အခန်း (၈၉၃)
Vol. 85 Ch. 893
အခန်း (၈၉၃) တစ်မိသားစုလုံး သတ်ဖြတ်ခံရမှု
ကျူမိသားစု တစ်စုလုံး ရုတ်တရက် သေကျေပျက်စီးသွားသည့် သတင်းက လေဆင်နှာမောင်းတစ်ခုကဲ့သို့ ကျင်းရှန် မြို့တစ်ခုလုံးကို ချက်ချင်းပင် ရိုက်ခတ်သွားခဲ့သည်။
လူတိုင်း က ဤမျှအထိ ရုတ်တရက် ဆန်လွန်းလှသော သတင်းကြောင့် မူးဝေ တွေဝေသွားကြရပြီး အချိန်အတော်ကြာ သည့်တိုင်အောင် စိတ်နှင့်ကိုယ် ပြန်မကပ်နိုင်ဘဲ ရှိနေခဲ့ကြသည်။
ထိုအရာက ကျင်းရှန် မြို့၏ ဒုတိယအင်အားအကြီးဆုံး ဖြစ်သည့် ကျူမိသားစုပဲ ဖြစ်သည်။
ဒီလိုမျိုးကြီး... ရှိရာကနေ မရှိတော့ဘဲ ပျောက်ကွယ်သွားတာလား
လူများက အလျင်အစလိုပင် တိကျသော သတင်းများကို စတင် စုံစမ်းစစ်ဆေးကြတော့သည်။
မကြာခင်မှာပင် ကျူမိသားစု၏ ယခုတစ်ကြိမ် သေဆုံး မှုက ကူကောင်များ သောင်းကျန်းမှုကြောင့် ဖြစ်ပုံရကြောင်း သူတို့ စုံစမ်းသိရှိလိုက်ရသည်။
အလွန် အစွမ်းထက်လှသော ကူကောင်တစ်ကောင်က ကျူမိသားစု၏ ဘိုးဘေးခန်းမ တွင် ပေါ်ပေါက်လာခဲ့ပြီးနောက် အဓိက အဖွဲ့ဝင် အားလုံး ရှိနေသည့် အနေအထားအောက်တွင် ရုတ်တရက် သောင်းကျန်းသွားခဲ့ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာတင် ကျူကျင်းချန်မှလွဲ၍ ကျန်ရှိသောသူ အားလုံးကို ကောင်းကင်ပေါ်သို့ ပျံတက် (ပေါက်ကွဲ) သွားစေခဲ့ပြီး ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
လူများ နောက်တစ်ကြိမ် ကြောင်အမ်းသွားရပြန်သည်။
ဘယ်လို ကူကောင်မျိုးက ဤမျှအထိ ကြောက်စရာကောင်းသော စွမ်းအားမျိုး ရှိနေရတာလဲ
ဒါတင်မကဘဲ ဤမျှအထိ ထူးဆန်းဆန်းပြား နေရတာလဲ
ကျူမိသားစု ခေါင်းဆောင်နှင့် ဘိုးဘေး အစရှိသည့် အင်မော်တယ် အဆင့် ကျွမ်းကျင်သူများ အပါအဝင် အခြားသော အဓိက အဖွဲ့ဝင်များ အားလုံး ကူကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော်လည်း ကျူကျင်းချန် တစ်ဦးတည်းကိုသာ ချန်ထားခဲ့သည် တဲ့လား
ဤကိစ္စက အမှန်တကယ်ပဲ ဘယ်လို ဖြစ်ပျက်သွားခဲ့သလဲ ဆိုတာကို လူများ တွေး၍ မရနိုင်ကြချေ။
သို့သော်လည်း ကျူမိသားစု တကယ်ကြီး အကုန်နီးပါး ပျက်စီး သွားပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက်တွင်မူ သူတို့က ကျူမိသားစု၏ ရုတ်တရက် ပျက်စီးသွားမှုအတွက် ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိကြတော့ချေ။
ထိုအရာက လုပ်ငန်းများ မရေမတွက်နိုင်အောင် ရှိသည့် ကျင်းရှန် မြို့၏ ဒုတိယအင်အားအကြီးဆုံး မိသားစုကြီး ဖြစ်သည်။
ဤမျှအထိ ကြီးမားလှသော ကိတ်မုန့်ကြီးကို အမြန် သွားရောက် မခွဲဝေယူကြဘူး ဆိုလျှင်တော့ ဤအခွင့်အရေး လွတ်သွားပါက နောက်တစ်ကြိမ် ဘယ်တော့မှ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် အင်အားစု အသီးသီးက "အမှန်တရားကို စုံစမ်းစစ်ဆေးခြင်း" ဟူသည့် ခေါင်းစဉ်များကို အသုံးပြုပြီး ကျူမိသားစုထဲသို့ တိုးဝှေ့ ဝင်ရောက်သွားကြတော့သည်။
အလွန် ကြီးကျယ်ခမ်းနားလှသော စားပွဲ ကြီးတစ်ခုက ဤသို့ဖြင့် စတင်သွားခဲ့ရသည်။
သို့သော်လည်း အမှန်တကယ်တွင်မူ ကျူမိသားစု သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးပေးမည့်သူ သိပ်ပြီး မရှိချေ။
ကျူမိသားစုက ကျင်းရှန် မြို့တွင် အာဏာပြ မောက်မာနေခဲ့သည်မှာ ကြာလှပြီ ဖြစ်ရာ လူအများစုက ဤကိစ္စနှင့် ပတ်သက်ပြီး လက်ခုပ်လက်ဝါးတီး၍ အားရဝမ်းသာ ဖြစ်နေကြသည်၊ အချို့ဆိုလျှင် လွန်လွန်ကျူးကျူးဖြင့် အောင်ပွဲခံသည့် အနေဖြင့် မီးရှူးမီးပန်း များကိုပင် ဖောက်ကာ အောင်ပွဲခံကြသည်။
အထူးသဖြင့် မိသားစု၏ အဓိက သခင်လေး အသတ်ခံလိုက်ရသည့် ချွီမိသားစု ဆိုလျှင် မီးရှူးမီးပန်း များကို ကျူမိသားစု၏ တံခါးမကြီးပေါ်တွင်ပင် လာရောက် ချိတ်ဆွဲထားခဲ့သည်။
အကယ်၍ ကျူမိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော ထိုအင်အားစုများကို မကြောက်ရဘူး ဆိုလျှင် သူတို့က ကျူကျင်းချန် ကိုယ်တိုင်ထံသို့ တိုက်ရိုက် လာရောက် ရှာဖွေကြပေလိမ့်မည်။
ကျူမိသားစု၏ ဤကပ်ဘေး နှင့် ပတ်သက်ပြီး လူအများစုက သူတို့သည် သာမန်အချိန်တွင် မကောင်းမှုများစွာ လုပ်ခဲ့သောကြောင့် ကူကောင်၏ တန်ပြန် အန္တရာယ်ပြုခြင်းကို ခံရခြင်း ဖြစ်သည်ဟု ယူဆကြသည်၊ ထိုအရာက မူလကတည်းက ကောင်းကင်ဘုံ၏ ဆန္ဒ ကို ဆန့်ကျင်သော ကောက်ကျစ်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်ပါလော။
သို့သော်လည်း အမှန်တရားကို တကယ် စုံစမ်းစစ်ဆေးခဲ့ကြသည့် လူများကမူ ဤကိစ္စက ကျူးကျစ်ယန်နှင့် အနည်းငယ် ပတ်သက်ဆက်နွှယ်နေပုံရကြောင်း အံ့ဩတုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ကျူကျင်းချန်၏ ပြောကြားချက်အရ အန္တရာယ် ဖြစ်ပွားခဲ့သော ထိုကူကောင်က သူကိုယ်တိုင် ကျူးကျစ်ယန်၏ အစေခံ တစ်ဦး၏ ကိုယ်ပေါ်တွင် ထည့်ထားခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ထိုအတွက်ကြောင့် ကျူကျင်းချန်က ကျူးကျစ်ယန် ရှိနေသည့် တည်းခိုခန်းထံသို့ လိုက်လံ သတ်ဖြတ်လာခဲ့ပြီး ကလဲ့စားချေရန် ရူးသွပ်စွာ လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း လက်ရောက် ကျူးလွန်ရန် ပြင်ဆင်နေသည့် အချိန်တွင် ကျန့်ဖုန်း က တားဆီးလိုက်ခြင်း ခံလိုက်ရသည်။
ထို့နောက်တွင် ကျူကျင်းချန်ကို ကျူမိသားစုနှင့် ရင်းနှီးသော အင်အားစုများက အတင်းအကြပ် ပြန်လည် ခေါ်ဆောင်သွားခဲ့ကြသည်။
ခိုင်လုံသော သက်သေ အထောက်အထား မရှိဘဲ ကျူးကျစ်ယန်ကို မည်ကဲ့သို့ အလွယ်တကူ ပြစ်ဒဏ် စီရင်နိုင်ပါမည်နည်း။
အမှန်တော့ အစောပိုင်းက ကျူမိသားစုက တတ်နိုင်သော်လည်း ယခုအချိန်တွင်တော့...
အမှန်တရားကို ပြောရမည်ဆိုလျှင် ကျူကျင်းချန်၏ တန်ဖိုးက ကျူးကျစ်ယန်လောက် မရှိတော့ချေ။
ကျူကျင်းချန်ကို ကာကွယ်ပေးထားသည့် ထိုအင်အားစုများကလည်း ကျူမိသားစုဟူသော ကိတ်မုန့်ကြီးကို ပိုမို ခွဲဝေယူလိုကြခြင်းကြောင့်သာ ဖြစ်ပြီး တကယ်ကြီး သစ္စာရှိနေကြခြင်း မဟုတ်ချေ။
ကျူကျင်းချန် အတွက်နှင့် ကျူးကျစ်ယန်ကို ပြစ်မှားမလား
မနောက်ပါနဲ့၊ ဘယ်သူမှ ဤကဲ့သို့သော တုံးအတဲ့ ကိစ္စမျိုးကို လုပ်ကြမည် မဟုတ်ချေ။
ဒါတင်မကသေးဘဲ အကယ်၍ ဤအရာက တကယ်ပဲ ကျူးကျစ်ယန် လုပ်ခဲ့ခြင်း ဆိုလျှင် သူမက ဤမျှအထိ ထူးဆန်းလှသော နည်းလမ်းကို အသုံးပြုပြီး ကျူမိသားစု တစ်စုလုံးကို သတ်ပစ်နိုင်သည်ဆိုမှတော့ သူတို့ကို ကိုင်တွယ်ရန်အတွက်ကော ဤနည်းလမ်းမျိုးကိုပဲ အသုံးမပြုနိုင်တော့ဘူးလား
အားလုံးက မတုံးကြချေ။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် ကျူမိသားစု တစ်ခုလုံး သတ်ဖြတ်ခံရမှု ကပ်ဘေး ကြီးတွင် ကျူးကျစ်ယန်က အကြီးမားဆုံး သံသယရှိသူ တစ်ဦး ဖြစ်လာခဲ့သည်။
ဤအရာက လူများကို တုန်လှုပ်စေခဲ့ပြီး ကျူးကျစ်ယန်အပေါ် ဆန်းစစ်ချက်များကိုလည်း နောက်တစ်ကြိမ် ပြန်လည် စတင်စေခဲ့သည်။
အပြင်မြို့မှ လာသော ဤမိန်းကလေးက ပါရမီ ထူးချွန်ရုံ၊ ငွေကြေး အင်အား တောင့်တင်းရုံတင်မကဘဲ သူမ နောက်ခံကလည်း ရန်သွားစရန် မလွယ်ကူလှပုံရပေသည်။
လူများက ချီးကျူးမိကြသလို တစ်ချိန်တည်းမှာပင် သူမအပေါ် ဂျပိုးကို လိပ် (ချဲ့ကား) သွားကြရသည်။
ကျူးကျစ်ယန်က တကယ်ပဲ ရန်စလို့ မရတဲ့သူပဲ။
ထိုအချိန်တွင်ပင် ဤကပ်ဘေး ကြီးကို ဖန်တီးခဲ့သည့် တရားခံအစစ်ကမူ မိုးမခ ပင်ကြီးအောက်တွင် အေးအေးလူလူ ထိုင်နေရင်း မုန့်စားရင်းဖြင့် ရှေ့ရှိ ပိုးပျံကောင် သေတ္တာကို စောင့်ကြည့်လေ့လာနေခဲ့သည်။
"အစ်ကိုထန်... အစ်ကိုထန်"
ထိုအချိန်တွင် ရှောင်ယင်က စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့သည်။
ထန်ထျန်း၏ ရှေ့သို့ ရောက်လာပြီးနောက် သူမ က လက်ဖက်ရည်ကို တစ်ကျိုက်တည်း အဝ သောက်လိုက်ပြီးနောက် အမောတကောဖြင့် ပြောသည်။ "အစ်ကိုထန်... အရေးကြီးတဲ့ ကိစ္စကြီး ဖြစ်သွားပြီ"
"အစ်ကို သိလား... ကျူမိသားစုက ရုတ်တရက် တစ်မိသားစုလုံး ပျက်စီးသွားပြီ၊ ကျူကျင်းချန် တစ်ယောက်ပဲ ကျန်တော့တယ် တဲ့"
သို့သော်လည်း ဤမျှအထိ ပြင်းထန်လှသော သတင်းကို ကြားရသော်လည်း ထန်ထျန်းတွင်မူ မည်သည့် အံ့ဩတုန်လှုပ်သည့် တုံ့ပြန်မှုမျိုးမျှ မရှိချေ။
ခပ်အေးအေးပင် "အို" ဟု တစ်ချက် ရေရွတ်လိုက်ပြီး မျက်လုံးများကမူ ရှေ့ရှိ ပိုးပျံကောင် သေတ္တာထံမှ တစ်ခါမျှ လွဲဖယ်သွားခြင်း မရှိချေ။
"တကယ်ကို မထင်မှတ်ထားစရာပဲ"
"တကယ်ကိုပဲ အားရကျေနပ်စရာ ကောင်းလိုက်တာ"
ရှောင်ယင်က ထန်ထျန်း၏ တည်ငြိမ်မှုများကို ကျင့်သားရနေပြီ ဖြစ်ရာ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။ "မနေ့က ပြန်လာပြီးတဲ့နောက် ကျွန်မနဲ့ သခင်မလေးက အဲ့ဒီကောင်ရဲ့ ကလဲ့စားချေမှုကို စိုးရိမ်နေခဲ့ကြတာ"
"ဒါကြောင့် သခင်မလေးက ရင်ဆိုင်ဖို့ နည်းလမ်း အများကြီးကို တောင် ပြင်ဆင်ထားသေးတယ်"
"ရလဒ်အနေနဲ့ သူတို့တွေ ဒီနေ့ပဲ လုံးဝ ပြီးဆုံး သွားပြီ"
"တကယ်ပဲ ကောင်းကင်ဘုံမှာ မျက်စိရှိတာပဲ၊ ဟားဟားဟား..."
ထန်ထျန်းက ရှောင်ယင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြော၏။ "ကျစ်ယန် မှာ ကျူမိသားစုကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည် ရှိတာလား"
ဤသည်က သူ မမျှော်လင့်ထားခဲ့သည့် ကိစ္စပင် ဖြစ်သည်။
ရှောင်ယင် ခေါင်းညိတ်ပြလိုက်သည်။ "သေချာပေါက် ရှိတာပေါ့၊ မဟုတ်ရင် ကျွန်မတို့က ဘာလို့ သူ့ကို ထိပ်တိုက် ရင်ဆိုင်ဝံ့မှာလဲ"
"ကျွန်မတို့က မတုံးပါဘူး"
"မိသားစုက လူလွှတ်မပေးလိုက်ဘူး ဆိုပေမဲ့ သခင်မလေးကိုတော့ အများကြီး ထောက်ပံ့ပေးထားတာ"
"ကျင်းရှန် မြို့ကို မလာခင်တုန်းက ကျွန်မတို့ ပစ္စည်းတွေ အများကြီး ယူလာခဲ့တာ၊ ကျူမိသားစုဘက်က လွန်လွန်ကျူးကျူး မလုပ်ဘူး၊ ဘိုးဘေး ကိုယ်တိုင် လာရင်တောင် သခင်မလေးက ရင်ဆိုင်နိုင်စွမ်း ရှိတယ်"
"ရင်မဆိုင်နိုင်ရင်တောင်မှ အသက်ဘေးကနေ ထွက်ပြေး လွတ်မြောက်နိုင်တာပဲ၊ ဒါပေမဲ့ သူတို့တွေ ဒီလောက်အထိ လွန်လွန်ကျူးကျူး လုပ်လိမ့်မယ်လို့တော့ ကျွန်မ မထင်မိဘူး"
ထန်ထျန်း ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
ဤ သခင်နှင့် အစေခံ နှစ်ဦးက ဘာဖြစ်လို့ တစ်ကိုယ်တည်း ကျင်းရှန် မြို့ထံသို့ လာဝံ့ကြသလဲ ဆိုတာ မဆန်းတော့ချေ။
မူလကတည်းက အဖက်ဖက်ကနေ ကြိုတင် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်ပြီး ဘာမှမသိဘဲ လျှောက်သွားတတ်သည့် လူနုံလူအ များ မဟုတ်ကြချေ။
"ဒါနဲ့ အစ်ကိုထန်"
ရှောင်ယင်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြော၏။ "အဲ့ဒီ ကျူကျင်းချန်က ဒီနေ့ လိုက်ရှာလာပြီး ကျွန်မတို့ လက်ချက်လို့ ဇွတ်ပြောနေသေးတယ်"
"သူက အစ်ကို့ ကိုယ်ပေါ်မှာ ကူကောင် ထည့်ထားခဲ့တာမလို့ သူတို့ မိသားစု ပျက်စီးသွားရတာ တဲ့"
"ဒါက အမှန်ပဲလားဟင်"
ထန်ထျန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နှုတ်ခမ်းထောင့်တွင် ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"မင်း ခန့်မှန်းကြည့်လေ"
ဤကိစ္စက သေချာပေါက် သူ လုပ်ခဲ့ခြင်း ဖြစ်သည်။
ကျူကျင်းချန်က သူ့ကို ကိုင်တွယ်ရန် ရွေးချယ်ခဲ့ကတည်းက သူတို့ မိသားစု၏ နိဂုံးက သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပြီ။
သူက သနားတတ်သူ မဟုတ်ချေ။
ကျူကျင်းချန်ကို ချန်ထားခဲ့ခြင်းကလည်း သူ့ကို ကျူးကျစ်ယန်ထံ ချန်ထားပေးချင်ရုံမျှသာ ဖြစ်သည်။
"ကျွန်မ ခန့်မှန်းရမှာလား"
ရှောင်ယင် မျက်လုံးလေး ကလယ်ကလယ် လုပ်လိုက်ပြီးနောက် ဟီးခနဲ ရယ်မောကာ ပြောသည်။ "ကျွန်မ သိပြီ"
"ဘယ်လိုလုပ်ပြီး ကျွန်မ အစ်ကိုထန်ရဲ့ လက်ချက် ဖြစ်နိုင်မှာလဲ လုံးဝ အခြေအမြစ်မရှိတဲ့ စကားတွေ"
"ကျွန်မတို့ အစ်ကိုထန်က ဒီလောက်အထိ သဘောကောင်းပြီး လူအများနဲ့ သဟဇာတဖြစ်အောင် နေတတ်တာ..."
"သေချာပေါက် အစ်ကို မဟုတ်ပါဘူး၊ ကျွန်မ နားလည်ပါတယ်~"
သူမက မျက်လုံးတစ်ဖက် မှိတ်ပြလျက် ပြုံးရင်း ထန်ထျန်းကို "ကျွန်မ နားလည်တယ်" ဟူသော အကြည့်မျိုး ပေးလိုက်သည်။
ထန်ထျန်းကတော့ ပြုံးလိုက်ရုံ ရှိတော့သည်။
ရှောင်ယင်က အမှန်တရားကို ခန့်မှန်းမိသည်ဖြစ်စေ၊ မခန့်မှန်းမိသည်ဖြစ်စေ အရေးမကြီးချေ။
အပြင်ကမ္ဘာက အမှန်တရားကို သိရှိသွားမည်လား ဆိုတာကလည်း အရေးမကြီးချေ။
လုပ်ပြီးရင် လုပ်ပြီးတာပဲ။
သူတို့တွေ သူ့ သရုပ်မှန် ကို စုံစမ်းမတွေ့ရှိဘူး ဆိုလျှင်တော့ သူက သေချာပေါက် ထွက်လာပြီး ဝန်ခံမည် မဟုတ်ချေ။
အကယ်၍ စုံစမ်းသိရှိသွားခဲ့လျှင်လည်း ငြင်းပယ်မည် မဟုတ်ချေ။
အကယ်၍ သူ့ကို ကိုင်တွယ်ချင်ကြသည် ဆိုလျှင်တော့...
ဒါက အတော်ပဲ၊ ပျင်းစရာကောင်းနေတာနဲ့ အံကိုက်ပဲ။
ထန်ထျန်းနှင့် စကားပြောပြီးနောက် ရှောင်ယင်က အလောတကြီးဖြင့် ကျူးကျစ်ယန်ထံသို့ ပြန်လည် သွား ရှာပြန်သည်။
ထန်ထျန်းကတော့ ရှေ့ရှိ ပိုးပျံကောင် သေတ္တာကို ဆက်လက် စောင့်ကြည့်လေ့လာနေခဲ့သည်။
ဤ သေးငယ်လှသော သေတ္တာလေးထဲတွင် သေးငယ်လှသော ကမ္ဘာ့လူ့အဖွဲ့အစည်း (ယဉ်ကျေးမှု) အချို့က လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေကြပြီ ဖြစ်သည်။
ထန်ထျန်းကတော့ ဤကမ္ဘာကြီး၏ အပြင်တွင် တည်ရှိနေသော အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ငြိမ်သက်စွာဖြင့် ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့တော့သည်။