← Chapters

အခန်း ၅၉၈

Vol. 57 Ch. 598

အခန်း ၅၉၈

Vol. 57 Ch. 598

အခန်း (၅၉၈)။

“အတွင်းပိုင်းမှာ နှိမ့်ချပြီး အပြင်ပိုင်းကိုတော့ တော်လှန်ပြောင်းလဲရမယ်။ အတွင်းကံကြမ္မာ က သူတော်စင်လမ်းစဉ်ဖြစ်ပြီး အပြင်ကံကြမ္မာကတော့ ဘုရင်လမ်းစဉ်ပဲ။ အနာဂတ် လမ်းကြောင်းက ဒီအတိုင်းပဲ ဖြစ်ရမယ်...”

ဗေဒင်နှစ်ကြိမ် ဆက်တိုက်တွက်ပြီးနောက် ဟုန်ယွိ၏ စိတ်အာရုံမှာ အလွန်ပင် ကြည်လင် လန်းဆန်းသွားသည်။

အနာဂတ်တွင် ဖြစ်နိုင်ခြေ သန်းပေါင်းများစွာ ရှိနေသော်လည်း သူလျှောက်ရမည့် လမ်းစဉ် ကမူ တစ်ခုတည်းသာ ရှိ၏။ ၎င်းမှာ အတွင်း၌ နှိမ့်ချ၍ အပြင်၌ တော်လှန်ခြင်းပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်ပျက်လာပါစေ သူသည် အခြေအနေကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။

ဟုန်ယွိ၏ အတွေးစပေါင်း ၁၂၉,၆၀၀ တို့သည် လည်ပတ်နေကြ၏။ အတွေးစတစ်ခုချင်းစီ မှာ ပြည့်ပြည့်ဝဝ ဖြစ်နေပြီး ပတ်ပတ်လည် ပေပေါင်းများစွာ ကျယ်ဝန်း၏။ ၎င်းတို့သည် ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ၏ အနက်ရှိုင်းဆုံးနေရာတွင် လွင့်မျောနေပြီး အတွင်း၌ ရှိသော ဟုန်ယွိ၏ ရုပ်ခန္ဓာကို အကာအကွယ် ပေးထားကြသည်။

ဟုန်ယွိသည် သူ၏ ကျင့်ကြံမှုနှင့် စွမ်းအင်စုဆောင်းမှုထဲတွင် တဖြည်းဖြည်း နစ်ဝင်သွား တော့သည်။

မိစ္ဆာဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ တာအိုသစ်သီးများကို သန့်စင်ပြီးနောက်တွင် သူသည် အမုန်းတရား၊ ဝိညာဉ်ဝါးမျို၊ ကောင်းကင်ဖြို၊ အမှောင်ယင်နှင့် သွေးနတ်ဘုရား စသည့် မိစ္ဆာစွမ်းအင်များကို သူ၏ အတွေးစများထဲတွင် ပေါင်းစပ်နိုင်ခဲ့သည်။ မိစ္ဆာစွမ်းအင်ကို အမှန်တရား စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့သဖြင့် ယခုအခါ သူ၏ မှော်စွမ်းအားမှာ ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ရှိ ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း မိုးကြိုးကပ်ဘေး ၇ ကြိမ်ကို တကယ်တမ်း မကျော်ဖြတ်ရသေးသရွေ့ သူသည် မည်မျှပင် သန်မာနေပါစေ ဖန်ဆင်းရှင်တစ်ဦး မဟုတ်သေးပေ။

သူ၏ သက်တမ်းမှာလည်း ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမျှသာ ရှိသေးသည်။ နှစ်ပေါင်းများစွာ ကြာသွားပါက သူသည် ဆီကုန်သွားသော ဆီမီးခွက်ကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သူ၏ အတွေးစများ ပျက်စီးသွားကာ၊ သူ၏ ကျန်ရစ်ခဲ့ သော ကြီးမားသော စွမ်းအင်များကို သူတစ်ပါးက အခွင့်ကောင်းယူ သွားနိုင်ပေသည်။

ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာသည်နှင့် သူစုဆောင်းထားသမျှ ဉာဏ်ပညာအားလုံးသည် သက်တမ်းနှင့် စွမ်းအင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

“ဉာဏ်ပညာသည် စွမ်းအားဖြစ်သည်” ဟူသည်မှာ ပညာရှင် သူတော်စင်ကြီးများစွာ၏ ဆောင်ပုဒ်ဖြစ်သလို အမှန်တရားလည်း ဖြစ်သည်။ သို့သော် ဉာဏ်ပညာမှ စွမ်းအင်အဖြစ် သို့ ပြောင်းလဲရသည့် လုပ်ငန်းစဉ်တစ်ခု ရှိသည်ကိုမူ မည်သူမျှ မသိကြပေ။ ထိုလုပ်ငန်းစဉ် မှာ ‘မိုးကြိုးကပ်ဘေး’ ပင် ဖြစ်သည်။

...

“အလင်းနှင့်အမှောင်မန္တလာ မဟာအကာအကွယ်” “ဗုဒ္ဓလက်ဝါး” “ကမ္ဘာပျက်ကပ်၏ နဂါးပျံလမ်းစဉ်” “ချီဝိညာဉ်ဝဲဂယက်” “မဟာလေဟာနယ် လက်ဝါး” “ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး ဓားသိုင်း၊” “ကမ္ဘာဦးအစ ဖန်ဆင်းခြင်း၊” “စစ်နတ်ဘုရား၏ အမှန်တရားလမ်းစဉ်!” “ထာဝရအာဃာတမိစ္ဆာသံစဉ်” “ထာဝရအသက်” “ကမ္ဘရီယန် အမှောင်ကမ္ဘာ နတ်ဘုရားလက်သည်း” “အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးခြင်း” “မိုးကြိုးနတ်ဘုရားဖျက်ဆီးခြင်း၊” “ထိုက်ကျိ နတ်ဘုရားမိုးကြိုး” “ထာဝရတဖက်ကမ်းမှ သုခပန်း။ (နိဗ္ဗာနပန်းပွင့်)”

တာအိုပညာရပ်များနှင့် သိုင်းပညာပေါင်းစုံသည် ဟုန်ယွိ၏ စိတ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ သူ မြင်တွေ့ခဲ့သမျှ၊ ကျင့်ကြံခဲ့သမျှနှင့် တွေ့ကြုံခဲ့သမျှ အရာအားလုံးသည် သူ၏ စိတ်ထဲတွင် စီးဆင်းနေ၏။

၎င်းမှာ ဟုန်ယွိအနေဖြင့် လွန်ခဲ့သောတစ်နှစ်က ‘ပြောင်းလဲခြင်းကျမ်း’ ကို စတင်ပြုစုက တည်းက ပထမဆုံးအကြိမ်အဖြစ် တာအိုမှော်ပညာရပ်များကို စနစ်တကျ ပြန်လည် ကျင့်ကြံခြင်းပင် ဖြစ်သည်။

ဤသို့ တာအိုမှော်ပညာရပ်များကို ကျင့်ကြံခြင်းနှင့်အတူ ဟုန်ယွိသည် ဖော်ပြ၍မရနိုင် သော ပျော်ရွှင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ အချို့သော မှော်ပညာရပ်များကို သူသည် အနည်းငယ်မျှ အဟန့်တားမရှိ သို့မဟုတ် ဝေဝါးခြင်းမရှိဘဲ မိမိစိတ်ကြိုက် ပြောင်းလဲနိုင် စွမ်း ရှိလာသည်။

ယခင်က သူနားမလည်ခဲ့သည့် “‘ကမ္ဘရီယန် အမှောင်ကမ္ဘာ နတ်ဘုရားလက်သည်း’” ကိုပင် ယခုအခါ အကုန်လုံး တတ်မြောက်သွားပြီ ဖြစ်သည်။ ထိုပညာရပ်သည် အလွန်နက်နဲသော အမှောင်ပညာရပ်တစ်ခု ဖြစ်သော်လည်း သူသည် ‘ပြောင်းလဲခြင်းကျမ်း’ ကို အခြေခံအဖြစ် အသုံးပြုခဲ့သည်။ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲက အတွေ့အကြုံ၊ အမှောင် ဧကရာဇ်တာအိုသခင်နှင့် တိုက်ပွဲ၊ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း သူစုဆောင်းခဲ့သည့် အသိပညာ ဗဟုသုတတွေက သူ့ကို ဆရာမပါဘဲ အလိုလို တတ်မြောက်သွားစေခဲ့သည်။

ထို့ပြင်…

ရှေးဟောင်း ချန်ရှန်းဧကရာဇ်၏ အစွမ်းထက်ဆုံး အကာအကွယ်ဖြစ်သော “ထာဝရ အသက် အကာကွယ်ဂါထာ” သူသည် ‘ခုန်း’ အသုံးပြုခဲ့သည်ကို တစ်ခါသာ မြင်ဖူးသော် လည်း ယခုအခါ သူသည် အဆိုပါပညာရပ်ကိုပါ တတ်မြောက်သွားပြီဟု ခံစားနေရသည်။

‘ခုန်း’ အမြင့်ဆုံး သတ်ဖြတ်ကွက်ဖြစ်သည့် “နိဗ္ဗာနပန်းပွင့်” ကိုပင် သူ တတ်မြောက်သွား သလို ခံစားနေရသည်။

“ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်”

ဟုန်ယွိ၏ အတွေးများ ထပ်မံလည်ပတ်လာပြီး ၎င်းတို့ကို ပြင်းထန်စွာ စုစည်းလိုက်ရာ ဖန်ဆင်းခြင်းသင်္ဘောပေါ်ရှိ စွမ်းအင်နှင့် အတိအကျတူညီသော လေဟာနယ်စွမ်းအင်များ ထွက်ပေါ်လာသည်။ စွမ်းအားနှင့် သန့်စင်မှုပိုင်းတွင် မူရင်းထက် အများကြီး နိမ့်ကျနေသေး သော်လည်း အနည်းဆုံးတော့ အခြေခံအဆင့်အနေဖြင့် ပုံစံပေါ်လာပြီ ဖြစ်သည်။

“ကြယ်တာရာများ ပေါက်ကွဲခြင်း၊ ဘုံသုံးပါး မူလစွမ်းအင်အမြောက်”

ဟုန်ယွိသည် မူလဝိညာဉ်နတ်ဘုရား၏ လျှို့ဝှက်နတ်ဘုရားစွမ်းရည်ကို ထပ်မံအသုံးပြု လိုက်ရာ ၎င်းမှာလည်း အတော်လေး အားရကျေနပ်ဖွယ် ကောင်းသည်။

“ကံကြမ္မာဓမ္မတေးသံ၊ ဂုဏ်ကျက်သရေဓမ္မတေးသံ၊ သဘာဝအမိန့်ဓမ္မတေးသံ...” ခမ်းနားသော ဂီတသံစဉ်များသည် ဟုန်ယွိ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ၎င်းတို့မှာ အပြင်လူကို မသင်ကြားပေးသော ‘အနှစ်သာရနတ်ဘုရားကျောင်းတော်’ ၏ ဆန်းကြယ် သော သံစဉ်များ ဖြစ်သည်။ အခုတော့ ဟုန်ယွိက ရာခိုင်နှုန်း ၈၀, ၉၀ လောက်အထိ တတ်မြောက်သွားပြီ ဖြစ်သည်။

ထိုအရာမှာ မထူးဆန်းပေ။ ဤတစ်နှစ်အတွင်းမှာ ဟုန်ယွိသည် ဂီတနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျမ်းစာပေါင်းများစွာကို ဖတ်ရူလေ့လာခဲ့သည်။ ‘ပြောင်းလဲခြင်းကျမ်း’ ကို အောင်အောင် မြင်မြင် ပြုစုနိုင်ခဲ့သည့်အတွက် ကျန်သည့် အရာအားလုံးကိုလည်း ပေါက်မြောက်သွားခဲ့ ခြင်း ဖြစ်သည်။

‘ပြောင်းလဲခြင်းကျမ်း’ ဟာ အရာအားလုံးကို လွှမ်းခြုံထားနိုင်တာကိုး။

“ငါ ဘယ်တော့မှ ပိုင်ဇိယွဲ့ရဲ့ ‘မဟာဝိညာဉ်ကြယ်တာအိုကျမ်း’ ကို ငှားဖတ်ရမလဲ။ အဲဒါဆို ရင် ငါ မြင့်မြတ်နယ်မြေ ခြောက်ခုရဲ့ လျှို့ဝှက်ပညာရပ်တွေကို အကုန်တတ်သွားပြီ။ ဒါပေမဲ့ ‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ အစွမ်းထက်ဆုံး ပညာရပ်ကတော့ ထာဝရအလင်းတန်းပဲ။ အဲဒီအလင်းရဲ့ သဘာဝက ထူးခြားလွန်းတယ်။ ငါ ဘာလို့ အဲဒါကို အတုမယူနိုင်ရတာလဲ။”

ဂိုဏ်းပေါင်းစုံ၏ တာအိုပညာရပ်တွေကို အတုယူလေ့ကျင့်ကြည့်ပြီးနောက် ဟုန်ယွိက ‘ထာဝရအလင်း’ ကို အတုယူလေ့ကျင့်ဖို့ ကြိုးစားသည့်အခါ တစ်ခုခု လိုအပ်နေသလို ခံစားရသည်။ ထာဝရ၏ အစစ်အမှန် အနှစ်သာရပါဝင်သည့် သန့်စင်တောက်ပသော အလင်းတန်းကို သူ မဖန်တီးနိုင်သေးပေ။

“မုန့်ရှန်းကျီ အခု ဘယ်လိုနေမလဲ။ သူ ဘယ်မှာ ကျင့်ကြံနေမလဲ၊ ယန်နတ်ဘုရား ဖြစ်ဖို့ သူ ဘယ်လောက် လိုသေးလဲ၊ ဟုန်ရွှန်ကျိရော လူသားအင်မော်တယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလား။ ဧကရာဇ် ယန်ဖန်လည်း ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင် တော့မှာပဲ။ တာအိုဘိုးဘေး သုံးပါးနဲ့ ကောင်းကင်ဖြို ဧကရာဇ်တို့လည်း ဖန်ဆင်းရှင် ဖြစ်ဖို့ မျှော်လင့်ချက် ရှိနေကြတယ်။ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ကလွဲရင် ငါ့မှာ တခြား အားသာချက် မရှိဘူး။ လျှောက်ရမယ့်လမ်းက ဝေးလွန်းသေးတယ်၊ ငါ သတိထားရမယ်။ ဒီနှစ် ကိုးလပိုင်း ၉ ရက်နေ့မှာ ငါ ‘တောရိုင်းနယ်မြေ’ ကို သွားပြီး ၇ ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် ဖြစ်လာစေရမယ်။”

ဟုန်ယွိသည် မည်သို့ပင် ဖြစ်စေ ကိုးလပိုင်း ကိုးရက်နေ့တွင် အဆင့် ၇ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ယခုအခါ ငါးလပိုင်း ငါးရက်နေ့ဖြစ်ရာ လေးလသာ လိုတော့သည်။

ဤလေးလအတွင်း ချန်ယင်းရှာနှင့် အခြားသူများသည်လည်း အဆင့်တစ်ခုသို့ ရောက်ရှိနေ ကြမည်ဖြစ်ရာ အနာဂတ်၏ အပြောင်းအလဲများကို ကိုင်တွယ်ရန် လုံလောက်ပေလိမ့်မည်။

...

ဟုန်ယွိ၏ အတွေးစများမှာ အပြင်သို့ ထွက်လာပြီး အစီအရင်အမျိုးမျိုး အဖြစ် ပုံဖော်နေ သည်ကို ချန်ယင်းရှာ မြင်တွေ့နေရသည်။ ထို့နောက် ၎င်းတို့သည် လူပုံစံများအဖြစ် ပြောင်းလဲသွားကာ သိုင်းပညာပေါင်းစုံကို လေ့ကျင့်နေကြသည်။ ဟုန်ယွိသည် လာမည့် တိုက်ပွဲကြီးအတွက် နောက်ဆုံးမိနစ်တွင် သူ၏ မှော်ပညာရပ်များကို သန့်စင်ပြီး ကျွမ်းကျင် အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။

“ဟုန်ယွိက အခု အရမ်းကို နာမည်ကြီးနေပြီး သူ့ကိုယ်သူ ဖုံးကွယ်မထားဘူး။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို အင်အားစုပေါင်းစုံက စောင့်ကြည့်နေကြတာ။ သူက ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့လို လျှို့ဝှက်ချက် အများကြီး ရှိတဲ့လူမဟုတ်ဘူး၊ သူတို့က နှစ်ပေါင်းများစွာ လျှို့ဝှက်ချက်တွေကို တည်ဆောက်ခဲ့တာ။ ဟုန်ယွိရဲ့ မိုးကြိုးကပ်ဘေးကတော့ တကယ့်ကို တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မယ်။ အန္တရာယ်ရှိတဲ့ တိုက်ပွဲပဲ... ငါလည်း အချိန်မီအောင် ကျင့်ကြံမှ ဖြစ်မယ်။ နွန်ယင်၊ နွန်းယွီ... လာကြ၊ ငါနဲ့အတူ ကျင့်ကြံကြမယ်။”

ချန်ယင်းရှာသည် ရှေ့လာမည့် တိုက်ပွဲမှာ မည်မျှ အန္တရာယ်ကြီးသည်ကို သိသည်။ သူမ သည် ပင်လယ်ပြင်တွင် နှစ်ပေါင်း ၃၀၀ ကြာအောင် ကျင်လည်ခဲ့ပြီး မုန်တိုင်းပေါင်းစုံကို ကြုံခဲ့ဖူးသော်လည်း ယခု ဟုန်ယွိ၏ မိုးကြိုးကပ်ဘေးသည် အကြီးမားဆုံး ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။

“ဒီတစ်ခါ မုန်တိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲထက်တောင် ပိုကြီးပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ‘ဖန်ဆင်းခြင်းတာအို’ ဂိုဏ်း နဲ့ ‘တိုင်ရှန်တာအို’ဂိုဏ်း တို့ရဲ့ တိုက်ပွဲလောက်အထိ ပြင်းထန်နိုင်တယ်။” ချန်ယင်းရှာ တွေးနေမိသည်။

သူမသည် ခန်းမဆောင်အတွင်းရှိ ဟင်းလင်းပြင်ဝင်္ကပါထဲတွင် ပုန်းကွယ်ကာ ငြိမ်းချမ်းစွာ ကျင့်ကြံနေလိုက်တော့သည်။

...

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီကုန်ဆုံးပြီး ဆောင်းဦးရောက်လာခဲ့သည်။ ဤနှစ်မှာ တော်ဝင်ချန်မင်းဆက် ၆၄ နှစ်မြောက်၊ ကိုးလပိုင်း ၉ ရက်နေ့ ဖြစ်သည်။ မိသားစုများက တောင်တက်ပြီး အပန်းဖြေကြသည့်၊ ဂန္ဓာမာပန်းများကို ကြည့်ရှုကြသည့် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

ဟုန်ယွိနှင့် ပညာရှင်ကြီးများ ပြုစုနေသော ‘ပြောင်းလဲခြင်းကျမ်း’ မှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီ။ သို့သော် သေချာစွာ ပြန်လည်စစ်ဆေးရန်နှင့် စာလုံးများ ဖြည့်စွက်ရန် အလုပ် များ ကျန်နေသေးသဖြင့် ၎င်းမှာ ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်နေသည်။

သို့သော်လည်း ဟုန်ယွိသည် ဟေက်စ်ဇာဂရမ် ၆၄ ကွက်၏ မူဘောင်ကို အတည်ပြုပြီး ပထမဆုံး ဟေက်စ်ဇာဂရမ် နှစ်ကွက်ကို ပြီးစီးအောင် ရေးသားပြီးဖြစ်သဖြင့် ကျန်သော အလုပ်များမှာ ပိုမိုလွယ်ကူသွားခဲ့သည်။

သန်းခေါင်ယံ အချိန်တွင် ဟုန်ယွိ၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး ယနေ့သည် သူ၏ မိုးကြိုးကပ်ဘေး ရင်ဆိုင်ရမည့်နေ့ဖြစ်ကြောင်း သိလိုက်ရသည်။

“ယူလူလက်”

“သခင်လေး... ဘာလို့ ဒီလောက် စောစောစီးစီး ခေါ်တာလဲ။” ယူလူလက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုထဲမှ ထွက်လာသည်။ ၎င်းမှာ သူမ၏ စွမ်းရည် မဟုတ်ဘဲ ဟုန်ယွိက သူမကို ပေးထားသည့် စိတ်ဝိညာဉ်အဆောင်ကြောင့် ဖြစ်သည်။ မိုင်ပေါင်း တစ်ထောင်အတွင်းမှာ ရှိနေသရွေ့ သူတော်စင်ပေါင်းစုံ ခန်းမဆောင်၏ စွမ်းအား က သူမကို တိုက်ရိုက် ခေါ်ဆောင်လာနိုင်ခြင်း ဖြစ်သည်။

၎င်းမှာ ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးနှင့် တော်တော်လေး တူပါသည်။

သူတော်စင်ပေါင်းစုံ ခန်းမဆောင်ဟာ ‘ဆာဟာရတနာသစ်ပင်’ နှင့် ပေါင်းစပ်ပြီးကတည်း က ပညာရှင်ကြီးများ၏ ဉာဏ်ပညာတွေ၊ ထိုက်ကျိ မိုးကြိုးရေကန်၏ စွမ်းအားတွေနှင့် သန့်စင်ထားသောကြောင့် ပိုမို ထူးခြားဆန်းပြားလာပြီး ဖြောင့်မတ်ခြင်းလမ်းစဉ်၏ နံပါတ် တစ် ရတနာဖြစ်ကြောင်း ပြသနေပါသည်။

“ပြီးခဲ့တဲ့ လေးလလုံးလုံး ငါ အပြင်မထွက်ဘဲ စာအုပ်ရေးတာနဲ့ ကျင့်ကြံတာကိုပဲ အာရုံစိုက် ခဲ့တယ်။ အပြင်မှာ ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ အခြေအနေ ဘယ်လိုလဲ။” ဟုန်ယွိက ယူလူလက်ကို ကြည့်ကာ မေးလိုက်သည်။

“ဒီလေးလအတွင်းမှာ ‘ပြောင်းလဲခြင်းကျမ်း’ က ကမ္ဘာတစ်ဝန်းမှာ ပိုပြီး ကျော်ကြားလာခဲ့ ပါတယ်။” ယူလူလက်က မပြောဘဲ သူမနောက်က ဟင်းလင်းပြင်ထဲက ဝင်လာသည့် အမျိုးသမီးက ပြောလိုက်ခြင်းပါ။ သူမကတော့ အနီရောင်မျက်နှာဖုံးကို တပ်ထားပြီး ထူးခြားသည့် ‘ဖီးနစ်’ သွေးမျိုးဆက် ရှိသူ ချန်ပီယံမြို့စား၏ ပထမဇနီး ဟွမ်ယန်ယန်ပင် ဖြစ်သည်။

ဟွမ်ယန်ယန်က ဟုန်ယွိကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာဖုံးနောက်ကွယ်မှာ ရှုပ်ထွေးသည့် အမူအရာတွေ ရှိနေပါသည်။ သူမက စာလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ပြောင်းလဲခြင်းကျမ်းက တစ်ကမ္ဘာလုံးကို ပြန့်သွားပြီ။ အမှုစစ်ဆေးတဲ့ အခါမှာတောင် ပြောင်းလဲခြင်းကျမ်းကို သုံးပြီး ဆုံးဖြတ်တဲ့ အရာရှိတွေ ရှိနေပြီ။ ပညာရှင် တွေကတော့ ထမင်းစားနေရင်တောင် အဲဒီကျမ်းကို ဖတ်နေကြတာ။”

“တချို့ အရာရှိတွေဆိုရင် စာအုပ်ကို တစ်အုပ်ပြီးတစ်အုပ် ဖတ်လွန်းလို့ စာအုပ်တွေတောင် စုတ်ပြတ်ကုန်ပြီ။ မင်းရဲ့ဆရာ လီရှန်ကွမ်ဆိုရင်လည်း ပြောင်းလဲခြင်းကျမ်းကို ဖတ်ပြီး အံ့ဩစရာ သုံးပါးကို ရေးသားခဲ့တယ်လို့ ကြားရတယ်။”

“ကမ္ဘာပေါ်မှာ ရှိသမျှ တာအိုကျောင်းတွေမှာလည်း ပြောင်းလဲခြင်းကျမ်းကို ကြေးအိုးကြီး တွေပေါ်မှာ ထွင်းထုပြီး နေ့တိုင်း ရွတ်ဖတ်နေကြတယ်။ အခုဆိုရင် ယွန်မင်နိုင်ငံရဲ့ တော်ဝင် စာမေးပွဲမှာတောင် ‘ပြောင်းလဲခြင်းကျမ်း’ ကို အဓိကဘာသာရပ်အနေနဲ့ သတ်မှတ်လိုက် ပြီ။”

“ပြောင်းလဲခြင်းကျမ်း တစ်အုပ်တည်းနဲ့တင် ပညာရှင်တွေအားလုံးကို ထမင်းမေ့၊ ဟင်းမေ့ ဖြစ်သွားစေဖို့ လုံလောက်ပါတယ်ရှင်။”

ဟွမ်ယန်ယန်၏ စကားအနည်းငယ်ကပင် ‘ပြောင်းလဲခြင်းကျမ်း’ သည် လူသားမျိုးနွယ်၏ အဓိကကျမ်းစာအဖြစ် မည်မျှအထိ လွှမ်းမိုးသွားသည်ကို ပြသနေသည်။

“နှိုင်းယှဉ်ကြည့်ရရင် ယန်အန်းက နည်းနည်းပါးပါး တော်ပေမဲ့ သူ့ရဲ့ ဉာဏ်ပညာက ရှင့်ကို ဘယ်နေရာမှ မမှီပါဘူး။ အရင်က ရှင် သူ့ကို ခဏခဏ နိုင်ခဲ့တာဟာ ကံကောင်းလို့လို့ ကျွန်မ ထင်ခဲ့တာ။ အခုတော့ ဒါဟာ ကံမဟုတ်ဘဲ ရှင့်ရဲ့ စွမ်းရည်အစစ်အမှန်ဆိုတာ သိလိုက်ရပြီ။” ဟွမ်ယန်ယန်က ဆိုသည်။

“မင်း ချီးကျူးတာ လွန်နေပါပြီ။ ‘ပြောင်းလဲခြင်းကျမ်း’ ပြန့်နှံ့ဖို့အတွက် မင်းတို့ရဲ့ အင်အားစု ကလည်း အများကြီး ကူညီပေးခဲ့တာပဲ။” ဟုန်ယွိက အေးအေးဆေးဆေး ပြန်ပြောလိုက် သည်။

“ကျွန်မတို့ မကူညီရင်တောင် ဒီကျမ်းစာက တစ်ကမ္ဘာလုံးကို ပြန့်မှာပဲ။ ဒါဟာ ပညာရှင်ကြီး တွေရဲ့ ကျမ်းစာလေ။ လောကမှာ အသိဉာဏ်ရှိတဲ့လူတွေ အများကြီး ရှိပါတယ်။ သူတို့ အားလုံးက ဒါဟာ ဒီကမ္ဘာလောကကြီးမှာ တစ်စောင်တည်းရှိတဲ့ ရတနာဆိုတာ သိကြ တယ်။ ဒီကျမ်းစာထဲက ‘လီ’ (Li) ဟေက်စ်ဇာဂရမ်ကွက်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ စိတ်ထဲ တစ်ခုခုကို ခံစားလိုက်ရတယ်။ အခု ကျွန်မက အင်မတန် ထူးခြားတဲ့အဆင့်ကို ရောက်သွားပြီး ‘ကောင်းကင်နှင့်မြေကြီးကိုးဆင့် မဟာလီမီးလျှံစွမ်းအင်’ ကို တတ်မြောက် သွားပြီ။ ဒါက ရှင့်ကျေးဇူးကြောင့်ပဲ။” (‘Nine Heavens Nine Earths Heavy Li True Fire Qi.) နာမည်ကြီးက တော်တော်ရှည်တယ်။ အဆင်ပြေမယ်ထင်သလို ပြန်ထားပါတယ်)။

ဟွမ်ယန်ယန်၏ လေသံထဲတွင် မည်သူမျှ နားမလည်နိုင်သော ထူးခြားမှုတစ်ခု ရှိနေပါ သည်။

“ဒါဟာ ငါ့ရဲ့ လုပ်ဆောင်ချက် မဟုတ်ပါဘူး၊ ပညာရှင်ကြီးနဲ့ ပညာရှင် သူတော်စင်တွေရဲ့ လုပ်ဆောင်ချက်ပါ။ ငါက သူတို့ရဲ့ ပခုံးပေါ်မှာ ရပ်ပြီး ပညာရှင်ပေါင်းများစွာရဲ့ အကူအညီနဲ့ ဒီကျမ်းကို ပြီးစီးအောင် ရေနိုင်ခဲ့တာ။ ငါ တစ်ယောက်တည်းနဲ့တော့ မဖြစ်နိုင်ဘူး။ မင်း အားကျချင်ရင် ပညာရှင် သူတော်စင်ကြီးတွေကိုပဲ အားကျပါ။”

ဟုန်ယွိက ဆက်ပြောသည်။ “အခု ငါ ပြောင်းလဲခြင်းကျမ်းကို ပြီးစီးအောင် ရေးပြီးပြီဆို တော့ ချန်ပီယံမြို့စားရဲ့ အခြေခံအားလုံးကို မင်းဆီ ပြန်အပ်မယ်။ မင်းက သူ့ရဲ့ ခန္ဓာကိုယ် ကို စောင့်ရှောက်ပြီး သူ့ရဲ့ဝိညာဉ် ပြန်လာမယ့်နေ့ကို စောင့်ဆိုင်းလိုက်ပါ။”

“သူကတော့ တကယ် သေသွားပြီ ထင်တယ်။ သူ မသေသေးဘူး ဆိုရင်တောင် အခုချိန် ပြန်လာတာက ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။” ဟွမ်ယန်ယန်က ထူးဆန်းသော စကား တစ်ခွန်းကို ရုတ်တရက် ပြောလိုက်သည်။

“အဲဒါကတော့ မင်းသဘောပဲ။ ယူလူလက်... ကျောင်းတော်က အဓိကလူတွေကို စုစည်းလိုက်၊ သူတော်စင်ပေါင်းစုံ ခန်းမဆောင်ထဲမှာ စုကြမယ်။ ငါ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ‘တောရိုင်းကန္တာရနယ်မြေ’ ကို သွားမယ်။ ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကို ရင်ဆိုင်တော့မယ်။” ဟုန်ယွိက ရုတ်တရက် အမိန့်ပေးလိုက်သည်။

“ဘာ…၊ မင်းက ဒီနေ့ပဲ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်မှာလား။ ဘာအရိပ်ယောင်မှလည်း မပြဘဲနဲ့။ ဒီမှာ စာအုပ်ရေးနေတဲ့ ပညာရှင်တွေလည်း အများကြီး ရှိနေသေးတယ်လေ။” ယူလူလက်က အံ့ဩတုန်လှုပ်စွာ မေးသည်။

“အဆင်ပြေပါတယ်၊ သူတော်စင်ပေါင်းစုံ ခန်းမက အခုဆိုရင် ဟင်းလင်းပြင်ဝင်္ကပါအဖြစ် ပြောင်းလဲထားပြီးသား။ စာအုပ်ရေးနေတဲ့ ပညာရှင်တွေက အထဲမှာ ဘေးကင်းမှာပါ။ ငါ သူတို့အတွက် ကျိုးယွိအကယ်ဒမီမှာ အကုန်စီစဉ်ပေးထားပြီးပြီ။” ဟုန်ယွိက ဆိုလိုက် သည်။

...

နှစ်နာရီကြာပြီးနောက်၊ ကိုးလပိုင်း ၉ ရက်နေ့၏ မိုးသောက်ယံအချိန်တွင် ကျိုးယွိ အကယ်ဒမီ၌ ခြင်တောင်ပံ ခတ်သံကဲ့သို့ သေးငယ်သော လှိုင်းတွန့်လေးတစ်ခု ပေါ်လာ သည်။ ထို့နောက် အရာအားလုံး ပျောက်ကွယ်သွား၏။ သူတော်စင်ပေါင်းစုံ ခန်းမဆောင် ကြီး တစ်ခုလုံးမှာလည်း အစအန မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ဤကဲ့သို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခြင်းသည် ဖုန်မှုန့်နှင့် ကျောက်ခဲများကြား၌ပင် အရိပ်မကျန်အောင် သွားလာနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မီးခိုးလည်း မထွက်၊ မီးလည်း မတောက်သော်လည်း ထိုနေ့က မြင်ခဲ့ရသော ‘ဖန်ဆင်းခြင်း သင်္ဘော’ နှင့် နှိုင်းယှဉ်ပါက ဤခန်းမဆောင်မှာ ပိုမို ဆန်းကြယ်လှပေသည်။

သူတော်စင်ပေါင်းစုံ ခန်းမဆောင်သည် ဟုန်ယွိနှင့် သူ၏ လူယုံတော်များကို တင်ဆောင် ကာ ‘တောရိုင်းကန္တာရ နယ်မြေ’ ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ မိုးကြိုးကပ်ဘေး ရင်ဆိုင် ရန် ပျံသန်းသွားပါတော့သည်။

‘တောရိုင်းကန္တာရ နယ်မြေ’ သည် မိုင်ပေါင်း မည်မျှ ကျယ်ဝန်းသည်ကို မည်သူမျှ မသိကြ ပေ။ မိုင်းသန်းပေါင်းများစွာဟု ပြောရုံနှင့်ပင် မလုံလောက်ပေ။ ထိုနေရာသည် အမြဲတမ်း နွေရာသီဖြစ်နေပြီး သင်ရှာဖွေမည်ဆိုပါက နေ့တိုင်း မိုးကြိုးပစ်နေသည်ကို တွေ့ရပါလိမ့် မည်။

ဤနေရာသည် ကမ္ဘာပေါ်မှာ အထူးခြားဆုံး နေရာတစ်ခုလည်း ဖြစ်ပါသည်။

ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံ ခန်းမဆောင်သည် မည်မျှ မြန်သနည်းဟူမူ နှစ်နာရီ မပြည့်မီမှာပင် ‘တောရိုင်းကန္တာရ နယ်မြေ’ ၏ အတွင်းပိုင်း မိုင်ပေါင်း သိန်းချီသော နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာကား လူသူကင်းမဲ့ပြီး မိစ္ဆာများ ကျက်စားရာ နေရာပင် ဖြစ်သည်။

အဝေးကပင် ဟုန်ယွိသည် ကြီးမားလှသော မိုးကြိုးစွမ်းအင်များ တစ်နေရာ၌ စုဝေးနေ သည်ကို အာရုံခံမိလိုက်သည်။

မိုင်ပေါင်း သိန်းချီ ခရီးနှင်ပြီးနောက် ကောင်းကင်ယံတွင် မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်း သော မည်းမှောင်နေသည့် တိမ်တိုက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ဟုန်ယွိ ရပ်လိုက်သည်။

နောက်ဆုံးတော့ ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာမည့် အချိန်သို့ ရောက်ရှိလာပါပြီ။

All Chapters