အခန်း (၈၈၇-၈၈၈)
Vol. 64 Ch. 887-888
အခန်း ၈၈၇ စတုတ္ထမြောက် မာန်နတ်ဘုရား
စုမင်၏ စကားလုံးများကြောင့် လေလံခန်းမအတွင်းရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာတို့သည် ရုတ်ချည်း ပြောင်းလဲသွားကြကုန်၏။ အထူးသဖြင့် ထိုက်ချီမိသားစုမှ လူငယ်နှင့် ဧည့်သည်တော်အိုကြီးတို့ ဖြစ်ကြပေသည်။ ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်း အမူအရာတို့က အထင်အရှား စွဲထင်နေတော့သည်။
သူတို့ အထင်တွင် စုမင်သည် ယုမိသားစုဝင်တစ်ဦး ဖြစ်ရာ ယခုကဲ့သို့ အရိုအသေပြုခြင်းမှာ ယုမိသားစုနှင့် လဲ့ရှန်းမိသားစုတို့အကြား မဟာမိတ်ပြုခြင်းနှင့် အလားတူနေပေသည်။ ထိုက်ချီမိသားစု၏ အင်အားကြီးမားပုံနှင့်ဆိုလျှင် အလတ်တန်းစားမိသားစု နှစ်ခု မဟာမိတ်ဖွဲ့ခြင်းကို ဂရုစိုက်နေစရာ မလိုသော်လည်း ယခုအခါ ၎င်းတို့နှစ်ဦးစလုံးမှာ လဲ့ရှန်းမိသားစု၏ လေလံခန်းမအတွင်း၌ ရှိနေကြသည် မဟုတ်လော။
"ဪ... ဒီတော့ ဒီမိတ်ဆွေက လဲ့ရှန်းမိသားစုရဲ့ လူဟောင်းဖြစ်နေတာပေါ့။ ဒါက နားလည်မှုလွဲတာပါ။ နားလည်မှုလွဲတာ..."
ယွမ်လုံဟူသည် ချက်ချင်းပဲ ချောင်းဟန့်ချင်ယောင်ဆောင်ပြီး ရယ်မောလိုက်ကာ စုမင်ထံသို့ လက်သီးလက်ဝါးဆုပ် နှုတ်ဆက်လိုက်၏။
"ဒါ ထိုက်ချီမိသားစုရဲ့ အမှားပါ။ ယုမိသားစုနဲ့ လဲ့ရှန်းမိသားစုတို့အနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်..."
ယွမ်လုံဟူသည် အခြေအနေကို အလွန်လျင်မြန်စွာ ရိပ်မိသွားပြီး မိမိကိုယ်ကိုယ် အောက်ကျို့ကာ အခြေအနေကို ပြေလည်အောင် ချက်ချင်းပင် ကြိုးစားတော့သည်။ သူ၏ စိတ်တွင်း၌မူ လဲ့ရှန်းမိသားစုအနေဖြင့် ၎င်းတို့အား သတ်ဖြတ်ရန် ကြိုးစားလိမ့်မည် မဟုတ်ဟု တွေးတောနေမိ၏။ မည်သို့ဆိုစေ ဤမျှနှင့် ရန်ငြိုးဖွဲ့ရခြင်းမှာ မတန်ချေ။
သို့သော်လည်း သူ၏ စကားပင် မဆုံးသေးမီ စုမင်၏ ရှေ့တွင် ရပ်နေသော အကြီးအကဲ ဖုန်းက မျက်မှောင်ကြုတ်လိုက်လေသည်။
"ဆူလိုက်တာ"
သူက အေးစက်စက် လေသံဖြင့် ဆိုလိုက်ရာ ထိုအသံသည် ဟိန်းဟောက်သံကြီး အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ထိုအသံက လေလံခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ယွမ်လုံဟူ၏ နှလုံးသားကို တုန်ခါသွားစေကာ ဆောက်တည်ရာမရ ဖြစ်သွားစေ၏။ သူ၏ မျက်စိ၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်ဆုတ်ခွာသွားရရှာသည်။ ခဏချင်းအတွင်းမှာပင် သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားတော့သည်။
သူ့ဘေးရှိ လူငယ်မှာလည်း ထိတ်လန့်ချောက်ချားဖွယ် အမူအရာဖြင့် ပို၍ပင် ပြင်းထန်စွာ တုန်ရင်နေပေသည်။ ယခုမူ သူ အမှန်တကယ် သွေးပျက်သွားခဲ့ပြီ ဖြစ်၏။ သူ မွေးဖွားလာကတည်းက ဤမျှ ကြောက်ရွံ့ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုရပေမည်။ သူသည် မိမိ၏ လုပ်ရပ်များအတွက် ချက်ချင်းပင် နောင်တကြီးစွာ ရမိသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။ လဲ့ရှန်းမိသားစုက သူ့ကို ဤနေရာတွင် ပိတ်လှောင်ထားရသည့် ရည်ရွယ်ချက်အား သူ မသိသော်လည်း လဲ့ရှန်းမိသားစုအနေဖြင့် ထိုက်ချီမိသားစုကို စစ်ကြေညာဝံ့လိမ့်မည်ဟုမူ သူ မယုံကြည်နိုင်သေးချေ။
"'ကျွန်တော့်ကို ပညာ သင်ကြားပေးခဲ့တဲ့ ဆရာတဲ့လား။ ဒီကျယ်ပြောလှတဲ့ လောကကြီးနဲ့ အဆုံးအစမရှိတဲ့ နဂါးငွေ့တန်းထဲမှာ ငါ့ကို ဒီလိုခေါ်နိုင်တဲ့သူက တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒီလူက မင်းလည်း ဖြစ်နိုင်သလို မင်း မဟုတ်တာလည်း ဖြစ်နိုင်တယ်"
အကြီးအကဲ ဖုန်း၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေဆဲ ဖြစ်သော်လည်း သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံး၌မူ မရေရာမှု အချို့ ဖုံးကွယ်နေပေသည်။ ဤအချက်ကြောင့်ပင် သူသည် စုမင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အပြည့်အဝ မသေချာခြင်း ဖြစ်၏။
ဤအရာမှာ မဖြစ်နိုင်သလောက် နီးပါးပင်။ အကြောင်းမူကား အကယ်၍ စုမင်သည် မာန်မျိုးနွယ်တို့၏ မြေပြင်တွင် သူချန်ထားခဲ့သော အသိစိတ်က ရှာဖွေတွေ့ရှိခဲ့သည့် မျိုးဆက်ဖြစ်ပါက ထိုအခိုက်အတန့်တွင် စုမင်နှင့် သူ ဖြစ်ပေါ်မည့် ဆက်နွှယ်မှုမှာ သေချာပေါက် ပြည့်စုံကွက်တိ ရှိရမည် ဖြစ်သည်။ သို့သော်လည်း သူနှင့် စုမင်အကြား ဆက်နွှယ်မှု ရှိနေသော်ငြား ထိုဆက်နွှယ်မှု အတွင်း၌ သူ၏ ချီစွမ်းအားကိုပင် ဆူပွက်လာစေလောက်သည့် ပြင်းထန်သော ဖိအားတစ်ခု ပါဝင်နေပေသည်။ ဤအရာက အကြီးအကဲ ဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာစေခဲ့သည်။
"စမ်းကြည့်ရင် သိရမှာပေါ့"
စုမင်က အကြီးအကဲ ဖုန်းအား နောက်တစ်ကြိမ် လက်သီး လက်ဝါးဆုပ်ကာ ဦးညွှတ်လိုက်ပြန်သည်။ ထို့နောက် သူသည် ကျောကို မတ်လိုက်ပြီး သူ၏ ညာလက်အား ဖြည်းညှင်းစွာ မြှောက်ကာ တစ်စုံတစ်ခုကို ကိုင်ဆုပ်ထားသကဲ့သို့ လက်ချောင်းများအား အပေါ်သို့ ညွှန်ပြလိုက်၏။
အကြီးအကဲဖုန်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး သူ၏ အပြုံးက ပို၍ပင် ရင်းနှီးနွေးထွေးလာခဲ့သည်။ သူသည်လည်း မိမိ၏ ညာလက်ကို မြှောက်လိုက်ပြီး စုမင် ပြုလုပ်ခဲ့သည့်အတိုင်း ထပ်တူကျသော လှုပ်ရှားမှုများကို ပြုလုပ်လေသည်။ ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။ အထူးသဖြင့် လဲ့ရှန်းမိသားစုဝင်များ ဖြစ်ကြပြီး ၎င်းတို့သည် ထိုမြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။ စုမင်နှင့် အကြီးအကဲ ဖုန်းတို့သည် ပုံစံခွက်တစ်ခွက်တည်းမှ ထွက်လာသည့်အလား ထပ်တူကျသော လှုပ်ရှားမှုများကို ပြုလုပ်နေကြသည်ကို မြင်ရသောအခါ ၎င်းတို့ထဲမှ အများစုမှာ အကြီးအကဲ ဖုန်းက သူ၏ တပည့်နှင့် ပတ်သက်၍ တစ်ခါက ပြောဖူးခဲ့သော စကားများကို ချက်ချင်း သတိရသွားကြတော့သည်။
"နေမင်း အစပျိုးခြင်း"
စုမင်က ခေါင်းကို မော့လိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် သူ၏ ညာလက်အား အပေါ်ဘက် ဟင်းလင်းပြင်သို့ လှမ်း၍ ဆုပ်ကိုင်လိုက်လေသည်။ လေလံခန်းမအတွင်း၌ အဆုံးမရှိသော လေပြင်းမုန်တိုင်းများက မည်သည်ကမှန်းမသိ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ ထိုမုန်တိုင်းများသည် ဟိန်းဟောက်လျက် စုမင်၏ ညာလက်ဆီသို့ အလျင်အမြန် စုစည်းသွားကြကုန်၏။ အောက်ခြေရှိ လူများ လှမ်းကြည့်လိုက်သောအခါ သူ၏ ညာလက်မှာ တိုင်ဖုန်းမုန်တိုင်း၏ မျက်လုံးတစ်လုံးအသွင် ပြောင်းလဲသွားသည့်အလား ရှိနေပေသည်။ လေပြင်းများက သူ့လက်ဝါးပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေပြီး ထိုနေရာမှ ကြီးမားလှသော စွမ်းအားထုကြီး ပျံ့နှံ့ထွက်ပေါ်လာ၏။
"နေမင်း အစပျိုးခြင်း"
အကြီးအကဲ ဖုန်းက ပြုံးရင်း ထိုစကားလုံးနှစ်လုံးကို လိုက်လံရေရွတ်လိုက်ပြီး သူ၏ ညာလက်အား သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်လေသည်။ စုမင်၏ ညာလက်တွင် ရှိနေသော တိုင်ဖုန်းမုန်တိုင်းမျက်လုံးနှင့် ထပ်တူကျသည့် လေဆင်နှာမောင်းတစ်ခုမှာ အကြီးအကဲ ဖုန်း၏ ညာလက်တွင်လည်း ပေါ်ထွက်လာခဲ့၏။ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ချိန်တည်းမှာပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး ချက်ချင်းပင် နီးကပ်သွားကြတော့သည်။
ဝုန်း...
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးက အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် ပဲ့တင်ထပ်သွားတော့သည်။ ထိုသည်ကမူ လူနှစ်ဦးက နေမင်း အစပျိုးခြင်းကို တစ်ပြိုင်နက်တည်း အသုံးပြု၍ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်းပင် ဖြစ်ပေသည်။ ယခင်ခေတ်က လေမာန်မျိုးနွယ်နှင့် ယခုခေတ် လေမာန်မျိုးနွယ်တို့အကြား ပညာချင်း ဖလှယ်ကြသည့် ပွဲတစ်ပွဲ... ထို့အပြင် ပညာအမွေ ပေးအပ်ခဲ့သူက အမွေခံယူသူအား စမ်းသပ်သည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။
ပေါက်ကွဲသံကြီးများကြားတွင် စုမင်သည် နောက်သို့ ခြေလှမ်းရာချီ ဆုတ်ခွာသွားခဲ့ရသည်။ သူ၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းများ ဝင်းခနဲ ဖြစ်သွားပြီး အကြီးအကဲဖုန်းကို ကြည့်ကာ ပေရာပေါင်းများစွာ ကွာဝေးသော နေရာမှ သူ၏ ညာလက်အား မြှောက်လိုက်၏။ ထို့နောက် သူသည် လေလံခန်းမ၏ အပေါ်ဘက် ဟင်းလင်းပြင်ဆီသို့ လက်သီးတစ်ချက် ထိုးသွင်းလိုက်ပြီး ထိုအခိုက်အတန့်တွင်ပင် အပေါ်ဘက်သို့ အလျင်အမြန် ပျံတက်သွားတော့သည်။
စုမင်သည် အပေါ်သို့ ပျံတက်သွားသော်လည်း တည့်တည့်တန်းတန်း တက်သွားခြင်း မဟုတ်ဘဲ စက်ဝိုင်းပုံစံ လှည့်ပတ်ကာ တက်လှမ်းသွားခြင်း ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အကြိမ်ပေါင်းများစွာ လှည့်ပတ်ခဲ့သဖြင့် ဘေးလူများအနေဖြင့် မည်မျှရှိသည်ကိုပင် မရေတွက်နိုင်တော့ချေ။ ထို့အပြင် သူ လှည့်ပတ်နေစဉ် ပြင်းထန်လှသော လေပြင်းများက ကြောက်မက်ဖွယ် ဟိန်းဟောက်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်သို့ စုစည်းကာ စုမင် ရွေ့လျားနေသည့် လမ်းကြောင်းအတိုင်း လိုက်လံလည်ပတ်ကြတော့သည်။
တစ်ချိန်တည်းမှာပင် စုမင် စက်ဝိုင်းတစ်ပတ် ပြည့်တိုင်း ပူပြင်းသော လေလှိုင်းတစ်လှိုင်း ပျံ့နှံ့သွားပြီး လေဆင်နှာမောင်းအတွင်းသို့ ဆွဲသွင်းခံရကာ ဘေးပတ်ဝန်းကျင်သို့ ပြန့်ထွက်သွား၏။ သို့သော်လည်း မကြာမီမှာပင် စုမင် စောစောက လက်သီးဖြင့် ထိုးသွင်းခဲ့သော အပေါ်ဘက် အရပ်မျက်နှာမှ အေးစက်လှသော လေထု အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ ဤအေးစက်သည့် လေထုသည် အောက်ခြေမှ တက်လာသော ပူပြင်းသည့် လေထုနှင့် တွေ့ဆုံမိပြီး လည်ပတ်နေသော လေမုန်တိုင်းကို ဗဟိုပြုကာ လေလှိုင်းတစ်လှိုင်းက အပေါ်သို့ တက်လှမ်းသွားပြီး အခြားတစ်လှိုင်းက အောက်သို့ သက်ဆင်းလာလေသည်။ ၎င်းတို့နှစ်လှိုင်း ထိပ်တိုက်တွေ့ဆုံမိသောအခါ လေမုန်တိုင်းက ဟိန်းဟောက်သွားပြီး တစ်ပြိုင်နက်တည်းမှာပင် စုမင်က ဆိုလိုက်တော့သည်။
"လမင်း... သင်္ဂြိုဟ်ခြင်း"
အကြီးအကဲဖုန်းက နှလုံးသားအောက်ခြေမှ လာသော ဝမ်းမြောက်မှုမျိုးဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူသည် မိမိ၏ ဘယ်လက်ကို မြှောက်ကာ ခေါင်းပေါ်တွင် သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်ရာ ဘယ်လက်ရှိရာ အပေါ်ဘက် အရပ်၌ အေးစက်သော လေမုန်တိုင်းများ ပျံ့နှံ့သွား၏။ တစ်ချိန်တည်းမှာပင် သူ၏ ညာလက်ကို အောက်သို့ ဝေ့ယမ်းလိုက်ရာ ညာလက်ထံမှ ပူပြင်းသော လေထုက ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်နှစ်ဖက်ကို ပေါင်းစပ်လိုက်သည့် အခိုက်အတန့်တွင် ပူပြင်းသော လေနှင့် အေးစက်သော လေတို့သည် အချင်းချင်း ယှက်နွှယ်သွားကြပြီး လေမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
"မင်းရဲ့ လမင်း သင်္ဂြိုဟ်ခြင်းက စံမမှီသေးဘူး။ မင်းက အခြေခံလောက်ပဲ တတ်သေးတာ။ အနှစ်သာရကို နားမလည်သေးဘူး။ ကြည့်ရတာ မင်း ကျင့်ကြံခြင်းကို သေချာ အာရုံမစိုက်ခဲ့ပုံပဲ"
အကြီးအကဲဖုန်းက သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ လေပြင်းများက ကျယ်လောင်စွာ ဟိန်းဟောက်လျက် ထွက်ပေါ်လာ၏။
"သေချာကြည့်ထား။ ဒါကမှ စစ်မှန်တဲ့ လမင်း သင်္ဂြိုဟ်ခြင်းကွ"
အကြီးအကဲဖုန်းက လက်နှစ်ဖက်ကို ရုတ်ချည်း ခွဲထုတ်လိုက်ရာ ထိုသို့ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ လက်နှစ်ဖက်ကြားတွင် လျင်မြန်စွာ လည်ပတ်နေသော လေလုံးကြီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ သူက ထိုလေလုံးကို ရှေ့သို့ တွန်းလွှတ်လိုက်ရာ ၎င်းသည် စုမင်ထံသို့ ချက်ချင်း ပြေးဝင်သွားပြီး စုမင်၏ လမင်း သင်္ဂြိုဟ်ခြင်းကြောင့် ဖြစ်ပေါ်နေသော လေမုန်တိုင်းနှင့် ထိပ်တိုက် တိုးတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲသံ သုံးချက်က လေလံခန်းမ တစ်ခုလုံးကို တုန်ခါသွားစေ၏။ အသံတစ်ချက် ထွက်ပေါ်လာတိုင်း စုမင်သည် နောက်သို့ ပေရာချီ၍ ဆုတ်ခွာသွားရရှာသည်။ သူ၏ လမင်း သင်္ဂြိုဟ်ခြင်းမှ ဖြစ်ပေါ်လာသော လေပြင်းများမှာ အပြည့်အဝ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်၏။ အကြီးအကဲဖုန်း တွန်းလွှတ်လိုက်သော လေလုံးသည် စုမင်၏ ပတ်ဝန်းကျင်ရှိ လေမုန်တိုင်းအားလုံးကို လုံးဝ ဖျက်ဆီးပစ်ပြီးနောက် စုမင်အနားသို့ တိုးကပ်သွားလေသည်။
သို့သော် ကြည့်ရသည်မှာ ၎င်းသည် စုမင်အား ဒဏ်ရာရစေရန် ရည်ရွယ်ပုံမရချေ။ အဆုံးတွင်မူ ၎င်းသည် စုမင်၏ မျက်ခုံးနှစ်ခုအကြားသို့ ထိတွေ့မိသောအခါ အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။ ဤအရာမှာ သေချာပေါက် စုမင်အပေါ် ထားရှိသော အကြီးအကဲဖုန်း၏ အနည်းငယ်သော ပြစ်ဒဏ်ပေးမှု ဖြစ်ပေသည်။ အကြောင်းမူကား သူသည် စုမင်၏ လေခွဲဖြာခြင်း ပညာ သုံးမျိုးအပေါ် အနည်းငယ် မကျေနပ်သောကြောင့် ဖြစ်၏။ ကြီးသူက ငယ်သူအား ကျင့်ကြံခြင်းတွင် သေချာ အာရုံမစိုက်သည့်အတွက် ဆုံးမပဲ့ပြင်သည့် အလားပင် ဖြစ်ပေသည်။
စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားခဲ့၏။ သူသည် လေမာန်မျိုးနွယ် ဖြစ်သော်လည်း သူ၏ အခြားသော အဆင့်အတန်းမှာ စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်ပေသည်။ ထို့အပြင် စကြဝဠာ ကောင်းကင်နှင့် မြေကြီးအကြား တည်ရှိသော အိစန်းကိုယ်ပွား ဖြစ်သလို အသူရာ ဖန်ဆင်းရှင်များ၏ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်ပေသေးသည်။
လေမာန်မျိုးနွယ်ဟူသော အဆင့်အတန်းမှလွဲ၍ သူ၏ အခြားသော ဂုဏ်ပုဒ်များက ထိုလေလုံးကို မိမိ၏ မျက်ခုံးအစပ်သို့ လာရောက်ထိတွေ့ခြင်းအား ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် သူ၏ မျက်လုံးများ တောက်ပလာစဉ် စုမင်သည် နောက်သို့ ထပ်မံဆုတ်ခွာခြင်း မပြုတော့ပေ။
ထိုအစား လေလုံးသည် သူ့အနားသို့ တိုးကပ်လာသည့် အခိုက်အတန့်တွင် သူ၏ မျက်ဝန်းများထဲ၌ နေ၊ လနှင့် ကြယ်တာရာတို့သည် ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး ထိုနှင့်အတူ နတ်ဘုရားအနှစ်သာရ မှော်သင်္ကေတ အမြောက်အမြားလည်း ထွက်ပေါ်လာ၏။ ၎င်းတို့ ပေါင်းစပ်သွားကြသောအခါ စုမင်က သူ၏ ကြယ်၊ နေ၊ လ ပုံရိပ်ယောင် အတွင်းသို့ ပေါင်းစပ်ထားသော ကောင်းကင်ဘုံ တာအို တံခါးသုံးပေါက်မှ ဆန်းကြယ်သည့် စွမ်းအားကို လှုံ့ဆော်ပေးလိုက်တော့သည်။
"သာမန် အခြေအနေမျိုးမှာဆိုရင် ကျွန်တော်က လေခွဲဖြာခြင်းကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းရည် အကူအညီနဲ့ဆိုရင်တော့ လေခွဲဖြာခြင်းနဲ့ ဆင်တူတဲ့ အခြား ပညာတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မယ်"
စုမင်က ထိုစကားလုံးများကို တည်ငြိမ်စွာ ဆိုလိုက်သည့်အချိန်မှာပင် သူ၏ မျက်လုံးများထဲရှိ နေနှင့် လတို့သည် တောက်ပလှသော အလင်းရောင်ခြည်များဖြင့် လင်းထိန်သွားတော့သည်။
စုမင် ရှိရာ နေရာမှ ပေါက်ကွဲသံကြီး တစ်သံ ကောင်းကင်ယံသို့ အဟုန်ပြင်းစွာ တက်လှမ်းသွားတော့သည်။ နေနှင့် လတို့ထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ ခြေဖဝါးအောက်တွင် ကြယ်တာရာများ ပေါ်ထွက်လာစဉ် လေလံခန်းမအတွင်းရှိ ထောင်ပေါင်းများစွာသော လူအားလုံး၏ နှလုံးသားထဲတွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများကို ကြားလိုက်ကြရလေသည်။ သူတို့၏ အမြင်အာရုံသည် ချက်ချင်းပင် ဝေဝါးသွားပြီး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ခံစားလိုက်ရကာ သူတို့အားလုံးသည် အခြားသော နယ်ပယ်တစ်ခုခုထဲသို့ အတင်းအဓမ္မ မောင်းထည့်ခြင်း ခံလိုက်ရသည်ဟု ထင်မှတ်သွားကြ၏။
သူတို့ မြင်တွေ့လိုက်ရသော ကမ္ဘာများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ ထိုကမ္ဘာများသည် သူတို့တစ်သက်တွင် အမှတ်ရရန် အလိုမရှိဆုံးသော အတိတ် မှတ်ဉာဏ်များပေါ်တွင် အခြေခံထားခြင်း ဖြစ်ပေသည်။ သို့သော်လည်း လူတိုင်းမှာ ထိုအရာထဲသို့ စီးမျော သက်ဆင်းသွားခြင်းကို မတားဆီးနိုင်ကြတော့ချေ။
"ကြယ်၊ နေ၊ လ ပုံရိပ်ယောင်... လေခွဲဖြာခြင်း"
စုမင်က တိုးညှင်းစွာ ဆိုလိုက်၏။ ထိုအခိုက်အတန့်တွင် သူ့ရှေ့မှောက်ရှိ လေလုံးသည် ရုတ်ချည်း တန့်သွားပြီး သူနှင့် လက်မ အနည်းငယ် အကွာ၌ပင် ရပ်တန့်သွားတော့သည်။ သို့သော် ထိုလက်မအနည်းငယ်မျှသော အကွာအဝေးသည် ကမ္ဘာကြီးနှစ်လုံးကို ပိုင်းခြားထားသည့် ကြီးမားလှသော ချောက်နက်ကြီး တစ်ခုအသွင် ပြောင်းလဲသွားသည့်အလား ရှိနေပြီး လေမုန်တိုင်းမှာ ထိုချောက်နက်ကို မည်သို့မျှ ဖြတ်ကျော်နိုင်ခြင်း မရှိတော့ချေ။
စစ်မှန်သော လေခွဲဖြာခြင်း ဆိုသည်မှာ စိတ်ကူးတစ်ချက်ဖြင့် မိမိတည်ရှိရာ စကြဝဠာအတွင်းရှိ နဂါးငွေ့တန်း တစ်ခုလုံးကို လေကင်းမဲ့သွားစေရန် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။ အကြောင်းမူကား သူကိုယ်တိုင်ကသာ လေကို ဖန်တီးပေးနိုင်သူ ဖြစ်သောကြောင့်တည်း။ သူသည် ကမ္ဘာတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သူ ဖြစ်၏။ စုမင်အနေဖြင့် ဤအရာကို မပြုလုပ်နိုင်သော်လည်း ကြယ်၊ နေ၊ လ ပုံရိပ်ယောင် နှင့် ကောင်းကင်ဘုံ တာအို တံခါးသုံးပေါက်မှ ဆန်းကြယ်သော စွမ်းအားတို့ ပေါင်းစပ်မှုဖြင့် ပုံရိပ်ယောင် ကမ္ဘာတစ်လုံးကို ဖန်တီးနိုင်ခဲ့ပေသည်။ ထိုကမ္ဘာမှာ သဘာဝအတိုင်း ပုံရိပ်ယောင် သက်သက်မျှသာ ဖြစ်ပြီး ထိုပုံရိပ်ယောင် ထဲတွင်မူ သူသည် လေမရှိစေရန် ပြုလုပ်နိုင်ပေသည်။
အကယ်၍ ဤမျှသာ ဆိုပါက ၎င်းသည် ပုံရိပ်ယောင် သက်သက်သာ ဖြစ်နေဦးမည်ဖြစ်ပြီး အရာရာတိုင်းမှာ အတုအယောင်သာ ဖြစ်ပေမည်။ သို့သော်လည်း ကောင်းကင်ဘုံ တာအို တံခါးသုံးပေါက် အတွင်း၌ ကိန်းဝပ်နေသော စွမ်းအားမှာ ယနေ့တိုင် စုမင်အနေဖြင့် အပြည့်အဝ နားမလည်နိုင်၊ မတတ်မြောက်နိုင်သေးသော အရာဖြစ်၏။ ၎င်းမှာ ပုံရိပ်ယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲပေးနိုင်ပြီး စိတ်ကူးယဉ်အား လက်တွေ့အဖြစ်သို့ ဖန်တီးပေးနိုင်သော ဆန်းကြယ်သည့် စွမ်းအားထုကြီး ဖြစ်ပေသည်။
ထို့ကြောင့်ပင် စုမင်၏ ပုံရိပ်ယောင်မှာ လုံးဝဥဿုံ အတုအယောင် မဟုတ်တော့ဘဲ လက်တွေ့ဆန်သော အငွေ့အသက်အချို့ ကိန်းဝပ်နေခြင်း ဖြစ်၏။ ထိုပုံရိပ်ယောင်သည် အစစ်လော၊ အတုလောဟူသည်ကို ဆုံးဖြတ်ပေးမည့် အဓိကအချက်မှာ စုမင် မဟုတ်ချေ။ ထိုပုံရိပ်ယောင် နယ်ပယ်အတွင်း ရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော လူများသာ ဖြစ်ပေသည်။ ဤနေရာရှိ လူအများစုက ထိုပုံရိပ်ယောင်ကို အစစ်အမှန်ဟု ယုံကြည်နေသရွေ့ ၎င်းသည် သေချာပေါက် အစစ်အမှန် ဖြစ်လာပေမည်။ ဤအရာအားလုံးမှာ နက်နဲဆန်းကြယ်လွန်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် စုမင်ကိုယ်တိုင်ပင်လျှင် ဤပညာကို နားလည်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး သူ ဤပညာကို အမှန်တကယ် ထုတ်ဖော်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုရပေမည်။
စုမင်သည် ဤပညာကို အချိန်အကြာကြီး မသုံးစွဲနိုင်ချေ။ ဤအရာမှာ တိုက်ဆိုင်မှုသက်သက်လော သို့မဟုတ် ဆင်မင်းကို ချိန်တွယ်သော မိစ္ဆာဝိညာဉ် ပြောခဲ့ဖူးသည့် စကားအတိုင်းလော မသိပေမည့် စုမင်အနေဖြင့် ဤပညာအား အသက်ရှိုက်စာ သုံးကြိမ်မျှသာ ထုတ်ဖော်နိုင်ပေသည်။
အသက်ရှိုက်စာ သုံးကြိမ်မျှသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ လူတိုင်း၏ မျက်စိရှေ့မှောက်ရှိ ကမ္ဘာကြီးများမှာ ရိုက်ခွဲခြင်း ခံလိုက်ရသည့်အလား ပျက်စီးသွားပြီး အရာရာတိုင်း မူလအတိုင်း ပြန်လည်ရောက်ရှိသွားသောအခါ လူအများစု၏ မျက်နှာပေါ်တွင် မိန်းမောတွေဝေခြင်း အမူအရာများ ထင်ဟပ်နေတော့သည်။ အကြီးအကဲဖုန်း တစ်ဦးတည်းသာ မျက်လုံးများ ဝင်းခနဲ ဖြစ်နေ၏။ သူသည် စုမင်ကို စိုက်ကြည့်နေပြီး သူ၏ ရှေ့မှောက်ရှိ လေလုံးမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ငါ လေခွဲဖြာခြင်းရဲ့ အခြားပုံစံတစ်မျိုးကို မြင်တွေ့လိုက်ရပြီ။ မင်း တော်တယ်၊ တကယ့်ကို တော်တယ်။ တာအို လမ်းစဉ်ဆိုတာ အမြဲတမ်း ပုံသေရှိနေတာ မဟုတ်ဘူး။ ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တာပဲ။ ငါ့ရဲ့ အမြင်တစ်ခုတည်းပဲ မှန်တယ်လို့ ငါမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ အကိုက်ညီဆုံး လမ်းစဉ်ကသာ အမှန်ကန်ဆုံး လမ်းစဉ်ပဲ မဟုတ်လား။ မင်း ပြုပြင်ပြောင်းလဲထားတဲ့ ဒီလေခွဲဖြာခြင်းက တကယ့်ကို ကောင်းမွန်လှတယ်"
အကြီးအကဲဖုန်း၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာခဲ့သည်။ ထိုအပြုံးသည် နှစ်ပေါင်းသောင်းချီတိုင်အောင် သူ မခံစားခဲ့ရဖူးသော ကြီးမားလှသည့် ကြည်နူးချမ်းမြေ့မှုများဖြင့် ပြည့်နှက်နေပေသည်။
အကြီးအကဲဖုန်းသည် ပြုံးရင်းနှင့် ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း တည်ကြည်လေးနက်သွားတော့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီး စုမင်ကို အထူးအာရုံစိုက်ကာ ကြည့်ရှုလေသည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လျက် လက်သီး လက်ဝါးဆုပ်ကာ စုမင်အား အလေးအနက် ဦးညွှတ် ဂါရဝပြုလိုက်တော့သည်။
"ကျွန်တော် မာန်မျိုးနွယ်တို့ရဲ့ လေမာန်မျိုးနွယ်က မာန်နတ်ဘုရားကို ဂါရဝပြုပါတယ်။ အရှင်... အရှင်က ဘယ်နှစ်ဆက်မြောက် မျိုးဆက်လဲဆိုတာကို သိခွင့်ရမလား ခင်ဗျာ"
အခန်း ၈၈၈ လဲ့ရှန်းမိသားစု၏ စစ်မှန်သော အင်အား
အကြီးအကဲဖုန်း၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွားပြီး သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် စုမင်အား ဦးညွှတ်လိုက်လေသည်။ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မိန်းမောတွေဝေရာမှ သတိပြန်ဝင်လာကြသော ကျင့်ကြံသူများသည် ချက်ချင်းပင် ဆွံ့အမှင်တက်သွားကြတော့သည်။
မာန်မျိုးနွယ်၊ လေမာန်မျိုးနွယ်၊ မာန်နတ်ဘုရား... ၎င်းတို့သည် ဤစကားလုံးသုံးလုံး၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သေချာမသိကြသော်လည်း အကြီးအကဲဖုန်း၏ တည်ကြည်လေးနက်လှသော အမူအရာအား ကြည့်ခြင်းဖြင့် ဤအရာမှာ သာမန်ကျင့်ကြံသူတစ်ဦး သိခွင့်မရှိသည့် လျှို့ဝှက်ချက်ဖြစ်ကြောင်း ခန့်မှန်းမိကြပေသည်။
ယခုမူ ၎င်းတို့ ကြားလိုက်ရပြီ ဖြစ်သည်။ အနည်းငယ် ဉာဏ်ပြေးသူတိုင်းသည် မသိသင့် မသိထိုက်သော အရာများကို ကြားလိုက်ရသည့်အတွက် မည်သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရမည်အား ချက်ချင်းပင် ရိပ်မိသွားကြတော့သည်။ အမှန်စင်စစ် ကျင့်ကြံသူအချို့သည် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာရန် ကြိုးစားနေကြပြီဖြစ်သော်လည်း လဲ့ရှန်းမိသားစုက လေလံခန်းမတွင် ခင်းကျင်းထားသော ကာကွယ်ရေး မှော်သင်္ကေတကြောင့် ၎င်းတို့ ထွက်ခွာသွားနိုင်ခြင်း မရှိချေ။
အကြီးအကဲဖုန်းက စုမင်အား ဦးညွှတ်လိုက်ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ လဲ့ရှန်းမိသားစုဝင် အားလုံး၏ မျက်နှာအမူအရာတို့သည်လည်း ပြောင်းလဲသွားကြကုန်၏။ ၎င်းတို့သည် လဲ့ရှန်းမိသားစုဝင်များဖြစ်ရာ မိမိတို့ ကျင့်ကြံသော နည်းစနစ်များ၏ သဘောသဘာဝကို သိရှိကြသည်မှာ သဘာဝကျလှပေသည်။ မိမိတို့ မိသားစု၏ နောက်ခံသမိုင်းကြောင်းကိုလည်း နားလည်ကြ၏။ သို့သော်လည်း ၎င်းတို့၏ သွေးသားထဲတွင် ချိတ်ပိတ်စည်းတစ်ခု ရှိနေသောကြောင့် ပြင်ပလူများအနေဖြင့် မည်မျှပင် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းများအား အသုံးပြုပါစေ ၎င်းတို့ထံမှ မည်သည့်အရာကိုမျှ သိရှိနိုင်မည် မဟုတ်ချေ။
ဤလျှို့ဝှက်ချက်သည် လဲ့ရှန်းမိသားစု၏ စည်းမျဉ်းများအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။ နှစ်ပေါင်းများစွာအတွင်း အမှားအယွင်း ရှိခဲ့ဖူးသော်လည်း ထိုအမှားအယွင်း အားလုံးကို အဆုံးသတ်တွင် တိတ်တဆိတ် ဖြေရှင်းခဲ့ကြသည်။ သတ်ဖြတ်ရန် လိုအပ်သူကို သတ်ဖြတ်ပြီး ဖျက်ဆီးရန် လိုအပ်သည်ကို ဖျက်ဆီးပစ်ခဲ့ကြသဖြင့် နှစ်ပေါင်းများစွာတိုင်အောင် လဲ့ရှန်းမိသားစုသည် အခြားသူများ၏ အမြင်တွင် အလတ်တန်းစား မိသားစု တစ်ခုအဖြစ်သာ တည်ရှိနေခဲ့ခြင်း ဖြစ်၏။
အကြီးအကဲဖုန်းက စုမင်အား ဦးညွှတ်ပြီးနောက် လဲ့ရှန်းမိသားစုဝင်များသည် အချင်းချင်း လှမ်းကြည့်လိုက်ကြသည်။ လဲ့ရှန်းကန်ကျို၏ နှလုံးသားမှာ တုန်ခါသွား၏။ သူသည် ယခင်က စုမင် ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် အဘယ်ကြောင့် ဤမျှ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရသည်ကို ရုတ်ချည်း နားလည်သွားတော့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လဲ့ရှန်းမိသားစုဝင်များထဲတွင် စုမင်အား ပထမဆုံး လက်သီး လက်ဝါးဆုပ် ဦးညွှတ်လိုက်သူ ဖြစ်လာခဲ့သည်။
"ကျွန်တော် လဲ့ရှန်းကန်ကျို၊ မာန်နတ်ဘုရားကို ဂါရဝပြုပါတယ်"
"မာန်နတ်ဘုရားကို ဂါရဝပြုပါတယ်"
"ကျွန်တော်တို့ မာန်နတ်ဘုရားကို နှုတ်ဆက်ပါတယ်"
ဤစကားသံများသည် လဲ့ရှန်းမိသားစုဝင်များ၏ နှုတ်ဖျားမှ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ သူတို့၏ အသံများသည် နိမ့်ချည်မြင့်ချည်ဖြင့် လေလံခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် စုမင်၏ မျက်နှာပေါ်မှ အပြုံးများလည်း ပျောက်ကွယ်သွားပြီး ခန့်ညားထည်ဝါသော အမူအရာတစ်ခု ဝင်ရောက်လာခဲ့သည်။ သူသည် ဟင်းလင်းပြင်တွင် ရပ်တန့်လျက် အကြီးအကဲဖုန်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။ ယခုအချိန်တွင် သူသည် လေမာန်မျိုးနွယ် တစ်ဦး မဟုတ်တော့ဘဲ ခန့်ညားထည်ဝါလှသော စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်ပေသည်။
"အကြီးအကဲဖုန်း ထပါ။ ကျွန်တော်က စတုတ္ထမြောက် မာန်နတ်ဘုရားပါ"
စုမင်က တိုးညှင်းစွာ ဆိုလိုက်၏။
အကြီးအကဲဖုန်းသည် ထိုစကားကို ကြားသောအခါ ခေါင်းမော့၍ စုမင်အား ကြည့်လိုက်သည်။ သူ၏ တောက်ပသော မျက်ဝန်းအိမ်ထဲတွင် ကြင်နာတတ်သော အရိပ်အယောင်များနှင့်အတူ နက်ရှိုင်းလှသော သံယောဇဉ်တို့ ထင်ဟပ်နေပေသည်။ စုမင်သည် သူချန်ထားခဲ့သော မျိုးဆက်ဖြစ်ကြောင်း သိရှိခဲ့ရကတည်းက သူသည် စုမင်ကို အသိအမှတ်ပြုခဲ့ပြီး သူ၏ ပညာအမွေအား ဆက်ခံမည့် တစ်ဦးတည်းသော တပည့်ဖြစ်လာမည်ကို သိရှိထားပြီး ဖြစ်၏။
အထူးသဖြင့် ယခင်က စုမင်နှင့် ပတ်သက်၍ သူ အဘယ်ကြောင့် မရေမရာ ဖြစ်ခဲ့ရသနည်းဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ချိန်တွင် ပို၍ပင် ဖြစ်ပေသည်။ ထိုအကြောင်းရင်းမှာ မာန်မျိုးနွယ်တို့၏ မြေပြင်က စုမင်ကို အသိအမှတ်ပြုထားခြင်း၊ မာန်မျိုးနွယ် နဂါးငွေ့တန်း၏ အလိုတော်သည် စုမင်ထံသို့ စုစည်းရောက်ရှိနေခြင်းနှင့် မြောက်မြားစွာသော မာန်မျိုးနွယ်တို့က ၎င်းတို့၏ စိတ်တွင်းမှ မျှော်လင့်ချက်များအား ဤမာန်နတ်ဘုရားအပေါ်၌ ပုံအပ်ထားခြင်းတို့ကြောင့် ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် စုမင်အပေါ် ထားရှိသော သူ၏ သံယောဇဉ်သည် ဂုဏ်ယူဝင့်ကြွားမှုအသွင်သို့ ပြောင်းလဲသွားတော့သည်။
"စတုတ္ထမြောက်တောင် ရောက်နေပြီပေါ့။ ငါ သခင်ကြီးနဲ့အတူ ထွက်ခွာလာခဲ့တာ ဒီလောက်တောင် နှစ်တွေ ကြာသွားခဲ့ပြီလား"
အကြီးအကဲဖုန်းက ခေါင်းကို ခါရမ်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင် လွမ်းဆွတ် တမ်းတမှုများနှင့်အတူ ခံစားချက်အပြည့် ရှိနေပေသည်။ သူသည် ခေါင်းကို ခါရမ်းလိုက်ရင်းနှင့်ပင် မိမိ၏ ညာလက်အား မြှောက်ကာ ဘေးဘက်သို့ ဝေ့ယမ်းလိုက်လေသည်။
"လဲ့ရှန်းမိသားစုဝင်တွေ... ငါ့အမိန့်ကို နာခံကြ။ မှော်သင်္ကေတတွေကို အသက်သွင်းပြီး လေလံပွဲကို တက်ရောက်ခဲ့တဲ့သူ အားလုံးကို သတ်ပစ်ကြစမ်း"
အကြီးအကဲဖုန်းက ထိုစကားလုံးများကို ဆိုလိုက်သောအခါ ကြောက်မက်ဖွယ် သွေးညှီနံ့ အငွေ့အသက်များက ခန်းမတစ်ခုလုံးကို ရုတ်ချည်း ဖုံးလွှမ်းသွားတော့သည်။ လေလံခန်းမအတွင်းရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာတို့သည်လည်း ဆိုးရွားစွာ ပြောင်းလဲသွားကြကုန်၏။
"မင်းတို့..."
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တော့မှ ပြန်မပြောပါဘူးလို့ ငါ ကျိန်ဆိုဝံ့ပါတယ်။ မင်းတို့..."
"မင်းတို့က လဲ့ရှန်းမိသားစု၊ အလတ်တန်းစား မိသားစုသက်သက်ပဲလေ။ ငါတို့ ဒီမှာ ထောင်နဲ့ချီ ရှိတာကို မင်းတို့က ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
ဆူညံသံများက လေထုထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသော်လည်း မကြာမီမှာပင် ထိုအသံများသည် စူးရှလှသော နာကျင်စွာ အော်ဟစ်ညည်းတွားသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လေလံခန်းမအတွင်းရှိ မှော်သင်္ကေတများထံမှ အလင်းတန်းများသည် အဆုံးမရှိ ပြန့်ကားသွား၏။ ပေါက်ကွဲသံကြီးများ ခန်းမအတွင်း ပဲ့တင်ထပ်နေစဉ် လဲ့ရှန်းမိသားစုဝင်များသည် ထိုနေရာရှိ လူအားလုံးကို စတင်၍ သွေးအေးအေးဖြင့် သတ်ဖြတ်ကြတော့သည်။
သို့သော်လည်း လဲ့ရှန်းမိသားစုတွင် လူအင်အား သိပ်မများလှချေ။ သာမန်အားဖြင့်ဆိုလျှင် ၎င်းတို့အနေဖြင့် ဤထောင်ပေါင်းများစွာသော လူများကို သတ်ဖြတ်နိုင်မည် မဟုတ်သော်လည်း မှော်သင်္ကေတများအား အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ထောင်ပေါင်းများစွာသော စွမ်းအားအငွေ့အသက်များက ကောင်းကင်မှ လျင်မြန်စွာ သက်ဆင်းလာခဲ့သည်။ ထိုစွမ်းအား အငွေ့အသက်များသည် ထောင်ပေါင်းများစွာသော လူအသွင်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များတွင် မာန်အမှတ်အသားများ ပျံ့နှံ့နေပေသည်။ သူတို့၏ မျက်လုံးများမှာ အသက်မဲ့နေသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှမူ ကြီးမားလှသော ချီစွမ်းအားများ ပေါက်ကွဲထွက်ပေါ်နေ၏။
အချိန်တိုအတွင်းမှာပင် လေလံခန်းမအတွင်း၌ အဆုံးမရှိသော အော်ဟစ်သံများ လွှမ်းမိုးသွားခဲ့သည်။ ခဏအကြာတွင် ထိုအသံများ ပျောက်ကွယ်သွားသောအခါ ထောင်ပေါင်းများစွာသော ကျင့်ကြံသူအားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။ သွေးများသည် လေလံခန်းမ၏ နေရာတိုင်းနီးပါးကို နီရဲစွာ စွန်းထင်သွားစေတော့သည်။
ဤသတ်ဖြတ်မှုမှာ ရုတ်ချည်းနိုင်လွန်းလှသဖြင့် ထိုက်ချီမိသားစုမှ ဧည့်သည်တော်အိုကြီးနှင့် လူငယ်တို့မှာ လုံးဝ ဆွံ့အမှင်တက်သွားကြရရှာသည်။
"မာန်နတ်ဘုရား... ထိုက်ချီမိသားစုက ဒီလူနှစ်ယောက်ကို ဘယ်လို ကိုင်တွယ်ရမလဲ"
အကြီးအကဲဖုန်းက စုမင်ကို လှမ်းကြည့်လိုက်သည်။
"ဒီနေရာက လဲ့ရှန်းမိသားစုရဲ့ ပိုင်နက်ပဲလေ။ အကြီးအကဲဖုန်း သဘောအတိုင်းသာ ကိုင်တွယ်ပါ"
စုမင်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသော်လည်း ယခုလေးတင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုကြောင့် သူ စိတ်တွင်း၌ တုန်လှုပ်သွားရပေသည်။ အကြီးအကဲဖုန်း၏ သာမန်ကာလျှံကာ သဘောထားနှင့် သွေးချင်းချင်းနီနေသော လေလံခန်းမတို့မှာ သိသိသာသာကြီး ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
"မာန်နတ်ဘုရားကို စော်ကားတဲ့သူမှန်သမျှ အဆုံးစီရင်ရမယ်"
အကြီးအကဲဖုန်းက လှည့်လိုက်ပြီး ထိုက်ချီမိသားစုမှ ဧည့်သည်တော်အိုကြီးနှင့် လူငယ်တို့အပေါ်သို့ သူ၏ အကြည့်ကို ပထမဆုံးအကြိမ်အဖြစ် ကျရောက်စေခဲ့သည်။
ယွမ်လုံဟူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ထိုအခိုက်အတန့်တွင် သူသည် လူငယ်ကို ဆွဲကာ နောက်သို့ ဆုတ်ခွာရန် ပြင်တော့သည်။ သို့သော် သူ စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲဖုန်းက သူ့လက်ကို မြှောက်၍ ရှေ့သို့ ညင်သာစွာ ဝေ့ယမ်းလိုက်၏။
"လဲ့ရှန်းမိသားစု... မင်းတို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ"
"မင်းတို့ ငါ့ကို သတ်ရင် လဲ့ရှန်းမိသားစုလည်း ငါတို့နဲ့အတူ သေရလိမ့်မယ်။ ငါ့မှာ မိသားစုရဲ့ အသက်ကျောက်စိမ်း ရှိတယ်။ ငါ သေတာနဲ့ ငါ လဲ့ရှန်းမိသားစုရဲ့ လေလံခန်းမမှာ အန္တရာယ်ကြုံခဲ့ရတယ်ဆိုတာကို မိသားစုက ချက်ချင်း သိသွားလိမ့်မယ်"
လူငယ်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သို့သော် သူ၏ စကားပင် မဆုံးသေးမီ ထိုအသံသည် သွေးအန်သံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လက်မောင်းတစ်ချက် ဝေ့ယမ်းလိုက်ရုံမျှဖြင့် သူ၏ ပတ်ဝန်းကျင်တွင် အဆုံးမရှိသော လေပြင်းများ ပေါ်ထွက်လာခဲ့သည်။ လေပြင်းများက ကျယ်လောင်စွာ မြည်ဟိန်းလျက် ရွေ့လျားသွားစဉ် ထိုလူငယ်၏ အသားနှင့် သွေးများမှာ ပျောက်ကွယ်သွားပြီး အရိုးစုအဖြစ်သို့ ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။
ထိုက်ချီမိသားစုမှ ဧည့်သည်တော်အိုကြီးမှာမူ ထိုသို့သော အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားအားလုံးကို ပေါက်ကွဲထုတ်ဖော်လိုက်လေသည်။ ကြီးမားလှသော စိမ်းစိုသည့် သစ်လုံးကြီး ကိုးတုံးက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး ပတ်ဝန်းကျင်ရှိ လေပြင်းများအား ခုခံတော့သည်။
သို့သော်လည်း ထိုအရာသည် အသက်ရှိုက်စာ အနည်းငယ်မျှသာ လေပြင်းကို တောင့်ခံနိုင်ခဲ့၏။ အကြီးအကဲဖုန်းက နှာခေါင်းရှုံ့လျက် အေးစက်စွာ ဟန့်လိုက်ရာ စိမ်းစိုသည့် သစ်လုံးကြီး ကိုးတုံးစလုံးသည် တပြိုင်နက်တည်း ကြေမွပျက်စီးသွားတော့သည်။ ထိုအဖိုးအို၏ ခန္ဓာကိုယ်မှာလည်း မိမိ၏ ကံကြမ္မာကို မခံမရပ်နိုင်ဖြစ်စွာ အော်ဟစ်ညည်းတွားရင်း အစိမ်းလိုက် ဆုတ်ဖြဲခြင်း ခံလိုက်ရလေတော့သည်။
ဤမြင်ကွင်းကြောင့် ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားရပေသည်။ ယုရုံကလည်း ထိုမြင်ကွင်းကို အလွန်အာရုံစိုက်ကာ ကြည့်ရှုနေသော်လည်း တစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေခဲ့၏။ အသူရာနဂါးနှင့် ထိပ်ပြောင်ကြိုးကြာတို့မှာမူ တစ်ကောင်က ထိတ်လန့်တုန်လှုပ်နေပြီး အခြားတစ်ကောင်ကမူ မိမိနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ဂရုမစိုက်သော အမူအရာမျိုး ရှိနေပေသည်။
စုမင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲဖုန်းကို လှမ်းကြည့်လိုက်သည်။
"ထိုက်ချီမိသားစုဝင် အားလုံးကို သတ်ပစ်လိုက်တာက လဲ့ရှန်းမိသားစုအပေါ် သက်ရောက်မှု ရှိနိုင်လား"
"စတုတ္ထမြောက် မာန်နတ်ဘုရား... အရှင်က မင်နက်ဂြိုဟ်ကို ရောက်ခါစပဲ ရှိသေးတာဆိုတော့ မသိသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ ကိစ္စမရှိပါဘူး။ အခုခေတ် လဲ့ရှန်းမိသားစုရဲ့ စစ်မှန်တဲ့ အင်အားကို ကြည့်လိုက်ကြရအောင်"
အကြီးအကဲဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ ညာလက်မောင်းကို မြှောက်ကာ ရှေ့သို့ ဝေ့ယမ်းလိုက်၏။ ထိုအခိုက်အတန့်တွင် ပေါက်ကွဲသံကြီးများ ရုတ်ချည်း ထွက်ပေါ်လာပြီး ၎င်းတို့၏ ရှေ့မှောက် ဟင်းလင်းပြင်တွင် ကြီးမားလှသော အလင်းမျက်နှာပြင် ပုံရိပ်ယောင် တစ်ချပ် ပေါ်ထွက်လာကာ လွင့်မျောနေတော့သည်။
ထိုအလင်းမျက်နှာပြင်သည် တုန်ခါတောက်ပလာပြီးနောက် တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာခဲ့သည်။ ရေနက်မြို့တော် တစ်ခုလုံး၏ ကောင်းကင်ယံ မြင်ကွင်း မြေပုံ တစ်ချပ် ပုံပေါ်လာ၏။ ကြီးမားလှသော ရွှံ့နွံတောကြီးနှင့်အတူ မြောက်မြားစွာသော အဆောက်အအုံများနှင့် ၎င်းတို့အကြားရှိ လဲ့ရှန်းမိသားစု၏ လေလံခန်းမကိုပါ မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် လေလံခန်းမတစ်ခုလုံးမှာ အလွန်တိတ်ဆိတ်နေပေသည်။ ထောင်ပေါင်းများစွာသော လူများ၏ ရုပ်အလောင်းများသည် အပြာရောင်အသွင် ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကြကုန်၏။ လဲ့ရှန်းမိသားစုဝင်များမှာမူ နေရာကို စတင်ရှင်းလင်းနေကြပြီး တစ်ခါတစ်ရံတွင် စုမင်နှင့် အကြီးအကဲဖုန်းရှိရာသို့ ခေါင်းမော့၍ လှမ်းကြည့်ကြသည်။ သူတို့အားလုံးသည် တိတ်ဆိတ်စွာဖြင့် နေရာကို ရှင်းလင်းနေကြပြီး သွေးညှီနံ့များမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
စုမင်သည် ထိုအလင်းမျက်နှာပြင်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူသည် လဲ့ရှန်းမိသားစု၏ အင်အားအပေါ် အလွန်ပင် စိတ်ဝင်စားမိပေသည်။ ပထမဆုံးသော မာန်နတ်ဘုရားသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ အာဏာစက်ကို တည်ဆောက်နိုင်ခဲ့ပြီး မာန်မင်းဆက်ကိုပင် ဖန်တီးနိုင်ခဲ့သည် မဟုတ်လော။ ယခုအခါ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မင်နက်ဂြိုဟ်တွင် နှစ်ပေါင်းသောင်းချီတိုင်အောင် ရှိနေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူက အလတ်တန်းစား မိသားစုလေးတစ်ခုကိုသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပါက စုမင်အနေဖြင့် အနည်းငယ် စိတ်ပျက်မိပေမည်။
သို့သော်လည်း အကြီးအကဲဖုန်း၏ လုပ်ရပ်များနှင့် စကားလုံးများကို ကြည့်ခြင်းအားဖြင့် လဲ့ရှန်းမိသားစုသည် ထိုက်ချီ မိသားစုကို လုံးဝ ဂရုမစိုက်ပုံရပေသည်။ အမှန်စင်စစ် ၎င်းတို့သည် မင်နက်ဂြိုဟ်ပေါ်ရှိ မည်သည့်မိသားစုကိုမျှ ဂရုစိုက်နေခြင်း မရှိချေ။
စုမင်သည် ထိုအလင်းမျက်နှာပြင်ကို ခဏမျှ ကြည့်ရှုပြီးနောက် တစ်မြို့လုံးဖြစ်သော ရေနက်မြို့တော်ကြီး တစ်မြို့လုံး ရုတ်ချည်း တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားသည်ကို သတိပြုမိလိုက်သည်။ ကျောက်တံတားများပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ခေါင်းများကို မော့လိုက်ကြကုန်၏။ ဤတိတ်ဆိတ်မှုအတွင်းမှာပင် စုမင်သည် ရေနက်မြို့တော်၏ ဗဟိုချက်မရှိ ကြီးမားလှသောအဆောက်အအုံကြီးထံမှ ထွက်ပေါ်လာသော ခေါင်းလောင်းထိုးသံများကို ကြားလိုက်ရလေသည်။
ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟိန်းလာသည်နှင့်အမျှ ကောင်းကင်ယံသည် ပုံပျက်သွားပြီး ထိုပုံပျက်မှုများကြားတွင် လူရိပ်များ ပေါ်ထွက်လာခဲ့သည်။ ရာသီဥတုက ရုတ်ချည်း ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ လေပြင်းများ တိုက်ခတ်လာကာ ကြီးမားလှသော ဖိအားထုကြီးတစ်ခုသည် ရေနက်မြို့တော်ပေါ်သို့ ဝုန်းခနဲ မြည်ဟိန်းလျက် သက်ဆင်းလာတော့သည်။
မကြာမီမှာပင် ကောင်းကင်၌ လူအများအပြား ထပ်မံပေါ်ထွက်လာပြီး တိမ်တိုက်များကြားတွင် ပေပေါင်းသောင်းချီ ကျယ်ဝန်းသော ခန်းမကြီးတစ်ခန်း ပေါ်လာခဲ့သည်။ ၎င်းသည် တဖြည်းဖြည်းနှင့် သက်ဆင်းလာရာ ဘေးဘက်တွင် ထင်ရှားစွာ ထုဆစ်ထားသော စကားလုံးအချို့ကို မြင်တွေ့ရပေသည်။ ထိုစကားလုံးများမှာ မဟာကရုဏာခန်းမဟု ဖတ်ရပေသည်။
"ဒါက ထိုက်ချီမိသားစုရဲ့ အမိန့်ပဲ။ ရေနက်မြို့တော်အတွင်းမှာရှိတဲ့ လဲ့ရှန်းမိသားစုဝင် အားလုံးကို သတ်ပစ်ကြစမ်း။ ဒီနေ့ကစပြီး လဲ့ရှန်းမိသားစုဟာ မင်နက်ဂြိုဟ်ပေါ်ကနေ ပျောက်ကွယ်သွားရမယ်"
ဟိန်းဟောက်သံကြီးနှင့်အတူ ဟန့်တားမရသော အသံကြီးတစ်သံသည် မဟာကရုဏာခန်းမထံမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်တွင် လူရာပေါင်းများစွာ ပေါ်လာပြီး ၎င်းတို့သည် လဲ့ရှန်းမိသားစု၏ လေလံခန်းမဆီသို့ တည့်တည့်မတ်မတ် ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
"ရေနက်မြို့တော်ကို ပြင်ပလောကကနေ ဒီနေရာကို ဆင်းသက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ထိုက်ချီမိသားစုလို့ နာမည်ပေးခဲ့တဲ့ ရှားမန် မျိုးနွယ်စုရဲ့ ဌာနခွဲတစ်ခုက ထိန်းချုပ်ထားတာ။ မင်ချီလင်မြို့ကတော့ နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်ပြင်ရဲ့ မော့မိသားစု ပိုင်တာ ဖြစ်ပြီး လောကကြယ်တာရာမြို့ကိုတော့ မဟာလောကကြီးလေးခုရဲ့ အကူအညီကြောင့် အာဏာစက် ထက်မြက်လာခဲ့တဲ့ ဟွာမိသားစုက တည်ဆောက်ခဲ့တာ"
"သူတို့က မင်နက်ဂြိုဟ်ပေါ်မှာ အကြီးမားဆုံး မိသားစုကြီး သုံးခုပေါ့။ ဒါပေမဲ့ ဒီမင်နက်ဂြိုဟ်က ငါတို့ပိုင်တာကွ"
အကြီးအကဲဖုန်း၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏ အသံအတွင်း၌မူ ပုံသဏ္ဌာန်မရှိသော တစ်လောကလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ကိန်းဝပ်နေပြီး သူ စကားပြောလိုက်သည်နှင့်အမျှ ထိုအရှိန်အဝါသည် မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။
အကြီးအကဲဖုန်းက စကားပြောနေစဉ် စုမင်သည် အလင်းမျက်နှာပြင်ပေါ်မှ ရေနက်မြို့တော် တစ်မြို့လုံးကို ကြည့်လိုက်ရာ မြေပြင်သည် ခဏမျှ ပြင်းထန်စွာ တုန်ခါသွားပြီး မကြာမီမှာပင် ကျောက်တံတားများသည် စတင်၍ လိမ်တွန့်သွားတော့သည်။ ကျယ်လောင်လှသော ဟိန်းဟောက်သံများ ကောင်းကင်ယံသို့ ပျံတက်သွားပြီး စုမင်၏ အသက်ရှူသံမှာလည်း ခဏမျှ ရပ်တန့်သွားရရှာသည်။ အကြောင်းမူကား မြောက်မြားစွာသော ကျောက်တံတားများသည် ကျောက်နဂါးကြီးများအသွင်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်၏။ ၎င်းတို့သည် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး တစ်ကမ္ဘာလုံးကို တုန်ခါသွားစေသည်။ ထို့နောက် ၎င်းတို့သည် တစ်ချိန်တည်းမှာပင် ကောင်းကင်ယံသို့ အုန်းခနဲ ပျံတက်သွားကြတော့သည်။
"ထိုက်ချီမိသားစုက ရေနက်မြို့တော်မှာ ရှိနေခဲ့တာ တကယ့်ကို ကြာလှပြီ။ အကြီးမားဆုံး မိသားစုကြီး သုံးခုကို အစားထိုးရမယ့် အချိန်ရောက်ပြီပေါ့။ ယုမိသားစုက တော်တော်လေး ကောင်းမွန်ပါတယ်။ သူတို့က ထိုက်ချီမိသားစုရဲ့ နေရာကို အစားထိုးပြီး ဒီအရပ်ရဲ့ အကြီးမားဆုံး မိသားစုအသစ် ဖြစ်လာနိုင်တာပေါ့"
အကြီးအကဲဖုန်းက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်၏။
သူ စကားပြောလိုက်သည်နှင့်အမျှ အလင်းမျက်နှာပြင်ပေါ်မှ ပုံရိပ်သည် နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားပြန်သည်။ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် အဆုံးမရှိသော ကျောက်နဂါးကြီးများ ပျံတက်သွားစဉ် မှင်နက်ရေမြို့တော်အတွင်းရှိ အမိုးအားလုံးသည် ထိုအခိုက်အတန့်တွင် မှောင်မိုက်သော အလင်းတန်းများဖြင့် စတင်လင်းထိန်လာခဲ့သည်။ ဤအရာများ၏ အလယ်တွင် အမိုးများမှာ ဖြုတ်ပယ်ခြင်းခံလိုက်ရသည့်အလား ရှိနေပြီး အမိုးမရှိတော့သော အဆောက်အအုံများပေါ်တွင် ရှုပ်ထွေးလှသော မှော်သင်္ကေတများ ပေါ်ထွက်လာခဲ့သည်။
ရေနက်မြို့တော် တစ်မြို့လုံးကို ဤသို့ သိပ်သည်းစွာ ခင်းကျင်းထားသော မှော်သင်္ကေတများက ဖုံးလွှမ်းသွားတော့သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ မှော်သင်္ကေတများထံမှ အလင်းတိုင်ကြီးများ ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်ယံရှိ မဟာကရုဏာခန်းမဆီသို့ ဦးတည်ကာ ဆက်တိုက်ဆိုသလို ပေါက်ကွဲတိုက်ခိုက်ကြတော့သည်။
အလင်းတိုင်ကြီး တစ်သောင်း၊ ကျောက်နဂါးကြီး တစ်သောင်း... မှင်နက်ရေမြို့တော်အတွင်းရှိ အရာရာတိုင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်တော့သည်။