← Chapters

အခန်း ၅၉၃

Vol. 57 Ch. 593

အခန်း ၅၉၃

Vol. 57 Ch. 593

အခန်း (၅၉၃)။

ဘုန်း…

‘လေးရာသီကျောင်းတော်’ ၏ အကြီးအကဲ ဟွမ်ထျန်းပိုသည် ကြမ်းပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားပြီး အသက်ရှူရပ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ထိန်းချုပ်မရတော့သော မူလစွမ်းအင်များသည် ခန္ဓာကိုယ်ပြင်ပ သို့ ထွက်ပေါ်လာပြီး ခဏမျှ ပတ်ချာလည် လှည့်ပတ်နေပြီးမှ ရုပ်အလောင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ကာ ငြိမ်သက်သွားတော့သည်။ ၎င်းမှာ လုံးဝ သေဆုံးသွားခြင်း ဖြစ်သည်။

သူသည် ကျင့်စဉ် ဖောက်ပြန်ခြင်းကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သဖြင့် အခြားသူ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းမျိုးနှင့် မတူပေ။

‘လေးရာသီကျောင်းတော်’ အရှင် ဟွမ်ထျန်းပိုသည် သေဆုံးသွားသော်လည်း သူ၏ ကျင့်စဉ် စွမ်းအင်များမှာ သူ၏ ရုပ်အလောင်းအတွင်း၌ ကျန်ရှိနေသေးသည်။ ‘ဟန်ရှောက်ကျိ’ ၏ အဖြစ်အပျက်ကဲ့သို့ပင် မည်သူမဆို သူ၏ ရုပ်အလောင်းကို ရရှိပါက သူ၏ မှော်စွမ်းအင် အားလုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ရောက်ရှိနေကြသော ကွန်ဖြူးရှင် ပညာရှင် များမှာ ကျင့်စဉ်မြင့်မားပြီး ဗဟုသုတ ကြွယ်ဝ သူများ ဖြစ်ကြသဖြင့် ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာပျက်သွားကြသည်။

ကွန်ဖြူးရှင် ပညာရှင်များ၏ တပည့်များမှာလည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုလာကြတော့သည်။ ဤအချိန်၌ အကြီးအကဲများမှာ တည်ငြိမ်မှုကို ထိန်းထားနိုင် သေးသော်လည်း တပည့်များမှာမူ စိတ်မထိန်းနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက် အချေအတင် ပြောဆိုမှုကြောင့် ကျော်ကြားလှသော အကယ်ဒမီတစ်ခု၏ အရှင်သခင်တစ်ဦးမှာ ဒေါသထွက်ပြီး သေဆုံးသွားခဲ့ရသောကြောင့် ဖြစ်သည်။

“ဒေါသထွက်ပြီး သေသွားတာလား၊ လေးရာသီကျောင်းတော် အရှင်က ဒေါသထွက်ပြီး သေသွားတာပဲ၊ ဆဲဆိုခံရလို့ သေသွားတာပဲ။”

“သူ့ကိုလည်း အပြစ်တင်လို့ မရဘူး။ သူတော်စင်ငယ်ရဲ့ စကားလုံးတွေက ‘ဓားနတ်သမီး’ တစ်ပါးရဲ့ ဓားသွားလိုပဲ ထက်ရှလွန်းတယ်။ လေးရာသီကျောင်းတော် အရှင်က ဘယ်လောက်ပဲ သန်မာပါစေ၊ ဒါကို ဘယ်လို တားဆီးနိုင်မှာလဲ။”

“ဟုတ်တယ်၊ ဒီမှာ ကွန်ဖြူးရှင် ပညာရှင်တွေ အများကြီး ရှိနေတာ၊ ဒီမှာ ပညာရှင်တွေ ဘယ်လောက် များလဲ၊ လေးရာသီကျောင်းတော် အရှင်က ဘာအစွမ်းမျိုးရှိလို့ မဖိတ်ဘဲ ရောက်လာတဲ့ ဧည့်သည်ဆိုး ပြုမူရဲတာလဲ၊ ဧည့်သည်ဆိုးတစ်ယောက်လို လုပ်လာမှတော့ ဒီလိုအဖြစ်မျိုးအတွက် ပြင်ဆင်ထားသင့်တာပေါ့။”

“သူကိုယ်တိုင်ကတော့ မှန်ကန်တဲ့အလုပ်ကို မလုပ်ဘဲ အကျိုးအမြတ်နဲ့ ဖြောင့်မတ်ခြင်း အကြောင်း စကားကြီးစကားကျယ် ပြောနေတာကိုး။ သူကိုယ်တိုင် မလုပ်ဘဲ သူများကိုပဲ လိုက်ပြောနေတော့ အခုလို ဆဲဆိုခံရပြီး သေတာ မဆန်းပါဘူး။”

“ဒါနဲ့ပတ်သက်ရင်တော့ သူတော်စင်ငယ်က တကယ်ကို လေးစားဖို့ ကောင်းတာပဲ။ တကယ်လို့ ငါတို့ကျောင်းတော်သာ နဂါးစွယ်ဆန်ကို ရခဲ့ရင် ဘယ်သူကရော သူများတွေကို ပေးချင်မှာလဲ၊ တစ်လောကလုံး သိအောင် ဘာလို့ ကြေညာမှာလဲ၊ လေးရာသီကျောင်းတော် အရှင်ကတော့ တကယ်ကို အပြစ်ရှိတာပါပဲ။”

“ဟုတ်တယ်၊ တကယ်လို့ သူသာ မှန်ကန်တာကို လုပ်ခဲ့ပြီး သူ့ရဲ့ အသိစိတ်က ကြည်လင် နေမယ်ဆိုရင် ဒီလို ရူးသွပ်ပြီး သေသွားမှာ မဟုတ်ဘူး။”

“ဗဟုသုတ ကြွယ်ဝလေ၊ နှလုံသားနတ်ဆိုးက ကြီးမားလေပဲ။ ဉာဏ်ပညာ ကြီးမားလေ၊ စိုးရိမ်ပူပန်မှုတွေ များလေပဲ။ ငါတို့လည်း သတိထားရမယ်။”

“လေးရာသီကျောင်းတော်ရဲ့ ဂုဏ်သတင်းကတော့ ဒီနေ့မှာ လုံးဝ မြေခသွားရပြီ။ သူတို့ရဲ့ အရှင်က ဒီနေရာမှာတင် ဆဲဆိုခံရပြီး သေသွားတာကိုး။ သူတို့ တပည့်တွေကို ကြည့်ဦး၊ မျက်နှာတွေ ပြာနှမ်းနေတာပဲ။ ဒီနေ့ သူတော်စင်ငယ် ပြောသွားတာတွေကို ပညာရှင် ဘယ်နှစ်ယောက် မှတ်မိနေကြမလဲ မသိဘူး။”

“ငါတို့လည်း ပြန်ရောက်ရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မှတ်တမ်းတင်ရမယ်။”

“သူတော်စင်ငယ် ပြောသွားတဲ့ စကားတွေကြောင့် ငါတို့ ကျောင်းတော်က အကြီးအကဲက ရော ငါတို့ ကျောင်းတော်မှာ သိမ်းထားတဲ့ ဆန်မျိုးစေ့တွေကို ကြေညာပေးမှာလား မသိဘူး၊ အဲဒီလိုသာဆိုရင်တော့ ပြည်သူတွေ တကယ်ပဲ အကျိုးရှိမှာပဲ။”

ဆွေးနွေးသံများမှာ ဆူညံသွားတော့သည်။

လေးရာသီကျောင်းတော်မှ တပည့် ၇၂ ယောက်မှာ မျက်နှာများ ပြာနှမ်းနေကြသည်။ သူတို့၏အရှင် ဟွမ်ထျန်းပိုမှာ ဤနေရာ၌ပင် သေဆုံးသွားခြင်းမှာ မျိုးဆက်ပေါင်းများစွာ တိုင်အောင် မေ့ပျောက်၍မရမည့် အရှုပ်တော်ပုံကြီး ဖြစ်သည်။

စာပေပညာရှင်များသည် သူတို့၏ ဂုဏ်သိက္ခာကို အသက်ထက် ပိုမိုတန်ဖိုးထားကြသည်။ ယခုအခါ ဂုဏ်သိက္ခာ ပျက်စီးသွားပြီ ဖြစ်သဖြင့် သူတို့အားလုံးမှာ သေချင်စိတ်ပင် ပေါက်နေကြသည်။

“ကျင့်စဉ်ဖောက်ပြန်တာက ကောင်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခင်ဗျား ဘယ်လိုမှ ရှောင်ထွက်လို့ မရဘူး၊ သေရုံပဲ ရှိတာ၊ အကျိုးအမြတ်အတွက် တိုက်ပွဲဝင်တယ်ဆိုတာက တည်းက ဒါဟာ အသက်လောင်းကြေးထပ်တဲ့ တိုက်ပွဲပဲ။”

ဟုန်ယွိသည် ဟွမ်ထျန်းပို၏ သေဆုံးမှုကို မြင်သောအခါ မည်သည့် အရိပ်အယောင်မျှ မပြဘဲ တည်ငြိမ်နေသည်။ ယနေ့ စကားစစ်ထိုးပွဲမှာ အသက်နှင့် ဂုဏ်သိက္ခာကို ရင်းရမည့် သေတိုက်ပွဲ ဖြစ်လာမည်ကို သူ သိပြီးသား ဖြစ်သည်။

“သူတော်စင်ငယ်ရဲ့ ယနေ့ စကားလုံးတွေက ကျွန်တော့်ကို ခံစားချက်တွေ အများကြီး ပေးပါတယ်။ ကျွန်တော်တို့ရဲ့ လေးရာသီကျောင်းတော်ဟာ တကယ်ပဲ ဖြောင့်မတ်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာမှာလည်း အမှားရှိခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ ဒါကို သေချာပေါက် ပြင်ဆင်ပါမယ်။ ပြည်သူတွေ အကျိုးရှိဖို့အတွက် ‘နှင်းရွက်ဆန်’ ကို လောကကြီးကို ကြေညာပါမယ်။ ဒါပေမဲ့ ဒီနေ့ စကားစစ်ထိုးပွဲမှာ ကျွန်တော့်ရဲ့ ဆရာ သေဆုံးခဲ့ရတယ်။ နောက်နှစ်အနည်းငယ် ကြာရင်တော့ လေးရာသီ ကျောင်းတော်ဟာ သူတော်စင်ငယ်နဲ့ ထပ်ပြီး စကားစစ်ထိုးဖို့ လာခဲ့ဦးမှာပါ။”

ဤအချိန်၌ လေးရာသီကျောင်းတော်မှ တပည့်တစ်ဦး ရုတ်တရက် ထွက်လာသည်။ သူသည် မိမိ၏ ဝတ်ရုံဖြူကို တစ်ဝက်ဆုတ်ဖြတ်ကာ ခေါင်းတွင် ပတ်လိုက်ပြီး နာရေးဝတ်စုံ အဖြစ် ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုတပည့်သည် ဟွမ်ထျန်းပို၏ ရုပ်အလောင်းကို ပွေ့ချီလိုက်သည်။

“ဒီတပည့်ရဲ့ ဟန်ပန်က တကယ်ကို ထူးခြားတာပဲ။ သူက ချက်ချင်း ဆုံးဖြတ်ချက် ချနိုင်တာ ပဲ။”

“သူက ဟွမ်ထျန်းပိုရဲ့ ရှစ်ယောက်မြောက်တပည့် ‘ယဲ့ထောင်း’ ပဲ။ သူက ကဗျာရွတ်ဆိုတဲ့ နေရာမှာ တကယ် တော်တာ” ရောက်ရှိနေသူများစွာက ထိုတပည့်ကို မှတ်မိကြသည်။

ဟုန်ယွိ၏ မျက်လုံးများလည်း ဝင်းလက်သွားသည်။ လေးရာသီကျောင်းတော်တွင် ပါရမီရှင် များ ရှိနေဆဲဖြစ်ပြီး လွယ်လွယ်နှင့် ပျက်စီးသွားမည် မဟုတ်သည်ကို သူ ခံစားလိုက်ရသည်။ ထို့ပြင် ယနေ့ ရန်ငြိုးရန်စမှာလည်း စိုက်ပျိုးပြီးသား ဖြစ်သွားပြီ။ နောင်တွင် အခက်အခဲ အချို့ ရှိလာနိုင်သည်မှာ သေချာသည်။

သို့သော် သူသည် သဘာဝအတိုင်း မကြောက်ရွံ့ပေ။ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုပြီး နောက် ကျိုးယွိအကယ်ဒမီသည် လောကကြီး၏ ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ခေါင်းဆောင် ဖြစ်လာတော့မည်။ ‘တိုင်ရှန်တာအိုဂိုဏ်းသည်ပင်လျှင် ဖြောင့်မတ်ခြင်းလမ်းစဉ် မဟုတ်သ ဖြင့် သူသည် ဤပြဿနာ အသေးအမွှားများကို ဂရုမစိုက်ပေ။

“လေးရာသီကျောင်းတော်မှာ ဒီလို ပါရမီရှင်တစ်ယောက် ရှားရှားပါးပါး ရှိနေတာပဲ။ မင်း ပြန်သွားပြီး ကိုယ်ကျင့်တရားကို ပျိုးထောင်ပါ၊ တကယ်လို့ မင်းကိုယ်တိုင် ဖြောင့်မတ်ခြင်း ကို ရရှိပြီး ပြည်သူတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ကျိုးယွိအကယ်ဒမီကို လာတဲ့အခါ ကျွန်တော်တို့က ခင်ဗျားကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုနေမှာပါ။”

“သူတော်စင်ငယ်၊ လေးရာသီကျောင်းတော်က နှုတ်ဆက်ပါတယ်။”

ယဲ့ထောင်းက ဦးညွှတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ မှေးစင်းသွားပြီး နက်နက်ရှိုင်းရှိုင်း ရှိလှသည်။ ထို့နောက် သူသည် ရုပ်အလောင်းကို ချီကာ ဖြည်းဖြည်းချင်း ဆုတ်ခွာသွား တော့သည်။ သူနှင့် အခြားတပည့်များမှာ ရုပ်အလောင်းကို မြင်းရထားပေါ် တင်ဆောင်ကာ ကျိုးယွိအကယ်ဒမီမှ ထွက်ခွာသွားကြလေတော့သည်။

…

စကားစစ်ထိုးပွဲ တစ်ခုတည်းနှင့် ကြီးကျယ်ခမ်းနားသော အကယ်ဒမီ၏ အရှင်တစ်ဦးကို ဒေါသထွက်၍ သေဆုံးသွားအောင် လုပ်နိုင်ခဲ့သည်။

ဟွမ်ထျန်းပိုသည် ဟုန်ယွိ၏ ထက်မြက်သော စကားလုံးများကို ကိုယ်တိုင် စမ်းသပ် ခံစားသွားခဲ့ရသည်။ ဤအချိန်၌ ‘တောင်မြစ်ကျောင်းတော်’ အရှင်၊ ‘ဝိဇ္ဇာနှင့် သိပ္ပံ ကျောင်းတော်’ အရှင်နှင့် အခြားသော အဖွဲ့အစည်းများ၊ ထို့ပြင် ဟုန်ရွှန်ကျိနှင့် ရင်းနှီးသော ကွန်ဖြူးရှင် ပညာရှင်များမှာ ဆိတ်ဆိတ်နေကြတော့သည်။

မိမိ၏ ဂုဏ်သိက္ခာ ပျက်စီးမည့်အရေးကို ရင်းပြီး ဟုန်ယွိနှင့် မည်သူက ယှဉ်ပြိုင်ရဲဦး မည်နည်း။

“ခုနက ညီနောင်ဟုန် ပြောသွားတာတွေက တကယ်ကို မှန်ကန်ပါတယ်။ ငါတို့ရဲ့ ကျောင်းတော်တွေမှာ ကိုယ်ပိုင် ဆန်မျိုးစေ့တွေ ရှိကြပေမဲ့ ကိုယ့်အတွက်ပဲ သိမ်းထားကြ ပြီး ပြည်သူတွေကို အကျိုးမပြုခဲ့ကြဘူး။ ဒါကြောင့် ငါတို့ရဲ့ ‘ဗြဟ္မာအကယ်ဒမီ’ ဟာ ဗြဟ္မာ ပြည်နယ်မှာ ကျုပ်တို့ရဲ့ မျိုးစေ့တွေကို ကြေညာပြီး ပြည်သူတွေကို စိုက်ပျိုးနည်း သင်ပေးခဲ့ ပြီးပါပြီ။ အခု နွေဦးအစမှာတင် ဗြဟ္မာပြည်နယ်က အိမ်ထောင်စု ၃ သန်းလောက်ဟာ ကျုပ်တို့ရဲ့ ‘ဗြဟ္မာဆန်’ ကို စိုက်ပျိုးနေကြပါပြီ။” (‘ဖန်ဇီ အကယ်ဒမီ’ဟု ရေးသားခဲ့ပါ သည်။ ပါသည့်အတိုင်း ရေးသားခြင်း ဖြစ်ပါသည်)

ဤအချိန်၌ ဗြဟ္မာအကယ်ဒမီ၏ အရှင်သခင်နှင့် ‘ဖန်း’ မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သူ ‘ဖန်ယွမ်ထောင်း’ က မတ်တတ်ရပ်ကာ တည်ကြည်သော မျက်လုံးများဖြင့် ပြောလိုက် သည်။

တစ်ချိန်တည်းမှာပင် ‘ဆန်း’၊ ‘ဝမ်’နှင့် ‘ဝူ’မျိုးနွယ်စုများကလည်း မတ်တတ်ရပ်ကာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည် - “မှန်တယ်၊ မှန်တယ်။ ဒီနေ့ကစပြီး ငါတို့ဟာ ဖြောင့်မတ်ခြင်းအကြောင်း ပြောသလို ပြည်သူတွေကိုလည်း အကျိုးပြုရမယ်။ အားလုံးပဲ... ဒီနေ့မှာ ငါတို့ အကယ်ဒမီတွေ အားလုံး သဘောတူညီချက် တစ်ခု လုပ်ကြရအောင်၊ ငါတို့ သိမ်းထားတဲ့ မျိုးစေ့တွေကို အကုန်လုံး ကြေညာကြစို့။”

“ဒီအထက်တန်းလွှာ ဒီမျိုးနွယ်စုကြီး ၄ ခုကတော့ တကယ့်ကို ပါးနပ်တာပဲ။ ငါတို့ သဘောတူညီချက်အရ သူတို့ရဲ့ ဆန်တွေကို ကြေညာမယ်ဆိုရင် ငါက နဂါးစွယ်ဆန် တစ်စိတ်တစ်ပိုင်းကို သူတို့ကို စိုက်ပျိုးဖို့ ပေးမယ်လို့ ပြောထားတာ။ အခု သူတို့က ဒါကို ရုတ်တရက် ထပြောတာဟာ သူတို့ကပဲ ဖြောင့်မတ်ခြင်းအတွက် ပေးဆပ်နေသလိုမျိုး လုပ်လိုက်တာပဲ။ ဒါပေမဲ့ ဒါဟာ ငါ့ရဲ့အင်အားကိုလည်း ပိုတိုးစေတာပဲ။’

ဟုန်ယွိသည် အထက်တန်းစား မျိုးနွယ်စုကြီး ခေါင်းဆောင် ၄ ဦး၏ လုပ်ရပ်ကို ကြည့်ကာ စိတ်ထဲမှ တွေးနေမိသည်။

“ဒါဟာ အဓိပ္ပာယ်ရှိပါတယ်။ သူတော်စင်ငယ်က နဂါးစွယ်ဆန်ကိုတောင် ကြေညာခဲ့တာပဲ။ ငါတို့လည်း သူ့နောက်မှာ ကျန်မနေခဲ့သင့်ဘူး။” ‘ချုံယန်အကယ်ဒမီ’ အရှင်က ပြောသည်။

ထို့နောက် အကယ်ဒမီအရှင် အသီးသီးက သူတို့၏ သဘောထားများကို ဖော်ပြလာကြ သည်။ ထိုအခါ ကျောင်းတော် ၈ ခုမှ ကွန်ဖြူးရှင် ပညာရှင် ဒါဇင်ပေါင်းများစွာမှာ တစ်ဦး တည်း အထီးကျန်သလို ဖြစ်သွားကြတော့သည်။

…

ဟူး...

လေညင်းတစ်ချက် တိုက်ခတ်သွားသည်။ ယပ်တောင်ကို ကိုင်ထားသော တောင်မြစ် ကျောင်းတော် အရှင်မှာ ဖိအားအချို့ကို ခံစားလိုက်ရသည်။ ဟုန်ယွိ၏ ပြင်းထန်သော အရှိန်အဝါမှာ တားဆီးရန် မဖြစ်နိုင်တော့ပေ။

သူ့ကဲ့သို့ပင် အခြားသော ကွန်ဖြူးရှင် ပညာရှင်ကြီးများမှာလည်း ဉာဏ်ထက်မြက်သူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ ယနေ့တွင် တစ်ခုခု မလုပ်ပြပါက နောင်တွင် ‘အရေခြုံ လူယုတ်မာ’ များအဖြစ် သမုတ်ခံရတော့မည်ကို သူတို့ သိလိုက်ကြသည်။

တောင်မြစ်ကျောင်းတော် အရှင်က ပြောလိုက်သည် “ဒါက သဘာဝကျပါတယ်။ ယနေ့ တွေ့ဆုံပွဲဟာ ငါတို့ ကွန်ဖြူးရှင် ပညာရှင် အသိုင်းအဝိုင်းရဲ့ အကျိုးအတွက် တွေ့ဆုံပွဲလို့ ပြောလို့ရပါတယ်။”

အခြားသော ပညာရှင်များကလည်း သူတို့၏ သဘောထားများကို ဖော်ပြကြသည်။

‘ဒီဟုန်ယွိကတော့ ငါတို့ကို သွေးထွက်အောင် လုပ်နေပြီပဲ...’ သူတို့၏ သဘောထားကို ဖော်ပြပြီးနောက် အရှင်၏ နှလုံးသားမှာ သွေးစက်စက် ကျနေတော့သည်။ ‘ဘာလို့ အထက်တန်းစား မျိုးနွယ်စုကြီး ခေါင်းဆောင် ၄ ယောက်က ဒီလောက်အထိ ရက်ရော နေရတာလဲ၊ သူတို့ ဟုန်ယွိဆီက နဂါးစွယ်ဆန် စိုက်ခွင့်ရထားတာ သေချာတယ်။ ဒါကြောင့် သူတို့ရဲ့ မျိုးစေ့တွေကို စွန့်လွှတ်ရဲတာပေါ့။ အခု ငါတို့ကတော့ မျိုးစေ့တွေကိုလည်း စွန့်ရ တယ်၊ နဂါးစွယ်ဆန်ကိုလည်း မရဘူး...’

ပညာရှင်များမှာ သူတို့ အကြီးအကျယ် ရှုံးနိမ့်သွားပြီမှန်း သိလိုက်သော်လည်း ယခုအချိန်၌ ဘာမှ မတတ်နိုင်တော့ပေ။

“ကောင်းပြီ၊ ဒါဟာ ပြည်သူတွေအတွက် တကယ်ကို အကျိုးရှိမယ့် လုပ်ရပ်ပဲ။ ငါတို့ ပညာရှင်တွေရဲ့ ကျမ်းတွေကို လေ့လာခဲ့ရတာ မနှမြောတော့ဘူး၊ ဒီနေ့ ငါတို့ရဲ့ လုပ်ဆောင် ချက်ဟာ ရှေးဟောင်းခေတ် သူတော်စင် ဧကရာဇ်တွေက ပြည်သူတွေကို ကောက်ပဲသီးနှံ ၅ မျိုး စိုက်ပျိုးနည်း သင်ပေးခဲ့တာထက် မနည်းပါဘူး။ စိတ်တစ်ခုကို ပြောင်းလိုက်တာနဲ့ လူတိုင်းဟာ ပညာရှင် သူတော်စင်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီခန်းမဆောင်ကို ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ လို့ ခေါ်ကြပါစို့။”

ဟုန်ယွိသည် သူ၏ လက်ကို မြှောက်ကာ စွမ်းအားကို အသုံးပြုလိုက်သောအခါ ဧည့်ခန်း မဆောင်၏ ဆိုင်းဘုတ်မှာ ချက်ချင်းပင် ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ဟူသော စကားလုံးများအဖြစ် ပြောင်းလဲသွားသည်။

သူ လုပ်ဆောင်နေသည့်အရာမှာ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ဟူသော အမည်ကို ကျော်ကြားစေရန်နှင့် ဖြောင့်မတ်ခြင်းလမ်းစဉ်၏ အထွတ်အထိပ် ရတနာတစ်ခုအဖြစ် အခြေချရန် ဖြစ်သည်။ ရတနာတစ်ခု ကျော်ကြားသွားခြင်းမှာလည်း စိတ်ဝိညာဉ်စွမ်းအား တစ်မျိုးပင် ဖြစ်သည်။

ယနေ့တွင် သူသည် ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ အမည်ကို ပျံ့နှံ့စေခဲ့ပြီ။ ယနေ့မှစ၍ ၎င်းသည် မျိုးဆက်ပေါင်းများစွာတိုင်အောင် လက်ဆင့်ကမ်းသွားမည် ဖြစ်သည်။ ဖြောင့်မတ်ခြင်းလမ်းစဉ်၏ ထိပ်သီးအဖြစ် သူသည် ‘ဖန်ဆင်းခြင်းသင်္ဘောကိုပင် ကျော်လွန်သွားနိုင်ပေလိမ့်မည်။

“ဂုဏ်သတင်း ကျော်ကြားမှုဆိုတာလည်း စွမ်းအားတစ်မျိုးပဲ၊ အထင်သေးလို့ မရတဲ့ စွမ်းအားမျိုးပဲ။ ဟုန်ယွိရဲ့ လုပ်ရပ်က တကယ်ကို အံ့ဩစရာပဲ။ သူက သူ့ရတနာကို နာမည် ကျော်အောင် လုပ်နေတာပဲ”။

ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း နှင့် ဟုန်ယွိ၏ အကြောင်းကို သိသူများမှာ ဟုန်ယွိ၏ စကားများကို ကြားသောအခါ အံ့ဩသွားကြသည်။

“ဒီနေ့မှာပဲ သူတော်စင်ပေါင်းစုံ ခန်းမဆောင်ရဲ့ နာမည်က ပျံ့နှံ့သွားတော့မယ်။ ဒါဟာ ခေတ်အဆက်ဆက် ကျန်ရစ်နေမှာပဲ။ နောင်မှာ ဒါကို ပြန်ပြောကြတဲ့အခါ လောကကြီးရဲ့ ကွန်ဖြူးရှင် ပညာရှင်ကြီးတွေဟာ ပြည်သူတွေ အကျိုးအတွက် သူတော်စင်ပေါင်းစုံ ခန်းမဆောင်မှာ အစည်းအဝေး လုပ်ခဲ့ကြတယ်လို့ ပြောကြလိမ့်မယ်။ အဲဒီအခါမှာ ဒီခန်းမ ဆောင်ဟာ အမှန်တရားလမ်းစဉ်ရဲ့ ထိပ်တန်းရတနာ မဖြစ်ဘဲ နေပါ့မလား။”

အထက်တန်းလွှာ မျိုးနွယ်စုကြီး ခေါင်းဆောင် ၄ ဦးမှာလည်း ပို၍ပင် အံ့ဩသွားကြသည်။ ယနေ့ ဖြစ်ရပ်မှာ သေချာပေါက် သမိုင်းတွင်တော့မည် ဖြစ်သည်။

“ဖန်ဆင်းခြင်းသင်္ဘောပဲ ဖြစ်ဖြစ်၊ 'ထာဝရနိုင်ငံတော်' ပဲ ဖြစ်ဖြစ်၊ ဒီသူတော်စင်ပေါင်းစုံ ခန်းမဆောင်ဆိုတဲ့ ခမ်းနားတဲ့ ဂုဏ်ပုဒ်ရဲ့ ရှေ့မှောက်မှာတော့ သူတို့ရဲ့ အရှိန်အဝါတွေဟာ အရင်ဆုံး မှိန်ဖျော့သွားရမှာပဲ။ ဧကရာဇ်တို့ရဲ့ ဆရာဆိုတာ ဘာလဲ။ ဧကရာဇ်လမ်းစဉ်ဆို တာကော၊ ဒီလို နာမည်ကျော်ကြားအောင် လုပ်ဆောင်နိုင်ခြင်းကပဲ စစ်မှန်တဲ့ ဧကရာဇ် လမ်းစဉ်ပဲ ဖြစ်ပဲ။”

ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်းနှင့် အထက်တန်းလွှာ မျိုးနွယ်စု ခေါင်းဆောင်ကြီး ၄ ဦးလုံးမှာ ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ အတွက် အမည်နာမ တစ်ခုကို တည်ဆောက်လိုက်သည်ကို သိလိုက်ကြသည်။ ၎င်းသည် ရတနာ၏ စွမ်းအားကို တိုက်ရိုက် မတိုးစေသော်လည်း စိတ်ဝိညာဉ်၏ အနှစ်သာရကိုမူ အကြီးအကျယ် မြင့်မားသွားစေခဲ့ သည်။ ၎င်းမှာ ရတနာကို သန့်စင်သည့် အမြင့်ဆုံးသော ‘မဟာလမ်းစဉ်’ပင် ဖြစ်သည်။ ထိုအတွင်း၌ ပါဝင်သော သဘောတရားများမှာ အလွန်နက်နဲလှသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။

…

“သူတော်စင်ပေါင်းစုံ ခန်းမဆောင်လား။ တကယ်ကို ကောင်းတဲ့ နာမည်ပဲ။ စိတ်တစ်ခုကို ပြောင်းလိုက်တာနဲ့ လူတိုင်း သူတော်စင်တစ်ပါး ဖြစ်လာနိုင်တယ်ပေါ့။ ငါတို့ ဒီနေ့ လုပ်နေတာတွေဟာ တကယ်ပဲ ရှေးဟောင်းခေတ် သူတော်စင်တွေကို အတုယူနေတာပါ။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတော့ ခေတ်အဆက်ဆက် ကျန်ရစ်မယ့် ကဗျာကောင်း တစ်ပုဒ်လည်း လိုအပ်နေတာပေါ့။ သူတော်စင်ငယ် ဟုန်ယွိဟာ လောကမှာ ဉာဏ်အကောင်းဆုံးလူလို့ သိထားကြတယ်။ ဒီနေ့ အခြေအနေနဲ့ လိုက်ဖက်မယ့် ကဗျာ တစ်ပုဒ်လောက် ရွတ်ဆိုပြနိုင်မလား။”

‘ဝိဇ္ဇာနှင့် သိပ္ပံ ကျောင်းတော်’ ၏ အရှင်က ရုတ်တရက် စကားပြောလာသည်။ သူသည် တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်ခြင်း ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ စကားစစ်ထိုး ခြင်း မဟုတ်ဘဲ ဟုန်ယွိအား ကဗျာတစ်ပုဒ် ရွတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

“အို”

ဟုန်ယွိသည် ‘ဝိဇ္ဇာနှင့် သိပ္ပံ ကျောင်းတော်’ အရှင်ကို တစ်ချက်ကြည့်ကာ ခေါင်းကို မော့လိုက်ပြီး ပြုံးလျက် ပြောလိုက်သည် - “ကွန်ဖြူးရှင် ပညာရှင် ကျောင်းတော်ရဲ့ အနှစ်သာရအရ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အသိစိတ် ကြည်လင်ဖို့ကိုပဲ အလေးထားပါ တယ်။ အသိစိတ် ကြည်လင်နေမယ်ဆိုရင် ကြောက်ရွံ့မှု၊ စိုးရိမ်မှု မရှိဘဲ စိတ်အေး လက်အေး နေနိုင်တာပေါ့။ လူကြီးလူကောင်းတစ်ယောက်ဟာ သဘောထားကြီးရမယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ စည်းမျဉ်းတွေနောက်ကို လိုက်ဖို့အတွက် ကွန်ဖြူးရှင် ပညာရှင် တွေရဲ့ နိယာမတွေကို မသုံးပါဘူး။ စိတ်ဆိုတာ ပြောင်းလဲနေတာမို့ စည်းမျဉ်းတွေထဲမှာပဲ ပိတ်လှောင်ထားလို့ မရဘူးလေ။”

“ဒါဆိုရင်လည်း သူတော်စင်ငယ်ရဲ့ ကဗျာကို နားထောင်ကြတာပေါ့။”

တောင်မြစ်ကျောင်းတော် အရှင်သည် သူ၏ ယပ်တောင်ကို ‘ဝှစ်’ ခနဲ ဖြန့်လိုက်ပြီး ဟုန်ယွိ ကဗျာရွတ်ပြီးသည်နှင့် ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ဟုန်ယွိသည် တောင်မြစ်ကျောင်းတော် အရှင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက် သဖြင့် ထိုသူမှာ နှလုံးခုန်ရပ်မတတ် ဖြစ်သွားရသည်။ ဟုန်ယွိသည် ရှေ့သို့ ခြေလှမ်းအနည်း ငယ် တိုးလိုက်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ခြေလှမ်း ၇ လှမ်းအကွာသို့ ရောက်သောအခါ ဟုန်ယွိက ရပ်လိုက်ပြီး ရွတ်ဆိုလိုက်သည် “လာချင်လာ၊ သွားချင်သွား၊ ကြောက်ရွံ့စိုးရိမ်မှု မရှိ စိတ်တိုင်းကျ နေထိုင်ပါ။ သူတော်စင် ပေါင်းစုံခန်းမဆောင်ကတော့ သဘောထားကြီးလှတယ်၊ မဟာကမ္ဘာလောကကြီးရဲ့ နွေဦး နဲ့ ဆောင်းဦး (အချိန်ကာလ) တွေဟာလည်း ငါတို့ဆီမှာ မရှိဘူး။”

စကားလုံးတိုင်းမှာ အသွင်ပုံသဏ္ဍာန်တစ်ခုအဖြစ် စုစည်းကာ ခန်းမအတွင်း၌ လွင့်ပျံနေ၏။ ကဗျာရွတ်ဆိုသံကို ကြားရသူတိုင်းမှာ မိမိတို့၏ စိတ်ကို အမှန်တကယ် ဆုပ်ကိုင်ထား နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်များမှာ ကြောက်ရွံ့စိုးရိမ်မှု မရှိဘဲ ပေါ့ပါး သွားပြီး လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ သဘောထား ကြီးသွားကြသည်။ ဤလောက ကြီး၏ အချိန်ကာလ (ရာသီဥတု) များမှာ သူတို့၏ စိတ်အပြင်ဘက်သို့ ရောက်သွားသကဲ့သို့ ပင်။

သူတို့၏ စိတ်ဝိညာဉ်များမှာ မသေမျိုးအဖြစ် ပြောင်းလဲသွားပြီး အချိန်ကာလကို ဂရုမစိုက် တော့ဘဲ တိုးတက်ခြင်း၊ နိမ့်ကျခြင်း၊ မွေးဖွားခြင်း၊ ပျက်စီးခြင်း မရှိတော့သကဲ့သို့ ခံစားရ သည်။

တောင်မြစ်ကျောင်းတော် အရှင်မှာ အသက်ကို ပြင်းပြင်းရှူနေသော်လည်း ထိုကဗျာတွင် မည်သည့် အမှားအယွင်းမျှ ရှာမတွေ့ပေ။

ကျောင်းတော်အသီးသီးမှ အရှင်များနှင့် အခြားသော ကွန်ဖြူးရှင် ပညာရှင်ကြီးများမှာ လည်း ဆိတ်ဆိတ်နေကြတော့သည်။ သူတို့သည် ထိုကဗျာ၏ အနက်အဓိပ္ပာယ်ကို မြိန်ယှက်စွာ ခံစားနေကြပြီး အသိပညာများစွာ ရရှိလိုက်သကဲ့သို့ ခံစားရသည်။

ရုတ်တရက် ရှဲ့ဝန်ယွမ်၏ အမာခံတပည့်ကြီးတစ်ဦးမှာ တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ ထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူသည် သေခြင်း၊ ရှင်ခြင်းနှင့် အတား အဆီးအားလုံးကို ထိုးဖောက်မြင်သွားသကဲ့သို့ ရှိသည်။ သူသည် ‘တစ္ဆေအင်မော်တယ်’ ကျင့်ကြံခြင်းလမ်းစဉ်သို့ ကူးပြောင်းသွားခဲ့ပြီ။

ထိုတပည့်သည် သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ တစ်ခါမျှ မထုတ်ဖူးသော်လည်း ယခုအချိန်၌ သူ၏ စိတ်နှလုံးနှင့် အသိဉာဏ်မှာ ကြည်လင်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသည်နှင့် သူသည် ချက်ချင်း ‘တစ္ဆေအင်မော်တယ်’ ဖြစ်လာတော့မည်။

ဤကဲ့သို့ ပြောင်းလဲမှုကို ပညာရှင်တို့၏ ကျင့်စဉ်လောကတွင် ‘စာပေအတွေးအခေါ်ဖြင့် ကျင့်ကြံခြင်း’ ဟု ခေါ်ဆိုကြသည်။ ထိုသို့သော သူများ ရေးသားသည့် ကျမ်းစာများမှာ ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေတတ်သည်။

ဤပြောင်းလဲမှုကို မြင်သောအခါ လူတိုင်းမှာ ဟုန်ယွိ၏ ကဗျာသည် အမှန်တကယ်ပင် နက်နဲလှကြောင်းနှင့် သဘောထားကြီးသော စိတ်နှလုံး၏ အနှစ်သာရကို ဖော်ပြနေ ကြောင်း လက်ခံလိုက်ကြသည်။

“သူတော်စင်ပေါင်းစုံ ခန်းမဆောင်ဟာ သဘောထား ကြီးလှတယ်၊ မဟာကမ္ဘာလောက ကြီးရဲ့ ဆောင်းဦးနဲ့ နွေဦးအချိန်ကာလတွေလည်း ဒီမှာ မရှိဘူး... တကယ်ကို ကြီးကျယ်တဲ့ ခန်းမဆောင်ပါပဲ၊” ကွန်ဖြူးရှင် ပညာရှင် များစွာက ချီးကျူးလိုက်ကြသည်။ ပညာရှင် သူတော်စင် မျိုးနွယ်ကြီး ၄ ခုမှ အရှင်များပင်လျှင် ဟုန်ယွိ၏ အစွမ်းကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ဤအချိန်၌ ခန်းမအတွင်းမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် “အစ်ကိုဟုန်ဟာ ဒီနေ့မှာ သူတော်စင်ပေါင်းစုံ ခန်းမဆောင်ရဲ့ ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်ပေးလိုက် တာပဲ။ ရှင်က တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ဖြစ်ပြီး ရတနာတွေကို သန့်စင်တဲ့နေရာမှာ လည်း အနှိုင်းမဲ့တဲ့ နည်းလမ်းတွေ ရှိနေတာပဲ။ ကျွန်မဆုမူကတော့ ရှင့်ကို တကယ်ကို အံ့ဩမိပါတယ်။”

“တိုင်ရှန်တာအိုဂိုဏ်းက သူတော်စင် မိန်းမပျို ဆုမူ ရောက်လာပါပြီ”

ထိုအသံ ဆုံးသည်နှင့် အပြင်ဘက်ရှိ တပည့်တစ်ဦးမှာလည်း ဝင်ရောက်လာသည်။

ကွန်ဖြူးရှင် ပညာရှင်ကြီးများသည် ဝေးလံသော လမ်းကလေးမှ လမ်းလျှောက်လာသော ဆုမူကို မြင်လိုက်ရသည်။ သူမသည် ခန်းမ၏ အဝင်ဝသို့ ရောက်သော်လည်း အတွင်းသို့ မဝင်ပေ။

“မိန်းကလေး ဆုမူ... ဘာလို့ အတွင်းကို မဝင်တာလဲ။” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကျွန်မ မဝင်တော့ပါဘူး။ ကျွန်မ ဒီကိုလာတာက ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကိုယ်စား အစ်ကိုဟုန်ကို စိန်ခေါ်လွှာ လာပေးတာပါ။”

ဆုမူ၏ စကားလုံးများမှာ လူတိုင်းကို တုန်လှုပ်သွားစေတော့သည်။

All Chapters