← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း။ ၃၀၁

ကောင်းကင်ကိုးထပ်ယံ၏ အထက်၌။

သူရဲကောင်းစိတ်ဓာတ်တို့ အပြည့်အဝလျှံထွက်နေသည့် ချန်တောက်ယန်သည် ဆံပင်ဖြူရှည်ကြီးများ လေထဲတွင် ဝင့်ဝင့်ကြွားကြွား လွင့်ပျံနေပြီး မျက်ဝန်းအစုံမှ ကောင်းကင်ကိုးထပ်ယံကို ဖောက်ထွင်းနိုင်မည့် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေကာ တစ်ကိုယ်လုံးရှိ အစိတ်အပိုင်းတိုင်းသည်လည်း နတ်ဘရားအလင်းရောင်များ ဖုံးလွှမ်းနေသကဲ့သို့ တောက်ပနေတော့သည်။

သူသည် နီရဲသော ကောင်းကင်ဖွင့်ပုဆိန်ရှည်ကြီးကို လက်တွင်ကိုင်စွဲထားပြီး ပုဆိန်သွားထက်တွင် သွေးစိမ်းရှင်ရှင်များနှင့် သွေးခြောက်များ ရောယှက်ကာ ပေကျံနေခြင်းက ဖော်ပြမတတ်နိုင်အောင် အထီးကျန်ဆန်ပြီး ရှေးကျလှသည့် အငွေ့အသက်ကို ပေးစွမ်းနေ၏။

သူသည် ထိုနေရာတွင် မားမားမတ်မတ် ရပ်နေရုံမျှဖြင့် မည်သူမျှ မယှဉ်နိုင်သော အနှိုင်းမဲ့အရှိန်အဝါများ ထွက်ပေါ်နေပြီး မြင်ရသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်။

"သားရဲကျားကြီး... ချန်တောက်ယန်"

ဤအခိုက်အတန့်တွင် ချန်တောက်ယန်နှင့် ခေတ်ပြိုင်တစ်ခုတည်း ကျင်လည်ခဲ့ဖူးသည့် ရေတွက်၍မရနိုင်သော အင်အားစုအသီးသီးမှ ခေါင်းဆောင်များအားလုံး ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားကြရသည်။

အတိတ်မှ အဆုံးမဲ့အမှတ်တရများက ဝုန်းခနဲ ပြန်လည်ရိုက်ခတ်လာခဲ့သည်။

အကယ်၍ ပြောရမည်ဆိုလျှင် ယခုမျက်မှောက်ခေတ်တွင် ချန်ကျီရှင်းသည် လောကကြီးကို လွှမ်းမိုးထားသည့် အနှိုင်းမဲ့ပါရမီရှင် ဖြစ်နေပါက လွန်ခဲ့သော ခေတ်တစ်ခေတ်တွင်မူ သားရဲကျားကြီးဟု အမည်ကျော်သည့် ချန်တောက်ယန်သည် တစ်လောကလုံးတွင် အတောက်ပဆုံး နေမင်းတစ်စင်း ဖြစ်ခဲ့ဖူးသည်။

"ဒီအဖိုးကြီးက ဒီလောက်အသက်ကြီးနေတာတောင် အလင်းပြန်လုချင်နေတုန်းပဲ"

ချင်းထျန်းကျန့်က မျက်လုံးကို မပွတ်ဘဲ မနေနိုင်တော့ဘဲ မနာလိုသလို လေသံဖြင့် ပြောလိုက်သော်လည်း သူ၏မျက်နှာထက်တွင်မူ ဖော်ပြမတတ်သော ပြုံးယောင်သန်းမှုတစ်ခု ရှိနေသည်။

သူ၏စိတ်အာရုံထဲတွင်မူ မျက်စိရှေ့မှ ဆံပင်ဖြူများနှင့် ချန်တောက်ယန်၏ပုံရိပ်သည် သူ၏မှတ်ဉာဏ်ထဲရှိ တက်ကြွလှုပ်ရှားပြီး သြဇာညောင်းလှသော ထိုလူငယ်ဘဝ ပုံရိပ်ဟောင်းများနှင့် ထပ်တူကျလိုက် ကွဲပြားလိုက် ဖြစ်နေတော့သည်။

“လောကကြီးက... ဒီသားရဲကျားကြီးရဲ့ အစွမ်းတွေကို မမြင်ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ"

"တကယ့်ကိုပဲ..."

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"လွမ်းစရာကောင်းတယ်"

...

...

"သတ်စေ"

ချန်တောက်ယန်၏ မျက်ဝန်းအစုံမှ နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရှေ့မှ လူရိပ်ခုနစ်ဦး၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။

ဝုန်း

သူသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ သူရပ်နေသော ဟင်းလင်းပြင်ကြီးသည် ပေါက်ကွဲသွားပြီး အက်ကွဲကြောင်းအကြီးကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

ထို့နောက် သူသည် စီကုန်းရွှမ်းကျီထံသို့ တည့်တည့်ပြေးဝင်ကာ ပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။

"အားလုံး အတူတူတိုက်ကြ"

စီကုန်းရွှမ်းကျီ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လက်ကို အောက်သို့ ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏နောက်ကွယ်မှ နိဗ္ဗာနအဆင့် အစွမ်းထက်ကျွမ်းကျင်သူ ခုနစ်

ယောက်သည် တစ်ပြိုင်နက်တည်း ပြေးထွက်ကာ ချန်တောက်ယန်ထံသို့ ဦးတည်၍ တိုက်ခိုက်ကြတော့သည်။

"ချန်တောက်ယန်... မင်းက ခေတ်တစ်ခေတ်လုံးမှာ ပြိုင်ဘက်မရှိ အနှိုင်းမဲ့တယ်ဆိုတာ ငါကြားဖူးတာ ကြာပါပြီ။ နှမြောစရာကောင်းတာက အဲဒီတုန်းက ငါက ပင်လယ်ရပ်ခြားမှာ ကျင့်ကြံနေလို့ မင်းနဲ့ လက်ရည်ယှဉ်ခွင့် မရခဲ့ဘူး။ ဒီနေ့တော့ မင်းရဲ့ စွမ်းရည်တွေကို ငါကိုယ်တိုင် မြင်တွေ့ခွင့်ရပြီပေါ့"

အကြီးအကဲ ခုနစ်ဦးထဲတွင် ဦးထုပ်အမြင့်ကြီးကို ဆောင်းထားပြီး ပိန်ချိုင့်သောမျက်နှာရှိသည့် အကြီးအကဲတစ်ဦးက တည်ငြိမ်သောမျက်နှာထားဖြင့် ပြောလိုက်ခြင်းပင်။

ရှူး

သူသည် လက်ထဲမှ အရိုးပုတီးတစ်ကုံးကို လေထဲသို့ မြှောက်တင်လိုက်ရာ ပုတီးစေ့တစ်စေ့စီသည် ကြက်ဥတစ်လုံးခန့် ကြီးမားပြီး ကြည်လင်တောက်ပသော အလင်းတန်းများ ဖြာထွက်လာကာ ကောင်းကင်ပြင်ပမှ ကြယ်တာရာများ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။

၎င်းတို့သည် ကြယ်တာရာမြေပုံတစ်ခုအသွင် ပြောင်းလဲသွားပြီး နဂါးငွေ့တန်းဂလက်ဆီကြီး ပြိုဆင်းလာသကဲ့သို့ ဧရာမ အရှိန်အဝါကြီးမားစွာဖြင့် အောက်ရှိ ချန်တောက်ယန်ကို ချက်ချင်းပင် လွှမ်းခြုံ၍ အုပ်မိုးသွားတော့သည်။

"ဒါ အကြီးအကဲ ခုနစ်ယောက်ထဲက ပဉ္စမမြောက် အရိုးပုတီးအကြီးအကဲပဲ"

မသေမျိုးတောင်ကုန်း၏ အောက်ခြေတွင် တစ်စုံတစ်ယောက်က ထိုအကြီးအကဲကို မှတ်မိသွားပြီး အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ စွမ်းရည်ကို မြင်တွေ့ချင်တယ် ဟုတ်လား"

ချန်တောက်ယန်က လှောင်ပြောင်သရော်သလို ရယ်မောလိုက်ပြီး သူ၏ဆံပင်ဖြူရှည်ကြီးများက လေထဲတွင် ဝဲပျံသွားကာ ကောင်းကင်ဖွင့်နတ်ဘုရားပုဆိန်ကြီးကို အားကုန်လွှဲရိုက်ချလိုက်ရာ နီရဲသော ပုဆိန်အလင်းတန်းသည် ကောင်းကင်ယံအထိ ထိုးတက်သွားပြီး ထိုအရပ်မျက်နှာတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။

သူ၏မျက်ဝန်းအစုံတွင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်လိုစိတ်ပြင်းပြပြင်းထန်မှုများ ဆူပွက်လာသည်။

"ဒီလောက် ပြင်းထန်တဲ့ စစ်ပွဲမျိုးကို မဆင်နွှဲခဲ့ရတာ... နှစ်ပေါင်းများစွာတောင် ကြာသွားခဲ့ပြီပဲ"

မျိုးနွယ်စုခေါင်းဆောင်ဆိုသော ရာထူးဂုဏ်ပုဒ်သည် အာဏာနှင့် တာဝန်ဝတ္တရားမျှသာ မဟုတ်ဘဲ သူ့အား ဇီဝေတောင်တန်း၏ အထွတ်အထိပ်ထက်တွင် ပုံရိပ်ယောင် သံလှောင်အိမ်တစ်ခုဖြင့် ချည်နှောင်ထားသကဲ့သို့ပင်။

သို့သော် ယနေ့တွင်မူ စီကုန်းမျိုးနွယ်စုက ချန်ကျီရှင်းအပေါ် ရန်ပြုရန် ကြံစည်နေသည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ရင်ထဲ၌ ဒေါသမီးအဟုန်တို့မှာ လျှံထွက်နေခဲ့ပြီဖြစ်ရာ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိတော့ပေ။

"ဒီလိုမှတော့ ဒီနေ့မှာပဲ အပြင်းအထန် တိုက်ပွဲဝင်ပြီး လက်သီးတစ်ချက်တည်းနဲ့ ပြတ်ပြတ်သားသား နှိမ်နင်းပြပစ်မယ်။ နောင်လာမယ့် ဘေးရန်အားလုံးကိုလည်း အပြီးတိုင် ချေမှုန်းပစ်ရမယ်။ စီကုန်းမျိုးနွယ်စုရဲ့ သွေးတွေနဲ့ ဒီလောကကြီးကို ငါ သက်သေပြလိုက်မယ်။ ဇီဝေချန်မျိုးနွယ်စုဝင်တွေကို ဘယ်သူမှ အနိုင်ကျင့်လို့မရစေရဘူး။ ငါ့မြေးကိုဆိုရင်တော့ ပိုလို့တောင် ထိရဲတဲ့သူ ရှိလာမှာမဟုတ်ဘူး"

ဝုန်း

ကောင်းကင်ဖွင့်နတ်ဘုရားပုဆိန်ကြီးက ဝှေ့ယမ်းခုတ်ပိုင်းချလိုက်ရာ အရိုးပုတီးအကုံးသည် တစ်လုံးပြီးတစ်လုံး ကြေမွပျက်စီးသွားပြီး မဟာနိဗ္ဗာနအဆင့်၏ ချီစွမ်းအင်များမှာလည်း လုံးဝဥဿုံ ကွာကျပျက်စီးသွားကာ နတ်ဘုရားအလင်းပင်လယ်ကြီးအသွင် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့သို့ လျှံထွက်သွားတော့သည်။

ရေတွက်၍မရနိုင်သော တိမ်တိုက်များမှာလည်း လျှပ်တစ်ပြက်အတွင်း မြူမှုန်များအဖြစ် ကြေမွသွားရ၏။

နိဗ္ဗာနအဆင့် အဆောက်အအုံတစ်ခုဖြစ်သည့် ဤအရိုးပုတီးအကုံးသည် ချန်တောက်ယန်၏ ပုဆိန်တစ်ချက်တည်းဖြင့် ရိုက်ချိုးခြင်းကို ခံလိုက်ရပြီး နတ်ဘုရားဆီဦးအဖြစ် ပြောင်းလဲကာ လောကအလယ်တွင် ပျောက်ကွယ်သွားခဲ့သည်။

ဖူး

အကြီးအကဲခုနစ်ဦးထဲမှ တစ်ဦးဖြစ်သော ထိုအရိုးပုတီးအကြီးအကဲသည် ပါးစပ်ထောင့်မှ သွေးများပန်းထွက်လာပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားကာ အရိုးအဆစ်များစွာ ကျိုးကြေလျက် လေထဲတွင် လွင့်ထွက်သွားတော့သည်။

ထို့နောက် မိုးထိအောင် မြင့်မားလှသော တောင်ကုန်းကြီးတစ်ခုဆီသို့ အရှိန်ဖြင့် သွားရောက်ဆောင့်မိရာ တောင်ကုန်းကြီးတစ်ခုလုံး ပြိုကျပျက်စီးပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွားတော့သည်။

"မင်းရဲ့ အစွမ်းက ဒါအကုန်ပဲလား"

"ဒါဆိုရင်တော့ အဲဒီတုန်းက ငါနဲ့လက်ရည်မယှဉ်ခဲ့ရတာ မင်းအတွက် ကံကောင်းတယ်လို့ မှတ်လိုက်ပါ မဟုတ်ရင် မင်းအခုအချိန်ထိ အသက်ရှင်နေရမှာ မဟုတ်ဘူး"

ချန်တောက်ယန်သည် ကျားကြီးတစ်ကောင်ကဲ့သို့ အရှိန်အဝါဖြင့် ပြိုကျပျက်စီးသွားသော တောင်ကုန်းပျက်ကြီးဆီသို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဝုန်း

စီကုန်းမျိုးနွယ်စု၏ အကြီးအကဲခုနစ်ဦးထဲမှ ကျန်ရှိနေသော လူရိပ်ခြောက်ဦးသည် ချန်တောက်ယန်ထံသို့ ပြင်းထန်စွာ တိုးဝင်တိုက်ခိုက်လာကြပြန်သည်။

တစ်စုံတစ်ယောက်က လက်နှစ်ဖက်ကို လွှဲယမ်းလိုက်ရာ မုန်တိုင်းများနှင့် မိုးကြိုးလျှပ်စီးများ ချက်ချင်း ပေါ်ပေါက်လာပြီး အေးစက်လှသော မိုးကြိုးပေါင်း သောင်းခြောက်ထောင်ကို ချန်တောက်ယန်၏ အထက်သို့ မိုးသည်းထန်စွာ ရွာသွန်းချသကဲ့သို့ ပစ်လွှတ်လိုက်တော့သည်။

အခြားတစ်ယောက်ကမူ ဟိန်းဟောက်လျက် နွယ်ပင်တစ်ပင်ကို ထုတ်ပင့်လိုက်သည်။

၎င်းမှာ အစွမ်းထက်သော သက်ရှိသတ္တဝါတစ်ကောင်ထံမှ သန့်စင်မွမ်းမံထားသည့် နိဗ္ဗာနအဆင့် ရတနာတစ်ပါးဖြစ်ပြီး တစ်ပြင်လုံး ညိုမည်းနေသော်လည်း ယခုအခါတွင်မူ တောက်ပသော အလင်းရောင်များ ဖြာထွက်နေ၏။

ဒိန်းခနဲ အသံနှင့်အတူ ကောင်းကင်ယံကြီးမှာ ဖြတ်သန်းအက်ကွဲသွားပြီး နွယ်ပင်ကြီးသည် သန့်စင်သော နတ်ဘုရားအလင်းတန်းများနှင့်အတူ ရေနဂါးတစ်ကောင်ကဲ့သို့ ပျံတက်ကာ ချန်တောက်ယန်အား ရစ်ပတ်တုပ်နှောင်ရန် ပြေးဝင်သွားတော့သည်။

နောက်တစ်ယောက်ကမူ အနှိုင်းမဲ့နတ်ဘုရားဓားမြှောင်ကြီးကို ကိုင်စွဲလျက် ခုတ်ပိုင်းချလိုက်ရာ ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းသည် နက်မှောင်သော လျှပ်စီးတန်းတစ်ခုကဲ့သို့ ကောင်းကင်ယံကို ထိုးခွဲပြီး ကိုးထပ်ယံနန်းတော်ကြီးကို ဖြတ်သန်းကာ ချန်တောက်ယန်၏ ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် ကျဆင်းလာသည်။

အခြားတစ်ဦးကလည်း လက်ဟန်မန္တန်တစ်ခုကို သာမန်ကာလျှံကာ ဖော်ဆောင်လိုက်ရာ မဟာနတ်ဘုရားပညာရပ်များ ထွက်ပေါ်လာပြီး အဆုံးမဲ့နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လျက် နေနှင့်လကိုပင် တုန်လှုပ်စေမည့် ဧရာမသားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ချန်တောက်ယန်အား အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်ရန် ဟိန်းဟောက်၍ ပြေးဝင်သွားတော့သည်။

ကျန်ရှိနေသူတစ်ယောက်မှာမူ နီရဲသော တိမ်တိုက်များကို ဆူပွက်စေလျက် သိုင်းတာအို၏ အထွတ်အထိပ်စွမ်းရည်ဖြင့် လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်ဖြင့်ပင် ကြယ်တာရာများကို ချေမှုန်းနိုင်မည့် အရှိန်အဝါဖြင့် ချန်တောက်ယန်ဆီသို့ ဖိနှိပ်ကာ တိုက်ခိုက်လာသည်။

ထိုအခိုက်အတန့်တွင် မဟာနိဗ္ဗာနအဆင့် ကျွမ်းကျင်သူ ခြောက်ဦးသည် ချန်တောက်ယန်အား ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ကောင်းကင်ကိုးထပ်ယံထက်တွင် နိယာမတရားများနှင့် မဟာတာအိုအစီအရင်များ တစ်ခုပြီးတစ်ခု ယှက်နွှယ်လာပြီး ကောင်းကင်ပြင်တစ်ခုလုံးကို သိပ်သည်းစွာ ဖုံးလွှမ်းလျက် ချန်တောက်ယန်အား ဖမ်းဆီးရန် ပိုက်ကွန်ကြီးတစ်ခုအသွင် ဖန်တီးလိုက်တော့သည်။

စီကုန်းရွှမ်းကျီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"သားရဲကျားကြီး ချန်တောက်ယန်... ငါက မင်းရဲ့မျိုးဆက်ကို သတ်ရဲတယ်ဆိုမှတော့ မင်းကို ကြောက်မနေတာ သဘာဝပဲပေါ့"

"မင်း ဒီနေ့ လာပြီး လက်ရုံးရည်ပြရဲတယ်ဆိုရင်တောင် မင်းရဲ့အစွမ်းက ဘယ်လောက်ပဲ ကောင်းကင်တုန်အောင် သန်မာပါစေ... ဒီနေရာမှာတင် မင်း သွေးမျက်ရည်ကျပြီး သေဆုံးသွားစေရမယ်"

ဖောင်း ဖောင်း ဖောင်း….

ထိုကောင်းကင်ကိုးထပ်ယံ၏ အလယ်တွင် ချန်တောက်ယန်သည် မိုးကြိုးလျှပ်စီးများ၊ ဓားအလင်းတန်းများနှင့် နတ်ဘုရားပညာရပ်မျိုးစုံတို့၏ အောက်၌ လုံးဝဥဿုံ နစ်မြုပ်သွားပြီး ဖရိုဖရဲဖြစ်နေသော စစ်တလင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

တစ်လောကလုံး၏ ထောင့်စွန်းတစ်ခုမှာ ပြိုလဲပျက်စီးပြီး ချုပ်ငြိမ်းသွားရမည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဤမြင်ကွင်းသည် ကြည့်ရှုနေသူအားလုံးကို တုန်လှုပ်ချောက်ချားစေပြီး ခရမ်းရွှေဘုရင်အပါအဝင် အင်အားစုအသီးသီးမှ ခေါင်းဆောင်များပင် မျက်လုံးများ ပြာဝေသွားရတော့သည်။

"အထွတ်အထိပ်အဆင့်ရဲ့ အောက်မှာ ဘယ်သူက မဟာနိဗ္ဗာနအဆင့် ကျွမ်းကျင်သူ ခြောက်ယောက်ကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာလဲ"

"ကမ္ဘာဦး ကောင်းကင်ဖွင့် ပုဆိန်ချက်"

ချန်တောက်ယန်၏ ဆံပင်ဖြူများမှာ ရူးသွပ်စွာ လွင့်ပျံနေပြီး မျက်ဝန်းအစုံမှာလည်း နတ်ဘုရားမီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ရှိနေကာ တစ်ကိုယ်လုံးမှ အဆုံးမဲ့အလင်းတန်းများ ပေါက်ကွဲထွက်နေပြီး အရိုးအဆစ်တိုင်းမှာလည်း ရွှေရောင်အသွင် ပြောင်းလဲလျက် မားမားမတ်မတ် ရပ်တည်နေသည်။

သူ၏ စကားသံ ဆုံးသည်နှင့်တပြိုင်နက် ချန်တောက်ယန်သည် ကောင်းကင်ဖွင့်နတ်ဘုရားပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာဦးပုဆိန်အလင်းတန်းသည် စက်ဝိုင်းခြမ်းပုံသဏ္ဌာန်ဖြင့် ချန်တောက်ယန်အား ဗဟိုပြုလျက် လျှပ်တစ်ပြက်အတွင်း ခုတ်ပိုင်းလိုက်တော့သည်။

"မင်းတို့အားလုံး... ငါ့အတွက် သေကြစမ်း"

ဝုန်း

ထိုနယ်မြေတစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဆူပွက်နေသော မိုးကြိုးများ၊ နဂါးကဲ့သို့ နွယ်ပင်ကြီးနှင့် ကိုးထပ်ယံနန်းတော်ကြီးကို ဖြတ်သန်းခုတ်ပိုင်းနေသည့် ကောင်းကင်ခွဲဓားအလင်းတန်းများ အားလုံးသည် နတ်ဘုရားအလင်းပင်လယ်ကြီးအသွင် အရပ်ရပ်သို့ လွင့်စင်၍ ပျက်စီးသွားတော့သည်။

အတင်းအဓမ္မ တိုးဝင်တိုက်ခိုက်လာကြသော စီကုန်းမျိုးနွယ်စု၏ အကြီးအကဲခုနစ်ဦးတို့၏ ခန္ဓာကိုယ်များသည် အဝတ်စုတ်များကဲ့သို့ လေထဲသို့ လွင့်ပျံသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လွင့်ထွက်သွားကာ သူတို့၏ နိဗ္ဗာနအဆင့် သွေးစက်များမှာ ကောင်းကင်ပြင်တွင် ပန်းထွက်ကုန်တော့သည်။

မသေမျိုးအလင်းရောင်များ ဖုံးလွှမ်းနေသည့် ချန်တောက်ယန်သည်ကား မည်သူမျှ တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်တိုးဝင်နေဆဲပင်။

သူ၏ ခြေလှမ်းများကို မည်သူမျှ မရပ်တန့်နိုင်ချေ။

"စီကုန်းရွှမ်းကျီ... မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတာကို ငါ့မြေးကို သတ်ပြီး အသက်ရှင်လျက် ပြန်သွားနိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက အောက်ခြေမြေပြင်ကို တုန်ခါသွားစေပြီး ချန်တောက်ယန်မှာ မဆုတ်မနစ် ရှေ့သို့ တိုးဝင်လာနေသည်။

စီကုန်းရွှမ်းကျီသည် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး မျက်စိသူငယ်အိမ်များမှာလည်း ကျဉ်းမြောင်းသွားကာ နောက်ဆုံးတွင် ပျာယာခတ်နေသော မျက်နှာထား ထွက်ပေါ်လာတော့သည်။

သို့သော် ထိုသို့ ပျာယာခတ်ကာ ထိတ်လန့်နေသည့်ကြားမှ ပိုမိုထွက်ပေါ်လာသည်မှာ မကျေနပ်ချက် ဒေါသမီးများပင်။

"ကောင်းကင်ကြီးက ဘာဖြစ်လို့ ဇီဝေချန်မျိုးနွယ်စုအပေါ်ကိုပဲ ဒီလောက်အထိ ဘက်လိုက်

မျက်နှာသာပေးနေရတာလဲ။

ဘာဖြစ်လို့ ဇီဝေချန်မျိုးနွယ်စုမှာ နောက်ထပ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ထပ်ပြီး ထွက်ပေါ်လာရပြန်တာလဲ။

ဒီလောကကြီးရဲ့ ကံတရားအားလုံးကို ဇီဝေချန်မျိုးနွယ်စု တစ်ခုတည်းကပဲ လက်ဝါးကြီးအုပ်ပြီး သိမ်းပိုက်ထားတာလား"

အခန်း။ ၃၀၂

ထိုအခိုက်အတန့်၌ တစ်ပြင်လုံးရှိ မသေမျိုးတောင်ကုန်းကြီးတစ်ခုလုံးသည် သေခြင်းတရားကဲ့သို့ ချောက်ချားဖွယ်ရာ တိတ်ဆိတ်ခြင်းတို့ဖြင့် လွှမ်းခြုံသွားတော့သည်။

လူတိုင်းသည် ကောင်းကင်ယံထက်တွင် ပုဆိန်ရှည်ကြီးကို လက်ဝယ်ကိုင်စွဲလျက် မားမားမတ်မတ် ရပ်တည်နေသည့် ဆံပင်ဖြူဖြင့် စစ်မသေမျိုးကို အံ့အားသင့်မှင်တက်စွာ စိုက်ကြည့်နေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။

သားရဲကျားကြီး…..

နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး သူ၏ရုပ်သွင်မှာ အိုမင်းရင့်ရော်ကာ ပျိုမြစ်ခြင်း မရှိတော့သော်လည်း သူသည်ကား စစ်ပွဲပေါင်းမြောက်မြားစွာတွင် တစ်ကြိမ်တစ်ခါမျှ မရှုံးဖူးဘဲ လောကအလယ်တွင် ဝင့်ကြွားခဲ့သည့် သားရဲကျားကြီး ချန်တောက်ယန် အဖြစ် ယခင်အတိုင်းပင် တည်ရှိနေဆဲပင်။

ဇီဝေချန်မျိုးနွယ်စု၏ ဧရာမနန်းတော်သင်္ဘောကြီးပေါ်တွင်မူ...

"တကယ်ကို အစွမ်းထက်လိုက်တာ"

ချန်ကျီရှင်း၏ မျက်ဝန်းများတွင် အံ့ဩချီးကျူးမှုများဖြင့် ဝင်းပနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်တောက်ယန် လက်ရုံးရည်ပြသည်ကို သူ အပြင်၌ မြင်ဖူးခြင်းမှာ ယခုအကြိမ်က ပထမဆုံးပင်။

ယခင်က ချန်တောက်ယန် မမည်မျှသန်မာကြောင်း သိထားသော်လည်း ၎င်းမှာ စိတ်ကူးထဲက အယူအဆမျှသာ ဖြစ်ခဲ့၏။

ယခုအခိုက်အတန့်အခြေအနေအထိ ချန်တောက်ယန်က တစ်ကိုယ်တော်တည်းနှင့် ပြိုင်ဘက် ကိုးယောက်ကို ရင်ဆိုင်ပြီး နောက်ဆုံးတွင် ပုဆိန်တစ်ချက်တည်းဖြင့် ထိပ်သီး နိဗ္ဗာနအဆင့်ကျင့်ကြံသူ ခြောက်ဦးကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်ကို ကိုယ်တိုင်မြင်လိုက်ရမှသာ သူ အလွန်အမင်း တုန်လှုပ်သွားရတော့သည်။

ငါ့ရဲ့အဖိုးကတော့ တကယ့်ကို ယုံနိုင်စရာမရှိအောင် ခံစစ်က ထက်မြက်လွန်းတယ်။

"တတိယသခင်လေး... အခုဆိုရင်တော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အစွမ်းကို သဘောပေါက်ပြီမလား။ တကယ်လို့ မျိုးနွယ်စုခေါင်းဆောင်ကသာ မသန်မာဘူးဆိုရင် ကျွန်တော်တို့ဇီဝေချန်မျိုးနွယ်စုက သူတစ်ယောက်တည်းပဲ နိဗ္ဗာနအဆင့်နဲ့ အရှေ့ပိုင်းနက်နဲရာနယ်ပယ်ကို ဘယ်လိုလုပ်ပြီး လွှမ်းမိုးထားနိုင်မလဲ"

အကြီးအကဲ မင်က သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း တဟီးဟီး ရယ်မောလိုက်သည်။

"ဒီလူတွေက မျိုးနွယ်စုခေါင်းဆောင် နှစ်ပေါင်းရာချီပြီး လက်မလှုပ်တာနဲ့ပဲ သူ့ကို အနိုင်ကျင့်လို့ရတဲ့ အပျော့ဆွဲလို့ တကယ်ထင်နေကြတာလား"

အကြီးအကဲမဟူရာက မဲ့ပြုံးပြုံးရင်း မထောက်မညှာ ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်က အိုသွားတာပဲရှိတာ သေသွားတာမှ မဟုတ်တာ"

"ဟင်... မင်းပြောပုံက မျိုးနွယ်စုခေါင်းဆောင်ကို ကျိန်ဆဲနေသလိုပဲနော်"

အကြီးအကဲမင်က အကြီးအကဲမဟူရာကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုအချိန်၌ ဇီဝေချန်မျိုးနွယ်စုဝင် အားလုံး၏မျက်နှာတွင် စိတ်အေးသက်သာမှုများ သိသိသာသာ ထင်ဟပ်နေသည်။

"မျိုးနွယ်စုခေါင်းဆောင်ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းက ဘယ်သူမှ တားဆီးလို့မရနိုင်တဲ့အတွက် အောင်ပွဲကတော့ သေချာသလောက်ရှိနေပြီပဲ။

ငါတို့ရဲ့ တတိယသခင်လေးကလည်း မျိုးဆက်သစ်တွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသူဖြစ်ပြီး အနာဂတ်မှာ လက်ရှိမျိုးနွယ်စုခေါင်းဆောင်ထက်တောင် ကျော်လွန်သွားနိုင်ခြေရှိတယ်။

ဒါကပဲ ဇီဝေချန်မျိုးနွယ်စုရဲ့ အကြီးအကဲတွေနဲ့ တပည့်ပေါင်းများစွာကို အနာဂတ်အတွက် မကြုံစဖူး မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေခဲ့တာပဲ။

စဉ်းစားကြည့်ရင် လက်ရှိ ဇီဝေချန်မျိုးနွယ်စုကို အထွတ်အထိပ်အောက်မှာ အနှိုင်းမဲ့ဖြစ်တဲ့ ချန်တောက်ယန်က ဦးဆောင်နေတယ်။ သူ့အောက်မှာကျတော့ စစ်မှန်သောကိုယ်ပိုင်အဆင့်နဲ့ နိဗ္ဗာနအဆင့်ကို ချိုးဖျက်ပြီး ခေတ်အဆက်ဆက် ဒဏ္ဍာရီအားလုံးကို ရိုက်ချိုးခဲ့တဲ့အနှိုင်းမဲ့ပါရမီရှင်လို့ လူသိများတဲ့ တတိယသခင်လေး ချန်ကျီရှင်း ရှိနေတာပဲဟာ….."

မျိုးနွယ်စုအတွင်းမှာလည်း မဟာမိတ်ဖြစ်သည့် ချင်းပြည်နယ် မုန့်မျိုးနွယ်စုနှင့် တခြားအင်အားစုများထံမှ သိမ်းပိုက်ရရှိထားသော အရင်းအမြစ်များအပြင် ရွှေရောင် အလင်းတန်းများကြောင့် ဇီဝေချန်မျိုးနွယ်စုသည် ယခုအခါ မိုးရွာပြီးစ မျှစ်စို့လေးများကဲ့သို့ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ တဖွဲဖွဲ ထွက်ပေါ်လာနေပြီး စစ်မှန်သောကိုယ်ပိုင်အဆင့် ကျွမ်းကျင်သူများ ရုတ်ခြည်း တိုးပွားလာကာ စည်ပင်ဝပြောပြီး တက်ကြွလှုပ်ရှားနေသည့် မြင်ကွင်းကို ဖော်ဆောင်နေသည်။

ဇီဝေချန်မျိုးနွယ်စုသည် ယခင်ကကဲ့သို့ ချန်တောက်ယန်ကလွဲ၍ မည်သူမျှ တာဝန်မယူနိုင်သည့် ပါရမီရှင် ရှားပါးမှုပြဿနာကို မခံစားရတော့ပေ။

ပြောရမည်ဆိုလျှင် လက်ရှိ ဇီဝေချန်မျိုးနွယ်စုသည် လမ်းကြောင်းမှန်နှင့် ရထားလမ်းမှန်ကို ရှာဖွေတွေ့ရှိကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဆွဲနေသည့် ရထားတစ်စင်းနှင့် တူနေပြီဖြစ်သည်။

ထိုအတိုင်းသာ ဆက်သွားမည်ဆိုပါက ဇီဝေချန်မျိုးနွယ်စုအနေဖြင့် ခေတ်ပြိုင်အင်အားစုများ၏ ထိပ်သီးအဆင့်သို့ ရောက်ရှိသွားရန်နှင့် မသေမျိုးတာအိုအနွယ်၏ အောက်တွင် အင်အားအကောင်းဆုံး အင်အားစု ဖြစ်လာရန်မှာ သိပ်ပြီး အချိန်အကြာကြီး လိုတော့မည်မဟုတ်ပေ။

"ဇီဝေချန်မျိုးနွယ်စု... ပြန်လည်နိုးထလာပြီ"

မဟူရာအကြီးအကဲများက ကျေနပ်စွာ ပြုံးလိုက်ကြသည်။ သူတို့အနေဖြင့် ဇီဝေချန်မျိုးနွယ်စုထံမှ ပြင်းထန်သော ရှင်သန်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိခြင်းပင်။

သို့သော်လည်း ဇီဝေချန်မျိုးနွယ်စုဝင် မြောက်မြားစွာတို့သည် တောက်ပသောအနာဂတ်၏ စိတ်ကူးအာရုံများတွင် နစ်မြောနေကြစဉ်မှာပင်...

ဝုန်း

ချက်ချင်းဆိုသလို မျှော်လင့်မထားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပွားခဲ့သည်။

နက်မှောင်သော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ချန်ကျီရှင်းထံသို့ တည့်တည့်မတ်မတ် ဦးတည်၍ ပြေးဝင်လာတော့သည်။

လိပ်ပြာမီးတောက်များပမာ လှုပ်ခတ်နေသော မိစ္ဆာအရှိန်အဝါများက ဝုန်းခနဲ ဆူပွက်လာပြီး တစ်လောကလုံးကို တုန်လှုပ်ခြောက်ချားသွားစေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနက်မှောင်သောအလင်းတန်းသည် အဆုံးမဲ့ဝေးကွာလှသော အကွာအဝေးကို ဖြတ်ကျော်ကာ ဧရာမနန်းတော်သင်္ဘောကြီး၏ မလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

"မကောင်းတော့ဘူး"

မဟူရာအကြီးအကဲများ၏ မျက်နှာများမှာ လျှပ်တစ်ပြက်အတွင်း ပျာနှမ်းသွားကြပြီး ချန်ကျီရှင်း၏ ရှေ့သို့ ချက်ချင်းပင် ခုန်အုပ်ကာ ကာကွယ်လိုက်ကြသည်။

ထို့နောက် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည့် ထိုလူရိပ်ဆီသို့ တစ်ပြိုင်နက်တည်း လက်ဝါးရိုက်ချက်များ ပစ်လွှတ်လိုက်ကြတော့သည်။

"လမ်းဖယ်စမ်း"

အက်ကွဲပြီး ရှတတဖြစ်နေသော အသံနက်ကြီးတစ်ခု ဟိန်းထွက်လာသည်။

ထိုလူရိပ်၏ နောက်ကွယ်မှ နက်မှောင်သော မိစ္ဆာနဂါးနှစ်ကောင် ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး မဟူရာအကြီးအကဲများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်၍ ဆောင့်မိတော့သည်။

ဝုန်း

မဟူရာအကြီးအကဲများသည် သူတို့၏ လက်ဝါးရိုက်ချက်များ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကြရသည်။

ထိုဟောင်းလောင်းဖြစ်သွားသော အခွင့်အရေးကို အသုံးချကာ နက်မှောင်သော အလင်းတန်းသည် လူနှစ်ဦးကြားမှ ဖြတ်သန်းတိုးဝင်သွားပြီး နန်းတော်သင်္ဘောကြီး၏ ကုန်းပတ်ထက်တွင် ရပ်တန့်လိုက်တော့သည်။

"သေစမ်း"

လီချန်ရှန်းသည် မိစ္ဆာအစီအရင်လိုင်းများ ထင်ဟပ်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချန်ကျီရှင်း၏ ဦးခေါင်းကို လှမ်းကိုင်လျက် အေးစက်စွာ ပြောလိုက်သည်။

ဤအပြောင်းအလဲအားလုံးသည် လျှပ်တစ်ပြက်အတွင်း အလွန်အမင်း မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။

လူတိုင်း သတိပြုမိချိန်တွင်မူ လီချန်ရှန်းသည် ချန်ကျီရှင်း၏ ရှေ့တွင် မားမားမတ်မတ် ရပ်နေပြီး ဖြစ်သလို ဧရာမလက်ဝါးကြီးဖြင့် ချန်ကျီရှင်း၏ ဦးခေါင်းကို ဆုပ်ကိုင်ရန် လှမ်းလိုက်ပြီး ဖြစ်သည်။

"ဟင်"

မျက်စိတစ်မှိတ်အတွင်းမှာပင် ရေတွက်၍မရနိုင်သော လူပေါင်းများစွာမှာ ထိတ်လန့်သွားကြရပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း သိသိသာသာ ပျာနှမ်းသွားကြတော့သည်။

"မလုပ်နဲ့"

ကောင်းကင်ကိုးထပ်ယံ၏ အထက်၌ ပုဆိန်ကို ဝှေ့ယမ်းလျက် မဆုတ်မနစ် သတ်ဖြတ်နေပြီး အကြီးအကဲခုနစ်ဦးနှင့် စီကုန်းရွှမ်းကျီတို့ကို သွေးအိုင်ထဲ နစ်မြုပ်စေခဲ့သော ချန်တောက်ယန်သည် ရုတ်ချည်းပင် မိုးချုန်းသံကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။

သူသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ချက်ချင်းကိုယ်လှည့်ကာ ချန်ကျီရှင်းရှိရာသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်ရန် ပြင်လိုက်သည်။

"ဟားဟားဟား... ချန်ကျီရှင်းတော့ သေရတော့မယ်"

အရှိန်အဝါများ အားနည်းနေပြီး ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ထားရသည့် စီကုန်းရွှမ်းကျီသည် ဖြူဖျော့နေသော သူ၏မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာအားရဖြစ်သွားသည့် အမူအရာတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။

ဝုန်း

သူသည် ချန်တောက်ယန်၏ ရှေ့တွင် ပိတ်ဆို့ရပ်တည်လိုက်၏။

"ကျွတ် ကျွတ်... နောက်ထပ် နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာ ကျင့်ကြံသူတစ်ယောက်ပါလား။ ချန်ကျီရှင်းကို သေစေချင်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးထင်တယ်"

စီကုန်းရွှမ်းကျီက လျှာသပ်ရင်း ခေါင်းကိုငုံ့ကာ ရယ်မောလိုက်သည်။

"မိတ်ဆွေ တာအိုဖော်... ငါတို့ ချန်တောက်ယန်ကို တားဆီးထားပေးမယ်။ မင်းဘက်က အမြန်ဆုံး လက်စသတ်ပြီး ချန်ကျီရှင်းကို သတ်ပစ်လိုက်"

"မင်း ချန်ကျီရှင်းကို သတ်နိုင်သရွေ့... မင်းက ငါတို့စီကုန်းမျိုးနွယ်စုရဲ့ ထာဝရမဟာမိတ် ဖြစ်လာစေရမယ်"

သင်္ဘောကုန်းပတ်ထက်တွင်မူ...

"သေလိုက်တော့"

လီချန်ရှန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ မည်သည့်စကားမှ မဆိုတော့ဘဲ တည်ငြိမ်နေသော ချန်ကျီရှင်းကို တစ်ချက်မျှ စိုက်ကြည့်ကာ သူ၏လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ချက်ချင်း ဆုပ်လိုက်တော့သည်။

ဝုန်း

ကြောက်မက်ဖွယ်ရာ ကောင်းကင်မိစ္ဆာချီစွမ်းအင်များ သူ၏လက်ချောင်းငါးချောင်းမှ ပေါက်ကွဲကာ ထွက်လာ၏။

သို့သော်လည်း လီချန်ရှန်း၏ မျက်ခုံးအစုံမှာ ချက်ချင်းပင် တွန့်ကွေးသွားရတော့သည်။

သူ၏ရှေ့တွင်ရှိသော ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှာ ထိုရိုက်ချက်အောက်၌ ဖြူစင်သော အလင်းစက်များအသွင် တဖြည်းဖြည်း ပြောင်းလဲသွားပြီး လွင့်စင်၍ ပျောက်ကွယ်သွားခဲ့သည်။

ချန်ကျီရှင်း ရပ်နေခဲ့သော နေရာတွင်မူ ပျက်စီးနေသော ကိုယ်စားလှယ်အစီအရင်ပြားတစ်ခုသာ လေထဲတွင် ဝဲပျံလျက် ကျန်ရစ်ခဲ့တော့သည်။

ဖုန်း ဖုန်း….

ထိုအခိုက်အတန့်တွင် မဟူရာအကြီးအကဲများသည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြပြီး သင်္ဘော၏အောက်ခြေမှ တိုးထွက်လာကြသော ရေတွက်၍မရနိုင်သော အမှောင်အဖွဲ့ဝင်များနှင့်အတူ လီချန်ရှန်းကို ထပ်ဆင့် ဝိုင်းဝန်းပိတ်ဆို့လိုက်ကြတော့သည်။

"ဒါက... ကိုယ်စားလှယ်အစီအရင်ပြားလား"

လီချန်ရှန်းသည် သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

ဖြောင်း ဖြောင်း….

လက်ခုပ်တီးသံအချို့ ထွက်ပေါ်လာ၏။

"ခန့်ညားလိုက်တာ... တကယ့်ကို ခန့်ညားလွန်းတယ်။ မင်းက ငါ့ကိုသတ်ဖို့အတွက် ဒီလောက်အကြာကြီး ပုန်းကွယ်နေခဲ့တာပေါ့ ဟုတ်လား"

ဟင်းလင်းပြင်ကြီးထဲ၌ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး ဆံနွယ်များမှာ နက်မှောင်သော ရေတံခွန်ကဲ့သို့ စီးကျနေကာ ချောမောလှပသော မျက်နှာထက်တွင် မည်သူမျှ မယှဉ်နိုင်သည့် ခန့်ညားထည်ဝါမှုများနှင့်အတူ ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်း တက်လာခဲ့သည်။

သူသည် ကျောပြင်တွင် အသားတောင်ပံများရှိနေပြီး ဆံပင်များမှာ မီးခိုးရောင်သန်းကာ တစ်

ကိုယ်လုံး မိစ္ဆာအစီအရင်များ ဖုံးလွှမ်းနေသဖြင့် လူနှင့်လည်းမတူ၊ သရဲနှင့်လည်းမတူသော လီချန်ရှန်းကို တည်ငြိမ်အေးစက်သော မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။

သူသည် ဤကုန်းပတ်ထက်တွင် တမင်သက်သက် ရပ်နေခဲ့ခြင်းဖြစ်ပြီး ရာထောင်ချီသော အစီအရင်များ ပါရှိသည့် ဤကောင်းကင်ပျံရတနာသင်္ဘောကြီး၏ ကာကွယ်ရေးအစီအရင်အားလုံးကိုပင် ရုပ်သိမ်းထားခဲ့ခြင်းပင်။

၎င်းမှာ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းပင်။

အထပ်ထပ် ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံထားရသော ကုန်းပတ်ထက်ရှိ လီချန်ရှန်းသည်လည်း ခေါင်းကိုမော့ကာ ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။

သူ၏မျက်နှာတွင် စိတ်ပျက်မှု၊ နောင်တရမှုများ ထင်ဟပ်နေသော်လည်း အများစုမှာ ဇဝေဇဝါဖြစ်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ပင်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက စကားပြောလိုက်သည်။

"ငါ မင်းကိုသတ်ဖို့ အခုအချိန်မှာ တိုက်ခိုက်မယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ"

ချန်ကျီရှင်းက ပြန်မဖြေဘဲ သူ၏ညာဘက်လက်ကို လှန်လိုက်ရာ ထူးကဲအလင်းတန်းများ ဖြာထွက်နေသည့် မှန်ချပ်တစ်ခု ပေါ်ပေါက်လာတော့သည်။

"လီချန်ရှန်း..."

"မတွေ့ရတာ ကြာပြီပဲ... မင်းအတွက် နောက်ထပ် လက်ဆောင်တစ်ခု ပေးရဦးမှာပေါ့"

ရှဲ…..

ထူးကဲအလင်းမှန်ချပ်ထက်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာသည်။

ထို့နောက် လှိုင်းတွန့်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

အသက်အရွယ်ကြီးရင့်မှုကြောင့် အားနည်းပြီး ချို့တဲ့နေရှာသော အဘွားအိုတစ်ဦးသည် ပုံရိပ်မျက်နှာပြင်ထက်တွင် တဖြည်းဖြည်း ပေါ်လာခြင်းပင်။

ထိုအဘွားအိုသည် ဂူပေါက်ဝတစ်ခု၏ အနီးတွင် နားခိုလျက် အပ်နှင့်ချည်ကို အသုံးပြုကာ ဝတ်ရုံရှည်ကြီးတစ်ခုကို အသေအချာ ဖာထေး၍ ချုပ်လုပ်နေရှာသည်။

ချုပ်လုပ်ရင်း မောပန်းလာသည့်အခါတွင်မူ ခေတ္တမျှ အနားယူလိုက်ပြီး တစ်စုံတစ်ဦးကို မျှော်လင့်စောင့်စားနေသကဲ့သို့ အရှေ့ဘက်ဆီသို့ ငေးမောကြည့်ရှုတတ်၏။

“ချန်းရှန်း... ရှင် ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ ကျွန်မတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး မောလာပြီ... ရှင့်အဝတ်အစားတွေကိုတောင် ဆက်ပြီး မချုပ်ပေးနိုင်တော့ဘူး ထင်တယ်"

“ချန်းရှန်း... ကျွန်မ ရှင့်ကို တကယ်လွမ်းတယ်။ အမြန်ဆုံး ပြန်လာခဲ့ပါတော့"

“ချန်းရှန်း... အခုရက်ပိုင်းအတွင်းမှာ ကျွန်မ ပိုပိုပြီး အိပ်ပျော်သွားတဲ့အချိန်တွေ များလာတယ်။ ကျွန်မ တကယ် ကြောက်တာပဲ... တစ်နေ့နေ့ အိပ်ပျော်သွားရင်းနဲ့ ပြန်နိုးမလာတော့မှာကို တကယ် ကြောက်တယ်"

“ချန်းရှန်း... ကျွန်မတော့ နောက်ဆုံးအချိန်ကို ရောက်တော့မယ် ထင်တယ်... ရှင့်ကို နောက်ဆုံးတစ်ခေါက်လောက်ပဲ ဖြစ်ဖြစ်... ပြန်တွေ့ခွင့်မရတော့ဘူးလားဟင်"

အဘွားအိုသည် တတွတ်တွတ် ရေရွတ်နေရှာပြီး သူမ၏မျက်နှာထက်တွင်လည်း အလွန်အမင်း မောပန်းနွမ်းနယ်မှုများ ထင်ဟပ်နေသည်။

ဤအခိုက်အတန့်၌ လီချန်ရှန်းသည် ထိုပုံရိပ်ကို ကြည့်လိုက်မိရာ ချန်ကျီရှင်းကို လုပ်ကြံရန် ပျက်ကွက်ခဲ့သော်လည်း အထပ်ထပ် ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံထားရသည့် ဤအခြေအနေမျိုးတွင်ပင် မလှုပ်ရှားခဲ့သော သူ၏မျက်နှာက နောက်ဆုံး၌ သိသိသာသာကြီး ပျာနှမ်းသွားရတော့သည်။

"ချန်ကျီရှင်း မင်း ဘယ်လိုတောင် သတ္တိရှိတာလဲ"

လီချန်ရှန်းသည် မျက်ဝန်းအစုံတွင် သွေးများနှင့် မျက်ရည်များ ပြည့်လျှံလုနီးပါးဖြစ်လျက် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏မျက်နှာတစ်ခုလုံးမှာလည်း ဒေါသကြောင့် နီရဲသွားတော့သည်။

All Chapters