← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 64 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 64 Ch. 889-890

အခန်း ၈၈၉ မင်နက် အမိန့်တော်

စုမင်သည် အလင်းမျက်နှာပြင်ထက်တွင် ဖြစ်ပျက်နေသမျှကို ငေးစိုက်ကြည့်နေမိသည်။ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာမူ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်နေပြီဖြစ်ရာ အဆောက်အအုံတိုင်းထက်ရှိ မှော်သင်္ကေတများကို လက်ညှိုးတထိုးထိုးဖြင့် ရေရွတ်လိုက်လေသည်။

"ဒါ... ဒါက ပဉ္စမမြောက် မဟာလောကရဲ့ မဟာထိန်လင်း မှော်သင်္ကေတပဲ။ ပဉ္စမမြောက် မဟာလောကရဲ့ ခံစစ် အစီအရင်တွေထဲက တစ်ခုပေါ့"

သူ့နှလုံးသား တစ်ခုလုံး တုန်ခါသွားရသည်။ ပဉ္စမမြောက် မဟာလောကသားများ အတွက်ပင် ဤမဟာထိန်လင်း မှော်သင်္ကေတသည် နက်နဲသည့် ပဟေဠိတစ်ခု ဖြစ်ပေသည်။ ဤမှော်သင်္ကေတကို ဖန်တီးခဲ့သည့် မျိုးနွယ်စုမှတစ်ပါး အခြားသူတို့အဖို့ နားလည်ရန် အလွန်ခက်ခဲလှ၏။

မဟာလောကကြီး လေးခုနှင့် ပဉ္စမမြောက် မဟာလောကတို့ စစ်မက်ဖြစ်ပွားကြစဉ်အခါက ပဉ္စမလောကသည် သူ၏ နဂါးငွေ့တန်းအတွင်းရှိ ဂြိုဟ်အားလုံးကို အသုံးချကာ ဤကဲ့သို့သော အဆုံးမရှိသည့် မှော်သင်္ကေတများအား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်သည့် အကြိမ်တိုင်းတွင် မဟာလောကကြီးများပင် တုန်လှုပ်ချောက်ချားသွားရစမြဲ ဖြစ်သည်။ ထိုမှော်သင်္ကေတ၏ ဖျက်ဆီးနိုင်စွမ်းကိုမူ စကားလုံးများဖြင့် ဖော်ညွှန်းရန် ခဲယဉ်းလှပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့လျှင်ပင် ထိုအာရုံကို စိတ်ထဲမှ မေ့ပျောက်နိုင်ရန် အလွန်ခဲယဉ်းပေမည်။

"တာအိုရောင်းရင်း၊ မင်းက ဗဟုသုတ တော်တော် ကြွယ်ဝတာပဲ။ မှန်တယ်။ ဒါက ပဉ္စမမြောက် မဟာလောကရဲ့ မဟာထိန်လင်း မှော်သင်္ကေတပဲ"

အကြီးအကဲဖုန်းက ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်ကို အကဲခတ်သလို ကြည့်ရင်း မျက်လုံးများ မှေးစင်းကာ ပြုံး၍ ဆိုလိုက်သည်။ သို့သော် ထိုစကား အဆုံးတွင် သူက စကားလမ်းကြောင်းကို ရုတ်ချည်းပြောင်းလဲကာ ဂြိုဟ်သခင်၏ မျက်သူငယ်အိမ်အား ကျုံ့ဝင်သွားစေမည့် စကားတစ်ခွန်းကို ဆိုလိုက်လေတော့သည်။

"နဂါးငွေ့တန်းရဲ့ အရှေ့တောင်ဘက် အဋ္ဌမမြောက်ဒေသမှာ တပ်စွဲထားတဲ့ ပဉ္စမလောကရဲ့ သတ္တမမြောက် စစ်သူကြီး... ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်။ မင်းအနေနဲ့ ဒီမဟာထိန်လင်း သင်္ကေတကို မှတ်မိနေတာက သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူးလေ"

ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားသော်လည်း စုမင်ကမူ ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းကို အသာအယာစောင်းကာ အကြီးအကဲဖုန်းအား ကြည့်လိုက်သည်။

"စတုတ္ထမြောက် မာန်နတ်ဘုရား၊ နတ်ဘုရားအနှစ်သာရ နယ်မြေထဲက မင်းရဲ့ ရဲရင့်တဲ့ စွမ်းဆောင်ချက်တွေနဲ့ အနောက်ငွေ့ရည်တိုက်ရဲ့ သီးခြား နယ်မြေထဲကို ရောက်လာခဲ့ရတဲ့ အကြောင်းရင်းတွေအားလုံးကို ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက မင်းဟာ စတုတ္ထမြောက် မာန်နတ်ဘုရား ဖြစ်နေမယ်ဆိုတာကိုတော့ ငါ မသိခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်မှပဲ အတိတ်က ဖြစ်ရပ်တွေ အားလုံးက အကွက်ကျကျ ဆက်စပ်သွားတော့တယ်"

အကြီးအကဲဖုန်းက သူတို့ကို ကြည့်ကာ စေတနာအရိပ်အယောင် ထင်ဟပ်နေသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ရေနက်မြို့တော်ထဲက ကျောက်တံတားတွေနဲ့ ဖန်တီးထားတဲ့ ကျောက်နဂါးတွေ အားလုံးက နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်ထဲက ဥက္ကာခဲရုပ်တုကြီးတွေရဲ့ စွမ်းအားတွေနဲ့ ထုဆစ်ထားတာပဲ။ သူတို့ရဲ့ ပုရောဟိတ် အခါပေးထားတဲ့ ကျောက်တုံးတွေထဲမှာ ခေတ်အဆက်ဆက် ကြာမြင့်လာတဲ့အခါမှ ဝိညာဉ်တွေ စတင်ပေါက်ဖွားလာပြီး လောကရဲ့ စွမ်းအားတွေကို စုပ်ယူ ကြီးထွားလာနိုင်ကြတာ"

"ကျောက်နဂါး တစ်ကောင်ချင်းစီရဲ့ စွမ်းအားလှိုင်းတွေကို အကဲခတ်ရသလောက်ဆိုရင် သူတို့ဟာ ဒီနေရာမှာ ရှိနေခဲ့တာ နှစ်ပေါင်းသောင်းချီ ကြာနေပြီ။ ဒါကို ရေနက်မြို့တော် တည်ဆောက်ခဲ့တဲ့ အချိန်နဲ့ ဆက်စပ်ကြည့်မယ်ဆိုရင်တော့ ထိုက်ချီမိသားစုက ဒီမြို့ကို တည်ဆောက်တုန်းက လဲ့ရှန်းမိသားစုလည်း ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတာ ထင်ရှားနေတာပဲ"

စုမင် ဘေးတွင် ရှိသော ယုရုံက မိန်းမပျိုပီပီ ကျော့ရှင်းသိမ်မွေ့စွာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"ဘိုးဘေးအရှင်မ ယုရုံကိုး။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ကောင်းကင်ဘုံ တာအို ဒုတိယတံခါးပေါက်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်။ မင်းက အလွန် ဉာဏ်ကောင်းပြီး အမျှော်အမြင်ကြီးသူ တစ်ယောက် ဖြစ်တယ်လို့ ငါ ကြားခဲ့ရတာ ကြာပါပြီ။ မင်းက လနတ်သမီးရဲ့ စွမ်းအားကို ရရှိပြီး သူ့ရဲ့ တမန်တော်ဖြစ်လာခဲ့တယ်။ ပြီးတော့ နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်ရဲ့ လျှို့ဝှက်ချက် အတော်များများကိုလည်း သိထားတယ်ဆိုတာ... ကောလာဟလတွေက လွန်လွန်ကဲကဲ ပြောထားတာ မဟုတ်ဘူးပဲ"

အကြီးအကဲဖုန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ၏ နက်ရှိုင်းလှသော မျက်ဝန်းများကို ကြည့်ရသည်မှာ ဤလောကတွင် သူ မသိသော လျှို့ဝှက်ချက် ဟူ၍ မရှိသလောက်ပင်။

ယုရုံ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ အကြီးအကဲဖုန်းက စကားလုံး အနည်းငယ်မျှဖြင့် မိမိ၏ အထောက်အထားကို ဖော်ထုတ်လိုက်ခြင်းအပေါ် သူမ ထိတ်လန့်မသွားခဲ့ပေ။ အဆုံးစွန်၌မူ ဤမိသားစုသည် ထိုက်ချီမိသားစုကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရဲရုံမျှမက ရေနက်မြို့တော်ကို တည်ဆောက်စဉ်ကတည်းက ကြီးမားလှသော အစီအရင်ကြီး တစ်ခုအား ခင်းကျင်းထားခဲ့သည့် မိသားစု ဖြစ်ပေသည်။ ဤအချက်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် ၎င်းတို့အနေဖြင့် ယုမိသားစု၏ လျှို့ဝှက်ချက်များကို သိရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

အထူးသဖြင့် လွန်ခဲ့သော အခိုက်အတန့်လေးက အကြီးအကဲဖုန်းသည် မင်နက်ဂြိုဟ်အား သူတို့ပိုင်ကြောင်း တစ်လောကလုံးကို လွှမ်းမိုးနိုင်သော လေသံဖြင့် ပြောခဲ့သည်အား ယုရုံ ပြန်လည်အမှတ်ရမိသောအခါ ပို၍ပင် ထင်ရှားလှပေသည်။ အကြွင်းမဲ့ စွမ်းအားမရှိပါဘဲ မည်သူမျှ ဤကဲ့သို့သော စကားမျိုးကို ပြောနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ယုရုံမှာ အံ့ဩခြင်းမရှိဘဲ ဦးညွတ်ကာ မိမိ၏ ရိုသေလေးစားမှုကိုသာ ပြသလိုက်လေသည်။

သို့သော် ယုရုံက အံ့ဩတုန်လှုပ်ခြင်း မရှိသော်ငြား အဝေးတွင် မတ်တတ်ရပ်နေသော ယုချန်ဟိုင်၏ မျက်နှာမှာမူ ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။ သူ့နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ပြင်းထန်စွာ တိုက်ခတ်သွားပြီး ယုရုံ၏ ကျောပြင်ကို ကြည့်ကာ မိန်းမော ဆွံ့အလျက်ရှိတော့သည်။ သူ့စိတ်အာရုံများမှာ ခဏမျှ ဟာလာဟင်းလင်း ဖြစ်သွားရ၏။

သူသည် ရေနက်မြို့တော်သို့ မလာရောက်မီ ယုမိသားစု၏ မျှော်စင်တစ်ခုအတွင်း၌ ရှိနေစဉ်က မိမိသည် စုမင်၏ အစေခံမိန်းမပျိုအပေါ် အလွန်အမင်း စွဲလမ်း နှစ်သက်နေသည်ကို စုမင်က အဘယ်ကြောင့် လုံးဝ ဂရုမစိုက်ဘဲ ထားခဲ့သနည်းဆိုသည်အား ရုတ်ချည်း နားလည်သွားတော့သည်။ အမှန်စင်စစ် ထိုစဉ်က စုမင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ယခုအခိုက်အတန့်ကျမှသာ သူ အကြွင်းမဲ့ သဘောပေါက်သွားရသည်မှာ မိမိအနေဖြင့် မထိန်းချုပ်နိုင်လောက်အောင် စွဲလမ်းတမ်းတပြီး ရင်ထဲမှ အသည်းအသန် ချစ်မြတ်နိုးမိခဲ့သော ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ မိမိ၏ ဘိုးဘေးအရှင်မ ဖြစ်နေခြင်းပင်တည်း။

ဤအမှန်တရားကို သိလိုက်ရသည့် ဒဏ်ချက်မှာ သူ့အတွက် ခဏမျှ လက်ခံရန် အလွန်ပင် ခက်ခဲလွန်းလှပေသည်။ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်စွာ ဆုတ်ခွာသွားမိသည်။ သူ့မျက်နှာထက်တွင် ကြံရာမရသော အပြုံးနှင့်အတူ အလွန်အမင်း အိုးတိုးအမ်းတမ်း ဖြစ်ရသည့် အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။

စုမင်ကား ယုချန်ဟိုင်းကို အာရုံမစိုက်အားပေ။ သူသည် အကြီးအကဲဖုန်းကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာပင် မေးမြန်းလိုက်သည်။

"ပထမဆုံး မာန်နတ်ဘုရားက ပဉ္စမမြောက် မဟာလောကကို ရှာတွေ့ရှိခဲ့ပြီလား"

"အဲဒီမေးခွန်းကိုတော့ နောက်မှပဲ ငါ ဖြေပါရစေတော့။ စတုတ္ထမြောက် မာန်နတ်ဘုရား၊ အခုတော့ မင်နက်ဂြိုဟ်ပေါ်က လဲ့ရှန်းမိသားစုရဲ့ စစ်မှန်တဲ့ အင်အားကို ဆက်ပြီး သက်သေခံ ကြည့်ရှုကြတာပေါ့"

အကြီးအကဲဖုန်းက မေးခွန်းကို ရှောင်လွှဲကာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

သူတို့ စကားပြောနေကြစဉ်အတွင်း အလင်းမျက်နှာပြင်ထက်ရှိ ရေနက်မြို့တော်၏ ပုံရိပ်ထဲတွင် လေပြင်းများ အုန်းအုန်းကျွက်ကျွက် တိုက်ခတ်လာပြီး ကောင်းကင်ယံသို့ တိမ်တိုက်များ လိပ်တက်လာခဲ့သည်။ လဲ့ရှန်းမိသားစုဆီသို့ တိုးကပ်လာနေသော ကျင့်ကြံသူ ရာပေါင်းများစွာ၏ မျက်နှာအမူအရာတို့သည် ဆိုးရွားစွာ ပြောင်းလဲကုန်၏။ သူတို့သည် မိမိတို့မျက်စိရှေ့မှောက်က မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်မှာ ထင်ရှားလှပေသည်။ မယုံကြည်နိုင်လောက်အောင် ဖြစ်ရသဖြင့် သူတို့သည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ မဟာကရုဏာခန်းမဆီသို့ အလျင်အမြန် နောက်ဆုတ်ပြေးကြတော့သည်။

သို့သော်လည်း ကျောက်နဂါးကြီးများက သူတို့ထက် ပို၍ လျင်မြန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် နဂါးကြီးများက သူတို့အနားသို့ ကပ်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ကောင်းကင်ယံ၌ ဟိန်းထွက်သွားရာ ပူပူနွေးနွေး သွေးမိုးများ ရွာသွန်းကျလာသည့်ကြားမှ စူးရှသော နာနာကျင်ကျင် အော်ဟစ်သံများမှာ နစ်မြုပ်ပျောက်ကွယ်သွားရတော့သည်။

ထိုက်ချီမိသားစုမှ ကျင့်ကြံသူ ရာပေါင်းများစွာသည် ချက်ချင်းပင် အစုလိုက်အပြုံလိုက် သေဆုံးသွားကြရသည်။ အသက်ဘေးမှ လွတ်မြောက်နေသေးသူများမှာမူ ၎င်းတို့၏နောက်ကွယ်မှ ကျောက်နဂါးအများအပြား ကြေမွပျက်စီးသွားခဲ့လျှင်ပင် မျက်နှာများတွင် ကြောက်ရွံ့တုန်လှုပ်မှု အပြည့်ဖြင့် အသည်းအသန် ထွက်ပြေးကြရှာသည်။ သို့သော် ကြေမွပျက်စီးသွားသော ကျောက်နဂါးများ၏ ကျောက်တုံးများသည် ကောင်းကင်မှ လွင့်စင်ကျလာစဉ် တဖန်ပြန်လည် စုစည်းသွားကြပြီး ကျောက်နဂါးကြီးများအသွင် ထပ်မံပြောင်းလဲကာ ကျန်ရှိနေသော ကျင့်ကြံသူများနောက်သို့ လိုက်လံ သတ်ဖြတ်ကြပြန်သည်။

ထိုအချိန်တွင်ပင် ရေနက်မြို့တော်၏ မဟာထိန်လင်း မှော်သင်္ကေတထံမှ ပြင်းထန်သော အလင်းတန်းများသည် မြေပြင်မှ ထိုးတက်လာခဲ့သည်။ ထို့နောက် အလင်းမျက်နှာပြင် တစ်ပြင်ကဲ့သို့ မဟာကရုဏာ ခန်းမကြီးကို ဝုန်းခနဲ ပြေးဆောင့်တော့သည်။ ဟိန်းဟောက်သံကြီးများ ကောင်းကင်သို့ ပျံတက်သွားပြီး လေထုထဲတွင် ပဲ့တင်ထပ်နေစဉ် မဟာကရုဏာ ခန်းမကြီးသည် ပြင်းထန်စွာ တုန်ခါလာခဲ့ရ၏။

ဤသို့ အပြန်အလှန် တိုက်ခိုက်မှုသည် အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာမြင့်ပြီးနောက် စုမင်၏ မျက်စိရှေ့မှောက်တွင်ပင် ထိုခန်းမကြီးသည် အုန်းခနဲ ပေါက်ကွဲ ပျက်စီးသွားတော့သည်။ ၎င်းသည် လွင့်စင်ကျလာသော အပိုင်းအစပေါင်း မြောက်မြားစွာအဖြစ်သို့ ပြောင်းလဲသွားပြီး အတွင်းမှ ကျင့်ကြံသူ ရာပေါင်းများစွာ ရုန်းထွက်လာကြသော်လည်း သူတို့သည် ဝေဝေးသို့ မပြေးနိုင်ကြရှာပေ။ မဟာထိန်လင်း မှော်သင်္ကေတသည် သူတို့ထံသို့ လျင်မြန်စွာ ပြေးဝင်ဆောင့်မိကာ အပိုင်းပိုင်းအစစ ကြေမွ ပျက်စီးသွားကြရလေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ တိမ်တိုက်များမှာ လိပ်တက်သွားပြီး အထက်ဆီမှ ဒေါသတကြီး ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဟိန်းဟောက်လိုက်သည်နှင့်အမျှ ကြီးမားသော အရိပ်မည်းကြီးများသည် ကောင်းကင်တွင် လျင်မြန်စွာ စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ကြီးမားထည်ဝါသော ခန်းမဆောင်ကြီး အများအပြား ပုံပေါ်လာတော့သည်။ ဤခန်းမဆောင်ကြီးများ အားလုံးသည် မဟာကရုဏာ ခန်းမများပင် ဖြစ်ကြ၏။ ၎င်းတို့သည် တပြိုင်နက်တည်း ပေါ်ထွက်လာပြီး သူတို့နှင့်အတူ ပါရှိလာသော ကြီးမားသည့် ဖိအားထုကြီးသည် မြေပြင်ပေါ်သို့ သက်ဆင်းလာခဲ့သည်။ ထိုဖိအားထုကြီးအတွင်း၌ မည်သည့်ခုခံမှုကိုမျှ ခွင့်မပြုနိုင်သော အလိုတော်နှင့်အတူ ကောင်းကင်ယံ ကိုးထပ်ကို လောင်မြိုက်စေမည့် ဒေါသမီးများ ကိန်းဝပ်လျက်ရှိပေသည်။

"လဲ့ရှန်းမိသားစု၊ မင်းတို့က နှစ်ပေါင်းများစွာ စီစဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ရေနက်မြို့တော်က ထိုက်ချီမိသားစုရဲ့ ပိုင်နက်ကွ။ မင်းတို့ သေချင်လို့ ချိုကြွနေကြတာပဲ"

ဒေါသတကြီး ဟိန်းဟောက်သံကြီး လေထုထဲတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ရေနက်မြို့တော် တစ်မြို့လုံး တုန်ခါသွားရသည်။ မြို့၏ အစွန်းပိုင်းများမှ နီရဲသော အလင်းတန်းများ စတင်တောက်ပလာပြီး မျက်စိတစ်မှိတ် အတွင်း၌ပင် ထိုအလင်းတန်းများသည် အချင်းချင်း ဆက်စပ်သွားကာ နီရဲသော အလင်း မျက်နှာပြင်ကြီး တစ်ပြင်အဖြစ် ပုံပေါ်လာတော့သည်။ ၎င်းသည် မှောက်ခုံချထားသော ခွက်တစ်လုံးကဲ့သို့ မြေပြင်ပေါ်တွင် တည်ရှိနေ၏။ တစ်မြို့လုံးကို ဖုံးလွှမ်းသွားပြီးသည်နှင့် ထိုနီရဲသော အလင်းမျက်နှာပြင်သည် အတွင်းသို့ လျင်မြန်စွာ ကျုံ့ဝင်လာခဲ့သည်။

၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မျှော်စင်များအားလုံး ကြေမွပျက်စီးသွားရသည်။ အမှန်စင်စစ် မြို့အတွင်းရှိ ကျင့်ကြံသူ အချို့သည် အချိန်မီ ထွက်မပြေးနိုင်ကြသဖြင့် ထိုနီရဲသော အလင်းတန်းနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် နာကျင်စွာ အော်ဟစ်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် စတင် ပုပ်ဆွေးသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံးသည် ချက်ချင်းပင် စုပ်ယူခြင်းခံလိုက်ရပြီး ထိုသွေးနီရောင် အလင်းမျက်နှာပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားရလေတော့သည်။

စုမင်သည် အလင်းမျက်နှာပြင်ထက်တွင် ဖြစ်ပျက်နေသမျှကို ငေးကြည့်နေမိပြီး အကြီးအကဲဖုန်း၏ တိုးညှင်းသော အသံကလည်း သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။

"ရေနက်မြို့တော်ကို ထိုက်ချီမိသားစုက တည်ဆောက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ငါတို့ကို ဒီနာမည်နဲ့ မခေါ်ကြသေးရင်တောင် မှော်သင်္ကေတတွေကို စီရင်ပြီး မြို့တည်ဆောက်ပုံကို ဖန်တီးခဲ့တဲ့သူတွေကတော့ လဲ့ရှန်းမိသားစုပဲ"

စကားပြောရင်းနှင့်ပင် အကြီးအကဲဖုန်းသည် ညာလက်ကို မြှောက်ကာ အလင်းမျက်နှာပြင်ဆီသို့ ညွှန်ပြလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရေနက်မြို့တော်ကို ဝန်းရံကျုံ့ဝင်နေသည့် ထိုနီရဲသော အလင်းမျက်နှာပြင်သည် ရုတ်ချည်း တန့်သွားပြီး ရေပူဖောင်း တစ်လုံး ပေါက်ကွဲသွားသည့်အလား အထက်ပိုင်းမှ ပွင့်ထွက်သွားတော့သည်။ ထိုနီရဲသော အလင်းမျက်နှာပြင်သည် တောက်ပစွာ လင်းထိန်လျက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ၎င်းပွင့်ထွက်သွားရာ နေရာဆီသို့ စုစည်းရွေ့လျားသွားကာ သွေးနီရောင် လူသားပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုသူကား သွေးကဲ့သို့ နီရဲသော ဆံပင်ရှည်ကြီးများ ရှိသည့် လူပုလေး တစ်ဦး ဖြစ်ပေသည်။ သူ ပေါ်လာသည်နှင့် ခေါင်းကို မော့၍ ဟိန်းဟောက်လိုက်ရာ ရေနက်မြို့တော် အတွင်းရှိ ကျင့်ကြံသူ အားလုံးသည် မိမိတို့၏ သွေးများမှာ ခန္ဓာကိုယ်ထဲမှ ရုန်းထွက် ပြေးချင်နေသကဲ့သို့သော ခံစားချက်မျိုးကို ခံစားလိုက်ကြရသည်။ နီရဲသော အလင်းမျက်နှာပြင်သည် ထိုနေရာ တစ်နေရာတည်းဆီသို့ ပို၍ပင် လျင်မြန်စွာ စီးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားခဲသည်။ ထိုအရာအားလုံးကို သွေးနီရောင် လူပုလေးက စုပ်ယူလိုက်ခြင်း ဖြစ်၏။

"သွေးနီရောင် မှော်သင်္ကေတ ဝိညာဉ်ပါလား။ တောက်... မှော်သင်္ကေတထဲမှာ ဘာလို့ ဝိညာဉ် ရှိနေရတာလဲ။ ဟိုတုန်းက ငါတို့ ဒီမှော်သင်္ကေတကို တည်ဆောက်ခဲ့တုန်းက ဝိညာဉ် ပေါက်ဖွားလာနိုင်မယ့် အခွင့်အလမ်း မှန်သမျှကို အကုန် ချေမှုန်းပစ်ခဲ့တာပဲဥစ္စာ"

ကောင်းကင်ယံရှိ မဟာကရုဏာ ခန်းမဆောင် အများအပြားထဲတွင် တစ်နေရာထံမှ လူတစ်ယောက်က ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

သွေးနီရောင် လူပုလေးသည် နှုတ်ခမ်းများအား လျှာဖြင့်သပ်ကာ ခေါင်းကို ညွှတ်လိုက်ပြီး လဲ့ရှန်းမိသားစု၏ လေလံခန်းမရှိရာ အရပ်ဆီသို့ ခါးကိုင်း၍ ဦးညွှတ်လိုက်လေသည်။ ထို့နောက် ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် သွေးပင်လယ်ကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံဆီသို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားတော့သည်။

သွေးနီရောင် မှော်သင်္ကေတ ဝိညာဉ် အထက်သို့ ထိုးတက်သွားသည့် ထိုအခိုက်အတန့်၌ စုမင်သည် မှော်သင်္ကေတ ဝိညာဉ်၏ ကိုယ်ထက်တွင် သွေးနီရောင် လမင်းတစ်စင်း ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလမင်းသည် မှော်သင်္ကေတ ဝိညာဉ်၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ဖော်ပြနေသော သင်္ကေတ ဖြစ်ပေသည်။

တစ်ချိန်တည်းတွင်ပင် ကောင်းကင်ယံရှိ မဟာကရုဏာ ခန်းမဆောင် အများအပြားသည် လျင်မြန်စွာ လှုပ်ရှားသွားကြပြီး တစ်ဆောင်နှင့်တစ်ဆောင် ထပ်ဆင့်လျက် မျှော်စင်သဏ္ဌာန် တည်ဆောက်ပုံတစ်ခုအဖြစ် ပုံဖော်လိုက်ကြသည်။ ထို့နောက် အောက်ဆီမှ တက်လာနေသော သွေးနီရောင် မှော်သင်္ကေတ ဝိညာဉ်ထံသို့ အရှိန်အဟုန်ဖြင့် ဖိနှိပ်ချလိုက်လေတော့သည်။

ဒုန်း...

ခန်းမဆောင် အများအပြားဖြင့် ဖွဲ့စည်းထားသော မြင့်မားသည့် မျှော်စင်ကြီးသည် သွေးနီရောင် မှော်သင်္ကေတ ဝိညာဉ်အပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ချလိုက်သည်။ ထို့နောက် မျှော်စင်ကြီး တုန်ခါသွားပြီး အတွင်းမှ ထူးကဲသော စွမ်းအားများ ရှိကြသည့် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ပျံသန်းထွက်ပေါ်လာခဲ့သည်။ သူတို့သည် ထွက်လာသည်နှင့် ကောင်းကင်ယံ၌ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ တပ်ဖြန့်လိုက်ပြီး လဲ့ရှန်းမိသားစု၏ လေလံခန်းမဆီသို့ ဦးတည်ကာ သုတ်ခြေတင် ပြေးဝင်ကြတော့သည်။

"ထိုက်ချီမိသားစုဟာ နှစ်ပေါင်း သောင်းချီအောင် ကြီးထွားလာခဲ့တာဆိုတော့ သူတို့ မိသားစုထဲမှာ လူတွေ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ အဲဒီလူတွေထဲမှာ လဲ့ရှန်းမိသားစုရဲ့ သွေးသားတွေ စီးဆင်းနေတဲ့သူ ဘယ်လောက်တောင် ပါဝင်နေမလဲ ဆိုတာကိုရော သူတို့ သိကြရဲ့လား"

အကြီးအကဲဖုန်းက ရုတ်ချည်း ပြုံးလိုက်သည်။ ထိုအပြုံးကား နက်နဲဆန်းကြယ်သလို အနည်းငယ်လည်း ကြောက်မက်ဖွယ် ကောင်းပေသည်။ သူသည် ပြုံးလိုက်ရင်းနှင့်ပင် အနက်ရောင် ကျောက်ပြား တစ်ပြားကို ထုတ်ယူကာ အလင်းမျက်နှာပြင်ဆီသို့ ပစ်သွင်းလိုက်လေသည်။

စုမင်သည် ထိုကျောက်ပြားက အလင်းမျက်နှာပြင်အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားပြီး ရေနက်မြို့တော်၏ ကောင်းကင်ယံထက်တွင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း ပေါ်လာသောအခါ ကျောက်ပြားသည် တဖြည်းဖြည်း ကြီးမားလာပြီး တောင်ကုန်းငယ် တစ်လုံးမျှပင် ကျယ်ဝန်းသွားတော့သည်။

၎င်းထက်တွင် ကြီးမားသော စကားလုံး နှစ်လုံး ရှိနေ၏။

မင်နက်...

မည်သည့် စကားတစ်ခွန်းမျှ ထွက်ပေါ်မလာခဲ့ချေ။ သို့သော် ဤကျောက်ပြား ပေါ်လာသည်နှင့် လဲ့ရှန်းမိသားစုဆီသို့ တဟုန်ထိုး ပြေးဝင်လာနေကြသည့် ထိုက်ချီမိသားစုမှ ထောင်ပေါင်းများစွာသော လူအများစုမှာ ရုတ်ချည်း ရပ်တန့်သွားကြရသည်။ သူတို့၏ မျက်နှာ အမူအရာတို့သည် ဆိုးရွားစွာ ပြောင်းလဲကုန်၏။ သူတို့အားလုံး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း၌ပင် ချက်ချင်း လှည့်ပြန်ကာ လွန်ခဲ့သော အခိုက်အတန့်လေးအထိ မိမိတို့၏ မိသားစုဝင်များ ဖြစ်ခဲ့ကြသူ ကျင့်ကြံသူများအား ပြန်လည်၍ တိုက်ခိုက်ကြလေတော့သည်။

ဤမြင်ကွင်းကြောင့် စုမင်၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ရေနက်မြို့တော်၏ မှော်သင်္ကေတများဖြစ်စေ၊ အလင်းမျက်နှာပြင်ဖြစ်စေ၊ သို့မဟုတ် အခြားအရာအားလုံးကိုဖြစ်စေ သူ လက်ခံနိုင်ခဲ့၏။ ထိုအရာအားလုံးမှာ ယုတ္တိရှိပြီး နားလည်နိုင်သော အရာများ ဖြစ်ကြသည်။ သို့သော်လည်း ကျောက်ပြားတစ်ပြား ပေါ်လာရုံမျှဖြင့် ထိုက်ချီမိသားစုဝင်များအကြား အချင်းချင်း ပြန်လည်သတ်ဖြတ်ကြသည့် ပြည်တွင်းစစ် ဖြစ်ပွားသွားရခြင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာမူ အလွန်ပင် ကြီးမားလေးနက်ပေသည်။

စုမင်၏ ထိတ်လန့် တုန်လှုပ်မှုအား သတိပြုမိသည့်အလား အကြီးအကဲဖုန်းသည် ခေါင်းလှည့်ကာ ထိုလူငယ်ကို ကြည့်ပြီး ကြင်နာတတ်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ဒါက ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိပါသေးတယ်။ ပထမဆုံး မာန်နတ်ဘုရားဟာ နှစ်ပေါင်းတစ်သောင်းအတွင်းမှာပဲ မာန်မင်းဆက်ကို တည်ထောင်နိုင်ခဲ့တာပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးက ဒီမင်နက်ဂြိုဟ်ပေါ်မှာ အလတ်တန်းစား လဲ့ရှန်းမိသားစုလေး တစ်ခုကိုပဲ ဖန်တီးနိုင်ခဲ့မယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ဟာ ဒီမင်နက်ဂြိုဟ်ရဲ့ နောက်ကွယ်က လျှို့ဝှက် အရှင်သခင်တွေပဲ"

အကြီးအကဲဖုန်းက ထိုစကားကို ဆိုလိုက်ပြီးနောက် ကောင်းကင်ယံရှိ မျှော်စင်ကြီးသည် တုန်ခါသွားပြီး ပေါက်ကွဲသံကြီးနှင့်အတူ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားတော့သည်။ ခန်းမဆောင် အများအပြား ပြိုလဲပျက်စီးသွားစဉ် သွေးနီရောင် မှော်သင်္ကေတ ဝိညာဉ်၏ ဟိန်းဟောက်သံကြီးများကမူ လေထုထဲတွင် ပဲ့တင်ထပ်လျက် ရှိနေပေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်ယံထက်ဆီမှ အေးဆေးသော သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။

အခန်း ၈၉၀ အရိပ် ဘုရင်များ

"မင်နက်တာအို... မင်နက်ဂြိုဟ်ရဲ့ အရိပ်အောက်မှာ ပုန်းကွယ်ပြီး ဒီက မိသားစုအားလုံးကို ခြယ်လှယ်နေတဲ့ ကွယ်ဝှက်ထားတဲ့ ဘုရင်တွေပေါ့။ မင်းတို့ ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းသောင်းချီ ကြာနေပြီ။ လဲ့ရှန်းမိသားစုရဲ့ နောက်ကွယ်မှာ မင်းတို့ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

ထိုသက်ပြင်းချသံ လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်ယံတွင် အနက်ရောင် တောင်တန်းကြီး တစ်ဆယ့်ရှစ်လုံး အသွင်ဖြင့် အရိပ်ကြီး တစ်ဆယ့်ရှစ်ရိပ် ထင်ဟပ်ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်တတ်ရပ်လျက် မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသည့် ပြင်းထန်သော ဖိအားထုကြီးနှင့်အတူ အောက်သို့ တရွေ့ရွေ့ သက်ဆင်းလာကြသည်။

ထိုတောင်တန်းကြီးများပေါ်တွင် အဘိုးအို တစ်ဆယ့်ရှစ်ဦး ထိုင်နေကြ၏။ သူတို့၏ မျက်နှာများက မှုံမှိုင်းကာ တည်တင်းနေပြီး စောစောက စကားလုံးများသည် ထိုသူတို့ထဲက တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ဤတောင်တစ်ဆယ့်ရှစ်လုံးကို မဟာကရုဏာတောင်များဟု လူသိများပြီး ထိုအဘိုးအို တစ်ဆယ့်ရှစ်ဦးမှာ ထိုက်ချီမိသားစု၏ ဘိုးဘေးများနှင့် အဓိက မျက်နှာစာများ ဖြစ်ကြသည်။ သူတို့အားလုံးသည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်၏။

ထိုတောင်တစ်ဆယ့်ရှစ်လုံး ပေါ်လာသောအခါ ၎င်းတို့နောက်ကွယ်မှ ကောင်းကင်ယံသည် လိမ်တွန့်သွားပြီး ရာပေါင်းများစွာသော မဟာကရုဏာ ခန်းမဆောင်ကြီးများ ကောင်းကင်တွင် ဗြုန်းခနဲ ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ပြင် တစ်ပြင်လုံးကို ထိုက်ချီမိသားစုက လွှမ်းမိုးထားလိုက်ပြီ ဖြစ်သည်။ သူတို့၏ ဖိအားနှင့် စွမ်းအားလှိုင်းများသည် လောကကြီး တစ်ခုလုံးကို ပြည့်နှက်သွားစေကာ မင်နက်ဂြိုဟ်၏ အကြီးမားဆုံး မိသားစုကြီးတစ်စု၏ စွမ်းပကားအား ထုတ်ဖော်ပြသနေတော့သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းတုန်းက ငါတို့မိသားစုရဲ့ ဘိုးဘေးတစ်ယောက်ဟာ မင်နက်ဂြိုဟ်ရဲ့ အရိပ်အောက်မှာ ပုန်းအောင်းနေတဲ့ မင်နက်တာအိုရဲ့ ခြေရာလက်ရာတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ မင်နက်ဂြိုဟ်ပေါ်က မိသားစုအသီးသီး နှစ်ပေါင်းသောင်းချီအတွင်း ပျက်စီးသွားခဲ့ရတဲ့ အကြောင်းရင်းတွေကို ဆက်စပ်ကြည့်ပြီးတဲ့နောက် မင်းတို့ရဲ့ အင်အားကို ငါတို့ ခန့်မှန်းမိခဲ့တယ်။ ဒါကြောင့် ငါတို့ဟာ ရေနက်မြို့တော်က အခြေစိုက်စခန်းကို စွန့်ခွာဖို့ ဝန်မလေးခဲ့ဘဲ ဟင်းလင်းပြင်အက်ကြောင်း တစ်ကြောင်းကို ဖွင့်လှစ်ပြီး အဲဒီနေရာကိုပဲ မိသားစုရဲ့ အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြတာ"

"ငါတို့မိသားစုဝင် အများစုဟာ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အဲဒီဟင်းလင်းပြင်အက်ကြောင်းထဲကနေ ဘယ်တုန်းကမှ အပြင်မထွက်ခဲ့ကြဘူး။ မင်နက်တာအိုက လူတွေအနေနဲ့ ဟင်းလင်းပြင် အက်ကြောင်းထဲက ထိုက်ချီမိသားစုဝင်တွေကို ကိုယ့်လူအဖြစ် ဘယ်လိုမျိုး သွေးဆောင်သိမ်းသွင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" ထိုက်ချီမိသားစု၏ ဘိုးဘေးတစ်ဆယ့်ရှစ်ဦးထဲက တစ်ဦးထံမှ ထွက်ပေါ်လာသော အဘိုးအို၏ အသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေလျက် ဟိန်းထွက်လာခဲ့သည်။

"ထိုက်ချီမိသားစုဝင် အားလုံး... ငါတို့ရဲ့ အမိန့်ကို နာခံကြစေ။ ရေနက်မြို့တော်ကို ဖျက်ဆီးပစ်ကြစမ်း။ ဒီမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီး လဲ့ရှန်းမိသားစုကို အမြစ်ပြတ် ချေမှုန်းကြ"

"ပေးဆပ်ရမှာကို ဂရုမစိုက်ဘဲ လဲ့ရှန်းမိသားစုရဲ့ အခြေစိုက်စခန်းရှိရာကို သွားဖို့အတွက် နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတတွေကို အားလုံး အသုံးပြုခွင့်ရှိတယ်။ လဲ့ရှန်းမိသားစုကို အမြစ်ကပါ တူးထုတ်ပစ်ရမယ်"

"မင်နက်တာအို ပြန်လည်ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ သူတို့ရဲ့လူတွေဟာ မိသားစုတိုင်းမှာ ရှိနေကြောင်း မင်နက်ဂြိုဟ်ပေါ်က မိသားစုအားလုံးကို အကြောင်းကြားလိုက်ပါ။ သူတို့ကို ငါတို့ကို လာရောက်ကူညီဖို့ ပြောလိုက်။ ဒီအခွင့်အရေးကို အသုံးချပြီး မင်နက်ဂြိုဟ်ပေါ်ကနေ မင်နက်တာအိုကို အပြီးတိုင် သုတ်သင်ပစ်မယ်"

"မော့မိသားစုနဲ့ ဟွာမိသားစုကို အထူး ပြောလိုက်။ ငါတို့မိသားစု ပျက်စီးသွားရင် တစ်နေ့မှာ သူတို့မိသားစုတွေလည်း မင်နက်တာအိုရဲ့ လက်ချက်နဲ့ ပျက်စီးသွားလိမ့်မယ်လို့ ပြောလိုက်"

"မင်နက်ဂြိုဟ်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ကြစမ်း။ ငါတို့မိသားစုကြီး သုံးစု မထွန်းကားခင်က ရှိခဲ့တဲ့ အကြီးမားဆုံး မိသားစုကြီး လေးခုကို ကြည့်လိုက်ကြဦး။ သူတို့ ဘယ်လိုမျိုး ပျက်စီးသွားခဲ့ရလဲဆိုတာကို ကြည့်ကြ။ အဲဒါတွေဟာ ငါတို့အတွက် သင်ခန်းစာပဲ"

ဘိုးဘေးတစ်ဆယ့်ရှစ်ဦးက ဤအမိန့်များကို ထုတ်ပြန်လိုက်သည်နှင့် သူတို့နောက်ကွယ်ရှိ ရာပေါင်းများစွာသော ခန်းမဆောင်ကြီးများထဲမှ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများသည် ဝုန်းခနဲ ပျံသန်းထွက်ပေါ်လာကြသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုနေရာတွင် လူသောင်းချီ ရှိနေပေသည်။ ဤလူများသည် ထိုက်ချီမိသားစု၏ ဝှက်ဖဲ အင်အားစုများ ဖြစ်ကြပြီး မိသားစုအနေဖြင့် ၎င်းတို့အားလုံးနီးပါးကို လှုံ့ဆော် စုစည်းလိုက်ခြင်း ဖြစ်သည်။

လူအချို့မှာမူ ရောက်ရှိမလာသေးချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဟင်းလင်းပြင်အက်ကြောင်းထဲရှိ နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတများပေါ်သို့ တက်ရောက်ကာ လဲ့ရှန်းမိသားစု၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားနေကြပြီ ဖြစ်သောကြောင့်တည်း။

သို့သော်လည်း ထိုက်ချီမိသားစုဝင်များက လဲ့ရှန်းမိသားစု၏ လေလံခန်းမဆီသို့ ဦးတည်တိုက်ခိုက်ရန် ပျံသန်းထွက်ခွာသွားကြသည့် ထိုအခိုက်အတန့်တွင်ပင် အတိတ်က ဖြစ်ရပ်ဆိုးကြီးသည် တဖန်ပြန်လည်၍ သမိုင်းတကျော့ပြန်ခဲ့လေသည်။

ထိုက်ချီမိသားစုဝင် သောင်းချီထဲမှ ထက်ဝက်နီးပါးခန့်သည် ရုတ်ချည်းပင် နောက်သို့လှည့်ကာ မိမိတို့၏ မိသားစုဝင်များကို မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ အေးစက်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ရက်ရက်စက်စက် ပြန်လည်တိုက်ခိုက်ကြလေတော့သည်။

ကောင်းကင်ပြင်ကြီး တစ်ပြင်လုံးသည် တစ်ခဏ အတွင်း၌ပင် ပရမ်းပတာ ဖရိုဖရဲ ဖြစ်သွားရတော့သည်။

ဘိုးဘေးတစ်ဆယ့်ရှစ်ဦး၏ မျက်နှာအမူအရာတို့မှာ ဆိုးရွားစွာ ပျက်ယွင်းသွားပြီး မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားရသည်။ စောစောက အမိန့်ပေးခဲ့သော အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်နေမိသည်။ သူ မည်မျှပင် စဉ်းစား စဉ်းစား... ဤမျှများပြားလှသော မိသားစုဝင်များသည် မင်နက်တာအိုအတွင်းသို့ မည်သို့မည်ပုံ သွေးဆောင်ခြင်း ခံလိုက်ရသည်ကို အဖြေရှာမရနိုင်ဘဲ ရှိနေတော့သည်။

သူသည် ဒေါသတကြီး ဟိန်းဟောက်ကာ လှုပ်ရှားလိုက်ပြီး သူ့နောက်ကွယ်မှ တစ်ဆယ့်ခုနစ်ဦးကလည်း သူ့နောက်သို့ လိုက်ပါလာကြသည်။ ထိုအဘိုးအိုသည် ခေါင်းကိုလှည့်ကာ မိမိနှင့် အဆင့်အတန်းတူညီသော ထိုက်ချီမိသားစု၏ ဘိုးဘေးတစ်ဆယ့်ခုနစ်ဦးအား လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင်မူ သူ ယုံကြည်နိုင်သည်မှာ ဤတစ်ဆယ့်ခုနစ်ဦးသာ ရှိတော့သည်။

ဤတစ်ဆယ့်ခုနစ်ဦးကတော့ ထိုက်ချီမိသားစုကို မည်သည့်အခါမျှ သစ္စာဖောက်မည်မဟုတ်ဟု သူ ယုံကြည်ထားခဲ့သော်လည်း သူ ခေါင်းအလှည့်တွင်ပင် နောက်ကွယ်မှ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ထိုတစ်ဆယ့်ခုနစ်ဦးထဲမှ တစ်ဆယ့်လေးဦးသည် ကျန်ရှိနေသော သုံးဦးကို တပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။ ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားစဉ် ထိုအဘိုးအို သုံးဦးမှာ သွေးများအန်ကာ နောက်သို့ လွင့်စင်ကျသွားကြရသည်။ ကျန်ရှိသော သစ္စာဖောက် ဘိုးဘေးများသည် သူတို့နောက်သို့ လိုက်မဖမ်းတော့ဘဲ အဓိက အဘိုးအိုကြီးထံသို့သာ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

ဘိုးဘေးတစ်ဆယ့်ရှစ်ဦးထဲတွင် အင်အားအကြီးဆုံးဖြစ်သော ထိုပုဂ္ဂိုလ်ကြီး၏ ရင်ထဲ၌ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံ ဗြုန်းခနဲ ထက်သန်လာခဲ့သည်။ သူ့မျက်ဝန်းထဲတွင် အလင်းတန်းများ ဖုံးလွှမ်းသွားပြီး နားထဲ၌လည်း ကျယ်လောင်သော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ဟိန်းထွက်နေတော့သည်။

ရေနက်မြို့တော်ရှိ လဲ့ရှန်းမိသားစု၏ လေလံခန်းမဆောင်ထဲမှ လဲ့ရှန်းမိသားစုဝင် တစ်ဦးတစ်ယောက်မျှ အပြင်သို့ ထွက်မလာခဲ့ကြချေ။ သူတို့အားလုံးသည် အလင်းမျက်နှာပြင်ထက်က မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်း ဆွံ့အလျက် ရှိနေကြသည်။ အဆုံးစွန်၌မူ သူတို့မိသားစုအတွင်းရှိ အချို့သော လျှို့ဝှက်ချက်များကို သူတို့ကိုယ်တိုင်ပင် မသိရှိခဲ့ကြပေ။

စုမင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာဖြင့် မေးလိုက်သည်။

"ဒါကို ခင်ဗျားတို့ ဘယ်လို လုပ်နိုင်ခဲ့တာလဲ"

"ငါတို့က မာန်မျိုးနွယ်စု နယ်မြေထဲမှာ ပထမဆုံး မာန်နတ်ဘုရားရဲ့ လက်အောက်မှာ အမှုထမ်းကတည်းက ဒီလိုအလုပ်မျိုးတွေကို လုပ်ခဲ့ကြတာ။ မဟုတ်ရင် အဲဒီလို ပရမ်းပတာ အခြေအနေတွေကြားထဲကနေ မာန်မင်းဆက်ကို ဘယ်လိုလုပ် တည်ထောင်နိုင်ပါ့မလဲ။ မဟုတ်ရင် နံနက်ခင်း တာအိုလောကထဲက အင်မော်တယ်တွေနဲ့ အခြားမျိုးနွယ်စုအားလုံး ငါတို့ကို ဒူးထောက် ခေါင်းညွတ် လာအောင် ဘယ်လို လုပ်နိုင်ပါ့မလဲ"

"တကယ်တော့ ကပ်ဘေးအရှင် တာအိုချန်တောင် ထိတ်လန့်သွားပြီး သူ့ရဲ့ အဆင့်အတန်းကို ဂရုမစိုက်နိုင်ဘဲ ငါတို့ကို တိုက်ခိုက်ခဲ့ရတာပဲ" အကြီးအကဲဖုန်းက ပြုံး၍ ဆိုလိုက်သည်။

စုမင် တဖန် ပြန်လည်၍ တိတ်ဆိတ်သွားမိသည်။ သူသည် လဲ့ရှန်းရှုကို တစ်ခါမျှ စစ်မှန်စွာ နားမလည်ခဲ့ဖူးကြောင်း ရုတ်ချည်း သဘောပေါက်သွားရသည်။ သမိုင်းမှတ်တမ်း တင်ထားသော ရှေးဟောင်းပေလွှာများထဲတွင် ဖော်ပြထားသည့် လဲ့ရှန်းရှုမှာ အလွန်တရာ အစွမ်းထက်ပြီး အနှိုင်းမဲ့ အထွတ်အထိပ် အရှင်သခင်ကြီး တစ်ဦးအဖြစ်သာ ဖြစ်သော်လည်း ယခုအချိန်တွင် သူ မြင်တွေ့နေရသည့် အရာအားလုံးက ထိုအယူအဆများအား ပြောင်းပြန် လှန်ပစ်နေခဲ့ပြီ ဖြစ်သည်။

စုမင်က အလင်း မျက်နှာပြင်ကို ကြည့်ကာ တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။

"ထိုက်ချီမိသားစုက ဒီဂြိုဟ်ပေါ်မှာ အကြီးမားဆုံး မိသားစုကြီးတစ်ခု ဖြစ်လာနိုင်ခဲ့တာဆိုတော့ သူတို့ဆီမှာ ဒီလောက်ပဲ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိတာတော့ မဖြစ်နိုင်ဘူး"

"မှန်တာပေါ့။ အခု ပေါ်လာတဲ့ လူတွေက ထိုက်ချီမိသားစုက ငါတို့ကို ပြချင်တဲ့ အင်အားသက်သက်ပဲ ရှိသေးတာ" အကြီးအကဲဖုန်းက ပြုံးလျက် ပြောလိုက်သည်။

သူ ထိုသို့ ပြောလိုက်သည်နှင့် ရေနက်မြို့တော်၏ ဖရိုဖရဲ ဖြစ်နေသော ကောင်းကင်ယံထက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်သံ ဟိန်းထွက်လာခဲ့သည်။ ထိုပေါက်ကွဲသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လောက၌ ရှိသမျှ အခြားသောအသံ အားလုံးကို ဝါးမြိုသွားတော့သည်။ ကောင်းကင်ပြင်ကြီး တစ်ပြင်လုံး တုန်ခါသွားပြီး မိုင်ပေါင်းသောင်းချီ၍ ရှည်လျားသော ကြီးမားလှသည့် ဟင်းလင်းပြင် အက်ကြောင်းကြီး တစ်ကြောင်း ကောင်းကင်တွင် ပေါ်ထွက်လာခဲ့လေသည်။

ထိုအက်ကြောင်းကြီးသည် ထိုက်ချီမိသားစုဝင်များ ၎င်းတို့၏ သီးခြားနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် အသုံးပြုသည့် လမ်းကြောင်းပင် ဖြစ်သည်။ ၎င်း ပေါ်လာသည်နှင့် လူရိပ်များစွာသည် လျင်မြန်စွာ ပျံသန်းထွက်ပေါ်လာပြီး အရပ်လေးမျက်နှာတွင် အုပ်စုများခွဲကာ နေရာယူလိုက်ကြသည်။

သူတို့ ပေါ်လာခြင်းကြောင့် ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့် ဘိုးဘေးတစ်ဆယ့်ရှစ်ဦးထဲမှ ကျန်ရှိနေသော အဘိုးအိုလေးဦးမှာ ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွသွားကြရသည်။ ထိုနေရာရှိ အခြားသော ထိုက်ချီမိသားစုဝင်များလည်း စိတ်လှုပ်ရှားသွားကြ၏။

ကြက်သွေးရောင်၊ အပြာရောင်၊ အဖြူရောင်နှင့် အနက်ရောင်။

ထိုနေရာတွင် မတူညီသော သံချပ်ကာအရောင် လေးမျိုး ခွဲခြားထားပြီး သံချပ်ကာ ဝတ်စုံတစ်မျိုးစီတွင် လူသုံးထောင်စီ ပါဝင်သည်။ အရပ်လေးမျက်နှာတွင် မတ်တတ်ရပ်နေသော ဤတပ်ဖွဲ့မှာ ထိုက်ချီမိသားစု၏ လျှို့ဝှက်တပ်ဖွဲ့ကြီး ဖြစ်ပေသည်။ ကြက်သွေးရောင်က သွေးဆာမှုအား ကိုယ်စားပြုပြီး အပြာရောင်က လျှံပယ်နေသော သက်စောင့်အားကို ကိုယ်စားပြုကာ အဖြူရောင်က ကုန်ဆုံးခြင်း မရှိသည့် သက်တမ်းကို ပြသ၍ အနက်ရောင်ကမူ စစ်မှန်သော ဖျက်ဆီးခြင်းပင် ဖြစ်သည်။

သူတို့၏ အရေအတွက်မှာ စုစုပေါင်း တစ်သောင်းနှစ်ထောင် ရှိပေသည်။ သို့သော်လည်း ဤတပ်ဖွဲ့ကြီး ပေါ်လာပြီး လဲ့ရှန်းမိသားစုကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့် ထိုအချိန်၌ပင် သူတို့ကြားတွင်လည်း ပရမ်းပတာ ဖြစ်ရပ်များ စတင်လာခဲ့ပြန်သည်။ ပြည်တွင်းစစ်ဘေးသည် သူတို့ကိုလည်း ချန်လှပ်မထားခဲ့ချေ။

မိမိတို့၏ မိသားစုဝင်များကို ပြန်လည်၍ ခုခံတိုက်ခိုက်နေရသော ထိုက်ချီမိသားစုဝင် အားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းများ ပြည့်နှက်လာတော့သည်။

"မင်နက်တာအို... မင်းတို့ ငါတို့လူတွေကြားထဲမှာ အင်အား ဘယ်လောက်တောင် ဝှက်ထားခဲ့တာလဲ။ မင်နက်ဂြိုဟ်ရဲ့ အရိပ်အောက်က ဘုရင်တွေ၊ မင်းတို့ ဘာလို့ ငါတို့ ထိုက်ချီမိသားစုကို ဖျက်ဆီးချင်ရတာလဲ" မိမိနှင့် ရင်းနှီးပြီးသားဖြစ်သော မိသားစုဝင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည့် ဘိုးဘေးအိုကြီးက စူးရှသော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"ဘာလို့လဲဆိုတော့ မင်းတို့ မပြစ်မှားသင့်တဲ့သူကို သွားပြီး ပြစ်မှားမိလို့ပဲ" အကြီးအကဲဖုန်းက ပြန်လည် ဖြေကြားလိုက်ရာ သူ့အသံသည် ရေနက်မြို့တော် အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

"ဘယ်သူလဲ။ ငါတို့ ဘယ်သူ့ကို ပြစ်မှားမိလို့လဲ။ ပြောစမ်းပါ။ ငါတို့ ဘယ်သူ့ကို ပြစ်မှားမိလို့လဲ"

"မင်းတို့လည်း တူတူပဲ။ မင်းတို့အားလုံး ထိုက်ချီမိသားစုဝင်တွေပဲဥစ္စာ။ မင်းတို့ရဲ့ သွေးကြောထဲမှာ ထိုက်ချီမိသားစုရဲ့ သွေးတွေ စီးဆင်းနေတာ။ ဘာလို့ ငါတို့ကို သစ္စာဖောက်ရတာလဲ"

အဘိုးအိုမှာ ရူးသွပ်မတတ် ဖြစ်နေလေသည်။ ထိုသို့ ပြင်းပြင်းထန်ထန် မေးမြန်းနေသည့်ကြားမှ ထိုက်ချီမိသားစု၏ သစ္စာဖောက် အများစုမှာ နှာခေါင်းရှုံ့လိုက်ကြပြီး ပိုမိုရက်စက်စွာ ဆက်လက်တိုက်ခိုက်ကြလေသည်။

အဘိုးအိုကို ဝိုင်းအုံတိုက်ခိုက်နေသည့် သစ္စာဖောက်တစ်ဦးက နှုတ်ခမ်းထောင့်မှ သွေးစများကို လျှာဖြင့်သပ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ သူ့မျက်နှာထက်တွင် လှောင်ပြောင် သရော်သည့် အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။

"ထိုက်ချီမိသားစုရဲ့ သွေး ဟုတ်လား။ ငါတို့ အဲဒီလူတွေ မဟုတ်တော့တာ ကြာပြီ။ ငါတို့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာ မင်နက်တာအို ဘိုးဘေးရဲ့ သွေးတွေကွ။ ငါတို့က မာန်မျိုးနွယ်တွေပဲ"

အဘိုးအိုသည် စိတ်ပျက်အားလျော့စွာဖြင့် ရယ်မောရင်း နောက်သို့ တရစပ် ဆုတ်ခွာသွားမိသည်။ မိသားစုက ဝှက်ဖဲအဖြစ် ဝှက်ထားခဲ့သည့် သံချပ်ကာတပ်ဖွဲ့ လေးဖွဲ့မှာ အချင်းချင်း အပြင်းအထန် သတ်ဖြတ်နေကြပြီး ထိုက်ချီမိသားစုဝင် အားလုံး သေကျေ ဒဏ်ရာရနေကြသည်ကို သူ မြင်တွေ့နေရသည်။ ဤအတောအတွင်း လဲ့ရှန်းမိသားစုဝင် တစ်ယောက်မျှ ပေါ်မလာခဲ့ချေ။ ထိုအရာ အားလုံးမှာ ဟာသတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုက်ချီမိသားစုသည် ပြည်တွင်းစစ်ဒဏ်ကြောင့် အပိုင်းပိုင်းအစစ ကွဲအက်ပျက်စီးနေရသည့် ဟာသတစ်ခုပင်။

ဤမြင်ကွင်းက မင်နက်ဂြိုဟ်၏ သမိုင်းတစ်လျှောက်တွင် မိသားစု မြောက်မြားစွာသည် ပြည်တွင်းစစ်ကြောင့် ပျက်စီးသွားခဲ့ရသည်ကို သူ့အား ပြန်လည်သတိရစေသည်။ ယခုကြည့်ရသည်မှာ ထိုအရာအားလုံးက လှောင်ချင်စရာ ဟာသ ဖြစ်နေတော့သည်။

"ဘိုးဘေးအရှင်ကြီး၊ ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" အဘိုးအိုသည် မျက်လုံးများကို မှိတ်လိုက်လေတော့သည်။

သူ မျက်လုံးမှိတ်လိုက်သည့် ထိုအခိုက်အတန့်၌ပင် ကောင်းကင်ယံရှိ အက်ကြောင်းကြီးထဲမှ အရှိန်အဝါ သုံးခု ဝုန်းခနဲ သက်ဆင်းလာပြီး ကောင်းကင်တွင် နေမင်းသုံးစင်း ပေါ်ထွက်လာခဲ့သည်။ ထိုနေမင်းများထံမှ ဖြာထွက်လာသော ပြင်းထန်လှသည့် ဖိအားထုကြီးမှာ နေကပ်ဘေးအဆင့် ကျင့်ကြံသူများ၏ ကြီးမားသော အစွမ်းပကားကို ဖော်ပြနေပြီး ချက်ချင်းပင် အောက်တွင် တိုက်ခိုက်နေကြသော လူအားလုံးမှာ တန့်သွားကြကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

ထိုနေမင်း သုံးစင်းအတွင်း၌ ရှေးဟောင်းလူရိပ် သုံးရိပ် ရှိနေပြီး သူတို့သည် ထိုက်ချီမိသားစုအတွင်း တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေကြသည့် ဘိုးဘေးအရှင်ကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးသည် နေကပ်ဘေး အဆင့်တွင် ရှိကြသည့် အစွမ်းထက် ကျင့်ကြံသူကြီးများ ဖြစ်ကြ၏။

"ဟိုအဖိုးကြီး သုံးယောက်က နောက်ဆုံးတော့ ထွက်လာပြီပဲ။ ဒါပေမဲ့ သူတို့ထဲမှာ အသန်မာဆုံးဖြစ်တဲ့၊ ငါတို့ အရိပ်ထဲမှာ ပုန်းနေတုန်းက ရှာတွေ့ခဲ့တဲ့လူကတော့ ပေါ်မလာသေးဘူး" အကြီးအကဲဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ညာလက်ဖြင့် ချိပ်ပိတ်စည်းတစ်ခု ဖန်တီးကာ အလင်းမျက်နှာပြင်ဆီသို့ ညွှန်ပြလိုက်သည်။

"နျဲ့လီ... ဟိုတုန်းက ငါတို့အချင်းချင်း ထားခဲ့တဲ့ ကတိအတိုင်း အခု မင်း တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ"

အကြီးအကဲဖုန်းက ထိုစကားကို ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ကြီး လှုပ်ခါသွားသည်အား စုမင် ခံစားလိုက်ရသည်။ ရေနက်မြို့တော်ကြီး တုန်ခါသွားပြီး အလင်းမျက်နှာပြင်ထက်တွင် မြို့တော်ကို တည်ဆောက်ထားသည့် ကြီးမာသော ရွှံ့တောကြီးထဲက ရေများမှာ ပွက်ပွက်ဆူလာကာ လှိုင်းတံပိုးများ ထလာသည်အား သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ကျင့်ကြံသူတစ်ဦးထံမှ မဟုတ်သော ဟိန်းဟောက်သံကြီးများမှာ ရွှံ့တောကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံ ကိုးထပ်ဆီသို့ ထိုးတက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် စုမင်သည် ရွှံ့ရေထဲမှ ကြီးမားထည်ဝါသော နဂါးခေါင်းကြီး တစ်ခေါင်း ဝုန်းခနဲ ရုန်းထွက်လာပြီး အထက်ဆီသို့ တဟုန်ထိုး တက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုနဂါးခေါင်းမှာ ပေပေါင်းသောင်းချီ၍ ကြီးမားပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်း ဖြစ်ပေသည်။ ၎င်း ရုန်းထွက်လာသောအခါ ရွှံ့ရေ မြောက်မြားစွာကို သယ်ဆောင်လာခဲ့ပြီး စကြဝဠာကြီး တစ်ပတ်လည်သွားသည့်အလား ကြည်လင်နေသော ကောင်းကင်ထက်မှ မိုးများ ရွာသွန်းစေခဲ့သည်။ နဂါးခေါင်း ပေါ်လာသောအခါ အထက်သို့မော့၍ ဟိန်းဟောက်လိုက်ရာ ၎င်း၏ဟိန်းဟောက်သံကြောင့် လောကကြီး တုန်ခါသွားပြီး ဂြိုဟ်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာခဲ့ရသည်။

မကြာမီမှာပင် စိမ့်စမ်းတောထဲမှ အခြားနဂါးခေါင်း တစ်ခေါင်း ထပ်မံထွက်ပေါ်လာပြီး ၎င်းနောက်တွင် တတိယမြောက် နဂါးခေါင်း တစ်ခေါင်းလည်း ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြန်သည်။ ပေပေါင်းသောင်းချီ၍ ကြီးမားကာ အမြင့်ပေ သိန်းချီရှိသော နဂါးခေါင်း သုံးခေါင်းမှာ ကောင်းကင်ပြင်ကို လွှမ်းမိုးလျက် နေကပ်ဘေး အဆင့်တွင် ရှိကြသည့် ထိုက်ချီမိသားစု၏ ဘိုးဘေးအရှင်ကြီး သုံးဦးထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"ခေါင်းကိုးလုံးနဂါးပဲ" စုမင်၏ မျက်သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ရွှံ့တောထဲတွင် ပုန်းအောင်းနေသည့် ထိုကြောက်မက်ဖွယ် သတ္တဝါကြီးမှာ သက်ရှိထင်ရှား ရှိနေသော ခေါင်းကိုးလုံး နဂါးကြီး ဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိလိုက်ခြင်း ဖြစ်သည်။

အကြီးအကဲဖုန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြုံး၍ ဆိုလိုက်သည်။

"မင်း ဒီသတ္တဝါကို သိတာလား။ ဒါဆိုရင်တော့ ငါတို့ မာန်နယ်မြေထဲမှာ ချန်ထားခဲ့တဲ့ ခေါင်းလောင်းကို မင်း ဆက်ခံရရှိထားတာ နေမှာပဲ"

နဂါးခေါင်း သုံးခေါင်း ဟိန်းဟောက်လိုက်စဉ် ၎င်းတို့၏ အသံထဲမှ အက်ကွဲကွဲ စကားလုံးများကို ကြားလိုက်ရလေသည်။

"ခေါင်း... ကိုး... လုံး... နဂါး..."

All Chapters