အခန်း (၈၉၁-၈၉၂)
Vol. 64 Ch. 891-892
အခန်း ၈၉၁ အာဏာစက် ထက်မြက်လာခြင်း
စုမင်သည် အလင်းမျက်နှာပြင်မှတစ်ဆင့် ရေနက်မြို့တော်ရှိ စိမ့်စမ်းတောထဲက ဟိန်းဟောက်နေသော နဂါးခေါင်း သုံးခေါင်းအား ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လဲ့ရှန်းမိသားစု၏ အင်အားနှင့်ပတ်သက်ပြီး အလွန် ထိတ်လန့်ဖွယ်ကောင်းသော အချက်အလက်များကို သူ သိလိုက်ရသောကြောင့် ဖြစ်၏။
စုမင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲဖုန်းကို လှမ်းကြည့်လိုက်သည်။
"မှော်သင်္ကေတတွေပဲဖြစ်ဖြစ် ကျောက်နဂါးတွေပဲဖြစ်ဖြစ် နောက်ဆုံး မဟာထိန်လင်း မှော်သင်္ကေတပဲဖြစ်ဖြစ်... သေချာစဉ်းစားကြည့်ရင် ဒါတွေအားလုံးက သိပ်ပြီးတော့ အံ့သြစရာမကောင်းပါဘူး။ ခင်ဗျားတို့နဲ့ ခေါင်းကိုးလုံး နဂါးကြားက ကတိကဝတ်ကလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ထိုက်ချီမိသားစုဝင်တွေကို အချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်ပြီး ဒီလို အရေးကြီးတဲ့ အချိန်မှာ မိသားစုကို ပြန်ပြီး သစ္စာဖောက်လာအောင် ခင်ဗျားတို့ ဘယ်လို လုပ်နိုင်ခဲ့တာလဲ"
"အရင်တုန်းက မင်နက်ဂြိုဟ်ပေါ်မှာ မင်နက်တာအိုဆိုတာ မရှိခဲ့ဘူး။ ငါတို့ ရောက်လာတော့မှ မင်နက်တာအိုဆိုတာ ဖြစ်တည်လာခဲ့တာ။ ငါတို့ရဲ့ နောက်လိုက်တွေဟာ ဒီက မိသားစုတိုင်းထဲမှာ ရှိနေကြတယ်။ ငါတို့က အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ဘုရင်တွေပဲ၊ မိသားစု တစ်ခုချင်းစီရဲ့ ကြီးပွားခြင်းနဲ့ ပျက်စီးခြင်းကို ငါတို့ကပဲ ဆုံးဖြတ်နိုင်တယ်"
"ငါတို့ဟာ မင်နက်ဂြိုဟ်ပေါ်မှာ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားအောင် လှုံ့ဆော်နိုင်သလို အတိတ်တုန်းက မင်နက်ဂြိုဟ်ရဲ့ အပြောင်းအလဲလိုမျိုး မဟာလောကကြီး လေးခုလုံးကို တုန်လှုပ်စေမယ့် ကပ်ဘေးတွေကိုလည်း ဖန်တီးနိုင်စွမ်းရှိတယ်" အကြီးအကဲဖုန်းက ပြုံးလျက် ပြောလိုက်သော စကားများကြောင့် စုမင်၏ ရင်ထဲတွင် တဖန် ပြန်လည် တုန်လှုပ်သွားရပြန်သည်။
အကယ်၍ အချိန်ကာလကို ပြန်လည်တွက်ချက်ကြည့်မည်ဆိုပါက မင်နက်ဂြိုဟ်၌ အပြောင်းအလဲဖြစ်ပွားခဲ့သော အချိန်သည် လဲ့ရှန်းရှု နတ်ဘုရား အနှစ်သာရ နယ်မြေသို့ ရောက်ရှိလာသည့် အချိန်နှင့် ထပ်တူကျနေပေသည်။
"ဒီမိသားစုဝင်တွေကို မာန်မျိုးနွယ်တွေအဖြစ် ပြောင်းလဲပစ်ပြီး ငါတို့ လိုအပ်တဲ့အချိန်မှာ သူတို့မိသားစုကို ပြန်ပြီး သစ္စာဖောက်လာအောင် လုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းကိုတော့ မင်း ခန့်မှန်းမိလောက်မှာပါ" အကြီးအကဲဖုန်းက စုမင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်မပြောဘဲ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုသာ ဆင်မြန်းထား၏။
စုမင်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။
"ဒါက ဒုတိယ မာန်နတ်ဘုရား ကိုယ်တိုင်ဖန်တီးခဲ့တဲ့ နတ်ဘုရားစွမ်းရည်ပဲ"
"ငါ ပထမဆုံး မာန်နတ်ဘုရားနဲ့အတူ ထွက်ခွာလာတုန်းက ပထမဆုံး မာန်နတ်ဘုရားရဲ့ နေရာကို ဆက်ခံနိုင်မယ့် အရည်အချင်းရှိသူ သုံးယောက်ကို ငါ မြင်ခဲ့ဖူးတယ်။ မင်းပြောတဲ့ ဒုတိယ မာန်နတ်ဘုရားက အဲဒီသုံးယောက်ထဲက တစ်ယောက်လားဆိုတာတော့ ငါမသိဘူး။ တကယ်လို့ သူသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့အတွက် ကောင်းတာပေါ့။ ဒါပေမဲ့ မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းပြောသလို နှလုံးသားမဲ့ မာန်မျိုးစေ့ မဟာပညာကို ဒုတိယ မာန်နတ်ဘုရားက ဖန်တီးခဲ့တာ မဟုတ်ဘူး။ အဲဒီအစား အဲဒါက ပထမဆုံး မာန်နတ်ဘုရား လောကအသီးသီးကို ကျွန်ပြုဖို့ အသုံးပြုခဲ့တဲ့ ပညာဖြစ်ပြီး မာန်နတ်ဘုရားရဲ့ ပညာလို့လည်း လူသိများတယ်"
"ဒီစကြဝဠာထဲမှာ လဲ့ရှန်းအရှင် တစ်ယောက်တည်းပဲ မယုံနိုင်စရာကောင်းတဲ့ ပါရမီဉာဏ်နဲ့ ဒီပညာကို ဖန်တီးနိုင်ခဲ့တာ" အကြီးအကဲဖုန်းက ခေါင်းကိုခါယမ်းရင်း အေးအေးလူလူ ဆိုလိုက်သည်။
သူတို့ စကားပြောနေကြစဉ်တွင်ပင် ရေနက်မြို့တော်၏ ကောင်းကင်ယံထက်တွင် ရာသီဥတုက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ဟိန်းဟောက်သံကြီးများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး ခေါင်းကိုးလုံးနဂါး၏ ခေါင်းသုံးခေါင်းနှင့် နေကပ်ဘေးအဆင့်ရှိ အဘိုးအို သုံးဦးတို့ တိုက်ခိုက်နေကြစဉ် ဟင်းလင်းပြင်ကြီး အက်ကွဲပျက်စီးသွားသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ထိုသည်က စုမင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့် ခေါင်းကိုးလုံးနဂါး ဖြစ်ပေသည်။ ၎င်း၏ စွမ်းအားမှာ အလွန်တရာ အံ့သြတုန်လှုပ်ဖွယ် ကောင်းပြီး စင်စစ်အားဖြင့် အကယ်၍ ဖယောင်းနဂါးသာ ၎င်း၏ အထွတ်အထိပ်အချိန်တွင် ဤခေါင်းကိုးလုံးနဂါးနှင့် တွေ့ဆုံကာ ရန်သူတော်များပီပီ အသေအလဲ တိုက်ခိုက်ကြမည်ဆိုလျှင် မည်သူနိုင်မည်၊ မည်သူရှုံးမည်ကို ဆုံးဖြတ်ရန် ခက်ခဲမည်ဟု စုမင် ယုံကြည်မိသည်။
သို့သော်လည်း စုမင်၏ စိတ်ထဲတွင် ဤခေါင်းကိုးလုံးနဂါးက ဖယောင်းနဂါးထက် အနည်းငယ်မျှ ပိုမိုသန်မာသည်ဟု ခံစားနေရ၏။
'သူ့မှာ ခေါင်းကိုးလုံးတောင် ရှိတာ။ အခု လောလောဆယ် သုံးခေါင်းပဲ ထွက်လာသေးတာတောင် နေကပ်ဘေးအဆင့် ကျင့်ကြံသူ သုံးယောက်နဲ့ အချိန်မရွေး အပြန်အလှန် တိုက်ခိုက်နိုင်နေပြီ။ တကယ်လို့ ခေါင်းကိုးခေါင်းလုံး တပြိုင်တည်း ပေါ်လာမယ်ဆိုရင် သူက ကံကြမ္မာ၊ သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ကို မရောက်သေးရင်တောင် အဲဒီအဆင့်ရဲ့ အောက်မှာရှိတဲ့ သတ္တဝါအားလုံးထဲမှာ အင်အားအကြီးဆုံး ဖြစ်နေလိမ့်မယ်'
ပေါက်ကွဲသံကြီးများက အလင်းမျက်နှာပြင်မှတစ်ဆင့် လဲ့ရှန်းမိသားစု၏ လေလံခန်းမဆောင်အတွင်းသို့ ပဲ့တင်ထပ် ဝင်ရောက်လာသည်။ စုမင်က မြို့တော်ကို ကြည့်ကာ ခဏအကြာတွင် တည်ငြိမ်စွာ ဆိုလိုက်သည်။
"ထိုက်ချီမိသားစုက သူတို့ လူတွေကို လဲ့ရှန်းမိသားစုရဲ့ အခြေစိုက်စခန်းဆီ ရွှေ့ပြောင်းစေလွှတ်နေတာကို ခင်ဗျားတို့ ဘာလို့ စိတ်မပူတာလဲဆိုတာ မဆန်းတော့ပါဘူး။ ရေနက်မြို့တော်မှာတင် ဒီလောက် အင်အားအလုံးအရင်း ဝှက်ထားနိုင်တယ်ဆိုရင် မိသားစုရဲ့ အခြေစိုက်စခန်းမှာဆိုရင် ပိုပြီးတော့တောင် အင်အားကြီးမယ့် တပ်ဖွဲ့တွေ ရှိနေမှာပဲ"
အကြီးအကဲဖုန်းက ညာလက်ကို မြှောက်ကာ သူ့ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ အလင်းမျက်နှာပြင်၏ အရှေ့ဘက်ရှိ လေထုက လိမ်တွန့်သွားပြီး မတူညီသော အရွယ်အစားရှိသည့် အလင်းမျက်နှာပြင် ပေါင်းတစ်ရာနီးပါး ဗြုန်းခနဲ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့တစ်ခုချင်းစီတွင် မတူညီသော မြင်ကွင်းများကို ပြသနေပြီး ထိုမြင်ကွင်းများမှာ မင်နက်ဂြိုဟ်ပေါ်ရှိ မိသားစုအသီးသီး၏ အခြေစိုက်စခန်းများ ဖြစ်ကြပေသည်။
"မင်း သိချင်တယ်ဆိုရင်လည်း လှမ်းကြည့်လိုက်လေ။ ကြည့်လိုက်ရင် သိရမှာပဲ" အကြီးအကဲဖုန်းက ပြုံး၍ ဆိုသည်။
စုမင်သည် ထိုအလင်းမျက်နှာပြင် တစ်ရာနီးပါးကို ဝေ့ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သွားမိသည်။
သူသည် မင်နက်ဂြိုဟ်ပေါ်ရှိ အခြားမိသားစုများထံသို့ အကူအညီတောင်းခံရန် သွားနေကြသော ထိုက်ချီမိသားစုဝင်များ၏ အလင်းတန်းများကို မြင်တွေ့လိုက်ရသည်။
အလင်းမျက်နှာပြင် တစ်ခုတွင် မင်နက်ဂြိုဟ်၏ အလတ်စား မိသားစု တစ်စုဖြစ်သော ချန်မိသားစုကို ပြသနေ၏။
ကျယ်လောင်သော လေခွဲသံများနှင့်အတူ အလင်းတန်းတစ်တန်းက သူတို့အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းက မျက်တောင်တစ်ခတ်အတွင်း အောက်သို့ သက်ဆင်းလာပြီး ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားကာ စိုးရိမ်သောကရောက်နေသော မျက်နှာအမူအရာရှိသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးအသွင် ထင်ရှားလာခဲ့သည်။ သူ ဆင်းသက်လာသည်နှင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ချန်မိသားစုဆီသို့ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ထိုက်ချီမိသားစုက ထိုက်ချီအန်းပါ။ ကျွန်တော့်မိသားစုရဲ့ ဘိုးဘေးဆီက ပေးစာနဲ့အတူ ချန်မိသားစုရဲ့ ဘိုးဘေးကြီးနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ချက်နဲ့ လာခဲ့တာပါ။ ဒါက မင်နက်ဂြိုဟ်ပေါ်က မိသားစုအားလုံးရဲ့ ကြီးမားတဲ့ အပြောင်းအလဲနဲ့ သက်ဆိုင်နေလို့ပါ။ ချန်မိသားစုရဲ့ ဘိုးဘေးကြီး၊ ကျွန်တော့်ကို တွေ့ဆုံခွင့်ပေးပါ"
"သူ့ကို သတ်လိုက်"
ထိုအလယ်အလတ်အရွယ် အမျိုးသား စကားပြော၍ ပြီးခါနီး ထိုအခိုက်အတန့်၌ပင် ချန်မိသားစုအတွင်းမှ အိုမင်းရင့်ရော်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံ ထွက်လာသည်နှင့်တစ်ပြိုင်နက် အဆောက်အဦးအတွင်းမှ လူပေါင်း ဒါဇင်ကျော် ဝုန်းခနဲ ပြေးထွက်လာကြတော့သည်။
ထိုအမျိုးသား၏ မျက်နှာအမူအရာမှာ ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့သည်။ သူက နောက်သို့ ဆုတ်ခွာချင်သော်လည်း ထိုနေရာတွင် သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသော အစွမ်းထက် ကျင့်ကြံသူ အများအပြား ရှိနေပေသည်။ သူတို့ တိုက်ခိုက်လိုက်ကြစဉ်တွင် သူ့အား ပြန်လည်ခုခံရန် မည်သည့်အခွင့်အရေးမျှ မပေးခဲ့ကြချေ။ တစ်စုံတစ်ယောက်က သူတို့၏ လုပ်ရပ်ကို စောင့်ကြည့်နေသည့်အလား ချန်မိသားစုအနေဖြင့်လည်း သူတို့၏ သစ္စာရှိမှုကို အသည်းအသန် ပြသချင်နေသည့်အလား ထိုလူအား ချက်ချင်းပင် လက်စဖျောက်ရန် စောင့်ဆိုင်းမနေခဲ့ကြပေ။
အရာအားလုံးက မျက်တောင်ခတ်ရုံမျှသာ ကြာမြင့်လိုက်ပြီးနောက် စူးရှလှသော နာကျင်စွာ အော်ဟစ်သံကြီး တစ်သံ လေထုထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။ အကူအညီလာတောင်းသော ထိုက်ချီမိသားစုမှ ထိုအမျိုးသားမှာ ရုပ်ခန္ဓာရော ဝိညာဉ်ပါ အပြီးတိုင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။ ထိုအခိုက်အတန့်တွင်ပင် ချန်မိသားစုအတွင်းမှ ပန်းပွင့်ပုံစံ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အလွန်တရာ အရပ်ရှည်ပြီး ခန့်ညားသော အမျိုးသားတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ သူ့နောက်တွင်မူ ချန်မိသားစု၏ ဘိုးဘေးနှင့် အခြားသော ချန်မိသားစုမှ အစွမ်းထက် ကျင့်ကြံသူ အများအပြားက ရိုရိုသေသေ လိုက်ပါလာကြ၏။
"အရှင်... မစိုးရိမ်ပါနဲ့။ ချန်မိသားစုက ထိုက်ချီမိသားစုကို မနှစ်မြို့တာ ကြာပါပြီ။ တကယ်လို့ အရှင် ဒီနေ့ မလာခဲ့ရင်တောင် ကျွန်တော်တို့က အဲဒီထိုက်ချီမိသားစုကလူကို သတ်ပစ်မှာပါ" ချန်မိသားစု၏ ဘိုးဘေးက လက်နှစ်ဖက်ကို ရိုသေစွာ ဆုပ်ကိုင်လျက် ဆိုလိုက်သည်။
ထိုမျက်နှာဖုံးနှင့်လူက ခေါင်းညိတ်ပြီး ရှေ့သို့ တစ်လှမ်းလှမ်းကာ အလင်းတန်း တစ်တန်းအသွင် ပြောင်းလဲ၍ ထွက်ခွာသွားတော့သည်။ သူ ပျောက်ကွယ်သွားသည်နှင့် ချန်မိသားစု၏ ဘိုးဘေးက နဖူးထက်က ချွေးစေးများကို သုတ်လိုက်ရရှာသည်။
စုမင်သည် ဤအရာအားလုံးကို အလင်းမျက်နှာပြင်မှတစ်ဆင့် မြင်တွေ့နေရခြင်း ဖြစ်သည်။ စင်စစ်အားဖြင့် သူ့ရှေ့ရှိ အလင်းမျက်နှာပြင် အားလုံးနီးပါးတွင် အလားတူ ဖြစ်ရပ်မျိုးကို မြင်တွေ့နေရခြင်း ဖြစ်၏။ အကူအညီတောင်းရန် စေလွှတ်ခြင်းခံရသော ထိုက်ချီမိသားစုဝင် အားလုံးနီးပါးမှာ စိုးရိမ်တကြီး ဖြစ်နေကြသော အခြားမိသားစုများ၏ သတ်ဖြတ်ခြင်းကို လျင်မြန်စွာ ခံလိုက်ကြရသည်။
သို့သော်လည်း မသေဆုံးပဲ ကျန်ရစ်သူ အချို့တော့ ရှိပေသေးသည်။ ထိုသူများမှာ မင်ချီလင်မြို့တော်ရှိ မော့မိသားစုနှင့် လောကကြယ်တာရာ မိသားစုရှိ ဟွာမိသားစုထံသို့ သွားကြသူများ ဖြစ်ကြသည်။ မင်နက်ဂြိုဟ်၏ အင်အားအကြီးဆုံး ထိပ်သီးမိသားစု သုံးစုထဲတွင် ပါဝင်သော ဤမိသားစုကြီး နှစ်စုမှာမူ အကူအညီ လာတောင်းသူများအား သတ်ဖြတ်ခြင်းမပြုဘဲ တံခါးပိတ်ကာ တွေ့ဆုံရန် ငြင်းဆန်သည့် လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ကြသည်။
လဲ့ရှန်းမိသားစု၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားနေကြသော ထိုက်ချီမိသားစုဝင်များနှင့် ပတ်သက်ပြီး ရှေ့သို့ တဟုန်ထိုး ချီတက်နေကြသည့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ အရှေ့ဘက် ဟင်းလင်းပြင်ရှိ တိမ်တိုက်များထဲမှ ကြီးမားသည့် ရေဘဝဲ လက်တံကြီး တစ်ချောင်း ရုတ်ချည်း ထွက်ပေါ်လာသည်ကို စုမင် မြင်လိုက်ရသည်။ ထိုလက်တံကြီးပေါ်တွင် အဖုအထစ်များစွာ ပြည့်နှက်နေလျက် ၎င်းက ကောင်းကင်ပြင်ကို ဝှေ့ယမ်းလိုက်စဉ် ဂြိုဟ်ကြီးအား ဝင်ရိုးပေါ်၌ လည်ပတ်သွားအောင် တွန်းပို့လိုက်သည့်အလား ထင်မှတ်ရပေသည်။ ထို့နောက် တိမ်ပင်လယ်ကြီးက လိပ်တွန့်သွားပြီး ပေပေါင်းတစ်သိန်းခန့် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။
၎င်းကမူ ကြီးမားသော ရေဘဝဲကြီး တစ်ကောင်ပင် ဖြစ်၏။ တိမ်တိုက်များကို သမုဒ္ဒရာအသွင် အသုံးပြုကာ ၎င်းက ကောင်းကင်ပြင်တွင် ကူးခတ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ၎င်းက မည်သည့်နည်းလမ်းဖြင့် ပေါ်လာသည်မသိဘဲ ထိုက်ချီမိသားစုမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို ရက်ရက်စက်စက် စတင် သတ်ဖြတ်တော့သည်။
စင်စစ်အားဖြင့် စုမင် သေသေချာချာ စိုက်ကြည့်လိုက်သောအခါ ထိုရေဘဝဲကြီး၏ ဦးခေါင်းထက်တွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရ၏။
ထိုအဘိုးအို၏ မျက်နှာက ဝေဝါးနေပြီး ရှင်းလင်းစွာ မမြင်ရချေ။ သို့သော်လည်း ထိုအဘိုးအို၏ ပတ်ပတ်လည်တွင် စိုစွတ်သော အငွေ့အသက်များ ဝန်းရံနေပြီး မှုန်မှိုင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ နေရောင်ခြည်က ၎င်းအပေါ်သို့ ကျရောက်လာသောအခါ ရလဒ်အနေဖြင့် ခုနစ်ရောင်ခြယ် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
"ဒါကတော့ မိုးမာန်မျိုးနွယ် အဘိုးကြီးပဲ" အကြီးအကဲဖုန်းက ပြုံး၍ ဆိုလိုက်သည်။
လေ၊ မိုး၊ လျှပ်စီးနှင့် မြူတို့သည် ပထမဆုံး မာန်နတ်ဘုရား၏ လက်အောက်ရှိ စစ်သူကြီး လေးဦးပင် ဖြစ်သည်။
စုမင် တိတ်ဆိတ်သွားမိသည်။ သူသည် အလင်းမျက်နှာပြင်များထက်မှ အကြည့် လွှဲလိုက်သောအခါ မင်နက်ဂြိုဟ်ပေါ်ရှိ လဲ့ရှန်းမိသားစု၏ အင်အားကို စိတ်ထဲကနေ ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။ အကြီးအကဲဖုန်း ပြောခဲ့သလိုပင်။ ဤကဲ့သို့သော အစွမ်းအားမျိုးနှင့်ဆိုလျှင် သူတို့သည် မင်နက်ဂြိုဟ်၏ အရိပ်အောက်က ဘုရင်များ ဖြစ်ကြပေသည်။
သူတို့၏ နည်းလမ်းများသည် အနည်းငယ် ကောက်ကျစ်ပြီး ဂုဏ်သိက္ခာရှိလှသည်တော့ မဟုတ်ချေ။ သို့သော်လည်း လဲ့ရှန်းမိသားစု အနေဖြင့် မင်နက်ဂြိုဟ်၏ အရိပ်အောက်တွင် ပုန်းကွယ်နေသော ဘုရင်များအဖြစ် ရွေးချယ်ခဲ့စဉ် ကတည်းက မှောင်မိုက်သည့် အမှောင်ထုထဲတွင် တည်ရှိနေသူများအနေဖြင့် အရာအားလုံးကို တရားသဖြင့် ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ရန် မဖြစ်နိုင်သည်ကား သဘာဝပင် ဖြစ်၏။
စုမင် ၎င်းကို လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် မှောင်မိုက်သော အမှောင်ထုထဲတွင် မီးတောက်တစ်စက ပိုမိုတောက်ပစွာ လောင်ကျွမ်းလေလေ လူတို့၏ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်လေလေ ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ ထိုအခါ လူအားလုံး မြင်တွေ့နိုင်သော အမှောင်ထဲက တောက်ပနေသည့် မီးတောက်သည်သာ ပထမဆုံး ငြှိမ်းသတ်ခြင်း ခံရမည် ဖြစ်၏။
အဆုံးတိုင် တည်တံ့ ကျန်ရစ်မည့် အရာသည် အမှောင်ထုနှင့် တစ်သားတည်းဖြစ်အောင် ပုန်းကွယ်နေပြီး အမှောင်ထဲတွင်သာ တည်ရှိနေသည့် အရာ ဖြစ်ပေသည်။ ဤအရာသည်သာ မည်သည့်အခါမျှ ဖျက်ဆီးခြင်းမခံရဘဲ အခြားသူများကို ဖျက်ဆီးပစ်မည့် ဖြစ်တည်မှုအသွင် ပြောင်းလဲသွားနိုင်မည် ဖြစ်၏။
ထိုသည်က လဲ့ရှန်းရှု မင်နက်ဂြိုဟ်သို့ ရောက်ရှိလာစဉ်က ရွေးချယ်ခဲ့သော လမ်းစဉ်ပင် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် သူသည် နှစ်ပေါင်းသောင်းချီ၍ စီမံအုပ်ချုပ်ပြီးနောက် မင်နက်တာအိုကို မင်နက်ဂြိုဟ် တစ်ဂြိုဟ်လုံးအား မှောက်လှန်ပစ်နိုင်သည့် အင်အားစုကြီး တစ်စုအသွင် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအရာက မာန်မျိုးနွယ်တို့၏ စွမ်းအားပင် ဖြစ်၏။
"မာန်နတ်ဘုရား အရှင်မြတ်က တစ်ခါက ပြောခဲ့ဖူးတယ်။ သူက မာန်မျိုးနွယ် တစ်ယောက် ဖြစ်သလို ငါတို့ကလည်း မာန်မျိုးနွယ်တွေပဲတဲ့။ ဒါဆိုရင် ငါတို့ လုပ်ဆောင်သမျှ အရာအားလုံးဟာ ဘယ်လောက်ပဲ ကောက်ကျစ် စက်ဆုပ်စရာ ကောင်းပါစေ ဒီစကြဝဠာကြီး တစ်ခုလုံးမှာ မာန်မျိုးနွယ်တွေ ဆက်ပြီး တည်ရှိနေဖို့ အတွက်ပဲ"
"မျိုးနွယ်စု တစ်စု တန်ခိုးအာဏာ ထွက်ပေါ်လာဖို့ဆိုတာ မလွယ်ကူဘူး။ မူလက မာန်နတ်ဘုရား အရှင်မြတ်က မာန်လူမျိုးတွေရဲ့ အာဏာစက် ထက်မြက်လာပြီလို့ ထင်မှတ်ခဲ့ပြီး နံနက်ခင်း တာအိုလောကရဲ့ အုပ်ချုပ်သူတွေကို ပြောင်းလဲပစ်ဖို့ ပြင်ဆင်ခဲ့တာ။ နံနက်ခင်း တာအိုလောကကို မာန်မျိုးနွယ်တွေရဲ့ မဟာလောကအဖြစ် ပြောင်းလဲပစ်ဖို့ပေါ့။ ဒါပေမဲ့ ယင်မရဏနယ်မြေထဲက ရှေးဟောင်း အလိုဆန္ဒက လက်တစ်ဖက်ကို မှောက်လှန်လိုက်ရုံနဲ့ မာန်နတ်ဘုရား လုပ်ဆောင်ခဲ့တာတွေ အားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ သူ့ကို အဲဒီရှေးဟောင်း အလိုဆန္ဒကို နာခံခိုင်းပြီး မာန်နယ်မြေကနေ ထွက်ခွာပြီး ယင်မရဏနယ်မြေ အတွက် သူတို့ရဲ့ လမ်းကြောင်းကို ရှာဖွေပေးဖို့ ဖိအားပေးခဲ့တယ်"
"ငါတို့ မထွက်ခွာခင်မှာ မာန်မျိုးနွယ်တွေအတွက် မျှော်လင့်ချက် အရိပ်အယောင် တချို့ ဒါမှမဟုတ် ရတနာ တချို့ ချန်မထားခဲ့ချင်ဘူးလို့ မင်း ထင်နေတာလား။ သူတို့ တဖြည်းဖြည်း ပျက်စီးသွားတာကို ငါတို့က ထိုင်ကြည့်နေချင်တယ်လို့ ထင်နေတာလား"
"ငါတို့က တကယ်ပဲ အဆင့်တစ်ခုကို ရောက်ရှိဖို့အတွက် အပြောင်းအလဲ အခွင့်အရေး တချို့ကို ရှာဖွေဖို့ ထွက်ခွာသွားခဲ့တာလို့ မင်း ထင်နေတာလား။ ငါတို့ကိုယ် ငါတို့အတွက်ပဲ လုပ်ခဲ့တာလို့ တကယ် ထင်နေတာလား..."
"လဲ့ရှန်းအရှင် ချန်ထားခဲ့တဲ့ ကျောက်စာ အမွေအနှစ်ထဲမှာ တတိယမြောက် မျိုးဆက် ရောက်တဲ့အခါ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်လို့ ပြောထားတာက သူက ဘာကိုမှ ဂရုမစိုက်တတ်ဘဲ မာန်မျိုးနွယ်တွေရဲ့ ကြီးပွားခြင်းနဲ့ ပျက်စီးခြင်းကို တကယ်ပဲ စိတ်မဝင်စားလို့ ပြသခဲ့တာလို့ မင်း ထင်နေတာလား" အကြီးအကဲဖုန်းက တိုးညှင်းစွာ မေးမြန်းလိုက်သော်လည်း သူ့စကားလုံးများထဲတွင် ပါဝင်သော ရိုက်ခတ်မှုက စုမင်၏ နှလုံးသားကို ထိမှန်သွားခဲ့သည်။
"မင်း ဘာလို့ ယင်မရဏနယ်မြေကနေ ထွက်ခွာလာရလဲဆိုတာ ငါမသိပေမယ့် မင်းလည်း ထွက်ခွာဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာလို့ ငါ ခန့်မှန်းနိုင်တယ်။ အရင်တုန်းက ယင်မရဏနယ်မြေဟာ မာန်မျိုးနွယ် အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ငါတို့ရဲ့ မာန်နတ်ဘုရားအရှင် လဲ့ရှန်းရှုကို ငါတို့ရဲ့ဇာတိမြေကနေ ထွက်သွားခိုင်းပြီး ယင်မရဏနယ်မြေရဲ့ အလိုဆန္ဒအတွက် ပဉ္စမမြောက် မဟာလောကရဲ့ လမ်းကြောင်းကို ရှာဖွေခိုင်းခဲ့တာပဲ"
"တကယ်လို့ သူသာ သူတို့ကို မနာခံခဲ့ဘူးဆိုရင် မာန်မျိုးနွယ် အားလုံး ဖျက်ဆီးခံလိုက်ရမှာ။ သူဟာ အရှက်တကွဲနဲ့ နာခံခဲ့ရပြီး သူ့ရင်ထဲက မုန်းတီးခြင်းနဲ့ ရူးသွပ်ခြင်း အားလုံးကို မြှုပ်နှံထားရင်း ထွက်ခွာဖို့ ရွေးချယ်ခဲ့ရတာ။ ယင်မရဏနယ်မြေရဲ့ အလိုဆန္ဒက သူ့အပေါ် စိတ်မပူစေဖို့အတွက် သူဟာ စိတ်ကို တင်းထားခဲ့ရပြီး မာန်မျိုးနွယ်တွေနဲ့ အဆက်အသွယ် အပြတ်ဖြတ်ခဲ့ရတာ" အကြီးအကဲဖုန်းက ဤစကားများကို ပြောလိုက်စဉ် မျက်နှာအမူအရာမှာ လိမ်တွန့်သွားပြီး မျက်ဝန်းထဲတွင် ရူးသွပ်ခြင်းနှင့်အတူ မုန်းတီးခြင်း အရိပ်အယောင်များ ထင်ဟပ်ပေါ်ပေါက်လာခဲ့သည်။
"ငါတို့ဟာ နှစ်ပေါင်းသောင်းချီအတွင်း အချိန်တိုင်း ငါတို့ရဲ့ အိမ်ကို လွမ်းဆွတ်တမ်းတရင်း ဖြတ်သန်းခဲ့ရတာ။ ငါတို့ရဲ့ မျိုးနွယ်တွေကို လွမ်းတယ်။ မင်းတို့အားလုံးကို လွမ်းတယ်။ လဲ့ရှန်းမိသားစုရဲ့ အဆောက်အဦးအားလုံးဟာ မာန်နယ်မြေရဲ့ မြေပုံအတိုင်း တည်ဆောက်ထားတာ။ ငါတို့ မာန်နယ်မြေရဲ့ မြေပုံကို ကြည့်တဲ့အခါ ခံစားရတဲ့ ဝမ်းနည်းမှုကို မင်း မမြင်နိုင်ပါဘူး။ ငါတို့ ဇာတိမြေကို သတိရတဲ့အခါ ရင်ထဲက နာကျင်မှုကို မင်း မမြင်နိုင်ပါဘူး"
"နှစ်ပေါင်းသောင်းချီအတွင်း ငါတို့ဟာ မနားမနေ ကြိုးစားခဲ့ကြတယ်။ ငါတို့ရဲ့ သိက္ခာကို စွန့်လွှတ်ခဲ့တယ်။ ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး အရိပ်ထဲမှာ ပုန်းအောင်းနေခဲ့ကြတာဟာ တစ်နေ့မှာ ငါတို့ ယင်မရဏနယ်မြေဆီကို လမ်းဖွင့်ပြီး ပြန်တိုက်ခိုက်နိုင်ဖို့၊ ယင်မရဏနယ်မြေထဲက အလိုဆန္ဒ အားလုံးကို သတ်ပစ်နိုင်ဖို့ အတွက်ပဲ။ ဒါမှသာ မာန်မျိုးနွယ်တွေဟာ အပြင်ကို ထွက်ခွာနိုင်ပြီး ဒီစကြဝဠာကြီး တစ်ခုလုံးမှာ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်လာနိုင်မှာ"
အကြီးအကဲဖုန်း၏ စကားလုံးများသည် စုမင်၏ နှလုံးသားကို ဝုန်းခနဲ ရိုက်ခတ်သွားသည့် လေမုန်တိုင်းတစ်ခုကဲ့သို့ ရှိနေတော့သည်။
အခန်း ၈၉၂ ငါတို့ရဲ့ မာန်မျိုးနွယ်
"ငါတို့ဟာ အခြားမာန်မျိုးနွယ်တွေ ယင်မရဏနယ်မြေကနေ ထွက်ခွာပြီး ဒီနေရာကို ရောက်လာမယ့် အချိန်ကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့ကြတာ။ ငါတို့ မင်းကို အမြဲတမ်း စောင့်နေခဲ့တာ။ လဲ့ရှန်းရှုအရှင်ကို ယင်မရဏနယ်မြေရဲ့ အလိုဆန္ဒက ယင်မရဏ သားတော်အဖြစ် သိခဲ့ပြီး သူ့နောက်မှာ ဒုတိယ၊ တတိယနဲ့ နောက်ထပ် ယင်မရဏ သားတော်တွေ ပေါ်ထွက်လာလိမ့်မယ်လို့ သူ ယုံကြည်ခဲ့တယ်"
"သူက ဒီအချိန်တွေ တစ်လျှောက်လုံး စောင့်ဆိုင်းခဲ့သလို ငါတို့ကလည်း ငါတို့ဇာတိမြေက လူတွေ နတ်ဘုရား အနှစ်သာရ နယ်မြေကို ရောက်လာဖို့ သူ့နဲ့အတူ စောင့်ဆိုင်းနေခဲ့ကြတာ။ ဒါကြောင့်မို့လို့ ငါတို့က မင်နက်ဂြိုဟ်ကို ထိန်းချုပ်ပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တာပေါ့။ ဒါက မင်းအတွက် အချက်ပြမှုတစ်ခုပဲ"
"ငါတို့ မင်းကို စောင့်နေခဲ့တာ"
"ငါတို့ဟာ ယင်မရဏနယ်မြေရဲ့ အလွန်မှာ မာန်မျိုးနွယ်တွေရဲ့ လောကတစ်ခုကို ဖန်တီးချင်ခဲ့တာ။ ဒီနေရာက ငါတို့ပိုင်တယ်။ ဒါပေမဲ့ ငါတို့က အိုမင်းနေကြပြီ။ ဒါက ပထမဆုံး မာန်နတ်ဘုရား လဲ့ရှန်းရှုက မင်းအတွက် ဖန်တီးပေးခဲ့တဲ့ လောကတစ်ခုပဲ။ ဒီနေရာမှာရှိတဲ့ အရာအားလုံးက မင်းအတွက် ပြင်ဆင်ထားတာ" အကြီးအကဲဖုန်းက စုမင်ကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် စင်ကြယ်သော ရိုးသားမှုများဖြင့် ပြည့်နှက်နေပြီး ဟန်ဆောင်နေသည့် အရိပ်အယောင် တစ်စမျှပင် မရှိချေ။
သူ ဤစကားများကို ပြောလိုက်စဉ်၌ပင် အလင်းမျက်နှာပြင်ရှိ ရေနက်မြို့တော်၏ ပုံရိပ်ထဲမှ ပေါက်ကွဲသံကြီးများ တဖန် ပြန်လည်ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုအသံမှာ မိုးကြိုးပစ်ချလိုက်သည့်အလား အလွန်တရာ ကျယ်လောင်လှပြီး မြို့တော်အတွင်း၌ အဆုံးမရှိ ဟိန်းဟောက်နေ၏။
၎င်းက ခေါင်းကိုးလုံးနဂါး၏ ခေါင်းသုံးခေါင်းနှင့် နေကပ်ဘေး အဆင့်ရှိ ဘိုးဘေးသုံးဦးတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော အသံပင် ဖြစ်သည်။ ထိုစဉ် ကောင်းကင်ယံထက်မှ အေးစက်သော နှာခေါင်းရှုံ့သံ တစ်သံ ရုတ်ချည်း ထွက်ပေါ်လာပြီး တစ်ပြင်လုံးကို တုန်ခါသွားစေခဲ့သည်။
ထိုအေးစက်သော နှာခေါင်းရှုံ့သံ လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးတစ်ပြင်လုံးက အစိမ်းပုပ်ရောင် အသွင်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထိုအထဲတွင် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ သက်ဆင်းလာသော ကြီးမားသည့် တောင်ကြီးတစ်လုံး ရှိနေ၏။
ထိုတောင်ကြီးသည် ပေပေါင်း ရာနဲ့ချီကာ ကြီးမားပြီး အဆုံးမရှိသည့်အလား ထင်မှတ်ရပေသည်။ ၎င်း သက်ဆင်းလာသည်နှင့်အမျှ ရေနက်မြို့တော် တစ်မြို့လုံး တုန်ခါသွားခဲ့ပြီး တိုက်ခိုက်နေကြသော ကျင့်ကြံသူအားလုံး နောက်သို့ လွင့်စင်သွားကြတော့သည်။
ခေါင်းကိုးလုံးနဂါး၏ ခေါင်းသုံးခေါင်းနှင့် နေကပ်ဘေးအဆင့်ရှိ ဘိုးဘေးသုံးဦးတို့မှာလည်း တုန်လှုပ်သွားကြပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။
ထိုဧရာမတောင်ကြီးသည် အထွတ်အထိပ် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည့်အလား ရှိနေပြီး ထိုဖိအားကြောင့် လူတိုင်း၏ အတွေးအမြင်များ အေးခဲသွားကာ ၎င်းအား ဒူးထောက်ဦးညွှတ်လိုက်ကြရသည်။
"ဘိုးဘေးကြီး ထိုက်ချီကို လေးလေးစားစား ဂါရဝပြုပါတယ်"
"ကျွန်တော် မျိုးဆက်သစ်က ဘိုးဘေးကြီး ထိုက်ချီကို ဂါရဝပြုပါတယ်"
ထိုက်ချီမိသားစုကို သစ္စာမဖောက်ခဲ့ကြသော မိသားစုဝင်အားလုံး၏ နှုတ်ဖျားမှ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ စိတ်လှုပ်ရှားနေသော အသံများထဲတွင် အဆုံးမရှိသော မျှော်လင့်ချက်များနှင့်အတူ သူတို့၏ ဘိုးဘေးကြီး ပေါ်လာပြီဖြစ်၍ ဘေးဒုက္ခအားလုံး ပြေလည်သွားမည်ဟူသော တုန်လှုပ်ချောက်ချားခြင်း မရှိသည့် ယုံကြည်ချက်များ ကိန်းဝပ်နေ၏။
တောင်ကြီး သက်ဆင်းလာစဉ် စုမင်သည် အလင်းမျက်နှာပြင်မှတစ်ဆင့် ၎င်းပေါ်ရှိ ဧရာမ မျက်နှာကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုမျက်နှာကြီးသည် တောင်ပေါ်မှ ထွက်ပြူးနေပြီး အဘိုးအိုတစ်ဦး၏ မျက်နှာဖြစ်ကြောင်း ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။ ထိုမျက်နှာထက်တွင် ဂုဏ်သရေများဖြင့် ပြည့်နှက်နေပြီး အကယ်၍ သူသာ ဒေါသထွက်ခဲ့မည်ဆိုလျှင် စကြဝဠာတစ်ခုလုံးကို သူနှင့်အတူ လိုက်လံ ဟိန်းဟောက်စေမည့်အလား ထင်မှတ်ရ၏။
အကြီးအကဲဖုန်းက အလင်းမျက်နှာပြင်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "မင်နက်ဂြိုဟ်ပေါ်မှာ အင်အားအကြီးဆုံး မိသားစုဖြစ်လာဖို့အတွက် ဘာလိုအပ်ချက်ရှိလဲ မင်းသိလား"
"ဒါက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ပဲ။ အင်အား အကြီးဆုံး မိသားစု ဖြစ်လာဖို့အတွက် အဲဒီမိသားစုထဲမှာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ကို ရောက်ရှိထားသူ တစ်ယောက် ရှိရမယ်။ ဒါမှပဲ ဒီနေရာမှာ အခြေစိုက်ထားတဲ့ မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားတစ်ခု ဖြစ်လာပြီး နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၊ မဟာလောကကြီး လေးခုတို့နဲ့ အရောင်းအဝယ် ပြုလုပ်နိုင်မှာ ဖြစ်တယ်"
အကြီးအကဲဖုန်း၏ အသံက စုမင်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူက အလင်းမျက်နှာပြင်မှ တစ်ဆင့် တောင်ပေါ်က ဧရာမ မျက်နှာကြီးကို စိုက်ကြည့်လိုက်သည်။ ရင်းနှီးနေသော ဖိအားလှိုင်း တစ်လှိုင်းကြောင့် သူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ဤရင်းနှီးမှုမှာ ဘိုးဘေးကြီး ထိုက်ချီကို ယခင်က မြင်ဖူး၍ မဟုတ်ဘဲ အတိတ်က ဤကဲ့သို့ ကျင့်ကြံခြင်း အဆင့်တူသူ တစ်ဦး၏ လိုက်လံ သတ်ဖြတ်ခြင်းအား ခံခဲ့ရဖူးသောကြောင့် ဖြစ်ပေသည်။
"တော်လောက်ပြီ" တောင်ကြီး သက်ဆင်းလာစဉ် အိုမင်းရင့်ရော်သော အသံကြီးတစ်သံက လောကတစ်ခုလုံးကို ဝုန်းခနဲ ပဲ့တင်ထပ်သွားစေခဲ့သည်။ ထိုအသံထဲတွင် မည်သည့်ခုခံမှုကိုမျှ ခွင့်မပြုသော အလိုဆန္ဒတစ်ခု ကိန်းဝပ်နေပြီး ဤလောက၏ နတ်ဘုရားတစ်ပါးအလား ရှိနေတော့သည်။
"မင်နက်ဂြိုဟ်ရဲ့ အရိပ်အောက်က ဘုရင်တို့၊ ထိုက်ချီမိသားစုက မင်းတို့ကို ဘယ်တုန်းကမှ မပြစ်မှားခဲ့သလို မင်းတို့ကလည်း ငါတို့ကို မပြစ်မှားခဲ့ဘူး။ ဒါတွေကို ဒီတင်ပဲ ရပ်လိုက်ကြရအောင်။ ရေနက်မြို့တော်ကနေ ထွက်သွားကြပါ။ ငါတို့ကို သစ္စာဖောက်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း မင်းတို့နဲ့အတူ ခေါ်သွားနိုင်တယ်"
"ဒါက ငါ့ရဲ့ သည်းခံနိုင်စွမ်း အကုန်ပဲ။ ငါ့ကို အသေအလဲ တိုက်ခိုက်ရအောင် ဖိအားမပေးနဲ့။ မင်းတို့ မင်နက်ဂြိုဟ်ပေါ်မှာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ရှိသူ မရှိဘူးဆိုတာကို ငါ အာရုံခံမိတယ်"
ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေသော ထိုအသံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားခဲ့သည်။ လေထုထဲတွင် အဆုံးမရှိသော ဂယက်လှိုင်းများ အထပ်ထပ် ထွက်ပေါ်လာပြီး အစိမ်းပုပ်ရောင် တိမ်တိုက် အများအပြားကို လွင့်ပျံသွားစေရာ ကောင်းကင်ကြီး တစ်ပြင်လုံးသည် မျက်နှာပြင်ထက်တွင် လှိုင်းတံပိုးများ ထန်နေသည့် ဧရာမသမုဒ္ဒရာကြီး တစ်စင်းအသွင် ပြောင်းလဲသွားသည့်အလား ရှိနေတော့သည်။
"တစ်ခါတရံမှာ ငါတို့က အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ရိုသေမှုကို ပေးတတ်ကြပါတယ်။ ဥပမာ သူတို့ ဘာကြောင့် ရှုံးနိမ့်ရလဲဆိုတာကို ပြောပြတာမျိုးပေါ့" အကြီးအကဲဖုန်းက ပြုံးလျက် စုမင်ကို ပြောလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း လှမ်းကာ အလင်းမျက်နှာပြင် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
သူက စုမင်ကို သူနှင့်အတူ လိုက်ခဲ့ဖို့ မတောင်းဆိုခဲ့ချေ။ အဆုံးစွန်၌မူ အစွမ်းထက်သော ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်တစ်ဦးကို ရင်ဆိုင်ရန် လူတိုင်းတွင် သတ္တိမရှိကြချေ။ စုမင်သည် အကြီးအကဲဖုန်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ဆင်မြန်းရင်း ရှေ့သို့ တစ်လှမ်း လှမ်းကာ အလင်းမျက်နှာပြင် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
အကြီးအကဲဖုန်းသည် ရေနက်မြို့တော်၏ ကောင်းကင်ယံထက်တွင် လေထုထဲမှ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။ သူ ထိုနေရာတွင် ရပ်နေစဉ် တောင်ပေါ်က ဧရာမ မျက်နှာကြီး၏ အကြည့်က သူ့ထံသို့ လှည့်လည် ကျရောက်လာခဲ့သည်။
ထိုအကြည့် တစ်ချက်တည်းတွင်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေနိုင်သော စွမ်းအားတစ်မျိုး ကိန်းဝပ်နေပြီး အကြီးအကဲဖုန်း၏ ခန္ဓာကိုယ်အပေါ်သို့ အရှိန်အဝါ ဖိအားတစ်ခု ရုတ်ချည်း ကျရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင် စုမင်သည်လည်း သူ့ဘေး၌ ပေါ်ထွက်လာခဲ့၏။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘိုးဘေးကြီး ထိုက်ချီထံမှ ထွက်ပေါ်လာသော အရှိန်အဝါဖိအားကြီးက သူ့အပေါ်သို့လည်း ကျရောက်လာခဲ့တော့သည်။
စုမင်အနေဖြင့် ဤကဲ့သို့သော ဖိအားမျိုးကို ရင်ဆိုင်ရခြင်းမှာ ယခုက ပထမဆုံးအကြိမ် မဟုတ်ချေ။ သူသည် တောက်ပစွာ လင်းလက်နေသော မျက်ဝန်းများဖြင့် ထိုနေရာတွင် ရပ်နေပြီး နောက်သို့ တစ်လှမ်းမျှပင် ဆုတ်ခွာခြင်းမရှိခဲ့ပေ။
"ခင်ဗျား ကြောက်နေတာပဲ" ဘိုးဘေးကြီး ထိုက်ချီထံမှ ကျရောက်လာသော အရှိန်အဝါ ဖိအားအောက်တွင် အကြီးအကဲဖုန်း၏ မျက်နှာအမူအရာက ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး သူက အေးအေးဆေးဆေး ဆိုလိုက်သည်။ သူ၏စကားလုံးများသည် စုမင်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ဘိုးဘေးကြီး ထိုက်ချီအား တိုက်ရိုက်ပြောဆိုလိုက်ခြင်း ဖြစ်၏။
"ခင်ဗျားဟာ မင်နက်ဂြိုဟ်ပေါ်က ဒဏ္ဍာရီလာ အရိပ်အောက်က ဘုရင်တွေနဲ့ မင်နက်တာအိုရဲ့ စစ်မှန်တဲ့ စွမ်းအားကို ကြောက်နေတာ။ ခင်ဗျားနဲ့ အဆင့်တူသူ တစ်ယောက်ရဲ့ အငွေ့အသက်ကို အာရုံမခံမိတာတောင် မင်နက်တာအိုက ဘာလို့ ထိုက်ချီမိသားစုကို ရန်စရဲရတာလဲ၊ ကျုပ်တို့ထဲက နောက်ဆုံးတစ်ယောက် လဲပြိုတဲ့အထိ ဘာလို့ တိုက်ခိုက်ရဲရတာလဲ ဆိုတာကို ခင်ဗျား ကြောက်နေတာပဲ"
"ကျုပ် ပေါ်လာတဲ့ အချိန်မှာ ခင်ဗျား သတိကြီးကြီး ထားလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်က ခင်ဗျားလောက် မမြင့်မားတာတောင် ကျုပ် ဘာလို့ ခင်ဗျားရှေ့ကို ရဲရဲဝံ့ဝံ့ လာရဲတာလဲဆိုတာ ခင်ဗျား မသိလို့ပဲ"
"ကျုပ် ဘာလို့ ခင်ဗျားကို ဒီလိုစကားမျိုးတွေ ရဲရဲဝံ့ဝံ့ ပြောရဲတာ လဲဆိုတာကိုလည်း ခင်ဗျား သေချာ မသိဘူး ဖြစ်နေတယ်" အကြီးအကဲဖုန်း၏ အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး တောင်ပေါ်က ဧရာမ မျက်နှာကြီး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။
"စုမင်" အကြီးအကဲဖုန်းက သူ့ဘေးက အဖော်ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
စုမင် လှမ်းကြည့်လိုက်၏။
"ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ကို ရောက်ရှိတာဟာ လောကသားတွေရဲ့ မျက်စိထဲမှာတော့ အထွတ်အထိပ်ပဲ။ သူတို့ရဲ့ အလိုဆန္ဒက ဘယ်သူမှ မဆန့်ကျင်နိုင်တဲ့ ကောင်းကင်ဘုံရဲ့ စွမ်းအားနဲ့ ထပ်တူကျနေတယ်။ ဒါက တာအိုလမ်းစဉ်ရဲ့ အကန့်အသတ်ပဲ။ ဒီအဆင့်ကို ရောက်ရှိထားတဲ့ လူတွေကို သတ်ဖြတ်နိုင်တဲ့ လူဟာ လောကမှာ တော်တော် ရှားတယ်"
"တကယ်တော့ အလွန် ကြောက်ဖို့ ကောင်းတဲ့ အဆိပ်အချို့ကိုတောင် ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေက ဂရုစိုက်စရာ မလိုဘဲ ကျော်ဖြတ်နိုင်ကြတယ်။ ရှေးတုန်းက ရှိခဲ့ဖူးရင်တောင် လက်ရှိလောကမှာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေကို သေစေနိုင်လောက်တဲ့ အဆိပ်မျိုး မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်"
"ဒါပေမဲ့ ခင်ဗျားက အဲဒီလူကို နှစ်ပေါင်းသောင်းချီကြာအောင် ကြံစည်ပြီး သူနေ့တိုင်း ကျင့်ကြံဖို့ အသုံးပြုတဲ့ ဝိညာဉ်ကျောက်တုံးတွေထဲမှာ၊ သူနေ့တိုင်း ရှူသွင်းတဲ့ ဝိညာဉ်စွမ်းအင်တွေထဲမှာ၊ သူနေ့တိုင်း ထိတွေ့နေရတဲ့ လေထုထဲမှာ၊ နောက်ဆုံး သူအသက်ရှင်နေတဲ့ နှစ်ပေါင်းသောင်းချီအတွင်း ဝတ်ဆင်သမျှ အဝတ်အစားတွေနဲ့ ထိတွေ့သမျှ အရာအားလုံးပေါ်မှာ အဆိပ်တွေ ထည့်ထားခဲ့ရင်တော့ တစ်မျိုးပေါ့။ သူဟာ နှစ်ပေါင်းသောင်းချီပတ်လုံး နေ့တိုင်း အဲဒီအဆိပ်နဲ့ ထိတွေ့နေရတဲ့အခါ အဆိပ်က သူ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီလိုမျိုးဖြစ်မှသာ နှစ်ပေါင်းသောင်းချီ ကြာပြီးတဲ့နောက် ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်မှာ ဖြစ်တယ်" အကြီးအကဲဖုန်းက ပြုံးလိုက်သည်။
"ဒါဆိုရင် ဒီလူက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် မဖြစ်ခင်ကတည်းက ဒီအဆိပ်မျိုးကို အသုံးပြုခဲ့ရမှာလား။ တကယ်တော့ အချိန်တွေ ကုန်ဆုံးသွားတာနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာချိန်မှာ အစီအစဉ်က ပိုပြီးတော့ ပြီးပြည့်စုံသွားအောင် သူ မွေးကတည်းက အဆိပ်ခတ်ထားခဲ့ရမှာလား" စုမင်က တည်ငြိမ်စွာ မေးလိုက်သည်။
အကြီးအကဲဖုန်း၏ မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူက စုမင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
"မှက်တာပေါ့"
"ထိုက်ချီမိသားစုဟာ အရိပ်ထဲက ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အင်အားအကြီးဆုံး မိသားစု ဖြစ်လာခဲ့တာ။ ခင်ဗျားတို့ရဲ့ ဘိုးဘေး ထိုက်ချီရှား ကွယ်ပျောက်သွားတာ ကြာလှပြီ။ သူ့ရဲ့ သက်စောင့်ကျောက်ပြားကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက အက်ကွဲပျက်စီးသွားခဲ့တာ။ ခင်ဗျားတို့ ဒါကို သေသေချာချာ ဖုံးကွယ်ထားနိုင်ခဲ့ပေမယ့် သူ့ရဲ့ သေဆုံးမှုက လဲ့ရှန်းမိသားစုရဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ ကျုပ်တို့ မသိဘဲ နေပါ့မလား"
"ထိုက်ချီရှန်း... ခင်ဗျားမှာ ကြီးမားတဲ့ ပါရမီ ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား မွေးဖွားလာတဲ့ အချိန်ကစပြီး ခင်ဗျား ထိတွေ့ခဲ့သမျှ အရာအားလုံးဟာ လဲ့ရှန်းမိသားစုရဲ့ စီမံမှုတွေကြောင့်ပဲ။ ခင်ဗျား ထိတွေ့ခဲ့တဲ့ အရာတွေထဲမှာ အဆိပ်မပါတဲ့ အရာတစ်ခုမှ မရှိဘူး။ ကျုပ်တို့က ထိုက်ချီမိသားစုရဲ့ အင်အားကို အကုန်သိသလို ခင်ဗျားတို့ဆီမှာ ရှားမန်တာအိုရဲ့ အမွေအနှစ် ရှိနေတာကိုလည်း သိတယ်။ ခင်ဗျားတို့ရဲ့ သွေးထဲမှာ နိုးထလာနိုင်တဲ့ အရည်အချင်းတွေ ရှိနေလို့ ခင်ဗျားတို့ထဲမှာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက် အမြဲတမ်း ပေါ်ထွက်လာလိမ့်မယ်။ ထိုက်ချီရှား သေဆုံးသွားတာက ထိုက်ချီမိသားစုထဲမှာ နောက်ထပ် ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက် ပေါ်လာမယ်ဆိုတဲ့ သဘောပဲ"
"အမွေအနှစ်ကို ရရှိနိုင်မယ့် ခင်ဗျားတို့ မျိုးဆက်ထဲက လူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြပြီး ခင်ဗျားတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တာ။ ခင်ဗျား အမွေအနှစ်ကို ရရှိပြီး ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် ဖြစ်လာတဲ့အခါ ခင်ဗျား ထိတွေ့ခဲ့သမျှ အရာအားလုံးက အဆိပ်တွေနဲ့ ပြည့်နှက်နေခဲ့ပြီ"
"ဟိုတုန်းက ခင်ဗျား ရှာတွေ့ခဲ့တဲ့ ဟင်းလင်းပြင်အက်ကြောင်းကလည်း ကျုပ်တို့ တမင်သက်သက် ရှာဖွေခွင့်ပေးခဲ့တာ။ ခင်ဗျား ထိန်းချုပ်ထားတဲ့ လောကရဲ့ အရောင်က စိမ်းပုပ်ရောင် ဖြစ်နေတာကို ခင်ဗျား တစ်ခါမှ မသံသယဖြစ်ဖူးဘူးလား။ အဲဒီအရောင်က သေခြင်းတရားတွေနဲ့အတူ စိတ်ဓာတ်ကျစရာတွေ ပြည့်နှက်နေတာ"
"ခင်ဗျား ဒါကို သတိပြုမိသွားလို့ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ဒီမဟာကရုဏာ မူလတောင်ကြီးနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့တာပေါ့။ အဲဒီတောင်ကြီးကို ခန္ဓာကိုယ်အသွင် အသုံးပြုပြီး ခင်ဗျားရဲ့ ဝိညာဉ်ထဲမှာ ပေါင်းစပ်နေတဲ့ အဆိပ်တွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ဒီတောင်ကြီးကလည်း ကျုပ်တို့ရဲ့ အရှင်လဲ့ရှန်းရှုက ခင်ဗျားကို နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲမှာ တမင်သက်သက် ရှာတွေ့ခွင့် ပေးခဲ့တဲ့ အရာတစ်ခုပဲ" အကြီးအကဲဖုန်းက ဤစကားများကို ပြောလိုက်စဉ် သူ၏မျက်နှာအမူအရာမှာ ခက်ထန်သွားပြီး ထိုဧရာမ တောင်ကြီးအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
စုမင်သည် ဘေးတွင် ရပ်နေရင်း ရင်ထဲ၌ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသည်။ ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များကိုပါ ကြံစည်နိုင်စွမ်းရှိပြီး မင်နက်ဂြိုဟ် တစ်ဂြိုဟ်လုံးအား ထိန်းချုပ်ကာ အင်အားကြီး မိသားစုတစ်စု၏ ကြီးပွားခြင်းနှင့် ပျက်စီးခြင်းကိုပါ လွှမ်းမိုးနိုင်စွမ်းရှိသော လဲ့ရှန်းရှုအပေါ် စုမင် စိတ်ထဲတွင် ရုတ်ချည်းပင် အလွန်တရာ စူးစမ်းလိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
လဲ့ရှန်းရှုဟု ခေါ်သော ဤလူသား။
အတော်ကြာပြီးနောက် တောင်ပေါ်က ဧရာမမျက်နှာကြီးက နှေးကွေးစွာ မေးလိုက်သည်။ "အဲဒီအဆိပ် နာမည်က ဘာလဲ" သူက အကြီးအကဲဖုန်း၏ စကားများကို ပြန်လည်မချေပခဲ့သလို စင်စစ်အားဖြင့် သူ၏မျက်နှာအမူအရာတွင်လည်း မည်သည့်ပြောင်းလဲမှုမျှ ရှိမနေခဲ့ချေ။
"နံပါတ်လေး မာန်မျိုးစေ့။ ဒါက ကျုပ်တို့ရဲ့ အရှင်လဲ့ရှန်းရှု အဲဒီအဆိပ်ကို ပေးခဲ့တဲ့ နာမည်ပဲ။ ဒါက ခင်ဗျားရဲ့ နာမည်အသစ်လည်း ဖြစ်တယ်"
"လဲ့ရှန်းရှု..." တောင်ပေါ်က ဧရာမ မျက်နှာကြီးသည် သူ့ရင်ထဲမှ နာကျင်မှုများနှင့် အသက်မဲ့မှုများကို ဖုံးကွယ်ရန် မျက်ဝန်းများအား ဖြည်းညှင်းစွာ ပိတ်လိုက်သည်။ သူသည် မိသားစု ပျက်စီးခြင်းကို တားဆီးရန် အစကတည်းက မလာဘဲ ဤမျှ နောက်ကျမှ ပေါ်လာရခြင်းသည် သူကိုယ်တိုင်လည်း သူကိုယ်တိုင် မဟုတ်တော့မှန်း သိနေသောကြောင့် ဖြစ်ပေသည်။
ထို့အပြင် သူ သေဆုံးရန် ရွေးချယ်ခဲ့လျှင်ပင် အနာဂတ်တွင် ထိုက်ချီမိသားစုထဲ၌ အခြားသော မျိုးဆက်သစ်တစ်ဦး ပေါ်ထွက်လာဦးမည်ဖြစ်ပြီး သူ သို့မဟုတ် သူစိမ်းသည်လည်း ဤလမ်းစဉ်အတိုင်းသာ သွားရမည်ကို သူ သိနေခဲ့သည်။
"ငါ့ရဲ့ မိသားစုကို ထွက်သွားခွင့်ပြုပါ" အတော်ကြာပြီးနောက် ဘိုးဘေးကြီး ထိုက်ချီက မျက်ဝန်းများကို ဖွင့်လိုက်သည်။ သူ့မျက်ဝန်းထဲက နာကျင်မှုများ ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် အသက်မဲ့ကာ ခြောက်ကပ်သော အကြည့်တစ်ခုက အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
"ကောင်းပြီ။ အနာဂတ်မှာ မင်နက်ဂြိုဟ်ပေါ်မှာ ထိုက်ချီလို့ အမည်ရတဲ့ အလတ်စား မိသားစုတစ်ခုပဲ ပေါ်ထွက်လာလိမ့်မယ်" အကြီးအကဲဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"မင်နက်တာအိုမှာ ပါဝင်တဲ့ ထိုက်ချီမိသားစုဝင်တွေ အားလုံးကတော့ ယုမိသားစုထဲကို ပေါင်းစည်းသွားလိမ့်မယ်။ အခုအချိန်ကစပြီး ရေနက်မြို့တော်ဟာ ယုမိသားစု ပိုင်ဆိုင်တာ ဖြစ်သွားပြီ။ ဒါက ခင်ဗျားတို့ ကျုပ်တို့ရဲ့ မာန်နတ်ဘုရားအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက် ကျုပ်တို့ ပေးအပ်တဲ့ လက်ဆောင်ပဲ"
အကြီးအကဲဖုန်းက ဤအရာများကို ပြောပြီးနောက် စုမင်အား လှည့်ကြည့်လိုက်သည်။
"မင်း လဲ့ရှန်းရှုနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ လာခဲ့... ငါ မင်းကို သူ့ဆီ ခေါ်သွားပေးမယ်။ ပြီးတော့ ငါတို့ရဲ့ မာန်မျိုးနွယ်တွေကိုလည်း မင်းကို ပြပေးမယ်"