြို့တော်နှင့် လီပေါင်း ရှစ်ထောင် ကွာဝေးသော သဘာဝ မြေနိမ့်ကွင်းပြင်ကြီး တစ်ကွင်း အတွင်း၌ တည်ဆောက်ထားသည်။ မိသားစုမှ အစွမ်းထက်သော စစ်သည်တော်များသည် ထိုနေရာတွင် အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုနေကြ၏။ လေလံရုံကို အလွန်တရာ ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပြီး အလယ်အလတ် လေလံရုံတစ်ရုံ၏ အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။ ၎င်း၏ ပတ်ဝန်းကျင် ကာကွယ်ရေးမှာလည်း စေ့စပ်သေချာလှပြီး ယုမိသားစု အခြေစိုက်စခန်း၏ တည့်တည့် မျက်နှာချင်းဆိုင် နေရာတွင် တည်ဆောက်ထားခြင်း ဖြစ်၏။ အကယ်၍ လေလံပွဲအတွင်း တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် ၎င်းတို့သည် ချက်ချင်းပင် လာရောက်ဖြေရှင်းနိုင်ပေသည်။
ယုမိသားစု၏ အခြေစိုက်စခန်းမှ ရေနက်မြို့တော်အထိ လီပေါင်း သောင်းဂဏန်းမျှ ကွာဝေးပေသည်။ ၎င်းသည် ဝေးကွာသည်ဟု ထင်ရစေကာမူ ကျင့်ကြံသူများအတွက်မူ ဤအကွာအဝေးမှာ ပြောပစရာ မဟုတ်ချေ။ အမှန်စင်စစ် သူတို့အနေဖြင့် ပျံသန်းခြင်းမပြုလိုပါက နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတများကို အသုံးပြု၍ လူတစ်ဦးအား ရေနက်မြို့တော်သို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်ပေသည်။
သို့သော် စုမင်သည် နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတကို အသုံးပြုရန် မရွေးချယ်ခဲ့ချေ။ သူသည် မိုးရွာသွန်းနေသည်ကို သဘောကျမိသည်။ သူ့အမြင်တွင် ဤမိုးရေစက်များသည် စစ်မှန်လှပြီး မင်နက်ဂြိုဟ်သို့ မရောက်ရှိမီက သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သော အရာလည်း ဖြစ်ပေသည်။
ထိုလူစုသည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များအကြား၌ အလင်းတန်းများအသွင် ပြောင်းလဲကာ ဝေးကွာသော အရပ်ဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားကြတော့သည်။
သူတို့သည် ခရီးဆက်ခဲ့ကြရာ မကြာမီတွင် ဝေးကွာသော အရပ်၌ ကြီးမားလှသော မြို့ကြီးတစ်မြို့ ပေါ်ပေါက်လာတော့သည်။ ထိုမြို့တော်၏ ပုံစံမှာ အနည်းငယ် ထူးဆန်းလှ၏။ ၎င်းတွင် မြို့ရိုးများ မရှိဘဲ ကျယ်ပြောလှသော နယ်မြေကို လွှမ်းမိုးထားသည့် ရွှံ့နွံတောကြီး တစ်တော ဖြစ်နေပေသည်။
ထိုရွှံ့နွံတောမှာ မည်းနက်နေပြီး ၎င်းထံမှ အေးစက်သော အငွေ့အသက်များ ပျံ့လွင့်နေကာ မိုးရေစက်များကို ချက်ချင်းပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ၎င်းတို့သည် ရေထဲသို့ ကျရောက်သည့်အခါ အဆုံးမရှိသော လှိုင်းကြက်ခွပ်များကို လှုပ်ခတ်သွားစေတော့သည်။
ထိုရွှံ့နွံတောကို ဖြတ်သန်း၍ ကျောက်တံတား အမြောက်အမြားကို တည်ဆောက်ထားသည်။ တံတားဆုံမှတ် အချို့ရှိပြီး ၎င်းဆုံမှတ် တစ်မှတ်ချင်းစီသည် ကျောက်တံတား အပြောက်အမြားကို တစ်ပြိုင်နက်တည်း ဆက်သွယ်ပေးထား၏။ သာမန်အားဖြင့် ထိုတံတားဆုံမှတ်များပေါ်တွင် ပေပေါင်း သိန်းဂဏန်းမျှ ကျယ်ဝန်းသော ကုန်းပတ်များကို တည်ဆောက်ထားလေ့ရှိပြီး အချို့မှာမူ ထိုထက်ပင် ပိုမိုကြီးမားကြသေးသည်။ ထိုကုန်းပတ်များပေါ်တွင် မျှော်စင်များနှင့် ခန်းမဆောင် အမြောက်အမြားအား မြင်တွေ့နိုင်သလို ဆိုင်ခန်းများကိုလည်း တည်ဆောက်ထားကြပေသည်။
အမှန်စင်စစ် ကျောက်တံတား တစ်ဒါဇင်ကျော်ဖြင့် ဖွဲ့စည်းထားသော အချို့တံတားဆုံမှတ်များပေါ်တွင် ပေပေါင်း တစ်သန်းကျော် ကျယ်ဝန်းသည့် ကြီးမားလှသော ကုန်းပတ်ကြီးများကိုပင် တွေ့ရှိနိုင်ပေသည်။ ၎င်းတို့တွင် ထုဆစ်မွမ်းမံထားသော လက်ရန်းများ၊ ကျောက်စိမ်းလှေကားထစ်များနှင့် ရေတွက်၍မကုန်နိုင်သော အခြားတန်ဆာဆင်မှုမျိုးစုံ ရှိကြသည်။
ဤသည်ကား ရေနက်မြို့တော် ဖြစ်ပေသည်။ ဤနေရာတွင်လည်း မိုးရွာသွန်းနေသည်မှာ မှန်သော်လည်း ထိုမိုးရေစက်များသည် မြို့တော်၏ စည်ကားသိုက်မြိုက်မှုကို မဖုံးကွယ်နိုင်ချေ။ ကျင့်ကြံသူများ၏ အရိပ်သဏ္ဌာန်များကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။ မြို့တော်၏ အရွယ်အစားမှာ ကျင့်ကြံသူ သန်းပေါင်းများစွာကို ဆန့်ငြိမ်းနိုင်လောက်အောင် ကြီးမားလှပေသည်။ မြို့တော်၏ အရွယ်အစားကို ကြည့်ခြင်းဖြင့် ဤရွှံ့နွံတောကြီး၏ ကြီးမားကျယ်ပြောမှုအား သိရှိနိုင်ပေသည်။ ဤသည်မှာ ရွှံ့နွံတော တစ်တော မဟုတ်တော့ဘဲ ပင်လယ်ပြင်ကြီး တစ်စင်းဟု ခေါ်ဆိုနိုင်လောက်အောင် ကျယ်ပြောလှသော ကုန်းမြေထုကြီး တစ်ခု ဖြစ်နေလေသည်။
ယုချန်ဟိုင်သည် အနည်းငယ် သုတ်ခြေတင်ကာ စုမင် အနောက်မှ တိုးညှင်းသော လေသံဖြင့် ဆိုလိုက်၏။
"မော့၊ ထိုက်ချီနဲ့ ဟွာ မိသားစုတွေက မင်နက်ဂြိုဟ်ပေါ်မှာ ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ မိသားစုသုံးစုပါ ခင်ဗျာ။ သူတို့က အားအကောင်းဆုံး မိသားစုကြီး သုံးစုဖြစ်ပြီး သူတို့မိသားစုတွေမှာပဲ ဒီလို မြို့တော်မျိုးကို တည်ဆောက်နိုင်တဲ့ စွမ်းပကား ရှိကြတာပါ"
"တကယ်တော့ နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်ထဲက ဂြိုဟ်သား မျိုးနွယ်စုဝင်တွေတောင် ဒီမိသားစု သုံးစုကို ရိုရိုသေသေ ဆက်ဆံကြရပါတယ်။ နတ်ဘုရား အနှစ်သာရ နယ်မြေကို စောင့်ကြပ်ကြည့်ရှုနေကြတဲ့ မဟာလောကကြီး လေးခုက အင်အားစုတွေတောင် ဒီနေရာကို ရောက်လာတဲ့အခါ ဒီမိသားစု သုံးစုကို လာရောက်ဂါရဝပြုကြရတာပါ"
"ကောလာဟလတွေအရ... ကောလာဟလသက်သက်ပဲ ဆိုပေမဲ့ ဤမိသားစုကြီး သုံးစုဟာ မဟာလောကကြီး လေးခုနဲ့ ဆွေးနွေး ညှိနှိုင်းနိုင်စွမ်း ရှိတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ မိသားစုဝင်တွေကို နတ်ဘုရား အနှစ်သာရ နယ်မြေကနေ ထွက်ခွာစေပြီး မဟာလောကကြီး လေးခုထဲမှာ ကျင့်ကြံလေ့ကျင့်ခြင်းတွေ ပြုလုပ်ဖို့ စေလွှတ်နိုင်ကြတယ်လို့ သိရပါတယ်ခင်ဗျာ"
ထိုလူစုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ကြပြီး ရေနက်မြို့တော်၏ အပြင်ဘက်၌ ပေါ်ပေါက်လာတော့သည်။
"ဒီမြို့တော်ကို ထိုက်ချီမိသားစုက တည်ဆောက်ခဲ့တာဖြစ်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ဒီရွှံ့နွံတောနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေ အများကြီး ရှိခဲ့သလို ဆန်းကြယ်လှတဲ့ မှတ်တမ်းအမျိုးမျိုးလည်း ရှိပေမဲ့ ဘယ်အရာက အမှန်၊ ဘယ်အရာက အမှားဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ကြပါဘူး"
"ဒါပေမဲ့ ယုမိသားစုဝင် တစ်ယောက် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ ဒဏ္ဍာရီတစ်ခုတော့ ရှိပါတယ် ခင်ဗျာ။ ရွှံ့နွံတောရဲ့ အောက်ခြေအနက်ပိုင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းတဲ့ ရှေးဟောင်း သားရဲကြီး တစ်ကောင် နေထိုင်ပါတယ်။ ထိုသားရဲကြီးမှာ ခေါင်းကိုးလုံး ရှိပြီး နှစ်ပေါင်းတစ်သောင်းမှာ တစ်ကြိမ် ဟိန်းဟောက်လေ့ ရှိပါတယ်။ အဲဒီဟိန်းဟောက်သံထဲမှာ စကားလုံးနှစ်လုံး ပါဝင်ပါတယ်။ အဲဒါကတော့ ခေါင်းကိုးလုံး နဂါးပါပဲ"
စုမင်သည် ယုချန်ဟိုင်၏ စကားကို နားထောင်ရင်း မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ဝေးကွာသော အရပ်ရှိ ရေနက်မြို့တော်၏ ရွှံ့နွံတောကြီးဆီသို့ အာရုံစိုက် စိုက်ကြည့်လိုက်မိသည်။
"သွားကြစို့။ ငါတို့ လဲ့ရှန်းမိသားစုရဲ့ လေလံပွဲကို သွားကြည့်ရအောင်" စုမင်က တည်ငြိမ်စွာ ဆိုလိုက်ပြီး ဦးစွာ လျှောက်လှမ်းသွား၏။
ယုရိုသည် ဤနေရာသို့ ရောက်ရှိလာသည့်တိုင်အောင် တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမသည် စုမင်နောက်သို့ လိုက်ပါကာ သူ၏ ခေါင်းပေါ်တွင် ထီးမိုးပေးလျက် ကျောက်တံတားပေါ်သို့ လျှောက်လှမ်းသွားလေသည်။
မြေပြင်တွင် ကာကွယ်စောင့်ကြပ်နေသော စစ်သည်တော်များ မရှိချေ၊ အရပ်မျက်နှာအသီးသီးတွင် မြို့ဝင်ပေါက်အဖြစ် အသုံးပြုနိုင်သည့် ကျောက်တံတားများ အမြောက်အမြား ရှိနေသဖြင့် မည်သူမဆို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပေသည်။ မြို့တော်အတွင်း ဤကဲ့သို့ ကာကွယ်ရေး အစီအမံများ ကင်းမဲ့နေခြင်းမှာ ဤမြို့တော်ကို စိုးမိုးထားသော ထိုက်ချီမိသားစု အနေဖြင့် အရာခပ်သိမ်းအား သူတို့၏ လက်အောက်၌ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်၏။
ခွေးဝါကြီးသည် အခါအားလျော်စွာ ခေါင်းကိုငုံ့၍ ရွှံ့နွံတောအား ကြည့်ရှုနေပြီး ၎င်း၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသော အလင်းရောင်တစ်စ လင်းလက်သွားတတ်သည်။ ရွှံ့နွံတောကို သေသေချာချာ နမ်းရှုပ်ကြည့်ပြီးနောက် ၎င်းသည် ရေပြင်နှင့် ချက်ချင်းပင် အလှမ်းဝေးကွာအောင် နေထိုင်လိုက်တော့သည်။ အခြားတစ်ဖက်တွင်မူ ထိပ်ပြောင်ကြိုးကြာကမူ ရွှံ့နွံတောကို လုံးဝပင် အာရုံမစိုက်ချေ။ ထိုအခိုက်အတန့်တွင် ၎င်းသည် ခေါင်းကိုငုံ့လျက် အခြားသူများမသိနိုင်သော အရာတစ်ခုအား ၎င်း၏ခြေသည်းများဖြင့် တွက်ချက်နေလေသည်။
စုမင်သည် ကျောက်တံတားပေါ်တွင် လျှောက်လှမ်းရင်း သူ့မျက်စိရှေ့မှောက်ရှိ ထူးခြားလှသော မြို့တော်ကြီးကို သက်တောင့်သက်သာရှိသော အမူအရာဖြင့် ကြည့်ရှုနေ၏။ ယုရိုသည် သူ၏ ဘေးတွင် ငြိမ်သက်စွာ လိုက်ပါလာသည်။ သူတို့ မြို့တော်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်အမျှ ကျင့်ကြံသူ အမြောက်အမြားကို တဖြည်းဖြည်း မြင်တွေ့လာရတော့သည်။
ယုရိုသည် မျက်နှာပေါ်တွင် မျက်နှာဖုံးပုဝါကို ဆင်မြန်းထားသော်လည်း သူမ၏ ရုပ်သွင်က ကျင့်ကြံသူများအား ခိုးကြောင်ခိုးဝှက် ကြည့်ရှုမိအောင် ဆွဲဆောင်နေဆဲ ဖြစ်ပေသည်။ သို့သော် သူမသည် ဤကဲ့သို့ အစိုက်ခံရခြင်းကို ကျင့်သားရနေပုံပေါ်ပြီး မည်သည့် စိတ်မသက်မသာဖြစ်မှုကိုမျှ မပြသဘဲ စုမင်၏ ဘေးတွင် အစေခံအမျိုးသမီးတစ်ဦးပမာ ဆက်လက် ခစားနေသဖြင့် ကျင့်ကြံသူများ၏ အကြည့်များသည် စုမင်ထံသို့ ကျရောက်လာရတော့သည်။
သို့သော် စုမင်ကို တစ်ချက် ကြည့်လိုက်သည်နှင့် ထိုကျင့်ကြံသူများသည် သူတို့၏ အကြည့်များအား ချက်ချင်းပင် လွှဲဖယ်လိုက်ကြ၏။ စုမင်၏ လက်ရှိပုံစံမှာ အစေခံအမျိုးသမီးတစ်ဦး၊ ခွေးဝါကြီးတစ်ကောင်နှင့် ထိပ်ပြောင်ကြိုးကြာတစ်ကောင်က သူ့နောက်ကွယ်မှ လိုက်ပါနေပြီး ယုချန်ဟိုင်ကလည်း သူ၏ဘေးတွင် အစေခံတစ်ဦးကဲ့သို့ ရှိနေခြင်းကြောင့် လူတိုင်း၏ အမြင်တွင် သူသည် ချမ်းသာကြွယ်ဝသော မိသားစုကြီးတစ်ခုမှ လုံးဝ အသုံးမကျသည့် သခင်လေးတစ်ဦးနှင့် တူလှပေသည်။
အမှန်စင်စစ် သူတို့သည် တွေးတောနေရန်ပင် မလိုဘဲ စုမင်မှာ မိသားစု၏ အစေခံများနှင့်အတူ ရေနက်မြို့တော်သို့ လာရောက်လည်ပတ်သော မိသားစုကြီးတစ်ခုခု၏ တိုက်ရိုက်မျိုးဆက် သခင်လေးတစ်ဦး ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ အချိန်အများစုတွင် မည်သူမျှ ဤကဲ့သို့သော လူစားမျိုးကို တမင်သက်သက် လာရောက် ရန်မစဝံ့ကြချေ။
ယုမိသားစုဝင် တစ်ဦးအနေဖြင့် ယုချန်ဟိုင်သည် ရေနက်မြို့တော်အကြောင်းကို အလွန်တရာ ကျွမ်းကျင်လှပေသည်။ သူက ရိုရိုသေသေ လမ်းပြနေစဉ် စုမင်သည် ကျောက်တံတားများကို ဖြတ်သန်းလျှောက်လှမ်းခဲ့၏။ မကြာမီတွင် သူသည် ကျောက်တံတား ခြောက်စင်း ဆုံတွေ့ရာ တံတားဆုံမှတ် တစ်မှတ်ကို မြင်တွေ့လိုက်ရသည်။
ထိုနေရာတွင် ပေပေါင်း သုံးသောင်းကျော် ကျယ်ဝန်းသော ကြီးမားလှသည့် ကုန်းပတ် (ပလပ်ဖောင်း) ကြီးတစ်ခု ရှိနေ၏။ ထိုကုန်းပတ်ပေါ်တွင် ဘဲဥပုံစံ အဆောက်အအုံတစ်လုံးကို တည်ဆောက်ထားပြီး ၎င်းသည် မြေပြင်ပေါ်တွင် ထောင်မတ်ထားသော လက်စွပ်ကွင်းကြီး တစ်ကွင်းနှင့် တူလှပေသည်။ ထိုလက်စွပ်ကွင်းကြီး၏ အလယ်ဗဟို လွတ်နေသော နေရာတွင်မူ ကျောက်တုံး ကုန်းပတ်တစ်ခုက ဒေါင်လိုက် လွင့်မျောနေပြီး လင်းလက်တောက်ပနေလေသည်။
ထိုကုန်းပတ်၏ ပတ်ဝန်းကျင်တွင် မြောက်မြားစွာသော တံလျှပ်ပမာ အလင်းမျှင်တန်းများ ရှိနေပြီး ၎င်းတို့သည် လေထုထဲ၌ ခါယမ်းနေကြ၏။ ထိုအလင်းမျှင်တန်းများသည် ပျံ့လွင့်နေသည့်အလား ထင်ရသော်လည်း အကယ်၍သာ သေသေချာချာ အနီးကပ် ကြည့်ရှုမည်ဆိုပါက ၎င်းတို့သည် ကြီးမားသော စကားလုံးသုံးလုံးကို ဖွဲ့စည်းထားကြောင်း ချက်ချင်းပင် ရှာဖွေတွေ့ရှိရပေလိမ့်မည်။
လဲ့ရှန်းမိသားစု။
"ဒါက ရေနက်မြို့တော်ထဲမှာရှိတဲ့ လဲ့ရှန်းမိသားစုရဲ့ လေလံရုံပါပဲခင်ဗျာ။ အဆောက်အအုံပုံစံက နည်းနည်း ထူးဆန်းတယ်လို့ ထင်ရပေမဲ့ လဲ့ရှန်းမိသားစုရဲ့ လေလံရုံတွေ အားလုံးကို ဒီပုံစံအတိုင်းပဲ တည်ဆောက်ထားတာပါ။ သူတို့က ယုမိသားစုရဲ့ လေလံရုံတွေလောက်တော့ လှပခြင်း မရှိပါဘူး" ယုချန်ဟိုင်က တိုးညှင်းစွာ တီးတိုးဆိုလိုက်၏။
စုမင် တိတ်ဆိတ်သွားသည်။ သူသည် ထိုကြီးမားလှသော ကွင်းပုံသဏ္ဌာန် အဆောက်အအုံကြီးကို စိုက်ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။ အခြားသူများအနေဖြင့်မူ ဤကွင်းပုံသဏ္ဌာန် အဆောက်အအုံကြီးထံမှ မည်သည့် အနုပညာအလှတရားကိုမျှ မြင်တွေ့နိုင်မည် မဟုတ်သော်လည်း စုမင်က ထိုအဆောက်အအုံအား မြင်လိုက်ရသည့် ထိုအခိုက်အတန့်တွင်မူ သူ့နှလုံးသားထဲ၌ လှိုင်းတံပိုးများ ထက်သန်စွာ ထကြွသွားရတော့သည်။
ထိုကွင်းကြီးပေါ်တွင် စုမင်သည် နိမ့်ချိုင့်နေသော နေရာများနှင့် မောက်တက်နေသော နေရာမျိုးစုံကို မြင်တွေ့လိုက်ရသည်။ ၎င်းပေါ်တွင် ရေပြင်ညီလိုင်းများနှင့် ဒေါင်လိုက်လိုင်း အမြောက်အမြားလည်း ရှိနေ၏။ ဤသည်မှာ အဆောက်အအုံ တစ်လုံး မဟုတ်ချေ။ ဤသည်မှာ ထင်ရှားလှစွာသော နဂါးငွေ့တန်း တစ်ခုလုံးရှိ မာန်မျိုးနွယ်စုများ၏ ကုန်းမြေ မြေပုံကြီး ဖြစ်နေပေသည်။
ချိုင့်ဝင်နေသော အစိတ်အပိုင်းများသည် မြေနိမ့်ကွင်းပြင်များ ဖြစ်ကြပြီး မောက်တက်နေသော နေရာများသည် ကုန်းမြင့်ကုန်းတန်းများ ဖြစ်ကြကာ ရေပြင်ညီနှင့် ဒေါင်လိုက်လိုင်းများသည် တောင်တန်းများ၏ အနိမ့်အမြင့် အတက်အကျများကို မှတ်သားထားခြင်း ဖြစ်သည်။ ကွင်းကြီး၏ အလယ်ဗဟို လွတ်နေသော အစိတ်အပိုင်းမှာမူ သေမင်းပင်လယ်ပင် ဖြစ်တော့သည်။
ထိုလွတ်နေသော နေရာရှိ ကျောက်တုံးကုန်းပတ်မှာ တစ်ချိန်က မဟာယုအင်ပါယာကို တည်ဆောက်ခဲ့ရာ မာန်မျိုးနွယ်စုများ ကုန်းမြေ၏ အချက်အချာဗဟိုချက်မ ဖြစ်ခဲ့ဖူးပေ။ ဤသည်ကား မာန်မျိုးနွယ်စုများ ကုန်းမြေ၏ ပြီးပြည့်စုံသော မြေပုံကြီးဖြစ်ပြီး ဤအဆောက်အအုံမှာ လဲ့ရှန်းရှု၏ မိမိမွေးရပ်မြေအပေါ် တန်ဖိုးထား အောက်မေ့လွမ်းဆွတ်ခြင်း၏ ပြသရာ အနှစ်သာရပင် ဖြစ်ပေသည်။
ဘုရားပေးဆုပမာ ထူးခြားလှသော ဤကဲ့သို့သော တမ်းတလွမ်းဆွတ်မှုမျိုးကို အခြားသူများ နားလည်နိုင်မည်မဟုတ်ဟု လဲ့ရှန်းရှုက တွေးတောခဲ့ခြင်းကြောင့်ပင် သူ၏ ခံစားချက်များကို လဲ့ရှန်းမိသားစုဝင် အဆောက်အအုံများအတွင်း၌ ထည့်သွင်းပေါင်းစပ်ခဲ့ခြင်း ဖြစ်ပေမည်။ ထို့အပြင် ဤအဆောက်အအုံများအား ကြည့်ခြင်းဖြင့် မိမိ၏ အတွေးအာရုံများကို နားလည်သဘောပေါက်နိုင်မည့်သူတစ်ဦး ရှိလာလိမ့်မည်ဟုလည်း သူ သေချာပေါက် မျှော်လင့်ထားခဲ့မည် မဟုတ်ချေ။
သို့သော် စုမင်ကမူ သိမြင်နိုင်ပေသည်။ သူသည် ကွင်းပုံသဏ္ဌာန် အဆောက်အအုံကြီးကို ငေးမောစွာ စိုက်ကြည့်လိုက်ပြီးနောက် ထိုပတ်ဝန်းကျင်ရှိ တံလျှပ်ပမာ အလင်းမျှင်တန်းများကို ကြည့်ရှုလိုက်သည်။ ၎င်းတို့သည် တစ်လိုင်းမျှ မပို၊ တစ်လိုင်းမျှမလိုဘဲ အတိအကျ အလင်းလိုင်းပေါင်း တစ်ထောင် ရှိနေ၏။ ၎င်းမှာ မာန်မျိုးနွယ်စုဝင်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အရေအတွက်နှင့် အတိအကျ တူညီလှပေသည်။ ၎င်းသည် မာန်မျိုးနွယ်စုများ၏ ကျင့်စဉ်အတွက် ကနဦးစတင်ခြင်းနှင့် သူတို့၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။
ထိုသွေးကြောများဖြင့် ဖွဲ့စည်းထားသော စကားလုံးများသည် စုမင်၏ မျက်စိထဲတွင် မည်သည့် နတ်ဘုရား စွမ်းအားမျိုးမျှ မဟုတ်ဘဲ မာန်မျိုးနွယ်စုများ၏ မာန်အမှတ်အသားမျှသာ ဖြစ်ပေသည်။ သွေးကြောပေါင်း တစ်ထောင်ဖြင့် ဖွဲ့စည်းထားသော မာန်အမှတ်အသားတစ်ခုပင် ဖြစ်၏။
"သူ သူ့အိမ်ကို လွမ်းနေတာပဲ..."
စုမင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူသည် ထိုကွင်းပုံသဏ္ဌာန် အဆောက်အအုံကြီးထံမှ လဲ့ရှန်းရှု၏ မိမိမွေးရပ်မြေအပေါ် တမ်းတလွမ်းဆွတ်နေသော စိတ်အာရုံကို ခံစားသိရှိနိုင်ပေသည်။
သူသည် ၎င်းကို ငြိမ်သက်စွာ စိုက်ကြည့်နေမိရာ သူ့နားထဲတွင် အသံခပ်သိမ်း ဆိတ်သုဉ်းသွားတော့သည်။ သူ၏ မျက်စိရှေ့မှောက်ရှိ လောကကြီးတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး ထိုကွင်းပုံသဏ္ဌာန် အဆောက်အအုံကြီး တစ်ခုတည်းသာလျှင် ထင်ကျန်ရစ်တော့သည်။
'မာန်မျိုးနွယ်စုတွေရဲ့ ကုန်းမြေဟာ ဒုတိယမြောက် မာန်နတ်ဘုရားခေတ်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့တာ။ ပထမမြောက် မာန်နတ်ဘုရားခေတ်မှာတော့ ဒါဟာ ပြီးပြည့်စုံနေခဲ့တယ်။ ငါက အရင်က ဒါကို ကြီးမား ကျယ်ပြောတဲ့ ကုန်းမြေကြီးတစ်ခုလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုပုံစံကို ကြည့်ရသလောက်တော့ ဒီအရာက ပထမမြောက် မာန်နတ်ဘုရား ခေတ်တုန်းက မာန်မျိုးနွယ်စု ကုန်းမြေရဲ့ မူလရုပ်သွင်ပဲ ဖြစ်ရမယ်'
'အဲဒီနောက်ပိုင်းမှာ အများကြီး ပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပေမဲ့ ငါရင်းနှီးခဲ့တဲ့ ကုန်းမြေရဲ့ အကြွင်းအကျန် အချို့ကိုတော့ မြင်တွေ့နိုင်သေးတယ်။ ဒီအစိတ်အပိုင်းက နဝမ တောင်ထိပ် ဖြစ်ပြီး ဟိုအစိတ်အပိုင်းကတော့ မှောင်မိုက်တောင်တန်းပဲ' စုမင်သည် အသာအယာ သက်ပြင်းချလိုက်မိသည်။
"လာကြစို့... အထဲဝင်ရအောင်" သူက တိုးညှင်းစွာ ဆိုလိုက်ပြီး သူ့လူစုကို ခေါ်ဆောင်ကာ အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။
ထိုလူစု အတွင်းသို့ ဝင်ရောက်သွားစဉ် ကျင့်ကြံသူအချို့သည် လေလံရုံအတွင်းမှ ချက်ချင်း လျှောက်လှမ်းထွက်ခွာလာကြသည်။ လေလံပွဲမှာ စတင်နေပြီ ဖြစ်၏။ အကယ်၍ သူတို့ထံတွင် ထူးခြားသော သက်သေခံတံဆိပ် မရှိပါက လေလံပွဲအလယ်၌ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည် မဟုတ်ချေ။
သို့သော် ယုမိသားစုဝင် တစ်ဦးအနေဖြင့် ယုချန်ဟိုင်သည် စုမင်အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကိုလည်း သဘာဝအတိုင်း ပိုင်ဆိုင်ထားပေသည်။ သူက သက်သေခံ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်နှင့် ကျင့်ကြံသူများသည် ချက်ချင်းပင် လမ်းဖယ်ပေးကြ၏။ ထို့နောက် အဆောက်အအုံအတွင်းမှ ရွှင်မြူးလှသော ရယ်မောသံ တစ်သံ ပေါ်ထွက်လာတော့သည်။
"ဪ... ညီအစ်ကို ချန်ဟိုင် ဖြစ်နေတာကိုး။ အထဲဝင်ခဲ့ပါ... အမြန်ဝင်ခဲ့ပါ"
ထိုရယ်မောသံနှင့်အတူ ပေါ်ပေါက်လာသူမှာ အသက်သုံးဆယ်ကျော်ခန့်ရှိပြီး အလွန်တရာ ထွားကြိုင်းမြင့်မားသော လူကြီးတစ်ဦး ဖြစ်ပေသည်။ သူ၏ ထူထဲသော မျက်မှောင်များနှင့် ကြီးမားသော မျက်ဝန်းများက သူ့ကို အလွန်တရာ ကြမ်းတမ်းခက်ထန်သော အသွင်မျိုး ပေါက်စေသည်။ သာမန်ကျင့်ကြံသူများ၏ သွယ်လျသော ရုပ်သွင်နှင့် နှိုင်းယှဉ်လျှင်မူ သူသည် အလွန်တရာ သန်မာထွားကြိုင်းလှပေသည်။
အခန်း ၈၈၂ လေလံပွဲအတွင်းမှ မငြိမ်သက်မှုများ
"အစ်ကို ကန်ကျို... ကျွန်တော် ထပ်ပြီး နှောင့်ယှက်မိပြန်ပြီဗျာ။ လမ်းမှာ နည်းနည်းလောက် ကြန့်ကြာသွားလို့ နောက်ကျသွားရတာပါ။ စိတ်မရှိပါနဲ့ဗျာ" ယုချန်ဟိုင်သည် ရယ်မောရင်း သူ့ထံသို့ လျှောက်လှမ်းလာသော လူအား လက်ဝါးထဲ လက်သီးဆုပ်ထည့်ကာ အရိုအသေပေး နှုတ်ဆက်လိုက်သည်။
"ရပါတယ်ကွာ၊ မင်း လာတာနဲ့တင် ဒီနေရာလေးက ပိုပြီး တောက်ပသွားတာပဲ။ ဒါနဲ့... ဒီပုဂ္ဂိုလ်က ဘယ်သူလဲ" ထိုလူ၏ ရယ်မောသံမှာ အလွန်ပင် ကျယ်လောင်လှသည်။ သူ့ပုံစံမှာ ကြမ်းတမ်းခက်ထန်သည့် ပုံစံရှိသော်လည်း အတွင်းစိတ်မှာမူ အလွန်တရာ စေ့စပ်သေချာသူ ဖြစ်၏။ သူသည် စကားလမ်းကြောင်းကို ချက်ချင်းပြောင်းကာ စုမင်ရှိရာဘက်သို့ ကြည့်လိုက်သည်။
သူသည် စုမင်အား ကြည့်လိုက်စဉ် မျက်နှာအမူအရာ ပျက်ယွင်းခြင်းမရှိသော်လည်း အတွင်းစိတ်၌မူ တိတ်တဆိတ် သတိထားနေမိသည်။ လူစု၏ ရပ်တည်ပုံ အနေအထားကို ကြည့်ရုံမျှဖြင့် စုမင်သည် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သူ ချက်ချင်း သိမြင်လိုက်နိုင်သည်။
ထို့အပြင် စုမင်၏ ဘေးတွင် မျက်နှာဖုံးပုဝါ အုပ်ဆိုင်းထားသော ယုရို မတ်တတ်ရပ်နေသည်ကလည်း ထိုလူအား စုမင်၏ အထောက်အထားကို ပိုမို၍ စိတ်ဝင်စားသွားစေသည်။
"စီနီယာစုက ယုမိသားစုရဲ့ ဧည့်သည်တော် တစ်ဦးပါ။ အစ်ကို ကန်ကျိုလည်း သိတဲ့အတိုင်း နောက်ရက်ပိုင်းအတွင်းမှာ ကျွန်တော် ပထမဆုံးအကြိမ် လေလံပွဲကို ဦးစီးကျင်းပရတော့မှာလေ။ ဒါကြောင့် လေ့လာ သင်ယူဖို့အတွက် စီနီယာစုနဲ့အတူ လာခဲ့တာပါ။ တကယ်လို့ ကျွန်တော်တို့ သဘောကျတဲ့ ပစ္စည်းတစ်ခုခု တွေ့ခဲ့ရင်တော့ အစ်ကို့အနေနဲ့ နည်းနည်းပါးပါး လျှော့ပေါ့ပေးဖို့ မျှော်လင့်ပါတယ်ဗျာ" ယုချန်ဟိုင်က ပြုံး၍ ဆိုလိုက်သည်။
"ယုမိသားစုရဲ့ ဧည့်သည်တော် ဟုတ်လား... ကျွန်တော် လဲ့ရှန်းကန်ကျို စီနီယာစုကို ဂါရဝပြုပါတယ်ခင်ဗျာ" ထိုလူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ရိုသေခန့်ညားသော အမူအရာများ ပေါ်ထွက်လာပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်ကာ လက်ဝါးထဲ လက်သီးဆုပ်ထည့်၍ စုမင်အား ညွှတ်တွဲ အရိုအသေပေးလိုက်သည်။ သူ၏ အမူအရာမှာ အလွန်ပင် စစ်မှန်လှပေသည်။
စုမင်သည် မိမိရှေ့မှ လူအား စိုက်ကြည့်လိုက်၏။ သူ၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အခြားသူများ၏ မျက်စိထဲတွင်မူ အလွန်ပင် ထူးခြားထင်ရှားနေလိမ့်မည် ဖြစ်သော်လည်း စုမင်အတွက်မူ ဤပုဂ္ဂိုလ်၏ ပုံစံကို ကြည့်ကာ ရင်းနှီးသော ခံစားချက်တစ်ခုအား မရဘဲမနေနိုင်ချေ။ ဤသည်ကား မာန်မျိုးနွယ်တစ်ဦး၏ ခန္ဓာကိုယ် တည်ဆောက်ပုံ ဖြစ်ပေသည်။ ဤသည်ကား ၎င်းတို့၏ သွေးသားထဲတွင် မာန်မျိုးနွယ်သွေးများ စီးဆင်းနေသူများသာ ပိုင်ဆိုင်သည့် ကြမ်းတမ်းခက်ထန်သော ရုပ်သွင်မျိုး ဖြစ်၏။
'သူက မာန်ဝိညာဉ်နယ်ပယ်ကို ကျော်လွန်နေပြီပဲ...'
စုမင်သည် တစ်ချက်ကြည့်ရုံမျှဖြင့် ထိုလူသည် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိမြင်လိုက်သည်။ သို့သော် သူသည် ကျင့်ကြံသူတစ်ဦး၏ ကျင့်စဉ်များကို လေ့ကျင့်ထားခြင်း မဟုတ်ပေ။ ထိုအစား သူသည် မာန်မျိုးနွယ် ပညာရပ်များကိုသာ လေ့ကျင့်ထားခြင်းဖြစ်သောကြောင့် သူ၏ တစ်ကိုယ်လုံးတွင် သိပ်သည်းလှသော ချီစွမ်းအားများဖြင့် ပြည့်နှက်နေပေသည်။
အမှန်စင်စစ် စုမင်သည် ထိုလူ၏ ခန္ဓာကိုယ်အတွင်း၌ ဝှက်ဖုံးထားသော သွေးကြောမျှင် ပေါင်း ကိုးရာကျော်ကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူ၏ မာန်အမှတ်အသားမှာလည်း အရေပြားအောက်တွင် ဖုံးကွယ်နေ၏။ အခြားသူများအနေဖြင့် ၎င်းကို မမြင်နိုင်ကြသော်လည်း စုမင်အတွက်မူ ထိုလူ၏ အရာအားလုံးမှာ ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရပေသည်။
'သူက မီးဓာတ်ကို အခြေခံထားတဲ့ အမှတ်အသားကို သုံးထားတာပဲ'
စုမင်သည် အကြည့်ကို လွှဲပြောင်းလိုက်ရင်း စိတ်ထဲတွင် တွေးတောလိုက်သည်။ သူသည် မည်သည့်စကားမျှ မဆိုခဲ့သော်လည်း သူ စိုက်ကြည့်လိုက်သည့် ထိုအခိုက်အတန့်၌ လဲ့ရှန်းကန်ကျို၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားပြီး မျက်ဝန်းများအတွင်း၌ တုန်လှုပ်ခြောက်ခြားမှုနှင့် အံ့အားသင့်မှုများ ယှက်သန်းသွားတော့သည်။ ထိုအချိန်က စုမင်၏ တစ်ချက်မျှသာ ရှိသော အကြည့်ကြောင့် သူသည် စုမင်၏ ရှေ့တွင် ကိုယ်လုံးတီး မတ်တတ်ရပ်နေရသကဲ့သို့ ခံစားလိုက်ရပြီး မိမိ၏ လျှို့ဝှက်ချက် အားလုံးကို ရှာဖွေတွေ့ရှိသွားသည့်အလား ခံစားလိုက်ရခြင်း ဖြစ်၏။
သို့သော် ဤအရာက သူ့အား အပြင်းထန်ဆုံး တုန်လှုပ်သွားစေသည် မဟုတ်ချေ။ သူ့အား အနည်းငယ် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေသည့်အရာမှာ စုမင် မိမိအား ကြည့်လိုက်သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမျှင်များမှာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီး တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လုနီးပါး ခံစားလိုက်ရခြင်းပင် ဖြစ်သည်။ သူ ဖုံးကွယ်ထားသော မာန်အမှတ်အသားမှာပင် အရေပြားပေါ်သို့ ပေါ်ထွက်လာတော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
စုမင် စိုက်ကြည့်လိုက်သောအခါ လဲ့ရှန်းကန်ကျိုသည် အသက်ရှူသံများပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ သွေးသားများ ဆူပွက်ကာ ထိုသူအား ဒူးထောက်ခစားလိုစိတ်များ ပေါ်ပေါက်လာသဖြင့် တစ်ကိုယ်လုံး အနည်းငယ် တုန်ရင်လာခဲ့ရသည်။ သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို အတိတ်က တစ်ကြိမ်တည်းသာ ခံစားဖူးခဲ့ခြင်း ဖြစ်၏။
ထိုအကြိမ်ကား သူတို့မိသားစု၏ ဘိုးဘေးကြီးနှင့် တွေ့ဆုံခဲ့စဉ်က ဖြစ်ပေသည်။ ဘိုးဘေးကြီး မိမိအား စိုက်ကြည့်လိုက်စဉ်ကလည်း သူ၏ ဦးနှောက်အတွင်း၌ အုန်းခနဲ မြည်ဟည်းသံ တစ်သံ ထွက်ပေါ်လာခဲ့ဖူးသည်။
"မင်း တော်တော် ကောင်းပါတယ်" စုမင်က တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ၏ စကားလုံးများထဲတွင် မည်သည့် လျှို့ဝှက်ချက်မျှ ပါဝင်ခြင်းမရှိသော်လည်း သူ စကားပြောလိုက်သည့်အခါ ခန့်ညားထည်ဝါ၍ ရှေးဟောင်းဆန်လှသော အငွေ့အသက်တစ်ခုမှာ သူ့အသံအတွင်း၌ သဘာဝအလျောက် ကိန်းအောင်းနေပေသည်။ ၎င်းမှာ အသက်ကြီးပိုင်း မျိုးဆက်မှ ပုဂ္ဂိုလ်တစ်ဦးက အလားအလာရှိသော မျိုးဆက်သစ် လူငယ်တစ်ဦးအား ကြည့်ရှုကာ ပြောဆိုလိုက်သည့် အသံမျိုး ဖြစ်နေတော့သည်။
အကြောင်းမူကား သူသည် မာန်နတ်ဘုရား ဖြစ်ပေရာ...
သူသည် မာန်မျိုးနွယ်စု သွေးသားများ စီးဆင်းနေသော သက်ရှိအားလုံး၏ နတ်ဘုရား ဖြစ်ပေသည်။
လဲ့ရှန်းကန်ကျိုသည် ဗီဇအတိုင်း ခေါင်းကို ငုံ့လိုက်မိပြီး နှလုံးသားထဲမှ ပြင်းထန်သော ရိုသေခန့်ညားစိတ်အား မထိန်းချုပ်နိုင်တော့ချေ။ သို့သော် မကြာမီပင် သူသည် အခြေအနေကို သတိပြုမိသွားပြီး သူ့နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားရတော့သည်။ သူသည် စုမင်၏ မျက်ဝန်းများကို တည့်တည့်မကြည့်ဝံ့တော့ချေ။
"ကဲ... သွားကြစို့၊ ငါတို့ကို ပထမဆုံး... လေလံခန်းမဆီ ခေါ်သွားပေးပါဦး" စုမင်က ကျေနပ်စွာ ပြုံးလိုက်ရင်း အဖွဲ့၏ ရှေ့မှနေ၍ လျှောက်လှမ်းသွားသည်။
ယုချန်ဟိုင်ရော လဲ့ရှန်းကန်ကျိုပါ စုမင် ပြောလိုက်သော ပထမဆုံးဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း သူတို့သည် ဗီဇအတိုင်း သူ့နောက်ကွယ်မှ လိုက်ပါသွားကြတော့သည်။ အထူးသဖြင့် လဲ့ရှန်းကန်ကျိုပင် ဖြစ်၏။ သူသည် စုမင်အား ကြည့်သည့်အခါ သူ၏ အကြည့်များအတွင်း၌ ကြောက်ရွံ့ရိုသေမှုနှင့် ခန့်ညားကိုးကွယ်မှုများဖြင့် ပြည့်နှက်နေပေသည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် အလွန်ပင် ယဉ်ကျေးပျူငှာစွာဖြင့် ၎င်းတို့အား လေလံခန်းမ အတွင်းသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
"စီနီယာစု... လဲ့ရှန်းမိသားစုရဲ့ လေလံခန်းမမှာ စက်ဝိုင်းကွင်းပုံစံ ခန်းမတစ်ခန်း ရှိပြီး ပါဝင်တဲ့ မိသားစုတိုင်းအတွက် သီးသန့် အခန်းတွေ ရှိပါတယ်ခင်ဗျာ။ ဒါကတော့ ယုမိသားစုရဲ့ အခန်းပါ" မကြာမီပင် လဲ့ရှန်းကန်ကျိုသည် ရိုသေစွာ ပြောဆိုရင်း စုမင်နှင့် အခြားသူများအား အခန်းတစ်ခန်း ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
စုမင်သည် ယုမိသားစု၏ အခန်းကို မကြည့်ဘဲ အဝေးတစ်နေရာရှိ အခြားအခန်း တစ်ခန်းဆီသို့ ခေါင်းမော့၍ ကြည့်လိုက်သည်။
"အဲဒီအခန်းကို ပြောင်းပေးပါ"
လဲ့ရှန်းကန်ကျိုသည် စုမင် ကြည့်နေသည့် ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ခက်ခဲပူပန်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။
"စီနီယာ... အဲဒါက လဲ့ရှန်းမိသားစုရဲ့ သီးသန့်အခန်း ဖြစ်လို့ ပြင်ပလူတွေကို ဝင်ခွင့်မပြုပါဘူးခင်ဗျာ။ ဒါက..."
"မရဘူးလား..." စုမင်သည် ခေါင်းကို လှည့်လိုက်ပြီး လဲ့ရှန်းကန်ကျိုအား တည်ငြိမ်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်သည်။
လဲ့ရှန်းကန်ကျိုသည် ဗီဇအတိုင်း ခေါင်းကို ငုံ့လိုက်မိပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်ပျက်စွာ ပြုံးရင်း သဘောတူ ခေါင်းညိတ်လိုက်ရတော့သည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားအတွင်း၌ ပြင်းထန်သော လှိုင်းလုံးကြီးတစ်လုံး ရိုက်ခတ်သွားခဲ့ရသည်။ အကြောင်းမူကား စုမင် ထိုမေးခွန်းကို မေးလိုက်သည့်အချိန်တွင် သူသည် ထိုသူအား မငြင်းဆန်နိုင်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသောကြောင့် ဖြစ်၏။ ၎င်းမှာ သူ၏ သွေးသားမှသည် ဝိညာဉ်အထိ ဖြစ်ပေါ်လာသော ဖိနှိပ်မှုတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုအရာကြောင့် သူသည် စုမင်နှင့် မတွေ့ဆုံမီကကဲ့သို့ မိမိကိုယ်မိမိ လွတ်လပ်စွာ မလှုပ်ရှားနိုင်တော့ချေ။
ဤသည်ကား သူ့ဘက်မှ တုန်လှုပ်ရိုသေမှုနှင့် စုမင်ဘက်မှ ခန့်ညားထည်ဝါမှုတို့ကြောင့် ဖြစ်ပေသည်။ ဤအရာသည် စုမင်၏ ကျင့်စဉ်အဆင့်နှင့် မသက်ဆိုင်ချေ။ အကြောင်းမူကား ဤနေရာရှိ လေလံခန်းမ၏ တာဝန်ခံ တစ်ဦးအနေဖြင့် လဲ့ရှန်းကန်ကျိုသည် အတိတ်က နေကပ်ဘေး နယ်ပယ်မှ အဖိုးအိုကြီး အချို့ကိုပင် ဧည့်ခံဖူးခြင်းကြောင့် ဖြစ်၏။ ထိုအချိန်က သူသည် စိုးရိမ်ပူပန်မှု အချို့ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အကြွင်းမဲ့ ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံချက်မျိုးကိုမူ လုံးဝ မခံစားခဲ့ဖူးချေ။ အမှန်စင်စစ် သူ၏ နှလုံးသား၊ သူ၏ သွေးသားနှင့် သူ၏ ဝိညာဉ်တို့သည်ပင် စုမင်၏ စကားကို မသိစိတ်မှ နာခံလိုနေကြပြီး သူ၏ စကားလုံးများအား ဆန့်ကျင်ရန် ဆန္ဒမရှိကြချေ။
'သူက... တကယ်ပဲ ဘယ်သူလဲ' ဤသည်ကား ထိုအခိုက်အတန့်တွင် လျဲ့ရှန်းကန်ကျို၏ နှလုံးသားထဲမှ အကြီးမားဆုံး မေးခွန်းပင် ဖြစ်တော့သည်။
သူသည် စိတ်ပျက်စွာ ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် စုမင်သည် သူရွေးချယ်လိုက်သော အခန်းဆီသို့ လျှောက်လှမ်းသွားသည်။ ယုချန်ဟိုင်သည် အလျင်အမြန်ပင် ရှေ့သို့ တက်လှမ်းကာ တံခါးကို တွန်းဖွင့်ပေးလိုက်ရာ ကြီးမားကျယ်ပြန့်သော အခန်းတစ်ခန်း ပေါ်ထွက်လာသည်။ အခန်းတွင်း ပြင်ဆင်မှုများမှာ ရိုးရှင်းသော်လည်း ခန့်ညားထည်ဝါသော အငွေ့အသက်ကို ပေးစွမ်းနေပေသည်။ အခန်း၏ နံရံများမှာ ပုံရိပ်ယောင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ တစ်ချက်ကြည့်ရုံမျှဖြင့် ပြင်ပခန်းမကြီးအတွင်း၌ လူပေါင်းထောင်ချီ၍ ဆူညံစွာ ဆွေးနွေးငြင်းခုံနေကြသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ခန်းမ၏ အလယ်ဗဟိုတွင် စင်မြင့်တစ်စင် ရှိပြီး ၎င်းပေါ်တွင် အသက်လေးဆယ်ကျော် အရွယ်ရှိ ကျင့်ကြံသူတစ်ဦး ရှိနေသည်။ သူသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လူအုပ်ကြီးအား လေလံတင်မည့် ပစ္စည်းကို မိတ်ဆက်ပေးနေ၏။
စုမင်သည် ထိုပုံရိပ်ယောင် နံရံဘေးတွင် မတ်တတ်ရပ်ကာ ပြင်ပမှ စည်ကားသိုက်မြိုက်နေသော လှုပ်ရှားမှုများကို မည်သည့်စကားမျှမဆိုဘဲ စိုက်ကြည့်နေသည်။ သူ ဤအခန်းကို ရွေးချယ်ခဲ့ခြင်းမှာ စောစောက စက်ဝိုင်းကွင်းပုံစံ အဆောက်အအုံ၏ ပြင်ပ၌ ရှိသော မာန်မျိုးနွယ်စု မြေပုံကို မြင်တွေ့ခဲ့စဉ်က နဝမ တောင်ထွတ်သည် ဤနေရာတွင် တည်ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်ပေသည်။
လဲ့ရှန်းကန်ကျိုသည် စုမင်၏ ကျောပြင်အား သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ယုချန်ဟိုင်အား လက်ဝါးထဲ လက်သီးဆုပ်ထည့်၍ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ သူ ထွက်ခွာသွားသည်နှင့် သူ့မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ့မိသားစုဝင်များ ရှိရာဘက်သို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။
'စုမင်လို့ ခေါ်တဲ့ အဲဒီလူငယ်က တော်တော် ဆန်းကြယ်တာပဲ။ ဒါကို မိသားစုဆီ အမြန်ဆုံး အစီရင်ခံရမယ်။ အဲဒီလူက နက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ သူက ငါ့ကို မာန်မျိုးနွယ် တစ်ယောက်အဖြစ် ဖော်ထုတ်မိလုနီးပါး ဖြစ်သွားစေခဲ့တယ်'
လဲ့ရှန်းကန်ကျို ထွက်ခွာသွားပြီးနောက် ယုချန်ဟိုင်သည် စုမင် ဘေးတွင် ရိုသေစွာ မတ်တတ်ရပ်နေ၏။ သူ စုမင်အား ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများအတွင်းရှိ ရိုသေခန့်ညားမှုများမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။ သူသည် လဲ့ရှန်းကန်ကျို၏ အမူအရာ ပြောင်းလဲသွားမှုများကို သဘာဝအတိုင်း မြင်တွေ့ခဲ့ရပြီး ဤအရာအားလုံးမှာ စုမင်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယုချန်ဟိုင်သည် သူ့နှလုံးသားထဲတွင် များစွာသော အတွေးများကို တွေးတောနေမိတော့သည်။
ယုရိုမှာမူ ယခင်အတိုင်းပင် အလွန်တရာ ယဉ်ကျေးသိမ်မွေ့စွာ ရှိနေဆဲ ဖြစ်၏။ သူမသည် စုမင် ဘေးတွင် မတ်တတ်ရပ်ကာ စည်ကားနေသော လေလံခန်းမကြီးအား မည်သည့်စကားမျှမဆိုဘဲ စိုက်ကြည့်နေသည်။
ထိပ်ပြောင်ကြိုးကြာကမူ စုမင်နှင့် အခြားသူများကို လုံးဝ လျစ်လျူရှုထားပြီး ခွေးဝါကြီးအား အလွန်တရာ စိတ်ဝင်စားသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ခွေးဝါကြီး အခန်းတွင်းသို့ ဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ မိုးရေစက်များမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ထိပ်ပြောင်ကြိုးကြာသည် ၎င်းကို မြင်သောအခါ ခွေးဝါကြီး၏ ထိုသို့ ပြုလုပ်ပုံမှာ အလွန်ပင် ခန့်ညားလှသည်ဟု ခံစားလိုက်ရခြင်း ဖြစ်၏။
ထို့ကြောင့် ခွေးဝါကြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မိုးရေစက်များအား ခါယမ်းပြီးသည်နှင့် တစ်ပြိုင်နက် ထိပ်ပြောင်ကြိုးကြာ၏ ခန္ဓာကိုယ်ပေါ်တွင် မှောင်မိုက်သော အလင်းတစ်ခု ချက်ချင်း လင်းလက်သွားပြီး ခွေးနက်ကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲလိုက်ကာ ခွေးဝါကြီး စောစောက ပြုလုပ်ခဲ့သည့်အတိုင်း သူ၏ ခန္ဓာကိုယ်ကို လိုက်လံခါယမ်းနေတော့သည်။
ထိုအချိန်တွင် လေလံပွဲ၏ ထက်ဝက်ခန့်မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အထွတ်အထိပ် အပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လူပေါင်းထောင်ချီ ဟူသည်မှာ ကြီးမားသော အရေအတွက်တစ်ခုဟု မထင်ရသော်လည်း ၎င်းမှာ သေးငယ်သော လေလံပွဲတစ်ပွဲမျှသာ ဖြစ်သော်လည်း အမှန်စင်စစ် ထိုအခိုက်အတန့်တွင် မည်သူမဆို လှည့်ကြည့်လိုက်ပါက လေလံပွဲ တစ်ပွဲလုံးမှာ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
"ကျွန်တော့်ရဲ့ အသံနဲ့ လူကြီးမင်းတို့ကို အချိန်မဖြုန်းတော့ပါဘူးခင်ဗျာ။ မိတ်ဆွေ ကျင့်ကြံသူတို့ခင်ဗျာ... ဒီသစ်သား သုံးတုံးကတော့ နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်က ထွက်ရှိတဲ့ ထင်းရှူးပြာသစ်သား သုံးတုံး ဖြစ်ပါတယ်။ အနိမ့်ဆုံး လေလံဈေးကတော့ သလင်းကျောက် တစ်သိန်း ဖြစ်ပါတယ်"
အသက်လတ်ပိုင်း အရွယ်ရှိ ထိုလူသည် ပြုံးလျက် သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်ကွယ်ရှိ လေထုမှာ ချက်ချင်းပင် ကွေးညွတ်သွားတော့သည်။ ထို့နောက် အမျိုးသမီး သုံးဦး လျှောက်လှမ်းထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးမှာ အလွန်ပင် လှပကြပြီး တစ်ဦးချင်းစီက လက်ထဲတွင် ပြာလဲ့လဲ့ လင်ဗန်း တစ်ဗန်းစီကို ကိုင်မြှောက်ထားကြသည်။ ထိုလင်ဗန်းများပေါ်တွင် လက်ညှိုးခန့် အကျယ်ရှိသော ဖြူဖွေးသည့် သစ်သားတုံး တစ်တုံးစီ ရှိနေပေသည်။
ရှေးဟောင်းဆန်လှသော အငွေ့အသက် လှိုင်းလုံးများသည် ထိုသစ်သားတုံး သုံးတုံးထံမှ ပျံ့လွင့်လာပြီး ၎င်းတို့မှာ အလွန်ပင် သိပ်သည်းလှပေသည်။ သို့သော် ၎င်းတို့သည် ပျက်စီးယိုယွင်းခြင်း ခံစားချက်မျိုးကို မပေးစွမ်းဘဲ ထိုအစား ၎င်းတို့အတွင်း၌ ထူထပ်လှသော သက်စွမ်းအားများ ကိန်းအောင်းနေပေသည်။
"တစ်သိန်းသုံးသောင်း"
"တစ်သိန်းခုနစ်သောင်း"
"နှစ်သိန်း၊ ဒီထင်းရှူးပြာ သစ်သား သုံးတုံးက ငါ့အပိုင်ပဲ"
"မသေချာသေးပါဘူးကွာ။ ထင်းရှူးပြာ သစ်သားက အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ရည်ကို နှစ်ပေါင်းသုံးရာအထိ မအိုမင်းအောင် ထိန်းသိမ်းပေးနိုင်တာ။ ဒီရတနာက ငါ့အတွက် အသုံးဝင်တယ်။ ငါ သုံးသိန်း ပေးတယ်"
ဈေးပြိုင်ပေးသည့် အသံများသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး မကြာမီပင် လေလံဈေးမှာ သလင်းကျောက် ငါးသိန်းအထိ ကျော်လွန်သွားတော့သည်။ စုမင်သည် လေလံခန်းမ အတွင်းရှိ လူအုပ်ကြီး၏ ပြင်းထန်သော အလိုဆန္ဒများကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ မည်သည့် အမူအရာ ပြောင်းလဲမှုမျှ မရှိချေ။
"လဲ့ရှန်းမိသားစု တစ်ခုတည်းပဲ ဒီလို သေးငယ်တဲ့ လေလံပွဲမျိုးမှာ ထင်းရှူးပြာ သစ်သားကို ယူဆောင်လာနိုင်တာ။ မင်နက်ဂြိုဟ်မှာ လေလံတင်တဲ့ ထင်းရှူးပြာ သစ်သား အားလုံးနီးပါးက လဲ့ရှန်းမိသားစုဆီကလာတာ ဖြစ်ပါတယ်" ယုချန်ဟိုင်က ဘေးမှနေ၍ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဲဒီသစ်သားက ဘာအာနိသင် ရှိလို့လဲ" စုမင်က တည်ငြိမ်စွာ မေးလိုက်၏။
"စီနီယာစု... အဲဒီသစ်သားက ထူးခြားတဲ့ အာနိသင်တွေ မရှိပါဘူးဗျာ။ အဲဒါက အမျိုးသမီးတွေရဲ့ ရုပ်ရည်ကို စိုပြည်လှပအောင် ထိန်းသိမ်းပေးနိုင်ရုံပဲ ရှိတာပါ" ယုချန်ဟိုင်က အလျင်အမြန်ပင် ဆိုလိုက်သည်။
"ထင်းရှူးပြာ သစ်သားက ရုပ်ရည်ကို ထိန်းသိမ်းပေးနိုင်တာ အမှန်ပဲ။ ဒါပေမဲ့ လူတစ်ယောက်က ဒါကို သန့်စင်ပြီး စုပ်ယူလိုက်မယ်ဆိုရင် အဲဒီထဲမှာ ရှိတဲ့ အချိန်ရဲ့ စွမ်းအားတွေကို ထုတ်ယူနိုင်လိမ့်မယ်။ တကယ်လို့ သူတို့ရဲ့ မှော်ရတနာတွေထဲကို ပေါင်းစပ်လိုက်ရင် ရတနာဝိညာဉ်တွေကို အာဟာရ ကျွေးပေးနိုင်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်ရင်တော့ ခန္ဓာကိုယ်ကို သက်စွမ်းအားတွေနဲ့ ပြည့်နှက်သွားစေနိုင်တယ်။ ဒါပေမဲ့ ဒါက ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အာနိသင်တော့ မရှိဘူး"
"တကယ်လို့ လူတစ်ယောက်က ထင်းရှူးပြာ သစ်သား အမြောက်အမြားကို ပိုင်ဆိုင်ထားမယ်ဆိုရင် အချိန်လွန်မြောက်ခြင်း အဆိပ်ငွေ့ကို ဖန်တီးနိုင်လိမ့်မယ်။ ဒီအဆိပ်က လူတစ်ယောက်ကို လျင်လျင်မြန်မြန် အိုမင်းရင့်ရော်သွားစေနိုင်ပြီး ဘယ်လိုမှ ကုသလို့ မရနိုင်ဘူး" ယုရိုက တည်ငြိမ်စွာ ရှင်းပြလေသည်။
သူမ ထိုသို့ ပြောဆိုလိုက်သောအခါ ယုချန်ဟိုင်မှာ ခေတ္တမျှ ကြောင်အ,သွားရတော့သည်။ သူသည် ထင်းရှူးပြာ သစ်သားတွင် ဤကဲ့သို့သော အာနိသင်များ ရှိကြောင်း တစ်ခါမျှ မကြားဖူးချေ။ သူသည် အချိန်လွန်မြောက်ခြင်း အဆိပ်ငွေ့ အကြောင်းကို ကြားဖူးသော်လည်း ၎င်းမှာ မဟာအနန္တ ဈေးနှုန်းကြီးမားလှသော အဆိပ်တစ်ခုဖြစ်ကြောင်းသာ သိရှိထားခြင်း ဖြစ်သည်။ ထိုအဆိပ်အား ထင်းရှူးပြာ သစ်သားဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်းကိုမူ သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။
ယုရို စကားပြောပြီးနောက် ထိုထင်းရှူးပြာ သစ်သား သုံးတုံးအား တစ်စုံတစ်ဦးက အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ဝယ်ယူသွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ လဲ့ရှန်းမိသားစုမှ လေလံမှူးသည် ထပ်မံ၍ စကားဆိုလိုက်ပြန်သည်။
"စကြဝဠာကြီးက ဆန်းကြယ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေပြီး ထူးဆန်းတဲ့ ရတနာတွေဟာလည်း စကြဝဠာအတွင်းမှာ မွေးဖွားလာတတ်ကြပါတယ်။ ယခုတစ်ကြိမ်မှာတော့ ကျွန်တော်တို့ လဲ့ရှန်းမိသားစုဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အပ်နှံမှုကို ခံခဲ့ရပြီး လောကမှာ တစ်ခုတည်းပဲ ရှိတဲ့ ထူးခြားဆန်းကြယ်တဲ့ ရတနာတစ်ခုကို လေလံတင်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါကို နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံး... ဘယ်ကျင့်ကြံသူမှ မသွားလာနိုင်တဲ့ နယ်မြေကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်"
"ဒီရတနာက ပုံမှန်ဆိုရင် ဒီလိုနေရာမျိုးမှာ ပေါ်လာမှာ မဟုတ်ဘဲ ကျွန်တော်တို့ မိသားစုရဲ့ အကြီးစား လေလံပွဲတွေမှာပဲ တင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်က ဒါကို အမြန်ဆုံး ရောင်းချချင်နေတာကြောင့် ဤနေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်"
"ကျွန်တော် အချိန်မဖြုန်းတော့ပါဘူး ခင်ဗျာ။ ဒီရတနာရဲ့ အနိမ့်ဆုံး လေလံဈေးကတော့ သလင်းကျောက် တစ်သန်း ဖြစ်ပါတယ်"
သူ့အသံ လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်နှင့် လေလံခန်းမ တစ်ခန်းလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အကြောင်းမူကား လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် လဲ့ရှန်းမိသားစု လေလံမှူး၏ နောက်ကွယ်ရှိ လေထုထဲမှနေ၍ အဖိုးအိုတစ်ဦး လျှောက်လှမ်း ထွက်ပေါ်လာခြင်းကြောင့် ဖြစ်၏။
ထိုအဖိုးအိုသည် အလွန်တရာ ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိပေသည်။ သူ လျှောက်လှမ်း ထွက်လာသောအခါ မြေပြင်ကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိဘဲ ပေါ်လာသည်နှင့် သူ၏ လက်မောင်းကို ချက်ချင်းပင် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့ရှေ့မှောက်တွင် ပေသုံးဆယ်ခန့် မြင့်မားသော ကျောက်ရုပ်တုတစ်ရုပ် ချက်ချင်း ပေါ်ထွက်လာတော့သည်။ ထိုရုပ်တုတွင် ခေါင်းနှစ်လုံး ပါရှိ၏။ ခေါင်းတစ်လုံးမှာ ငိုကြွေးနေပြီး အခြားခေါင်းတစ်လုံးမှာမူ ပြုံးရယ်နေပေသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် ပျက်စီးယိုယွင်းမှုများဖြင့် ပြည့်နှက်နေပြီး အလွန်တရာ သက်တမ်းရင့်လှသော အသွင်ကို ဆောင်နေပေသည်။
ထို့အပြင် ၎င်းထံတွင် မည်သည့် အသက်စွမ်းအားမျှ မရှိသဖြင့် ၎င်းမှာ သေဆုံးနေသော အရာဝတ္ထုတစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ၎င်း၏ ပုံစံကို ကြည့်ရသလောက် ပုံရိပ်ယောင် သဏ္ဌာန်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု အကြားတွင် ရှိနေသကဲ့သို့ အနည်းငယ် မှုန်ရီဝေဝါးနေပေသည်။
စုမင်၏ မျက်ဝန်းများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားရတော့သည်။