အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
အခန်း(၂၄၇)
ထိုအတောအတွင်းမှာ ချင်ရွှမ်းသော်လည်းကောင်း ကိုတိုမီသော်လည်းကောင်း သူ့ကို မတားဆီးကြချေ။ ချင်ရွှမ်းသည် သီရှီထျန်၏ ထွက်သွားမှုကို ကြည့်နေရင်း အတွေးနက်သွားသည်။ ကိုတိုမီသည်တော့ အစောနက သူ၏ ထိတ်လန့်မှုမှ သတိပြန်မဝင်သေးပေ။ တောင်ကုန်းငယ်ပေါ်သို့ နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ သီရှီထျန်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက စိုးရိမ်ကြောင့်ကြလာသည်။ စိတ်ပျက်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အကိုသီ ဘာလို့ ထွက်သွားတာလဲ… ညီမ စိတ်မရှိပါဘူး ”
ချင်ရွှမ်းက ခေါင်းယမ်းလိုက်ပြီး လေးနက်စွာ ပြောသည်။
“ သီရှီထျန်ရဲ့ သရုပ်မှန်က မိစ္ဆာမျိုးနွယ်စုဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး… အခုအခြေအနေကို ကြည့်ရတာ သူက လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားတဲ့ မိစ္ဆာတစ်ကောင်ပဲ… အဲ့ဒီတော့ သူက အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးတဲ့ အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်နိုင်တယ်… ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ရဲ့ သရုပ်မှန်ကို ရှာမတွေ့နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး… ကြည့်ရတာ မိစ္ဆာမျိုးနွယ်စုထဲမှာ နောက်ထပ် မိစ္ဆာဘုရင်တစ်ပါး ထွက်ပေါ်လာပြီ ထင်တယ် ”
မိစ္ဆာမျိုးနွယ်စုအကြောင်း ချင်ရွှမ်း၏ ပြောပုံဆိုပုံက တခြားမသေမျိုးကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။ သူ၏ လေသံနှင့် အမူအရာမှာ မည်သည့်မုန်းတီးမှုမှ စက်ဆုပ်ရွံရှာမှုမှ မပါရှိပေ။ ရှင်းလင်းစွာပင် မိစ္ဆာမျိုးနွယ်စုအပေါ် ချင်ရွှမ်း၏ အမြင်က တခြားမသေမျိုးကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားခြားနားသည်။
“ ငတုံးမလေး… သီရှီထျန်က မိစ္ဆာ၊ ညည်းက လူသား… ညည်းတို့နှစ်ယောက်က အနာဂတ်မှာ ဘယ်လိုမှ မပေါင်းဖက်နိုင်ဘူး… ငါတို့ချင်မိသားစုက မိစ္ဆာမျိုးနွယ်စုအပေါ် တခြားလူသားတွေလို မုန်းတီးမှုမရှိပေမဲ့ ချင်မိသားစုက မိစ္ဆာမျိုးနွယ်စုနဲ့ အတူလက်မတွဲနိုင်ဘူး… ဒါ့အပြင် ချင်မိသားစုရဲ့ သားမက်က မိစ္ဆာတစ်ကောင် ဖြစ်လို့မရဘူး… ပိုပြီးအရေးကြီးတာက ခရမ်းရွှေကုန်းမြေမှာ မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရှိအဆင့်အတန်းပဲ… သူတို့က အချိန်မရွေး မျိုးတုန်းသတ်ဖြတ်ခံရနိုင်တယ်… သီရှီထျန်က မိစ္ဆာဘုရင်တစ်ပါးဆိုတော့ အနှေးနဲ့အမြန် အစွမ်းထက်ကျင့်ကြံသူတွေနဲ့ သူရင်ဆိုင်ရလိမ့်မယ်… ညည်း သူ့ကို မေ့ပစ်လိုက်ပါတော့ ”
ချင်ရွှမ်းက သက်ပြင်းချလိုက်ပြီး ကိုတိုမီကို ဖျောင်းဖျသည်။
ကိုတိုမီသည် လိမ္မာယဉ်ကျေးသော သမီးတစ်ယောက် ဖြစ်သည်။ သူက အမြဲတစေ မိဘစကားကို နားထောင်ခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ခေါင်းမာသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ချင်ရွှမ်း၏ စကားကို ကြားသောအခါ သူက စိတ်ဓာတ်ပြတ်သားစွာ ခေါင်းယမ်းလိုက်သည်။ သူက သီရှီထျန် ထွက်ပြေးသွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်ပြီး သူ၏ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူက ပြောသည်။
“ သမီး သူ့ကို မမေ့နိုင်ဘူး… သမီး ဟိုးအရင်ကတည်းက ကျိန်ဆိုမှု ပြုလုပ်ခဲ့တယ်… မြစိမ်းကုချင်းကို ပြန်ယူလာပေးနိုင်တဲ့လူက သမီးရဲ့ ခင်ပွန်းပဲ… အဲ့ဒီလူက လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် သမီး သူ့ကိုပဲ လက်ထပ်မယ်… သူမဟုတ်ရင် ဒီဘဝမှာ ဘယ်သူ့ကိုမှ သမီးလက်မထပ်ဘူး ”
ကိုတိုမီအတွက်တော့ ထိုကျိန်ဆိုမှုက သာမန်ကျိန်ဆိုမှု မဟုတ်ခဲ့ဟန် ရ၏။
သူက အောက်နှုတ်ခမ်းကို ကြမ်းတမ်းစွာ ဖိကိုက်လိုက်သည်။ သူက အလွန်ကြမ်းတမ်းစွာ ဖိကိုက်လိုက်သောကြောင့် မျက်နှာက ဖြူဖျော့သွားသည်။ သူ၏ မျက်လုံးထဲမှာ မယိမ်းယိုင်နိုင်သော စိတ်ဓာတ်ပြတ်သားမှု ရှိသည်။
“ အဖေ… သမီးတို့ ချင်မိသားစုက မသေမျိုးကျင့်ကြံခြင်းလောကကို ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ပါဘူး… တည်ထောင်သူဘိုးဘေး မှာကြားခဲ့တာက ခရမ်းရွှေကုန်းမြေက မျိုးနွယ်စုအားလုံးကို တန်းတူ ဆက်ဆံပေးရမယ်… အကိုသီက မိစ္ဆာဖြစ်တော့ရော ဘာဖြစ်လဲ… တည်ထောင်သူဘိုးဘေး ထားရစ်ခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ရှေးခေတ်ကို မိစ္ဆာတွေကပဲ ကြီးစိုးအုပ်ချုပ်ခဲ့ကြတာ… မိစ္ဆာမျိုးနွယ်စု နေလိုလလို ထွန်းတောက်ခဲ့တဲ့အချိန် တခြားဘယ်မျိုးနွယ်စုမှ လိုက်မမီနိုင်ခဲ့ဘူး… အဲ့ဒီအချိန်မှာ သမီးတို့ လူသားမျိုးနွယ်စုက သာမန်မျိုးနွယ်စုတစ်ခုပဲဖြစ်ခဲ့တာ… မိစ္ဆာမျိုးနွယ်စုရဲ့ အထောက်အပံ့ကြောင့်သာ ဒီကုန်းမြေမှာ ဆက်ပြီး ရပ်တည်နိုင်ခဲ့တာ… ဒါပေမဲ့ အခုချိန်မှာတော့ လူသားမျိုးနွယ်စုက ကျေးဇူးမသိတတ်ဘဲ မိစ္ဆာမျိုးနွယ်စုရဲ့ နောက်ဆုံးလက်ကျန်အင်အားကို ဖယ်ရှားပစ်ဖို့ ကြိုးစားချင်နေတယ် ”
ကိုတိုမီက ခေါင်းမာစွာ ပြောသည်။
“ လူသားမျိုးနွယ်စုက တခြားမျိုးနွယ်စုတွေထက် ပိုပြီးမမြင့်မြတ်ပါဘူး… အဲ့ဒီလိုပဲ မိစ္ဆာမျိုးနွယ်စုက မွေးလာကတည်းက နိမ့်ကျနေတာ မဟုတ်ပါဘူး… အနှေးနဲ့အမြန် သူတို့လုပ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ခံစားရလိမ့်မယ် ”
“ စကားကို ဆင်ခြင်ပြောပါ ”
ချင်ရွှမ်းက မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ တော်လိုက်ပြီ ရှင်းအာ… ဒီလောကမှာ ချင်မိသားစု မပြောင်းလဲနိုင်တဲ့ ကိစ္စတွေ ရှိတယ်… မိစ္ဆာမျိုးနွယ်စုက လမ်းအဆုံးကို ရောက်နေပြီ… အဲ့ဒါက မငြင်းဆန်နိုင်တဲ့ အမှန်တရားပဲ… တချို့ဘိုးဘေးတွေက မိစ္ဆာမျိုးနွယ်စုကို ခရမ်းရွှေကုန်းမြေကနေ အပြီးတိုင် ဖယ်ရှားပစ်ဖို့ မစောင့်နိုင်ကြတော့ဘူး… ငါ့အထင် မကြာခင်မှာ သူတို့တွေ စလှုပ်ရှားကြတော့မယ် ”
သူက စကားပြောနေရင်း ထိုအကြောင်းကို ဆက်မပြောချင်တော့သည့်အလား ရပ်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖယ်ရှားပစ်လိုက်သည်။ သူက တခြားအကြောင်း ပြောသည်။
“ အဲ့ဒီနတ်ဆိုးက ‘ သွေးလွတ်မြောက်ပညာရပ် ’ကို အသုံးပြုပြီး ထွက်ပြေးသွားခဲ့တယ်… သူ့နောက်ကို လိုက်ဖမ်းဖို့ အခွင့်အရေးနည်းတယ်… ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာ ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့ပုံပဲ… လောလောဆယ်တော့ ခရမ်းရွှေကုန်းမြေထဲမှာ သူဘာပြဿနာမှ မရှာနိုင်လောက်သေးဘူး… ကောင်းပြီ… အရင်ဆုံး အိမ်ပြန်ကြရအောင် ”
“ ပြီးတော့… သီရှီထျန်ရဲ့ သရုပ်ကို ဘယ်သူ့ကိုမှ မပြောပြတာ ကောင်းလိမ့်မယ် ”
ချင်ရွှမ်းသည် ကိုတိုမီ၏ ခေါင်းမာသော အမူအရာကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ကိုတိုမီသည် သီရှီထျန် ထွက်သွားသော ဦးတည်ရာကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ခြေထောက်အောက်မှ အစိမ်းရောင်လူအန်ငှက်သည် ခေါင်းလှည့်လိုက်ပြီး ကုချင်းချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။
“ သီရှီထျန်… သီရှီထျန်… မင်းက ငါ့ရဲ့ မျှော်လင့်ထားမှုထက် ကျော်လွန်နေတာပဲ… မင်းရဲ့ အစစ်အမှန်အသွင်သဏ္ဍာန်က ကျားနက်ပဲ… ကျားက တောအုပ်ရဲ့ ရှင်ဘုရင်ဖြစ်တယ်… ကျားနက်က သန္ဓေပြောင်းမျိုးစိတ်ဖြစ်ပြီး အလွန်ရှားပါးတယ်… ပြီးတော့ ဝူတိုင်းပြည်မှာ တိုတမ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်… ငါ့အထင်မမှားရင် အဲ့ဒီတိုတမ်က မင်းနဲ့ သက်ဆိုင်နေလိမ့်မယ်… တိုတမ်က ယုံကြည်မှုစွမ်းအားကို စုစည်းပေးနိုင်တယ်… ယုံကြည်မှုစွမ်းအားက လျှို့ဝှက်ဆန်းကြယ်ပေမဲ့ ယုံကြည်မှုစွမ်းအားကို အသုံးပြုနိုင်တဲ့လူက မရှိသလောက် ရှားပါးတယ်… ဖြစ်နိုင်တာက မင်းက ယုံကြည်မှုစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ သိထားတာများလား ”
အိမ်အပြန်လမ်းတွင် ချင်ရွှမ်း၏ စိတ်သည် အပြင်ဘက်မှာ သူထုတ်ဖော်ပြထားသကဲ့သို့ အေးဆေးတည်ငြိမ်မနေပေ။ အဘယ့်ကြောင့်ဆိုသော် အတွေးများစွာက သူ၏ စိတ်ထဲမှာ စုပြုံထွက်ပေါ်လာသောကြောင့်ပင်။ အတိတ်မှာ သူသည် သီရှီထျန်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ သို့သော်လည်း ယခုအချိန်မှာ သူသည် သီရှီထျန်ကို ထွင်းဖောက်မမြင်နိုင်ရုံသာမက သူ့စိတ်ထဲမှာ သံသယများလည်း ရှိလာသည်။ သီရှီထျန်ကို ဖုံးကွယ်ထားသော မြူခိုးအလွှာက ပိုပြီးသိပ်သည်းလာဟန် ရ၏။
ချင်ရွှမ်း အတွေးများနေစဉ် အခြားတစ်ဖက်မှာတော့ သီရှီထျန်က အလျှင်အမြန် ထွက်ပြေးနေသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှ သူထွက်လာသည့်အခိုက် သူ၏ အစစ်အမှန်အသွင်သဏ္ဍာန်က ချင်ရွှမ်းနှင့် ကိုတိုမီ၏ အရှေ့မှာ ထွက်ပေါ်သွားခဲ့သည်။ အကယ်၍ သူဆက်နေနေလျှင် မည်သို့ဖြစ်လာနိုင်ကြောင်း သီရှီထျန် မသိပေ။ အထူးသဖြင့် သူ၏ သရုပ်မှန်ကို သိသွားသည့်အခါ ချင်ရွှမ်းနှင့် ကိုတိုမီ၏ သဘောထားက မည်သို့ပြောင်းလဲသွားနိုင်ကြောင်း သူမသေချာပေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ မိစ္ဆာလေကို ဆင့်ခေါ်၍ နေရာမှ အမြန်ဆုံး ထွက်ပြေးခဲ့သည်။ သူက အလျင်ကို လုံးဝ မလျော့ချခဲ့ပေ။
သူက မြန်ဆန်စွာ ပျံသန်းနေရင်း သူ၏ စိတ်ထဲမှ မှတ်ဉာဏ်ကို အမှီပြု၍ တောင်ပိုင်းမြေရိုင်းဒေသ၏ ဦးတည်ရာကို ရှာဖွေလိုက်သည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ လေထဲ၌ ကြွင်းကျန်ပုံရိပ်များ ကျန်နေခဲ့သည်။ ချင်ရွှမ်းနှင့် ကိုတိုမီ၏ အတွေးက သူ၏ မျှော်လင့်ထားမှုထက် လုံးဝ ကျော်လွန်နေသည်ကို သီရှီထျန် မသိခဲ့ပေ။
“ နောက်တစ်ခါ ငါတို့ပြန်တွေ့ဆုံတဲ့အခါကျရင် ရန်သူတွေ ဖြစ်နိုင်လောက်တယ် ”
ရှုပ်ထွေးသော အတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဝမ်ထောင်နှင့် ကောင်းကင်နတ်ဆိုးနန်းတော်၏ ထူးခြားဆန်းကြယ်ပုံနှင့် ကြောက်မက်ဖွယ်ကောင်းပုံကို ရုတ်တရက် ပြန်စဉ်းစားမိသွားသည်။ သူက ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှ ရုန်းထွက်လာနိုင်ခဲ့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ယခုအထိ နှလုံးတုန်ယင်နေဆဲပင်။ ထိုနန်းတော်က အလွန်ကြောက်စရာကောင်းသည်။ ထိုနန်းတော်ထဲမှာ လောကတုန်လှုပ်သွားစေမည့် အံ့ဖွယ်စွမ်းအား ကိန်းအောင်းနေသည်ဟု ဝေဝေဝါးဝါး သူခံစားမိသည်။
ဤတစ်ကြိမ် ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှ သူလွတ်မြောက်လာခဲ့ခြင်းက ကံကောင်းမှုကြောင့်ဖြစ်ကြောင်း သီရှီထျန် ခံစားမိသည်။
သူ၏ ခံစားမှုက မမှားယွင်းပေ။ ကံကောင်းခြင်းသည် ယုံကြည်မှုစွမ်းအားနည်းတူ လျှို့ဝှက်ဆန်းကြယ်သောအရာ ဖြစ်သည်။ သူ့ကို ဝါးမျိုလိုက်သော ကောင်းကင်နတ်ဆိုးနန်းတော်သည် ရှေးခေတ်စစ်ပွဲတွင် ကြီးမားသော ထိခိုက်ပျက်စီးမှုကို တွေ့ကြုံခဲ့သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးနန်းတော်က အထွတ်အထိပ်အခြေအနေမှာ မရှိနေပေ။ ယင်းက သီရှီထျန်အတွက် ကံကောင်းမှု ဖြစ်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်က အားနည်းနေသောကြောင့် နန်းတော်ထဲမှ နတ်ဆိုးများသည်လည်း ရှေးခေတ်မှာကဲ့သို့ အစွမ်းမထက်ကြတော့ချေ။ သို့မဟုတ်လျှင် သီရှီထျန်၏ အသံဓားများက ထိုနတ်ဆိုးများကို ခုတ်ပိုင်းနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် သူက မိစ္ဆာမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သည်။ မိစ္ဆာများသည် တခြားမျိုးနွယ်စုများထက် ပိုပြီးသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သီရှီထျန်က သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီး နန်းတော်၏ မျက်နှာကြက်ကို အဆက်မပြတ် တိုက်ခိုက်လိုက်သည့်အခါ အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။
အထက်ဖော်ပြပါ အချက်အလက်များ ပေါင်းစုံသွားသောကြောင့်သာ သူက ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှ ထွက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကောင်းကင်နတ်ဆိုးနန်းတော်သာ အထွတ်အထိပ်အခြေအနေမှာရှိနေလျှင် သူက ထိုသို့လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူက အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အတွင်းနတ်ဆိုးများ၏ ဝါးမျိုခံရလိမ့်မည်။ သို့မဟုတ် သူက အစွမ်းထက်နတ်ဆိုးရာထောင်ချီ၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သေဆုံးသွားလိမ့်မည်။
ထိုအတွေးက သူ့စိတ်ထဲမှာ တဒင်္ဂသာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူက ထိုအတွေးများကို ဖယ်ရှားလိုက်သည်။ လူသားလောကဆီသို့ ရောက်လာရသည့် သူ၏ အဓိကရည်ရွယ်ချက်က ကုချင်းပညာကို သင်ယူရန် ဖြစ်သည်။ ယခု သူက ကုချင်းပညာကို တတ်ကျွမ်းသွားပြီ ဖြစ်သည်။ လက်ရှိ သူ၏ ကုချင်းပညာသည် သေမျိုးလောကထဲမှ နာမည်ကျော်ကြားသော ကုချင်းပညာရှင်များထက် မလျော့ပေ။
ယခု သူသည် သေမျိုးလောကမှ သီချင်းအမျိုးမျိုးကို တီးခတ်နိုင်သွားသည်။ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကုချင်းကို တီးခတ်ရင်း တမူထူးခြားသော ပညာရပ်တချို့ကိုပင် ကြံဆနိုင်ခဲ့သည်။ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အစစ်အမှန်စွမ်းအားကိုလည်း ထုတ်လွှတ်နိုင်သွားသည်။
ထို့ပြင် သူက ဤတစ်ကြိမ်ခရီးမှာ အမြတ်အနေနှင့် ဝူတိုင်းပြည်ထဲမှာ မျိုးစေ့တစ်ခု စိုက်ပျိုးနိုင်ခဲ့သည်။ အနာဂတ်မှာ ယုံကြည်မှုစွမ်းအားမျိုးစေ့က မည်သို့အပင်ပေါက်လာမည်ဖြစ်ကြောင်း သူအလွန်စိတ်ဝင်စားသည်။
ထို့ပြင် သူက မသေမျိုးကျင့်ကြံခြင်းလောကနှင့်သက်ဆိုင်သော ဗဟုသုတများကို ရရှိခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ် လူသားလောကဆီသို့ သူထွက်လာခဲ့သော ခရီးစဉ်မှာ ဖော်မပြနိုင်သော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့ကြောင်း ထင်ရှားပေ၏။
တစ်ချိန်တည်းမှာ ဤတစ်ကြိမ် ခရီးစဉ်က တစ်နှစ်ခွဲကြာသွားသည်။ တစ်နည်းဆိုရသော် တောင်ပိုင်းမြေရိုင်းဒေသနှင့် သူခွဲခွာခဲ့သည်မှာ တစ်နှစ်ခွဲကြာသွားပြီ ဖြစ်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ သူ၏ လက်အောက်ငယ်သားများနှင့် ရှောင်ပိုင်ကို သူစဉ်းစားမိသောအခါ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အမြန်ပြန်သွားရန် ဆန္ဒစောလာသည်။
အခန်း(၂၄၈)
မိစ္ဆာလေကို စီးနင်း၍ မိုင်တစ်ထောင်အကွာအဝေးသို့ ခရီးနှင်လာပြီးနောက် သီရှီထျန်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး လူသားအသွင်သဏ္ဍာန်သို့ ပြန်ပြောင်းလဲလိုက်သည်။ သူက မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ သူက အနက်ရောင်ဝတ်စုံတစ်ထည်ကို ထုတ်၍ ဝတ်ဆင်လိုက်သည်။ အနက်ရောင်ဆံပင်ရှည်ကို သူ၏ ဦးခေါင်းအနောက်တွင် စုချည်ထားသည်။ သူက ဘေးပတ်ဝန်းကျင်ကို မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ လက်ရှိတည်နေရာက လူသားအရိပ်အယောင်မရှိသော တောရိုင်းမြေတစ်ခု ဖြစ်သည်။ သူ့အောက်တွင် တောင်ကုန်းငယ်တစ်ခု ရှိသည်။ တောင်ကုန်းငယ်ကို ခြောက်သွေ့သော အဝါရောင်မြက်ပင်များက ဖုံးလွှမ်းနေသည်။ ဘေးပတ်ဝန်းကျင်မှာလည်း ထိုအတိုင်းပင်။ အကယ်၍ ယခုကာလသာ နွေဦးရာသီဖြစ်မည်ဆိုလျှင် ဤနေရာတစ်ခုလုံးမှာ မြက်ခင်းစိမ်းဖြင့် ပြည့်နှက်နေမည်ဖြစ်ကြောင်း သူစိတ်ကူးကြည့်နိုင်သည်။
သီရှီထျန်က အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ အတော်လေး အလှမ်းဝေးသော နေရာတွင် နယ်မြို့တစ်မြို့တည်ရှိနေကြောင်း မြင်တွေ့သွားသည်။
အမှန်မှာ ထိုနယ်မြို့ကို မြင်တွေ့လိုက်သောကြောင့် သီရှီထျန်က ရပ်လိုက်ခြင်း ဖြစ်သည်။ အစောနက တိုက်ပွဲမှာ မိစ္ဆာချီအများအပြားကို သူကုန်ဆုံးခဲ့သည်။ ထို့ပြင် မိစ္ဆာလေကို အသုံးပြု၍ မိုင်ထောင်ချီအကွာအဝေးသို့ ခရီးနှင်ခြင်းက ပမာဏများပြားသော မိစ္ဆာချီကို ကုန်ဆုံးစေသည်။ သူ၏ မိစ္ဆာစံအိမ်က ကောင်းကင်ဘုံအဆင့်ဖြစ်ပြီး မိစ္ဆာသန့်စင်ခြင်းမီးဖိုက ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားကို အစဉ်အမြဲ စုပ်ယူနေကာ မိစ္ဆာချီအဖြစ် ပြောင်းလဲပေးနေသည့်တိုင် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားအများစုက ကုန်ခမ်းသွားသည်။ ထို့ပြင် သူက ပင်ပန်းနွမ်းနယ်နေသည်။
အကယ်၍ သူက ခရီးတစ်ဝက်မှာ အားပြန်ဖြည့်ရန် အနားမယူခဲ့လျှင် လမ်းခရီး၌ မမျှော်လင့်ဘဲ အန္တရာယ်တစ်စုံတစ်ရာနှင့် သူတွေ့ကြုံသည့်အခါ ဒုက္ခရောက်သွားနိုင်သည်။ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ သူမရောက်သွားမီ အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်သည်။
ထို့ကြောင့် သူက မြို့တစ်မြို့ကို ဝင်ရောက်သွားပြီး အရင်စားသောက်ကာ ညအချိန်၌ ကုန်ဆုံးသွားသော မိစ္ဆာချီကို ပြန်လည်ဖြည့်တင်းရန် အနားယူမည်ဟု တွေးထားသည်။ အထွတ်အထိပ်အခြေအနေဆီသို့ သူပြန်ရောက်သွားသည့်အခါမှ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဆက်ပြီး ခရီးနှင်မည်။
သူက ခြေထောက်ကို မြှောက်လိုက်ပြီး နယ်မြို့တည်ရှိသော ဦးတည်ရာဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ ခြေတစ်လှမ်းနှင့် နောက်ခြေတစ်လှမ်းက အကွာအဝေးတူညီပြီး စည်းချက်ညီသည်။ သူက ဘေးပတ်ဝန်းကျင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး အမြဲသတိထားနေသည်။ သူက အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော အန္တရာယ်တိုင်းအတွက် ကြိုတင်အသင့်ပြင်ထားသည်။
“ တိုက်ခိုက်ဖို့အတွက် နောက်ထပ် လက်နက်တစ်ခု ငါပြင်ဆင်ရလိမ့်မယ် ”
အရှေ့သို့ လျှောက်သွားနေစဉ် သီရှီထျန်၏ ခေါင်းထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအတွေးသည် ဤမတိုင်ခင်ကတည်းက သီရှီထျန်၏ စိတ်ထဲမှာ အမြစ်တွယ်နေခဲ့သည်။ ယခုအချိန်မှာ ယင်းက ပိုပြီးအားကောင်းလာသည်။
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက အလွန်အစွမ်းထက်သည်။ သို့သော်လည်း ယင်းက ရန်သူအများအပြားနှင့် ရင်ဆိုင်ရသည့်အခါမျိုးမှာ ပိုပြီးအသုံးဝင်သည်။ ယင်းကို ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားနှင့် တွဲစပ်အသုံးပြုသည့်အခါ အစွမ်းထက်သော သတ်ဖြတ်ခြင်းလက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ ယင်းက တိုက်ပွဲအခြေအနေကို ရုတ်တရက် ပြောင်းပြန်လှန်ပစ်နိုင်သော ဝှက်ဖဲကတ်တစ်ခုလည်း ဟုတ်၏။
အနီးကပ်တိုက်ပွဲများတွင် မိစ္ဆာမျိုးနွယ်စု၏ ရုပ်ခန္ဓာကိုယ်က အကောင်းဆုံး တိုက်ပွဲခန္ဓာကိုယ် ဖြစ်သည်။ အားကောင်းသော လက်နက်တစ်ခုကို လက်ထဲမှာ ဆုပ်ကိုင်ထားမည်ဆိုလျှင် မိစ္ဆာတစ်ကောင်က အစွမ်းကြီးမားသော စစ်သူရဲတစ်ကောင် ဖြစ်လာလိမ့်မည်။ အထူးသဖြင့် ဝူဝူဒီ၏ တိုက်ခိုက်မှုပုံစံကို သူမြင်တွေ့ပြီးနောက် ဖြစ်သည်။ ဝူဝူဒီ၏ တိုက်ခိုက်မှုများနှင့် သိုင်းပညာများက အမှန်တကယ် အစွမ်းထက်သည်။ ထို့ကြောင့် သီရှီထျန်သည် အနီးကပ်တိုက်ပွဲများအတွက် သူ၏ တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်ချင်လာသည်။ အကယ်၍ သူ၏ တိုက်ခိုက်စွမ်းရည်က အတိုင်းအတာတစ်ခုထိ တိုးမြှင့်သွားမည်ဆိုလျှင် သူ၏ စွမ်းအားက ပိုပြီးကြီးမားလာလိမ့်မည်။
သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သူ၏ ဝှက်ဖဲကတ်အဖြစ် သိမ်းထားချင်ပြီး တိုက်ခိုက်စွမ်းရည်ကို လေ့ကျင့်ရန် နောက်ထပ် လက်နက်တစ်ခု ပိုင်ဆိုင်ချင်လာသည်။ သို့သော် လောလောဆယ်မှာတော့ သူက ထိုအကြောင်းကို အများကြီး မတွေးပေ။ အနာဂတ်ကျမှ သူက ယင်းကို လေးနက်စွာ တွေးတောလိမ့်မည်။ ယခု သူက ထိုကိစ္စကို စိတ်ထဲမှာသာ မြှုပ်နှံထားလိုက်သည်။
သူက စိတ်ထဲမှာ တွေးတောစဉ်းစားနေရင်း တောင်ကုန်းငယ်ထံမှ သူလှမ်းမြင်ခဲ့ရသော နယ်မြို့ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက နယ်မြို့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သွားသည်။
ထိုနယ်မြို့ကို “ ဖေး ”ဟု ခေါ်သည်။ “ ဖေး ”သည် ကြယ်ဝချမ်းသာခြင်းကို ရည်ညွှန်းသည်။ ဖေးမြို့၏ ရည်ရွယ်ချက်က မြို့ထဲမှာ နေထိုင်သူအားလုံးကို ကြွယ်ဝချမ်းသာမှု ပေးရန် ဖြစ်၏။ မြို့၏ ဂိတ်တံခါးအရှေ့မှာ အစောင့်အကြပ်များ ရှိသည်။ တစ်စုံတစ်ယောက်က မြို့ထဲသို့ ဝင်ရောက်ချင်လျှင် တန်ဖိုးတစ်ခုကို ပေးရလိမ့်မည်။
သီရှီထျန်ဆီမှာ ငွေကြေးမရှားပါးချေ။ မည်သို့ဖြစ်ပါစေ သူ့လက်ထဲမှာ သေဆုံးသွားခဲ့သော မသေမျိုးကျင့်ကြံသူအရေအတွက်က မနည်းလှပေ။ သူက ထိုကျင့်ကြံသူများထံမှ ငွေကြေးအများအပြားကို ပိုင်ဆိုင်ထားသည်။ မြို့စောင့်တပ်သားများကို ငွေပေးပြီးလျှင် သူက မြို့ထဲသို့ ဝင်ရောက်သွားသည်။
မြို့ထဲမှာ သူလမ်းလျှောက်နေစဉ် ဤမြို့က ယင်း၏ နာမည်နှင့် အမှန်တကယ် လိုက်ဖက်ကြောင်း မြင်တွေ့သွားသည်။ မြို့ထဲတွင် အဆုံးမဲ့သော လူတန်းက စည်ကားသိုက်မြိုက်စွာ ရွေ့လျားသွားနေသည်။ ကြည့်ရသည်မှာ ယနေ့က ဈေးပွဲတော်နေ့ ဖြစ်ဟန် ရ၏။ အော်ဟစ်ဆူညံသံများက နေရာတိုင်းမှ ထွက်ပေါ်နေသည်။ မြို့ထဲမှ လမ်းထဲမှာ သက်ဝင်လှုပ်ရှားသော လေထု ဖြစ်ပေါ်နေသည်။
သီရှီထျန်သည် “ ရွှေဧည့်သည် ”ဟု အမည်ပေးထားသော စားသောက်ဆိုင်ရှေ့သို့ ရောက်သွားသည့်အခါ ဆိုင်ထဲသို့ သာမန်ကာလျှံကာ ဝင်သွားသည်။ ယင်းက စားသောက်ဆိုင်ဖြစ်သော်လည်း တည်းခိုခန်းဝန်ဆောင်မှု ရှိသည်။ သူက ဗိုက်ဖြည့်တင်းရန် ဟင်းပွဲတချို့ကို အရင်မှာလိုက်ပြီး စားသောက်လိုက်သည်။ ထို့နောက် သူက အိပ်ခန်းတစ်ခန်းကို ငှားလိုက်သည်။ သူက အပြင်မှာ အချိန်ကြာကြာ မနေပေ။ သူက အခန်းထဲ ဝင်သွားပြီးနောက် မျက်လုံးမှိတ်လိုက်ပြီး အားပြန်ဖြည့်လိုက်သည်။
နေရောင်ခြည်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ကွယ်ပျောက်သွားသည်။ အလင်းရောင်မှေးမှိန်သွားသည့်အခါ ညအချိန် ရောက်လာသည်။ ညအချိန်တွင် လခြမ်းကွေးက ညကောင်းကင်ယံပေါ်မှာ မြင့်မြင့် ချိတ်ဆွဲသွားသည်။
ငွေရောင်အလင်းအမျှင်တန်းများသည် အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာကြပြီး သီရှီထျန်၏ အခန်းထဲသို့ ဝင်ရောက်လာကြသည်။ အခန်းထဲမှ ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော သီရှီထျန်ကို ပါးလွှာသော ငွေရောင်အလင်းအလွှာတစ်ခုက ဖုံးလွှမ်းထားသည်။ ယင်းက အလွန်ထူးဆန်းသည်။
“ ဆရာ… တုမိသားစုဆီမှာ အဲ့လောက် အံ့ဖွယ်ကောင်းတဲ့ ရတနာ တကယ်ရှိတာလား… ဝိညာဉ်ဝိုင်ချက်လုပ်တဲ့ လျှို့ဝှက်ဖော်စပ်နည်းကို ဒီတပည့် တစ်ခါမှ မကြားဖူးဘူး ”
“ ငတုံး… မင်းဘာသိလို့လဲ… ဝိညာဉ်ဝိုင်ဆိုတာ ဘာလဲ မင်းသိလို့လား… အဲ့ဒါက ဆေးပညာရှင်တွေ သန့်စင်ထားတဲ့ ဆေးလုံးတွေနဲ့ နှိုင်းယှဉ်နိုင်တယ်… ဒါ့အပြင် ဝိညာဉ်ဝိုင်က ဆေးလုံးတွေထက်တောင် ပိုပြီးတန်ဖိုးကြီးမားသေးတယ်… ‘ မျောက်မင်းဝိုင် ’ကို မင်းကြားဖူးလား… အဲ့ဒါက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တစ်ငုံသောက်ရုံနဲ့ အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်တယ်… အဲ့ဒီသတင်းက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး… လူတိုင်းက အဲ့ဒါကို တစ်ချက်သွားကြည့်ချင်ကြတယ်… တကယ်ပဲ တုမိသားစုဆီမှာ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်းရှိတယ်ဆိုရင် ငါတို့ဆရာတပည့်နှစ်ယောက် မကြာခင် အောင်မြင်ကြီးပွားတော့မယ် ”
“ ဟီး… ဟီး… ”
ဘေးအခန်းမှ စကားသံများက ရုတ်တရက် သီရှီထျန်၏ နားထဲသို့ ဝင်ရောက်လာသည်။ ရှင်းလင်းစွာပင် ထိုဆရာတပည့်နှစ်ယောက်က အခန်းထဲမှာ အသံလုံအစီအရင်ကို မခင်းကျင်းထားဘဲ တီးတိုးစကားပြောနေကြသည်။
သီရှီထျန်၏ နားရွက်များက အကြိမ်ရေအနည်းငယ် လှုပ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ငွေရောင်အလင်းအမျှင်တန်းများက သူ့ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် တိုးဝင်လာသည်။
သူမှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ဖွင့်သွားသည်။ သူ့မျက်လုံးထောင့်တွင် တောက်ပသော အလင်းရောင် ဖျတ်ခနဲ ထွက်ပေါ်လာသည်။ သူက ညစ်ညမ်းသော လေကို မှုတ်ထုတ်လိုက်ပြီး သူ၏ မိစ္ဆာချီကို နားရွက်များဆီသို့ ပို့လွှတ်လိုက်သည်။ ယင်းက သူ၏ အကြားအာရုံကို အဆမတန် ပိုအားကောင်းစေသည်။ ဘေးအခန်းမှ စကားသံများသည် သူ့အတွက် မတိုးညင်းတော့ဘဲ ရှင်းလင်းပီသလာသည်။
သူကျင့်ကြံနေသည်မှာ လေးနာရီရှိသွားပြီ ဖြစ်သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စွမ်းရည်ကြောင့် သူကုန်ဆုံးသွားခဲ့သော စွမ်းအားက အလျှင်အမြန် ပြန်ပြည့်လာသည်။ သူက အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေသော်လည်း သတိမပေါ့ဆခဲ့ပေ။ သူက အသိစိတ်အာရုံအမျှင်တန်းတစ်ခုကို အပြင်ဘက်မှာ ချန်ထားခဲ့သည်။ ထိုအသိစိတ်အာရုံအမျှင်တန်းက သူ၏ ဘေးပတ်ဝန်းကျင်မှ အခြေအနေများကို အမြဲတမ်း စောင့်ကြည့်ပေးနေလိမ့်မည်။ အကယ်၍ အနှောင့်အယှက်တစ်စုံတစ်ခု ကြုံလာလျှင် သူက ကျင့်ကြံနေခြင်းမှ ချက်ချင်း ပြန်နိုးလာလိမ့်မည်။
ထို့ကြောင့် သူက မျက်လုံးမှိတ်၍ ကျင့်ကြံနေသည့်တိုင် ဘေးအခန်းမှ စကားသံများကို ကြားနေဆဲပင်။ သူတို့ပြောနေသော စကားများထဲတွင် ‘ ဝိညာဉ်ဝိုင် ’နဲ့ ‘ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ’ဟူသော စကားများက သူ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ထို့ကြောင့် သူက ကျင့်ကြံနေခြင်းမှ ပြန်နိုးလာပြီး သူတို့၏ စကားဝိုင်းကို စိတ်ဝင်တစား နားထောင်လိုက်သည်။
‘ ဝိညာဉ်ဝိုင်လား… ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်းက ဘာကို ပြောတာလဲ… ဝိညာဉ်ဝိုင်ချက်လုပ်တဲ့ လျှို့ဝှက်နည်းလမ်းကို ပြောတာလား ’
ဝိညာဉ်ဝိုင်ဟူသော စကားလုံးသည် သီရှီထျန် အလွန်ရင်းနှီးသောအရာ ဖြစ်သည်။ သူ၏ အမိန့်အောက်မှာ ယွမ်ထျန်းနှင့် သူ၏ မျောက်မျိုးနွယ်စုက မျောက်မင်းဝိုင်ကို ချက်လုပ်နေကြသည် မဟုတ်ပါလော။ မျောက်မင်းဝိုင်သည် ဝိညာဉ်ဝိုင်တစ်မျိုးဖြစ်ပြီး သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေသည်။ ဝိညာဉ်ဝိုင်ထဲမှာ ကိန်းအောင်းနေသော စွမ်းအင်အနှစ်သာရက ဆေးလုံးများနှင့် နှိုင်းယှဉ်နိုင်သည်။ ထို့ပြင် ဝိညာဉ်ဝိုင်ထဲမှာ ပါဝင်သော စွမ်းအင်အနှစ်သာရက သိမ်မွေ့နူးညံ့လေရာ ကျင့်ကြံသူများ စုပ်ယူရန် ဆေးလုံးများထက် ပိုပြီးလွယ်ကူသည်။
သာမန်မျောက်မင်းဝိုင်၏ အကျိုးအာနိသင်သည် အတိတ်မှာ သူသောက်သုံးခဲ့ဖူးသော ‘ စွမ်းအင်စုစည်းဆေးလုံး ’နှင့် နှိုင်းယှဉ်နိုင်သည်။ ‘ စွမ်းအင်စုစည်းဆေးလုံး ’သည် မသေမျိုးကျင့်ကြံခြင်းလောက၌ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများအတွက် အကောင်းဆုံး ဝိညာဉ်ဆေးလုံး ဖြစ်သည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်ဝိုင်က မည်မျှအံ့ဖွယ်ကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ မျောက်မင်းဝိုင်၏ အကူအညီမပါလျှင် သူက လက်ရှိအဆင့်သို့ မြန်ဆန်စွာ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။
မသေမျိုးကျင့်ကြံခြင်းလောကဆီသို့ ရောက်လာပြီးနောက် သီရှီထျန်သည် ဗဟုသုတအများအပြား ရရှိသွားသည်။ ဤလောကတွင် မသေမျိုးကျင့်ကြံသူများကို မြန်ဆန်စွာ အစွမ်းတိုးမြှင့်စေနိုင်သော နည်းလမ်းနှစ်ခု ရှိသည်။ တစ်ခုက ဆေးပညာရှင်များ၏ ဝိညာဉ်ဆေးလုံးဖြစ်ပြီး အခြားတစ်ခုက ဝိုင်ဆရာသခင်များ၏ ဝိညာဉ်ဝိုင် ဖြစ်သည်။ ထိုရတနာနှစ်ခုက မသေမျိုးကျင့်ကြံသူများ၏ စွမ်းအားကို မြန်ဆန်စွာ တိုးမြှင့်ပေးနိုင်သည်။
ဆေးပညာရှင်များ သန့်စင်သော ဆေးလုံးများက နားလည်ရန် ပိုပြီးလွယ်ကူသည်။ သူတို့က ဝိညာဉ်ဆေးပင်များကို ရောနှောသန့်စင်၍ အံ့ဖွယ်ကောင်းသော မှော်ဆေးလုံးများကို ဖန်တီးနိုင်ကြသည်။ မသေမျိုးကျင့်ကြံခြင်းလောကတွင် အရည်အချင်းရှိသော ဆေးပညာရှင်တစ်ပါးကို အင်အားစုအများအပြားက မျက်နှာသာပေးကြသည်။ သူတို့က ဆေးပညာရှင်၏ အခိုင်းအစေဖြစ်ရန်ပင် ဆန္ဒရှိကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဆေးပညာရှင်များက မည်မျှအဆင့်အတန်းမြင့်မားကြောင်း တွေးကြည့်နိုင်သည်။
ဝိညာဉ်ဝိုင်သည် ဆေးလုံးများထက် မလျော့သော အစွမ်းအာနိသင်ကို ပိုင်ဆိုင်ထားသည်။ ဝိညာဉ်ဝိုင်ကို ချက်လုပ်ရန် ဝိညာဉ်ဆေးပင်များကိုသာမက မိုးမြေကြားမှ တခြားအဖိုးတန်ပစ္စည်းများကိုလည်း အသုံးပြုနိုင်သည်။ ဥပမာ သစ်ဥသစ်ဖုများ၊ သစ်သီးဝလံများ၊ ပန်းပင်များ အစရှိသည်တို့ ဖြစ်ကြသည်။ ထို့ပြင် ဝိညာဉ်ဝိုင်သည် သာလွန်ထူးခြားသော အရသာကို ပိုင်ဆိုင်ထားရုံသာမက ဝိညာဉ်ဝိုင်ထဲမှ စွမ်းအင်သည်လည်း ဆေးလုံးများထက် ပိုပြီးသိမ်မွေ့ညင်သာသည်။ သို့သော်လည်း ဝိညာဉ်ဝိုင်ဖော်စပ်နည်းက အတော်လေး ရှားပါးသည်။
ယေဘုယျအားဖြင့် မသေမျိုးကျင့်ကြံသူတစ်ယောက်သည် အချိန်အားလပ်သည့်အခါ ဆေးပင်တချို့နှင့် သစ်သီးတချို့ကို ရောနှော၍ ကိုယ်တိုင် ဝိုင်ချက်လုပ်ကာ အရသာမြည်းစမ်းကြည့်လိမ့်မည်။ ယင်းက ဝိညာဉ်ဝိုင်၏ အစပြုပုံဖြစ်သည်။ သို့ဖြစ်၍ ဝိုင်ဆရာသခင်များဆီမှာ ဝိညာဉ်ဝိုင်ချက်လုပ်သော ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်း ရှိသည်။ သူတို့က အကြောင်းအရင်းမရှိလျှင် လျှို့ဝှက်နည်းလမ်းကို တခြားလူများအား ပြောပြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဝိညာဉ်ဝိုင်ဖော်စပ်နည်းအများစုသည် တဖြည်းဖြည်း အချိန်မြစ်ထဲမှာ ပျောက်ဆုံးသွားကြသည်။ မျက်မှောက်ခေတ်၏ မသေမျိုးကျင့်ကြံသူများသည် ဝိညာဉ်ဝိုင်များ၏ အံ့ဖွယ်ကောင်းသော အစွမ်းအာနိသင်များကို ရှေးခေတ်မှတ်တမ်းများထဲမှာသာ ရှာတွေ့နိုင်ကြတော့သည်။
“ ဝိညာဉ်ပြန်ခေါ်ဝိုင် ”မှာ အဘယ်နည်း။ ယင်းကို သောက်လိုက်လျှင် လောလောလတ်လတ် သေဆုံးထားသော လူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာလိမ့်မည်။ “ သံယောဇဉ်ဖြတ်ဝိုင် ”သည် ကိုယ်ချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်များကို ထာဝရ မေ့ပျောက်သွားစေရန် ကူညီပေးနိုင်သည်။ အံ့ဖွယ်ကောင်းပြီး မှော်ဆန်သော ဝိညာဉ်ဝိုင်များကို ရှေးခေတ်စာအုပ်များထဲမှာသာ မြင်တွေ့နိုင်ကြတော့သည်။
အခန်း(၂၄၉)
မျောက်မင်းဝိုင်သည်ပင် သီရှီထျန်ကို အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်များ ပေးခဲ့သည်။ ထို့ကြောင့် ဘေးအခန်းမှ ဆရာတပည့်က “ ဝိညာဉ်ဝိုင် ”အကြောင်း ပြောနေကြကြောင်း သူကြားသောအခါ စိတ်ဝင်တစား နားထောင်လိုက်သည်။
သူက ထိုဆရာတပည့်၏ စကားဝိုင်းကို နာရီဝက်ကြာအောင် နားထောင်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူက အတွေးများကို ပြန်စုစည်းလိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’က ဝိညာဉ်ဝိုင်အမျိုးမျိုးရဲ့ ဖော်စပ်နည်းတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ပဲ… လောကမှာ အဲ့ဒီလိုစာအုပ် တစ်ကယ်ပဲ ရှိတာလား… အဲ့ဒါက တကယ်ဆိုရင် ဒီဟာက ငါ့အတွက် အခွင့်အရေးတစ်ခုပဲ… တကယ်လို့ ငါသာ အဲ့ဒီစာအုပ်ကို ရရှိပြီး ဝိညာဉ်ဝိုင်တချို့ကို ကိုယ်တိုင်ချက်လုပ်နိုင်မယ်ဆိုရင် ငါရော မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရော ကြီးကြီးမားမား အကျိုးရှိသွားလိမ့်မယ်… ငါတို့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းလည်း ပိုပြီးမြန်ဆန်သွားလိမ့်မယ် ”
ဘေးအခန်းမှာ ရှိနေကြသော လူနှစ်ယောက်က ဆရာတပည့်ဖြစ်ကြသည်။ ထိုဆရာတပည့်၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေ။ သူတို့နှစ်ယောက်စလုံးက ချီသန့်စင်ခြင်းနယ်ပယ်မှ သာမန်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ဆရာဖြစ်သူက ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့်မှာဖြစ်ပြီး တပည့်ဖြစ်သူက ချီသန့်စင်ခြင်းနယ်ပယ် တတိယအဆင့်မှာ ဖြစ်သည်။ သူတို့က လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုဆရာတပည့်သည် သူတို့၏ ဘေးအခန်းမှာ သီရှီထျန်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။ သူတို့က အသံလုံအစီအရင်ကို မခင်းကျင်းဘဲ ဆွေးနွေးနေကြလေရာ သူတို့၏ ပြောစကားအားလုံးက သီရှီထျန်၏ နားထဲသို့ ဝင်ရောက်လာသည်။
သူတို့ပြောနေသော ကိစ္စက ဖေးမြို့တော်နှင့် ဆက်စပ်နေသည်။ ဖေးမြို့တော်တွင် တုမိသားစုဟုခေါ်သော ကျင့်ကြံခြင်းမိသားစုတစ်ခု ရှိသည်။ မှန်ပေသည်။ တုမိသားစုသည် အဆင့်နိမ့် ကျင့်ကြံခြင်းမိသားစုတစ်ခုမျှသာ ဖြစ်သည်။ တုမိသားစုခေါင်းဆောင်နှင့် မိသားစုခေါင်းဆောင်၏ ဒုတိယသားဆီမှာသာ ဝိညာဉ်အမြစ် ရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းပါရမီက မမြင့်မားပေ။ သူတို့က ဤဘဝမှာ အခြေတည်နယ်ပယ်သို့ တတ်လှမ်းရန် မျှော်လင့်ချက် မရှိကြပေ။
ဤဇာတ်လမ်း၏ အစက အာဏာနှင့် မနာလိုမှုကြောင့် ဖြစ်၏။ တုမိသားစုခေါင်းဆောင်ဆီမှာ ဝိညာဉ်အမြစ်ရှိပြီး သူက ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ယင်းက သူ၏ သားသမီးအားလုံးဆီမှာ ဝိညာဉ်အမြစ်ရှိလိမ့်မည်ဟု မဆိုလိုပေ။ ဝိညာဉ်အမြစ်ရှိနိုင်သော ရာခိုင်နှုန်းက တခြားလူများထက် အနည်းငယ် ပိုများပြားရုံမျှသာ ဖြစ်၏။ တုမိသားစုခေါင်းဆောင် တုချင်းမှာ သားနှစ်ယောက်ရှိသည်။ သားကြီးက တုနန်းဖြစ်ပြီး သားအငယ်က တုရှန်း ဖြစ်သည်။
တုနန်းသည် ဝိညာဉ်အမြစ်မပါဘဲ မွေးဖွားလာသောကြောင့် ဤဘဝမှာ ကျင့်ကြံသူဖြစ်လာရန် ကံမပါလာချေ။ တုမိသားစု၏ စည်းမျဉ်းများအရ မိသားစုခေါင်းဆောင်ရာထူးကို ဝိညာဉ်အမြစ်ရှိသူကိုသာ လွှဲပြောင်းပေးရမည်။ သို့ဖြစ်၍ တုနန်းသည် သားအကြီးဖြစ်လင့်ကစား မိသားစုအရိုက်အရာကို ဆက်ခံရန် အခွင့်အရေးမရှိပေ။ အခြားတစ်ဖက်မှာတော့ တုရှန်းက ဝိညာဉ်အမြစ်ဖြင့် မွေးဖွားလာလေရာ လူတကာ၏ ချစ်ခင်အရေးပေးမှုကို ခံရသည်။
တုနန်းသည်တော့ မိသားစုထဲမှာ အစွန့်ပစ်ခံဖြစ်လာသည်။
ထို့ကြောင့် တုနန်းသည် တုရှန်းအပေါ် မနာလိုစိတ် ဖြစ်လာသည်။ သူ့ညီလေးက တုမိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံနိုင်သည့်အတွက် သူမနာလိုဖြစ်သည်။ သူ့ညီလေးမှာ ဝိညာဉ်အမြစ်ရှိပြီး သူ့မှာ ဝိညာဉ်အမြစ်မရှိသည့်အတွက် တုရှန်းကို သူမနာလိုဖြစ်သည်။ ထိုမနာလိုစိတ်က သူ၏ နှလုံးသားထဲမှာ အမုန်းတရားမျိုးစေ့ကို တိတ်တဆိတ် စိုက်ပျိုးခဲ့သည်။ ယခု ဆယ်နှစ်ကြာသွားပြီးနောက် ထိုအမုန်းတရားမျိုးစေ့က နောက်ဆုံးမှာ အပင်ပေါက်လာသည်။
ထိုပစ္စည်းကို သူမပိုင်ဆိုင်ရလျှင် တခြားလူများလည်း မပိုင်ဆိုင်ရဘူးဟူသော ရူးမိုက်သည့် အတွေးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
တုနန်းသည် ခရီးတစ်ခုထွက်သွားစဉ် မမျှော်လင့်ဘဲ ဘေးအခန်းမှ ဆရာတပည့်နှင့် တွေ့ဆုံသွားသည်။ သူက ထိုဆရာတပည့်ကို သူတို့တုမိသားစုဆီမှာ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော ရတနာတစ်ခုရှိသည်ဟု ထုတ်ဖော်ပြောခဲ့သည်။ ယင်းကို “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ဟု ခေါ်သည်။ ယင်းကို ဝိညာဉ်ဝိုင်များ ချက်လုပ်ရာတွင် အသုံးပြုသည်။ တုမိသားစုသည် သူတို့၏ ဝိုင်များကြောင့် ဖေးမြို့တော်မှာ နာမည်ကျော်ကြားသည်။ ထို့ပြင် တုမိသားစုက ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်သည်။ ထို့ကြောင့် ဆရာတပည့်သည် တုနန်းပြောသော စကားများကို ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်သွားကြသည်။
ထို့ပြင် သီရှီထျန်က အကြောင်းအရင်းတချို့ကိုလည်း ကြားသိခဲ့သည်။ တုမိသားစုထဲမှ မည်သူမှ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို မသင်ယူနိုင်ခဲ့ပေ။ သူတို့က ဝိုင်နတ်ဘုရားလျှို့ဝှက်စာအုပ်ထဲမှ ဝိညာဉ်ဝိုင်များကို ချက်လုပ်ရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ သို့မဟုတ်လျှင် တုမိသားစုက ယခုကဲ့သို့ အားနည်းနေလိမ့်မည် မဟုတ်ချေ။
ထိုဆရာတပည့်သည် မနက်ဖြန်ညတွင် တုမိသားစုဆီသို့ သွားရောက်ပြီး လျှို့ဝှက်စုံစမ်းရန် ဆွေးနွေးတိုင်ပင်နေကြသည်။ သူတို့က တုမိသားစုကို “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ” ထုတ်ပေးခိုင်းရန် အတင်းအကျပ် လုပ်ဆောင်လိမ့်မည်။
ယင်းကို သီရှီထျန် ကြားသောအခါ စိတ်ဝင်စားသော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒီသတင်းက အမှန်ဆိုရင် တောင်ပိုင်းမြေရိုင်းဒေသဆီ ပြန်သွားဖို့ ငါအလျင်မလိုသေးဘူး… မနက်ဖြန် သူတို့နောက်ကနေ တိတ်တဆိတ် ငါလိုက်သွားပြီး အဲ့ဒါအမှန်ဟုတ်မဟုတ် အတည်ပြုရမယ် ”
မမျှော်လင့်ထားသော ထိုသတင်းက သီရှီထျန်ကို တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အမြန်ပြန်ရန် ဆန္ဒမစောစေတော့ပေ။ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို အနည်းငယ် သူစိတ်ဝင်စားသည်။ ထို့ပြင် ဤတစ်ကြိမ် သူဝင်စွက်ဖက်လျှင်ပင် မည်သည့်အန္တရာယ်မှ မရှိနိုင်ပေ။ ဘေးအခန်းမှ ဆရာတပည့်က ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကို သူက လက်တစ်ချောင်းတည်းဖြင့် ရှင်းပစ်နိုင်သည်။ တုမိသားစုသည်လည်း အင်အားကြီးမားသော ကျင့်ကြံခြင်းမိသားစုတစ်ခု မဟုတ်ပေ။ သို့ဖြစ်၍ သူ၏ စွမ်းရည်အရ အကယ်၍ သူလှုပ်ရှားမည်ဆိုလျှင် မည်သူမှ သူ့အား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
သူက တိတ်တဆိတ် အစီအစဉ်ဆွဲလိုက်သည်။ အာရုဏ်မတတ်ခင် ဤမြို့မှ ထွက်သွားမည့် သူ၏ မူလအစီအစဉ်ကို ပယ်ဖျက်လိုက်သည်။ သူက မည်သည့်နေရာမှ မသွားဘဲ အခန်းထဲမှာ တင်ပျဉ်ခွေထိုင်၍ ဆက်ပြီး ကျင့်ကြံနေသည်။ သူက မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသက်သွင်း၍ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူနေသည်။ ထို့ပြင် သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို အမှီပြု၍ မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနေသည်။ မိစ္ဆာသွေးကြောကို ဖြတ်သန်းစီးဆင်းသွားသည့်အခါ လိုအင်ဆန္ဒစွမ်းအင်က ဝမ်းနည်းခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ကံမကောင်းသည်မှာ သူက ဝမ်းနည်းခြင်းစွမ်းအားကို စုပ်ယူရုံသာ လုပ်ဆောင်နိုင်သည်။ ယင်းကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း သူမသိပေ။ ထို့ကြောင့် သူက ဝမ်းနည်းခြင်းစွမ်းအားကို မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အပေါ်၌ စုဆောင်းထားရုံသာ တတ်စွမ်းပေသည်။ အသုံးပြုရမည့် နည်းလမ်းကိုတော့ အနာဂတ်မှ သူအဖြေရှာဖွေလိမ့်မည်။
ထိုဆရာတပည့်သည် အတော်လေး စိတ်ရှည်ကြသည်။ သူတို့သည် အခန်းအပြင်သို့ မထွက်သွားကြချေ။ သူတို့က အခန်းထဲမှာသာ တိတ်တိတ်ဆိတ်ဆိတ် တရားထိုင်နေကြသည်။ ကြည့်ရသည်မှာ သူတို့က ညဘက်တွင် လှုပ်ရှားမည့် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်နေကြဟန် ရ၏။
ကျင့်ကြံနေစဉ် အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ နေ့အချိန် ကုန်ဆုံးသွားပြီး ညအမှောင်က စတင်လာသည်။ နေဝင်သွားသည်နှင့် လစန္ဒာက ညကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။
ယနေ့ညတွင် တိမ်မည်းများ ပို၍ထူထပ်နေသောကြောင့် လရောင်ခြည်က ကမ္ဘာမြေပေါ် မကျရောက်နိုင်ပေ။ ထို့ကြောင့် ယနေ့ညသည် ယမန်နေ့များထက် ပိုပြီးမည်းမှောင်သည်။
“ ကျွီ ”
သီရှီထျန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ဘေးအခန်းမှ ပြတင်းပေါက်တံခါးက ရုတ်တရက် ပွင့်သွားကြောင်း သူကြားလိုက်သည်။ ထို့နောက် ပုံရိပ်နှစ်ခုသည် ပြတင်းပေါက်မှတဆင့် အပြင်သို့ ခုန်ထွက်သွားကြသည်။ သူတို့ခုန်လိုက်သည့်အခိုက် အဝတ်အစားက လေထဲမှာ တဖျပ်ဖျပ်လှုပ်သွားသည်။ မကြာမီ သူတို့က စားသောက်ဆိုင်အပြင်သို့ ရောက်ရှိသွားကြသည်။
“ တုမိသားစု ”
သီရှီထျန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်တံခါးကို ဆွဲဖွင့်လိုက်သည်။ အောက်သို့ သူငုံ့ကြည့်လိုက်သည့်အခါ ပုံရိပ်နှစ်ခုက အမှောင်ထဲမှာ ခိုးကြောင်ခိုးဝှက် ပြေးလွှားနေကြကြောင်း မြင်တွေ့သွားသည်။ သူတို့၏ ဦးတည်ရာကို ကြည့်လိုက်သည့်အခါ သူတို့က မြို့အပြင်ဘက်သို့ သွားနေကြောင်း သီရှီထျန် ရှာတွေ့သွားသည်။
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ သူ၏ အရှိန်အဝါကို ဖုံးကွယ်၍ ထိုနှစ်ယောက်၏ အနောက်မှ တိတ်တဆိတ် လိုက်သွားသည်။ သူက ထိုဆရာတပည့်နောက်သို့ မနှေးလွန်း မမြန်လွန်း လိုက်သွားသည်။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကြောင့် ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိသေးသော ထိုဆရာတပည့်က သူ့ကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် အမြန်နှုန်းက သူ့အတွက် ပြဿနာမရှိပေ။ သူက ထိုဆရာတပည့်အနောက်သို့ သက်တောင့်သက်သာ နောက်ယောင်ခံလိုက်နိုင်သည်။
သူမျှော်လင့်ထားသည့်အတိုင်းပင်။
ထိုဆရာတပည့်သည် မြို့အပြင်ဘက်သို့ အမှန်တကယ် ထွက်သွားကြသည်။ ကြည့်ရသည်မှာ သူတို့၏ ပစ်မှတ်က မြို့ထဲမှာမဟုတ်ဘဲ မြို့ပြင်မှာ ဖြစ်သည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ကျင့်ကြံခြင်းမိသားစုတစ်ခုက မည်မျှသေးငယ်ပါစေ သူတို့ဆီမှာ ကျင့်ကြံသူများ ရှိနေကြဆဲပင်။ ကျင့်ကြံသူများကို သာမန်လူသားများနှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့ဖြစ်၍ ကျင့်ကြံသူအများစုသည် သေမျိုးလူသားများကြားမှာ မနေထိုင်ချင်ကြပေ။ သူတို့က တောင်တန်းများနှင့် တောအုပ်များထဲမှာ နေထိုင်ရန် ပိုပြီးဆန္ဒရှိကြသည်။
မည်သို့ဖြစ်ပါစေ ထိုသို့နေရာများက သေမျိုးလူသားများနှင့် ကင်းဝေးပြီး ဝိညာဉ်စွမ်းအား ပေါကြွယ်ဝသည်။ ထို့ပြင် တိတ်ဆိတ်ငြိမ်းချမ်းသည်။
ကျင့်ကြံသူများအတွက် တိတ်ဆိတ်ငြိမ်းချမ်းမှုက မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ သို့မှသာ သူတို့က မည်သည့်အနှောင့်အယှက်မှမရှိဘဲ အေးအေးဆေးဆေး ကျင့်ကြံနိုင်ကြလိမ့်မည်။
သီရှီထျန်က အနောက်မှ တိတ်တဆိတ် နောက်ယောင်ခံလိုက်နေစဉ် ဆရာတပည့်သည် တောအုပ်တစ်ခုကို ဖြတ်ကျော်သွားကြသည်။ ဖေးမြို့တော်နှင့် ငါးကီလိုမီတာ သို့မဟုတ် ခြောက်ကီလိုမီတာခန့် ဝေးကွာသော နေရာတွင် တိတ်ဆိတ်အေးချမ်းသော ချိုင့်ဝှမ်းကြီးတစ်ခု ရှိသည်။ ချိုင့်ဝှမ်း၏ အရှေ့တွင် ကျောက်တိုင်ကြီးတစ်ခုကို စိုက်ထူထားသည်။ ကျောက်တိုင်ကြီးပေါ်တွင် “ တုမိသားစု ”ဟူသော စာလုံးများကို ရေးသားထားသည်။
“ ဆရာ… ကျုပ်တို့ရောက်ပြီ… ဒီနေရာက တုမိသားစုရဲ့ နေရာပဲ ”
အသက်နှစ်ဆယ်ခန့်သာ ရှိသေးသော တပည့်က ချိုင့်ဝှမ်း၏ အရှေ့မှာ ရပ်လိုက်သည်။ သူက နုံနုံအအပုံစံဖြင့် မေးသည်။
“ ဆရာ… ကျုပ်တို့တွေ နောက်ထပ် ဘာဆက်လုပ်ကြမလဲ… ကျုပ်တို့တွေ အထဲဝင်ပြီး တံခါးခေါက်ရမလား… ဒါမှမဟုတ် ကျုပ်တို့တွေ ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’ကို ခိုးကြောင်ခိုးဝှက် လိုက်ရှာဖွေကြမလား ”
“ ငတုံးကောင်… ငါတို့တွေ တိတ်တိတ်ဆိတ်ဆိတ် ရှာရမှာပေါ့… မဟုတ်ရင် ဆူဆူညံညံဖြစ်သွားတဲ့အခါ ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’ကို ရှာတွေ့ရင်တောင် ဒီကနေ ငါတို့ အသက်ရှင်ရက် ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး… သွားကြစို့ ”
ဆရာဆိုသူသည် အသက်ငါးဆယ် ခြောက်ဆယ်ခန့်ရှိသော အဖိုးအိုဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက အမြဲတမ်း ဂနာမငြိမ်ဖြစ်နေသည်။ သူက အလွန်ဉာဏ်များသူဖြစ်ပုံပေါ်သည်။ မည်သို့ဖြစ်ပါစေ သူက မသေမျိုးကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်လေရာ မြေခွေးအိုတစ်ကောင် ဖြစ်လာခဲ့ချေ၏။
တစ်ခဏကြာ ဆွေးနွေးပြီးနောက် ဆရာတပည့်သည် ချိုင့်ဝှမ်းထဲသို့ သေချာသတိထား၍ ဝင်ရောက်သွားကြသည်။
သို့သော်လည်း သူတို့မသိသည်မှာ အနက်ရောင်ပုံရိပ်တစ်ခုက သူတို့အနောက်မှ တိတ်တဆိတ် လိုက်လာနေသည်။
“ ဒီတော့ တုမိသားစုက အဲ့ဒီမှာကို… အဲ့ဒီဆရာတပည့်က အရှေ့ကနေ လမ်းပြပေးနေလို့ပေါ့… မဟုတ်ရင် ဒီနေရာကို ငါရှာဖွေဖို့ အများကြီး ကြိုးစားအားထုတ်ရလိမ့်မယ် ”
ချိုင့်ဝှမ်းအပြင်ဘက်မှာ သူရပ်နေစဉ် ဆရာတပည့်က ချိုင့်ဝှမ်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားကြောင်း မြင်တွေ့သွားသည်။
ချိုင့်ဝှမ်းကို မြူခိုးဝင်္ကပါဖြင့် ဖုံးလွှမ်းထားဟန် ရ၏။ ထို့ကြောင့် သာမန်သေမျိုးများသည် ဤနေရာကို မတော်တဆ ရောက်လာလျှင်ပင် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အဆင့်မြင့်ကျင့်ကြံသူများအတွက်တော့ ယင်းက သေးငယ်သော လှည့်စားမှုတစ်ခုထက် မပိုပေ။ သူတို့က မြူခိုးဝင်္ကပါကို အကြည့်တစ်ချက်ဖြင့် ထိုးဖောက်မြင်နိုင်ကြသည်။
ဝိညာဉ်မျက်လုံးပညာရပ်ကို တတ်ကျွမ်းထားသော ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် ထိုမြူခိုးဝင်္ကပါကို ထိုးဖောက်မြင်နိုင်ကြသည်။ ဝိညာဉ်မျက်လုံးပညာရပ်သည် သာမန်လူများ မမြင်နိုင်သော အရာများကို မြင်တွေ့စေနိုင်သော အတတ်ပညာ ဖြစ်သည်။ ထို့ပြင် ယင်းက တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ထွင်းဖောက်မြင်နိုင်စေသည်။ မှန်ပေသည်။ အကယ်၍ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က ကိုယ့်ထက် မြင့်နေလျှင် ဝိညာဉ်မျက်လုံးပညာရပ်က အသုံးဝင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် မြူခိုးဝင်္ကပါသည် ချီသန့်စင်ခြင်းနယ်ပယ်မှာဖြစ်သော ဆရာတပည့်အတွက် ကြီးမားသော အဟန့်အတား မဟုတ်ခဲ့ပေ။ သူတို့က အကြည့်တစ်ချက်ဖြင့်ပင် မြူခိုးဝင်္ကပါကို ထွင်းဖောက်မြင်နိုင်သွားကြသည်။ သူတို့က မြူခိုးဝင်္ကပါကို အမြန်ဖြတ်ကျော်၍ အထဲသို့ ဝင်ရောက်သွားကြသည်။ သီရှီထျန်သည် အလျင်မလိုပေ။ မည်သို့ဖြစ်ပါစေ သူက ပန်းတိုင်ဆီသို့ ရောက်သွားပြီ ဖြစ်၏။ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို သူရခြင်းမရခြင်းက တုမိသားစုဆီမှာ ထိုရတနာ ရှိခြင်းမရှိခြင်းပေါ်မှာသာ မူတည်သည်။
အကယ်၍ တုမိသားစုဆီမှာ ထိုရတနာမရှိလျှင် အထဲသို့ အလျင်စလို သူဝင်သွားလျှင်ပင် အချည်းနှီးဖြစ်လိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် အလျင်မလိုဘဲ သူ့အရှေ့မှ ချိုင့်ဝှမ်းကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ချိုင့်ဝှမ်းထဲမှ ဝိညာဉ်စွမ်းအားသည် တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် အလွန်ပေါကြွယ်ဝသည်။ သို့သော်လည်း ဤနေရာက သေမျိုးလောကမှ နေရာတစ်နေရာသာ ဖြစ်၏။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကမှ တောင်တန်းများနှင့် တောအုပ်များကို မယှဉ်နိုင်ပေ။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနှင့် နှိုင်းယှဉ်သော် ဤချိုင့်ဝှမ်းက သာမန်နေရာတစ်နေရာ ဖြစ်သွားသည်။
သို့သော်လည်း ဤပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်ငြိမ်းချမ်းသည်။ ထို့ပြင် ချိုင့်ဝှမ်းအပြင်ဘက်မှာ သူရပ်နေသည့်တိုင် ချိုင့်ဝှမ်းထဲမှ ပျံ့လွင့်လာသော ဝိုင်အနံ့ကို သူရသည်။ ဝိုင်အနံ့ကို သူရှူသွင်းလိုက်ပြီးနောက် အံ့ဩသွားပြီး စိတ်ထဲမှာ တိတ်တဆိတ် ချီးကျူးလိုက်သည်။
“ ဝိုင်နတ်ဘုရားရဲ့ မျိုးဆက်လို့ မပြောရဘူး… ဝိုင်အနံ့နဲ့တင် လူကို ဆွဲဆောင်နိုင်တယ် ”