← Chapters

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း(၂၅၀)

တစ်ခဏကြာ အကဲခတ်ကြည့်ပြီးနောက် သူက ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားသည်။ ချိုင့်ဝှမ်းထဲမှ မြေဧရိယာသည် ကြီးမားသည်ဟု မဆိုနိုင်သကဲ့သို့ သေးလည်း မသေးငယ်ပေ။ လူတစ်ရာကျော်နေထိုင်ရန် အလုံအလောက် ကျယ်ဝန်းသည်။ ချိုင့်ဝှမ်းထဲမှာ သစ်သီးပင်အမျိုးမျိုးကိုလည်း စိုက်ပျိုးထားသည်။ ထို့ပြင် စမ်းချောင်းတစ်ခုက ချိုင့်ဝှမ်းထဲသို့ စီးဆင်းနေသည်။ သူ၏ ခန့်မှန်းချက်အရ ယင်းက တောင်ကျရေ ဖြစ်မည်။ ဤနေရာသည် အမှန်တကယ်ပင် နေထိုင်ရန် အလွန်သင့်တော်သောနေရာ ဖြစ်သည်။ ချိုင့်ဝှမ်းထဲတွင် အလွန်ကျယ်ပြောသော ခြံဝန်းတစ်ခု ရှိသည်။ ခြံဝန်းထဲတွင် နေအိမ်အများအပြား ရှိသည်။

ညအချိန်ဖြစ်လင့်ကစား နေအိမ်အများစုက မီးလင်းထိန်နေဆဲပင်။

သူ့အရှေ့မှ ကျင့်ကြံသူနှစ်ယောက်က ခြံဝန်းထဲသို့ ပေါ့ပေါ့ပါးပါး ဝင်ရောက်သွားကြသည်။ သူတို့၏ ခြေသံများနှင့် လှုပ်ရှားမှုများက အလွန်တိုးညင်းပြီး ပေါ့ပါးသည်။ သို့ဖြစ်၍ တခြားလူများက သူတို့ကို သတိမထားမိကြချေ။ သူတို့က တစ်အိမ်ပြီးတစ်အိမ် ဝင်သွားကြပြီး တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေကြသည်။ သူတို့က “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို တိုးတိုးတိတ်တိတ် လိုက်လံရှာဖွေနေကြသည်။ သူတို့က ဝိုင်နတ်ဘုရား၏ လျှို့ဝှက်စာအုပ်ကို ရှာဖွေပြီး ဤနေရာမှ တိတ်တဆိတ် ပြန်ထွက်သွားရန် ရည်ရွယ်နေကြသည်။

ထိုနည်းဖြင့်ဆိုလျှင် သူတို့သည် တိုက်ခိုက်စရာမလိုဘဲ ဤနေရာမှ ပြန်ထွက်သွားနိုင်လိမ့်မည်။ ထို့ပြင် သူတို့၏ သရုပ်ကို ဖုံးကွယ်နိုင်ခဲ့သောကြောင့် အနာဂတ်မှာ မည်သည့်ပြဿနာမှ သူတို့ဆီသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူတို့က ကံမကောင်းကြချေ။ သူတို့က အိမ်တစ်အိမ်ကို ဝင်ရှာဖွေနေစဉ် အပေါ့သွားရန် အပြင်ထွက်လာသော အစေခံမလေးတစ်ယောက်က အနက်ရောင်ပုံရိပ်နှစ်ခုကို ထိပ်တိုက် မြင်တွေ့သွားသည်။ သူ့လက်ထဲမှာ ကိုင်ထားသော မီးအိမ်က အောက်သို့ ပြုတ်ကျသွားသည်။

“ အား… သူခိုးတွေ… ပစ္စည်းခိုးနေပါတယ်… ဒီကို လာကြပါဦး ”

စူးရှကျယ်လောင်သော အော်သံက သူ့ပါးစပ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအော်သံက အလွန်စူးရှလေရာ ကောင်းကင်ပေါ်ထိ ပျံတတ်သွားဟန် ရ၏။ အော်သံက ချိုင့်ဝှမ်း၏ တိတ်ဆိတ်အေးချမ်းမှုကို ဖြိုခွင်းလိုက်သည်။ မီးအိမ်တစ်ခုပြီးတစ်ခုက လင်းထိန်သွားကြသည်။ လျှပ်တစ်ပြက်အတွင်းမှာ ခြံဝန်းတစ်ခုလုံးက နေ့အချိန်ကဲ့သို့ ထိန်ထိန်လင်းသွားသည်။

အစေခံမလေးက သတိပေးခဲ့သော်လည်း အဆုံးသတ်မကောင်းခဲ့ပေ။ အဝါရောင်ဓားပျံတစ်လက်က ရုတ်တရက် ပျံသန်းထွက်လာပြီး သူ၏ လည်ပင်းကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။

“ ရွှတ် ”ဟူသော မြည်သံနှင့်အတူ သူ၏ အော်သံက ရပ်တန့်သွားသည်။ သူက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ထာဝရ အိပ်စက်သွားသည်။ သွေးသည် သူ၏ လည်ပင်းမှ ဒလဟော စိမ့်ထွက်လာသည်။

ထိုတိုက်ခိုက်မှု၏ အလျင်က အလွန်မြန်ဆန်သည်။ သနားညှာတာမှု လုံးဝ မရှိပေ။ သွေးက မြေကြီးပေါ်မှာ အိုင်ထွန်းသွားသည်။

“ ဟွန့်… ဘယ်မိတ်ဆွေကများ ညအချိန်မတော် ကျုပ်ခြံဝန်းဆီ ရောက်လာပြီး ကျုပ်ရဲ့ အစေခံတစ်ယောက်ကို သတ်ပစ်လိုက်တာလဲ… ခင်ဗျားက ကျုပ်ရဲ့ တုမိသားစုကို မျက်စိထဲမထည့်တာလား ”

အေးစက်စက် နှာခေါင်းရှုံ့သံက ခြံဝန်းထဲမှ ထွက်ပေါ်လာသည်။ မကြာမီ လူသုံးယောက်က အခင်းဖြစ်ပွားရာနေရာသို့ အမြန်ရောက်လာကြသည်။

သူတို့တစ်ယောက်စီက လက်ထဲမှာ သေးငယ်သော ဓားပျံတစ်ချောင်းကို ကိုင်ထားကြသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူက သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေ။ သူက ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအဆင့်မှာ ဖြစ်သည်။ သူက လက်တစ်ဖက်မှာ ဓားပျံကို ကိုင်ထားပြီး အခြားလက်တစ်ဖက်မှာ မှော်အဆောင်တစ်ခုကို ကိုင်ထားသည်။ သူ့အနောက်မှ လိုက်ပါလာသော နှစ်ယောက်အနက် တစ်ယောက်က အသက်ငါးဆယ်ခန့်ရှိသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းအရ သူက ချီသန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်မှာ ဖြစ်သည်။ နောက်ဆုံးတစ်ယောက်က လူငယ်တစ်ယောက်ဖြစ်သည်။ သုံးယောက်ထဲတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ဖြစ်သည်။ လူငယ်က ချီသန့်စင်ခြင်းနယ်ပယ် တတိယအဆင့်မှာ ဖြစ်သည်။

တုမိသားစုထဲမှ ကျင့်ကြံသူသုံးယောက် ပျံသန်းထွက်လာကြသည်။ တုမိသားစုက သေးငယ်သော်လည်း ကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်နေဆဲပင်။ သူတို့၏ ဘိုးဘေးအမွေအနှစ်ထဲမှာ အရင်းအမြစ်တချို့ ကျန်ရှိနေသည်။ အနည်းဆုံးတော့ သူတို့ဆီမှာ ဓားပျံများနှင့် မှော်အဆောင်များ မရှားပါးချေ။ သူတို့သုံးယောက်သည် အပြင်ထွက်လာပြီးနောက် ဝတ်စုံနက်ဝတ် ဆရာတပည့်ကို စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါက အချင်းချင်း ပေါင်းစည်းသွားသည်။

“ ဟား ဟား… အစကတော့ ငါမင်းတို့ကို အချက်မပေးဖို့ ရည်ရွယ်ထားခဲ့တာ… ငါက အဲ့ဒီပစ္စည်းကို ရှာဖွေပြီး ဒီကနေ အမြန်ထွက်သွားချင်ရုံပဲ… ဒီနေ့ ငါရောက်လာတာ မင်းတို့တုမိသားစုဆီမှာ ရတနာရှိတယ်လို့ ကြားထားလို့ပဲ… မင်းတို့တုမိသားစု အမြစ်ဖြတ်သုတ်သင်မခံချင်ဘူးဆိုရင် အဲ့ဒီရတနာကို ငါ့ကို လက်လွှဲပေးလိုက်ပါ… ရတနာရတာနဲ့ ဒီကနေ အမြန်ထွက်သွားမယ်လို့ ငါကတိပေးတယ်… တခြားဘယ်သူ့ကိုမှ ပြဿနာမရှာဘူး ”

ချီသန့်စင်ခြင်းနယ်ပယ် နဝမအဆင့်မှ အဖိုးအိုသည် တုမိသားစုဝင်သုံးယောက်ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်ပြီး ရယ်လိုက်သည်။ သူက စကားပြောနေစဉ် ကြီးမားသော ဖိအားကို ထုတ်လွှတ်လိုက်သည်။ သူက လွှမ်းမိုးဗိုလ်ကျပုံပေါ်သည်။

“ ရတနာလား ”

တုချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အရှေ့မှာ သတ္တိရှိရှိ ရပ်လိုက်ပြီး အော်ပြောလိုက်သည်။

“ ဟွန့်… ငါ့ရဲ့ တုမိသားစုဆီမှာ ဘာရတနာမှ မရှိဘူး… တကယ်လို့ ရတနာရှိတယ်ဆိုရင် အဲ့ဒါကို ဘာလို့ ငါတို့အသုံးမပြုဘဲ နေမှာလဲ ”

“ အဲ့ဒါတော့ ငါဘယ်သိမလဲ… မင်းတို့တုမိသားစုက လျှို့လျှို့ဝှက်ဝှက် နေနေတာကို… မင်းအတွက် ဘာကကောင်းတယ်ဆိုတာ သိရင် ငါ့ကို ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’ ထုတ်ပေးလိုက်ပါ ”

အဖိုးအိုက သူသိထားသောအရာကို တဲ့တိုးပြောသည်။ သို့သော်လည်း သူက စမလှုပ်ရှားချေ။ တုမိသားစု၏ အလုံးစုံအင်အားသည် သူမျှော်လင့်ထားသကဲ့သို့ အားမနည်းပေ။ သူတို့ဆီမှာ ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအဆင့်နှင့် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိသည်။

ထို့ပြင် တုမိသားစုက ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်လေရာ လေလွင့်ကျင့်ကြံသူများထက် ပိုများပြားသော ကျင့်ကြံခြင်းရတနာများ သူတို့ဆီမှာ ရှိသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားမှ စွမ်းအားကွာဟချက်က မကြီးမားပေ။

အကယ်၍ သူတို့တိုက်ခိုက်ကြလျှင် မည်သူအနိုင်ရသွားမည်ဖြစ်ကြောင်း သေချာမပြောနိုင်ပေ။

ထိုအခြေအနေကို အမှောင်ထုထဲမှာ ပုန်းအောင်းနေသော သီရှီထျန်က တိတ်တဆိတ် စောင့်ကြည့်နေသည်။ တုမိသားစု၏ ကျင့်ကြံသူအဖိုးအိုသည် “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”အကြောင်း ကြားသောအခါ ခြံဝန်းအနောက်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ယင်းက မသိစိတ်မှ လုပ်ဆောင်မှု ဖြစ်ဟန် ရ၏။ ထို့နောက် သူက ဘာမှမဖြစ်သည့်အလား ဟန်ဆောင်လိုက်သည်။

သို့သော်လည်း သူ၏ ထိုလုပ်ဆောင်မှုက သီရှီထျန်၏ အကြည့်အောက်မှ မလွတ်မြောက်ခဲ့ပေ။

တုမိသားစုမှ အဖိုးအို၏ အကြည့်သည် သူနားလည်ရန် မခက်ခဲပေ။ သူက ခြေထောက်ကို လှုပ်ရှားလိုက်သည်။ သူက အရှေ့ခြံဝန်းကို ဖြတ်ကျော်သွားပြီး အနောက်ခြံဝန်းဆီသို့ ဦးတည်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံနက်ကြောင့် အမှောင်ထုထဲမှာ သူရွေ့လျားနေစဉ် မည်သူမှ သူ့ကို သတိမထားမိကြပေ။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က ဤချိုင့်ဝှမ်းထဲမှ လူတိုင်းထက် မြင့်မားသည်။ ထို့ကြောင့် မည်သူမှ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။

ဤသို့ဆိုရိုးစကားရှိသည်။ ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို ချောင်းမြောင်းနေစဉ် နောက်ကွယ်မှ မြေလျှောက်ငှက်ကို သတိမထားမိပေ။

တုမိသားစုမှ ကျင့်ကြံသူသုံးယောက်ဖြစ်စေ၊ ဆရာတပည့်ဖြစ်စေ သူတို့၏ ကျင့်ကြံခြင်းက သီရှီထျန်၏ စိတ်အာရုံကို မဆွဲဆောင်နိုင်ပေ။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများက မည်မျှအရေအတွက်များပြားပါစေ သူ့အတွက် အခက်အခဲမဟုတ်ပေ။ အဓိက သူဂရုစိုက်သည်မှာ ‘ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ’ ဖြစ်သည်။ အကယ်၍ တုမိသားစုဆီမှာ ထိုရတနာ အမှန်တကယ်ရှိသည်ဆိုလျှင် ယင်းကို သေချာပေါက် သူအရယူလိမ့်မည်။ အစောနက တုမိသားစုမှ အဖိုးအို၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ‘ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ’က အမှန်တကယ် ရှိနိုင်လောက်၏။

“ စောစောက အဲ့ဒီအဖိုးအိုက အနောက်ခြံဝန်းကို လှမ်းကြည့်လိုက်တယ်… ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’က တကယ်ရှိတယ်ဆိုရင် အဲ့ဒါက အနောက်ခြံဝန်းမှာ ဖြစ်လောက်တယ် ”

သူက စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။ သို့သော်လည်း သူ၏ အလျင်က မနှေးကွေးပေ။ အနောက်ခြံဝန်းသို့ သူရောက်သွားသည့်အခါ ရှေးဟောင်းဘိုးဘေးခန်းမတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ဘိုးဘေးခန်းမသည် မိသားစုတစ်ခုအတွက် အထွတ်အမြတ်နေရာ ဖြစ်သည်။ ထိုနေရာသည် ဘိုးဘေးများကို ဝတ်ပြုရသောနေရာ ဖြစ်သည်။ အကယ်၍ မိသားစုထဲမှ တစ်စုံတစ်ယောက်က သေဆုံးသွားမည်ဆိုလျှင် ကွယ်လွန်သူ၏ အထိမ်းအမှတ်ကမ္ပည်းပြားကို ဘိုးဘေးခန်းမထဲမှာ သိမ်းဆည်းထားလိမ့်မည်။

ထိုသို့နေရာသည် မိသားစုတစ်ခု၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ ယင်းကို အလွန်အရေးကြီးသော နေရာအဖြစ် သတ်မှတ်ထားလေ့ရှိသည်။

“ တုမိသားစု ဘိုးဘေးခန်းမ ”

သီရှီထျန်က ခေါင်းမော့လိုက်ပြီး တံခါးအပေါ်မှ သတ္ထုအပြားကို ကြည့်လိုက်သည်။ ယင်းပေါ်တွင် ‘ တုမိသားစု ဘိုးဘေးခန်းမ ’ဟူသော စာလုံးများကို ရေးသားထားသည်။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာအာရုံက အပြင်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ဘိုးဘေးခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဘိုးဘေးခန်းမကို စောင့်ကြပ်ပေးနေကြောင်း သူအာရုံခံမိသွားသည်။ ထိုသို့အာရုံခံမိသောအခါ ကြောက်မက်ဖွယ်ကောင်းသော အင်အားက သူ၏ မိစ္ဆာအာရုံထဲမှ ထွက်ပေါ်လာပြီး ကျင့်ကြံသူ၏ စိတ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ကျင့်ကြံသူက ခပ်အုပ်အုပ် ညည်းညူလိုက်ပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

ကျင့်ကြံသူဖြစ်သော အစောင့်ကို ဖြေရှင်းပြီးနောက် သီရှီထျန်က တုမိသားစု၏ ဘိုးဘေးခန်းမထဲသို့ အလွယ်တကူ ဝင်ရောက်သွားသည်။ အထဲသို့ ဝင်ရောက်သွားပြီးနောက် သူက တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်ပြီး ဘိုးဘေးခန်းမကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ အခန်းထဲမှ စင်မြင့်ပေါ်မှာ အထိမ်းအမှတ်ကမ္ပည်းပြား ဒါဇင်ခန့်ကို တင်ထားသည်။ ရှင်းလင်းစွာပင် သူတို့အားလုံးက တုမိသားစု၏ ဘိုးဘေးများ ဖြစ်ကြသည်။ ထိုအထိမ်းအမှတ်ကမ္ပည်းပြားများ၏ အနောက်မှ နံရံပေါ်တွင် ပန်းချီကားတစ်ခုကို ချိတ်ဆွဲထားသည်။

ပန်းချီကားသည် အတော်လေး ဟောင်းနွမ်းနေပုံပေါ်သည်။ ပန်းချီကား၏ အရောင်သည်ပင် ဝါကြင့်ကြင့်သို့ ပြောင်းနေသည်။ သို့သော်လည်း ပန်းချီကားထဲမှ ရုပ်ပုံက လွန်စွာ သက်ဝင်လှုပ်ရှားသည်။ ယင်းက တစ်ခေါင်းလုံး ဖြူဖွေးနေသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ ရုပ်ပုံ ဖြစ်သည်။ သူက ထူးဆန်းသော နွားဖြူတစ်ကောင်၏ ကျောပေါ်မှာ ထိုင်နေသည်။ သူ၏ လက်တစ်ဖက်တွင် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဝိုင်ဘူးသီးခြောက်ကို ကိုင်ထားသည်။ သူက ဝိုင်ဘူးသီးခြောက်ကို ပါးစပ်နားမှာ တေ့ထားသည်။ သူ၏ မျက်နှာအမူအရာအရ သူက ဝိုင်ယဇ်မူးနေဟန် ရ၏။

“ ဘယ်လောက် လက်ရာမြောက်လိုက်တဲ့ ပန်းချီကားလဲ ”

သီရှီထျန်သည် ထိုပန်းချီကားကို တစ်ခဏကြာအောင် စစ်ဆေးကြည့်ပြီးနောက် မချီးကျူးဘဲ မနေနိုင်ပေ။ ပန်းချီကားသည် အလွန်အသက်ဝင်သည်။ မည်သူမဆို ပန်းချီကား၏ အဓိပ္ပာယ်ကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ပေသည်။ ယင်းက အမတပန်းချီကား ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ပန်းချီကားကို တစ်ချက်ကြည့်လိုက်သည်နှင့် လွတ်လပ်မှုနှင့် စိတ်ပျော်ရွှင်မှုကို ခံစားရလိမ့်မည်။

ပန်းချီကားထဲမှ ဆံပင်ဖြူအမျိုးသားက မည်သူဖြစ်ကြောင်း သူမသိသော်လည်း ဤနေရာသို့ သူရောက်လာရသည့် ရည်ရွယ်ချက်ကို မည်သည့်အခါမှ မမေ့သွားပေ။

သူက ပန်းချီကားကို လာရှာဖွေခြင်း မဟုတ်ပေ။ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို လာရှာဖွေခြင်း ဖြစ်သည်။

သူက ပန်းချီကားထံမှ အကြည့်ကို အမြန်ပြန်ရုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဂရုတစိုက် ရှာဖွေလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအရ ယခုက ညဘက်ဖြစ်နေသည့်တိုင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဘိုးဘေးခန်းမထဲမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုသည်ပင် သူ၏ မျက်စိအောက်မှ မလွတ်မြောက်နိုင်ပေ။ သို့သော်လည်း အချိန်တစ်ခဏကြာ သူရှာဖွေပြီးနောက် စိတ်ပျက်သွားသည်။

“ ဘာမှမရှိဘူးလား… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အနောက်ခြံဝန်းမှာ ဒီဘိုးဘေးခန်းမတစ်ခုပဲ ရှိတယ်… တကယ်လို့ တန်ဖိုးကြီးမားတဲ့ ရတနာကို သိမ်းဆည်းထားမယ်ဆိုရင် ဘိုးဘေးခန်းမက အကောင်းဆုံး ရွေးချယ်မှုပဲ… ဒီနေရာမှာ ဘာလို့ ငါဘာမှရှာမတွေ့တာလဲ ”

သူက ဘိုးဘေးခန်းမထဲမှ နေရာတိုင်းကို နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သည်။ ပုံမှန်မဟုတ်သော မည်သည့်အရာမှ သူရှာမတွေ့ခဲ့ပေ။ သူရှာဖွေနေစဉ် မိစ္ဆာအာရုံကိုပင် ထုတ်လွှတ်ခဲ့သည်။ အထိမ်းအမှတ်ကမ္ပည်းပြားများမှလွဲ၍ ဘိုးဘေးခန်းမထဲမှာ မည်သည့်အရာမှ မရှိပေ။ သူက ဤအခန်းထဲမှာ သုံးကြိမ်ဆက်တိုက် ရှာဖွေခဲ့သော်လည်း မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။

ယေဘုယျအားဖြင့်ဆိုရသော် မိသားစုတစ်ခု၏ အဖိုးတန်ရတနာကို ဖွက်ထားချင်လျှင် ဘိုးဘေးခန်းမက အသင့်တော်ဆုံးနေရာ ဖြစ်သည်။

“ ဖြစ်နိုင်တာက ဒီနေရာမှာ ငါ့ရဲ့ မိစ္ဆာအာရုံကို ခုခံတားဆီးနိုင်တဲ့ အစီအရင်တစ်ခု ဒါမှမဟုတ် ယန္တရားတစ်ခု ရှိနေတာလား ”

တစ်ခဏကြာ တွေးတောပြီးလျှင် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုအတွေးထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အကြည့်က နံရံပေါ်မှာ ချိတ်ဆွဲထားသော ပန်းချီကားပေါ်သို့ ကျရောက်သွားသည်။

အခန်း(၂၅၁)

“ အဲ့ဒီရှေးဟောင်းပန်းချီကားက တစ်ခုခုမှားနေတာများလား ”

သီရှီထျန်သည် အတိတ်ဘဝ၌ သူကြည့်ခဲ့ဖူးသော ရုပ်မြင်သံကြား ရှေးခေတ်ဇာတ်လမ်းတွဲများမှ နည်းလမ်းများကို ရုတ်တရက် စဉ်းစားမိသွားသည်။ ထိုဇာတ်လမ်းတွဲများထဲတွင် တန်ဖိုးကြီးပစ္စည်းများကို မြေကြီးထဲမှာ တွင်းတူး၍ အလွယ်တကူ မဖွက်ကြချေ။ သူတို့က လျှို့ဝှက်အခန်းများ ဆောက်လုပ်ခြင်း သို့မဟုတ် ပစ္စည်းတစ်ခုခု၏ အနောက်မှာ ဝှက်ထားခြင်း အစရှိသည်တို့ကို ပြုလုပ်ကြသည်။ သူတို့က ပန်းချီကား၏ အတွင်းပိုင်းထဲ၌ ဝှက်ထားခြင်းကိုပင် ပြုလုပ်ကြသည်။ ထိုသို့ ဖုံးကွယ်နည်းလမ်းများက အလွန်အံ့ဖွယ်ကောင်းသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်လူသားများ၏ တီထွင်ကြံဆနိုင်စွမ်းကို သူမှန်းဆနိုင်သည်။ ယင်းက အမှန်တကယ် နက်နဲသိမ်မွေ့သည်။ သာမန်ပုဂ္ဂိုလ်များက ထိုသို့စဉ်းစားနိုင်ကြလိမ့်မည် မဟုတ်ချေ။

သီရှီထျန်က ထိုသို့စဉ်းစားမိသောအခါ ရှေးဟောင်းပန်းချီကားက တစ်ခုခုထူးဆန်းနေကြောင်း သူမြင်တွေ့သွားသည်။ တခြားအကြောင်းအရင်း မရှိပေ။ ထိုရှေးဟောင်းပန်းချီကားသည် အလွန်မျက်စိဖမ်းစားနိုင်စွမ်း ရှိ၏။ ပန်းချီကားသည် လွန်စွာ အသက်ဝင်သည်။ တခြားပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် ပန်းချီကားက လုံးဝ ကွဲပြားခြားနားနေသည်။ အစတွင် သူသည် ပန်းချီကားကို သိပ်အလေးမထားခဲ့ပေ။

ယခု သူက ပန်းချီကားကို နောက်ထပ် ကြည့်လိုက်သည့်အခါ ထူးခြားမှုကို ရှာတွေ့သွားသည်။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ရှေးဟောင်းပန်းချီကားထံသို့ ဖမ်းဆုပ်လိုက်သည်။

“ ဝှစ် ”

သဏ္ဍာန်မဲ့သော အင်အားက ရှေးဟောင်းပန်းချီကားပေါ်မှာ ထွက်ပေါ်လာပြီး ပန်းချီကားကို နံရံပေါ်မှ ဆွဲယူသွားသည်။ ပန်းချီကားကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် ယင်းက စာလိပ်တစ်ခုအဖြစ် မြန်ဆန်စွာ လိပ်သွားသည်။

သီရှီထျန်သည် ပန်းချီကားလိပ်ကို ကိုင်ထားရင်း နံရံကို ကြည့်လိုက်သည်။ နံရံသည် ယခင်အတိုင်းပင်။ နံရံပေါ်မှာ သူမျှော်လင့်ထားသကဲ့သို့ မည်သည့်အပေါက်မှ ရှိမနေပေ။ နံရံက ပြောင်ချောနေသည်။

သို့သော်လည်း သီရှီထျန်က သူ၏ လက်ချောင်းကို အားအနည်းငယ်ထည့်၍ နံရံပေါ်သို့ ထိုးစိုက်လိုက်သည်။

“ ဒုတ် ”

တိုးညင်းသော ခပ်အုပ်အုပ်မြည်သံ ထွက်ပေါ်လာသည်။ ယင်းက တခြားနေရာများနှင့် မတူပေ။ ဤသည်မှာ ထိုနံရံအနောက်တွင် လေခိုနေသည့်အလားပင်။ ထို့ကြောင့် “ ဒုတ် ”ဟူသော မြည်သံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် ထိုနံရံက တစ်ခုခုထူးခြားနေသည်။

“ ဒီနံရံရဲ့ အနောက်မှာ အံဝှက်တစ်ခုခု ရှိရမယ် ”

‌စောစောက ထွက်ပေါ်လာသော မြည်သံအရ ဤနံရံအနောက်မှာ လေခိုနေသော နေရာတစ်နေရာ ရှိရမည်။ တစ်နည်းဆိုရသော် ဤနံရံအနောက်မှာ လျှို့ဝှက်အလွှာတစ်လွှာ ရှိသည်။ သူက စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားပြီး သူ၏ ညာဘက်လက်ကို နံရံဆီသို့ ဆန့်ထုတ်ကာ ရိုက်ချလိုက်သည်။

နံရံကို သာမန်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားလေရာ ယင်းက သီရှီထျန်၏ လက်ကို မည်သို့တားဆီးနိုင်မည်နည်း။ ယင်းက တိုဟူးကို လှီးဖြတ်လိုက်သကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်တုံးနံရံက အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ရသည်။ ကျောက်တုံးအလွှာကို ဖယ်ရှားလိုက်သည့်အခါ နံရံအတွင်းပိုင်းထဲ၌ ကျောက်စိမ်းအလင်းရောင် ထွက်ပေါ်လာသည်။

သူ၏ မျက်စိအရှေ့မှာ အလွန်သေးငယ်သော လျှို့ဝှက်နယ်မြေလွတ်တစ်ခု ထွက်ပေါ်လာသည်။ အံ့ဖွယ်ကောင်းသည်မှာ ထိုနယ်မြေလွတ်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်လုံး ရှိသည်။ ကျောက်စိမ်းသေတ္တာပေါ်မှာ ရှေးဟောင်းသင်္ကေတများ ရှိသည်။ ကျောက်စိမ်းသေတ္တာက ထွန်းလင်းတောက်ပသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ အချိန်၏ ယိုယွင်းတိုက်စားမှုသည်ပင် ကျောက်စိမ်းသေတ္တာ၏ အလင်းရောင်ကို မမှေးမှိန်စေနိုင်ပေ။

ကျောက်စိမ်းသေတ္တာပေါ်မှ ရှေးဟောင်းသင်္ကေတများက အလွန်ထူးခြားဆန်းကြယ်သည်။ ရှင်းလင်းစွာပင် ထိုကျောက်စိမ်းသေတ္တာက သာမန်ပစ္စည်း မဟုတ်ပေ။

“ ရွှတ် ”

ယခုအချိန်မှာ သီရှီထျန်သည် ကျောက်စိမ်းသေတ္တာထဲမှ ပစ္စည်းကို ထုတ်ကြည့်ရန် အလျင်မလိုပေ။ ဤကျောက်စိမ်းသေတ္တာထဲမှာ မည်သည့်ပစ္စည်းရှိပါစေ ယင်းက တုမိသားစု၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သည်ဟု သူယုံကြည်သည်။ တုမိသားစုကဲ့သို့ အဆင့်နိမ့် ကျင့်ကြံခြင်းမိသားစုတစ်ခုဆီမှာ ဒုတိယရတနာ သူရှာတွေ့မည်ဟု မမျှော်လင့်ပေ။ သူက ကျောက်စိမ်းသေတ္တာနှင့် ပန်းချီစာလိပ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ချိုင့်ဝှမ်းထဲမှ အမြန်ထွက်ပြေးသွားသည်။

သူထွက်ပြေးသွားပြီး သိပ်မကြာမီ ဒေါသတကြီး အော်သံများက ချိုင့်ဝှမ်းထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် တိုက်ခိုက်သံများ၊ ကြုံးဝါးအော်သံများနှင့် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ လေလွင့်ကျင့်ကြံသူဆရာတပည့်နှင့် တုမိသားစုဝင်များက အပြန်အလှန် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ထင်ရှား၏။ အကယ်၍ သူတို့ကြိုးစားပမ်းစား တိုက်ခိုက်နေကြသည့် ပစ္စည်းက မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားကြောင်း သူတို့သိသွားမည်ဆိုလျှင် မည်သို့မျက်နှာဖြစ်သွားမည်ကို သီရှီထျန် မစဉ်းစားတတ်ပေ။

မှန်ပေသည်။ ယင်းက သီရှီထျန်နှင့် ဘာမှမသက်ဆိုင်ပေ။ သူက ပစ္စည်းကို ယူဆောင်ပြီးနောက် ချိုင့်ဝှမ်းထဲမှ ထွက်သွားသည်။ သူက ဖေးမြို့တော်ဆီသို့ ပြန်မသွားပေ။

ယင်းအစား သူက ညအမှောင်ကို အမှီပြု၍ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်သွားသည်။ သူက တဖြည်းဖြည်း ဖေးမြို့တော်နှင့် ဝေးသထက် ဝေးကွာသွားသည်။

သူက လေနှင့် လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ရွေ့လျားနေသည်။ သူက တစ်ညအတွင်းမှာ မိုင်တစ်ထောင်ကျော် အကွာအဝေးကို ဖြတ်ကျော်သွားသည်။ ထို့ပြင် သူက ဖေးမြို့တော်ထဲမှ ထွက်သွားပြီးနောက် ဟွာဝမ့်ဝူနှင့် ပထမဆုံး သူတွေ့ဆုံခဲ့သော တောအုပ်ဆီသို့ ပြန်ရောက်သွားသည်။

ထိုနေရာသို့ ရောက်သွားသည့်အခါ သူက လူသားလောကထဲမှ အမှန်တကယ် ထွက်ခွာသွားပြီ ဖြစ်သည်။

တောအုပ်ထဲသို့ ရောက်သွားပြီးနောက် သူက ကြုံရာကျပန်း လှိုဏ်ဂူတစ်ခုကို ရှာဖွေလိုက်ပြီး အထဲမှာ ဝင်အနားယူလိုက်သည်။ သူက ခရီးဆက်မသွားပေ။ မိစ္ဆာလေကို စီးနင်း၍ ခရီးဆက်ခြင်းက အလွန်မြန်ဆန်သော်လည်း ယင်းက သူ၏ မိစ္ဆာချီကို မြန်ဆန်စွာ ကုန်ဆုံးစေသည်။ တစ်ညလုံး ခရီးနှင်ခဲ့သည့်အတွက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက ပမာဏများပြားစွာ ကုန်ဆုံးသွားသည်။ ထို့ကြောင့် အားပြန်ဖြည့်ရန် သူအနားယူရမည်။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ တုမိသားစုထံမှ သူရရှိခဲ့သော ရတနာက မည်သည့်အရာဖြစ်ကြောင်း သူသိချင်သည်။

လူတိုင်းက စူးစမ်းသိချင်ကြသည်။ သူသည်လည်း ချွင်းချက်မဟုတ်ပေ။ ထို့ပြင် ကျောက်စိမ်းသေတ္တာထဲမှ ရတနာက သူလိုချင်သော ရတနာဖြစ်ရန် ရာခိုင်နှုန်းအလွန်များသည်။ ယခု သူက လူသားလောကနှင့် ဝေးရာမှာ ရှိနေသည်။ မည်သူမှ သူ့အား လာရောက်အနှောင့်အယှက်မပေးနိုင်ပေ။ ကျောက်စိမ်းသေတ္တာကို စစ်ဆေးရန် ယခုက အကောင်းဆုံးအချိန် ဖြစ်သည်။

သူက ကျောက်စိမ်းသေတ္တာကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး သူ၏ လက်ထဲမှာ ကိုင်ထားလိုက်သည်။ သူက ကျောက်စိမ်းသေတ္တာကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ကျောက်စိမ်းသေတ္တာပေါ်မှ ရှေးဟောင်းသင်္ကေတများသည် အမှန်မှာ လှပသော ပန်းပွင့်များဖြစ်ကြောင်း သူရှာတွေ့သွားသည်။ ထို့ပြင် ယင်းတို့က သာမန်ပန်းပွင့်များ မဟုတ်ကြချေ။ ယင်းအစား ထူးဆန်းသော ချိပ်တံဆိပ်အစီအရင်တစ်ခု ဖြစ်သည်။

“ ဒီကျောက်စိမ်းသေတ္တာက တကယ်ပဲ ထူးဆန်းတယ် ”

ထိုချိပ်တံဆိပ်အစီအရင်ကို ရှာတွေ့သွားသည့်အခါ သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ သူက ကျောက်စိမ်းသေတ္တာကို ညာလက်ထဲမှာ ကိုင်ထားရင်း တစ်ချက်တွေးတောလိုက်သည်။ အလွန်သန်စွမ်းသော မိစ္ဆာအာရုံက ချက်ချင်း ပေါ်လျှိုးလာပြီး ကျောက်စိမ်းသေတ္တာကို မြစ်တစ်စင်းနှယ် ဝင်ဆောင့်သွားသည်။ ချိပ်တံဆိပ်အစီအရင်က ထူးဆန်းသောကြောင့် သူက ထိုတိုက်ခိုက်မှုထဲမှာ သူ၏ စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကို ထည့်သွင်းခဲ့သည်။ ကျန်ဆယ်ရာခိုင်နှုန်းက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ဖြစ်သည်။

“ ဖတ်… ဖတ်… ”

ချိပ်တံဆိပ်အစီအရင်သည် စက်ကရာ ထုတ်လွှတ်လိုက်သော မိစ္ဆာချီကို အာရုံခံမိသွားဟန် ရ၏။ ရွှေရောင်အလင်းလွှာတစ်ခုက ကျောက်စိမ်းသေတ္တာ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းသေတ္တာ၏ မျက်နှာပြင်ပေါ်မှ ရှေးဟောင်းသင်္ကေတများက အသက်ဝင်လာဟန် ရ၏။ ယင်းတို့က တစ်နေရာတည်းမှာ ရှိမနေကြတော့ဘဲ စတင်ရွေ့လျားသွားကြသည်။

ရှင်းလင်းစွာပင် သီရှီထျန်၏ တိုက်ခိုက်မှုက ကျောက်စိမ်းသေတ္တာပေါ်မှ ချိပ်တံဆိပ်အစီအရင်ကို လှုံ့ဆော်လိုက်သည်။ သို့သော်လည်း ချိပ်တံဆိပ်အစီအရင်သည် ပမာဏများပြားသော မိစ္ဆာချီ၏ တိုးဝင်လာမှုကြောင့် ရုတ်တရက် ဖောင်းကားလာသည်။ ယင်းက လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှင့် ဆင်တူသည်။ နောက်အခိုက်အတန့်မှာ “ ဖောက် ”ဟူသော မြည်သံနှင့်အတူ ချိပ်တံဆိပ်အစီရင်က လုံးဝ ကွဲထွက်သွားသည်။

“ ဒီချိပ်တံဆိပ်အစီအရင်က အခြေတည်နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားမှာပဲ ရှိတယ် ”

သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ ချိပ်တံဆိပ်အစီအရင်သည် အစွမ်းမကြီးမားပေ။ တစ်စုံတစ်ယောက်မှာ အခြေတည်နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားရှိလျှင် သူက ချိပ်တံဆိပ်အစီအရင်ကို အပြင်ဘက်မှ ချိုးဖြတ်နိုင်လိမ့်မည်။ သီရှီထျန်၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားက အခြေတည်နယ်ပယ်ကို ကျော်လွန်သွားပြီ ဖြစ်၏။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နှင့် အလွန်နီးကပ်နေပြီ ဖြစ်၏။ ထို့ကြောင့် ချိပ်တံဆိပ်အစီအရင်ကို ချိုးဖြတ်ခြင်းက သူ့အတွက် ငှက်ပျောသီးအခွံနွှာစားရသကဲ့သို့ လွယ်ကူလှ၏။

သူက စိတ်အေးအေး ထားပြီးနောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တောက်ပသော အလင်းရောင်က ကျောက်စိမ်းသေတ္တာထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အစိမ်းရောင်အလင်းက လှိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ရတနာအလင်းက လှိုဏ်ဂူအပြင်သို့ ချက်ချင်း ပျံသန်းထွက်သွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ထွန်းလင်းတောက်ပသော အစိမ်းရောင်အလင်းက ဆယ့်ငါးမိနစ်ကြာပြီးနောက် တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ နောက်ဆုံးမှာ အလင်းရောင်က ကျောက်စိမ်းသေတ္တာပေါ်မှာ မြန်ဆန်စွာ စုစည်းသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ပုံရိပ်တစ်ခုက ကျောက်စိမ်းအလင်းရောင်ထဲမှာ ဖွဲ့စည်းသွားသည်။ နွားဖြူတစ်ကောင်ကို စီးထားသော ပုဂ္ဂိုလ်တစ်ယောက်က ကျောက်စိမ်းသေတ္တာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လက်ထဲမှာ ဝိုင်ဘူးသီးခြောက်ကို ကိုင်ထားရင်း တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။

ထိုပုဂ္ဂိုလ်က သီရှီထျန်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“ သေတ္တာကို ဘယ်သူက ဖွင့်လိုက်ပြီး ဒီဝိုင်အမတအရှင် ချန်ထားခဲ့တဲ့ ရတနာတွေကို ရသွားလဲဆိုတာ ငါမသိဘူး… ဒါပေမဲ့ ဒီဝိုင်အမတအရှင် ပြောနိုင်တာတစ်ခုက ဒီသေတ္တာထဲမှာ ငါထားခဲ့တဲ့ အရာအားလုံးက ရတနာတွေချည်းပဲ… အဲ့ဒါက ဒီအမတအရှင်ရဲ့ တစ်ဘဝစာ ကြိုးစားအားထုတ်မှုဖြစ်တယ်… အဲ့ဒါကို ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’လို့ ခေါ်တယ်… အဲ့ဒီစာအုပ်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ငါကမ္ဘာလှည့်ပတ်ပြီးနောက် စုဆောင်းခဲ့တဲ့ ဝိညာဉ်ဝိုင်ဖော်စပ်နည်းတွေ ပါဝင်တယ်… အဲ့ဒီထဲမှာ ငါ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်ဝိုင်ဖော်စပ်နည်းတွေလည်း ပါဝင်တယ်… တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီစာအုပ်ထဲက ဝိညာဉ်ဝိုင်အားလုံးကို ချက်လုပ်နိုင်သွားမယ်ဆိုရင်… ဂုဏ်ယူပါတယ်… မင်းက ဒီလောကရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မယ် ”

“ ငါ့ရဲ့ ‘ ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်ဖော်စပ်နည်း ’ကို ရတာက ငါ့ရဲ့ အမွေအနှစ်ကို ရသွားတာနဲ့ အတူတူပဲ… ဒါပေမဲ့ ဒီအမတအရှင်က တပည့်လက်ခံဖို့ ဆန္ဒမရှိဘူး… ဒါကြောင့် မင်းငါ့ကို ဆရာလို့ အသိအမှတ်ပြုစရာမလိုဘူး… မင်းလုပ်ရမှာက ငါ့ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ပဲ… အဲ့ဒါမှ ငါ့ရဲ့ ရတနာတွေကို မင်းရရှိလိမ့်မယ် ”

“ ဟဲ ဟဲ… ဒီအမတအရှင်က မင်းကို လှည့်စားခဲ့တယ်လို့ မပြောနဲ့… မင်းသဘောတူတယ်ဆိုရင် မင်းရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး အဲ့ဒီပေါ်မှာ တံဆိပ်ရိုက်ခတ်လိုက်ပါ… အဲ့ဒီအခါကျရင် ငါ့ရဲ့ တောင်းဆိုမှုကို အလိုအလျောက် မင်းနားလည်သွားလိမ့်မယ်… အဲ့ဒါကို အလဲအလှယ်လို့ မင်းယူဆနိုင်တယ်… တကယ်လို့ မင်းသဘောတူတယ်ဆိုရင် ဝိုင်နတ်ဘုရားရဲ့ လျှို့ဝှက်စာအုပ်နဲ့ ငါ့ရဲ့ ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို မင်းရရှိလိမ့်မယ် ”

“ တကယ်လို့ မင်းက သဘောမတူဘဲ ငါ့ရဲ့ ရတနာတွေကို ထိမယ်ဆိုရင် ဝိုင်နတ်ဘုရားရဲ့ ကျိန်စာသင့်လိမ့်မယ်… ဝိုင်နတ်ဘုရားရဲ့ ကျိန်စာက အရမ်းအစွမ်းထက်တယ်… ကျွမ်းကျင်ပညာရှင်တွေတောင် အဲ့ဒါကို အလွယ်တကူ မထိရဲကြဘူး ”

“ ဟား ဟား… ခရမ်းရွှေကုန်းမြေ… မဟာကောင်းကင်… ဒီအမတအရှင်က အဲ့ဒီကို အတိတ်မှာ ရောက်ခဲ့ဖူးတယ်… ဒီအမတအရှင်က လွတ်လပ်မှုကို သဘောကျပြီး အနှောင်အဖွဲ့ကင်းတယ်… သေခြင်းရှင်ခြင်းဆိုတာ ပုံရိပ်ယောင်တွေပဲ ဖြစ်တယ်… ကံကြမ္မာရဲ့ ကြိုးကိုင်သူက ဘယ်သူလဲ… ငါနောင်တမရဘူး ”

သူ့စကားဆုံးသွားသည့်အခါ နွားဖြူပေါ်မှာ ထိုင်နေသော ပုံရိပ်က အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး နောက်ထပ် မထွက်ပေါ်လာတော့ပေ။ ဤသည်မှာ အစောနက အဖြစ်အပျက်က တစ်ခါမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။

“ စောစောက ဟာက ဒဏ္ဍာရီလာ မူလဝိညာဉ်အကြွင်းအကျန်ပုံရိပ်လား… အဲ့ဒီစကားတွေက ဝိုင်အမတအရှင် ဒီကျောက်စိမ်းသေတ္တာထဲမှာ ချန်ထားခဲ့တာတွေလား ”

သီရှီထျန်သည် ကျောက်စိမ်းသေတ္တာပေါ်မှ ပုံရိပ်၏ ပြိုကွဲမှုကို မြင်ပြီးနောက် လေးနက်စွာ တွေးတောလိုက်သည်။ ဝိုင်အမတအရှင် ထွက်ပေါ်လာသည့်အခါ အစတွင် အမှန်တကယ် သူကြောက်လန့်သွားခဲ့သည်။ သို့သော် ဝိုင်အမတအရှင်၏ စကားကို ကြားပြီးနောက် အခြေအနေကို သူနားလည်သွားသည်။ ကျောက်စိမ်းသေတ္တာထဲမှ ပစ္စည်းများက ဝိုင်အမတအရှင်၏ တွက်ချက်မှုအတွင်းမှာ ရှိ၏။

အခန်း(၂၅၂)

ကျောက်စိမ်းသေတ္တာပေါ်မှ ချိပ်တံဆိပ်အစီအရင်ကို ဖျက်ဆီးရန် လွယ်ကူသော်လည်း သေတ္တာထဲမှ ရတနာများကို ရယူရန် မလွယ်ကူပေ။ အမှန်မှာ ထိုနှစ်ခုကြားမှ ကွာဟမှုက မိုးနှင့်မြေကြီးပမာ ကြီးမားလှ၏။

ဤအခိုက်အတန့်မှာ သူက ကျောက်စိမ်းသေတ္တာကို ငုံ့ကြည့်လိုက်သည်။ သေတ္တာထဲတွင် ပစ္စည်းနှစ်ခုကို သိမ်းဆည်းထားသည်။ တစ်ခုက အစိမ်းရောင်ဝိုင်ဘူးသီးခြောက် ဖြစ်သည်။ ဝိုင်ဘူးသီးခြောက်ပေါ်တွင် အစိမ်းရောင်အလင်းက ရွေ့လျားစီးဆင်းနေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ယင်းက သာမန်ဝိုင်ဘူးသီးခြောက်မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။ မွှေးပျံ့သော ဝိုင်အနံ့သည်ပင် ဘူးသီးခြောက်ထဲမှ ပျံ့လွင့်နေသည်။ ယင်းက ဝိုင်အမတအရှင်ပြောခဲ့သော ဝိုင်နတ်ဘုရားဘူးသီးခြောက်ဖြစ်သည်မှာ သံသယရှိရန် မလိုပေ။ ဝိုင်ဘူးသီးခြောက်၏ အောက်တွင် စာအုပ်တစ်အုပ် ရှိသည်။ စာအုပ်၏ မျက်နှာပြင်ပေါ်တွင် “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ဟူသော ရှေးဟောင်းစာလုံးများ ရှိသည်။

ထိုရှေးဟောင်းစာလုံးများဆီမှာ ကိုယ်ပိုင်အသက်ဝိညာဉ် ရှိနေဟန် ရ၏။ ကျောက်စိမ်းအလင်းရောင်က ရှေးဟောင်းစာလုံးများပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။ ယင်းက တမူထူးခြားသော ဆွဲဆောင်မှုကို ပေးသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် ထိုစာအုပ်ကို မြင်သည်နှင့် အလိုအလျောက် ဆုပ်ကိုင်ချင်လာလိမ့်မည်။

သို့သော်လည်း သီရှီထျန်သည် လက်ဆန့်ထုတ်ပြီး စာအုပ်ကို မဆုပ်ကိုင်ပေ။ သူက ယင်းကို မထိဝံ့ပေ။

“ အစောအနက အဖြစ်အပျက်ကို ကြည့်ရတာ ဒီရတနာတွေကို ချန်ထားခဲ့တဲ့ ဝိုင်အမတအရှင်က သာမန်ကျင့်ကြံသူမဟုတ်နိုင်ဘူး… သူက ရှေးခေတ်ကာလက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လောက်တယ်… သူချန်ထားခဲ့တဲ့ အမွေအနှစ်ရတနာက သေချာပေါက် တန်ဖိုးကြီးမားလိမ့်မယ်.. ဒါပေမဲ့ ရတနာတွေက အခု ငါ့အရှေ့မှာ ရှိနေရင်တောင် အဲ့ဒါတွေကို အလွယ်တကူ ငါမယူဆောင်နိုင်ဘူး ”

သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ဝိုင်အမတအရှင်၏ အမွေအနှစ်ဖြစ်သော “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို မချီးကျူးဘဲ မနေနိုင်ပေ။ ယင်း၏ တန်ဖိုးက တိုင်းတာမရပေ။ တစ်စုံတစ်ယောက်က ထိုလျှို့ဝှက်စာအုပ်ကို ပိုင်ဆိုင်သွားမည်ဆိုလျှင် ဝိညာဉ်ဝိုင်အမျိုးမျိုးကို ချက်လုပ်နိုင်သွားလိမ့်မည်။ ယင်းက မသေမျိုးကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော အကျိုးအမြတ်များ ပေးလိမ့်မည်။ ယင်းက အမတအရှင်တစ်ပါး ဖြစ်လာနိုင်စေမည့် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးလိမ့်မည်။ ယင်းက ဆေးပညာတာအိုကျမ်းနှင့် တန်ဖိုးနှိုင်းယှဉ်နိုင်သည်။

သို့သော်လည်း အကယ်၍ ယင်းကို သူလိုချင်လျှင် ဝိုင်အမတအရှင် ချန်ထားခဲ့သော တောင်းဆိုမှုကို မဖြစ်မနေ သူလက်ခံရလိမ့်မည်။ ယင်းက အပေးအယူဖြစ်သည်။ အပေါ်ယံကြည့်မည်ဆိုလျှင် ယင်းက ရိုးရှင်းသောအရာ ဖြစ်သည်။ သို့သော်လည်း နက်နက်နဲနဲ စဉ်းစားမည်ဆိုလျှင် ထိုကိစ္စက မရိုးရှင်းပေ။ ဝိုင်အမတအရှင်မှာ မည်သူနည်း။ မည်သို့ကြောင့် သူ၏ တောင်းဆိုမှုက ရိုးရှင်းလွယ်ကူမည်နည်း။ အကယ်၍ သူသေချာမစဉ်းစားလျှင် သူ၏ အသက်ကိုပင် ဆုံးရှုံးသွားနိုင်သည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က အတွေးများသွားသည်။ အတွေးအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာနေလေရာ ဆုံးဖြတ်ချက်ချရန် သူအခက်တွေ့သွားသည်။

ချိန်ခွင်၏ အခြားတစ်ဖက်တွင် ရှိနေသည်မှာ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ” ဖြစ်သည်။ ယင်းက အလွန်အမင်း တန်ဖိုးကြီးမားသည်။ သို့ဖြစ်၍ ယင်းကို သူလက်လွှတ်ရန် မလွယ်ကူပေ။ အခြားတစ်ဖက်မှာတော့ ဝိုင်အမတအရှင်၏ အမည်မသိသော တောင်းဆိုမှုဖြစ်သည်။ ယင်းကို သူလက်ခံမည်ဆိုလျှင် မည်သည့်အန္တရာယ်ဖြင့် တွေ့ကြုံရနိုင်ကြောင်း မသေချာပေ။

ဝိုင်အမတအရှင် နောက်ဆုံးပြောသွားခဲ့သော စကားအရ သူက လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ကြောင်း ထင်ရှား၏။ သူ၏ တစ်ဘဝစာ ကြိုးစားအားထုတ်မှုဖြစ်သော “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို အမွေအနှစ်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း သူက ထိုသို့သဘောမထားပေ။ ယင်းအစား သူက အပေးအယူတစ်ခုအဖြစ်သာ သဘောထားသည်။

ယင်းက သီရှီထျန်ကို ရွေးချယ်ရန် အခက်တွေ့စေသည်။ သူက ရတနာများကို ရယူရန် ရွေးချယ်မည်လော သို့မဟုတ် လက်လွှတ်ခံမည်လော။ သူက ရတနာများကို ရယူမည်ဆိုလျှင် ဝိုင်အမတအရှင် ထားရစ်ခဲ့သော တောင်းဆိုမှုကို လက်ခံရလိမ့်မည်။ ဖြစ်နိုင်သည်မှာ ထိုတောင်းဆိုမှုက သူဆောင်ရွက်ရန် အလွန်ခက်ခဲသောအရာ ဖြစ်နိုင်၏။ ယင်းက မိုးကောင်းကင်ပေါ်သို့ တတ်လှမ်းရသကဲ့သို့ ခက်ခဲလိမ့်မည်။

သို့ဆိုလျှင် “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”နှင့် ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို သူလက်လွှတ်ခံမည်လော။ အကယ်၍ ထိုသို့ သူလုပ်ဆောင်မည်ဆိုလျှင် ယင်းက မဟာအခွင့်အရေးတစ်ခုကို သူလက်လွှတ်လိုက်ခြင်း ဖြစ်လိမ့်မည်။ “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”က သူ့ကိုယ်သူသာမက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သူ၏ အင်အားစုကိုလည်း ကြီးကြီးမားမား အစွမ်းမြှင့်တင်ပေးနိုင်လိမ့်မည်။ ထိုသို့မဟာအခွင့်အရေးသည် တစ်သက်မှာ တစ်ခါသာလျှင် ရရှိနိုင်သောအရာ ဖြစ်၏။ ဤတစ်ကြိမ် ယင်းကို သူလွဲချော်သွားမည်ဆိုလျှင် နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရတော့မည် မဟုတ်ချေ။

သူ၏ ချိုင့်ဝှမ်းကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဟု နာမည်ပေးထားသော်လည်း အမှန်မှာ ချိုင့်ဝှမ်းထဲမှ သက်ရှိအားလုံးနီးပါးက သာမန်တိရိစ္ဆာန်များ ဖြစ်ကြသည်။ ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများသာလျှင် ဝိညာဉ်သားရဲများ ဖြစ်ကြသည်။ လက်ရှိ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ သူမှလွဲ၍ နောက်ထပ် မိစ္ဆာသားရဲတစ်ကောင် မပေါ်ထွန်းသေးပေ။ သို့ဖြစ်၍ သူ၏ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ပုံမှန်အတိုင်း ဆက်ပြီး တိုးတတ်သွားမည်ဆိုလျှင် ကြီးမားသော အင်အားစုတစ်ခု ဖြစ်လာရန် နှစ်ပေါင်းရာထောင်ချီ ကြာမြင့်လိမ့်မည်။ ထိုအချိန်ထိ သူမစောင့်ဆိုင်းနိုင်ပေ။

တောင်ပိုင်းမြေရိုင်းဒေသသည် မကြာသေးမီအချိန်က ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထိုတိုက်ပွဲမှာ လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော် သေဆုံးသွားခဲ့ကြသည်။ လီမိသားစု၏ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အသက်ဆုံးရှုံးသွားခဲ့သည်။

မသေမျိုးကျင့်ကြံခြင်းလောကက ထိုကိစ္စကို ဘာမှမသိသကဲ့သို့ လျစ်လျူရှုထားလိမ့်မည်ဟု သူမယုံပေ။ ထို့ပြင် လူသားလောကထဲ၌ သူရှိနေသည့်အချိန် သတင်းတစ်ခုကို ကြားခဲ့ရသည်။ “ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ” မကြာခင်မှာ ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကျင့်ကြံသူအများစုက ဤအချိန်မှာ အလုပ်ရှုပ်နေကြသည်။

သူ၏ ခန့်မှန်းမှုအရ တောင်ပိုင်းမြေရိုင်းဒေသက ထိုမျှကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြုလုပ်ခဲ့သော်လည်း ဘာမှမဖြစ်လာရခြင်းမှာ “ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ”ကြောင့် ဖြစ်သည်။ ပြောင်းပြန်စဉ်းစားကြည့်သော် “ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ” ပြီးဆုံးသွားသည့်အခါ မသေမျိုးကျင့်ကြံသူများ၏ အာရုံစိုက်မှုက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ရောက်ရှိလာလိမ့်မည်။

ထိုအချိန်ကျလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကြီးမားသော တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်။

အနာဂတ်မုန်တိုင်းထဲမှာ သူရှင်သန်ချင်သည်ဆိုလျှင် သူ့ကိုယ်သူသာမက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အင်အားကိုလည်း မြန်ဆန်စွာ မြှင့်တင်ရလိမ့်မည်။ မသေမျိုးကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်သော အင်အား သူတို့ဆီမှာ ရှိမှသာ အနာဂတ်မုန်တိုင်းထဲမှာ အသက်ရှင်နိုင်လိမ့်မည်။ သို့သော်လည်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အလုံးစုံအင်အားကို မြန်ဆန်စွာ တိုးမြှင့်ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။

မိစ္ဆာမျိုးနွယ်စုထဲမှာ ဆေးပညာရှင်များ မရှိပေ။ သူတို့က လူသားကျင့်ကြံသူများကဲ့သို့ ဆေးပညာကို မတတ်ကျွမ်းကြချေ။ ရှေးခေတ်ကာလမှ မိစ္ဆာပညာရှင်များ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် မိစ္ဆာမျိုးနွယ်စု၏ အင်အားက သိသိသာသာ လျော့ကျသွားသည်။ ယခု သူတို့က မျိုးတုန်းသတ်ဖြတ်ခံရလုနီးပါး အခြေအနေမှာ ရှိနေကြသည်။ အသက်ရှင်ကျန်ရစ်သော မိစ္ဆာများသည် ကိုယ့်ဘာသာ တိုးတတ်ရန် မိုးမြေဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ စွမ်းအင်အနှစ်သာရကို နှစ်ပေါင်းများစွာကြာအောင် စုပ်ယူကျင့်ကြံကြရသည်။

နှစ်ပေါင်းတစ်ထောင်ကြာသွားလျှင်ပင် မိစ္ဆာများ၏ ကျင့်ကြံခြင်းက နှစ်ပေါင်းတစ်ရာကျင့်ကြံခဲ့သော လူသားမျိုးနွယ် မသေမျိုးကျင့်ကြံသူများကို မယှဉ်နိုင်ပေ။ အဓိကခြားနားချက်မှာ လူသားမျိုးနွယ် မသေမျိုးကျင့်ကြံသူများက ဆေးလုံးများကို အသုံးပြုနိုင်ကြသည်။ ထို့ပြင် သူတို့ဆီမှာ အမျိုးအစားစုံလင်သော ဓမ္မလက်နက်များနှင့် ဓမ္မရတနာများ ရှိသည်။ ဓမ္မရတနာတစ်ခု၏ စွမ်းအားက ကျင့်ကြံသူ၏ တိုက်ပွဲစွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုက တဖန်မြင့်တတ်ချင်သည်ဆိုလျှင် မသေမျိုးကျင့်ကြံသူများ အသုံးပြုသော နည်းလမ်းများကို လိုက်လံအသုံးပြုရမည်။

ထို့ကြောင့် အကယ်၍ သူက ဆေးလုံးမသန့်စင်နိုင်လျှင် ဝိုင်ချက်လုပ်ခြင်းကို ရွေးချယ်နိုင်ပေသည်။ အကယ်၍ သူက “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”ကို ရရှိသွားမည်ဆိုလျှင် ယင်းက သူ၏ အနာဂတ်တိုးတတ်မှုအတွက် ကြီးမားသော အကျိုးအမြတ်များကို ပေးစွမ်းလိမ့်မည်။

“ ဝိုင်အမတအရှင်… ဝိုင်အမတအရှင်… ခင်ဗျားက ကျုပ်ကို တကယ်ခေါင်းစားစေတာပဲ ”

သီရှီထျန်က ကျောက်စိမ်းသေတ္တာထဲမှ ရတနာနှစ်ခုကို စိုက်ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ခေါင်းယမ်းလိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း ထွန်းလင်းတောက်ပသော အလင်းရောင်က သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူက ပြောသည်။

“ အခွင့်အရေးက ငါ့အရှေ့မှာ ရှိနေမှတော့ ဒီဟာကို ငါဘာလို့ လက်လွှတ်ခံရမှာလဲ ”

တစ်ခဏကြာ တွေးတောပြီးနောက် သူက နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်သည်။ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို ထိုင်တွေးနေခြင်းက အကျိုးမဲ့သောလုပ်ရပ် ဖြစ်သည်။ သူ့မျက်စိအရှေ့မှာ လက်ရှိ ရှိနေသောအရာသာလျှင် အရေးကြီးဆုံး ဖြစ်သည်။ မည်သူမှ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို ကြိုမသိကြချေ။

သူက လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှာ မြန်ဆန်စွာ စီးဆင်းသွားသည်။ မကြာမီ မိစ္ဆာချီလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ တိုးထွက်လာပြီး မိစ္ဆာချီတိမ်တိုက်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ သူက ဝိုင်နတ်ဘုရားကျိန်စာကို ခုခံနိုင်မည်လော ကြိုးစားကြည့်ချင်သည်။

“ ဖတ် ”

သူ၏ ညာလက်ကို ရှေးဟောင်းစာအုပ်ပေါ်မှာ တင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အေးမြသော ခံစားမှုက သူ၏ လက်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက သူ့ကို ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိစေသည်။ ဝိုင်အမတအရှင်သည် အမှန်တကယ်ပင် အပိုစကားမပြောခဲ့ပေ။

စာအုပ်ပေါ်သို့ သူလက်တင်လိုက်သည်နှင့်ချက်ချင်း စူးရှသော နာကျင်မှုက မည်သည့်သတိပေးမှုမှမရှိဘဲ သူ၏ လက်ညှိုးထိပ်ပေါ်မှာ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သွေးတစ်စက်က စာအုပ်ပေါ်သို့ ကျဆင်းသွားသည်။ ထို့နောက် သီရှီထျန် မြင်လိုက်သည်မှာ သွေးစက်ကို စာအုပ်က စုပ်ယူသွားသည်။ မကြာမီ ကျောက်စိမ်းအလင်းက စာအုပ်ထဲမှ ထွက်ပေါ်လာသည်။ ကျောက်စိမ်းအလင်းသည် အပြင်ဘက်သို့ မပျံ့နှံ့သွားပေ။ ယင်းအစား ကျောက်စိမ်းအလင်းက သီရှီထျန်၏ အရှေ့မှာ မြန်ဆန်စွာ စုဝေးသွားသည်။

ကျောက်စိမ်းအလင်းက ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ချိပ်တံဆိပ်သည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း သီရှီထျန်၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာချီတိမ်တိုက်အကာအရံကို ထိုးဖောက်သွားသည်။ ယင်းက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာ သတင်းစကားတစ်ခုက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။

သတင်းစကားသည် မများပြားပေ။ လျှပ်တစ်ပြက်အတွင်းမှာ သူက ယင်းကို အပြည့်အဝ စုပ်ယူနိုင်သွားသည်။

သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပြောသည်။

“ မိစ္ဆာဖိနှိပ်ချိုင့်ဝှမ်း… အဲ့ဒါက ဘယ်နေရာလဲ ”

သို့သော်လည်း သူက စကားပြောပြီးနောက် ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ သူက ကျောက်စိမ်းသေတ္တာထဲမှ ဝိုင်ဘူးသီးခြောက်နှင့် ရှေးဟောင်းစာအုပ်ကို ကြည့်လိုက်ပြီး ပြောသည်။

“ ဒီတစ်ကြိမ်တော့ ငါဒုက္ခရောက်ပြီထင်တယ်… ရှေးခေတ်က အစွမ်းထက်ပုဂ္ဂိုလ်တွေက တကယ့် မြေခွေးအိုကြီးတွေပဲ… သူတို့ရဲ့ လုပ်ဆောင်ပုံကို ငါနားမလည်နိုင်ဘူး… မိစ္ဆာဖိနှိပ်ချိုင့်ဝှမ်းဆီ ငါမသွားချင်ရင်တောင် ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး… ထားလိုက်ပါ… အဲ့ဒါတွေက အနာဂတ်က ကိစ္စတွေပါ… လောလောဆယ် ဒီအပေးအယူကနေ ဘာအကျိုးအမြတ်တွေ ငါရနိုင်မလဲ ကြည့်မယ် ”

သူက တခြားမစဉ်းစားနေတော့ဘဲ ရှေးဟောင်းစာအုပ်ကို ကောက်ယူ၍ လှန်လှောလိုက်သည်။ ရှေးဟောင်းစာအုပ်ထဲမှာ ထူးဆန်းသော ကျောက်စိမ်းကြေးမုံတစ်ချပ် ရှိသည်။ ကြေးမုံသည် အရွယ်အစား မကြီးမားပေ။ ယင်းကို အမည်မသိသော ရှေးဟောင်းကျောက်စိမ်းဖြင့် ဖန်တီးထားဟန် ရ၏။ ကြေးမုံအပြင် ရှေးဟောင်းစာအုပ်ထဲမှာ စာရွက်သုံးရွက်သာ ရှိသည်။ စာအုပ်အဖုံးဖြစ်သော အရှေ့တစ်ရွက်နှင့် အနောက်တစ်ရွက်ကို ဖယ်လိုက်လျှင် အလယ်မှာ စာရွက်တစ်ရွက်တည်းသာ ကျန်ရှိသည်။

သို့သော်လည်း ယင်းက သီရှီထျန်ကို ထူးဆန်းသည်ဟု မခံစားရစေပေ။

အစောနက သူရရှိခဲ့သော သတင်းအချက်အလက်များအရ ထိုကြေးမုံကို ဝိုင်နတ်ဘုရား၏ အံ့ဖွယ်ရတနာကြေးမုံဟု ခေါ်သည်။ ယင်းက “ ဝိုင်နတ်ဘုရား၏ လျှို့ဝှက်ဖော်စပ်နည်း ”လည်း ဟုတ်၏။ ဤလောကမှာရှိသော ဝိညာဉ်ဝိုင်အမျိုးမျိုး၏ ဖော်စပ်နည်းများကို ထိုထဲမှာ မှတ်သားထားသည်။ ဝိညာဉ်ဝိုင်များ၏ နာမည်များကို သူ၏ စိတ်ထဲမှာ မှတ်သားထားပြီးပြီ ဖြစ်၏။ ထို့ပြင် သူက တခြားဝိုင်ဖော်စပ်နည်းများကို ပြန်စုပ်ယူပြီး ယင်းတို့ကို အံ့ဖွယ်ရတနာကြေးမုံထဲသို့ ပေါင်းထည့်နိုင်သည်။ ထိုနည်းဖြင့်ဆိုလျှင် အံ့ဖွယ်ရတနာကြေးမုံထဲမှ ဝိုင်ဖော်စပ်နည်းများက အရေအတွက် ပိုများပြားလာလိမ့်မည်။ စာအုပ်ထဲမှ စာရွက်တစ်ရွက်စီက ဝိုင်အမျိုးအစားတစ်မျိုးအတွက် ဖော်စပ်နည်း ဖြစ်သည်။

All Chapters