အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း(၂၄၄)
“ အား… ”
အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးချီထဲမှ ပုံရိပ်က တဖြည်းဖြည်း ကြည်လင်ထင်ရှားလာသည်။ ယခုအချိန်မှာ ဝမ်ထောင်၏ ပုံရိပ်က ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။ သူ၏ ခန္ဓာကိုယ်က နှစ်မီတာကျော်အောင် မြင့်မားသွားသည်။ သူ၏ ခန္ဓာကိုယ်က အဆမတန် ကြီးထွားလာပြီး နေရာအနှံ့မှာ ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ အလွန်ကြီးမားသော အင်အားက သူ့ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရွေ့လျားစီးဆင်းနေဟန် ရသည်။
နတ်ဆိုးချီအမျှင်တန်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပြန့်ကျဲနေသည်။ ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးဆေးမင်ကြောင်းတစ်ခုက သူ၏ ဘယ်ဘက်မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်းအနောက်တွင် အနက်ရောင်ဆံပင်က လေမတိုက်ဘဲ လွင့်မျောနေသည်။
“ ဂါး ”
ဝမ်ထောင် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ မျက်လုံးတစ်စုံက အနက်ရောင်သို့ လုံးဝ ပြောင်းလဲသွားသည်။ ဤသည်မှာ အနက်ရောင်မီးတောက်က သူ၏ မျက်လုံးထဲမှာ ကိန်းအောင်းနေသည့်အလားပင်။ သူက ကျယ်လောင်စွာ ပါးစပ်ဟ၍ သူ့အရှေ့မှ လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးချီအားလုံးက သူ၏ ပါးစပ်ထဲသို့ ဒလဟော ဝင်ရောက်လာသည်။ သူက ဗိုက်ဖောင်းကားလာသည်အထိ နတ်ဆိုးချီကို အငမ်းမရ ဝါးမျိုလိုက်သည်။ နတ်ဆိုးချီအားလုံးကို ဝါးမျိုပြီးနောက် သူက လေချဉ်တတ်လိုက်သေးသည်။ သူက ချင်ရွှမ်းကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ သူက ညာလက်ကို ဆန့်ထုတ်၍ ကောင်းကင်နတ်ဆိုးနန်းတော်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ နတ်ဆိုးချီက သူ့ကို လေပေါ်သို့ ပင့်မြှောက်ပေးလိုက်သည်။ သူက အဝေးသို့ အမြန်ထွက်ပြေးသွားသည်။
“ နတ်ဆိုး… မင်း ဘယ်ပြေးမှာလဲ ”
ယင်းကို ချင်ရွှမ်းမြင်သောအခါ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ခရမ်းရောင်ဗုံတစ်လုံးက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ဗုံတူနှစ်ချောင်းကို လက်ထဲမှာ ကိုင်ထားရင်း သူ့အရှေ့မှ ဗုံကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
“ ဒုန်း ”
ခရမ်းရောင်ဗုံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ဗုံသံကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်အသံလှိုင်းများ ပျံ့လွင့်သွားသည့်အခါ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်။ ဘေးပတ်ဝန်းကျင်တွင် ရှင်သန်ပေါက်ရောက်နေသော သစ်ပင်ကြီးများက အားကောင်းသော အသံလှိုင်းဖြင့် ရိုက်ခတ်ခံရပြီးနောက် အပိုင်းပိုင်း ပေါက်ကွဲသွားကြသည်။ ကိုတိုမီက ချင်ရွှမ်း၏ ဘေးမှာ ရှိနေသောကြောင့် အသံလှိုင်းဖြင့် ရိုက်ခတ်မခံရပေ။
သို့သော်လည်း နတ်ဆိုးချီထဲမှာ ပုန်းအောင်းနေသော ဝမ်ထောင်သည်တော့ ကောင်းကင်ဘုံမိုးကြိုးသွားဖြင့် ပစ်ချခံလိုက်ရဟန် ရ၏။ သူက အနက်ရောင်သွေးကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သို့သော်လည်း သူ၏ အလျင်က လုံးဝ မနှေးကွေးသွားပေ။ ယင်းအစား သူ၏ အလျင်က ပိုပြီးမြန်ဆန်လာသည်။ သူက ကောင်းကင်နတ်ဆိုးနန်းတော်ကို သယ်ဆောင်လျက် နတ်ဆိုးချီကို လှုံ့ဆော်လိုက်သည်။ နတ်ဆိုးချီက မီးတောက်မီးလျှံများသဖွယ် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
“ မင်း နတ်ဆိုးဖြစ်လာတာကို ငါမတားဆီးနိုင်ခဲ့ဘူး… ဒါပေမဲ့ နတ်ဆိုးကို ငါသုတ်သင်ပစ်နိုင်တယ်… ငါ့ရဲ့ ချင်မိသားစုမှာ နှလုံးသားသန့်စင်အမတသီချင်းပဲရှိတာ မဟုတ်ဘူး… နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းပစ်တဲ့ နတ်ဆိုးသုတ်သင်သီချင်းလည်း ရှိတယ်… မင်းက အခုမှ နတ်ဆိုးဖြစ်လာပေမဲ့ ဝိညာဉ်သန္ဓေတည်နယ်ပယ်ကို ရောက်ရှိနေပြီ… တကယ်လို့ မင်းသာ ကောင်းကင်နတ်ဆိုးနန်းတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားမယ်ဆိုရင် ခရမ်းရွှေကုန်းမြေမှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာလိမ့်မယ်… ဒီနေ့ ငါမင်းကို မရှင်းထုတ်ပစ်နိုင်ရင် အနာဂတ်မှာ ပိုပြီးခက်ခဲလိမ့်မယ် ”
ချင်ရွှမ်းက အဝေးသို့ ပျံသန်းသွားသည်။ သူက ဝမ်ထောင်အနောက်သို့ အမြန်လိုက်ဖမ်းသည်။
“ ချင်းအာ… အဲ့ဒီလူနောက်ကို အမြန်လိုက်ပါ ”
ကိုတိုမီသည် ဝမ်ထောင်အနောက်သို့ အမြန်လိုက်ဖမ်းရန် အစိမ်းရောင်လူအန်ငှက်ကို တိုက်တွန်းနှိုးဆော်လိုက်သည်။ လူအန်ငှက်သည် မြင့်မြတ်သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက ငယ်ရွယ်သေးသော်လည်း အလွန်လျင်မြန်သည်။ ၎င်းက ချင်ရွှမ်းအနောက်မှာ ကျန်မနေခဲ့ဘဲ အမှီလိုက်သွားသည်။
ကိုတိုမီသည် လွန်စွာ စိုးရိမ်ပူပန်နေသည်။ သီရှီထျန်ကို ကောင်းကင်နတ်ဆိုးနန်းတော်က စုပ်ယူသွားကြောင်း သူစဉ်းစားလိုက်သောအခါ သူ့နှလုံးက ဂနာမငြိမ်ဖြစ်လာပြီး ပိုပြီးစိုးရိမ်ပူပန်လာသည်။
သူက သီရှီထျန် ဘေးကင်းလုံခြုံရန် စိတ်ထဲမှာ ဆုတောင်းပေးနေသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဆိုးနန်းတော်ထဲသို့ စုပ်ယူခံလိုက်ရသော သီရှီထျန်သည်လည်း အံ့ဩထိတ်လန့်သွားသည်။ နန်းတော်တစ်ခုက ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်လော။ ထိုနန်းတော်က သာမန်ရတနာတစ်ခုမဟုတ်ကြောင်း ရှင်းလင်းထင်ရှားသည်။
သို့သော် အခြေအနေက ပိုပြီးအန္တရာယ်များလေ သီရှီထျန်က ပိုပြီးစိတ်တည်ငြိမ်လေ ဖြစ်သည်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မထွက်ပေါ်နေပေ။
သူက လက်ထဲမှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို တင်းကျပ်စွာ ကိုင်ထားသည်။ ယခုအချိန်မှာ ဤကုချင်းသည် သူ၏ တစ်ခုတည်းသော အားကိုးရာဖြစ်သည်။ ကုချင်းကြိုးများကို တီးခတ်လိုက်သည့်အခါ သူ၏ နှလုံးသားက တဖြည်းဖြည်း အေးဆေးတည်ငြိမ်သွားသည်။
သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုအခါ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩသွားသည်။
သူက အလွန်ကျယ်ပြောသော နန်းတော်ထဲမှာ ရှိနေကြောင်း ရှာတွေ့သွားသည်။ နန်းတော်ထဲမှ အဓိကခန်းဆောင်သည် လွန်စွာ ခမ်းနားထည်ဝါသည်။ ခန်းဆောင်၏ အမြင့်ဆုံးနေရာတွင် အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါကို ထုတ်လွှတ်နေသော ရာဇပလ္လင်တစ်ခု ရှိသည်။
ရာဇပလ္လင်သည် အလွန်အားကောင်းသော သွေးဆောင်မှုကို ထုတ်လွှတ်နေသည်။ ယင်းက သူ့နှလုံးသားထဲမှ လိုအင်ဆန္ဒများကို လှုံ့ဆော်ပေးနေဟန် ရ၏။ အသံတစ်သံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဒီကို လာခဲ့… ရာဇပလ္လင်ပေါ်မှာ တတ်ထိုင်လိုက်… အဲ့ဒီပေါ်မှာ မင်းထိုင်လိုက်တာနဲ့ လောကကြီးကို အုပ်ချုပ်နိုင်မဲ့ အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ်… မင်းက ဒီလောကရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်လိမ့်မယ်… မင်းက မိုးမြေကြားမှာ တစ်ဦးတည်းသောဧကရာဇ် ဖြစ်လာလိမ့်မယ်… မိန်းမလှတွေလား၊ အဖိုးတန်ရတနာတွေလား၊ ငွေကြေးလား မင်းအလိုရှိတာကို လက်ညှိုးညွှန်လိုက်တာနဲ့ ရရှိလိမ့်မယ်… လာခဲ့… ရာဇပလ္လင်ပေါ်မှာ မင်းထိုင်လိုက်တာနဲ့ အရာအားလုံး ပိုင်ဆိုင်နိုင်လိမ့်မယ် ”
“ လာခဲ့ ”
သွေးဆောင်မှုဖြင့် ပြည့်နှက်နေသော အသံက သူ၏ နှလုံးသားနှင့် နားထဲမှာသာမက အဓိကခန်းဆောင်ထဲမှာလည်း ဆက်တိုက် ပဲ့တင်ထပ်နေသည်။
ထိုအသံကို သီရှီထျန် ကြားလိုက်သောအခါ သူ့နှလုံးသားထဲမှ လိုအင်ဆန္ဒက အပြင်သို့ ပေါက်ကွဲထွက်လာတော့မည့်အလား သူခံစားမိသွားသည်။
“ ခစ် ခစ် ခစ်… ဒီကို လာပါ အရှင်မင်းကြီးရဲ့… ကျွန်မတို့ မလှဘူးလား… အရှင်မင်းကြီး အဲ့ဒီရာဇပလ္လင်ပေါ်မှာ ထိုင်လိုက်တာနဲ့ ကျွန်မတို့အားလုံးက အရှင်မင်းကြီးအပိုင် ဖြစ်လာပါလိမ့်မယ် ”
ဟာလာဟင်းလင်းဖြစ်နေသော အဓိကခန်းဆောင်ထဲမှာ ပြိုင်စံရှား ချောမောလှပသော မိန်းကလေးများက ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက အဝတ်အစားကို မလုံတလုံ ဝတ်ဆင်ထားကြသည်။ သူတို့က ခန္ဓာကိုယ်၏ အဓိကနေရာများကိုသာ ဖုံးကွယ်ထားကြသည်။ သူတို့က သီရှီထျန်၏ ဘေးနားတစ်ဝိုက်မှာ ဆွဲဆောင်မှုရှိစွာ ကခုန်ရွေ့လျားနေကြသည်။ အလွန်အားကောင်းသော ညှို့ဓာတ်က သူတို့ထံမှ ထွက်ပေါ်နေသည်။
သူတို့ကခုန်နေစဉ် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အဓိကနေရာများက မထင်မရှားပေါ်လွင်သွားသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမို့အမောက်၊ အရှိုက်အဝန်းနေရာများတွင် ညှို့ဓာတ်ဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ခန္ဓာကိုယ်မှလည်း မွှေးပျံ့သော ရနံ့ကို ထုတ်လွှတ်နေသည်။ ထိုရနံ့က လူတိုင်းကို အလွယ်တကူ ယဇ်မူးသွားစေနိုင်သည်။ သီရှီထျန်သည်ပင် ဆွဲဆောင်ခံလိုက်ရသည်။ ပျော်ပါးချင်သော လိုအင်ဆန္ဒက သူ၏ စိတ်ထဲမှာ အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။
မြေခွေးမိစ္ဆာညှို့ငင်အက… ။
ဒဏ္ဍာရီအရ မြေခွေးမိစ္ဆာညှို့ငင်အကက သူတော်စင်တစ်ပါးကိုပင် အဆုံးမဲ့သော လိုအင်တပ်မက်မှုထဲမှာ နစ်မြုပ်သွားစေနိုင်သည်။ နှစ်ရာပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်ပါစေ သို့မဟုတ် သီလသမာဓိအားကောင်းသူဖြစ်ပါစေ မြေခွေးမိစ္ဆာညှိုငင်အက၏ ဆွဲဆောင်မှုကို အလွယ်တကူ ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“ တင်း… တုန် ”
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သီရှီထျန်၏ သက်စောင့်မိစ္ဆာလက်နက် ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ့သခင် အန္တရာယ်ကျရောက်နေကြောင်း နားလည်သွားသောအခါ ကုချင်းကြိုးများက သူ့ဘာသာ တုန်ခါသွားသည်။ အလွန်သိပ်သည်းသော အနက်ရောင်အလင်းက ကုချင်းထံမှ ထွက်ပေါ်လာပြီး သီရှီထျန်၏ တစ်ကိုယ်လုံးကို အမြန်ဖုံးလွှမ်းလိုက်သည်။ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လိုအင်ဆန္ဒက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စုပ်ယူဝါးမျိုခံလိုက်ရသည်။
“ အဲ့ဒါ ဘယ်လိုအကလဲ… ကြောက်စရာကောင်းလိုက်တာ… ငါ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတာတောင် လိုအင်ဆန္ဒက ငါ့နှလုံးသားထဲကနေ ထွက်ပေါ်လာတုန်းပဲ ”
သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ လိုအင်ဆန္ဒကို ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက စုပ်ယူလိုက်သည့်အခါ သူ၏ အသိစိတ်က ချက်ချင်း ပြန်ကြည်လင်သွားသည်။ အစောနက အခြေအနေကို ပြန်တွေးလိုက်သည့်အခါ ချွေးစေးများက သူ၏ နဖူးပေါ်မှ စီးကျလာသည်။ စောစောက အခြေအနေက သူ့ကို အမှန်တကယ် ချောက်ချားစေသည်။ အကယ်၍ သူ့မှာသာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းမရှိလျှင် သူက အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားလိမ့်မည်။ အကယ်၍ ထိုသို့ဖြစ်သွားခဲ့သော် နောက်ဆက်တွဲအခြေအနေကို သူစဉ်းစားဝံ့လိမ့်မည် မဟုတ်ချေ။
“ သက်ရှိတွေ သေဆုံးသွားရင် အရိုးခြောက်ဖြစ်သွားလိမ့်မယ်… အလှအပဆိုတာ မသေခင် တဒင်္ဂပိုင်ဆိုင်မှုပဲ… ဒီလိုအရာတွေကို ငါသီရှီထျန်က တပ်မက်စရာလား ”
သီရှီထျန်သည် သူ့အရှေ့၌ ဆွဲဆောင်မှုရှိစွာ ကပြဖျော်ဖြေနေကြသော မိန်းမလှလေးများကို စူးစိုက်ကြည့်၍ အော်ပြောလိုက်သည်။ လိုအင်တပ်မက်မှုကို ပထမတစ်ကြိမ် ကိုယ်တွေ့ကြုံပြီးနောက် သူ၏ စိတ်ခွန်အားက ပိုပြီးသန်စွမ်းလာသည်။ ထို့ပြင် သူ့မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းလည်း ရှိနေလေရာ မည်သို့ကြောင့် နောက်တစ်ကြိမ် သူလှည့်စားခံမည်နည်း။
သူအော်ပြောလိုက်သည့်အခါ သူ့အရှေ့မှ မိန်းမလှလေးများက ထူးဆန်းစွာ ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း သူတို့ပျောက်ကွယ်သွားပြီးနောက် ထွန်းလင်းတောက်ပသော ရောင်စုံအလင်းတန်းများက အဓိကခန်းဆောင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ယင်းတို့က ရတနာအလင်းတန်းများ ဖြစ်ကြသည်။
နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော ရတနာအမျိုးမျိုးက အဓိကခန်းဆောင်ထဲမှာ ထွက်ပေါ်လာကြသည်။ လောကခေါင်းလောင်း၊ ထိုက်ကျီစက်ဝိုင်း၊ ဝိညာဉ်သလင်းကျောက်များနှင့် အမတသုတ်သင်ဓားများ အစရှိသည်တို့ ဖြစ်ကြသည်။
တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်သော အထွတ်အမြတ်ရတနာများက သီရှီထျန်၏ အရှေ့မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ရတနာတစ်ခုစီက အလွန်စစ်မှန်ပြီး ခမ်းနားထည်ဝါသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ ထိုအထွတ်အမြတ်ရတနာများသည် တစ်စုံတစ်ယောက် သူတို့ကို လာယူဆောင်ရန် သွေးဆောင်နေကြသည်။ မည်သူမဆို ထိုရတနာများထဲမှ တစ်ခုကို ပိုင်ဆိုင်သွားသည်နှင့် လောကတစ်ခွင် ပြိုင်ဘက်ကင်းသွားလိမ့်မည်။
“ မင်းရဲ့ အမေနဲ့ ညီလေးကို မကယ်တင်ချင်ဘူးလား… မိစ္ဆာမျိုးနွယ်စုရဲ့ ကံကြမ္မာကို မင်းပြောင်းလဲချင်တယ်မလား… ဒီကို လာပြီး အဲ့ဒါတွေကို ယူလိုက်… လောကတစ်ခွင် ပြိုင်ဘက်ကင်းမယ့် စွမ်းအားကို မင်းပိုင်ဆိုင်သွားလိမ့်မယ်… လာပါ အဲ့ဒါတွေကို ယူလိုက်… ”
သူ့အရှေ့မှ အထွတ်အမြတ်ရတနာတစ်ခုစီသည် မိုးမြေတုန်လှုပ်စေမည့် စွမ်းအားကို ထုတ်လွှတ်နေကြသည်။ သို့တိုင် ယခု သူ့အရှေ့မှာ ထိုရတနာအားလုံးက အတူတကွ စုပြုံရှိနေကြသည်။ ထို့ပြင် ရတနာများထံမှ ထုတ်လွှတ်နေသော အလင်းရောင်ထဲမှာ ဆွဲဆောင်မှုတစ်မျိုး ရှိသည်။ ယင်းက သူ့အား ရတနာများကို လာယူရန် ဆွဲဆောင်နေသည်။
အလှအပက တဏှာရာဂကို ဖြစ်ပေါ်စေသည်။ ရတနာများက လိုချင်တပ်မက်စိတ်နှင့် လောဘကို ဖြစ်ပေါ်စေသည်။
သီရှီထျန်သည် လည်ချောင်းခြောက်ကပ်မှုကို ခံစားမိသွားသည်။ သူက အကြိမ်ကြိမ် တံတွေးမျိုချလိုက်ရသည်။ သူ၏ စိတ်ခွန်အားက အလွန်သန်မာသည့်တိုင် သူ့အရှေ့မှ ရတနာများက ပုံရိပ်ယောင်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေရဆဲပင်။ ထိုရတနာများက သူ့ကို အရှေ့သို့ လျှောက်လာပြီး ရတနာများကို အမြန်ကောက်ယူရန် သွေးဆောင်နေသည်။
ယင်းတို့က အတိတ်ဘဝမှာ သူကြားခဲ့ဖူးသော ဒဏ္ဍာရီရတနာများ ဖြစ်ကြသည်။ ဒဏ္ဍာရီထဲမှ ဖော်ပြချက်အရ ယင်းတို့ထဲမှ မည်သည့်ရတနာမဆို လောကကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းတို့ထဲမှ ရတနာတစ်ခုကို ပိုင်ဆိုင်သွားမည်ဆိုလျှင် မသေမျိုးကျင့်ကြံခြင်းလောက၌ အထွတ်အထိပ်တစ်နေရာကို သေချာပေါက် ရရှိသွားလိမ့်မည်။
အကယ်၍ သူသာ ယင်းတို့ထဲမှ တစ်ခုကို ရရှိသွားမည်ဆိုလျှင် သားရဲတစ်သောင်းဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်းကို နောက်ထပ် စိုးရိမ်နေရန် လိုတော့မည် မဟုတ်ချေ။ ထိုက်ကျိစက်ဝိုင်းဖြင့် ဖိချလိုက်လျှင် အရာအားလုံးက ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။ လောကခေါင်းလောင်းကို တီးလိုက်သည့်အခါ တောင်တန်းများက ပြိုကျပျက်စီးသွားပြီး ပင်လယ်သမုဒ္ဒရာများက ခမ်းခြောက်သွားလိမ့်မည်။ အမတသုတ်သင်ဓားဝင်္ကပါကို ခင်းကျင်းလိုက်သည့်အခါ သက်ရှိအားလုံး အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။
“ ဟွန့်… အတုအယောင်တွေ… အဲ့ဒါတွေအားလုံးက အတုအယောင်တွေ… ရတနာတွေကို ငါလိုချင်တယ်… ဒါပေမဲ့ ငါက အတိတ်တုန်းကလို အားမနည်းတော့ဘူး… ငါက မိစ္ဆာတစ်ကောင်အဖြစ် ပြန်မွေးဖွားလာခဲ့ပြီ… ငါ့မှာ ကိုယ်ပိုင်စွမ်းအားရှိတယ်… တောင်ထွတ်ပေါ်ကို အနှေးနဲ့အမြန် ငါ့ဘာသာ ခြေချမယ်… ငါ့မှာ သက်စောင့်မိစ္ဆာရတနာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ရှိတယ်… နတ်ဆိုးကုချင်းက တောင်ထွတ်ပေါ်ကို ငါနဲ့အတူ တတ်လှမ်းပြီး တစ်လောကလုံးမှာရှိတဲ့ ရတနာတွေကို အထင်သေးစွာ ငုံ့ကြည့်နေလိမ့်မယ် ”
အခန်း(၂၄၅)
သီရှီထျန်က မျက်လုံးမှိတ်လိုက်သည်။ မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးဆီသို့ စီးဆင်းသွားသည်။ ထို့နောက် မိစ္ဆာချီက သူ၏ ဘယ်ဘက်လက်ထဲမှာ စုဝေးသွားသည်။ မိစ္ဆာချီသည် ဘယ်ဘက်လက်မှတဆင့် နတ်ဆိုးကုချင်းထဲသို့ စီးဆင်းသွားသည်။ ထို့နောက် နတ်ဆိုးကုချင်းထဲမှ မိစ္ဆာချီက ညာဘက်လက်ထဲသို့ စီးဆင်းသွားသည်။ ထိုသို့ပုံစံဖြင့် မိစ္ဆာချီက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားသည်။
မိစ္ဆာချီက ထိုသို့လှည့်ပတ်နေစဉ် အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ကုချင်းထဲမှ ထွက်ပေါ်လာပြီး မိစ္ဆာချီထဲသို့ ဝင်ရောက်သွားသည်။ အပြန်အလှန်အနေနှင့် မိစ္ဆာချီအမျှင်တန်းတစ်ခုက ကုချင်းထဲမှာ ကျန်နေခဲ့သည်။ အေးစက်သော စွမ်းအားက မိစ္ဆာချီထဲသို့ ပေါင်းစပ်သွားသည့်အခါ မိစ္ဆာချီက အေးစိမ့်သွားသည်။ မိစ္ဆာချီက သူ၏ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးဆင်းနေစဉ် ရေခဲရေပုံးက သူ၏ ခေါင်းပေါ်သို့ လောင်းချသွားသည့်အလား သီရှီထျန် ခံစားမိသွားသည်။
ထိုအခါ သူ၏ စိတ်ထဲမှ လိုချင်တပ်မက်စိတ်နှင့် လောဘက ချက်ချင်း ပျောက်ကွယ်သွားသည်။ ရုတ်တရက် သူမျက်လုံးဖွင့်လိုက်သည့်အခါ အေးစက်စက် အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ တင်း… တုန် ”
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သီရှီထျန်၏ စိတ်သဘောထားကြောင့် အလွန်ဝမ်းသာပျော်ရွှင်နေဟန် ရ၏။ ကုချင်းကြိုးများက သူ့ဘာသာ တုန်ခါသွားကြသည်။ ကုချင်းသည် ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို သီရှီထျန်၏ အသိစိတ်ထဲသို့ ပို့လွှတ်လိုက်သည်။ နတ်ဆိုးကုချင်း၏ စိတ်ဝိညာဉ်က ထိုအဆင့်ထိ ရောက်ရှိနေလေသည်။ သူ့သခင်၏ အလေးထားမှုကြောင့် သူက စိတ်ခံစားချက်ရှိသွားသည်။
“ အဲ့ဒါက ပုံရိပ်ယောင်ဆိုမှတော့ အဲ့ဒီပုံရိပ်ယောင်ကို ငါချိုးဖြတ်ပစ်မယ် ”
နတ်ဆိုးကုချင်းက ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို ထုတ်လွှတ်လိုက်ကြောင်း စက်ကရာ အာရုံခံမိသည်။ ထိုစိတ်ခံစားမှုက သူ့ကို အံ့ဩစေသည်။ တစ်ချိန်တည်းမှာ သူက စိတ်ထဲမှာ ပျော်ရွှင်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ကုချင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။
ကုချင်းကြိုးများ တုန်ယင်သွားသည်နှင့် အရေအတွက်အကန့်အသတ်မဲ့သော အသံဓားများက သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။ ထိုအသံဓားများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အထွတ်အမြတ်ရတနာများဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အထွတ်အမြတ်ရတနာများက အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။
“ ကျီး… ကျီး… ”
မိန်းမလှလေးများ ကွယ်ပျောက်သွားကြပြီး အတုအယောင်ရတနာများ ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် အဓိကခန်းဆောင်ထဲတွင် ဆွဲဆောင်မှုရှိသော မြင်ကွင်းများက နောက်ထပ် မထွက်ပေါ်လာတော့ပေ။ ထို့ပြင် မြင်ကွင်းက ပြောင်းလဲသွားသည်။ နတ်ဆိုးချီက အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာပြီး ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးများအဖြစ် ဖွဲ့စည်းသွားသည်။ ၎င်းတို့က တစ္ဆေများနည်းတူ ခန္ဓာကိုယ်က ဒြပ်ထည်မဲ့သည်။ သို့သော်လည်း ၎င်းတို့၏ တစ်ကိုယ်လုံးမှာ နတ်ဆိုးချီဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းသည်။ ၎င်းတို့အားလုံးက ပါးစပ်ဟ၍ ချောက်ချားဖွယ်ကောင်းသော အော်သံများကို ထုတ်ဖော်နေကြသည်။
၎င်းတို့က နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမဆို အလွန်အားကောင်းသော နတ်ဆိုးချီကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်က ဒြပ်ထည်မဲ့ပြီး ပုံရိပ်ယောင်နှင့် ဆင်တူသည်။ ထို့ကြောင့် ၎င်းတို့က တစ္ဆေများနှင့် အလားသဏ္ဍာန်တူကြသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့က တစ္ဆေများထက် ပိုကြောက်စရာကောင်းပြီး ၎င်းတို့၏ နတ်ဆိုးချီက ဓမ္မရတနာများကို ယိုယွင်းတိုက်စားပစ်နိုင်သည်။ အကယ်၍ ၎င်းတို့က တစ်စုံတစ်ယောက်ထံ အတင်းအဓမ္မ ခုန်အုပ်မည်ဆိုလျှင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူသည်ပင် ဂရုစိုက်ရလိမ့်မည်။
နတ်ဆိုးများ၏ အဓိက ကြောက်စရာအကောင်းဆုံးအပိုင်းက တခြားလူများကိုလည်း နတ်ဆိုးအဖြစ် ပြောင်းလဲပစ်နိုင်ခြင်းပင်။ နတ်ဆိုးများနှင့် တိုက်ခိုက်သည့်အခါ တစ်စုံတစ်ယောက်သည် သေချာဂရုမစိုက်လျှင် နတ်ဆိုးချီ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို တွေ့ကြုံရနိုင်သည်။ နတ်ဆိုးချီသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးလျှင် အမြစ်တွယ်လာပြီး ကြီးထွားလာလိမ့်မည်။ နတ်ဆိုးချီကြီးထွားလာသည့်အခါ ထိုလူက နတ်ဆိုးအဖြစ် အသွင်ပြောင်းလဲသွားလိမ့်မည်။
နတ်ဆိုးတစ်ကောင်ကို သုတ်သင်ရန် အလွန်ခက်ခဲသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်သွားလျှင်ပင် နတ်ဆိုးက ၎င်း၏ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းနိုင်သေးသည်။ တစ်စုံတစ်ယောက်ဆီမှာ နတ်ဆိုးများကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းနိုင်သော စွမ်းရည် သို့မဟုတ် ဓမ္မရတနာတစ်ခုခု မရှိလျှင် နတ်ဆိုးများကို ဝေးဝေးမှ ရှောင်ရှားသင့်သည်။
ယခု အရေအတွက်တစ်ရာထက်မနည်းသော နတ်ဆိုးများက အဓိကခန်းဆောင်ထဲမှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ အလျင်က အလွန်မြန်ဆန်သည်။ ၎င်းတို့က ခန်းဆောင်ထဲမှာ ရှေ့တိုးနောက်ဆုတ် ရွေ့လျားနေကြသည်။ ၎င်းတို့ရွေ့လျားနေစဉ် ကြွင်းကျန်ပုံရိပ်များက ၎င်းတို့၏ အနောက်မှာ ကျန်နေခဲ့ကြသည်။ ၎င်းတို့က ပါးစပ်ကျယ်ကျယ်ဟ၍ ချောက်ချားဖွယ်ကောင်းသော အော်သံများကို ထုတ်ဖော်နေကြသည်။ ၎င်းတို့က စက်ကရာထံသို့ ခုန်အုပ်လိုက်ကြသည်။ ခန်းဆောင်ထဲ၌ စက်ကရာအတွက် ရှောင်ရှားစရာနေရာ မရှိပေ။ အရပ်မျက်နှာပေါင်းစုံတွင် နတ်ဆိုးများက သူ့ထံသို့ ခုန်အုပ်လာကြသည်။
ကောင်းကင်နတ်ဆိုးနန်းတော်သည် စက်ကရာကို အတွင်းနတ်ဆိုးမွေးဖွားလာစေရန် မသွေးဆောင်နိုင်ကြောင်း နားလည်သွားသည်။ ထို့ကြောင့် နတ်ဆိုးနန်းတော်က ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ဘက်ခြမ်းကို ဖွင့်လှစ်ပြလိုက်သည်။
အမှန်မှာ ကောင်းကင်နတ်ဆိုးနန်းတော်က ထိုမျှအားမနည်းပေ။ ယခု နတ်ဆိုးနန်းတော် ထုတ်ဖော်ထားသော စွမ်းအားက အစစ်အမှန်စွမ်းအား၏ အပုံတစ်ရာပုံ တစ်ပုံပင် မရှိပေ။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ကောင်းကင်နတ်ဆိုးနန်းတော်ကို အသုံးပြုခဲ့သော ဝမ်ထောင်က အားနည်းသောကြောင့် မဟုတ်ပေ။ ယင်းအစား ကောင်းကင်နတ်ဆိုးနန်းတော်ကိုယ်၌က ရှေးခေတ်စစ်ပွဲအတွင်းမှာ ကြီးမားစွာ ထိခိုက်ပျက်စီးသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ကောင်းကင်နတ်ဆိုးနန်းတော်၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင် သမာဓိအားကောင်းသော အမတပညာရှင်တစ်ပါးသည်ပင် အလွယ်တကူ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် အတွင်းနတ်ဆိုးကို လှုံ့ဆော်ရာတွင် နာမည်ကျော်ကြားသော သာ့ထျန်းနတ်ဆိုး၏ အစွမ်းထက်ဆုံး နတ်ဆိုးရတနာက သီရှီထျန်ကဲ့သို့ မိစ္ဆာသားရဲတစ်ကောင်ကို မည်သို့ကြောင့် မထိန်းချုပ်နိုင်ဘဲ နေမည်နည်း။
နတ်ဆိုးများကို စေလွှတ်ပြီး သတ်ဖြတ်ခြင်းက ကောင်းကင်နတ်ဆိုးနန်းတော်၏ ဒုတိယစွမ်းရည်ဖြစ်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်၏ ယခုအခြေအနေအရ နတ်ဆိုးများ၏ တိုက်ခိုက်စွမ်းရည်သည်ပင် သိသိသာသာ လျော့ကျသွားသည်။
“ တင်း… တုန်… တင်း… တုန် ”
သီရှီထျန်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ကုချင်းကြိုးများကို အမြန်ဆွဲလှုပ်လိုက်သည်။ အသံဓားများသည် ကုချင်းကြိုးများထံမှ ဒီရေအလား ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အသံဓားများက အရေအတွက်တစ်ရာခန့် တိုးပွားသွားသည်။ အသံဓားများက မုန်တိုင်းတစ်ခုနှင့် ဆင်တူသည်။
အသံဓားများသည် သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ အရူးအမူး ပျံ့နှံ့သွားကြသည်။ ဓားအလင်းရောင်က သူ၏ ဘေးပတ်ဝန်းကျင်မှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ၏ သက်စောင့်မိစ္ဆာလက်နက်ဖြစ်သော်လည်း ကုချင်းကြိုးများကို တီးခတ်ပြီး အသံဓားများကို သူထုတ်လွှတ်သည့်အခါတိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက သိသိသာသာ ကုန်ဆုံးသွားသည်။ အဘယ့်ကြောင့်ဆိုသော် ကုချင်းကြိုးတစ်ချောင်းစီက ဖော်မပြနိုင်အောင် အလွန်လေးလံပြီး တင်းမာသည်။ သီရှီထျန်သည်ပင် မိစ္ဆာချီကို သူ၏ လက်ချောင်းများဆီသို့ ပို့လွှတ်ထားမှသာ ကုချင်းကြိုးများကို ဆွဲလှုပ်နိုင်ပေသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ကုချင်းကြိုးများကို မည်သို့မှ ဆွဲလှုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကုချင်းကြိုးများကို သူတီးခတ်လိုက်သည့်အခါတိုင်း သူ၏ မိစ္ဆာချီက ကုန်ဆုံးသွားသည်။ ယခု သူက အသံဓားရာပေါင်းများစွာကို ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာချီက သုံးပုံတစ်ပုံခန့် ကုန်ဆုံးသွားသည်။
သို့သော်လည်း ထိုမျှများပြားသော မိစ္ဆာချီကို အသုံးပြု၍ ထုတ်လွှတ်ခဲ့သော သူ၏ တိုက်ခိုက်မှုက အချည်းနှီးမဖြစ်သွားပေ။ အသံဓားများက လေကို ဖြတ်သန်းသွားပြီး သူ့ထံသို့ ခုန်အုပ်လာနေကြသော နတ်ဆိုးများကို ပိုင်းဖြတ်လိုက်ကြသည်။ ဓားအလင်းရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ နတ်ဆိုးများက အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ကြရသည်။ အသံဓားများသည် နတ်ဆိုးများကို ပိုင်းဖြတ်ပြီးသော်လည်း မရပ်တန့်သွားပေ။ ယင်းတို့က အဓိကခန်းမဆောင်ထဲမှ အရာအားလုံးကို ဆက်လက် ပိုင်းဖြတ်လိုက်ကြသည်။
“ ဝုန်း ”
နတ်ဆိုးများက အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသော်လည်း အသံဓားများက အဓိကခန်းဆောင်၏ နံရံများပေါ်သို့ ကျဆင်းသွားသည့်အခါ မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်ပေါ်လာပေ။ ယင်းအစား အဓိကခန်းဆောင်က အကြိမ်ရေအနည်းငယ်သာ တုန်ယင်သွားသည်။ ထို့နောက် သန့်စင်သော နတ်ဆိုးချီက ထွက်ပေါ်လာသည်။ နတ်ဆိုးချီက ပါးလွှာသော ဓားချီအမျှင်တန်းတစ်ခုသဖွယ် ပျံသန်းထွက်သွားပြီး အသံဓားတစ်ခုပြီးတစ်ခုကို ဖြတ်တောက်လိုက်သည်။
အသံဓားများသည် နတ်ဆိုးများကို ပိုင်းဖြတ်ပြီးနောက် အားနည်းနေလေရာ ဓားချီအမျှင်တန်း၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။ နောက်အခိုက်အတန့်မှာ အသံဓားအားလုံးက ပျက်စီးသွားကြသည်။
တစ်ဆက်တည်းမှာ အစောနက အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့သော နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက အလိုအလျောက် ပြန်ကောင်းမွန်လာကြသည်။ မကြာမီ ၎င်းတို့က ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးချီသည် ယခင်ကဲ့သို့ အစွမ်းမထက်တော့ပေ။ နတ်ဆိုးချီက သိသိသာသာ အားနည်းနေသည်။ ရှင်းလင်းစွာပင် အစောနက အသံဓားများ၏ ပိုင်းဖြတ်မှုက နတ်ဆိုးများအပေါ် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ခြင်း မဟုတ်ပေ။
“ အဲ့ဒါဘာကောင်တွေလဲ… ငါ့ရဲ့ အသံဓားက သူတို့ကို မသတ်နိုင်ဘူးလား ”
ပြတ်တောက်နေသော နတ်ဆိုးဦးခေါင်းက မျက်စိတစ်မှိတ်အတွင်း အလိုအလျောက် ပြန်ကောင်းမွန်သွားကြောင်း စက်ကရာ မြင်သောအခါ သူ့နှလုံးက ပရမ်းပတာ တုန်လှုပ်သွားသည်။ ထိုသို့ထူးခြားဆန်းကြယ်သော အရာကို သူ၏ အတိတ်ဘဝမှာဖြစ်စေ ဤဘဝမှာဖြစ်စေ တစ်ခါမှ သူမမြင်ဖူးပေ။
ယင်းက အလွန်ထူးဆန်းလေရာ တစ်စုံတစ်ယောက်ကို ကြက်သီးမွေးညင်းထစေပြီး ဦးရေပြားစပ်ဖျင်းဖျင်း ခံစားသွားရစေရန် လုံလောက်ပေသည်။
မည်သို့ဖြစ်ပါစေ သီရှီထျန်၏ ကျင့်ကြံခြင်းအချိန်က အလွန်တိုတောင်းသည်။ ယခုမှ သူက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ နတ်ဆိုးများ၏ ထူးခြားဆန်းကြယ်ပုံကို မည်သို့သူနားလည်ဦးမည်နည်း။
“ ကျီး… ကျီး… ”
နတ်ဆိုးများသည် အလျော့မပေးကြချေ။ ၎င်းတို့သည် အသစ်ပြန်ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း သီရှီထျန်ထံသို့ ခုန်အုပ်လိုက်ကြသည်။
“ တင်း… တုန် ”
သီရှီထျန်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက နှစ်ခါစဉ်းစားမနေဘဲ ကုချင်းကြိုးများကို နောက်တစ်ကြိမ် တီးခတ်လိုက်သည်။ ကုချင်းကြိုးများ လှုပ်ခတ်သွားသည့်အခါ အသံဓားများက ထပ်မံ ထွက်ပေါ်လာကြပြီး နတ်ဆိုးများကို ခုတ်ပိုင်းလိုက်ကြသည်။ သို့သော်လည်း ထူးခြားဆန်းကြယ်သော မြင်ကွင်းက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသော နတ်ဆိုးများက မျက်စိတစ်မှိတ်အတွင်းမှာ ခန္ဓာကိုယ်ပြန်ကောင်းမွန်သွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးချီက ယခင်ကထက် အများကြီး ပိုလျော့နည်းသွားသော်လည်း ၎င်းတို့က ရက်စက်ကြမ်းကြုတ်ပြီး ချောက်ချားဖွယ်ကောင်းနေဆဲပင်။ နတ်ဆိုးချီသည် အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါထက် နည်းနည်းမှ မလျော့ပေ။
“ ဒီနေရာက အရမ်းထူးဆန်းတယ်… ဝမ်ထောင်ထုတ်လိုက်တဲ့ နန်းတော်က ဒီလောက်အံ့ဖွယ်ကောင်းမယ်လို့ ငါမမျှော်လင့်ထားဘူး… အဲ့ဒါက အထက်လမ်းစဉ်က ရတနာတစ်ခုတော့ မဟုတ်လောက်ဘူး… ဒီနေရာကနေ ငါရုန်းထွက်ဖို့ နည်းလမ်းတစ်ခု ရှာဖွေရမယ်… ဒီအတိုင်း အသံဓားတွေကို ဆက်ထုတ်လွှတ်နေပြီး တိုက်ခိုက်မယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာချီ ကုန်ခမ်းသွားတဲ့အခါ ငါအသက်အန္တရာယ်ကြုံရနိုင်တယ် ”
သီရှီထျန်က နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးများကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် မဖြစ်နိုင်ကြောင်း သူမြင်နိုင်သည်။ အကယ်၍ ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် ထိုနတ်ဆိုးများ မသေဆုံးမီ သူက စွမ်းအင်ကုန်ခမ်းသွားလိမ့်မည်။
“ အို… အဲ့ဒီကောင်တွေက ထူးဆန်းပြီး ခန္ဓာကိုယ်က ဒြပ်ထည်မဲ့တယ်… သူတို့က တစ္ဆေတွေနဲ့ ဆင်တူတယ်… ငါ့ရဲ့ ဘုရင်အမှတ်အသားက သူတို့တွေကို ရင်ဆိုင်နိုင်လောက်မလား မသိဘူး ”
ထိုနတ်ဆိုးများဆီမှာ အစစ်အမှန်ရုပ်ခန္ဓာကိုယ်မရှိဘဲ ၎င်းတို့က တစ္ဆေများနှင့် အလားသဏ္ဍာန်တူကြောင်း သီရှီထျန် ရှာတွေ့သွားသောအခါ သူ၏ မွေးရာပါသဘာဝစွမ်းရည်ကို စဉ်းစားမိသွားသည်။ သူ၏ ခရမ်းရောင်ဘုရင်အမှတ်အသားဆီမှာ ဝိညာဉ်များနှင့်သက်ဆိုင်သော စွမ်းရည်ရှိသည်။ ဥပမာ သူ၏ ဘုရင်အမှတ်အသားက သေဆုံးသွားသူများ၏ ဝိညာဉ်ကို စုပ်ယူနိုင်သည်။ ဝိညာဉ်က မည်မျှအစွမ်းထက်ပါစေ ခရမ်းရောင်ဘုရင်အမှတ်အသား၏ စုပ်ယူမှုအောက်မှ မလွတ်မြောက်နိုင်ပေ။
ဖြစ်နိုင်သည်မှာ သူ၏ ဘုရင်အမှတ်အသားက ထူးဆန်းသော ထိုအကောင်များအပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ ရှိနိုင်၏။
သီရှီထျန်သည် နောက်ထပ် တွေဝေမနေဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ နတ်ဆိုးများက သူ့အပေါ်သို့ နောက်ထပ် ခုန်အုပ်လာကြောင်း သူမြင်သောအခါ သူ၏ မျက်နှာအမူအရာက အေးစက်သွားသည်။
“ ခရမ်းရောင်ဘုရင်အမှတ်အသား… တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေကို နှိမ်နင်းပစ် ”
သူ၏ အတွေးတစ်ချက်ကြောင့် သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ပြင်းထန်စွာ လှုပ်လာသည်။ ချက်ချင်းဆိုသလိုပင် ခရမ်းရောင်အလင်းက ဘုရင်အမှတ်အသားထံမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ သူ့နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက မီးတောက်တစ်ခုနှယ် အပြင်းအထန် လှုပ်ခါသွားသည်။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။
တစ်ချိန်လုံး သူချုပ်ထိန်းထားသော မိစ္ဆာအရှိန်အဝါသည် ခရမ်းရောင်ဘုရင်အမှတ်အသားကို သူအသုံးပြုလိုက်သည့်အခါ ဆည်ကျိုးသွားသကဲ့သို့ အတားအဆီးမဲ့စွာ ဒလဟော ထွက်ပေါ်လာသည်။ သူက မိစ္ဆာအရှိန်အဝါကို နောက်ထပ် မဖုံးကွယ်နိုင်တော့ပေ။ မိစ္ဆာအရှိန်အဝါသည် မီးခိုးငွေ့သဖွယ် သူ၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် မြှောက်တတ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်သိပ်သည်းသော မိစ္ဆာမြူခိုးက သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။
အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အဓိကခန်းဆောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါအောက်မှာ သီရှီထျန်၏ ခန္ဓာကိုယ်က ရုတ်တရက် အဆမတန် အရွယ်ကြီးမားသွားဟန် ရ၏။
“ ရွှတ် ”
ခရမ်းရောင်ဘုရင်အမှတ်အသားက အထွတ်အထိပ်အခြေအနေသို့ ရောက်သွားသည့်အခါ ဘုရင်အမှတ်အသားက ခရမ်းရောင်အမျှင်တန်းများကို ထုတ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းရောင်အလင်းက အဓိကခန်းဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ခရမ်းရောင်အလင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အံ့ဖွယ်စွမ်းအားက ကိန်းအောင်းနေဟန် ရ၏။
ခရမ်းရောင်အလင်းက နတ်ဆိုးများပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးချီအလွှာက တရှဲရှဲ မြည်သံကို ထုတ်လွှတ်လိုက်သည်။ နှင်းပွင့်ချပ်များက ပူပြင်းသော နေရောင်အောက်မှာ မြန်ဆန်စွာ အရည်ပျော်သွားသည့်အလား တရှဲရှဲ မြည်သံ ထွက်ပေါ်လာသည်။ နတ်ဆိုးချီက ယင်း၏ သဘာဝရန်သူနှင့် တွေ့ဆုံသွားဟန် ရ၏။ အဓိကခန်းဆောင်ထဲမှ နတ်ဆိုးချီက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။
ထို့နောက် ခရမ်းရောင်အလင်းက အတူတကွ စုဝေးသွားသည်။ ခရမ်းရောင်အမျှင်တန်းများက နတ်ဆိုးများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့ကို ပိုးအိမ်သဖွယ် ရစ်ပတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဘုရင်အမှတ်အသားက ခရမ်းရောင်ပိုးအိမ်များကို စုပ်ယူရန် စတင်လုပ်ဆောင်လိုက်သည်။
သို့သော်လည်း နတ်ဆိုးများသည် ထိုအတိုင်း ငြိမ်ခံမနေကြပေ။
အခန်း(၂၄၆)
“ ကျီ ကျီ ”
ခရမ်းရောင်ပိုးအိမ်များထဲတွင် ထူးဆန်းသော အော်သံများ ထွက်ပေါ်လာသည်။ နတ်ဆိုးများသည် ၎င်းတို့၏ ရှည်လျားသော အနက်ရောင်လက်သည်းများဖြင့် ခရမ်းရောင်ပိုးအိမ်ကို ဆုတ်ဖြဲရန် ကြိုးစားနေကြသည်။ အစွမ်းကြီးမားသော နတ်ဆိုးများဆိုလျှင် ၎င်းတို့၏ လက်သည်းများက ပိုးအိမ်ကို ထိုးဖောက်သွားသည်။ ယင်းက ပိုးအိမ်ကို အပြင်းအထန် တုန်ယင်စေသည်။
ထိုအခိုက်အတန့်မှာ ခရမ်းရောင်ဘုရင်အမှတ်အသားသည် နတ်ဆိုးများကို မစုပ်ယူနိုင်တော့ပေ။
“ ဝုန်း ”
ခရမ်းရောင်ဘုရင်အမှတ်အသားသည် ကြီးမားသော ရန်စမှုကို ခံလိုက်ရဟန် ရ၏။ ယင်း၏ အထဲမှ ခရမ်းရောင်ရေကန်က မည်သည့်သတိပေးမှုမှမရှိဘဲ ပြင်းထန်စွာ တုန်ယင်သွားသည်။ ရေကန်က လှိုင်းတဝုန်းဝုန်း ထသွားသည်။ ဤအခိုက်အတန့်မှာ ခရမ်းရောင်ရေကန်က ဒေါသူပုန်ထသွားဟန် ရသည်။ ထို့ပြင် ရေကန်ထဲမှ စစ်သူရဲဝိညာဉ်ရာထောင်ချီက တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲမှာ တောက်ပသော ခရမ်းရောင်အလင်း ထွက်ပေါ်လာသည်။ ခရမ်းရောင်ဆံပင်ရှည်က သူတို့၏ ကျောနောက်မှာ လွင့်မျောနေသည်။ သူတို့၏ အရှိန်အဝါက ရိုင်းစိုင်းကြမ်းကြုတ်လာသည်။
“ ဂါး… ဂါး… ”
စစ်သူရဲဝိညာဉ်များက တစ်ပြိုင်နက် အော်လိုက်ကြသည်။ ယင်းက ခရမ်းရောင်ရေကန်ကို အရူးအမူး လှုပ်ယမ်းသွားစေသည်။
“ ရွှတ် ”
ကြီးမြတ်သော စွမ်းအားက ခရမ်းရောင်ဘုရင်အမှတ်အသားထံမှ ထွက်ပေါ်နေကြောင်း သီရှီထျန် ခံစားမိသွားသည်။ သူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုအခါ ခရမ်းရောင်ဘုရင်အမှတ်အသားပေါ်မှ အလင်းရောင်က မျက်စိကျိန်းစပ်လုနီးပါး တောက်ပလာသည်။ ခရမ်းရောင်အလင်းတန်းရာထောင်ချီက အပြင်သို့ ထွက်လာကြပြီး နတ်ဆိုးများကို တင်းကျပ်စွာ ချည်နှောင်လိုက်ကြသည်။ ခရမ်းရောင်ပိုးအိမ်ထဲမှ နတ်ဆိုးများက မည်မျှသန်မာပါစေ မရုန်းထွက်နိုင်ကြချေ။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော စုပ်ယူအားက ခရမ်းရောင်ဘုရင်အမှတ်အသားထံမှ ထွက်ပေါ်လာသည်။
ဘုရင်အမှတ်အသားနားသို့ ဆွဲခေါ်ခံလိုက်ရသော ခရမ်းရောင်ပိုးအိမ်များက လျှို့ဝှက်ဆန်းကြယ်စွာ ကျုံ့သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အဓိကခန်းဆောင်ထဲမှ နတ်ဆိုးအားလုံးက ဘုရင်အမှတ်အသား၏ စုပ်ယူခံလိုက်ရသည်။ နတ်ဆိုးများသည် ဘုရင်အမှတ်အသား၏ စုပ်ယူခံလိုက်ရပြီးနောက် ခရမ်းရောင်ရေကန်ပေါ်မှာ ပြန်ပေါ်လာကြသည်။
“ ဝှစ် ”
ခရမ်းရောင်ချီလှိုင်းတစ်ခုက ရေကန်ထဲမှ ပေါ်လျှိုးလာပြီး နတ်ဆိုးအားလုံးကို ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ နတ်ဆိုးအားလုံးက ခရမ်းရောင်ရေကန်၏ အောက်ခြေဆီသို့ ဆွဲချခံလိုက်ကြရသည်။
“ ဘန်း… ဘန်း… ဘန်း ”
စစ်သူရဲဝိညာဉ်များက လှုပ်ရှားလိုက်ကြသည်။ သူတို့က ရေကန်အောက်ခြေမှ နတ်ဆိုးများ၏ ခန္ဓာကိုယ်ကို သူတို့၏ ခြေထောက်များဖြင့် ဖိနှိပ်လိုက်ကြသည်။ သူတို့က တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံလေရာ နတ်ဆိုးများသည် လုံးဝ မလှုပ်ရှားနိုင်ကြချေ။ သို့သော်လည်း နတ်ဆိုးများ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နတ်ဆိုးချီက ခရမ်းရောင်ရေကန်၏ ဝါးမျိုခံလိုက်ရသည်။
တစ်ဆက်တည်းမှာ နတ်ဆိုးချီက ခရမ်းရောင်ရေကန်၏ စွမ်းအားအဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။
နတ်ဆိုးများ၏ နတ်ဆိုးချီသည် ခရမ်းရောင်ရေကန်ကြောင့် တဖြည်းဖြည်း ဖယ်ရှားခံနေရသည်။
“ ဒီနန်းတော်က ဘာကြီးပဲဖြစ်ဖြစ် အဲ့ဒါက ငါသီရှီထျန်ကို မချုပ်နှောင်နိုင်ဘူး… ကောင်းကင်ဘုံက ငါ့ကို ချုပ်နှောင်ချင်ရင် အဲ့ဒီကောင်းကင်ဘုံကို အပေါက်ဖြစ်အောင် ငါဖောက်ပစ်မယ် ”
နတ်ဆိုးများကို စုပ်ယူပြီးနောက် သီရှီထျန်၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ့လက်ထဲမှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ၏ မိစ္ဆာစံအိမ်ထဲသို့ ပြန်ဝင်သွားသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်က ကျောနောက်မှာ လွင့်မျောနေသည်။ သူပြောလိုက်သော စကားလုံးတိုင်းမှာ ကြီးမြတ်သော ကောင်းကင်ဘုံစွမ်းအား ကိန်းအောင်းနေဟန် ရ၏။
သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည့်အခါ အကန့်အသတ်မဲ့သော မိစ္ဆာချီက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး နန်းတော်၏ မျက်နှာကြက်ကို ဝင်ဆောင့်သွားသည်။ နန်းတော်က အကြိမ်ရေအနည်းငယ် ပြင်းထန်စွာ တုန်ခါသွားသည်။ မိစ္ဆာမီးတောက်များက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
“ ဝေါင်း ”
မိစ္ဆာအရှိန်အဝါထဲတွင် သီရှီထျန်၏ ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက လူသားအသွင်သဏ္ဍာန်မှ ဧရာမကျားနက်တစ်ကောင်သို့ ပြောင်းလဲသွားသည်။ သူ၏ ဧရာမကျားခန္ဓာကိုယ်ထဲမှာ သားရဲဘုရင်တစ်ပါး၏ အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွတ်နေသည်။
အစစ်အမှန်ခန္ဓာကိုယ် ထွက်ပေါ်လာပြီးနောက် သူ၏ ကျားခန္ဓာကိုယ်က ချက်ချင်း စတင်ကြီးမားသွားသည်။
“ ဘန်း… ဘန်း… ”
နဂိုကတည်းက အရွယ်အစားကြီးမားသော ကျားခန္ဓာကိုယ်သည် နောက်ထပ် ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမကျားနက်က ပေပေါင်း(၁၄၀)ခန့် မြင့်မားသွားသည်။ သူက အဓိကခန်းဆောင်ထဲမှာ တောင်ကုန်းငယ်တစ်ခုပမာ မားမားမတ်မတ် ရပ်နေသည်။ ခန္ဓာကိုယ်ကြီးမားလာသည်နှင့် သူ၏ အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။
မိစ္ဆာမျိုးနွယ်စုအတွက် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်က အစွမ်းထက်ဆုံး အခြေအနေဖြစ်သည်။ အစစ်အမှန်ခန္ဓာကိုယ်ဖြင့်သာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ မျက်လုံးထဲ၌ လွှမ်းမိုးဗိုလ်ကျသော အကြည့် ထွက်ပေါ်လာသည်။ သူ၏ ညာလက်ကို မြှောက်တင်လိုက်သည့်အခါ သန့်စင်သော မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲမှ ထွက်ပေါ်လာပြီး မိစ္ဆာသွေးကြောကို ဖြတ်သန်းသွားသည်။ ကျားလက်သည်းက ထပ်မံ အရွယ်အစားကြီးမားလာပြီး ချောက်ချားဖွယ်ကောင်းလာသည်။
နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော ကျားလက်သည်းက နန်းတော်ပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။
“ ဘန်း ”
စက်ကရာ၏ အစစ်အမှန်ခန္ဓာကိုယ်က အလွန်သန်မာသည်။ မိစ္ဆာချီ၏ အားဖြည့်မှုမပါလျှင်ပင် သူ၏ လက်သည်းရိုက်ချက်က တောင်ကုန်းတစ်ခုကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်နိုင်သည်။ ယခု မိစ္ဆာချီက ကျားလက်သည်းထဲသို့ အဆက်မပြတ် စီးဆင်းသွားနေလေရာ ကျားလက်သည်း၏ စွမ်းအားက ပိုပြီးကြောက်စရာကောင်းလာသည်။ ကျားလက်သည်းက နန်းတော်ကို ရိုက်ချလိုက်သည့်အခါ ကြီးမားသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
နန်းတော်တစ်ခုလုံးက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ နန်းတော်က ပြိုကျပျက်စီးသွားတော့မည့်အလားပင်။
“ ဝေါ့ ”
အပြင်လောကတွင် ကောင်းကင်နတ်ဆိုးနန်းတော်ကို သယ်ဆောင်၍ အသည်းအသန် ထွက်ပြေးနေသော ဝမ်ထောင်က ရုတ်တရက် အပြင်းအထန် တုန်ယင်သွားပြီး အနက်ရောင်သွေးတစ်ပွက်ကို အန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလား လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး ကောင်းကင်နတ်ဆိုးနန်းတော်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်သည်။
အပြင်ဘက်မှ ကြည့်လျှင် ကောင်းကင်နတ်ဆိုးနန်းတော်က အပြင်းအထန် တုန်ခါနေကြောင်း မြင်ရလိမ့်မည်။ ဤသည်မှာ နန်းတော်က အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မည့်အလားပင်။ နန်းတော်၏ တုန်ခါမှုကြောင့် နတ်ဆိုးချီသည်လည်း ပရမ်းပတာ တုန်လှုပ်သွားသည်။ ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးအော်သံများ ထွက်ပေါ်လာသည်။ ဤသည်မှာ နန်းတော်က ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို စုပ်ယူမိသွားသည့်အလားပင်။
“ အဖေ… နတ်ဆိုး ရပ်တန့်သွားပြီ… ကောင်းကင်နတ်ဆိုးနန်းတော်ကို ကြည့်ပါဦး… အဲ့ဒါ အကိုသီကြောင့်များလား ”
နတ်ဆိုး၏ အနောက်တွင် ချင်ရွှမ်းနှင့် ကိုတိုမီက အမြန်လိုက်လာနေကြသည်။ နတ်ဆိုးက ရုတ်တရက် ရပ်တန့်သွားကြောင်း သူတို့မြင်သောအခါ သူတို့သည်လည်း အနီးနားမှာ ရပ်လိုက်ကြသည်။ သူတို့က နတ်ဆိုးနှင့် အလွန်နီးကပ်စွာ ရှိနေကြလေရာ ကောင်းကင်နတ်ဆိုးနန်းတော်က အပြင်းအထန် တုန်ခါနေကြောင်း မြင်တွေ့သွားကြသည်။
ကိုတိုမီက ဝမ်းသာပျော်ရွှင်သွားသည်။ အစောနက နတ်ဆိုးနန်းတော်သည် သီရှီထျန်ကို စုပ်ယူသွားခဲ့သည်။ ယခု နတ်ဆိုးနန်းတော်မှာ အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ယင်းက သီရှီထျန်၏ လက်ချက်ဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
“ သီရှီထျန်က တကယ်ပဲ ဘယ်သူလဲ… ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ စုပ်ယူခံရပြီးတာတောင် သူက ရုန်းကန်နိုင်သေးတယ် ”
ထိုအခိုက်အတန့်မှာ ချင်ရွှမ်းက တစ်စုံတစ်ခုကို တွေးတောလိုက်သည်။ သီရှီထျန်က လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းသည်ဟု သူခံစားမိသည်။
“ ရှင်းအာ… မျှော်လင့်ချက်သိပ်မထားနဲ့… ကောင်းကင်နတ်ဆိုးနန်းတော်ကို အတွင်းဘက်ကနေ ချိုးဖြတ်နိုင်တယ်ဆိုပေမဲ့ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ စွမ်းအားအရ သာမန်လူက အဲ့ဒါကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး ”
“ ဘန်း… ဘန်း… ဘန်း ”
သို့သော်လည်း ကျယ်လောင်သော ဆူညံသံများက ကောင်းကင်နတ်ဆိုးနန်းတော်ထံမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ နန်းတော်က အပြင်းအထန် တုန်ခါနေသည်။ သို့သော်လည်း ချင်ရွှမ်းပြောသည်မှာ မမှားပေ။ ပေါက်ကွဲသံက မည်မျှကျယ်လောင်ပါစေ သို့မဟုတ် နန်းတော်က မည်မျှတုန်ခါနေပါစေ ကောင်းကင်နတ်ဆိုးနန်းတော်က အကောင်းတိုင်း ဆက်ရှိနေဆဲပင်။ ယင်းက မပျက်စီးသွားပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်နတ်ဆိုးနန်းတော်ထဲ၌ သီရှီထျန်သည် သူ၏ အဆက်မပြတ် ထုရိုက်ချက်ကြောင့် နတ်ဆိုးနန်းတော်၏ မျက်နှာကြက်ပေါ်မှာ သေးငယ်သော အက်ကွဲရာတစ်ခု ထွက်ပေါ်လာကြောင်း မြင်တွေ့သွားသည်။ အက်ကွဲရာသည် မကြီးမားပေ။ ယင်းက ထိုတစ်နေရာတည်းမှာသာ ရှိသည်။ ဖြစ်နိုင်သည်မှာ နန်းတော်က အတိတ်၌ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့ဟန် ရသည်။
“ မင်းက ငါ့ကို ဒီလိုနန်းတော်အစုတ်ပလုတ်နဲ့ ချုပ်နှောင်ချင်တာလား… အိမ်မက်မက်မနေနဲ့… ချိုးဖြတ်လိုက်စမ်း… ချိုးဖြတ်လိုက်စမ်း ”
သေးငယ်သော ထိုအက်ကွဲရာကို မြင်သောအခါ စက်ကရာ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ရုတ်တရက် သူက ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားသွားသည်။ ပိုပြီးအစွမ်းကြီးမားသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး အက်ကွဲရာရှိသော နေရာကို အဆက်မပြတ် ထုရိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုထဲမှာ သူ့တစ်ကိုယ်လုံးမှ စွမ်းအား ကိန်းအောင်းနေသည်။ သူက တစ်နေရာတည်းကို ကိုးကြိမ်ဆက်တိုက် တိုက်ခိုက်လိုက်သည်။
“ ဘန်း… ဘန်း… ဘန်း…”
“ ခရက် ”
နောက်ဆုံးမှာတော့ အက်ကွဲရာက ပိုပြီးကြီးမားလာသည်။ ကိုးကြိမ်မြောက် တိုက်ခိုက်မှုက နန်းတော်ပေါ်သို့ ကျရောက်သွားသည့်အခါ နန်းတော်က ကျယ်လောင်သော မြည်သံနှင့်အတူ တုန်ခါသွားသည်။ တစ်မီတာ သို့မဟုတ် နှစ်မီတာခန့် ကြီးမားသော အက်ကွဲရာတစ်ခုက နန်းတော်၏ မျက်နှာကြက်ပေါ်မှာ ထွက်ပေါ်လာသည်။
သီရှီထျန်သည် နှစ်ခါစဉ်းစားမနေဘဲ ခန္ဓာကိုယ်ကို မြန်ဆန်စွာ ကျုံ့လိုက်ပြီး သူ၏ အနောက်ခြေထောက်နှစ်ချောင်းဖြင့် ကြမ်းပြင်ကို ကန်ဆောင့်လိုက်သည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်က အက်ကွဲရာကို ချက်ချင်း ဖြတ်သန်းသွားသည်။ အပြင်သို့ သူရောက်သွားသည့်အခါ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူခေါင်းငုံ့လိုက်သည့်အခါ မြေကြီးပေါ်မှ တောင်ကုန်းငယ်တစ်ခုကို မြင်တွေ့သွားသည်။
သီရှီထျန်က တုံ့ဆိုင်းမနေဘဲ တောင်ကုန်းငယ်ပေါ်သို့ ချက်ချင်း ဆင်းသက်သွားသည်။
“ ဝေါင်း ”
တောင်ကုန်းငယ်ပေါ်သို့ သူခြေချလိုက်သည့်အခါ စိတ်ခံစားချက်မျိုးစုံက သူ၏ နှလုံးသားထဲမှ ပေါက်ကွဲထွက်လာသည်။ သူက နောက်ထပ် မချုပ်တည်းထားနိုင်ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သားရဲဘုရင်အရှိန်အဝါ ကိန်းအောင်းနေသော ကျားဟိန်းသံက အလွန်ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ အချင်းမိုင်တစ်ရာအတွင်းမှ သားရဲတိရိစ္ဆာန်များနှင့် ငှက်များသည် ထိုဟိန်းသံကို ကြားသောအခါ ကြောက်လန့်တုန်ယင်သွားကြသည်။ သူတို့က မြေကြီးပေါ်မှာ ချက်ချင်း ဝပ်တွားလိုက်ကြသည်။ သူတို့က ကြောက်ရွံ့ရိုသေသော အကြည့်ဖြင့် တောင်ကုန်းငယ်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့က ရှင်ဘုရင်ကို အရိုအသေပေးနေကြသည့်အလားပင်။
နတ်ဆိုးသည် အလွန်ဉာဏ်များသည်။ ကောင်းကင်နတ်ဆိုးနန်းတော်က နောက်ထပ် မလှုပ်ရှားတော့ကြောင်း သူမြင်သောအခါ နန်းတော်ကို ဖမ်းဆုပ်လိုက်သည်။ နန်းတော်က အရွယ်အစားကျုံ့သွားသည့်အခါ သူက ယင်းကို ပါးစပ်ထဲထည့်၍ မျိုချလိုက်သည်။ ထို့နောက် သူက ပါးစပ်အပြည့် သွေးအန်လိုက်သည်။ သူအန်ထုတ်လိုက်သော အနက်ရောင်သွေးက တရှဲရှဲ မြည်သံနှင့်အတူ မြူခိုးအဖြစ် ပြောင်းလဲသွားကာ သူ့ကို ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ နတ်ဆိုးက မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။
သူက ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် “ သွေးလွတ်မြောက်ပညာရပ် ”ကို အသုံးပြုသွားခဲ့သည်။
“ အကိုသီလား ”
ကိုတိုမီသည် တောင်ကုန်းငယ်ပေါ်မှာ ရပ်နေသော ကျားနက်ကို မြင်သောအခါ မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။
သီရှီထျန်က ခေါင်းလှည့်လိုက်ပြီး လေထဲမှာ ရပ်နေသော ချင်ရွှမ်းနှင့် အစိမ်းရောင်လူအန်ငှက်၏ ကျောပေါ်မှာ ရပ်နေသော ကိုတိုမီကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည့်အခါ မိစ္ဆာလေက တောင်ကုန်းငယ်ပေါ်မှာ ထွက်ပေါ်လာပြီး သူ့ကို ပင့်မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာလေက သူ့ကို အဝေးသို့ ခေါ်ဆောင်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကျားနက်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။