← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 64 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 64 Ch. 883-884

အခန်း ၈၈၃ အကြီးအကဲ ဖုန်း

"အဲဒီအဖိုးအိုက လဲ့ရှန်းမိသားစုရဲ့ ဧည့်သည်တော် ဆရာကြီး ဆုန့်ချင်းပဲ"

"သူက ဘာလို့ ဒီလို သေးငယ်တဲ့ လေလံပွဲမျိုးမှာ ရောက်နေတာလဲ"

"ဟုတ်တယ်ဗျာ။ အဲဒီ မိစ္ဆာအိုကြီးကိုယ်တိုင် ဒီဆန်းကြယ်တဲ့ ရတနာကို စောင့်ကြပ်နေတာပဲ။ အဲဒီ မိစ္ဆာအိုကြီး ဆုန့်ချင်းက လဲ့ရှန်းမိသားစုရဲ့ ဧည့်သည်တော်အဖြစ် ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ သူ့ရဲ့ ကျင့်စဉ်အဆင့်က ပဟေဠိတစ်ခုဖြစ်ပြီး သူ့ရဲ့ ချိပ်ပိတ် ပညာရပ်ကတော့ တော်တော် ကြောက်စရာကောင်းတယ်"

"ကြားဖူးတာကတော့ ထိုက်ချီ မိသားစုက လူတစ်ယောက်ဟာ သူ့ကို လဲ့ရှန်းမိသားစုဆီကနေ ထိုက်ချီမိသားစုရဲ့ ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ဖို့အတွက် မိုးထိုးနေတဲ့ ဈေးနှုန်းတစ်ခု ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ခဲ့တယ်တဲ့"

ထိုအဖိုးအို ပေါ်လာမှုကြောင့် လေလံခန်းမ တစ်ခန်းလုံး ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံသွားစဉ် ခန္ဓာကိုယ်ထွားကျိုင်းလှသော အဖိုးအိုသည် ခေါင်းကိုမော့ကာ ခန်းမတစ်ခန်းလုံးအား အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ့ညာလက်ကိုမြှောက်ကာ မိမိရှေ့တွင် လွင့်မျောနေသော ပျက်စီးနေသည့် ကျောက်ရုပ်တုဆီသို့ ညွှန်ပြလိုက်၏။

"မင်းတို့အများစုက ငါ့ကိုသိကြပြီး ငါတို့ကို မိတ်ဆွေတွေလို့ သတ်မှတ်လို့ရတာမို့ ငါ မင်းတို့ကို သတိပေးစကားတစ်ခွန်း ပြောပါရစေ။ တကယ်လို့ မင်းတို့က ဒါ ဘာလဲဆိုတာ မသိရင်တော့ လျှောက်ပြီး ဈေးမပြိုင်ကြပါနဲ့" အဖိုးအို ဆုန့်ချင်းသည် ထိုစကားလုံးများကိုသာ ပြောဆိုပြီးနောက် ပါးစပ်ပိတ်ကာ တောင်ကုန်းငယ် တစ်လုံးကဲ့သို့ ဘေးတွင် မတ်တတ်ရပ်နေတော့သည်။

သို့သော် သူသာ ထိုသို့မပြောခဲ့လျှင် ဤရုပ်တု၏ ပေါ်ထွက်လာမှုသည် အာရုံစိုက်မှု အများကြီး ခံရလိမ့်မည် မဟုတ်ချေ။ ယခုမူ သူ ပြောလိုက်သဖြင့် လေလံခန်းမ အတွင်းရှိ လူအားလုံး၏ အကြည့်များသည် ထိုရုပ်တုဆီသို့ ချက်ချင်း စုပြုံရောက်ရှိသွားတော့သည်။

"ဒါက တကယ်ပဲ ဘာပစ္စည်းလဲ"

"ဒါက ရှေးဟောင်း နတ်ဘုရား တစ်ပါးရဲ့ ရုပ်တုများလား"

"မဖြစ်နိုင်တာ။ ငါ ဒီရုပ်တုကနေ အဲဒီလို ရှေးဟောင်းအငွေ့အသက်မျိုးကို မခံစားရဘူး။ ဒါပေမဲ့ ထွက်ပေါ်နေတဲ့ အငွေ့အသက်က ဘာလဲဆိုတာ ငါလည်း ခွဲခြားလို့မရဘူး"

"ဒီလိုရုပ်တုမျိုးကို အနိမ့်ဆုံး လေလံဈေး သလင်းကျောက် တစ်သန်းအထိ တောင်းရဲတယ် ဟုတ်လား။ လုံးဝ မတန်ဘူးကွာ"

ဆွေးနွေးသံများသည် လေလံခန်းမ အတွင်း၌ ချက်ချင်းပင် ဝုန်းဒိုင်းကြဲ ဆူညံသွားတော့သည်။ အမှန်စင်စစ် လူပေါင်းထောင်ချီရှိသော ဤနေရာတွင် ထိုရုပ်တု၏ တန်ဖိုးကို သံသယဝင်ကာ အော်ဟစ်မေးမြန်းနေကြသည့် အသံအချို့ပင် ရှိနေသဖြင့် အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးပွေလီသွားခဲ့သည်။

"ဒီရတနာက တန်ဖိုးရှိလား မရှိဘူးလားဆိုတာ ကျွန်တော်လည်း မပြောတတ်ပါဘူးခင်ဗျာ။ တကယ်လို့ လူကြီးမင်းတို့ထဲက တစ်ယောက်ယောက်က ဒီရတနာကို သိတယ်ဆိုရင် သလင်းကျောက် သန်းပေါင်းများစွာ အကုန်ခံပြီးတော့တောင် ဝယ်ယူဖို့ ရွေးချယ်ကြပါလိမ့်မယ်။ တကယ်လို့ မသိဘူးဆိုရင်တော့ အိတ်ထဲကနေ သလင်းကျောက် တစ်တုံးတောင် ထုတ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အခု လေလံဈေး စ ပေးနိုင်ပါပြီခင်ဗျာ"

လဲ့ရှန်းမိသားစုမှ လေလံမှူး၏ မျက်နှာပေါ်တွင် ပြေလျော့သော အမူအရာ ရှိနေပေသည်။ သူက ပြုံး၍ ပြောဆိုလိုက်သောအခါ လေလံခန်းမကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း မည်သူမျှ ဈေးမပြိုင်ကြသေးချေ။

စုမင်သည် အခန်းတွင်းရှိ ပုံရိပ်ယောင်နံရံဘေးတွင် မတ်တတ်ရပ်ကာ ထိုရုပ်တုအား မှင်တက်မိစွာ စိုက်ကြည့်နေမိသည်။ အခြားသူများအနေဖြင့် ဤအရာကို မှတ်မိနိုင်မည်လော မမှတ်မိနိုင်မည်လော ဆိုသည်အား သူ မသိသော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းသည် မည်သည်ဖြစ်ကြောင်း သူ ချက်ချင်း သိမြင်လိုက်နိုင်သည်။

၎င်းထံမှ ထွက်ပေါ်နေသော ရှေးဟောင်းအငွေ့အသက်မှာ မာန်မျိုးနွယ်တစ်ဦး၏ အငွေ့အသက် ဖြစ်ပေသည်။ ထိုရုပ်တုသည်ကား ထင်ရှားလှစွာသော မာန်နတ်ဘုရား၏ ရုပ်တုကြီး ဖြစ်ပေသည်။

"လဲ့ရှန်းမိသားစုက အမြဲတမ်း တကယ့်ကို ထူးဆန်းတဲ့ ပစ္စည်းတွေကို ယူဆောင်လာတတ်တာပဲ။ ဒါက တကယ်ပဲ ဘာပစ္စည်းပါလိမ့်" ယုချန်ဟိုင်က မျက်မှောင်ကြုတ်ကာ ဘေးမှနေ၍ ရုပ်တုအား စိုက်ကြည့်ရင်း ဆိုလိုက်သည်။ ထိုအခိုက်အတန့်တွင် ယုရိုသည်ပင် ၎င်းကို စေ့စပ်စွာ လေ့လာနေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင် သူမသည်လည်း ၎င်းအား မမှတ်မိနိုင်ကြောင်း သိလိုက်ရသည်။

"ဒီပစ္စည်းက မဆိုးပါဘူး။ ငါလည်း ဒါ ဘာလဲဆိုတာ ခွဲခြားမရပေမဲ့ အိမ်မှာ အလှပြပစ္စည်းအဖြစ် ထားပြီး ကြည့်ဖို့အတွက် ယူမယ်ကွာ။ သလင်းကျောက် တစ်သန်း" ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေလံခန်းမအတွင်းမှ အက်ရှရှအသံ တစ်သံ ထွက်ပေါ်လာသည်။

ထိုအသံမှာ ကျင့်ကြံသူထောင်ချီ စုဝေးနေသော ခန်းမထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ စုမင် နေထိုင်သည့် အခန်းနှင့် ဆင်တူသော သီးသန့်အခန်းများထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုအသံ ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။

"သလင်းကျောက် တစ်သန်းသုံးသိန်း။ ဘာပဲဖြစ်ဖြစ် ငါက ထူးဆန်းတဲ့ ပစ္စည်းတွေ စုဆောင်းရတာ ဝါသနာပါတာကိုး" မကြာမီပင် အခြားအသံတစ်သံ လေထုအတွင်း၌ ထပ်မံထွက်ပေါ်လာပြန်သည်။

"သလင်းကျောက် တစ်သန်းခြောက်သိန်း"

"သလင်းကျောက် တစ်သန်းရှစ်သိန်း"

မကြာမီ အခြားအသံ တစ်သံသည်လည်း လေလံပွဲထဲသို့ ပါဝင်လာခဲ့သည်။ ထိုလူသုံးဦး ဈေးပြိုင်ပေးနေကြစဉ် လေလံခန်းမအတွင်းရှိ ကျင့်ကြံသူအားလုံးသည် ထိုရတနာက မည်သည်ဖြစ်ကြောင်း မသိကြသော်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားလာကြတော့သည်။ ထိုအသံ သုံးသံလုံးမှာလည်း ဂုဏ်သရေရှိ ဧည့်သည်တော်များ၏ သီးသန့်အခန်းများထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လေလံခန်းမအတွင်း၌ သီးသန့်အခန်း တစ်ခန်းကို ပိုင်ဆိုင်နိုင်သူများမှာ မင်နက်ဂြိုဟ်ပေါ်ရှိ မိသားစုကြီးများ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ခန်းမထဲတွင် စုဝေးနေကြသော မင်နက်ဂြိုဟ်မှ လေလွင့် ကျင့်ကြံသူများ သို့မဟုတ် ပြင်ပလူများနှင့် မတူညီကြချေ။

လဲ့ရှန်းမိသားစု၏ လေလံခန်းမအတွင်း၌ လျှို့ဝှက်အခန်းတစ်ခန်း ရှိပေသည်။ ထိုလူများ အပြန်အလှန် ဈေးပြိုင်ပေးနေကြစဉ် ထိုအခန်းတွင်း၌ အဖိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့ရှိနိုင်သည်။ သူ၏ နောက်ကွယ်တွင်မူ ၎င်းတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံအရ လဲ့ရှန်းမိသားစု၏ အဖွဲ့ဝင်များဖြစ်ကြောင်း ထင်ရှားလှသော လူဆယ်ချီခန့် ရှိနေပြီး ၎င်းတို့အားလုံးမှာ ထိုအဖိုးအို၏ နောက်တွင် ရိုသေစွာ မတ်တတ်ရပ်နေကြသည်။

ပြောစရာပင် မလိုဘဲ ၎င်းတို့ထဲမှ တစ်ဦးမှာ လဲ့ရှန်းကန်ကျို ဖြစ်၏။

၎င်းတို့အားလုံးမှာ စကားမဆိုကြဘဲ အဖိုးအို၏ ရှေ့မှောက်ရှိ ပုံရိပ်ယောင် အလင်းမျက်နှာပြင်ကိုသာ စိုက်ကြည့်နေကြသည်။ ၎င်းမှာ လေလံခန်းမတစ်ခုလုံး၏ ပုံရိပ်လွှင့်တင်မှု ဖြစ်ပြီး ခန်းမအတွင်းမှ အသံများသည်ပင် ထိုမျက်နှာပြင်ထံမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ထိုအဖိုးအို၏ ခေါင်းတစ်ခေါင်းလုံးတွင် ဆံပင်ဖြူများဖြင့် ပြည့်နှက်နေပေသည်။ သူသည် ခရမ်းပြာရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ သူသည် အခန်းတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေရင်း မိမိရှေ့မှ မျက်နှာပြင်ကို စိုက်ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်ထံမှ ဆုတ်ယုတ်ကျဆင်းနေသော အငွေ့အသက်တစ်ခု ပျံ့လွင့်နေပြီး သူသည် အလွန်တရာ အသက်ကြီးရင့်နေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အတွင်း၌ အနည်းငယ် ကွေးညွတ်ပုံပျက်နေမှုများကို ခံစားသိရှိနိုင်သည်။ ထိုအရာများ၏ အလယ်ဗဟိုတွင် ဟင်းလင်းပြင် ပျက်စီးသွားခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေ၏။ အမှန်စင်စစ် မည်သူမဆို အနီးကပ် သေချာကြည့်လိုက်မည်ဆိုပါက ဤအရာ ဖြစ်ပျက်နေရခြင်း၏ အကြောင်းရင်းမှာ လေကြောင့် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိမည် ဖြစ်သည်။

ထိုအဖိုးအို၏ ပတ်ပတ်လည်တွင် မမြင်နိုင်သော လေထုအလွှာတစ်လွှာ ရှိနေပြီး ၎င်းမှာ သူ့အား ဝိုင်းရံကာ မရပ်မနား ဝဲလည်နေပေသည်။

"အကြီးအကဲ ဖုန်း၊ ကျွန်တော်တို့ အဘိုးရဲ့ အမိန့်အတိုင်း မာန်နတ်ဘုရားရဲ့ ရုပ်တုကို လေလံတင်ပေးထားပြီးပါပြီ ခင်ဗျာ"

ထိုအဖိုးအို၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခံရတော့မည့်အလား လှုပ်ခါသွားပြီး အတွင်းမှနေ၍ လူတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာသည်။ ထိုလူမှာ အသက်ငါးဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး သူ့ပတ်ပတ်လည်တွင် ထူထပ်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဝန်းရံနေ၏။ သူသည် ခြေလှမ်းကြီးများဖြင့် ရှေ့သို့ တက်လှမ်းလာပြီး အဖိုးအို၏ ဘေးသို့ ရောက်သောအခါ ရိုသေစွာဖြင့် လက်ဝါးထဲ လက်သီးဆုပ်ထည့်၍ အရိုအသေပေးလိုက်သည်။

အဖိုးအိုက ခေါင်းညိတ်လိုက်၏။ သူသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား လေလံခန်းမဆီသို့သာ မျက်လုံးများအား စိုက်ကြည့်ထားပေသည်။

အချိန်အတော်ကြာပြီးနောက် လေလံခန်းမအတွင်းရှိ ရုပ်တု၏ လေလံဈေးမှာ သလင်းကျောက် လေးသန်းကျော်အထိ ရောက်ရှိသွားသော်လည်း အဖိုးအို စောင့်ဆိုင်းနေသော ပုဂ္ဂိုလ်သည် ထိုရုပ်တုအား ဝယ်ယူလိုကြောင်း မည်သည့်စကားမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

"ကန်ကျို..." အဖိုးအို၏ အသံမှာ ရှေးဟောင်းဆန်လှပေသည်။ ၎င်းတွင် ထူးခြားဆန်းကြယ်သော အက်ရှရှ ဂုဏ်သတ္တိတစ်ခု ပါဝင်နေပြီး မင်နက်ဂြိုဟ်မှ လူများနှင့် မတူညီသော လေယူလေသိမ်းတစ်ခုပင် ပါရှိနေသည်။

"အကြီးအကဲဖုန်း" လျဲ့ရှန်းကန်ကျိုသည် ချက်ချင်းပင် ရှေ့သို့ တက်လှမ်းကာ အလွန်တရာ ရိုသေသော မျက်နှာအမူအရာဖြင့် အဖိုးအိုအား နက်ရှိုင်းစွာ ညွှတ်တွဲ အရိုအသေပေးလိုက်သည်။ သူ၏ ရိုသေမှုမှာ ဤအဖိုးအိုသည် နှစ်ပေါင်းများစွာတစ်လျှောက် မိသားစုအပေါ် ပေးဆပ်ခဲ့မှုများကြောင့် ဖြစ်ပြီး ထိုအရာကြောင့် သူ၏ အဆင့်အတန်းမှာ မိသားစုအတွင်း၌ အလွန်ပင် မြင့်မားလှကာ ဘိုးဘေးကြီး၏ အောက်တွင်သာ ရှိပေသည်။ ဤအဖိုးအိုနှင့် ပတ်သက်သည့် အချို့သော ဒဏ္ဍာရီများကလည်း မိသားစုဝင်များအား သူ့အပေါ် ကြီးမားသော ရိုသေခန့်ညားစိတ်ကို ဖြစ်ပေါ်စေသည်။

"အဲဒီအချိန်တုန်းက မင်း ခံစားခဲ့ရတာတွေကို အသေးစိတ် ငါ့ကို ပြောပြစမ်း" အဖိုးအိုက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"နားလည်ပါပြီခင်ဗျာ" လဲ့ရှန်းကန်ကျိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။ "ကျွန်တော် သူ့ရဲ့ ရှေ့မှောက်မှာ ရှိနေတုန်းက ဘိုးဘေးကြီးရဲ့ ရှေ့မှာ မတ်တတ်ရပ်နေရသလိုမျိုး မှားယွင်းတဲ့ ခံစားချက်တစ်ခု ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောမျှင်တွေအပေါ် ထိန်းချုပ်မှု ကင်းမဲ့သွားသလို ဖြစ်ခဲ့ပြီး မာန်အမှတ်အသားကတောင် အရေပြားပေါ် ပေါ်လာလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော် သူ့ရှေ့မှာ ရှိနေတဲ့အချိန်မှာ သူ့ကို ဒူးထောက်ခစားလိုတဲ့ ဆန္ဒတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဆန္ဒက ကျွန်တော့်ရဲ့ ဝိညာဉ်ထဲကနေ ထွက်ပေါ်လာသလိုပဲ။ အဲဒါက..." လဲ့ရှန်းကန်ကျိုသည် ခေတ္တမျှ စကားရပ်သွား၏။

"ဘယ်လိုမျိုးလဲ" အဖိုးအိုသည် ခေါင်းကို လှည့်လိုက်ပြီး လဲ့ရှန်းကန်ကျိုအား စိုက်ကြည့်လိုက်သည်။ သူ ထိုသို့ ပြုလုပ်လိုက်သောအခါ လဲ့ရှန်းကန်ကျို၏ ပတ်ပတ်လည်တွင် မည်သည့်နေရာမှန်းမသိသော လေပြင်းများ သဘာဝအလျောက် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"အဲဒါက... ကျွန်တော်လည်း ဘယ်လို ဖော်ပြရမှန်း မသိပါဘူးဗျာ။ ကျွန်တော် သူ့ရဲ့ အမိန့်တွေကို မဆန့်ကျင်ချင်သလိုမျိုး။ ပြီးတော့ သူ့ရဲ့ စကားလုံးတွေကို ဘယ်တော့မှ သံသယမရှိဘဲ ယုံကြည်ရမယ်ဆိုတဲ့ အသိမျိုး ဖြစ်နေတာပါ" လဲ့ရှန်းကန်ကျိုသည် စိတ်ပျက်စွာ ပြုံးရင်း ခေါင်းကို ငုံ့လိုက်မိသည်။ သူ့နောက်ကွယ်ရှိ လဲ့ရှန်းမိသားစုဝင် ဆယ်ချီခန့်၏ မျက်နှာပေါ်တွင်လည်း ချက်ချင်းပင် တည်ကြည်လေးနက်သော အမူအရာများ ပေါ်ထွက်လာကြသည်။

အဖိုးအိုသည် တိတ်ဆိတ်သွားပြီးနောက် ခေါင်းပြန်လှည့်ကာ လေလံခန်းမအတွင်း ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဆက်လက်ကြည့်ရှုနေတော့သည်။ သူသည် နှလုံးသားထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်၏။ 'မင်းက ငါတို့ရဲ့ မွေးရပ်မြေက လာတဲ့လူတစ်ယောက်လား။ ဒါဆိုရင်တော့ မင်း မာန်နတ်ဘုရားရဲ့ ရုပ်တုကို သေချာပေါက် မှတ်မိနိုင်ရမယ်'

'တကယ်လို့ မင်းက အဲဒီလိုလူဆိုရင်တော့ အားလုံး အဆင်ပြေတာပေါ့။ ဒါပေမဲ့ မင်းက မဟုတ်ဘဲ မာန်မျိုးနွယ်တွေကို ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတာဆိုရင်တော့... မင်းက ယုမိသားစုရဲ့ ဧည့်သည်တော်တစ်ဦးပဲ ဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းက ယုမိသားစုထဲမှာ မကြာသေးမီကမှ လွတ်မြောက်လာခဲ့တဲ့ ဘိုးဘေးကြီးတွေထဲက တစ်ယောက်ပဲဖြစ်ဖြစ် နေနတ်ဘုရားနဲ့ လနတ်သမီးရဲ့ တမန်တော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီအဖိုးကြီးတွေရဲ့ ကာကွယ်မှုကို ခံထားရတဲ့ မိသားစုကြီး သုံးခုရဲ့ အဖွဲ့ဝင်တစ်ဦးပဲဖြစ်ဖြစ်... မင်း မင်နက်ဂြိုဟ်ပေါ်မှာ သေချာပေါက် သေရလိမ့်မယ်'

'ဒီဂြိုဟ်ပေါ်မှာ လဲ့ရှန်းမိသားစု မလုပ်နိုင်တာ ဘာမှမရှိဘူး' အဖိုးအိုသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ ၎င်းတို့အတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါ တစ်ချက် လက်ခနဲ လင်းလက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ မည်သို့ တွေးနေသည်ကို တစ်စုံတစ်ယောက်သာ သိရှိသွားပါက သေချာပေါက် အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြပေမည်။

ဤအရာသည် ယုမိသားစုအတွင်းရှိ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သော်လည်း သူသည် ယုမိသားစုအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းလင်းစွာ သိရှိနေပေသည်။ မိသားစုဝင် အများစုပင် ဤအကြောင်းကို မသိရှိကြသော်လည်း ထိုအဖိုးအိုကမူ ၎င်းအား အသေးစိတ် ရှင်းလင်းစွာ သိမြင်ထားခြင်း ဖြစ်၏။

သူ၏ နှလုံးသားထဲမှ စကားလုံးများအား ကြည့်ရသလောက် သူသည် မိသားစုကြီး သုံးခုကိုပင် ဂရုမစိုက်သကဲ့သို့ ဖြစ်နေပေသည်။ သို့ဆိုလျှင် မင်နက်ဂြိုဟ်ရှိ ကျင့်ကြံသူများ၏ မျက်စိထဲတွင် လတ်တလောအားဖြင့် အလယ်အလတ်အဆင့် မိသားစုတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသော လဲ့ရှန်းမိသားစုသည် တကယ်ပင် အလယ်အလတ်အဆင့် မိသားစုတစ်ခုမျှသာ ဟုတ်သည်လော။

အဖိုးအိုသည် အတွေးနက်နေစဉ် ပုံရိပ်ယောင် အလင်းမျက်နှာပြင်ထဲမှ လေလံခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

"ကျွန်မတို့ရဲ့ သခင်လေးက ဒီရုပ်တုကို လိုချင်တယ်လို့ မိန့်ပါတယ်" အလွန်တရာ နားဝင်ချိုလှသော အသံတစ်သံ လေလံခန်းမ အတွင်း၌ ပဲ့တင်ထပ်သွားပြီးနောက် ဂြိုဟ်ပေါ်ရှိ မိသားစုအသီးသီး ပိုင်ဆိုင်သည့် အပေါ်ထပ် သီးသန့်အခန်းများထဲမှ တစ်ခန်းမှနေ၍ အမျိုးသမီးတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသမီးသည် မျက်နှာပေါ်တွင် ပုဝါအုပ်ဆိုင်းထားသော်လည်း ထိုသို့ဖြစ်လင့်ကစား သူမထံတွင် လူတို့၏ နှလုံးသားကို ရင်ခုန်စိတ်လှုပ်ရှားသွားစေနိုင်သည့် အံ့မခန်းလှပသော အလှတရားတစ်ခု ကိန်းအောင်းနေဆဲ ဖြစ်၏။ သူမ လျှောက်လှမ်းထွက်လာသည်နှင့် ထိုနေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ သို့သော် များစွာသော အကြည့်များသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း စုပြုံရောက်ရှိလာခဲ့သည်။

"သလင်းကျောက် ခြောက်သန်း။ ဒါကို သေချာ ထုပ်ပိုးပြီး ကျွန်မကို ပေးပါ"

ထိုလှပသောအမျိုးသမီးမှာ သဘာဝအတိုင်း ယုရိုပင် ဖြစ်ပေသည်။ သူမ၏ မျက်နှာပေါ်တွင် ယဉ်ကျေးသိမ်မွေ့၍ တည်ငြိမ်သော အမူအရာ ရှိနေ၏။ သူမသည် စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားစဉ် သူမ လက်ထဲတွင် သိုလှောင်အိတ် တစ်လုံး ပေါ်ထွက်လာသည်။ သူမသည် ၎င်းကို ညင်သာစွာ ရှေ့သို့ တွန်းလွှတ်လိုက်ရာ ထိုသိုလှောင်အိတ်သည် လဲ့ရှန်းမိသားစုမှ လေလံမှူးရှိရာဘက်သို့ ချက်ချင်း ပျံသန်းသွားတော့သည်။

လေလံပွဲကို ဦးစီးကျင်းပနေသော လဲ့ရှန်းမိသားစုဝင်သည် ခေတ္တမျှ ကြောင်အ,သွားရသည်။ သူသည် သိုလှောင်အိတ်ကို လက်ထဲတွင် ကိုင်မိသည်နှင့် မိမိတို့မိသားစု၏ ဧည့်သည်တော်ဖြစ်သော ဆရာကြီး ဆုန့်ချင်းရှိရာဘက်သို့ ဗီဇအတိုင်း လှည့်ကြည့်လိုက်မိသည်။ ဆုန့်ချင်း၏ မျက်နှာအမူအရာမှာ ထိုအခိုက်အတန့်တွင် အလွန်တရာ တည်ကြည်လေးနက်နေပြီး ထိုအမျိုးသမီးအား စိုက်ကြည့်နေပေသည်။

"ဒါက..." လဲ့ရှန်းမိသားစုမှ ထိုလူသည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။ ထိုအခိုက်အတန့်အတွင်း အပေါ်ထပ်ရှိ အခြားမိသားစုတစ်ခု၏ အခန်းထဲမှနေ၍ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် နောက်ပြောင်ကျီစယ်လိုသော လေယူလေသိမ်းတစ်ခုပင် ပါဝင်နေ၏။

"မိန်းကလေး... ငါက သလင်းကျောက် ခုနစ်သန်းနဲ့ ဝယ်မယ်ကွာ"

"သလင်းကျောက် ရှစ်သန်း" ယုရိုက ခေါင်းကိုပင် မမော့ဘဲ တိုးညှင်းစွာ ဆိုလိုက်သည်။

"ဟားဟား... ကောင်းပြီလေ၊ ဒါဆို ငါက ကိုးသန်းနဲ့ ဝယ်မယ်" ထိုပျင်းရိငြီးငွေ့ဖွယ် အသံထဲတွင် ရယ်မောသံများ ပါဝင်နေသော်လည်း ၎င်းအတွင်း၌ ရာဂစိတ်အချို့ ကိန်းအောင်းနေပြီး လေထုထဲတွင် အေးအေးလူလူ ပဲ့တင်ထပ်သွားသည်။

ထိုသို့ ဈေးပြိုင်ပေးလိုက်သည်နှင့် လေလံခန်းမအတွင်းရှိ ကျင့်ကြံသူများသည် ချက်ချင်းပင် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုနေသည့်အလား အမူအရာများ ပြသလာကြတော့သည်။ ရံဖန်ရံခါ အချို့လူများသည် ထိုလူ၏အသံ ထွက်ပေါ်လာရာ အခန်းဆီသို့ ခေါင်းမော့၍ လှည့်ကြည့်မိကြသော်လည်း လှည့်ကြည့်မိသူတိုင်းသည် ချက်ချင်းပင် မျက်နှာအမူအရာများ ပျက်ယွင်းသွားကြပြီး ခေါင်းကို ပြန်လည်ငုံ့လိုက်ကြရသည်။

"ရေနက်မြို့တော်မှာ ငါ ထိုက်ချီယုံကို ဈေးပြိုင်ရဲတဲ့လူဆိုတာ အလွန်ပဲ ရှားပါတယ်။ မဆိုးဘူး မိန်းကလေး။ ငါ သလင်းကျောက် ဆယ်သန်း ပေးမယ်။ ဒါပေမဲ့ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါရစေ။ တကယ်လို့ မင်းက သလင်းကျောက် ဆယ့်ငါးသန်း ပေးမယ်ဆိုရင်တော့ ငါ မင်းနဲ့ ထပ်ပြီး ဈေးမပြိုင်တော့ဘူး" ပျင်းရိငြီးငွေ့ဖွယ် အသံထံမှ ရယ်မောသံများသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေဆဲ ဖြစ်၏။

သူ၏ စိန်ခေါ်မှုကို တုံ့ပြန်လိုက်သော အရာမှာ ယခုအခါ၌ စူးရှအေးစက်လှသော အငွေ့အသက်များ ပါဝင်နေသည့် ယုရို၏ ညင်သာသော အသံပင် ဖြစ်ပေသည်။ သူမသည် ခေါင်းကိုပင် မမော့ဘဲ ထိုသူအား လုံးဝ လျစ်လျူရှုထားသည့်အလား ဆိုလိုက်၏။ "သလင်းကျောက် သန်းနှစ်ဆယ်"

ထိုသို့ ဈေးပြိုင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေလံခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။

"ကောင်းပြီလေ၊ ငါ မင်းရဲ့သခင်ကို အဲဒီရုပ်တု ပေးလိုက်ပါ့မယ်။ ဈေးနှုန်းကတော့ သလင်းကျောက် သန်းနှစ်ဆယ်နဲ့... မင်းပဲ။ သလင်းကျောက်တွေနဲ့ အဲဒီမိန်းကလေးကို ငါ့ဆီ ယူလာခဲ့စမ်း။ ငါ ဒီနေရာမှာတင် သူ့ကို အရသာခံကြည့်ရမယ်" သူ၏ ရယ်မောသံ လေထုအတွင်း ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် အပေါ်ထပ် အခန်းတစ်ခန်းထဲမှနေ၍ စူးရှလှသော လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူရိပ်နှစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ယုရိုရှိရာဘက်သို့ တည့်တည့်မတ်မတ် ပြေးဝင်လာကြတော့သည်။

အခန်း ၈၈၄ ငါ လဲ့ရှန်းရှုကို တွေ့ချင်တယ်

စုမင်သည် မိမိအခန်းတွင်းရှိ ပုံရိပ်ယောင်နံရံဘေးတွင် မတ်တတ်ရပ်နေပေသည်။ သူသည် အခန်းထဲမှ ထွက်ခွာ၍ လေလံခန်းမကြီးအတွင်းသို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လှမ်းရန် လိုအပ်သည်။ ယခင်က ယုရိုသည်လည်း ထိုနည်းအတိုင်း အပြင်သို့ လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်၏။

သူသည် ခန်းမအတွင်းရှိ မုန်တိုင်းထန်နေသော အခြေအနေအား ကြည့်လိုက်ပြီး ယုရို ဈေးပြိုင်ပေးနေသည်ကို ကြည့်ကာ ပျင်းရိငြီးငွေ့ဖွယ်အသံက သူမအား ကျီစယ်နေသည်ကို နားထောင်ရင်း ထိုလူ့အသံထွက်ပေါ်ရာမှ ပျံသန်းထွက်ပေါ်လာသော လူရိပ်နှစ်ခုကိုပင် မြင်တွေ့လိုက်ရသည်။

ဤအရာအားလုံးမှာ သူ မကြာသေးမီက ပြောဆိုခဲ့သော စကားတစ်ခွန်းကြောင့်သာ ဖြစ်ပေသည်။

"ငါ အဲဒီရုပ်တုကို လိုချင်တယ်"

လေလံခန်းမအတွင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသော်လည်း စုမင်ကမူ အခန်းတွင်း၌ ဆက်လက်မတ်တတ်ရပ်ကာ ပြင်ပမှ အရာအားလုံးကို ကြည့်ရှုနေဆဲ ဖြစ်သည်။

လူရိပ်နှစ်ခုသည် လေလံခန်းမအတွင်းရှိ ယုရိုထံသို့ တိုးကပ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်ထံမှ ကြီးမားလှသော စွမ်းအားများ ဝုန်းဒိုင်းကြဲ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့် ရှိသူများ၏ စွမ်းအားဖြစ်ပြီး သူတို့သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနေသော သောင်းကျန်းသူ နဂါးနှစ်ကောင်ကဲ့သို့ ယုရိုထံသို့ တိုးကပ်သွားကြသည်။

သူတို့၏ အရှိန်အဝါအရ ယုရိုအား အရှင်ဖမ်းဆီးရန်မှာ အလွန်တရာ လွယ်ကူသော ကိစ္စတစ်ခုဟု ထင်ရပေသည်။ မည်သို့ဆိုစေ သူတို့၏ အာရုံခံစားမှုအရ ယုရိုသည် ကမ္ဘာ့မြေပြင် နယ်ပယ် ကနဦး အဆင့်မျှသာ ရှိသေးသောကြောင့် ဖြစ်၏။

စုမင် ဘေးတွင် မတ်တတ်ရပ်နေသော ယုချန်ဟိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ကူညီချင်သော်လည်း စုမင်၏ မျက်နှာပေါ်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိသည်အား မြင်သောအခါ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ အံကိုကြိတ်ကာ နံရံအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

ယုချန်ဟိုင်သည် ယုမိသားစုအတွင်းရှိ သူ၏ အဆင့်အတန်းကြောင့် သော်လည်းကောင်း သူ၏ ဖော်ရွေသော စိတ်နေသဘောထားကြောင့် သော်လည်းကောင်း မင်နက်ဂြိုဟ်ပေါ်တွင် သူနှင့် ရင်းနှီးသူ အမြောက်အမြား ရှိပေသည်။ သူ ပေါ်လာသည်နှင့် ထိုနေရာရှိ လူအုပ်ထဲမှ အချို့သောလူများသည် သူ့ကို ချက်ချင်း မှတ်မိသွားကြသည်။

"အဲဒါ ယုချန်ဟိုင်ပဲ"

"ဪ... ဒါဆိုရင် အဲဒီမိန်းကလေးက ယုမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပေါ့။ စိတ်ဝင်စားဖို့ကောင်းလာပြီ။ အဲဒီမိန်းကလေးက တကယ့်ကို လှတာပဲ။ သူက သေချာပေါက် ယုချန်ဟိုင်ရဲ့ အစေခံမိန်းကလေး ဖြစ်ရမယ်။ ဒါပေမဲ့ သူတို့က ရူးနေတာလား။ ထိုက်ချီမိသားစုက လူကို ဘာလို့ သွားပြီး ရန်စရတာလဲ"

"အလယ်အလတ်အဆင့် မိသားစုတစ်ခုနဲ့ မင်နက်ဂြိုဟ်ရဲ့ အကြီးမားဆုံး မိသားစုကြီး တစ်စုကြားက ကွာခြားချက်က မိုးနဲ့မြေလိုပဲ။ ယုချန်ဟိုင် မပေါ်လာသင့်ဘူး။ ဟူး... ရာဂစိတ်က အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကွယ်စေတယ်ဆိုတာ တကယ် မှန်တာပဲ"

ဝုန်း...

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်သံ လဲ့ရှန်းမိသားစု၏ လေလံခန်းမအတွင်း၌ ချက်ချင်းပင် ပဲ့တင်ထပ်သွားပြီးနောက် လေလံခန်းမ တစ်ခုလုံးကို အဆက်မပြတ် တုန်ခါသွားစေကာ ကြားရသူများအား ခေတ္တမျှ နားအူသွားစေသည်။ ထိုပဲ့တင်သံများ၏ အလယ်တွင် ထိုနေရာရှိ လူများသည် ဘေးသို့ အလျင်အမြန် ဖယ်ရှားပေးလိုက်ကြ၏။

ထိုသို့ ဖယ်ရှားပေးစဉ်မှာပင် ယုရိုထံသို့ ပြေးဝင်သွားသော ကျင့်ကြံသူနှစ်ဦးစလုံးသည် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ တစ်ချိန်တည်းမှာပင် သွေးအန်သွားကြသည်ကို အံ့ဩတုန်လှုပ်စွာ ရှာဖွေတွေ့ရှိလိုက်ကြသည်။ သူတို့သည် နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားပြီး ဘေးဘက်ရှိ နံရံဆီသို့ တည့်တည့်မတ်မတ် တိုက်မိသွားကြတော့သည်။ သူတို့၏ မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှ သွေးများ စီးကျနေပြီး အလွန်တရာ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားကြ၏။ သူတို့၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုများနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေသည်။

အမှန်စင်စစ် ကူညီရန် ပြင်ဆင်နေသော ယုချန်ဟိုင်ပင်လျှင် လေထုထဲ၌ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားရသည်။ သူသည် ယုရိုက စင်မြင့်ပေါ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး မကြာသေးမီက မြှောက်ထားခဲ့သော သူမ လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်အား မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

သူမသည် မိမိ၏ လက်မောင်းကို မြှောက်ကာ တစ်ချက်မျှသာ ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သော်လည်း ဤအရာတစ်ခုတည်းကပင် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့် ရှိသော ကျင့်ကြံသူ နှစ်ဦးအား သွေးအန်ကာ ပြင်းထန်သော ဒဏ်ရာများဖြင့် နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့် ရှိသူများ၏ စွမ်းအားလှိုင်း တစ်လှိုင်းသည် သူမ၏ ခန္ဓာကိုယ်ထံမှ မထင်မရှား ပျံ့လွင့်ထွက်ပေါ်လာပြီး ကြီးမားလှသော ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤဖိအားအောက်တွင် ပတ်ဝန်းကျင်ရှိ လူများသည် အသက်ရှူရပ်မတတ် ဖြစ်သွားကြရပြီး ထိုက်ချီမိသားစုမှ ကျင့်ကြံသူနှစ်ဦးမှာ ပို၍ ဆိုးရွားလှပေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ထိုဖိအားအောက်တွင် နံရံ၌ ကပ်ငြိနေပြီး ၎င်းထံမှ ရုန်းထွက်နိုင်ခြင်း မရှိကြချေ။

ထိုနေရာတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ ဤမြင်ကွင်းက သူတို့၏ မျှော်လင့်ချက်အားလုံးကို ကျော်လွန်သွားခဲ့၏။

ယုရိုက ခေါင်းကိုမော့ကာ စုမင် ရှိနေသည့် အခန်း၏ ပုံရိပ်ယောင်နံရံဆီသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ သူသည် ထိုနံရံ၏ နောက်ကွယ်မှနေ၍ သူမ၏ အကြည့်ကို ဆုံလိုက်၏။

"သူတို့ကို သတ်လိုက်" သူက အေးစက်စွာ ဆိုလိုက်သည်။ သူ၏ အသံမှာ နံရံကို ဖြတ်ကျော်ကာ လေလံခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအခိုက်အတန့်ကျမှသာ လေလံပွဲအတွင်းရှိ လူပေါင်းထောင်ချီသော ကျင့်ကြံသူများသည် ယုချန်ဟိုင်က ဦးဆောင်သူ မဟုတ်သလို ထိုလှပသောအမျိုးသမီး၏ သခင်လည်းမဟုတ်ကြောင်း သဘောပေါက်လိုက်ကြတော့သည်။ ထိုအမျိုးသမီး ပြောဆိုခဲ့သော သခင်လေးမှာ မကြာသေးမီက စကားပြောခဲ့သော လူသာ ဖြစ်ပေသည်။

စုမင် ထိုစကားလုံးများကို ပြောလိုက်သည့် အခိုက်အတန့်တွင် ယုရိုသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း သူမသည် မိမိ၏ သံသယများအား ချက်ချင်း ဖိနှိပ်လိုက်ပြီး ညာလက်ကို မြှောက်ကာ ထိုကျင့်ကြံသူနှစ်ဦးဆီသို့ ညွှန်ပြလိုက်သည်။ ထိုစဉ် ထိုက်ချီမိသားစု ပိုင်ဆိုင်သော အခန်းထဲမှနေ၍ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

"မင်းတို့က ရေနက်မြို့တော်မှာ ထိုက်ချီမိသားစုရဲ့ အစောင့်တွေကို သတ်ရဲတယ် ဟုတ်လား"

ထိုအသံနှင့်အတူ ပြင်းထန်လှသော ကျားတစ်ကောင်ကဲ့သို့ အဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ သူသည် ထိုက်ချီမိသားစု ပိုင်ဆိုင်သော အခန်းထဲမှနေ၍ ခြေတစ်လှမ်းဖြင့် ထွက်လာပြီး ပေါ်လာသည်နှင့် သူ၏ ညာခြေကို မြှောက်ကာ လေထုအား နင်းချလိုက်၏။

ဝုန်းခနဲ အသံနှင့်အတူ နံရံ၌ ကပ်ငြိနေသော ကျင့်ကြံသူနှစ်ဦးသည် ချက်ချင်း တုန်လှုပ်သွားကြသည်။ သူတို့၏ လွတ်လပ်မှု ပြန်လည်ရရှိသွားသည်နှင့် မျက်နှာဖျော့တော့စွာဖြင့် ထိုအဖိုးအိုရှိရာဘက်သို့ ပြေးဝင်သွားကြတော့သည်။

"ထိုက်ချီမိသားစုရဲ့ ဧည့်သည်တော် ယွန်းလုံဟူပါလား"

"သူပဲ... ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ယွန်းလုံဟူ"

ထိုနေရာရှိ ကျင့်ကြံသူများထဲမှ တစ်ဦးက ထိုအဖိုးအိုကို ချက်ချင်း မှတ်မိသွားသည်။ သို့သော် ဤအရာအားလုံးမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ ဖြစ်ပျက်နေခြင်း ဖြစ်၏။ နံရံမှ လွတ်မြောက်လာသော ထိုက်ချီမိသားစုမှ ကျင့်ကြံသူနှစ်ဦး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် အခိုက်အတန့်တွင်ပင် လခြမ်းပုံသဏ္ဌာန် မှောင်မိုက်သော အလင်းတစ်ချက်သည် သူတို့ ဘေးတွင် ချက်ချင်း လင်းလက်သွားတော့သည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ ဒြပ်ရှိပုံသဏ္ဌာန်နှင့် ပုံရိပ်ယောင် အခြေအနေ နှစ်ခုကြားတွင် ရှိနေသော လူရိပ်တစ်ခုက သူတို့၏ ခန္ဓာကိုယ်ဘေးမှ ဖြတ်သန်းသွားခြင်း ဖြစ်ပြီး နာကျင်စွာ အော်ဟစ်သံ စူးစူးရှရှနှစ်သံ ထိုနေရာအတွင်း၌ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအော်ဟစ်သံများကြားတွင် ထိုလူနှစ်ဦး၏ ခေါင်းများသည် ခန္ဓာကိုယ်မှ ပြတ်တောက်သွားကြတော့သည်။ သူတို့၏ ဝိညာဉ်များနှင့် နတ်ဘုရားဝိညာဉ်များမှာ ခြေမှုန်းခြင်းခံလိုက်ရပြီး သူတို့၏ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရသည်။

ထိုက်ချီမိသားစုမှ အဖိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏ မျက်သူငယ်များ ကျုံ့သွားစဉ် စုမင်၏ အခန်းအပြင်ဘက် လေထုထဲ၌ ဝေဝါးသော လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ ထိုလူရိပ်မှာ ကတုံးဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် ဝတ်ရုံခြုံထားသည်။ သူ၏ ဦးရေပြားပေါ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်စားပြု အမှတ်အသားတစ်ခု လင်းလက်နေပေသည်။ ဤလူကား ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်ပင် ဖြစ်ပေသည်။

ဤသည်မှာ ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်က စုမင် ရှေ့မှောက်တွင် သူ၏ စွမ်းအားအပြည့်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခြင်း ဖြစ်၏။ သူသည် ဤကဲ့သို့သော စွမ်းအားမျိုးကို ခဏခဏ မသုံးလိုချေ။ အမှန်စင်စစ် အတိတ်တုန်းက စုမင် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်များတွင် သူသည် စုမင်ကို ခေါ်ဆောင်ကာ အခြားနေရာ တစ်နေရာသို့သာ ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင် တိုက်ခိုက်ခြင်း မရှိခဲ့ချေ။

သို့သော် စုမင်သည် သူ၏ အိစန်းကိုယ်ပွားကို ရရှိပြီးနောက်တွင် ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်သည် သူ့အား အမှန်တကယ် အသိအမှတ်ပြုလိုက်ပြီး သူ့အပေါ်ထားရှိသော သဘောထားမှာလည်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

"ငါ့သခင်က သူတို့ သေရမယ်လို့ ပြောရင် သူတို့ သေကိုသေရမယ်" ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်က ရက်စက်ကြမ်းကြုတ်သော လေယူလေသိမ်းဖြင့် ဆိုလိုက်သည်။ သူ၏ အသံမှာ အက်ရှရှဖြစ်နေပြီး သူ၏ စကားလုံးများထဲတွင် သွေးဆာနေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေကာ အစွမ်းထက်သော စစ်သည်တော်တစ်ဦး၏ အာဏာစက်ရှိလှသည့် သဘောထားကို ပြသနေပေသည်။

ထိုက်ချီမိသားစုမှ ဧည့်သည်တော်အိုကြီး ယွန်းလုံဟူသည် မျက်နှာပျက်ပြတ်လျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဤနေရာမှာ ရေနက်မြို့တော် ဖြစ်ပြီး ထိုက်ချီမိသားစုက ဤနေရာကို အလုံးစုံ ထိန်းချုပ်ထားခြင်း ဖြစ်၏။ မည်မျှပင် အစွမ်းထက်သော စစ်သည်တော်များ ရှိနေပါစေ သူ ကြောက်ရွံ့ခြင်း မရှိချေ။

အမှန်စင်စစ် သူ့နောက်ကွယ်ရှိ အခန်းထဲမှ ထိုပျင်းရိငြီးငွေ့ဖွယ် အသံသည် အေးအေးလူလူပင် ထပ်မံထွက်ပေါ်လာပြန်သည်။

"တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။ ယုမိသားစုက ဘယ်တုန်းကစပြီး ဒီလောက် သတ္တိကောင်းသွားတာလဲ"

ထိုလူ ပြောဆိုလိုက်သည်နှင့် အခန်းထဲမှ လူလေးဦး လျှောက်လှမ်းထွက်ပေါ်လာသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဟန်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်၏။ သူ၏ လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ့အခန်းထဲမှ ထွက်လာသည်နှင့် သူ၏ မျက်လုံးများအတွင်း၌ အေးစက်လှသော အကြည့်တစ်ချက် လင်းလက်သွားသော်လည်း ယုရိုရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်မူ ၎င်းမှာ ရာဂစိတ်အဖြစ် ပြောင်းလဲသွားတော့သည်။

သူ၏ နောက်ကွယ်မှ အဖိုးအို သုံးဦးမှာမူ ဂရုမစိုက်သော မျက်နှာအမူအရာများ ရှိနေကြသည်။ သူတို့၏ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေကြ၏။

ထိုလူငယ် စကားပြောဆိုသောအခါ သူသည် မိမိ၏ အကြည့်ကို ယုရိုထံမှ လွှဲပြောင်းလိုက်ပြီး စုမင်၏ အခန်းနံရံရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူသည် အခြားသူကို မမြင်နိုင်သော်လည်း စုမင်ကမူ သူ့ကို မြင်တွေ့နိုင်ပေသည်။

"မင်းတို့က ထိုက်ချီမိသားစုရဲ့ အစောင့်တွေကို သတ်လိုက်တယ်ပေါ့ ယုမိသားစု။ မင်းတို့ ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။ သုံးရက်ကြာပြီးရင် မင်းတို့ရဲ့ လေလံခန်းမကို ငါ လိုချင်တယ်" လူငယ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ ဘယ်လက်ထဲရှိ ယပ်တောင်ကို ပုတ်ခတ်ကာ ထွက်ခွာတော့မည့်အလား လှည့်ပြန်လိုက်သည်။

စုမင်သည် ပုံရိပ်ယောင်နံရံ၏ နောက်ကွယ်မှနေ၍ လှည့်ထွက်သွားသော ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

'လဲ့ရှန်းမိသားစု မင်းတို့က ငါ့ကို စမ်းသပ်ဖို့ မာန်နတ်ဘုရားရဲ့ ရုပ်တုကို ယူလာခဲ့မှတော့ ငါလည်း မင်းတို့ရဲ့ နှလုံးသားထဲမှာ မာန်မျိုးနွယ်တွေ ရှိနေသေးလား မရှိတော့ဘူးလား ဆိုတာကို စမ်းသပ်ပေးရတာပေါ့'

"ဒီလူတွေကို သတ်လိုက်" သူ့အသံမှာ အလွန်တရာ အေးစက်တည်ငြိမ်လှပေသည်။ သို့သော် ၎င်းသည် နံရံကို ဖြတ်ကျော်ထွက်ပေါ်လာသည်နှင့် ကြားရသူအားလုံး၏ နှလုံးသားထဲ၌ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ မြည်ဟီးသွားတော့သည်။

ထိုလူငယ်ပင်လျှင် အလျင်အမြန် လှည့်ကြည့်လိုက်မိပြီး သူ၏ မျက်လုံးများအတွင်း၌ အစွမ်းထက်၍ အေးစက်လှသော အကြည့်တစ်ခု ပေါ်ထွက်လာသည်။

သူ့နောက်ကွယ်တွင် မျက်လုံးများကို ပိတ်ထားခဲ့ကြသော အဖိုးအို သုံးဦးသည်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများအား ဖွင့်လိုက်ကြတော့သည်။ ထိုအခိုက်အတန့်တွင် ပထမဆုံး စတင်လှုပ်ရှားသူမှာ ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင် ဖြစ်၏။ သူသည် ရက်စက်စွာ ရယ်မောရင်း ရှေ့သို့ တိုးဝင်သွားသည်။

ယုရိုသည်လည်း ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။ သူမ၏ မျက်နှာအမူအရာမှာ ယဉ်ကျေးသိမ်မွေ့နေဆဲ ဖြစ်သော်လည်း သူမသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပေသည်။ သို့သော် သူမ ထိုသို့ ပြုလုပ်မိသော်လည်း သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ထိုလူငယ်ရှိရာဘက်သို့ ပြေးဝင်သွားတော့သည်။

လူငယ်၏ မျက်လုံးများ အတွင်း၌ သတ်ဖြတ်လိုသော စိတ်များဖြင့် ပြည့်နှက်သွားသော်လည်း သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ ယွန်းလုံဟူသည် သူ့ဘေးမှနေ၍ တိုးညှင်းစွာ ဟောက်လိုက်ပြီး ပြေးဝင်လာသော ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်ထံသို့ ပြေးဝင်သွားတော့သည်။ မျက်လုံးဖွင့်လိုက်ကြသော အဖိုးအို သုံးဦးထဲမှ တစ်ဦးမှာ ယုရို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး အခြားတစ်ဦးမှာမူ ဖြစ်ပျက်နေသမျှ အရာအားလုံးကြောင့် အံ့ဩတုန်လှုပ်နေသော ယုချန်ဟိုင်ထံသို့ တိုးကပ်သွားသည်။ ကျန်ရှိနေသော နောက်ဆုံးတစ်ဦးမှာမူ လှုပ်ရှားလိုက်ပြီး စုမင် နေထိုင်ရာ အခန်းနံရံဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်ကာ အတွင်းထဲသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။

ထိုနေရာအတွင်း၌ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာခဲ့သည်။ ယနေ့ လေလံပွဲမှာ ထိုအချိန်တွင် လုံးဝ ရပ်တန့်သွားခဲ့ရပြီ ဖြစ်၏။ ယုမိသားစုနှင့် ထိုက်ချီမိသားစုကြားမှ တိုက်ပွဲမှာ ထိုအခိုက်အတန့်တွင် အရေးအကြီးဆုံး အရာ ဖြစ်လာခဲ့သည်။

ကျင့်ကြံသူများသည် ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မရှိလိုသဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။ အမှန်စင်စစ် ၎င်းတို့ထဲမှ အချို့မှာ လေလံခန်းမထဲမှ ထွက်ခွာရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသော်လည်း သူတို့ နောက်ဆုတ်သွားသည့်အချိန်တွင် ထွက်ပေါက်များကို အလင်းမျက်နှာပြင်တစ်ခုက ပိတ်ဆို့ထားပြီးဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ကြသဖြင့် သူတို့ ထွက်ခွာနိုင်ခြင်း မရှိကြတော့ချေ။

အမှန်စင်စစ် ပို၍ ပါးနပ်သော အချို့လူများသည် လေလံခန်းမအတွင်း၌ ဤကဲ့သို့သော အရာမျိုး ဖြစ်ပျက်နေသော်လည်း လဲ့ရှန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးမျှ ပေါ်မလာသည်ကို ကြာမြင့်စွာကတည်းက သတိပြုမိထားကြသည်။ လေလံမှူးပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီး ဆရာကြီး ဆုန့်ချင်းကိုလည်း မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။

ဤသည်မှာ အလွန်တရာ ထူးဆန်းလှသော ကိစ္စတစ်ခု ဖြစ်ပေသည်။ မည်သို့ဆိုစေ ပုံမှန်အားဖြင့် လေလံခန်းမ တစ်ခန်းအတွင်း၌ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားလာပါက ထိုနေရာကို ပိုင်ဆိုင်သော မိသားစုသည် တိုက်ပွဲကို တားဆီးရန်နှင့် ကိစ္စရပ်အား ဖြေရှင်းရန်အတွက် နှစ်ဖက်စလုံးနှင့် ဆွေးနွေးတိုင်ပင်ရန် ချက်ချင်း ပေါ်ထွက်လာတတ်သောကြောင့် ဖြစ်၏။

ထိုနေရာရှိ လူများ အံ့ဩတုန်လှုပ်နေကြစဉ် ပေါက်ကွဲသံကြီးများမှာ အလွန်တရာ ကျယ်လောင်လာသဖြင့် လေလံခန်းမကြီးပင်လျှင် ထိုအရာကြောင့် စတင်တုန်ခါလာခဲ့ရသည်။

စုမင်၏ အခန်းထဲသို့ မကြာသေးမီက ပြေးဝင်သွားခဲ့သော အဖိုးအိုသည် နံရံအပြင်ဘက်သို့ လွင့်ထွက်လာခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ထံမှ သွေးများ ပန်းထွက်နေစဉ်မှာပင် ၎င်းမှာ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် အလျင်အမြန် ကြေမွ ပျက်စီးသွားတော့သည်။ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်ထွက်လာပြီး ထိုအခိုက်အတန့်တွင် နံရံအပြင်ဘက်သို့ လျှောက်လှမ်းထွက်ပေါ်လာသော လူတစ်ဦးအား စေ့စေ့စိုက်ကြည့်နေမိတော့သည်။

သူသည် ရှည်လျားသော ဆံပင်မီးခိုးရောင်၊ ရှည်လျားသော ဝတ်ရုံဖြူကြီးနှင့် တည်ငြိမ်သော မျက်နှာအမူအရာ ရှိပေသည်။ ဖော်ပြ၍မရနိုင်သော ကြီးမားလှသော ဖိအားတစ်ခု ဝန်းရံလျက် သူသည် နံရံအပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး သူသည်ကား သဘာဝအတိုင်း စုမင်ပင် ဖြစ်ပေသည်။

သူ့ဘေးတွင် ခွေးကြီးနှစ်ကောင် ရှိနေပေသည်။ ၎င်းတို့ထဲမှ တစ်ကောင်မှာ အဝါရောင်ဖြစ်ပြီး အခြားတစ်ကောင်မှာ အနက်ရောင် ဖြစ်၏။ ခွေးဝါကြီးမှာ သူ၏ သွားများကို ဖြဲကာ ဟိန်းဟောက်နေပေသည်။ ဘေးမှ ခွေးနက်ကြီးမှာမူ ခွေးဝါကြီး၏ လုပ်ဆောင်ချက်များကို သတိပြုမိသွားသည်နှင့် ၎င်းအား အတုခိုးကာ သူသည်လည်း သွားများကို ဖြဲ၍ ဟိန်းဟောက်လာခဲ့ပြီး 'ငါက တကယ့်ကို ရက်စက်ပြီး တကယ်ကို အစွမ်းထက်တယ်' ဟု အော်ဟစ်နေသည့်အလား အမူအရာမျိုး ပြသနေတော့သည်။

စုမင်သည် အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။ သူ ပေါ်လာမှုက ထိုနေရာရှိ လူအားလုံးနီးပါးကို သူ၏အပေါ်သို့ မျက်လုံးများ ချက်ချင်း စုပြုံရောက်ရှိသွားစေခဲ့သည်။ သူသည် ထိုလူငယ်ကိုလည်း ကြည့်ခြင်းမရှိသလို အခြားမည်သူ့ကိုမျှလည်း ကြည့်ခြင်းမရှိချေ။ ထို့ပြင် သူသည် ခေါင်းကိုမော့ကာ လေလံခန်းမ၏ အပေါ်ဘက်ရှိ နေရာဆီသို့ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ ပြုံးရင်း လှမ်းကြည့်လိုက်သည်။

သူ၏ ပြုံးယောင်သန်းမှုသည် လဲ့ရှန်းမိသားစု၏ အဖွဲ့ဝင် ဆယ်ချီခန့် မြင်တွေ့နိုင်ရန် ပုံရိပ်ယောင် အလင်းမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သူ့ကို စိုက်ကြည့်လိုက်ကြပြီး သူသည်လည်း သူတို့အား ပြန်လည် စိုက်ကြည့်နေသည့်အလား ခံစားချက်မျိုးပင် ရရှိနေကြရသည်။

အကြီးအကဲဖုန်းသည် အလင်းမျက်နှာပြင်ပေါ်ရှိ စုမင်ကို ကြည့်ကာ သူ၏ မျက်မှောင်အား ဖြည်းညှင်းစွာ ကြုတ်လိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ မရေရာသော အကြည့်တစ်ချက် လက်ခနဲ ဖြတ်ပြေးသွား၏။

"ငါ လဲ့ရှန်းရှုကို တွေ့ချင်တယ်" စုမင်က ထိုအလင်းမျက်နှာပြင်ကို ဖြတ်ကျော်ကာ ပြောဆိုလိုက်ရာ သူ့အသံမှာ လဲ့ရှန်းမိသားစုဝင်များ၏ နားထဲတွင် ဟိန်းထွက်သွားတော့သည်။

All Chapters