အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
အခန်း(၂၄၁)
ကိုတိုမီက ခပ်ရေးရေး ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ သူ့လက်ထဲမှ သိုလှောင်အိတ်ကို ကြည့်လိုက်သည်။ ဤသိုလှောင်အိတ်သည် သာမန်အဖြစ်ဆုံး သိုလှောင်အိတ် ဖြစ်သည်။ သိုလှောင်အိတ်ထဲမှ နယ်မြေလွတ်သည် မကျယ်ဝန်းပေ။ ယင်းက သေးငယ်သော အိမ်တစ်လုံးခန့်သာရှိ၏။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကတွင် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ အများဆုံး အသုံးပြုကြသော သိုလှောင်အိတ်အမျိုးအစား ဖြစ်သည်။ ယင်းကို တန်ဖိုးကြီးမားသည်ဟု မဆိုနိုင်ပေ။
သို့သော် ကိုတိုမီသည် ထိုသိုလှောင်အိတ်ကို ဤလောက၏ တန်ဖိုးအကြီးမားဆုံး ရတနာတစ်ခုသဖွယ် ကိုင်ထားသည်။ သူ၏ မျက်လုံးထဲမှာ သိမ်မွေ့ညင်သာမှု ထွက်ပေါ်လာသည်။
“ အထဲက ပစ္စည်းက ဘာပဲဖြစ်ဖြစ် အဲ့ဒါက သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပေးခဲ့တဲ့ လက်ဆောင်ပဲ… တန်ဖိုးရှိတာ မရှိတာက အရေးမကြီးပါဘူး ”
ကိုတိုမီက နူးညံ့စွာ ပြောသည်။ ဤသိုလှောင်အိတ်ထဲမှာ ပဲစေ့တစ်စေ့သာ ရှိနေလျှင်ပင် ယင်းက သူ၏ မျက်လုံးထဲမှာတော့ အလွန်တန်ဖိုးကြီးမားပေသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက သူဖွင့်မပြောနိုင်သော သူ့နှလုံးသားထဲမှ ခံစားချက်ကို ရည်ညွှန်းသည်။
ကိုတိုမီက သိုလှောင်အိတ်ကို ညင်သာစွာ ဖွင့်လိုက်သည်။
“ ဝှစ် ”
တောက်ပသော အစိမ်းရောင်အလင်းက သိုလှောင်အိတ်ထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ သာမန်သိုလှောင်အိတ်က ပြင်းထန်သော အင်အားကြောင့် အဝေးသို့ လွင့်စင်သွားပြီး ယင်း၏ နယ်မြေလွတ်က ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ အစိမ်းရောင်အလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ကုချင်းချိုင့်ဝှမ်းထဲတွင် ထိုအစိမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသော သစ်ပင်များနှင့် ပန်းပင်များက မြန်ဆန်စွာ ကြီးထွားလာကြသည်။
“ တင်း… တုန်… တင်း… တုန် ”
အစိမ်းရောင်အလင်းထဲတွင် အစိမ်းရောင်ကုချင်းတစ်ခုက စိတ်လှုပ်ရှားစွာ တုန်ယင်နေသည်။ ကုချင်းကြိုးများက သူ့ဘာသာ အဆက်မပြတ် လှုပ်ခါနေကြပြီး ကြွပ်ဆပ်သော မြည်သံကို ထုတ်လွှတ်နေသည်။ ယင်းက ဝမ်းသာပျော်ရွှင်ဖွယ်ကောင်းသော လေထုကို ဖန်တီးလိုက်သည်။ တူညီသော အရှိန်အဝါက ကုချင်းထံမှ ထွက်ပေါ်လာသည်။ အလွန်ကျယ်ပြောသော အရှိန်အဝါက စက္ကန့်ပိုင်းလေးအတွင်းမှာ ကုချင်းချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ ဝှစ်… ဝှစ်… ဝှစ် ”
မြစိမ်းကုချင်း ထွက်ပေါ်လာပြီး သိပ်မကြာမီ ပုံရိပ်တစ်ခုပြီးတစ်ခုက ချိုင့်ဝှမ်းထဲမှ ထွက်ပေါ်လာကြသည်။ တချို့က အလင်းတန်းများကို အသုံးပြု၍ ပြေးလာနေကြစဉ် တချို့က လေထဲမှာ တိုက်ရိုက် ပျံသန်းနေကြသည်။ တချို့က လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းဝါးတောအပြင်ဘက်၌ မထင်မရှားရှိနေသော ဝါးအိမ်လေး၏ အရှေ့တွင် ပုံရိပ်ဆယ်ခု ထွက်ပေါ်လာကြသည်။ သူတို့ထဲမှာ ချင်ရွှမ်းလည်း ပါဝင်သည်။
သူတို့ထဲမှ တချို့ကို သခင်မချင်မြင်သွားသောအခါ ရိုသေလေးစားမှုက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ မြစိမ်းကုချင်း… ဟား ဟား… မြစိမ်းကုချင်း ပြန်ပေါ်လာပြီ… နောက်ဆုံးတော့ မြစိမ်းကုချင်း ပြန်ပေါ်လာပြီ ”
“ တည်ထောင်သူဘိုးဘေး ချန်ထားခဲ့တဲ့ အမှာစကားက မမှားဘူး... ဒီမျိုးဆက်မှာ မြစိမ်းကုချင်းက တကယ်ပဲ ထွက်ပေါ်လာတယ်… ဘယ်သူလဲ… ဘယ်သူက မြစိမ်းကုချင်းကို ကုချင်းဘုံထဲကနေ ပြန်ယူဆောင်လာနိုင်တာလဲ ”
“ ဟား ဟား ဟား… အဲ့ဒါက တည်ထောင်သူဘိုးဘေးရဲ့ အထွတ်အမြတ်ရတနာပဲ… နောက်ဆုံးတော့ မိုးကောင်းကင်က ငါတို့ချင်မိသားစုကို ကောင်းချီးပေးပြီ… လောကကြီးအတွက် ငါတို့ရဲ့ စတေးမှုက အလဟဿမဖြစ်ခဲ့ဘူး… မိုးကောင်းကင်က ငါတို့ချင်မိသားစု ပျက်စီးသွားမှာကို ကြည့်မနေနိုင်ဘူးထင်တယ်… ကောင်းတယ်… ကောင်းတယ်… ချင်မိသားစု အဲ့ဒီကပ်ဘေးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက်ရှိသွားပြီ ”
ယခု ရောက်ရှိလာကြသော ပုဂ္ဂိုလ်များထဲတွင် အများစုက အဖိုးအိုများ ဖြစ်ကြသည်။ သူတို့က အစိမ်းရောင်ကုချင်းပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်အလင်းနှင့် ကုချင်း၏ ကိုယ်ထည်ပေါ်မှ အစိမ်းရောင်သစ်ရွက်များကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။ သူတို့က အစိမ်းရောင်ကုချင်းကို အဖိုးမဖြတ်နိုင်သော တန်ဖိုးကြီးရတနာတစ်ခုပမာ ကြည့်နေကြသည်။
ချင်ရွှမ်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြုံးသည်။
“ ကောင်းကင်ဘုံက ငါတို့ချင်မိသားစုကို ပစ်မထားဘူး… မြစိမ်းကုချင်း နောက်ဆုံးတော့ ပြန်ထွက်ပေါ်လာပြီ… ဟား ဟား… ”
သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ မြစမ်းကုချင်းလား… အဲ့ဒါ ဒဏ္ဍာရီလာ မြစိမ်းကုချင်းလား ”
ကိုတိုမီသည် သူ့အရှေ့မှ မြစိမ်းကုချင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။ မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်နေသည်။ မြစိမ်းကုချင်းက မည်မျှအရေးကြီးကြောင်း ချင်မိသားစုထဲမှ လူတိုင်း သိထားကြသည်။ ယင်းက ချင်မိသားစု၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သည်။ ဒဏ္ဍာရီအရ မြစိမ်းကုချင်းကို လောကသစ်ပင်၏ အကိုင်းအခတ်မှ ဖန်တီးသန့်စင်ထားသည်ဟု ဆိုသည်။ ယင်းမှာ အထွတ်အမြတ် အသက်ဓာတ်စွမ်းအား ရှိသည်။
သီရှီထျန် လက်ဆောင်ပေးခဲ့သော ပစ္စည်းက အလွန်တန်ဖိုးကြီးမားသော မြစိမ်းကုချင်းဖြစ်လိမ့်မည်ဟု ကိုတိုမီ လုံးဝ မမျှော်လင့်ထားပေ။
သူက မယုံကြည်နိုင်ဖြစ်နေစဉ် စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေးတစ်ခုက သူ့ခေါင်းထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
“ ဒီမြစိမ်းကုချင်းက ငါ့ကို အကိုသီပေးခဲ့တဲ့ လက်ဆောင်ပဲ… ဆိုလိုတာက အကိုသီက မြစိမ်းကုချင်းကို ကုချင်းဘုံထဲမှာ ရှာတွေ့ခဲ့တယ်… မြစိမ်းကုချင်းကို ဘယ်သူပဲ ရှာတွေ့ပါစေ အဲ့ဒီလူက ငါ့ခင်ပွန်းဖြစ်ရမယ် ”
ဝမ်းသာပျော်ရွှင်မှုက သူ့နှလုံးသားထဲမှာ ဒီရေသဖွယ် ထွက်ပေါ်လာသည်။ မြစိမ်းကုချင်းကို ရှာတွေ့ခဲ့သူက သီရှီထျန်ဖြစ်သည်။ သို့ဆိုလျှင် သီရှီထျန်သည် ကောင်းကင်ဘုံက သူ့အတွက် ရွေးချယ်ပေးထားသော ခင်ပွန်းဖြစ်သည်။ အတိတ်၌ သူတို့နှစ်ယောက်၏ ပေါင်းစည်းမှုမှာ အဟန့်အတားဖြစ်စေနိုင်သော အရာများက ယခု ကွယ်ပျောက်သွားသည်။ သူက မည်သည့်အဟန့်အတားမှမရှိဘဲ သူသဘောကျနှစ်သက်သော လူကို ရွေးချယ်နိုင်သွားလိမ့်မည်။
“ ရှင်းအာ… မြစိမ်းကုချင်းကို ဘယ်သူယူလာတာလဲ… မဟုတ်မှ သီရှီထျန်လား ”
ချင်ရွှမ်း၏ မျက်နှာပေါ်မှာ ဝမ်းသာမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း မြစိမ်းကုချင်း၏ ထွက်ပေါ်လာပုံကို သူစဉ်းစားမိသောအခါ ဇဝေဇဝါဖြစ်သွားသည်။ အတိတ်တွင် ဝိညာဉ်ယဇ်ပလ္လင်သည် ကုချင်းဘုံထဲမှ ပြန်ထွက်လာသူတိုင်းကို စစ်ဆေးကြည့်ခဲ့သည်။ ထိုအချိန်တွင် ဝိညာဉ်ယဇ်ပလ္လင်က မြစိမ်းကုချင်းကို မည်သူမှ မယူဆောင်လာကြောင်း ဖော်ပြခဲ့သည်။ ယခု မြစိမ်းကုချင်းက အပြင်လောကမှာ ထွက်ပေါ်လာသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
“ အဖေ… အကိုသီက အဲ့ဒီကုချင်းကို သမီးကို လက်ဆောင်ပေးသွားတာပါ ”
ကိုတိုမီက ဝမ်းသာပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ မြစိမ်းကုချင်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ မြစိမ်းကုချင်းက သူ့အား ဆွဲဆောင်နေသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ မြစိမ်းကုချင်းကို ပွေ့ဖက်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာသည်။ နောက်ဆုံးမှာ သူက မနေနိုင်ဘဲ လက်ဆန့်ထုတ်လိုက်သည်။
“ မလုပ်နဲ့ ရှင်းအာ… မြစိမ်းကုချင်းက အထွတ်အမြတ်ရတနာ… မြစိမ်းကုချင်းရဲ့ အသိအမှတ်ပြုမှုမရှိရင် ဘယ်သူမှ အဲ့ဒါကို မထိနိုင်ဘူး… မဟုတ်ရင် တန်ပြန်ဆိုးကျိုးခံစားရလိမ့်မယ်… အမ် ”
ကိုတိုမီ၏ လုပ်ရပ်ကို မြင်သောအခါ ချင်ရွှမ်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး ကိုတိုမီကို အမြန်ဟန့်တားလိုက်သည်။ သို့သော် သူ့လက်က လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားပြီး ထူးဆန်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကိုတိုမီက မြစိမ်းကုချင်းကို သူ၏ ဘယ်လက်ဖြင့် ကိုင်လိုက်သည်။ သူ့လက်က မြစိမ်းကုချင်းကို ထိတွေ့သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ အစိမ်းရောင်အလင်းက မြစိမ်းကုချင်းထဲသို့ ချက်ချင်း ပြန်ရုပ်သိမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အစိမ်းရောင်အလင်းက တစ်ခါမှ မထွက်ပေါ်ဖူးသည့်အလား ချက်ချင်း ပျောက်ကွယ်သွားသည်။ ကိုတိုမီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူ၏ လက်ထဲမှ ကုချင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်လိုက်သည်။
“ ရှင်းအာ… သမီးဘယ်လိုလုပ် မြစိမ်းကုချင်းကို ထိနိုင်တာလဲ ”
ချင်ရွှမ်း၏ မျက်နှာပေါ်မှာ အံ့ဩမှု ထွက်ပေါ်လာသည်။
“ သမီးမသိဘူး… မြစိမ်းကုချင်းက သမီးကို ဆွဲဆောင်နေတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်… အဲ့ဒါကြောင့် မြစိမ်းကုချင်းကို သမီးသယ်ဆောင်လိုက်တာ… မြစိမ်းကုချင်းက ဘာအန္တရာယ်မှ မရှိတဲ့ပုံပဲ… အဲ့ဒီအစား သမီးကို သက်တောင့်သက်သာ ခံစားရစေတယ် ”
ကိုတိုမီက ခေါင်းခါလိုက်သည်။ သူက ယင်းကို ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြစိမ်းကုချင်းက အန္တရာယ်ရှိသည်ဟု သူမထင်ပေ။
“ ကောင်းတယ်… ကောင်းတယ်… ရှောင်ရွှမ်းဇီ… မင်းက သမီးအလိမ္မာတစ်ယောက်ကို မွေးထားတာပဲ… သူက မြစိမ်းကုချင်းရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတယ်… သူ့ရဲ့ အနာဂတ်အောင်မြင်မှုက အကန့်အသတ်မဲ့လိမ့်မယ်… ကလေးမလေး… ရက်အနည်းငယ်ကြာပြီးရင် ‘ ကောင်းကင်အသံလှိုဏ်ဂူ ’ဆီ အလည်လာခဲ့ပါ… ငါတို့အဖိုးကြီးတွေ မင်းရဲ့ ကျင့်ကြံခြင်းကို ကိုယ်တိုင် လမ်းညွှန်ပေးမယ် ”
ရိုးရှင်းစွာ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ပြုံးလိုက်ပြီး ကိုတိုမီကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ကျေနပ်သော အမူအရာ ရှိသည်။
ရှောင်ရွှမ်းဇီ… ။
ချင်ရွှမ်းက မဲ့ပြုံးပြုံးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဒုတိယဖိုးဖိုး ”
ယင်းကို ကြားသောအခါ ကိုတိုမီက ဝမ်းသာပျော်ရွှင်သွားပြီး ဒုတိယဖိုးဖိုးကို အမြန်ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူက ချင်ရွှမ်းကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ အဖေ… ဒီမြစိမ်းကုချင်းကို အကိုသီ ယူလာပေးခဲ့တာ… သမီးရဲ့ ကျိန်ဆိုမှုအရ အကိုသီက သမီးရဲ့ ခင်ပွန်းပဲ… သမီး အကိုသီကို သွားရှာချင်တယ် ”
မြစိမ်းကုချင်းကို ရှာတွေ့သည့်အတွက် သူအလွန်ပျော်ရွှင်သည်။ သို့သော်လည်း ယခုအချိန်မှာ သူ့အတွက် အဝမ်းသာရဆုံး ကိစ္စက သီရှီထျန်နှင့် ပေါင်းဖက်ရန် သူ့မှာ မည်သည့်အဟန့်အတားမှ မရှိတော့ခြင်း ဖြစ်သည်။ ချင်မိသားစု၏ တာဝန်က သူ့အပေါ် အနှောင်အဖွဲ့မဟုတ်တော့ပေ။
“ အဲ့ဒါ မှန်တယ် ”
ယင်းကို ကြားသောအခါ ချင်ရွှမ်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ပြောသည်။
“ ဒါပေမဲ့ အဲ့ဒီသီရှီထျန်က လျှို့ဝှက်ဆန်းကြယ်တယ်… သူ့မှာ မြစိမ်းကုချင်းကို ဖွက်ထားနိုင်တဲ့ နည်းလမ်းတောင် ရှိတယ်… သူ့အကြောင်းကို သေချာမစုံစမ်းရင် အဖေစိတ်အေးနိုင်မှာမဟုတ်ဘူး ”
“ ဘန်း ”
ထိုအခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံက ကုချင်းချိုင့်ဝှမ်းနှင့် အတန်ငယ် ဝေးကွာသော နေရာမှ ထွက်ပေါ်လာသည်။
ချင်မိသားစု၏ အဖိုးကြီးများသည် ပေါက်ကွဲမှုဖြစ်ပွားသော နေရာဆီသို့ သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က စိတ်ဝင်စားပုံမပြချေ။ သူတို့အားလုံးက လာရာလမ်းအတိုင်း ပြန်သွားကြသည်။ ကုချင်းချိုင့်ဝှမ်းထဲမှာ ချင်ရွှမ်းမိသားစုသာ ကျန်ရှိတော့သည်။
“ သမီးဂရုမစိုက်ဘူး… ဟိုးအရင်ကတည်းက သမီးကျိန်ဆိုမှု ပြုလုပ်ခဲ့တယ်… မြစိမ်းကုချင်းကို ပြန်ယူပေးနိုင်တဲ့လူက သမီးရဲ့ ခင်ပွန်းဖြစ်လိမ့်မယ်… အဲ့ဒီလူက လူသားပဲဖြစ်ဖြစ် တစ္ဆေပဲဖြစ်ဖြစ် ကိစ္စမရှိဘူး… ဒီဘဝမှာ သူကလွဲလို့ တခြားဘယ်သူ့ကိုမှ သမီးလက်မထပ်ဘူး… သမီး သူ့ကို သွားရှာမယ် ”
အဝေးတွင် ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်း ကိုတိုမီ ကြားသည်။ သွေးတိမ်တိုက်များက ကောင်းကင်ယံသို့ မြှောက်တတ်သွားနေကြောင်း သူမြင်နေရသည်။ သီရှီထျန် အန္တရာယ်ကြုံနေသည်ဟု သူ့စိတ်ထဲမှာ ခံစားမိလာသည်။
“ ချင်းအာ ”
ကိုတိုမီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကျီး ”
သူ့အသံ ဆုံးသွားသည်နှင့် ကျယ်လောင်စူးရှသော အော်မြည်သံက အဝေးမှ ပျံ့လွင့်လာသည်။ ထိုအော်မြည်သံထဲမှာ သားရဲဘုရင်အရှိန်အဝါလည်း ကိန်းအောင်းနေသည်။ အစိမ်းရောင်ပုံရိပ်တစ်ခုက အဝေးမှ အမြန်ပျံသန်းလာပြီး ကိုတိုမီ၏ ခေါင်းပေါ်မှာ ရပ်လိုက်သည်။
သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ၎င်းက ဧရာမငှက်တစ်ကောင်ဖြစ်ကြောင်း မြင်ရလိမ့်မည်။ ထိုငှက်သည် မြင့်မြတ်ထည်ဝါပုံပေါ်သည်။ ၎င်း၏ အမြှီးနောက်မှာ အစိမ်းရောင်ငှက်မွှေးသုံးချောင်း ရှိသည်။ ၎င်းက ရှေးဟောင်းမြင့်မြတ်သားရဲဖြစ်သော လူအန်ငှက် ဖြစ်သည်။
အခန်း(၂၄၂)
ဒဏ္ဍာရီအရ အစိမ်းရောင်လူအန်ငှက်သည် ခရမ်းရွှေကုန်းမြေထဲမှာ မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်၏။ လူအန်ငှက်မျိုးနွယ်က ရှေးခေတ်ကာလမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ချင်မိသားစုထဲမှာ လူအန်ငှက်တစ်ကောင် ရှိနေမည်ဟု မမျှော်လင့်ထားပေ။ သို့သော်လည်း ၎င်းက မြင့်မြတ်သားရဲအဆင့်သို့ မရောက်ရှိသေးပေ။ ၎င်းက ငယ်ရွယ်သော လူအန်ငှက် ဖြစ်သည်။ ၎င်းက မည်မျှငယ်ရွယ်ပါစေ လူအန်ငှက်ဖြစ်နေဆဲပင်။ ၎င်းမှာ ငှက်မျိုးနွယ်၏ ဘုရင်အရှိန်အဝါ ရှိသည်။
အစိမ်းရောင်လူအန်ငှက်ကို မြင်သောအခါ ကိုတိုမီ၏ မျက်နှာပေါ်မှာ ချစ်ခင်ကြင်နာသော အမူအရာ ထွက်ပေါ်လာသည်။ သူက လေပေါ်သို့ ခုန်တတ်လိုက်ပြီး လူအန်ငှက်၏ ကျောပေါ်မှာ ဆင်းသက်လိုက်သည်။ သူက လူအန်ငှက်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောသည်။
“ ချင်းအာ… ပေါက်ကွဲသံ ထွက်ပေါ်လာတဲ့ နေရာဆီ အမြန်သွားပါ ”
ထိုလူအန်ငှက်သည် လူသားဘာသာစကားကို နားလည်ဟန် ရ၏။ ၎င်းက ကျယ်လောင်စွာ အော်မြည်လိုက်ပြီး အဝေးသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး သွေးတိမ်တိုက်များ ထွက်ပေါ်နေသော နေရာဆီသို့ ဦးတည်သွားသည်။ လေထဲမှာ ပျံသန်းနေစဉ် ကြီးမားသော ဖိအားလှိုင်းများက ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုလူအန်ငှက်က ငယ်ရွယ်သေးသော်လည်း အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း မြင်နိုင်ပေသည်။ ၎င်း၏ အလျင်က အလွန်မြန်ဆန်သည်။ ၎င်းက လေထဲမှာ မြန်ဆန်စွာ ပျံသန်းသွားနေစဉ် ကြွင်းကျန်ပုံရိပ်များက ၎င်း၏ အနောက်မှာ ကျန်ရစ်နေခဲ့သည်။
“ မဆင်မခြင်လုပ်တယ် ”
ယင်းကို ချင်ရွှမ်းမြင်သောအခါ သူက ခေါင်းယမ်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို ဝှစ်ခနဲ လှုပ်ရှားလိုက်ပြီး လေထဲသို့ ပျံသန်းသွားသည်။ အကယ်၍ ကုချင်းချိုင့်ဝှမ်းထဲမှာ တခြားတစ်စုံတစ်ယောက် ရှိနေမည်ဆိုလျှင် ချင်မိသားစုခေါင်းဆောင် ချင်ရွှမ်းက လေပေါ်မှာ ပျံသန်းနေကြောင်း မြင်ရလိမ့်မည်။ သူက ရုပ်ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ပျံသန်းနေခြင်း ဖြစ်သည်။ ထိုသို့အရာသည် သာမန်အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။
ထိုအခိုက်အတန့်မှာ ဝမ်ထောင်နှင့် သီရှီထျန်ကြားမှ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သီရှီထျန်သည် ကုချင်းပညာကို သင်ယူပြီးနောက် သူ၏ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းထံမှ အစစ်အမှန်စွမ်းအားကို မည်သို့ထုတ်သုံးရမည်ဖြစ်ကြောင်း သိရှိသွားသည်။ သူက လက်ငါးချောင်းကို အမြန်လှုပ်ရှားလိုက်ပြီး ကုချင်းကြိုးများကို ဆွဲလှုပ်လိုက်သည်။ မိစ္ဆာအရှိန်အဝါက ကုချင်း၏ ကိုယ်ထည်ပေါ်မှာ ထွက်ပေါ်လာသည်။ ထို့ပြင် နတ်ဆိုးကုချင်း စုပ်ယူထားသော လိုအင်ဆန္ဒစွမ်းအင်သည်လည်း ထွက်ပေါ်လာသည်။
သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီက ကုချင်းထဲသို့ ပေါင်းစပ်သွားသည်။
ကျောက်စိမ်းရောင်အသံဓားများသည် ထူးဆန်းသော အလင်းနှင့်အတူ လေထဲမှာ ထွက်ပေါ်လာကြသည်။ ထိုအသံဓားများသည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်ကြသည်။ ယင်းတို့ထဲမှာ အသံလှိုင်းများ ကိန်းအောင်းနေသည်။ ထို့ကြောင့် အသံဓားများက အဆက်မပြတ် တုန်ခါနေကြသည်။ အသံဓားများ ဖြတ်သန်းသွားသည့်နေရာတိုင်း လေထုက ပေါက်ကွဲသွားသည်။ လိုအင်ဆန္ဒစွမ်းအင်သည်လည်း အသံဓားများထဲမှာ ကိန်းအောင်းနေသည်။ အသံဓားများ အဆက်မပြတ် တုန်ခါနေစဉ် ယင်းတို့ထံမှ ထုတ်လွှတ်နေသော လိုအင်ဆန္ဒစွမ်းအင်က တစ်စုံတစ်ယောက်၏ စိတ်ထဲမှ လိုအင်ဆန္ဒများကို တိုက်ရိုက် လှုံ့ဆော်ပေးနိုင်သည်။
အသံဓားတစ်လက်စီမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားနှင့် အဖျက်စွမ်းအား ကိန်းအောင်းနေသည်။ အသံဓားတစ်လက် နှစ်လက်က ပြဿနာမဟုတ်သော်လည်း ယခု သီရှီထျန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ အသံဓားတစ်ထောင်ခန့် ဖြစ်သည်။
အရေအတွက်များပြားသော အသံဓားများက မိုးကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြသည်။ ယင်းတို့က လေထဲမှာ ပြန့်ကျဲနေသော ပန်းပွင့်ချပ်များနှင့် ဆင်တူကြသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ အသံဓားမုန်တိုင်းက ကင်းခြေများအဖိုနှင့်အမကို ဝါးမျိုလိုက်သည်။
ထိုကင်းခြေများနှစ်ကောင်သည် အသက်ရှင်ခဲ့စဉ်မှာ အလွန်သန်မာခဲ့ကြသည်။ သို့သော်လည်း သားရဲများထဲတွင် မွေးရာပါသဘာဝစွမ်းရည် နိုးထနိုင်သူများသာ သားရဲဘုရင်များ ဖြစ်ကြသည်။ မွေးရာပါသဘာဝစွမ်းရည်မရှိသော သားရဲများက သာမန်သားရဲများ ဖြစ်ကြသည်။ ထိုကင်းခြေများနှစ်ကောင်က အလွန်သန်မာသော်လည်း သူတို့ဆီမှာ မွေးရာပါသဘာဝစွမ်းရည် မရှိပေ။ သူတို့၏ ဝိညာဉ်က သွေးချိတ်ကောက်နှင့် ပေါင်းစပ်ထားသည့်အတွက် သွေးချိတ်ကောက်က ပိုပြီးအစွမ်းထက်လေ ကင်းခြေများက ပိုပြီးသန်မာလေ ဖြစ်သည်။ သို့သော်လည်း သူတို့က မိစ္ဆာသားရဲနယ်ပယ်မှာသာ ဖြစ်ကြသည်။
အရေအတွက်အကန့်အသတ်မဲ့သော အသံဓားများနှင့် ရင်ဆိုင်ရသောအခါ ကင်းခြေများနှစ်ကောင်က ရိုင်းစိုင်းကြမ်းကြုတ်သွားကြသည်။ သူတို့က အဆုံးမဲ့သော အသံဓားများဆီသို့ တိုက်ရိုက် တိုးဝင်သွားကြသည်။ သို့သော်လည်း သူတို့က အသံဓားတစ်ရာနှစ်ရာခန့်သာ ဖျက်ဆီးနိုင်ခဲ့ကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်က ကျန်ရှိသော အသံဓားများ၏ ပိုင်းဖြတ်မှုကြောင့် ပြိုကွဲသွားသည်။
“ ဝုန်း… ဝုန်း ”
သွေးနီရောင်ကင်းခြေများနှစ်ကောင်က ဖျက်ဆီးခံလိုက်ရသည်။ လေထဲတွင် သွေးချိတ်ကောက်နှစ်ခု ပြန်ပေါ်လာသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သွေးချိတ်ကောက်များက အရောင်မှေးမှိန်နေကြသည်။ နာကျင်သော အော်ဟစ်သံများက သွေးချိတ်ကောက်ထဲမှ ထွက်ပေါ်လာသည်။ ယင်းတို့က ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားကြသည်။ အတိတ်တွင် သီရှီထျန်သည် ဝမ်ထောင်နှင့် တိုက်ခိုက်ခဲ့စဉ်မှာ အသက်အန္တရာယ်ကြုံခဲ့သည်။
ယနေ့မှာတော့ သူက ဝမ်ထောင်၏ အစွမ်းထက်တိုက်ခိုက်မှုကို အလွယ်တကူ ဖြေရှင်းနိုင်လိုက်သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ဤတစ်နှစ်အတွင်းမှာ သီရှီထျန်က ကြီးကြီးမားမား တိုးတတ်လာကြောင်း မြင်နိုင်ပေသည်။ သူက မွေးရာပါသဘာဝစွမ်းရည် နိုးထထားသော အစွမ်းထက်မိစ္ဆာသားရဲတစ်ကောင်ဖြစ်ပြီး သူ့ဆီမှာ အစွမ်းထက်သော သက်စောင့်မိစ္ဆာလက်နက် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ရှိသည်။
ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ပညာရှင်ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။
“ ငါမျှော်လင့်ထားသလိုပဲ… မင်းက အရင်ကထက် ပိုပြီးသန်မာလာတယ်… ဒါပေမဲ့ ဒီနေ့ မင်းရဲ့ ကံကောင်းခြင်းက အဆုံးသတ်ပြီ ”
ဝမ်ထောင်၏ အမူအရာက ရုပ်ဆိုးအကျည်းတန်သွားသည်။ သီရှီထျန်က သူ၏ ရုပ်လွန်ဓမ္မရတနာကို အလွယ်တကူ ချိုးဖြတ်နိုင်ခဲ့ကြောင်း ဝမ်ထောင်မြင်သောအခါ သူ၏ စိတ်ထဲမှာ ပိုပြီးချောက်ချားသွားသည်။ နောက်အခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ သိပ်သည်းသွားသည်။ သူက လက်နှစ်ဖက်ကို မြှောက်၍ လေထဲမှ သွေးချိတ်ကောက်ထံသို့ ဝှေ့ယမ်းလိုက်သည်။ သူက အေးစက်စက်လေသံဖြင့် ပြောသည်။
“ အစကတော့ ဒီဓမ္မရတနာကို အလွယ်တကူ ငါထုတ်မသုံးဘူးလို့ ရည်ရွယ်ထားခဲ့တာ… ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားအရ မင်းက မကြာသေးခင်က ငါအသစ်ရရှိထားတဲ့ ‘ နတ်ဆိုးနန်းတော် ’ကို ထုတ်သုံးဖို့ ထိုက်တန်ပါတယ်… မင်းကြောင့်မဟုတ်ရင် အဲ့ဒီရတနာကို ငါရရှိမှာ မဟုတ်ဘူး ”
သွေးချိတ်ကောက်များက မျက်စိတစ်မှိတ်အတွင်းမှာ ဝမ်ထောင်၏ လက်ထဲသို့ ပြန်ရောက်လာသည်။
လက်ရှိ သီရှီထျန်၏ စွမ်းအားအရ သူ၏ သာမန်နည်းလမ်းများက အလုပ်မဖြစ်နိုင်ကြောင်း သူသိသည်။ သီရှီထျန်၏ တိုးတတ်မှုအမြန်နှုန်းက သူ့ကို နှလုံးတင်းကျပ်စေသည်။ ထို့ကြောင့် သူက ညာလက်ကို မှောက်လှန်လိုက်သည်။ နောက်အခိုက်အတန့်မှာ ထူးဆန်းသော အနက်ရောင်နန်းတော်ငယ်တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ အနက်ရောင်ချီက နန်းတော်ထဲမှ ပေါ်လျှိုးလာပြီး နန်းတော်၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နန်းတော်က တဖြည်းဖြည်း ချောက်ချားဖွယ်ကောင်းလာပြီး ထူးခြားဆန်းကြယ်လာသည်။ ထို့ပြင် နန်းတော်က အသက်ရှိနေသည့်အလား နတ်ဆိုးချီကို ရှူသွင်းရှူထုတ်ပြုလုပ်နေသည်။ ထိုနတ်ဆိုးချီထဲမှာ သရဲတစ္ဆေများ၏ ငိုကြွေးသံများ ထွက်ပေါ်နေသည်။
သရဲတစ္ဆေများ၏ ငိုကြွေးသံများက ကြားရသူတိုင်းကို ကြက်သီးမွေးညင်းထစေနိုင်သည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေနိုင်သည်။ ယင်းက နတ်ဆိုးအော်သံ ဖြစ်သည်။
“ ကောင်းကင်နတ်ဆိုးနန်းတော် ထွက်ပေါ်လာစမ်း… ကောင်းကင်ဘုံအောက်က အရာအားလုံးကို အမြစ်ပြတ်ဖျက်ဆီးပစ်မယ်… ဖိနှိပ်စမ်း ”
ဝမ်ထောင်သည် နတ်ဆိုးနန်းတော်ကို သူ၏ ညာဘက်လက်ဖြင့် ကိုင်ထားသည်။ ယခုအချိန်မှာ သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်လာသည်။ သူသတိမထားမိသည်မှာ နတ်ဆိုးနန်းတော်ထဲမှ နတ်ဆိုးချီအမျှင်တန်းတစ်ခုက သူ၏ လက်ဖဝါးထဲသို့ တိုးဝင်သွားသည်။ တစ်ဆက်တည်းမှာ ထိုနတ်ဆိုးချီက သူ၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူက ကျယ်လောင်စွာ အော်လိုက်ပြီး နတ်ဆိုးနန်းတော်ကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ လေပေါ်သို့ ပျံသန်းသွားသည်နှင့်ချက်ချင်း လက်ဖဝါးအရွယ်ခန့်ရှိသော နတ်ဆိုးနန်းတော်က ရုတ်တရက် တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ နတ်ဆိုးနန်းတော်က အရွယ်အစားကြီးမားသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ နတ်ဆိုးနန်းတော်က ဧရာမဖြစ်သွားပြီး ရှင်းလင်းထင်ရှားလာသည်။
အပြင်လောကတွင်လည်း ယင်းက နန်းတော်တစ်ခု ဖြစ်သည်။ နန်းတော်၏ မျက်နှာပြင်ပေါ်မှာ နတ်ဆိုးနတ်ဘုရားများ၏ ရုပ်ပုံအများအပြားကို ရေးထွင်းထားသည်။ နန်းတော်က ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီကို ရှူသွင်းရှူထုတ်ပြုလုပ်နေသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ နတ်ဆိုးချီက ဘေးပတ်ဝန်းကျင်သို့ အမြန်ပျံ့နှံ့သွားသည်။ နောက်အခိုက်အတန့်မှာ အရွယ်အစားကြီးမားသော အနက်ရောင်နန်းတော်က သီရှီထျန်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက ဘယ်လိုဓမ္မရတနာလဲ ”
သီရှီထျန်သည် နတ်ဆိုးနန်းတော်ကို မြင်လိုက်သည်နှင့်ချက်ချင်း သူ့ခန္ဓာကိုယ်ကို လှုပ်ရှားပြီး နန်းတော်၏ နယ်နိမိတ်အတွင်းမှ ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ ဦးခေါင်းပေါ်မှာ လွင့်မျောနေသော နတ်ဆိုးနန်းတော်ဆီမှာ ထူးဆန်းသောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။ ထိုစွမ်းအားက နန်းတော်အောက်မှ နယ်မြေကို ချုပ်နှောင်လိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ပထမမိစ္ဆာသွေးကြော၏ အထွတ်အထိပ်မှာ ဖြစ်သည်။ သူက ဒုတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် အရည်အချင်းပြည့်မီနေပြီ ဖြစ်၏။ သို့သော်လည်း သူက အစွမ်းကုန်သုံး၍ ရုန်းကန်သည့်တိုင် နန်းတော်အောက်မှ နယ်မြေထဲမှ မလွတ်မြောက်နိုင်ပေ။
“ မဖြစ်ဘူး… အဲ့ဒီနတ်ဆိုးနန်းတော်က ထူးဆန်းတယ်… ဒီအတိုင်း ငါဆက်လုပ်နေလို့ မဖြစ်ဘူး… ချုပ်နှောင်မှုကနေ ရုန်းထွက်ပြီး ဒီကနေ ငါထွက်ပြေးရမယ်… မဟုတ်ရင် ငါအသက်အန္တရာယ်ကြုံရနိုင်တယ် ”
သီရှီထျန် နှလုံးခုန်မြန်လာသည်။ ထိုနတ်ဆိုးနန်းတော်ထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ကိန်းဝပ်နေကြောင်း သူ၏ မိစ္ဆာအာရုံက သူ့ကို သတိပေးနေသည်။
“ တင်း… တုန်… တင်း… တုန် ”
သူ၏ လက်ငါးချောင်းကို အမြန်လှုပ်ရှားလိုက်သည့်အခါ ကုချင်းကြိုးများပေါ်မှာ ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာကြသည်။ အသံဓားများသည် အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာကြသည်။ ယင်းတို့က ရေပန်းသဖွယ် အပေါ်သို့ မြှောက်တတ်သွားကြသည်။ အသံဓားများသည် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုနှင့်အတူ သူ၏ ဘေးပတ်ဝန်းကျင်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြသည်။
သီရှီထျန်သည် အသံဓားများကို အသုံးပြု၍ ဤနေရာမှ အချုပ်အနှောင်များကို ဖျက်ဆီးပစ်ချင်သည်။
“ ဟား ဟား… ဘာမှအသုံးဝင်မှာ မဟုတ်ဘူး… ဘယ်သက်ရှိမှ နတ်ဆိုးနန်းတော်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… စုပ်ယူစမ်း ”
အသံဓားများကို အဆက်မပြတ် ထုတ်လွှတ်၍ ရုန်းကန်နေသော သီရှီထျန်၏ လုပ်ဆောင်မှုကို မြင်သောအခါ ဝမ်ထောင်က သရော်လှောင်ပြောင်စွာ ရယ်လိုက်သည်။ သူ၏ မျက်နှာက ပိုပြီးရက်စက်ခက်ထန်လာသည်။ တစ်ချိန်တည်းမှာ သူက ရှုပ်ထွေးနက်နဲသော ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုချိပ်တံဆိပ်လက်သင်္ကေတက အလွန်အစွမ်းထက်ဟန် ရသည်။ ယင်းကို ဖွဲ့စည်းလိုက်သည်နှင့်ချက်ချင်း သူ၏ မျက်နှာက သွေးရောင်ပျောက်သွားပြီး ဖြူဖျော့သွားသည်။ ထို့ပြင် ယင်းထဲမှာ အကန့်အသတ်မဲ့စွမ်းအား ကိန်းအောင်းနေဟန် ရ၏။ သူက လက်နှစ်ဖက်ကို တစ်ပြိုင်နက် မြှောက်လိုက်ပြီး ချိပ်တံဆိပ်သင်္ကေတကို နတ်ဆိုးနန်းတော်ဆီသို့ ပို့လွှတ်လိုက်သည်။
ချိပ်တံဆိပ်သင်္ကေတနှင့် ပေါင်းစပ်သွားသည့်အခါ နတ်ဆိုးနန်းတော်က ပြင်းထန်စွာ တုန်ယင်သွားသည်။ နတ်ဆိုးနန်းတော်၏ ဘေးပတ်ဝန်းကျင်တွင် နတ်ဆိုးချီက ပိုမိုအားကောင်းလာပြီး နတ်ဆိုးအော်သံက ပိုပြီးကျယ်လောင်လာသည်။
အလွန်အားကောင်းသော စုပ်ယူအားက နန်းတော်ထံမှ ထွက်ပေါ်လာပြီး သီရှီထျန်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ တစ်ချိန်တည်းမှာ နန်းတော်၏ ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးချီက အသံဓားများကို ဖျက်ဆီးပစ်လိုက်သည်။ သို့ဖြစ်၍ သီရှီထျန်ဆီမှာ ထိုစုပ်ယူအားကို ခုခံနိုင်သောအင်အား လုံးဝ မရှိပေ။ သူက နတ်ဆိုးနန်းတော်၏ အတင်းအဓမ္မ ဝါးမျိုခံလိုက်ရသည်။
အခန်း(၂၄၃)
“ ကျီး ”
သားရဲဘုရင်အရှိန်အဝါပါဝင်သော ငှက်အော်သံက အဝေးမှ ပျံ့လွင့်လာသည်။ အစိမ်းရောင်မီးတောက်ဘောလုံးတစ်လုံးက ကောင်းကင်ယံမှ ကျဆင်းလာပြီး သွေးတိမ်တိုက်များကို တိုက်ရိုက် ထိမှန်သွားသည်။ အစိမ်းရောင်မီးတောက်ဘောလုံးက အလွန်အစွမ်းထက်သည်။ ယင်းက လေထဲမှ သွေးတိမ်တိုက်များကို မြန်ဆန်စွာ သန့်စင်ပစ်လိုက်သည်။ သွေးတိမ်တိုက်အများစုက မီးလောင်ကျွမ်းသွားပြီး ပျောက်ကွယ်သွားကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် အစိမ်းရောင်မီးတောက်က သွေးတိမ်တိုက်ကို ဖိနှိပ်နိုင်စွမ်းရှိကြောင်း မြင်နိုင်ပေသည်။ အစိမ်းရောင်မီးတောက်သည် အမှန်တကယ် အစွမ်းကြီးမားသည်။
သွေးတိမ်တိုက်များ လွင့်ပြယ်သွားပြီးနောက် လေထဲ၌ အစိမ်းရောင်လူအန်ငှက်တစ်ကောင် ထွက်ပေါ်လာသည်။ ဝတ်စုံဖြူဝတ် မိန်းကလေးတစ်ယောက်က လူအန်ငှက်၏ ကျောပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ လက်ထဲမှာ အစိမ်းရောင်ကုချင်းတစ်ခုကို ကိုင်ထားသည်။ ကုချင်းသည် ရံဖန်ရံခါ အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ကုချင်း၏ ကိုယ်ထည်ပေါ်မှာ အစိမ်းရောင်သစ်ရွက်များ ရှိသည်။ ယင်းတို့က အလွန်အသက်ဝင်လေရာ အစိမ်းရောင်သစ်ရွက်များ၏ အကြောများကိုပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။
“ အကိုသီ… ”
သွေးတိမ်တိုက်များ လွင့်ပြယ်သွားသည့်အခါ လူအန်ငှက်ပေါ်မှ မိန်းကလေးသည် နတ်ဆိုးနန်းတော်က သီရှီထျန်ကို ဝါးမျိုလိုက်ကြောင်း မြင်တွေ့သွားသည်။ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အလန့်တကြား အော်ခေါ်လိုက်သည်။ ထို့နောက် သူက လက်ကို မှောက်လှန်လိုက်လေရာ မှော်အဆောင်တစ်ခုက သူ့လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်စွမ်းအားကို မှော်အဆောင်ထဲသို့ ထည့်သွင်းလိုက်လေရာ မှော်အဆောင်က ကျောက်စိမ်းအလင်း တောက်ပလာပြီး ပျက်စီးသွားသည်။
“ ဂျိန်း… ဂျိန်း… ဂျိန်း ”
ကျောက်စိမ်းမှော်အဆောင် ပျက်စီးသွားသည်နှင့်ချက်ချင်း တိမ်မည်းအစုအဝေးက နတ်ဆိုးနန်းတော်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ တိမ်မည်းအစုအဝေးထဲ၌ လျှပ်စီးကြောင်းများက မြန်ဆန်စွာ ကူးခတ်ရွေ့လျားနေကြသည်။ ကြီးမားသော ဖိအားက ကမ္ဘာမြေပေါ်သို့ သက်ဆင်းသွားသည်။ ထို့နောက် တိမ်မည်းအစုအဝေးက မိုးကြိုးသွားများကို နတ်ဆိုးနန်းတော်ပေါ်သို့ အဆက်မပြတ် ပစ်ချလိုက်သည်။ မိုးကြိုးသွားတစ်ခုစီက ရေပုံးတစ်ပုံးခန့် ကြီးမားကြသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ မိုးကြိုးသွားငါးစင်းက ကောင်းကင်ယံမှ တစ်ခုပြီးမှတစ်ခု ဆင်းသက်လာကြသည်။
“ ငါးကြိမ်ပစ်ခွင်းမိုးကြိုးအဆောင် ”
မသေမျိုးကျင့်ကြံခြင်းလောကတွင် စွမ်းအားပေါ်မူတည်၍ မန္တန်များနှင့် မှော်အဆောင်များကို အဆင့်သုံးဆင့်ခွဲခြားထားသည်။ ယင်းတို့က အဆင့်နိမ့်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့် ဖြစ်ကြသည်။ “ ငါးကြိမ်ပစ်ခွင်းမိုးကြိုးအဆောင် ”သည် အစွမ်းထက်ဆုံး အလယ်အလတ်အဆင့် မှော်အဆောင်များအနက် တစ်ခုဖြစ်သည်။ မှော်အဆောင်၏ အဖျက်စွမ်းအားက အလွန်ကြီးမားလေရာ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် ယင်းကို သတိထားရလိမ့်မည်။
အဖျက်စွမ်းအားကြီးမားသော မိုးကြိုးသွားများက နတ်ဆိုးနန်းတော်ကို ငါးကြိမ်ဆက်တိုက် ပစ်ခွင်းလိုက်ကြသည်။
သို့သော် နတ်ဆိုးနန်းတော်က ပိုပြီးအံ့ဖွယ်ကောင်းသည်။ နတ်ဆိုးနန်းတော်ကို မည်သည့်ပစ္စည်းဖြင့် ဖန်တီးပြုလုပ်ထားကြောင်း မသိရသော်လည်း ကြီးမားသော အန္တရာယ်ခြိမ်းခြောက်မှုကို အာရုံခံမိသောအခါ နန်းတော်က ပမာဏများပြားသော နတ်ဆိုးချီကို ထုတ်လွှတ်လိုက်သည်။ နတ်ဆိုးချီက နန်းတော်၏ အပေါ်မှာ တိမ်တိုက်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
မိုးကြိုးသွားများက နတ်ဆိုးချီတိမ်တိုက်ဖြင့် ထိမှန်သွားသည့်အခါ ပြင်းထန်စွာ တုန်ယင်သွားပြီး အရွယ်အစား သေးငယ်သွားကြသည်။ စတုတ္ထမြောက်မိုးကြိုးဖြင့် ထိမှန်သွားသည့်အခါ နတ်ဆိုးချီတိမ်တိုက်က “ ဝုန်း ”ဟူသော မြည်သံနှင့်အတူ ပြိုကွဲသွားသည်။ ထို့ကြောင့် ပဉ္စမမြောက်မိုးကြိုးက နတ်ဆိုးနန်းတော်ပေါ်သို့ အကြမ်းပတမ်း ကျဆင်းသွားသည်။
သို့သော်လည်း နတ်ဆိုးနန်းတော်က ပဉ္စမမြောက်မိုးကြိုး၏ အဖျက်စွမ်းအားကို တောင့်ခံနိုင်ခဲ့သည်။ နန်းတော်၏ ကိုယ်ထည်ပေါ်မှ နတ်ဆိုးချီပမာဏက လျော့ပါးသွားသော်လည်း နန်းတော်က ဘာမှမထိခိုက်သွားပေ။
“ နတ်ဆိုးချီ… ဘယ်လောက် အားကောင်းလိုက်တဲ့ နတ်ဆိုးချီလဲ… မဟုတ်မှ အဲ့ဒါက ဒဏ္ဍာရီလာ ကောင်းကင်နတ်ဆိုးနန်းတော်လား… အဲ့ဒီနတ်ဆိုးနန်းတော်က ရှေးခေတ်မှာ ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား… ဘာလို့ အခု ပြန်ပေါ်လာတာလဲ ”
ကိုတိုမီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ထိုနန်းတော်က ဒဏ္ဍာရီလာ ကောင်းကင်နတ်ဆိုးနန်းတော်ဖြစ်နိုင်ကြောင်း သူသိသွားသောအခါ ဇပဝါအောက်မှ သူ့မျက်နှာက ညှိုးငယ်သွားသည်။ ရှင်းလင်းစွာပင် သူက ကောင်းကင်နတ်ဆိုးနန်းတော်အကြောင်း အနည်းအကျဉ်း သိထားသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ထူးဆန်းသော အဖြစ်အပျက်က ရုတ်တရက် ဖြစ်ပေါ်လာသည်။ ကောင်းကင်နတ်ဆိုးနန်းတော်က ကောင်းကင်ဘုံမိုးကြိုးသွားကို တောင့်ခံနိုင်ခဲ့သော်လည်း မိုးကြိုးသွားက နတ်ဆိုးနန်းတော်၏ မြှုပ်ကွယ်နေသော လျှို့ဝှက်စွမ်းရည်ကို အသက်သွင်းလိုက်ဟန် ရ၏။ နတ်ဆိုးချီသည် နန်းတော်ထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ ထူးဆန်းသည်မှာ နတ်ဆိုးချီသည် ကောင်းကင်ပေါ်သို့ မပျံတတ်သွားပေ။ ယင်းအစား နတ်ဆိုးချီက မြေကြီးပေါ်မှာ ရပ်နေသော ဝမ်ထောင်ဆီသို့ ပျံသန်းသွားသည်။ ထိုအခိုက်အတန့်မှာ ဝမ်ထောင်က အံ့ဩထိတ်လန့်သွားသည်။
ပမာဏများပြားသော နတ်ဆိုးချီက သူ့ထံသို့ ရုတ်တရက် ပျံသန်းလာမည်ဟု ဝမ်ထောင် မမျှော်လင့်ထားပေ။ ထို့ကြောင့် သူဘာမှမတုံ့ပြန်နိုင်မီ နတ်ဆိုးချီက သူ့ခန္ဓာကိုယ်ကို အမြန်ဖုံးလွှမ်းသွားသည်။
“ အား… ”
ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ယံထိ ပျံတတ်သွားသည်။ အနက်ရောင်နတ်ဆိုးချီဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်အခါ ဝမ်ထောင်၏ ခန္ဓာကိုယ်က ကြီးထွားလာသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ နတ်ဆိုးချီသည် ဝမ်ထောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရန် တုံ့ဆိုင်းမနေပေ။ တစ်ချိန်တည်းမှာ နတ်ဆိုးချီက သရဲတစ္ဆေအော်ညည်းသံကို ထုတ်လွှတ်လိုက်သည်။ တစ်ခုကံကောင်းသည်မှာ ဝမ်ထောင်၏ ဦးခေါင်းပေါ်မှ နတ်ဆိုးနန်းတော်က သူ့အသက်ကို ကာကွယ်ပေးရန် နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်ပေးလိုက်သည်။ သို့သော်လည်း နတ်ဆိုးချီက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်သွားနေသည်။
ထိုမြင်ကွင်းက အလွန်ထူးဆန်းပြီး ကျောချမ်းဖွယ်ကောင်းသည်။ သတ္တိနည်းသူများဆိုလျှင် ထိုမြင်ကွင်းကို မြင်သည့်အခါ သတိလစ်သွားနိုင်သည်။ ယင်းက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေမည့် အေးစက်မှုကို ပေးသည်။
“ ကောင်းကင်နတ်ဆိုးနန်းတော်… အဲ့ဒါက ဒဏ္ဍာရီလာ ရှေးဟောင်းနတ်ဆိုးရတနာပဲ… ဘာလို့ ကောင်းကင်နတ်ဆိုးနန်းတော်က ဒီနေရာမှာ ထွက်ပေါ်လာတာလဲ… အို မကောင်းတော့ဘူး… အဲ့ဒီကျင့်ကြံသူက နတ်ဆိုးဖြစ်တော့မယ်… တစ်စုံတစ်ယောက်က ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ နတ်ဆိုးချီနဲ့ ယိုယွင်းတိုက်စားခံရမယ်ဆိုရင် နတ်ဆိုးဖြစ်လာလိမ့်မယ်… ဒီလောကမှာ မြင်မြင်သမျှသတ္တဝါတိုင်းကို မျက်တောင်မခတ်ဘဲ သတ်ပစ်တဲ့ နောက်ထပ် နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာတော့မှာ ငါစိုးရိမ်တယ် ”
ချင်ရွှမ်းက ကိုတိုမီ၏ ဘေးသို့ ဝှစ်ခနဲ ရောက်ရှိလာသည်။ လေထဲမှာ သူမတ်တတ်ရပ်နေစဉ် မြေကြီးပေါ်မှ ထူးဆန်းသော မြင်ကွင်းကို မြင်သွားသောအခါ အံ့ဩသွားသည်။
“ အဖေ… သမီးတို့ အခု ဘာလုပ်ကြမလဲ… အကိုသီက နတ်ဆိုးနန်းတော်ရဲ့ ဝါးမျိုခံလိုက်ရပြီ… အကိုသီကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု အမြန်စဉ်းစားပေးပါ… အကိုသီလည်း နတ်ဆိုးချီနဲ့ ယိုယွင်းတိုက်စားခံရပြီး နတ်ဆိုးတစ်ကောင်ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ… အဲ့ဒီလို မဖြစ်ရဘူး ”
ကိုတိုမီသည် ချင်ရွှမ်းရောက်လာသည်ကို မြင်သောအခါ အသက်ရှင်ရန် နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ရှာတွေ့သွားသည့်အလား အမြန်အသနားခံလိုက်သည်။
“ ကောင်းကင်နတ်ဆိုးနန်းတော်က ရှေးခေတ်နတ်ဆိုးရတနာပဲ… ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာက အဲ့ဒါက သာ့ထျန်းနတ်ဆိုးရဲ့ တန်ဖိုးအကြီးမားဆုံးရတနာ ဖြစ်တယ်… အခု ကြည့်ရတာတော့ ကောင်းကင်နတ်ဆိုးနန်းတော်က ကြီးကြီးမားမား ထိခိုက်ပျက်စီးထားပြီး စွမ်းအားအများစုကို ဆုံးရှုံးထားတဲ့ပုံပဲ… ဒါပေမဲ့ သာ့ထျန်းနတ်ဆိုးက အတွင်းနတ်ဆိုးတွေကို လှုံ့ဆော်တဲ့နေရာမှာ အထူးချွန်ဆုံးပုဂ္ဂိုလ် ဖြစ်တယ်… အတွင်းနတ်ဆိုးတွေ လှုံ့ဆော်ခံလိုက်ရတဲ့အခါ အမတပညာရှင်တစ်ပါးတောင် အတွင်းနတ်ဆိုးရဲ့ ဝါးမျိုခံရပြီး နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မယ်… သီရှီထျန်ကို ကယ်တင်ဖို့က မလွယ်ကူဘူး ”
ချင်ရွှမ်းသည် ကောင်းကင်နတ်ဆိုးနန်းတော်အကြောင်း ကိုတိုမီထက် အများကြီး ပိုသိထားသည်။
“ ဒါ့အပြင် ဒဏ္ဍာရီအရ ကောင်းကင်နတ်ဆိုးနန်းတော်က ရှေးဟောင်းစစ်ပွဲအတွင်းမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့တယ်ဆိုပေမဲ့ ငါတို့ရဲ့ လက်ရှိစွမ်းအားက နတ်ဆိုးနန်းတော်ကို အပြင်ကနေ ဖျက်ဆီးပစ်ဖို့ မလုံလောက်ဘူး… နတ်ဆိုးနန်းတော်ထဲ စုပ်ယူခံလိုက်ရတဲ့လူ အပြင်ကို ပြန်ထွက်လာဖို့က နည်းလမ်းတစ်ခုပဲ ရှိတယ်… အဲ့ဒါက စုပ်ယူခံလိုက်ရတဲ့လူကိုယ်တိုင် အပြင်ကို ပြန်ထွက်လာဖို့ ရုန်းကန်တာပဲ… ဒါမှမဟုတ်ရင်… ”
ချင်ရွှမ်းသည် ကောင်းကင်နတ်ဆိုးနန်းတော်ကို ကြောက်ရွံ့သည်။ ဝမ်ထောင်က နတ်ဆိုးအဖြစ် ပြောင်းသွားနေသည်ကို သူက အကူအညီမဲ့စွာ ကြည့်နေသည်။ သူက မကူညီပေးချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား အလွန်နောက်ကျသွားပြီဖြစ်ကြောင်း သူသိသောကြောင့်ပင်။ ထို့ပြင် နန်းတော်၏ ချုပ်နှောင်မှုသည် ချိုးဖြတ်ရန် အလွန်ခက်ခဲသည်။
“ ဒါမှမဟုတ်ရင်က ဘာကိုပြောတာလဲ အဖေ ”
ကိုတိုမီက အလျင်စလို မေးသည်။ သူက ကောင်းကင်နတ်ဆိုးနန်းတော်ကို စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
ချင်ရွှမ်းက ကိုတိုမီကို လေးနက်စွာ ကြည့်လိုက်သည်။
“ ဒါမှမဟုတ်ရင်… သမီးက မြစိမ်းကုချင်းကို အပြည့်အဝ သန့်စင်ပြီး မြစိမ်းကုချင်းရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်မယ်ဆိုရင် နတ်ဆိုးနန်းတော်ကို အပြင်ဘက်ကနေ ချိုးဖြတ်နိုင်လောက်တယ် ”
သူက စကားဆုံးသည်နှင့် ကိုတိုမီ၏ လက်ထဲမှ မြစိမ်းကုချင်းကို ကြည့်လိုက်သည်။ သူက ခါးသီးစွာ ခေါင်းယမ်းလိုက်သည်။
မြစိမ်းကုချင်းက ကိုတိုမီကို မငြင်းဆန်ဘဲ အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း မြစိမ်းကုချင်းကို အပြည့်အဝ မသန့်စင်ရသေးလျှင် ယင်း၏ အစစ်အမှန်စွမ်းအားကို ကိုတိုမီ အသုံးပြုနိုင်ဦးလိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် သူတို့ဆီမှာ အခွင့်အရေးတစ်ခု ရှိနိုင်လောက်သည်။
“ ဒါဆိုရင် အကိုသီ… မဖြစ်ဘူး… သမီး အထဲဝင်ပြီး သူ့ကို သွားရှာမယ် ”
ကိုတိုမီက ထိတ်လန့်ချောက်ချားသွားသည်။ သူက နှစ်ခါစဉ်းစားမနေဘဲ နတ်ဆိုးနန်းတော်ဆီသို့ ပျံသန်းသွားသည်။ ယင်းက မိုက်မဲသော လုပ်ရပ်ဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
“ ညည်းဘာလုပ်တာလဲ ”
ချင်ရွှမ်းက မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကိုတိုမီကို အမြန်လှမ်းဆွဲလိုက်သည်။ သူက လေသံမာမာဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
“ ညည်း နတ်ဆိုးနန်းတော်ထဲ ဝင်သွားရင် သီရှီထျန်ကို ကယ်တင်နိုင်မယ်လို့ ထင်နေတာလား… အဲ့ဒါ ညည်း ကိုယ့်ဘာသာ သွားအသေခံတာပဲ… ရှေးခေတ်မှာတောင် အစွမ်းထက်ကျင့်ကြံသူတွေက ကောင်းကင်နတ်ဆိုးနန်းတော်နားကို မချဉ်းကပ်ရဲကြဘူး… အခု နတ်ဆိုးနန်းတော်က ကြီးကြီးမားမား ထိခိုက်ပျက်စီးထားတယ်ဆိုရင်တောင် ညည်း ထိနိုင်တဲ့အရာ မဟုတ်ဘူး… ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် အထဲဝင်သွားရင်တောင် ပြန်ထွက်လာနိုင်ဖို့ မသေချာဘူး ”
ချင်ရွှမ်း၏ အမူအရာက ပုံမှန်မဟုတ်ဘဲ တည်ကြည်နေသည်။ သူက နတ်ဆိုးချီဖြင့် ရစ်သိုင်းခံထားရသော ဝမ်ထောင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။
ထိုအခိုက်အတန့်မှာ ဝမ်ထောင်၏ အော်ဟစ်သံများက တဖြည်းဖြည်း တိုးညင်းသွားပြီး ပျောက်ကွယ်သွားသည်။ နတ်ဆိုးချီလှိုင်းများက သူ၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် ပေါ်လျှိုးလာသည်။ အလွန်သိပ်သည်းသော နတ်ဆိုးချီက ဝမ်ထောင်၏ အပြည့်အဝ စုပ်ယူခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းထားသော နတ်ဆိုးချီ ပျောက်ကွယ်သွားသည်နှင့် ဝမ်ထောင်က နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မည်။
ကောင်းကင်နတ်ဆိုးနန်းတော်အကြောင်း ပြောရလျှင် ယင်းကို ဝမ်ထောင်ရရှိခဲ့ပုံက မတော်တဆ ဖြစ်သည်။ ယင်းက သီရှီထျန်နှင့်လည်း ဆက်စပ်နေသည်။ အတိတ်မှာ ဝမ်ထောင်သည် သီရှီထျန်၏ စစ်သူရဲဝိညာဉ်ရာထောင်ချီကြောင့် ကြောက်လန့်သွားပြီး အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးခဲ့သည်။ ကြောက်စိတ်ကြောင့် သူက ဦးတည်ချက်မဲ့စွာ ပျံသန်းသွားနေခဲ့သည်။ ထိုသို့ထွက်ပြေးနေစဉ် သူက ထူးဆန်းသော လှိုဏ်ဂူတစ်ခုကို မမျှော်လင့်ဘဲ ရှာတွေ့သွားသည်။
လှိုဏ်ဂူထဲတွင် သေးငယ်သော နန်းတော်တစ်ခုသာ ရှိသည်။ အကြောင်းအရင်းကို သူသေချာမသိသော်လည်း နန်းတော်ကို မြင်သွားသည့်အခိုက် အသံတစ်သံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာပြီး နန်းတော်ကို ယူဆောင်ရန် စေခိုင်းနေသည်။ ထိုနန်းတော်ကို သူယူဆောင်လိုက်လျှင် ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်သွားပြီး ဤလောက၏ မိန်းမလှအားလုံးကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ထိုအသံက ပြောသည်။
ဝမ်ထောင်က ထိုသို့သွေးဆောင်မှုကို မလွန်ဆန်နိုင်လေရာ နန်းတော်ကို ချက်ချင်း ယူဆောင်လိုက်သည်။ ထိုနန်းတော်သည် ကောင်းကင်နတ်ဆိုးနန်းတော်မှလွဲ၍ တခြားမဟုတ်ပေ။ ဝမ်ထောင်သည် သတိကြီးသူ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်ကို သူဆုပ်ကိုင်လိုက်သည့်အခါ ရုတ်တရက် သတိပြန်ဝင်သွားသည်။ နန်းတော်က တန်ဖိုးကြီးရတနာဖြစ်ကြောင်း သူသိသော်လည်း ယင်း၏ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်သည်။ ထို့ကြောင့် သူက ကောင်းကင်နတ်ဆိုးနန်းတော်ကို အလျင်စလို မသန့်စင်ခဲ့ပေ။
သူက ကောင်းကင်နတ်ဆိုးနန်းတော်ကို မဆင်မခြင် အသုံးမပြုဝံ့ပေ။ ယခု သီရှီထျန်နှင့် နောက်တစ်ကြိမ် သူတိုက်ခိုက်လိုက်သည့်အခါမှ ကောင်းကင်နတ်ဆိုးနန်းတော်ကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်သည်။ ပထမအနေနှင့် သီရှီထျန်ကို သာမန်နည်းလမ်းများဖြင့် အနိုင်မယူနိုင်ကြောင်း သူသိသည်။ ဒုတိယအနေနှင့် ကောင်းကင်နတ်ဆိုးနန်းတော်၏ အစွမ်းကို သူမြင်ချင်သည်။ သို့သော်လည်း ကောင်းကင်နတ်ဆိုးနန်းတော်မှာ ထိုမျှအားကောင်းသော နတ်ဆိုးချီ ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ယင်းကို သူအသုံးပြုလိုက်သည့်အခါ သူကိုယ်တိုင် နတ်ဆိုးဖြစ်လာမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။