အခန်း (၃၀၅-၃၀၆)
Vol. 31 Ch. 305-306
အခန်း။ ၃၀၅
ဤအခိုက်အတန့်၌ မဟာတာအိုအရှိန်အဝါများ လွှမ်းခြုံထားသော မီးခိုးရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်ကြီး ဟင်းလင်းပြင်ထဲမှ လှမ်းထွက်လာသည်နှင့်အမျှ မူလက မုန်တိုင်းထန်ပြီး လှိုင်းတံပိုးများ ထန်နေသော ကိုးထပ်ယံ နတ်ဘုရားနန်းတော်ကြီးသည် ရုတ်ချည်းပင် ငြိမ်သက်သွားတော့သည်။
လူတိုင်းမှာကား မမြင်နိုင်သော ဧရာမလက်ဝါးကြီးတစ်စုံဖြင့် ဖိနှိပ်ချုပ်ကိုင်ထားခြင်း ခံလိုက်ရသကဲ့သို့ လက်တစ်ချောင်း ခြေတစ်လှမ်းမျှပင် မလှုပ်ရှားနိုင်ကြတော့ပေ။
"ဒါက... စီကုန်းမျိုးနွယ်စုရဲ့ အထွတ်အထိပ်အဆင့် ဘိုးဘေးကြီး စီကုန်းချိုက်ချောင်မဟုတ်ဘူးလား"
"ဟူး... အထွတ်အထိပ်အဆင့် ဘိုးဘေးကြီး ကိုယ်တိုင် ကြွရောက်လာတာပဲ"
"ကြားဖူးတာတော့ ဒီစီကုန်းမျိုးနွယ်စုရဲ့ အထွတ်အထိပ်ဘိုးဘေးကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကတည်းက တာအိုတရားကို ရရှိခဲ့တာတဲ့။ တကယ့်ကို ရှည်လျားလှတဲ့ သမိုင်းကြောင်းကြီးကို ဖြတ်သန်းရှင်သန်လာခဲ့တာ။ သူက စီကုန်းမျိုးနွယ်စုရဲ့ ကမ္ဘာမြေကို တည်ငြိမ်စေတဲ့ ကျောက်နက်တိုင်ကြီးပဲ"
"ပထမဆုံး မသေမျိုးချီစွမ်းအင်လက်နက်တွေ ထွက်ပေါ်လာပြီးတော့ အခုကျ အထွတ်အထိပ်အဆင့် ကျင့်ကြံသူကြီးပါ ရောက်လာပြီ။ ဒီတစ်ခေါက် မသေမျိုးတောင်ကုန်းကို လာရတာ တကယ့်ကို တန်ဖိုးရှိတယ်"
ဆယ့်သုံးပြည်နယ်၏ အရပ်မျက်နှာအသီးသီးမှ မြောက်မြားစွာသော ကျင့်ကြံသူများသည် ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားကြရပြီး သူတို့၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည့် အမူအရာများ ထင်ဟပ်နေတော့သည်။
ယနေ့ခေတ် အရှေ့ဘက်နက်နဲသောနယ်ပယ်တွင်မူ ထာဝရရှင်သန်ခြင်းအဆင့်မှာ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ရာ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် မသေမျိုးချီစွမ်းအင်လက်နက်များကသာ မျိုးနွယ်စုကြီးများ၏ ကမ္ဘာမြေကို ဖိနှိပ်တည်ငြိမ်စေသည့် နောက်ဆုံးအခြေခံအုတ်မြစ်များ ဖြစ်လာခဲ့ပြီး လောကကြီးထဲသို့ အလွယ်တကူ ထွက်ပေါ်လာလေ့မရှိသဖြင့် လူသားတို့အနေဖြင့် သူတို့ကို မမြင်တွေ့ရတော့သည်မှာ ကြာပြီဖြစ်သည်။
"စီနီယာ စီကုန်း"
ဟင်းလင်းပြင်၏ အထက် မသေမျိုးတံခါးသုံးချပ်၏ ရှေ့မှောက်၌ မသေမျိုး တာအိုမျိုးနွယ်စုကြီး သုံးခုမှ ခရမ်းရွှေဘုရင်နှင့် အခြားသော အစွမ်းထက်ပုဂ္ဂိုလ်ကြီး သုံးဦးတို့ပင်လျှင် သူတို့၏လက်များကို အနည်းငယ် စုစည်းကာ မျိုးဆက်သစ်များ၏ အရိုအသေပြုခြင်းဖြင့် ဂါရဝပြုလိုက်ကြတော့သည်။
မဟာတာအိုတရား၏ ကိုယ်ပွားတော်ကြီးနှင့်တူသော မီးခိုးရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်ကြီးကမူ ခေါင်းကို ခပ်ဖွဖွသာ ညိတ်ပြလိုက်ပြီးနောက် ဟင်းလင်းပြင်ကြီးတစ်ခုဆီသို့ စိုက်ကြည့်ကာ ပြောလိုက်သည်။
"မိတ်ဆွေ တာအိုဖော်ချန်... မျိုးဆက်သစ်တွေကြားက ကိစ္စရပ်တွေကို ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်လား"
ဤစကား ဆုံးသည်နှင့်တပြိုင်နက်…..
ဝုန်း…..
ဟင်းလင်းပြင်တစ်ခုလုံးသည် တည်ငြိမ်နေသော ရေကန်ကြီးတစ်ခုထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ရုတ်ချည်းပင် လှိုင်းတွန့်များ ထွက်ပေါ်လာတော့သည်။
နောက်အခိုက်အတန့်တွင် အရပ်မျက်နှာအနှံ့မှ ရေတွက်၍မရနိုင်သော ရှေးဦးမသေမျိုး အလင်းတန်းများသည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြပြီး နောက်ဆုံး၌ ပိန်လှီသော အဘိုးအိုပုံရိပ်တစ်ခုအသွင်သို့ စုစည်းသွားတော့သည်။
"ဘိုးဘေးကြီး"
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်တောက်ယန်၏ မျက်ဝန်းများ ဝင်းပသွားပြီး သူသည် ပထမဆုံးအနေဖြင့် အရိုအသေပြုလျက် ဦးညွှတ်လိုက်တော့သည်။
အခြားသော ချန်မျိုးနွယ်စု၏ တပည့်များမှာမူ တုန်လှုပ်သွားကြရပြီး အသက်ကို ပြင်းပြင်းရှူ သွင်းလိုက်မိကြ၏။
"ဒါ... ဒါက... ငါတို့ရဲ့ ဇီဝေချန်မျိုးနွယ်စုရဲ့ ဘိုးဘေးကြီး မဟုတ်လား"
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ တစ်ဦးစီ၏ မျက်ဝန်းထဲတွင် အလွန်အမင်း အံ့ဩမှင်တက်သွားသည့် အမူအရာများကို မြင်တွေ့လိုက်ရသည်။
အမှန်အတိုင်းပြောရလျှင် သူတို့သည် ဇီဝေချန်မျိုးနွယ်စုထဲတွင် ဤမျှကာလပတ်လုံး ရှိနေခဲ့သော်လည်း သူတို့မျိုးနွယ်စု၏ ကမ္ဘာမြေကို တည်ငြိမ်စေသည့် တကယ့်ကျောက်နက်တိုင်ကြီးကို ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းပင်။
"အာ... အဲဒီအဘိုးအိုပါလား"
ချန်ကျီရှင်းသည် သူ၏မျက်မှောင်ကို ကြုတ်လိုက်မိပြီး အံ့ဩသွားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
သူသည် ဤအဘိုးအိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်ပေ။
သူ သေချာမှတ်မိသရွေ့မူ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ငယ်ရွယ်နုပျိုပြီး မောက်မာထောင်လွှားနေသည့် အချိန်တွင် မျိုးနွယ်စု၏သင်တန်းကျောင်း၌ မျိုးနွယ်စုအကြီးအကဲတစ်
ဦး၏ ရန်စမှုကို ခံရသဖြင့် မျိုးနွယ်စု၏ ကျင့်စဉ်မှာ မပြည့်စုံဘဲ လိုအပ်ချက်များရှိနေကြောင်း ပြင်းထန်စွာ ဝေဖန်ပုတ်ခတ်ခဲ့ဖူးသည်။
ထိုစဉ်တုန်းက ဤအဘိုးအိုက ရုတ်ခြည်း ထွက်ပေါ်လာခဲ့ခြင်းပင်။
ထိုအချိန်တုန်းက သူသည် စိတ်ထဲ၌ များများစားစား မတွေးတောမိဘဲ မျိုးနွယ်စု၏ သာမန်အကြီးအကဲတစ်ဦးဟုသာ ထင်မှတ်ခဲ့သည်။
သူ့မျိုးနွယ်စု၏ အထွတ်အထိပ်အဆင့် ဘိုးဘေးကြီး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
"ဟူး... ချန်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ဘိုးဘေးကြီးလည်း ရောက်လာပြီ"
"ချန်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ဘိုးဘေးကြီး ချန်ထျန်းယွမ်ပဲ"
"ကြားဖူးတာတော့ ဒီဇီဝေချန်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ဘိုးဘေးကြီးက အဲဒီခေတ်တုန်းက ချန်မျိုးနွယ်စုကို တည်ထောင်ခဲ့တဲ့ မဟာထာဝရရှင်သန်ခြင်းအဆင့်ကျင့်ကြံသူကြီး ချန်ရွှမ်းဖုန်းရဲ့ တိုက်ရိုက်သွေးရင်း သားသမီးတဲ့"
"ထာဝရရှင်သန်ခြင်းအဆင့်ကျင့်ကြံသူကြီးရဲ့ တိုက်ရိုက်သွေးရင်း သားသမီး ဟုတ်လား။ ဒါဆိုရင် သူက ဒီခေတ်ကြီးထဲမှာ သက်တမ်းအရင့်ဆုံး သက်ရှိထင်ရှား ပုဂ္ဂိုလ်ကြီးတွေထဲက တစ်ဦးပေါ့ မဟုတ်ဘူးလား"
"အဲဒီတုန်းက ချန်ထျန်းယွမ်က ချန်ရွှမ်းဖုန်းရဲ့ အရိပ်အောက်မှာ ရှိနေခဲ့လို့ အဲဒီခေတ်မှာ သိပ်ပြီးတော့ ထင်ရှားကျော်ကြားခြင်း မရှိခဲ့ပေမဲ့... ကျားကနေ ခွေးမွေးလေ့မရှိပါဘူး။ ချန်ထျန်းယွမ်ရဲ့ အစွမ်းကလည်း သူ့ဖခင် ချန်ရွှမ်းဖုန်းထက် ဘာမှလျော့တွက်လို့ မရနိုင်ဘူး"
"တကယ်လို့သာ ထာဝရရှင်သန်ခြင်းအဆင့်တာအိုလမ်းစဉ်ကြီး ပြတ်တောက်မသွားခဲ့ဘဲ လောကကြီးထဲမှာ ထာဝရရှင်သန်ခြင်းအဆင့်တာအိုကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင်... ဒီထာဝရရှင်သန်ခြင်းအဆင့်ကျင့်ကြံသူကြီးရဲ့ သားသမီးက သေချာပေါက် မဟာထာဝရရှင်သန်ခြင်းအဆင့်ကို သက်သေပြနိုင်ခဲ့လောက်ပြီ"
ဤအခိုက်အတန့်တွင် ရေတွက်၍မရနိုင်သော လူပေါင်းများစွာမှာ တိုးတိုးတိတ်တိတ် ရေရွတ်လျက် လေသံကိုနှိမ့်ကာ ဝေဖန်ဆွေးနွေးနေကြတော့သည်။
ပို၍များပြားလှသော လူပေါင်းများစွာမှာမူ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားကြရပြီး သူတို့၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ အထိုင်းအလောင်း ထွက်ပေါ်လာတော့သည်။
ဒါက... ဖြစ်နိုင်ပါမလား...
ဒီတစ်ခေါက် အရှေ့ဘက်နက်နဲသောနယ်ပယ်ရဲ့ မဟာပြိုင်ပွဲကြီးက အထွတ်အထိပ်အဆင့် ကျင့်ကြံသူကြီးတွေရဲ့ စစ်ပွဲအဖြစ် ပြောင်းလဲသွားတော့မှာလား။
သူတို့အနေဖြင့် ရှေ့ဆက်ပြီး မတွေးရဲတော့ချေ။
နိဗ္ဗာနအဆင့် ပထမအလွှာသို့ ရောက်ရှိရုံမျှဖြင့် ကြယ်တာရာများကို အလွယ်တကူ ဆုပ်ကိုင်နိုင်ပြီး လမင်းကို ဖမ်းဆီးနိုင်ကာ လက်ချက်တစ်ချက်တည်းဖြင့် ကောင်းကင်အရာဝတ္ထုများကိုပါ ဖျက်ဆီးပစ်နိုင်သည်ကို အားလုံးက သိထားကြသည်။
တကယ်လို့သာ အထွတ်အထိပ်အဆင့် မဟာခေါင်းဆောင်ကြီးတွေ အရှေ့ဘက်နက်နဲသောနယ်ပယ်မှာ စစ်ခင်းကြမည်ဆိုပါက ဆယ့်သုံးပြည်နယ်လုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ပြီး နတ်ဘုရားပြည်နယ်ကြီးပင်လျှင် ရေအောက်သို့ နစ်မြုပ်သွားနိုင်ချေ ရှိသည်။
"စီနီယာချန်"
ခရမ်းရွှေဘုရင်နှင့် အခြားသော ပုဂ္ဂိုလ်ကြီး သုံးဦးတို့သည် ချန်ထျန်းယွမ်၏ ရှေ့မှောက်၌ အလိုအလျောက်ပင် အနည်းငယ် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ရင်ထဲ၌ အတွေးတစ်ခုလည်း ပေါ်ပေါက်လာ၏။ တကယ်လို့သာ ဤအထွတ်အထိပ်အဆင့် မဟာခေါင်းဆောင်ကြီး နှစ်ဦးက တကယ်ပဲ တိုက်ခိုက်ကြတော့မည်ဆိုပါက သူတို့အနေဖြင့် မသေမျိုးတာအိုမျိုးနွယ်စုမှ အစွမ်းထက်ဆုံး ကျွမ်းကျင်သူကြီးများကို ပင့်ဖိတ်ပြီး ဤစစ်ပွဲကို ကောင်းကင်ပြင်ပဆီသို့ ပြောင်းရွှေ့ပေးရလိမ့်မည်ပင်။
အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲက ကမ္ဘာပျက်ကပ်ဘေးကြီးနှင့်ပင် တူနေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မသေမျိုးတောင်ကုန်းကြီးတစ်ခုလုံးသည် တင်းမာလှသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပြီး လူတိုင်းက ရင်တမမဖြင့် အသက်ကို အောင့်ထားကြရင်း စီကုန်းချိုက်ချောင်နှင့် အခြားတစ်ဦးတို့ကိုသာ မျက်တောင်မခတ် စူးစိုက်ကြည့်နေကြတော့သည်။
ဟင်းလင်းပြင်ကြီးထဲ၌ အထွတ်အထိပ်ဘိုးဘေးကြီး ချန်ထျန်းယွမ်သည် ချက်ချင်း စကားမပြောသေးဘဲ ပထမဆုံးအနေဖြင့် ချန်တောက်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုန်းပတ်ထက်ရှိ ချန်ကျီရှင်းနှင့် အခြားသူများကို ကြည့်ရှုကာ သူတို့အားလုံး ထိခိုက်ဒဏ်ရာရခြင်းမရှိသည်ကို မြင်တွေ့ရမှသာ နောက်ဆုံးတွင် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ပြောလိုက်တော့သည်။
"ကောင်းပြီလေ"
ထိုစကားကို ကြားရသောအခါ စီကုန်းချိုက်ချောင်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာထက်တွင် ခပ်ဖွဖွ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဟင်း... ငါတို့ရဲ့ အထက်တန်းစားမျိုးနွယ်စုတွေက ဒီအခြေအနေအထိ ရောက်လာဖို့ ခရီးအဝေးကြီး နှင်ခဲ့ကြရတာ။ ဒီလိုအချိန်မျိုးမှာတော့ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီတာက အပြန်အလှန် နှိမ့်ချတာထက် ပိုပြီးတော့ အရာရောက်ပါတယ်။ အသေအလဲ ရန်ငြိုးဖွဲ့နေကြဖို့ မလိုပါဘူး"
ဤစကားကို ကြားသောအခါ စီကုန်းရွှမ်းကျီက မခံမရပ်နိုင်ဖြစ်ကာ ပျာပျာသလဲ ပြန်လည်ပြောဆို လိုက်သည်။
"ဘိုးဘေးကြီး... အဲဒီချန်ကျီရှင်းက ကျွန်တော်တို့စီကုန်းမျိုးနွယ်စုရဲ့..."
"ပါးစပ်ပိတ်စမ်း"
သူမ၏စကားမဆုံးမီမှာပင် စီကုန်းချိုက်ချောင်က စီကုန်းရွှမ်းကျီကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။
စီကုန်းရွှမ်းကျီသည် ဝေးကွာလှသော အရပ်ရှိ ချန်ကျီရှင်းကို မကျေမနပ် စိုက်ကြည့်နေဆဲဖြစ်သော်လည်း သူ၏ စကားလုံးအားလုံးကို မျိုချလိုက်ရတော့သည်။
ချန်ကျီရှင်းကမူ ထိုအကြည့်ကို ဂရုမစိုက်ဘဲ စီကုန်းချိုက်ချောင်ကိုသာ မျှော်လင့်မထားသကဲ့သို့ တစ်ချက် ကြည့်လိုက်မိသည်။
တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီတာက အပြန်အလှန် နှိမ့်ချတာထက် ပိုပြီးတော့ အရာရောက်တယ်တဲ့...
ဒီစီကုန်းမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးကတော့ အမြင်ကျယ်ပုံရသားပဲ။
"မိတ်ဆွေ တာအိုဖော် စီကုန်း... မင်းရဲ့စကားက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်"
ချန်ထျန်းယွမ်ကို ဝန်းရံထားသော ရာထောင်ချီသော ရှေးဦးမသေမျိုး အလင်းတန်းများကြားမှ သူ၏ အိုမင်းရင့်ရော်ပြီး တည်ငြိမ်လှသော မျက်နှာထက်တွင် နောက်ဆုံး၌ ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
"ကဲ... ဒါဆိုရင်လည်း ငါ့ရဲ့မျိုးဆက်တွေကို ခေါ်ပြီး အရင်ဆုံး ဆုတ်ခွာလိုက်ပါဦးမယ်"
စီကုန်းချိုက်ချောင်က ခေါင်းညိတ်လိုက်ပြီး ချန်ကျီရှင်းကို နက်နက်နဲနဲ တစ်ချက် စိုက်ကြည့်ကာ သူ၏အကြည့်များကို ချန်ထျန်းယွမ်၏ ဘေးနားမှ ဖြတ်သန်းစေလိုက်သည်။
"သွားကြစို့"
သူက အကြည့်ကို လွှဲပြောင်းလိုက်ပြီး သူ၏ ဝတ်ရုံလက်အင်္ကျီအရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ စီကုန်းမျိုးနွယ်စု၏ တပည့်များနှင့်အတူ စစ်မှန်သောနဂါးကိုးကောင် ဆွဲငင်ထားသည့် ရွှေရထားလုံးကြီးကိုပါ ချက်ချင်း လွှမ်းခြုံသွားတော့သည်။
နေနှင့်လမှာ ပြောင်းပြန်လည်သွားပြီး ကောင်းကင်နှင့် မြေပြင်မှာလည်း တိမ်းမှောက်သွားသကဲ့သို့ ရှိနေစဉ် စီကုန်းမျိုးနွယ်စုက လျင်မြန်စွာပင် ထွက်ခွာသွားကြတော့သည်။
ခေတ္တမျှတွင် မသေမျိုးတောင်ကုန်းကြီးတစ်ခုလုံးရှိ လူတိုင်းမှာ သက်ပြင်းအရှည်ကြီးကို ချလိုက်နိုင်ကြတော့သည်။
တကယ်လို့သာ ဤနေရာ၌ တကယ့်အထွတ်အထိပ်အဆင့် စစ်ပွဲကြီး ပေါက်ကွဲသွားခဲ့မည်ဆိုလျှင် လူတိုင်းမှာ ထိုစစ်ပွဲ၏ နောက်ဆက်တွဲအရှိန်အဝါများအောက်တွင် မိသွားကြပြီး မည်သူမျှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
"မဆိုးဘူးကွ... ကောင်လေး"
အထက်ကောင်းကင်ယံ၌ ချန်ထျန်းယွမ်က ကိုယ်ကိုလှည့်လိုက်ပြီး သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုနှင့်အတူ ချန်ကျီရှင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဝူး…..
သူသည် ရေတွက်၍မရနိုင်သော အလင်းစက်များအသွင် ပျော်ဝင်သွားပြီး ကောင်းကင်နှင့် မြေပြင်ကြားမှ ကွယ်ပျောက်သွားတော့သည်။
တစ်ချိန်က လှုပ်ခတ်ချောက်ချားခဲ့သော မသေမျိုးတောင်ကုန်းကြီးသည် ယခုအခိုက်အတန့်ကျမှသာ နောက်ဆုံးတွင် ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
"စီကုန်းရွှမ်းကျီက ကံကောင်းသွားတာပဲ"
ချန်တောက်ယန်က ခေါင်းကိုခါယမ်းလိုက်ပြီး သူ၏လက်ထဲရှိ ကောင်းကင်ဖွင့် ပုဆိန်ရှည်ကြီးမှာလည်း ကောင်းကင်နှင့် မြေပြင်ကြားတွင် တဖြည်းဖြည်း လွင့်ပျယ်ကာ ပျောက်ကွယ်သွားတော့သည်။
စီကုန်းရွှမ်းကျီ၏ မဟာတာအိုအခြေခံအုတ်မြစ်မှာ သူ့ကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရခြင်းပင်။
တကယ်လို့သာ စီကုန်းမျိုးနွယ်စုရဲ့ ဘေးဘိုးကြီးက အမွှေးတိုင်တစ်ဝက်စာ အချိန်လောက် နောက်ကျပြီးမှ ရောက်လာခဲ့မည်ဆိုလျှင် သူသည် စီကုန်းရွှမ်းကျီနှင့် အခြားသူများကို ဤနေရာတင်ပဲ အပြီးတိုင် သတ်ဖြတ်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဘိုးဘေးကြီးနှစ်ဦးစလုံးက ကိစ္စရပ်ကို ပြေလည်အောင် ဆုံးဖြတ်လိုက်ကြပြီဖြစ်ရာ သူ၏ဘက်ကလည်း ရှေ့ဆက်ပြီး ပြောစရာ မရှိတော့ပေ။
ဝုန်း…
သူသည် ကုန်းပတ်ထက်သို့ ခြေလှမ်းပြန်လှမ်းလိုက်သည်။
ထို့နောက် မသေမျိုးတံခါးသုံးချပ်၏ ရှေ့မှောက်၌ ဆံပင်ငွေရောင်နှင့် အဘွားအို၊ မသေမျိုးအရှိန်အဝါနှင့် အရိုးအဆစ်များ ရှိသော အဘိုးအို၊ ခရမ်းရွှေဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ချန်ကျီရှင်းရှိရာသို့ လှမ်းကြည့်လိုက်ကြရာ သူတို့၏ မျက်နှာထက်တွင် စိတ်ဝင်စားဖွယ်ရာ အမူအရာများ ထွက်ပေါ်လာတော့သည်။
"ချန်ကျီရှင်း... မင်းရဲ့ စွမ်းဆောင်ရည်တွေကို ငါတို့အားလုံး အသေအချာ စောင့်ကြည့်ခဲ့ပြီးပြီ"
"ငါတို့ရဲ့ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲက... မင်း ဘယ်တစ်ခုကို ပိုပြီးတော့ စိတ်ဝင်စားလဲ"
ဆံပင်ငွေရောင်နှင့် အဘွားအိုက သူမ၏ အခင်မင်ဆုံးဟု ယူဆရသော အပြုံးကို ဖော်ပြလျက် ပထမဆုံးအနေဖြင့် စကားပြောလိုက်တော့သည်။
အခန်း။ ၃၀၆
"ချန်ကျီရှင်း... ငါတို့ရဲ့ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲက မင်း ဘယ်တစ်ခုကို ပိုပြီးတော့ စိတ်ဝင်စားလဲ"
ဆံပင်ငွေရောင်နှင့် အဘွားအို၏ စကားသံ ဆုံးသည်နှင့်တပြိုင်နက် ထိုနေရာတွင် ရှိနေကြသော အခြားသော အင်အားစုကြီးများမှ ခေါင်းဆောင်များ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးလှသော အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
ထိုအဘွားအို ပြောဆိုလိုက်သည့် စကား၏ ဆိုလိုရင်းမှာ အလွန်ပင် ရိုးရှင်းသည်။
ချန်ကျီရှင်း၏ အစွမ်းပြသနိုင်မှုများအရ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲမှ သူကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ခွင့်မှာ သူ့အပေါ်တွင်သာ လုံးဝမူတည်နေခြင်းပင်။
ထင်ရှားသည်မှာ ချန်ကျီရှင်းနှင့် သူ၏နောက်ကွယ်ရှိ ဇီဝေချန်မျိုးနွယ်စုသည် ဤမဟာပြိုင်ပွဲကြီး၏ အကြီးမားဆုံးသော အောင်နိုင်သူများ ဖြစ်လာခဲ့သည်။
၎င်းမှာ သူတို့ကို မနာလိုအားကျစေရုံသာမက သူတို့၏ ရင်ထဲ၌လည်း ဖော်ပြမတတ်အောင် ဒေါသထွက်ခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းများကို ဖြစ်ပေါ်စေတော့သည်။
မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဤအရှေ့ဘက်
နက်နဲသောနယ်ပယ်ပြိုင်ပွဲကြီးတွင် အင်အားစုများစွာက တုံ့ပြန်ခဲ့ကြပြီး သူတို့၏ ထူးချွန်လှသော ပါရမီရှင်လူငယ်များကို စေလွှတ်ကာ ပါဝင်ဆင်နွှဲစေခဲ့ကြသည်။
သို့သော် ရလဒ်က ချန်ကျီရှင်းနှင့် ဖုန်းနိုင်တို့ နှစ်ဦးမှအပ ကျန်ရှိသော ပါရမီရှင်လူငယ်များအားလုံးမှာ ရှေးဟောင်းမြေကမ္ဘာငယ်ထဲ၌ပင် ပျောက်ကွယ်သွားခဲ့ကြရပြီး သူတို့၏ အသက်
သေဆုံးမှုကိုပင် မည်သူမျှ မသိရှိကြတော့ချေ။
သို့တိုင်အောင် ယခုအချိန်အထိ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုဘက်က ဤကိစ္စနှင့်
ပတ်သက်ပြီး တစ်ခွန်းမျှပင် ပြောဆိုခြင်း မရှိကြသေးပေ။
ခရမ်းရွှေဘုရင်ကပင်လျှင် ဒီကိစ္စက မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုနဲ့ ဘာမှမသက်ဆိုင်ဘူးဟု ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုခဲ့သေးသည်။
ကြည့်စမ်းပါဦး ဒါက အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြောသင့်ပြောထိုက်တဲ့ စကားမျိုးလား။
"အထက်က မသေမျိုးကြီးတို့ခင်ဗျာ... ကျွန်တော်တို့ရဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းပေးသင့်တာ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဂိုဏ်းရဲ့ ပါရမီရှင်လေးတွေက အလကားသက်သက် သေဆုံးသွားခဲ့ရတာလား"
ထာဝရရှင်သန်ခြင်းမျိုးနွယ်စုမှ ခေါင်းဆောင်တစ်ဦးက သူ၏ဒေါသကို အနိုင်နိုင်ထိန်းချုပ်လျက် ထွက်၍ စကားပြောလိုက်သည်။
မသေမျိုးအရှိန်အဝါနှင့် အဘိုးအိုသည် ထိုလူ့ထံသို့ စိတ်မရှည်သလို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ဒီအရှေ့ဘက်နက်နဲသောနယ်ပယ် ပြိုင်ပွဲဆိုတာက ကတည်းက အသက်နဲ့သေဘေး ကံကြမ္မာကို ကိုယ်တိုင်လက်ခံပြီး ယှဉ်ပြိုင်ကြရတာ။ မင်းတို့ရဲ့ အထက်တန်းစားမျိုးနွယ်စုတွေ ဒီပြိုင်ပွဲကနေ အကျိုးအမြတ်တွေ ရရှိခဲ့တုန်းကရော ငါတို့ဘက်က မင်းတို့ဆီက တစ်ခုခု တောင်းဆိုခဲ့ဖူးလို့လား။ အခု ပြဿနာတစ်ခု ပေါ်ပေါက်လာတဲ့အခါကျမှ ငါတို့ဆီကနေ လာပြီး တာဝန်ယူမှုကို တောင်းဆိုနေကြတာလား"
ဤစကား ထွက်ပေါ်လာသောအခါ ထိုနေရာတွင် ရှိနေကြသော လူတိုင်း၏ မျက်နှာအမူအရာများမှာ မကောင်းမွန်တော့သည်ကို သတိပြုမိသွားသဖြင့် မသေမျိုးအရှိန်အဝါနှင့် အဘိုးအိုသည် သူ၏လေသံကို အနည်းငယ် ပြန်လည်လျှော့ချလိုက်သည်။
"ကောင်းပြီလေ... ငါတို့ရဲ့ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုဘက်ကလည်း အတိုင်းအတာတစ်ခုအထိ တာဝန်ရှိတာမို့ ငါတို့တွေ ဂိုဏ်းကို ပြန်ရောက်တဲ့အခါကျရင် မင်းတို့ကို ပြန်ကုစားပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားပေးပါ့မယ်"
စကားဆုံးသည်နှင့် မသေမျိုးအရှိန်အဝါနှင့် အဘိုးအိုသည် ထိုလူများကို ဆက်လက်ပြောဆိုခွင့် မပေးတော့ဘဲ ကိုယ်ကိုလှည့်ကာ ချန်ကျီရှင်းဘက်သို့ ကြင်နာတတ်သော မျက်နှာထားဖြင့် ကြည့်ရှုလျက် ပြောလိုက်တော့သည်။
"ချန်ကျီရှင်း... မင်း အသေအချာ စဉ်းစားပြီးပြီလား။ ငါ ဒီနေရာမှာတင် မင်းကို ကတိပေးရဲတယ်။ မင်းသာ ငါတို့ရဲ့ မသေမျိုးတက်လှမ်းခြင်းဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင် မသေမျိုးတက်လှမ်းခြင်းရဲ့ နတ်ဘုရားသားတော်ရာထူးက သေချာပေါက်မင်းအတွက်ပဲ ဖြစ်စေရမယ်။
ဒါတင်မကသေးဘူး... မင်းရဲ့ ဆရာသခင်မ ဖြစ်ခဲ့ဖူးတဲ့ မုယွဲ့မေကလည်း မင်း ငါတို့ရဲ့ မသေမျိုးတက်လှမ်းခြင်းဂိုဏ်းကို ရောက်လာတာနဲ့ ချက်ချင်း ပြန်လည်ဆုံတွေ့ခွင့် ရစေရမယ်။ အဲဒီအချိန်ကျရင် သူမက မင်းရဲ့ ဆရာသခင်မအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး မင်းတို့ရဲ့ ဆရာတပည့် သံယောဇဉ်က ငါတို့ဂိုဏ်းအတွင်းမှာ ဆက်လက်ရှင်သန်သွားပြီး လူ့လောကကြီးထဲမှာ ချီးမွမ်းပြောဆိုရမယ့် ပုံပြင်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်"
ခရမ်းရွှေဘုရင်၏ မျက်ဝန်းများထဲတွင်လည်း အလင်းတန်းများ ဝင်းပသွားပြီး နွေးထွေးစွာ ပြုံးလျက် ပြောလိုက်သည်။
"ချန်ကျီရှင်း... ငါတို့ရဲ့ တာလျိုတာအိုမဟာနယ်မြေကလည်း မင်းကို အလားတူပဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်"
သူတို့၏ စကားသံများ ဆုံးသည်နှင့်အမျှ ခေတ္တမျှတွင် ရေတွက်၍မရနိုင်သော မျက်ဝန်းများအားလုံးသည် ချန်ကျီရှင်းရှိရာသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြတော့သည်။
မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုစလုံးထံမှ ဖိတ်ခေါ်ချက်များကို ရရှိရုံသာမက တာအိုမျိုးနွယ်စု၏ နတ်ဘုရားသားတော် ရာထူးကိုပါ ကမ်းလှမ်းခံရခြင်းမျိုးက ခေတ်
အဆက်ဆက်တွင် အလွန်ပင် ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်။
သင်္ဘောကုန်းပတ်ထက်တွင်မူ ချန်ကျီရှင်းသည် တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားသော်လည်း သူ၏ရင်ထဲ၌မူ အေးစက်လှသော အပြုံးတစ်ခု ထွက်ပေါ်နေခဲ့သည်။
တကယ်လို့သာ ဤအခြေအနေမျိုးနှင့် အစောပိုင်းကတည်းက ကြုံတွေ့ခဲ့ရမည်ဆိုပါက သူသည် မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲသို့ ဝင်ရောက်ရန် အမှန်တကယ်ပင် စဉ်းစားမိလိမ့်မည်ပင်။
အဆုံးစွန်တွင်မူ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုသည် ထာဝရရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးများကို ပေးစွမ်းနိုင်သည့်အပြင် ဤလောကတွင် အကောင်းဆုံးဖြစ်သော ကျင့်စဉ်များနှင့် နတ်ဘုရားနည်းစနစ်များကိုပါ ပိုင်ဆိုင်ထားကြခြင်းကြောင့်ပင်။
၎င်းက ပိုမိုကြီးမားလှသော စင်မြင့်ကြီးတစ်ခုပင်။
သို့သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက်တွင်မူ ချန်ကျီရှင်းသည် မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုဟု အမည်ခံထားကြသော သူများ၏ စစ်မှန်သော မျက်နှာဖုံးကို အထင်အရှား မြင်တွေ့သွားခဲ့ရပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာကာလပတ်လုံး တည်ဆောက်ထားခဲ့သော မြောက်မြားစွာသော လူမျိုးနွယ်စုများ၏ ရိုသေခန့်ညားမှုများက သူတို့၏ စိတ်ဓာတ်ကို အစဉ်အမြဲ မြင့်မားထောင်လွှားစေခဲ့ပြီး မွေးရာပါ မောက်မာစော်ကားတတ်သော အမူအရာများကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
"ဒီအင်အားစုတွေရဲ့ ခေါင်းဆောင်တွေက မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုကို ထိပ်တိုက်ရင်ဆိုင်ပြီး အမှန်တရားကို တောင်းဆိုရဲကြသေးတာလား။ တကယ့်ကို ရယ်စရာကောင်းလိုက်တာ... သာမန်အရပ်သားတွေက ဧကရာဇ်မင်းမြတ်ဆီကနေ အဖြေတောင်းရဲတာကို မင်းတို့ မြင်ဖူးလို့လား။
သာမန်လူသားတွေက နတ်ဘုရားတစ်ပါးဆီကနေ တာဝန်ယူမှုကို တောင်းခံရဲတာမျိုးရော ရှိဖူးလို့လား။
အခြေအနေတွေ အားလုံးပြီးဆုံးသွားရင်တော့ သူတို့က အင်အားစုအားလုံးကို အရေးမပါတဲ့ လျော်ကြေးအနည်းငယ် ပေးပြီးတော့ပဲ ဒီကိစ္စကို ပြီးစလွယ် ဖုံးဖိလိုက်ကြမှာပဲ"
ချန်ကျီရှင်းအနေဖြင့် မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုကို ငြင်းပယ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရခြင်း၏ အဓိကအချက်မှာ မြေကမ္ဘာငယ်မှ ထွက်ခွာလာပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသည့် လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ်တိုင်တိုင်ကြောင့်ပင်။
ပထမတစ်ကြိမ်တွင် စီကုန်းမျိုးနွယ်စုက မသေမျိုးချီစွမ်းအင်လက်နက်များကိုပင် ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။
ဒုတိယတစ်ကြိမ်တွင်မူ လီချန်ရှန်းက ရုတ်ချည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပင်။
တကယ်လို့သာ သူ၏အဘိုးဖြစ်သူ ချန်တောက်ယန် မရှိခဲ့လျှင် သော်လည်းကောင်း သို့မဟုတ် အစောပိုင်းကတည်းက ပိုင်ဟူအာထံမှ ကြိုတင်သတိပေးချက်ကို မရရှိခဲ့လျှင်
သော်လည်းကောင်း သူသည် လွန်ခဲ့သော အချိန်ကတည်းကပင် အသက်ပျောက်သွားခဲ့ပြီဖြစ်သည်။
"အဲဒီ လုပ်ကြံမှုတွေ ဖြစ်နေတဲ့အချိန်တုန်းက မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲက ဘယ်သူတစ်ယောက်မှ အနည်းငယ်တောင် ဝင်တားပေးတာမျိုး မရှိခဲ့ဘူး။
လီချန်ရှန်းရဲ့ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းလို့လို့ ဆင်ခြေပေးနိုင်သေးတယ်ဆိုရင်တောင်... စီကုန်းမျိုးနွယ်စုက မသေမျိုးလက်နက်တွေကို ထုတ်သုံးတုန်းကကျတော့ရော ဘာလို့လဲ။
နောက်ဆုံးတော့ သူတို့အားလုံးက ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး အဲဒီမသေမျိုးလက်နက်တွေရှေ့မှာ ငါ့ကို ကာကွယ်ပေးဖို့တောင် မလုပ်ပေးရဲကြဘူး။ ဝင်ကူဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ခဲ့ကြတာ။
ဒီလိုအခြေအနေမျိုးမှာ သူတို့က ငါ့အတွက် အသက်ကိုတောင် စွန့်စားပေးဖို့ ဆန္ဒမရှိကြဘဲနဲ့ ငါက ဘာလို့ သူတို့အောက်မှာ အစေခံဖို့ ငါ့ကိုယ်ငါ နှိမ့်ချနေရမှာလဲ"
"ဂိုဏ်းအသီးသီးရဲ့ မွန်မြတ်လှတဲ့ ကမ်းလှမ်းမှုတွေအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ပင်ကိုယ်သဘာဝက လွတ်လပ်မှုကိုပဲ မြတ်နိုးတတ်ပြီး ဘယ်သူ့ရဲ့အောက်မှာမှ ညွှတ်တွားခစားရတာကို မနှစ်သက်တတ်ပါဘူး"
ချန်ကျီရှင်းက ယဉ်ကျေးပျူငှာသော အမူအရာဖြင့် ပြတ်သားစွာပင် စကားပြောလိုက်တော့သည်။
ချန်ကျီရှင်း၏ စကားဆုံးသည်နှင့် မသေမျိုးအရှိန်အဝါနှင့် အဘိုးအို သုံးဦးမှာ မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိသေးချေ။
ထိုနေရာတွင် ရှိနေကြသော မဟာကျင့်ကြံသူကြီးများမှာမူ အံ့အားသင့်သွားကြပြီး မယုံကြည်နိုင်လောက်သော အမူအရာများဖြင့် ကြည့်နေကြသည်။
ငြင်းပယ်... ငြင်းပယ်လိုက်တာလား။
ဒီချန်ကျီရှင်းက... မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုရဲ့ ဖိတ်ခေါ်ချက်ကို တကယ်ပဲ ငြင်းပယ်လိုက်တာလား။
သမိုင်းတစ်လျှောက်မှာ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုကို ငြင်းပယ်ရဲတဲ့သူဆိုတာ ချန်ကျီရှင်းတစ်ယောက်ပဲ ရှိလိမ့်မယ်။
မသေမျိုးဂိုဏ်း၏ ရှေ့မှောက်၌ ဆံပင်ငွေရောင်နှင့် အဘွားအိုနှင့် သူမ၏ အပေါင်းပါနှစ်ဦးမှာလည်း အံ့အားသင့်လျက် သူတို့ နားကြားမှားသလားဟုပင် ပြန်လည်မေးခွန်းထုတ်ချင်နေကြသည်။
"ချန်ကျီရှင်း... မင်း ခုနက ဘာပြောလိုက်တာလဲ"
"ကျွန်တော် ပြောတာကတော့ ကျွန်တော်က လွတ်လပ်မှုကိုပဲ မြတ်နိုးပြီး ဘယ်သူ့အောက်မှာမှ မနေချင်တာပါ။ ဒါကြောင့် မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲ ဝင်ရောက်မယ့်ကိစ္စကိုတော့ ဒီမှာတင်ပဲ ရပ်တန့်လိုက်ကြရအောင်လားခင်ဗျာ"
ချန်ကျီရှင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ၏ စကားသံဆုံးသည်နှင့် ဆံပင်ငွေရောင်နှင့် အဘွားအိုနှင့် သူမ၏ အပေါင်းပါများမှာ ချက်ချင်းပင် တုန်လှုပ်သွားကြရသည်။
"ချန်ကျီရှင်း... မင်း တကယ်ပဲ ဒီလိုပြောတာလား။ အရှေ့ဘက်နက်နဲသောနယ်ပယ်ရဲ့ ထိပ်တန်းအရင်းအမြစ်တွေနဲ့ ကျင့်စဉ်တွေအားလုံးက ငါတို့ရဲ့ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုထဲမှာပဲ ရှိနေတာဆိုတာ မင်းသိတယ်မဟုတ်လား။ မင်း ဒီလိုအရာတွေကို ပြင်ပလောကမှာ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး"
"မင်းသာ ငါတို့ရဲ့ မသေမျိုး တာအိုမျိုးနွယ်စုထဲ ဝင်လာမယ်ဆိုရင် ထိပ်တန်းအရင်းအမြစ်တွေ၊ မင်းအတွက်ပဲ သီးသန့်ထုတ်ထားတဲ့ ထိပ်တန်းနတ်ဘုရားကျင့်စဉ်တွေကိုပဲ ရရှိမှာ မဟုတ်ဘူး။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူကြီးတွေက မင်းကို ကိုယ်တိုင် သင်ကြားပေးမှာ"
"ကါတို့ရဲ့ တာအိုမျိုးနွယ်စု ခေါင်းဆောင်ကြီးက မင်းကို တိုက်ရိုက် လမ်းညွှန်ပေးကောင်း ပေးနိုင်လိမ့်မယ်။ ထာဝရရှင်သန်ခြင်းအဆင့်မှာရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ လမ်းညွှန်ချက်ဆိုတာ ဘယ်လောက်တောင် အဖိုးတန်မလဲဆိုတာ စဉ်းစားကြည့်လေ"
"ဒါတွေက ပြင်ပလောကမှာ ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်တဲ့အရာတွေပဲ"
"ဒီလို အကူအညီတွေသာ ရမယ်ဆိုရင် မင်းက ထာဝရရှင်သန်ခြင်းအဆင့်ကို သမိုင်းမှာ အမြန်ဆုံး ချိုးဖျက်နိုင်သူ ဖြစ်လာလိမ့်မယ်။ ထာဝရရှင်သန်ခြင်းအဆင့်ထဲမှာတောင် အတော်ဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်တယ်"
ထိုစကားများ ထွက်ပေါ်လာချိန်တွင် ထိုနေရာရှိ အခြားသူများ၏ မျက်နှာများသည် မနာလိုမှုများနှင့် ပြည့်နှက်နေတော့သည်။
ထိပ်တန်းရာထူး၊ ထိပ်တန်းအရင်းအမြစ်များ၊ ထိပ်တန်းကျင့်စဉ်နှင့် နတ်ဘုရားနည်းစနစ်များ၊ ထာဝရရှင်သန်ခြင်းအဆင့်ရှိ တာအိုမျိုးနွယ်စု ခေါင်းဆောင်ကြီးထံမှ တိုက်ရိုက်လမ်းညွှန်ချက် ရနိုင်သည့် အခွင့်အရေးများက မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုက ပေးနိုင်သည့်အရာမှာ အမြင့်ဆုံးအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ကျီရှင်းက သူ၏မျက်ခုံးကို ပင့်လိုက်သည်။
"အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော် နည်းနည်းလေး စိတ်လှုပ်ရှားမိပါတယ်"
ချန်ကျီရှင်းက ပြောလိုက်သည်။
ဆံပင်ငွေရောင်နှင့် အဘွားအိုတို့ သုံးဦးမှာ ထိုစကားကို ကြားရလျှင် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အနည်းငယ် ပြုံးလိုက်ကြသည်။
အမှန်ပင် ဤလောကတွင် မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခု၏ ဖိတ်ခေါ်ချက်ကို ငြင်းဆန်နိုင်သူ မည်သူမျှ မရှိချေ။
ခရမ်းရွှေဘုရင်ကမူ သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ချန်ကျီရှင်းသာ တာအိုမဟာနယ်မြေထဲသို့ ရောက်လာလျှင် မည်ကဲ့သို့ လုပ်ကြံရမည်ကို သူ၏ရင်ထဲ၌ ကြံစည်နေတော့သည်။
ထိုသူသုံးဦးမှာ အမျိုးမျိုးသော အတွေးများဖြင့် လွှမ်းခြုံနေစဉ်မှာပင်။
"ဒါပေမဲ့..."
"ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နယ်မြေလေးမှာပဲ နေချင်ပါသေးတယ်။ မွန်မြတ်လှတဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ငြင်းပယ်ခွင့်ပြုပါခင်ဗျာ"
ချန်ကျီရှင်းက လက်နှစ်ဖက်ကို စုစည်းကာ အရိုအသေပြုလိုက်သည်။
အစပိုင်းတွင် သူက “မသေမျိုး တာအိုမျိုးနွယ်စု ဟုတ်လား ခွေးတောင် မသွားချင်တဲ့နေရာမျိုးကို…” ဟု ပြောလိုက်ချင်သေးသော်လည်း ပို၍ ထိန်းချုပ်ထားလိုက်ခြင်းသာ ဖြစ်သည်။
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထိုသူသုံးဦး၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ရုတ်ချည်းပင် အေးခဲသွားကြသည်။
"ချန်ကျီရှင်း... မင်း တကယ်ပဲ လောကကြီးရဲ့ သာမန်သဘောတရားတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာလား"
"ချန်ကျီရှင်း... ဒီနေ့ခေတ်ကာလမှာ မသေမျိုး တာအိုမျိုးနွယ်စုကြီးတွေမှာပဲ ထာဝရရှင်သန်ခြင်းအဆင့်ကို ရောက်ရှိနိုင်မယ့် အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ မင်းသိတယ်မဟုတ်လား"
"ချန်ကျီရှင်း... ငါတို့ မသတိပေးခဲ့ဘူးလို့တော့ မပြောနဲ့နော်။ စစ်မှန်သော ကိုယ်ပိုင်အဆင့်မှာ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုမြင့်မားလေလေ မင်းရင်ဆိုင်ရမယ့် နိဗ္ဗာန မဟာဒုက္ခက ပိုပြီး ပြင်းထန်လေလေပဲ။ မင်းသာ ငါတို့ရဲ့ မသေမျိုး တာအိုမျိုးနွယ်စုထဲ ဝင်လိုက်မယ်ဆိုရင် အဲဒီဒုက္ခကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေ ငါတို့ဆီမှာ ရှိတယ်"
မသေမျိုးအရှိန်အဝါရှိသော အဘိုးအိုသုံးဦး၏ မျက်နှာထားများမှာ တဖြည်းဖြည်းနှင့် မည်းမှောင်လာတော့သည်။
"ကျွန်တော်က အခုမှ ငယ်ရွယ်သေးတာမို့ ဒါတွေကို စဉ်းစားဖို့ အချိန်မစောသေးပါဘူး။ ဒါကြောင့် မသေမျိုးကြီးတို့ စိုးရိမ်စရာ မလိုပါဘူး"
ချန်ကျီရှင်းသည် စကားပြောဆိုပြီးသည်နှင့် ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ပြီး ချန်တောက်ယန်နှင့် အခြားသူများရှိရာသို့ လျှောက်သွားလိုက်သည်။
"သခင်လေး"
ပိလော့သည် ချန်ကျီရှင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။
ချန်တောက်ယန်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
"ကျီအာ... မင်း တကယ်ပဲ မသေမျိုး တာအိုမျိုးနွယ်စုထဲ မသွားတော့ဘူးလား။ မင်းသွားချင်တယ်ဆိုရင် အဘိုးက အပြည့်အဝ ထောက်ခံပေးမှာပါ။ အဲဒီမှာဆို မင်းအတွက် ပိုကောင်းတဲ့ အနာဂတ်တွေ ရှိလိမ့်မယ်။ ပြီးတော့ ပညာသင်ပြီးတဲ့အခါကျရင်လည်း မျိုးနွယ်စုဆီ ပြန်လာပြီး အကြီးအကဲအဖြစ် တာဝန်ယူလို့ ရသေးတာပဲ"
သူသည် ချန်ကျီရှင်းတစ်ယောက် မျိုးနွယ်စုကြောင့် ငြင်းပယ်လိုက်ခြင်း ဖြစ်မည်ကို စိုးရိမ်နေခြင်းပင်။
"မသွားဘူး ခွေးတောင် မသွားချင်တဲ့နေရာမျိုးကို"
ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ပြုံးလျက် ပြောလိုက်သည်။
"အဘိုး... ကျွန်တော်တို့ အိမ်ကို ဘယ်တော့ ပြန်ကြမှာလဲ။ ဒီတစ်ခေါက်တော့ တော်တော်လေး ကောင်းတဲ့အရာတွေ ရလာခဲ့တယ်"
ချန်တောက်ယန်မှာ အံ့ဩသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ကာ
"ငါတို့ အိမ်ကို အခုချက်ချင်း ပြန်ကြစို့"
သူ့စကားဆုံးသည်နှင့် ချန်တောက်ယန်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဟင်းလင်းပြင်တွင် ဝဲပျံနေသော ဧရာမ သင်္ဘောကြီးမှာ ရွက်များကို ချက်ချင်း လွှင့်ထူလိုက်ပြီး တုန်ခါသံကြီးနှင့်အတူ နှေးကွေးစွာ လှည့်ပတ်သွားတော့သည်။
မသေမျိုး ဂိုဏ်းတံခါးသုံးချပ်၏ ရှေ့မှောက်၌ ဆံပင်ငွေရောင်နှင့် အဘွားအိုတို့ သုံးဦးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာမှာ မနှစ်မြို့ဖွယ် ဖြစ်သွားရတော့သည်။
"ဟွန့် ပါရမီရှိလို့ မောက်မာနေတာ"
မသေမျိုးအရှိန်အဝါရှိသော အဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ကို နောက်ပစ်ကာ တံခါးအတွင်းသို့ ပထမဆုံးဝင်ရောက်သွားသည်။
"နှမြောစရာပါပဲ"
ဆံပင်ငွေရောင်နှင့် အဘွားအိုက သက်ပြင်းချလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ တံခါးအတွင်းသို့ ဝင်သွားတော့သည်။
ခရမ်းရွှေဘုရင်သာ ကျန်ရစ်ခဲ့ပြီး ချန်မျိုးနွယ်စု၏ သင်္ဘောကြီးကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ တောက်ပနေ၏။
ခဏအကြာတွင် သူ၏မျက်လုံးထဲတွင် အေးစက်သောအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူလည်း မသေမျိုး ဂိုဏ်းတံခါးထဲသို့ ဝင်ရောက်သွားတော့သည်။
ဝူး
နောက်အခိုက်အတန့်တွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
မသေမျိုး ဂိုဏ်းတံခါးသုံးချပ်မှာလည်း မသေမျိုးတောင်ကုန်းမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှသာ အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများသည် သတိဝင်လာကြတော့သည်။
ချက်ချင်းပင် မသေမျိုးတောင်ကုန်းတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
"ငြင်းလိုက်ပြီ တကယ်ကြီး ငြင်းလိုက်ပြီ"
"ဟူး... သမိုင်းမှာ မဟာမသေမျိုး တာအိုမျိုးနွယ်စု သုံးခုက ဒီလို ထိပ်တန်းအခွင့်အရေးမျိုး ပေးတာကို ငြင်းပယ်လိုက်တာ ဒါ ပထမဆုံးအကြိမ်ပဲ မဟုတ်လား"
"ထိပ်တန်းအရင်းအမြစ်တွေ ထိပ်တန်းရာထူး ထိပ်တန်းကျင့်စဉ်တွေ ထာဝရရှင်သန်ခြင်းအဆင့်ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက် ထာဝရရှင်သန်ခြင်းအဆင့်အတွက် အခွင့်အရေး ဒီအရာအားလုံးကို ငြင်းပယ်လိုက်တာတဲ့လား တကယ့်ကို ရူးသွပ်စရာပဲ"
"ဟားဟားဟား... တစ်ခုခုကြောင့်တော့ မသိဘူး။ မဟာမသေမျိုး တာအိုမျိုးနွယ်စုတွေ အငြင်းခံရတာကို မြင်ရတာ တကယ့်ကို ကျေနပ်စရာပဲ"
"ငါလည်း သဘောတူတယ် ဒီတစ်သက်မှာ မဟာမသေမျိုး တာအိုမျိုးနွယ်စုတွေ ငြင်းပယ်ခံရတာကို မြင်ရဖို့ဆိုတာ အတော်ရှားပါးတဲ့ အဖြစ်အပျက်ပဲ"
"တစ်ခုခုကြောင့်တော့ မသိဘူး ဒီတတိယသခင်လေးအပေါ်မှာ ငါ့ရဲ့ စိတ်သဘောထားတွေ ရုတ်တရက် တိုးပွားလာသလိုပဲ"
"ဟားဟား ငါလည်း အတူတူပဲ"
ဆူညံသံများကြား၌ ဇီဝေချန်မျိုးနွယ်စု၏ သင်္ဘောကြီးမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မိုးတိမ်ပင်လယ်ကို ထိုးဖောက်ကာ မသေမျိုးတောင်ကုန်းနယ်မြေမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီးနောက် ကောင်းကင်တွင် အဖြူရောင်မျဉ်းကြောင်းရှည်ကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။
အရှေ့ဘက်နက်နဲသောနယ်ပယ်၏ မဟာပြိုင်ပွဲကြီးသည် ဤသို့ဖြင့် အဆုံးသတ်သွားခဲ့သည်။
ဤပြိုင်ပွဲ၏ ရလဒ်များနှင့်အတူ အသေးစိတ်အချက်အလက်များအားလုံးသည် အရှေ့ဘက်နက်နဲသောနယ်ပယ်၏ ပြည်နယ်ဆယ်သုံးခုလုံးသို့ လှိုင်းလုံးကြီးများကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တော့သည်။