အခန်း (၁၃၉၃-၁၃၉၅)
Vol. 93 Ch. 1393-1395
အခန်း ၁၃၉၃: မျက်လှည့်လား?
တက္ကသိုလ်အမျိုးသမီးအဆောင်တစ်ဆောင်_
ချန်ရွှယ်က သုံးရောင်စပ်ဖရဲသီးဝယ်ပြီး အဆောင်ပြန်လာသည်။ ထိုစဉ် အဆောင်နေညီအစ်မတချို့က အပြေးလာမေးကြ၏။
"ချန်ရွှယ်.. နတ်သမီးပုံပြင်တောင်ပေါ်ကဘာသတင်းမှမကြားဘူးလား?''
"အင်း.. ဘာတွေတပ်ဆင်နေလဲမသိဘူး?''
"နောက်ထပ်အံ့ဩစရာလား?''
ထိုအမေးကြောင့် ချန်ရွှယ်ဇဝေဇဝါဖြစ်သွားသည်။ သူမကရုံချန်းသူဖြစ်၍ ဆောင်းရာသီ၊နွေရာသီအားလပ်ရက်တွင် ချင်းလင်ရှုမျှော်ခင်းမှာအလုပ်ဝင်လုပ်သည်။ ချင်းလင်ရှုမျှော်ခင်းမှလုပ်ငန်းတချို့အကြောင်းကိုလည်းသိသည်။
သူမစာသင်နေသည့်နှစ်နှစ်အတွင်း ဆောင်းရာသီ၊နွေရာသီအားလုပ်ရက်များတွင်
သူမနှင့်အတူတူအလုပ်ဆင်းဖူးသူများမှာ အလုပ်သမားခေါင်း၊ ကြီးကြပ်သူ၊ လက်ထောက်မန်နေဂျာအထိတောင် ရာထူးတိုးသွားကြပြီ။
ထို့ကြောင့် ချင်းလင်စံအိမ်အကြောင်းသိချင်တိုင်း သူမကိုလာမေးကြသည်။
လတ်တလော ပိုးစုန်းကြူးရော နတ်သမီးပုံပြင်တောင်ပါအလွန်စိတ်ဝင်စားစရာကောင်းသောကြောင့် ဒီညီအစ်မတွေအလွန်အာရုံစိုက်နေကြသည်။ သူတို့အားလပ်ရက်ရုံချန်းပြန်သွားပြီးလည်ပတ်ရန်လည်းစီစဉ်နေသည်။
နောက်ပြီး ဒီလိုဖြစ်တာ ဒါပထမဆုံးအကြိမ်မဟုတ်။
ချန်ရွှယ်က အနားကပ်ပြီး သူတို့ဖုန်းကိုကြည့်လိုက်သည်။ ခရီးသည်များရိုက်ထားသောဗီဒီယိုပင်။ နတ်သမီးပုံပြင်တောင်အနှံ့တွင် အထူးစက်ပစ္စည်းများတပ်ဆင်နေကြသည်။
ထိုမြင်ကွင်းကြောင့် ချန်ရွှယ်နည်းနည်းစပ်စုချင်သွားသည်။ သူမကဖုန်းထုတ်ပြီး ချင်းလင်စံအိမ်မှအသိကို Wechat ကလှမ်းမေးသည်။
"ရှောင်ရွှယ်.. မတွေ့တာကြာပြီနော်.. ငါသေချာမသိဘူး!''
"ရှောင်ရွှယ်.. ဒီနှစ်အချိန်ပိုင်းလုပ်ဦးမှာလား? ငါလည်း နတ်သမီးပုံပြင်တောင်ကလူတွေကိုမေးထားတယ်... သူတို့လည်းမသိဘူးတဲ့!''
"မသိဘူး... ငါလည်း သိချင်နေတာ!''
ချန်ရွှယ်က လူတွေအများကြီးလိုက်မေးသော်လည်း ဘယ်သူမှမသိကြ။ သူမလည်းမတတ်သာဘဲ_
"အဖြေရှာမရဘူး... ကြည့်ရတာ ချင်းလင်ရှုမျှော်ခင်းကလူတွေတောင်မသိကြဘူးထင်တယ်''
ထို့ကြောင့် မိန်းကလေးများပိုသိချင်သွားသည်။
သူတို့တင်မဟုတ်။ ခရီးသည်များတင်သောဗီဒီယိုကိုမြင်သူတိုင်းလည်း စူးစမ်းကြသည်။
နတ်သမီးပုံပြင်တောင်ကိုရောက်ဖူးသည်ဖြစ်စေ၊ မရောက်ဖူးသည်ဖြစ်စေ၊ လှပသောရှုခင်းများနှင့်နတ်သမီးပုံပြင်တောင်ရေပန်းစားစဉ်က အတော်များများစိတ်ဝင်စားခဲ့ကြသည်။
အခုဒီလိုမြင်ကွင်းမျိုးတွေ့ရသောကြောင့် မစပ်စုဘဲမနေနိုင်။
အထူးသဖြင့် ဒါတွေကဘာတွေမှန်း သူတို့မသိ၊ ခန့်မှန်းစူးစမ်းနေသော်လည်း ဘာသတင်းအစအနမှမရ၊ ဘာဖြစ်နေမှန်းမသိလေ ပိုစပ်စုချင်လေဖြစ်လာသည်။
တကယ်တော့ ထိုဗီဒီယိုများလိုင်းပေါ်တင်ပြီးရေပန်းစားလာချိန်တွင် ချင်းလင်ရှုမျှော်ခင်းကလူများတောင်သိချင်နေကြသည်။ အတော်များများက အလုပ်တွင်း Chat အဖွဲ့များတွင်မေးမြန်းကြသည်။
သို့သော် ဘယ်သူမှမသိ။
မန်နေဂျာတချို့က မနေနိုင်ဘဲ လင်းလန်ဇီကိုသွားမေးကြသည်။
လင်းလန်ဇီက အကြောင်းရင်းသိသည်။ ချင်းလင်ဓာတ်ခွဲခန်းကလူတွေ နတ်သမီးပုံပြင်တောင်ပေါ်ပစ္စည်းလာဆင်သောအခါ ပစ္စည်းတပ်ဆင်ရေးထောက်ခံချက်လက်မှတ်ထိုးပြီး လွှဲပြောင်းတာဝန်ယူမည့်သူက သူမပင်။
လိုင်းပေါ်မှာရေပန်းစားနေအောင် သူမတမင်လုပ်ထားခြင်းဖြစ်သည်။ ရှင်းပြခြင်း၊ကြေညာခြင်းမရှိဘဲ သူတို့ဘာသာခန့်မှန့်ပြီးစူးစမ်းစေမည်။ ဒီလိုလျှို့ဝှက်ထားပြီး ရေပန်းစားမှုအရှိန်တက်လာအောင်ထိန်းထားမည်။
ချင်းလင်ရှုမျှော်ခင်းမှာလုပ်သက်ကြာ၍အထွေထွေမန်နေဂျာဖြစ်လာပြီးနောက် ပွဲကိုကြော်ငြာရန် သူမကိုယ်တိုင်စီစဉ်နေစရာမလိုတော့။
နတ်သမီးပုံပြင်တောင်မန်နေဂျာလည်း လာရောက်စုံစမ်းသောကြောင့် လင်းလန်ဇီက_
"နောက်နှစ်ရက်မှာ နတ်သမီးပုံပြင်တောင်ကိုရှင်းထားမယ်... ခရီးသည်လက်မခံသေးဘူး... အဲဒါအတည်ပြုပြီးတာနဲ့ စံအိမ်တရားဝင်အကောင့်မှာလည်း ချက်ချင်းကြေညာမယ်''
နတ်သမီးပုံပြင်တောင်မန်နေဂျာကြောင်သွားသည်။
ဘာပဲဖြစ်ဖြစ် နတ်သမီးပုံပြင်တောင်ကရေပန်းစားနေတုန်းမှာ ရုတ်တရက်လူရှင်းစရာအကြောင်းမရှိ။ ဒါပေမဲ့ မန်နေဂျာလင်းက ဒီလိုညွှန်ကြားမှတော့ တပ်ဆင်နေတဲ့စက်ပစ္စည်းများကြောင့်ဖြစ်မည်။
ထိုမန်နေဂျာများလည်း သံသယတဝက် စူးစမ်းချင်စိတ်တဝက်နှင့်သာ တာဝန်ဆက်လုပ်ရသည်။ သူတို့က နတ်သမီးပုံပြင်တောင်အဖွဲ့ Chat ထဲတွင် လက်မှတ်အရောင်းပိတ်ထားမည်ဖြစ်ကြောင်း ချက်ချင်းကြေညာလိုက်သည်။
လက်မှတ်ယူပြီးသူများကို ဖုန်းပြန်ခေါ်ပြီး အချိန်ပြောင်းလဲမည်ဖြစ်ကြောင်းအသိပေးကာ တောင်းပန်စကားပြောသည်။
ထိုလုပ်ဆောင်ချက်များကြောင့် နတ်သမီးပုံပြင်တောင်ပေါ်ရှင်းလင်းရေးလုပ်သောသတင်းကပြန့်သွားပြီး အုတ်အော်သောင်းတင်းဖြစ်ပြန်သည်။
ထိုကိစ္စကို ချင်းလင်စံအိမ်တရားဝင်အကောင့်မှအတည်ပြုကြေညာချက်ထွက်မလာမချင်း လိုင်းပေါ်တွင်စူးစမ်းချင်စိတ်များမြင့်တက်နေသည်။
အားလုံးက နတ်သမီးပုံပြင်တောင်ကိုစောင့်ကြည့်နေကြသည်။ သတင်းထောက်များတောင်ရောက်လာပြီး နတ်သမီးပုံပြင်တောင်အခြေအနေကိုစုံစမ်းကြသည်။
ချင်းလင်ရှုမျှော်ခင်းမှာတစ်ခုခုဖြစ်တိုင်း ကြီးကြီးမားမားပင်။ သေချာပေါက်ရေပန်းစားမည့်သတင်းဖြစ်သောကြောင့် လူတိုင်းကသတင်းအရင်ဆုံးရချင်သည်။
သို့သော် သတင်းထောက်များမှာ သတင်းမယူနိုင်ကြ။
ထို့ကြောင့် သိချင်စိတ်ကပိုပြင်းထန်လာသည်။ အင်တာနက်တစ်ခုလုံးတွင် အားလုံး၏သိချင်စိတ်က တစ်ဆင့်ပိုမြင့်သွား၏။
ထိုအချိန်တွင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှကြေညာချက်ထွက်လာသည်။ ကြေညာချက်က တစ်ကြောင်းတည်းသာ:
"မျက်လှည့်ကြည့်ချင်လား? ဟိုးတောင်ပေါ်မှာ မနက်ဖြန် မျက်လှည့်ပြမယ်!''
ထိုတစ်ကြောင်းတည်းကြောင့် အားလုံးစိတ်လှုပ်ရှားရသည်။
မျက်လှည့်က မျက်လှည့်၊ တကယ့်လက်တွေ့မှာ တည်ရှိတာမဟုတ်။
အခုချင်းလင်ရှုမျှော်ခင်းက ဒီလိုပြောလာတော့ လုံးဝသာမန်မဟုတ်နိုင်။
ဒါပေမဲ့ တွေးကြည့်မှ နတ်သမီးပုံပြင်တောင်ပေါ်မျက်လှည့်ပြမယ်ဆိုတော့ နေ့ကညပြောင်းသွားရင် မျက်လှည့်ဆန်မည်။
ဒီလောက်လှသောနေရာဖြစ်သော်လည်း ချင်းလင်ရှုမျှော်ခင်းက မျက်လှည့်ဟူ၍ကြော်ငြာခဲ့ခြင်း၊ဖော်ပြခဲ့ခြင်းမျိုးမရှိ။
ဒီတစ်ခါ ချင်းလင်ရှုမျှော်ခင်းက ဒီစကားသုံးလာတော့ သေချာပေါက်သာမန်မဖြစ်နိုင်။
ဒီတော့ မနက်ဖြန်ချင်းလင်ရှုမျှော်ခင်းမှာ လုံးဝကြီးကြီးမားမားလုပ်ပြလိမ့်မည်။
နောက်တစ်နေ့_
ချင်းလင်ရှုမျှော်ခင်းနေရာအသီးသီးမှခရီးသည်များမှာ မနက်အစောကြီးကတည်းက နတ်သမီးပုံပြင်တောင်ကိုအာရုံစိုက်နေကြသည်။
သတင်းထောက်များလည်း အတူတူပင်။ နတ်သမီးပုံပြင်တောင်နား အစောကြီးရောက်နေကြသည်။
အခန်း ၁၃၉၄: မျက်လှည့်လား? ၂
ခရီးသည်အတော်များများက နတ်သမီးပုံပြင်တောင်ပေါ်ဘာဖြစ်မလဲဟူသောသိချင်စိတ်နှင့် လာစောင့်နေကြသည်။
ထိုအခိုက်_
ချင်လင်က ချင်းလင်ဓာတ်ခွဲခန်း၊ မာတီမီဒီယာခန်းထဲသွားနေသည်။
ပါမောက္ခဝမ်နှင့်လင်းလန်ဇီက အထဲမှာစောင့်နေကြ၏။
နှစ်ယောက်သား ဖန်သားပြင်တစ်ခုကိုကြည့်နေသည်။ နတ်သမီးပုံပြင်တောင်ကို ဒရုန်းနှင့်ရိုက်ထားသောမြင်ကွင်းပင်။
သူ့ကိုမြင်သောအခါ နှစ်ယောက်လုံးချက်ချင်းလာနှုတ်ဆက်သည်။
"အခြေအနေဘယ်လိုလဲ?''
ချင်လင်ကမေးလိုက်သည်။
နတ်သမီးပုံပြင်တောင်ပေါ်တပ်ဆင်ထားသောအခြေအနေကိုမေးခြင်းပင်။ အားလုံးက မှင်စာလက်အိတ်ကိုပြုပြင်ဆန်းသစ်ထားခြင်းဖြစ်သည်။ အခုနတ်သမီးပုံပြင်တောင်ပေါ်မှာအများကြီးတပ်ဆင်ပြီး ရေခဲမင်းသမီးကမ္ဘာအဖြစ်ပြောင်းလဲမည်။ အချိန်ကျရင် ညပိုင်းအလင်းဖျော့ဖျော့အောက်မှာ နတ်သမီးပုံပြင်တောင်က ပိုပြီးနတ်သမီးကမ္ဘာဆန်၊ ပိုမျက်လှည့်ဆန်ပြီး ပိုအံ့အားသင့်စရာဖြစ်လာမည်။
ပါမောက္ခဝမ်ကရှင်းပြသည်_
"ဥက္ကဌချင်.. အားလုံးအဆင်သင့်ဖြစ်ပါပြီ.. ခင်ဗျားကိုစောင့်နေတာပါ... ဒီခလုတ်နှိပ်လိုက်ရုံပါပဲ... ပြီးရင် စက်အားလုံးကနေတပြိုင်တည်း နှင်းထွက်ပါလိမ့်မယ်... အခု ဒီခလုတ်နှိပ်ဖို့စောင့်နေကြတာပါ''
ချင်လင်က ခလုတ်ကိုကြည့်လိုက်သည်။
တကယ်တော့ ဒီလိုလုပ်စရာမလို။ ပါမောက္ခဝမ်တို့ဘာသာလုပ်နိုင်သည်။ သူ့ကိုစောင့်နေစရာမလိုချေ။
သို့သော် ပါမောက္ခဝမ်နှင့်လင်းလန်ဇီအတွေးကို သူနားလည်သောကြောင့် ဘာမှမပြောဘဲခလုတ်တန်းနှိပ်လိုက်သည်။
တချိန်တည်းလိုလို ပါမောက္ခဝမ်နှင့်လင်းလန်ဇီအကြည့်က ဖန်သားပြင်ပေါ်ရောက်သွားသည်။
ချင်လင်ခလုတ်နှိပ်နှိပ်ချင်း နတ်သမီးပုံပြင်တောင်ပေါ်တပ်ဆင်ထားသောစက်များစလှုပ်ရှားလာသည်။ မြူနှင်းများထွက်လာပြီး အဘက်ဘက်သို့လျင်မြန်စွာပြန့်နှံ့သွား၏။ ပြန့်နှံ့သောနေရာတိုင်းလိုလို ဖွေးဖွေးဖြူသွားသည်။
နတ်သမီးပုံပြင်တောင်တစ်တောင်လုံးအနှံ့ပင်။
ပါမောက္ခဝမ်က ထိုမြင်ကွင်းကို ဒရုန်းမှတဆင့်ကြည့်ပြီး စိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် ဒါသူ့လုပ်ဆောင်ချက်ပင်။
လင်းလန်ဇီမှာ ပါမောက္ခဝမ်ဆီကဒီအကြောင်းသိပြီးသားဖြစ်သော်လည်း နှင်းဖုံးသွားသောမြင်ကွင်းကိုကြည့်ရင်း အံ့ဩပြီးမျက်လုံးပြူးနေသေးသည်။
ပြင်ဆင်ထားသောနှစ်ယောက်တောင် ဒီလိုဖြစ်နေသည်။ ကျန်သူများဆိုမပြောနှင့်တော့။ အထူးသဖြင့် နတ်သမီးပုံပြင်တောင်နားရောက်နေသောခရီးသည်များ၊ သတင်းထောက်များပင်။
တခဏချင်း တစ်ယောက်ရေရွတ်လိုက်သည်_
"ဘုရားရေ.. နတ်သမီးပုံပြင်တောင်ကိုကြည့်ပါဦး!''
တကယ်တော့ တခြားသူများလည်းကြည့်နေကြသည်။ ချက်ချင်းနှင်းဖုံးသွားသောနတ်သမီးပုံပြင်တောင်ကိုကြည့်ရုံမှတပါး ဘာမှမပြောနိုင်ကြ။
လူတိုင်းကြောင်နေသည်။ ဒီမြင်ကွင်းက ရုပ်ရှင်ထဲမှာ effect ထည့်ထားသလို ပြောမပြတတ်အောင်ပင်။
တစ်တောင်လုံးနှင်းဖုံးပါစေဟု ဂါထာရွတ်လိုက်သလားထင်ရသည်။
အခုတော့ ချင်းလင်စံအိမ်တရားဝင်အကောင့်မှာပြောထားတဲ့မျက်လှည့်ဆိုတာကိုသိရပြီ။
နတ်သမီးပုံပြင်တောင်နှင့်မျက်နှာချင်းဆိုင်တောင်တစ်တောင်ပေါ်တွင် လျိုဟွာက ဆောက်လုပ်ရေးလုပ်သားများကိုညွှန်ကြားနေသည်။ သူစာချုပ်ချုပ်ထားသောတောင်ပေါ်မှ နတ်သမီးပုံပြင်တောင်ကိုကြည့်ရင် ရှုထောင့်တမျိုးနှင့်မြင်ရမှန်းသိပြီးနောက် ချက်ချင်းဆောက်လုပ်ရေးဝင်ခိုင်းသည်။
နတ်သမီးပုံပြင်တောင်မရရင် နတ်သမီးပုံပြင်တောင်ကအကျိုးအမြတ်ကိုယူရမည်။
လျိုဟွာကညွှန်ကြားနေရင်း နတ်သမီးပုံပြင်တောင်ကိုလှည့်ကြည့်ပြီး အံ့ဩသွားသည်။
သူ့နေရာက ပိုရှင်းရှင်းလင်းလင်းမြင်ရသည်။ နှင်းဖြူဖြူများလျင်မြန်စွာပြန့်သွားသည်ကို သူ့မျက်စိနှင့်မြင်နေရသည်။
အချိန်တိုအတွင်း နတ်သမီးပုံပြင်တောင်တစ်တောင်လုံးနှင်းဖုံးသွားသည်ကို သူဒီအတိုင်းရပ်ကြည့်နေသည်။
အံ့ဩလွန်း၍ မလှုပ်ရှားနိုင်_
"ဒါ...''
နတ်သမီးပုံပြင်တောင်ရှေ့တွင် လာစပ်စုသူများလည်း အသိပြန်ဝင်လာကြသည်။ သတင်းထောက်များက သူတို့ရိုက်ထားသောဓာတ်ပုံများကိုကင်မရာတွင်အမြန်ပြန်စစ်ကြည့်သည်။ ကြည့်တိုင်းကြည့်တိုင်း အံ့ဩရသည်။
ခရီးသည်များကလည်း ဖုန်းနှင့်အသည်းအသန်ဓာတ်ပုံရိုက်ကြသည်။ ဒါအဆွဲဆောင်နိုင်ဆုံးမြင်ကွင်းတစ်ခုသေချာပေါက်ဖြစ်လာမည်ဟု အားလုံးသိကြသည်။
တချိန်တည်းမှာ ချင်းလင်ရှုမျှော်ခင်းနေရာအသီးသီးမှခရီးသည်များလည်း ထိုမြင်ကွင်းကိုမြင်ကြသည်။ သူတို့က ဖြူဖွေးသွားသောနတ်သမီးပုံပြင်တောင်ကို ခပ်လှမ်းလှမ်းမှကြည့်ရင်း အံ့ဩနေသည်။
နတ်သမီးပုံပြင်တောင်ပေါ်ရှင်းလင်းရတဲ့အကြောင်းရင်းက ဒါလား?
အဲဒီနောက် သူတို့စိတ်ထဲမှာ တစ်ခုသာတွေးမိသည်:
ချင်းလင်ရှုမျှော်ခင်းက တစ်ခုခုတော့တစ်ခုခုပဲ။
လက်တွေ့ဘဝမှာ ဒါမျိုးမြင်ရမယ်လို့ဘယ်သူထင်မလဲ?
အပြင်မှာ ဘယ်တုန်းက ဒါမျိုးလုပ်နိုင်သွားတာလဲ? ရုပ်ရှင်သာဆိုရင် ရေခဲကျိန်စာရွတ်လိုက်ပြီဟုထင်မည်။
ဒါပေမဲ့ ဒါကအပြင်မှာ။ ဒါကြီး ဘယ်ကရောက်လာလဲ?
မျက်လှည့်ကစစ်လွန်းလို့ အားလုံးရှေ့မှာဖြစ်သွားပြီ။
တက္ကသိုလ်စာသင်ခန်းတစ်ခန်းတွင် အံ့ဩတကြီးအော်သံများထွက်လာပြီးနောက် ရှောင်ရွှယ်တို့သူငယ်ချင်းတသိုက်ချက်ချင်းလူစုလိုက်ကြသည်။
နတ်သမီးပုံပြင်တောင်ကို သူတို့တောက်လျှောက်အာရုံစိုက်ထားသည်။ အခုလိုင်းပေါ်ကနောက်ဆုံးဗီဒီယိုကိုကြည့်ပြီး သူတို့မျက်နှာလှလှလေးများမှာ အံ့ဩမှု၊မယုံနိုင်မှုတို့ပြည့်နေ၏။
ဘေးမှကျောင်းသားများလည်း စိတ်ဝင်တစားရောက်လာသည်။ သူတို့လည်းဗီဒီယိုကြည့်ပြီး အံ့ဩနေကြသည်။
နတ်သမီးပုံပြင်တောင်၏မျက်လှည့်လိုအရာက အင်တာနက်တစ်ခုလုံးကိုဖောက်ခွဲလိုက်သလို အားလုံးအကြည့်ကိုဆွဲဆောင်ပြီး အာရုံစိုက်စရာဖြစ်လာသည်။
လိုင်းပေါ်မှာသာမက ဟွားယွမ်တွင်လည်း ဝန်ကြီးလုက ထိုကိစ္စကိုအာရုံစိုက်နေသည်။
ချင်းလင်စံအိမ်တရားဝင်အကောင့်မှကြေညာပြီးကတည်းက ဝန်ကြီးလုကအာရုံစိုက်ထားသည်ဟုပြောရမည်။
သူလျစ်လျူရှုမထားနိုင်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်ဒုက္ခပေးရင် အံ့ဩစရာထွက်လာတော့မည်။
သန့်စင်မြက်၊ မိုးမခဘဲစားမှော်၊ အားဖြည့်ဆေးရည်... ဒါတွေက သက်သေပင်။
အချိန်တိုအတွင်း နှင်းဖြူဖြူများဖုံးလွှမ်းသွားသောနတ်သမီးပုံပြင်တောင်ကိုမြင်သောအခါ ဝန်ကြီးလုအံ့ဩပြီး မတ်တပ်ထရပ်လိုက်သည်။
မယုံနိုင်စရာကောင်းလွန်းသည်။
တရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံတစ်ဦးအနေနှင့် တရုတ်သိပ္ပံအကယ်ဒမီမှာရှိသောနည်းစနစ်များကို သူသိသည်။ နှင်းဖန်တီးနိုင်သောနည်းစနစ်ရှိသော်လည်း ဒါမျိုးမလုပ်နိုင်။
ဒီနှုန်းနဲ့ တောင်ကိုဖုံးလွှမ်းသွားဖို့မဖြစ်နိုင်ပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကလုပ်လိုက်ပြီတဲ့လား?
"ဒါပါမောက္ခဝမ်ရဲ့နည်းပညာလား?''
ပါမောက္ခဝမ်၏စာတမ်းကို ဝန်ကြီးလုသတိရသွားသည်။
ပါမောက္ခဝမ်မှာ တော်ဝင်ပညာရှင်လိုလုပ်နိုင်စွမ်းမျိုးရှိကြောင်း၊ တော်ဝင်ပညာရှင်အများစုတောင် ပါမောက္ခဝမ်လိုမလုပ်နိုင်ကြောင်း တချို့ကပြောဖူးသည်။
နောက်ပြီး ပါမောက္ခဝမ်၏သုတေသနရလဒ်များကိုလည်း အားလုံးကသိချင်နေကြသည်။
အခုသိရပြီထင်သည်။
တစ်တောင်လုံးကို ဒီလိုအရှိန်နဲ့ဖုံးလွှမ်းနိုင်တာ လုံးဝမယုံနိုင်စရာကောင်းသည်။
ဒီနှင်းဖုံးတဲ့နည်းပညာကိုဆက်လေ့လာပြီး ပိုအစွမ်းထက်တဲ့နည်းပညာအဖြစ်ပြောင်းနိုင်ရင် အစွမ်းထက်လက်*နက်တစ်မျိုးဖြစ်လာမလားဟုတောင် သူတွေးမိသည်။
ဒီအဆင့်ဆိုရင်တောင် နည်းအမျိုးမျိုးနဲ့အသုံးချနိုင်သည်။
ဥပမာ ပူဖောင်းမြက်ကို အခုမီးဘေးကာကွယ်ရေးအတွက်အသုံးချနိုင်ပြီဖြစ်သည်။ ဒီနှင်းဖုံးတဲ့အစွမ်းကို ပူဖောင်းမြက်နဲ့ပေါင်းလိုက်ရင်? မီးသတ်သမားများအတွက် နတ်လက်*နက်ပင်။
အဓိကက နှင်းဖုံးတဲ့နည်းပညာကိုထဲထဲဝင်ဝင်လေ့လာပြီး လက်*နက်အဖြစ်ပြောင်းရမည်။ သူဌေးချင်ဆီ သူသွားရလိမ့်ဦးမည်။
သူကတွေးတောပြီး ချက်ချင်းသူ့အတွင်းရေးမှူးအား_
"မင်မြို့တော်လက်မှတ်ပြင်ပေးပါ''
"ကောင်းပါပြီ!''
အတွင်းရေးမှူး ခေါင်းညိမ့်လိုက်သည်။
ချင်းလင်နတ်သမီးပုံပြင်တောင်_
စောင့်နေသူသတင်းထောက်များ၊ ခရီးသည်များပိုများလာသည်။ နတ်သမီးပုံပြင်တောင်ပေါ်ဘယ်လိုဖြစ်နေလဲ သူတို့အားလုံးတက်ကြည့်ချင်သည်။
အစောင့်ကြီးစောင့်ပြီး နောက်ဆုံး နတ်သမီးပုံပြင်တောင်ကိုပြန်ဖွင့်ပေးလာသည်။
ညနေပိုင်းရောက်ပြီဖြစ်၍ သတင်းထောက်များ၊ခရီးသည်များအားလုံး နတ်သမီးပုံပြင်တောင်ပေါ်အပြေးအလွှားတက်ကြသည်။
နှင်းဖုံးထားသောကြောင့် တစ်တောင်လုံးနည်းနည်းအေးစိမ့်စိမ့်ဖြစ်နေသော်လည်း ခရီးသည်များက လုံးဝဂရုမစိုက်ကြ။
နတ်သမီးပုံပြင်တောင်ပေါ်တက်ပြီး သူတို့အံ့ဩသွားသည်။ တစ်တောင်လုံးမှာ တကယ်အေးနေပြီး သစ်ပင်၊မြက်ပင်များတွင် နှင်းဖြူဖြူများဖုံးလွှမ်းနေသည်။
ထူးခြားသောခံစားချက်ပင်။ တောင်ပိုင်းမှာ ဒီလိုအခြေအနေမျိုးက သူ့ရာသီချိန်အတွင်းသာခံစားရပြီး အချိန်သိပ်မကြာတတ်။
နတ်သမီးပုံပြင်တောင်လက်ရှိအခြေအနေက အနေတော်ဖြစ်သည်။ အပင်အားလုံးနှင်းဖုံးနေသော်လည်း ထိခိုက်ပျက်စီးခြင်းမရှိပေ။
မယုံနိုင်စရာကောင်းလွန်းသည်။
အခုမြင်နေရသောမြင်ကွင်းကတင် ပြီးပြည့်စုံပြီးအံ့ဩစရာကောင်းလွန်းနေပြီ။ သို့သော် ညပိုင်းတွင် နတ်သမီးပုံပြင်တောင်ပေါ်မှခရီးသည်များပိုအံ့ဩရပြန်သည်။
ညပိုင်းတွင်အလင်းဖျော့ဖျော့ဖုံးလွှမ်းထားသောနတ်သမီးပုံပြင်တောင်က အလွန်လှသည်။
အခုနတ်သမီးပုံပြင်တောင်ကို နှင်းဖုံးထားပြီ။ အလင်းဖျော့ဖျော့က တခြားအရောင်များကိုအလင်းပြန်နိုင်သည်။ အထူးသဖြင့် နှင်းကိုအလင်းပြန်သောအခါ ပိုထူးခြားပြည့်စုံပြီး တကယ့်နတ်သမီးပုံပြင်ကမ္ဘာလိုခံစားရစေသည်။
ထိုမြင်ကွင်းအလယ်တွင်ရောက်နေသောခရီးသည်အားလုံးမှာငေးမောပြီး စက်ရုပ်များလို မြင်မြင်သမျှ ဖုန်းနှင့်ဓာတ်ပုံလိုက်ရိုက်နေကြတော့သည်။
အခန်း ၁၃၉၅: ရေခဲလက်*နက် + အထူးဝတ်စုံ?
နောက်တစ်နေ့_
နတ်သမီးပုံပြင်တောင်ပြောင်းလဲသွားသောဗီဒီယိုကို ခရီးသည်များ၊ သတင်းထောက်များက လိုင်းပေါ်အမြန်တင်ကြသည်။ ထိုဗီဒီယိုများက မယုံနိုင်စရာအရှိန်နှင့်ပြန့်နှံ့ပြီးရေပန်းစားလာ၏။
နတ်သမီးပုံပြင်တောင်ပေါ်မှအံ့ဩစရာမြင်ကွင်းကို လိုင်းသုံးသူအတော်များများမြင်သွားကြသည်။
မြင်သူတိုင်း အံ့ဩရပြန်သည်။
"ချင်းလင်ရှုမျှော်ခင်းက တကယ်မျက်လှည့်ပြမယ်လို့မထင်မိဘူး!''
"ဗီဒီယိုကိုမြင်မြင်ချင်း effect တွေထည့်ထားတယ်ထင်နေတာ... သုံးလေးကြိမ်ကြည့်ပြီးမှ နတ်သမီးပုံပြင်တောင်လို့အတည်ပြုလိုက်တာ''
"အံ့ဩစရာကောင်းတယ်လို့ပဲပြောတော့မယ်... ဒီလိုလုပ်နိုင်တာ ချင်းလင်ရှုမျှော်ခင်းကလွဲပြီးတခြားနေရာမရှိဘူး''
နတ်သမီးပုံပြင်တောင်နှင့်ညပိုင်းနှင်းများတွင်အလင်းပြန်သောရှုခင်းလှလှကိုမြင်သူတိုင်း အံ့ဩရသည်။
ထိုမြင်ကွင်းက ဘယ်သူမှယုံနိုင်စရာမရှိ။
ရုံချန်းကိုစိတ်ဝင်စားသောခရီးသည်ပိုများလာသောကြောင့် နောက်ဆုံး ရုံချန်းပတ်လမ်း ၅ မှာပိတ်သွားတော့သည်။
ဝန်ကြီးလုစီးလာသောကားမှာ အကြာကြီးလမ်းပိတ်နေပြီး ၅ မိနစ်အတွင်း မီတာ ၁၀၀ ထက်မနည်းလမ်းလျှောက်ရသည်။
အတော်များများက နတ်သမီးပုံပြင်တောင်ပေါ်ဖြစ်ပျက်သမျှကိုစိတ်ဝင်စားနေသည်။ အချိန်တိုအတွင်း နှင်းဖုံးသွားသောတောင်ကို သူတို့ကြည့်ချင်သည်။
လမ်းပေါ်တွင်တာဝန်ကျနေသူများလည်း ချွေးတလုံးလုံးဖြစ်နေ၏။
ဒီလိုအခြေအနေမျိုးကို သူတို့အမုန်းဆုံးပင်။
ရုံချန်းလမ်းပိတ်ရင် အကြာကြီးအချိန်ယူရမည်၊ သူတို့အချိန်ပိုဆင်းရမည့်သဘော။
နှစ်နာရီကြာပြီးနောက် ဝန်ကြီးလုကားက ရုံချန်းမှထွက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ဘက်ဦးတည်လာသည်။
ချင်းလင်အပန်းဖြေစံအိမ်သို့သီးသန့်လမ်းရှိသောကြောင့် ယာဉ်လမ်းကြောပိတ်ခြင်းမရှိတော့။ မဟုတ်ရင် ချင်းလင်ရှုမျှော်ခင်းလမ်းမှာပိတ်နေဦးမည်။
ထိုလမ်းအတိုင်းလာရင်း မကြာမီ နတ်သမီးပုံပြင်တောင်ကို ဝန်ကြီးလုတွေ့ရသည်။
လိုင်းပေါ်တွင်မြင်ထားသောဗီဒီယိုကြောင့် နတ်သမီးပုံပြင်တောင်ကို သုံးလေးခါပြန်ကြည့်မိသည်။
ကားပါကင်ရောက်သောအခါ ဝန်ကြီးလုက လူကြီးနှစ်ယောက်နှင့်အတူ ကားပေါ်မှဆင်းလာသည်။ ထိုလူကြီးနှစ်ယောက်လုံးမှာ လက်*နက်သုတေသနပိုင်းမှတော်ဝင်ပညာရှင်များဖြစ်သည်။
ပါမောက္ခဝမ်၏ရေခဲနည်းပညာကိုဆက်လေ့လာရင် လက်*နက်ပိုင်းသွားနိုင်သည်ဟု သူတွေးမိသောကြောင့် လက်*နက်ပညာရှင်နှစ်ဦးကိုခေါ်လာခြင်းပင်။
ဝန်ကြီးလုက ထိုလူများကိုဦးဆောင်ပြီး ချင်လင်ရုံးခန်းထဲတန်းသွားသည်။
တချိန်တည်းမှာ၊ ရုံးခန်းထဲ၌_
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းမှာတူးစေသည်။
(ဂုဏ်ယူပါတယ်.. အထူးမြေကြီးတူးဖော်ရရှိပါတယ်)
(ဂုဏ်ယူပါတယ်.. အထူးမြေကြီးတူးဖော်ရရှိပါတယ်)
အသိပေးစာတသီကြီးတက်လာသည်။
သူကံမကောင်းဘူးလား?
ဒါပေမဲ့ အထူးမြေကြီးတွေဆက်တိုက်ရနေသည်။
အဲတော့ ကံကောင်းတာလား?
သူမှ အထူးမြေကြီးကိုသိပ်မလိုတာ။
ပထမအလွှာကို ချင်လင်တူးပြီးသွားသည်။ သူဆက်တူးရမလားစဉ်းစားနေစဉ် တံခါးခေါက်သံကြားရသည်။ ဝန်ကြီးလုက လူနှစ်ယောက်နှင့်အတူ ခပ်သုတ်သုတ်ဝင်လာ၏။
"ဝန်ကြီးလု!''
ချင်လင်က ဝန်ကြီးလုကိုမြင်ပြီး လာရင်းကိစ္စကိုခန့်မှန်းမိသောကြောင့်_
"ပါမောက္ခဝမ်ရဲ့ရေခဲနည်းပညာကြောင့်ရောက်လာတာလား?''
ဒီနှင်းထုတ်စက်က အလွန်ထူးဆန်းသည်။
သူပထမဆုံးတွေ့စဉ်က လက်*နက်ထုတ်ရန်အသုံးချနိုင်သည်ဟုတွေးမိသည်။
စဉ်းစားကြည့်ပါ။ စွမ်းအင်အလုံအလောက်ထုတ်နိုင်ရင် လူကိုချက်ချင်းရေခဲရိုက်နိုင်မည်။ ဒီလောက်အတိုင်းအတာရှိထားရင် ထဲထဲဝင်ဝင်သုတေသနလုပ်ပြီးနောက်မှာ နည်းပညာအရေးပါမှုကဘယ်လိုရှိလာမလဲ?
လုံးဝစိတ်ကူးမရအောင်ပင်။
သူတွေးမိရင် ဝန်ကြီးလုတို့မတွေးမိဘဲနေဖို့မဖြစ်နိုင်။
ဝန်ကြီးလုက မငြင်းဘဲ_
"အင်း.. ငါတော်ဝင်ပညာရှင်နှစ်ဦးခေါ်လာတယ်... ပါမောက္ခဝမ်ရဲ့နည်းပညာအခြေအနေအတိအကျကို သူတို့ကြည့်ချင်တယ်တဲ့... ဖြစ်နိုင်ရင် ဒီနည်းပညာကိုထဲထဲဝင်ဝင်သုတေသနလုပ်ပြီး လက်*နက်သုတေသနဘက်ရောက်ရင်ရောက်သွားမှာ''
"ကောင်းပါပြီ.. ဓာတ်ခွဲခန်းမှာ ပါမောက္ခဝမ်နဲ့သွားတွေ့ရအောင်''
ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလုတို့ကို ရုံးခန်းအပြင်ခေါ်လာသည်။ ကားပါကင်သွားကာ ကားထဲဝင်ကြပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းသို့တန်းမောင်းလာ၏။
တချိန်တည်းမှာ ပါမောက္ခဝမ်ကိုလည်းဆက်သွယ်ထားသည်။
မကြာမီ ဝန်ကြီးလုတို့ကို ပါမောက္ခဝမ်တို့အဖွဲ့ရှိရာ မှင်စာလက်အိတ်သုတေသနခန်းထဲခေါ်လာသည်။
ပါမောက္ခဝမ်က ချင်လင်တို့လူစုကိုမြင်ပြီး ချက်ချင်းလာနှုတ်ဆက်သည်_
"ဥက္ကဌချင် ဝန်ကြီးလုနဲ့ တော်ဝင်ပညာရှင်နှစ်ဦး!''
ဝန်ကြီးလုကို သူမှတ်မိသည်။ ဘာပဲဖြစ်ဖြစ် သူက တရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံဖြစ်နေသည်။
သုတေသနလုပ်နေတဲ့သူက မသိဘဲနေမလား?
တော်ဝင်ပညာရှင်နှစ်ဦးကလည်း နာမည်ကြီးသည်။ လက်*နက်ပညာရှင်များဖြစ်သောကြောင့် သူတို့ကိုသိသည်။
ဝန်ကြီးလုက ပါမောက္ခဝမ်ကိုတွေ့သည်နှင့် ချက်ချင်းချီးကျူးစကားပြောသည်_
"ပါမောက္ခဝမ်.. ခင်ဗျားအကြောင်းတွေအများကြီးကြားဖူးတယ်... ခင်ဗျားရဲ့စာတမ်းကို တရုတ်သိပ္ပံအကယ်ဒမီကတော်ဝင်ပညာရှင်တွေအံ့ဩနေတာ... ဒီတစ်ခါ ခင်ဗျားရဲ့နည်းပညာကြောင့် ကျုပ်တို့လုံးဝအံ့ဩရတာပဲ''
ထိုချီးကျူးစကားကြောင့် ပါမောက္ခဝမ်မှာ ရုတ်တရက်မလုံသလိုခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် စာတမ်းနှင့်နည်းပညာက ဘာအကြောင်းမှန်းသူသိသည်။ တကယ်တော့ အဆင်သင့်ရှိပြီးသားနည်းပညာကို သူကဖော်ထုတ်ရုံသာ။
အထူးသဖြင့် ဝန်ကြီးလုချီးကျူးတာခံရသောကြောင့်ပင်။ သူလိုသုတေသီတစ်ယောက်အဖို့ တဖက်ကဂုဏ်အဆင့်အတန်းကြောင့် စိတ်လှုပ်ရှားလွယ်သည်။
သို့သော် တစ်ခုခုမှားနေသလိုလည်းခံစားရသည်။
အရင်က ဒီနည်းပညာကို တရုတ်သိပ္ပံအကယ်ဒမီနှင့်ဆက်စပ်နေမည်ဟုထင်ခဲ့သော်လည်း အခုဝန်ကြီးလုပြောပုံအရ တရုတ်သိပ္ပံအကယ်ဒမီနှင့်ဘာမှဆိုင်ပုံမပေါ်။
သူ့စိတ်ထဲတွင် သိချင်စိတ်များတဖွားဖွားဖြစ်လာသည်။
ဒါပေမဲ့ ဒီလိုမေးခွန်းတွေထုတ်မေးရလောက်အောင် သူမတုံးသေး။
"ပါမောက္ခဝမ်''
ချင်လင်က_
"တော်ဝင်ပညာရှင်နှစ်ဦးကို ရေခဲနည်းပညာအသေးစိတ်ပြလိုက်ပါဦး''
ပါမောက္ခဝမ်ကခေါင်းညိမ့်ပြီး သက်ဆိုင်ရာအချက်အလက်များသွားရှာသည်။
ဒီလိုသုတေသနအချက်အလက်မျိုးကို သူများကိုပြလေ့မရှိ။ စမ်းသပ်ထားသောအချက်အလက်များဖြစ်၍ လျှို့ဝှက်ထားရသည်။
ဒါပေမဲ့ ဥက္ကဌချင်ကိုယ်တိုင်ရောက်လာပြီးညွှန်ကြားမှတော့ ကိစ္စမရှိပေ။
ဝန်ကြီးလုက စာဖိုင်များယူပြီး တော်ဝင်ပညာရှင်နှစ်ဦးကိုပေးလိုက်သည်။
တော်ဝင်ပညာရှင်နှစ်ဦးက ချက်ချင်းထိုင်ဖတ်ကြသည်။