အခန်း (၈၈၄)
Vol. 85 Ch. 884
အခန်း (၈၈၄) ရုတ်တရက်ဖြစ်လာသော ပြဿနာ
ကျူကျင်းချန်က ကောင်မလေး ရှောင်ယင်နှင့် ထန်ထျန်းတို့၏ ရှေ့တွင် မတ်တတ်ရပ်လျက် အထက်စီးမှနေ၍ အေးစက်သော အသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအရှိန်အဝါက မြင့်မြတ်လှသော ဧကရာဇ်တစ်ပါး ကဲ့သို့ပင်။
ရှောင်ယင်က ထန်ထျန်းကို ကြည့်ကာ တိတ်တဆိတ် နှုတ်ခမ်းစူပြလိုက်ပြီးနောက် ကျူကျင်းချန်ဘက်သို့ ပြန်လှည့်ကာ ယဉ်ကျေးပျူငှာသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"သခင်လေး ကျင်းချန်ကလည်း နောက်နေပြန်ပြီ"
"သခင်လေးရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလို ရှန့်ထျန်းတာအိုကျောက်စိမ်းမျိုး ဘာလို့ လိုအပ်မှာလဲရှင့်"
"တစ်ခုခု လိုအပ်တာရှိရင် ကျွန်မကို တိုက်ရိုက်သာ ပြောလိုက် ပါ၊ ကျွန်မ ဘာမဆို လုပ်ပေးပါ့မယ်"
"တကယ်လို့ ကျွန်မ မဖြေရှင်းနိုင်ရင်တောင် ကျွန်မတို့ သခင်မလေး ရှိပါသေးတယ်၊ သူမက သခင်လေး ကျင်းချန်ကို အစွမ်းကုန် ကူညီပေးမှာ သေချာပါတယ်"
သူမက စည်းစနစ်ကျနပြီး မလျှော့မတင်း သော ယဉ်ကျေးမှုမျိုးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ထန်ထျန်းက ဘေးမှကြည့်ရင်း ရင်ထဲတွင် တီးတိုး ရေရွတ်မိသွားသည်။
အလို... အထက်တန်းစား မိသားစုကြီးတွေက အစေခံမလေးတစ်ယောက်ကတောင် အော်စကာဆုရ မင်းသမီးရှုံးလောက်တဲ့ သရုပ်ဆောင်ချက်မျိုး ရှိနေတာလား။
ဤစကားများသည် ကျူကျင်းချန်၏ မျက်နှာကိုလည်း မပျက်စေသလို သူ စည်းရုံးရန် ထုတ်ပေးထားသော ရှန့်ထျန်းတာအိုကျောက်စိမ်းကိုလည်း ပါးနပ်စွာ ငြင်းပယ်ပြီးသား ဖြစ်သွားသည်။ နောက်ဆုံးတွင် သူမတို့၏ သခင်မလေး ကျူးကျစ်ယန်ကိုပါ ထည့်သွင်းပြောကြားပြီး ကျူကျင်းချန်အား အလွန်အကျွံ မလုပ်ရန် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
တကယ့်ကို လူမှုဆက်ဆံရေး နယ်ပယ်ရဲ့ ထိပ်တန်း ဆရာကြီးတစ်ယောက်ပါပဲ။
ဘာပဲဖြစ်ဖြစ် ထန်ထျန်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိုသို့ မလုပ်နိုင်ကြောင်း သိသည်၊ သူကတော့ တဲ့တိုး ရှင်းရတာကို ပိုသဘောကျသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်ယင်၏ စကားကို ကြားပြီးနောက် ကျူကျင်းချန်က မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
"ကျူးကျစ်ယန်က တကယ့်ကို ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးပဲ"
"သူမ လက်အောက်က ကောင်မလေးတစ်ယောက်တောင် ဒီလောက်အထိ တော်နေတာပဲ"
"အပြင်က အမှိုက်ကောင်တွေထက် အများကြီး သာပါတယ်"
သူက ရှောင်ယင်ကို တစ်ချက် ချီးကျူးလိုက်သော်လည်း သူမထံမှ စကားပြန်ကို ထပ်မံ မစောင့်ဆိုင်းတော့ဘဲ ယခင်ကကဲ့သို့ အေးစက်ခက်ထန်သော အမူအရာသို့ ချက်ချင်း ပြန်ပြောင်းသွားခဲ့သည်။
"ဒါပေမဲ့ စိတ်မကောင်းစရာပဲ... ငါက အဲ့ဒီအမှိုက်ကောင်တွေနဲ့ မတူဘူး"
"မင်းမှာ အခု ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်"
"တာအိုကျောက်စိမ်းကို ယူပြီး ငါ့အတွက် အလုပ်လုပ်ပေးမလား၊ ဒါမှမဟုတ်..."
"ငါ့ကို တိုက်ရိုက် ငြင်းပယ်ကြည့်မလား"
ပထမအကြိမ် စည်းရုံး၍မရသည့်အခါ ကျူကျင်းချန်က တကယ့်ကို မျက်နှာချင်းဆိုင် ခြိမ်းခြောက်ခြင်းကို တိုက်ရိုက် စတင်လာခဲ့သည်။
သူ၏ လုပ်ရပ် အမူအရာက သာမန် အထက်တန်းစား သခင်လေးများနှင့် တကယ့်ကို ကွဲပြားလှသည်။
ဤမျှ ဖိအားပေးလာသော ကျူကျင်းချန်ကို ရင်ဆိုင်ရသည့်အခါ ရှောင်ယင်လည်း သွားကို အသာအယာ ကြိတ်လိုက်မိသည်။
သို့သော်လည်း သူမက နောက်ဆုံးတွင် ဒူးထောက်ရန် မရွေးချယ်ခဲ့ဘဲ မာန်မလျှော့သော အမူအရာဖြင့် ပြော၏။ "သခင် အသစ် ပြောင်းလဲတယ်ဆိုတာ ကျွန်မတို့လို အစေခံတွေအတွက်တော့ အလွန်ကြီးမားတဲ့ ကိစ္စပါ"
"တကယ်လို့ သခင်လေး ကျင်းချန်က ဒီလောက်အထိ အတင်းအကျပ် တောင်းဆိုနေမယ်ဆိုရင် ကျွန်မ အခုပဲ သခင်မလေးဆီသွားပြီး တိုင်ပင်လိုက်ပါ့မယ်"
"အစေခံတစ်ယောက်အနေနဲ့ ဒါက လုပ်ကိုလုပ်ရမယ့် ကိစ္စမို့လို့ သခင်လေး ကျင်းချန် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ရှောင်ယင်က ပြောလိုက်သည်။
ထို့နောက် သူမက မတ်တတ်ရပ်လိုက်ပြီး ကျူးကျစ်ယန်ထံသို့ သွားရန် ပြင်လိုက်သည်။
ကျူကျင်းချန်က လက်ကို ဆန့်ထုတ်ကာ ကောင်မလေး ရှောင်ယင်ကို တားဆီးလိုက်သည်။
"ကျူးကျစ်ယန်က အခု အလုပ်ရှုပ်နေတာ၊ သွားပြီး မနှောင့်ယှက်တာ ပိုကောင်းလိမ့်မယ်"
"မင်း စိုးရိမ်စိတ်တွေ ရှိနေသေးတယ်ဆိုမှတော့ နောက်နေ့မှပဲ ပြောကြတာပေါ့"
သူက အာဏာပြလိုသော်လည်း ကိစ္စများကို အလွန်အကျွံ တင်းမာသွားစေရန် မလိုလားပုံရသည်။
ရှောင်ယင်ကို တားဆီးပြီးနောက် ကျူကျင်းချန်၏ အကြည့်က ထန်ထျန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"သူက ဘယ်သူလဲ"
"သူကလည်း မင်းတို့နဲ့ အတူတူ လာတာပဲလား"
သူက ရှောင်ယင်ကို မေးလိုက်သည်။
ကောင်မလေး ရှောင်ယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်"
"ကျွန်မတို့ သခင်မလေးရဲ့ နောက်က လိုက်ပြီး ကျင်းရှန် မြို့ကို အတူတူ လာခဲ့ကြတာပါ"
ဤသည်က သူတို့ ကြိုတင် ညှိနှိုင်းထားသည့် စကား ဖြစ်သည်။
ကျူကျင်းချန်က ထန်ထျန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ရာ မျက်ဝန်းထဲရှိ မထင်မဲ့မြင် ပြုသော အရိပ်အယောင်များက ပိုမို ထိုးနှက်လာခဲ့သည်။
"သေမျိုး "
ထို့နောက် သူက အိတ် ထဲမှ အားနည်းသော အလင်းရောင်များ ဖြာထွက်နေသည့် ညလင်း ပုလဲလုံးတစ်လုံးကို ထုတ်ယူကာ ထန်ထျန်း၏ ရှေ့သို့ ချပေးလိုက်သည်။
"ငါ့အတွက် မင်း ဘာမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ပါဘူး"
"ဒီပုလဲလုံးကိုတော့ ငါ မင်းကို ပထမဆုံးအကြိမ် တွေ့တဲ့ ဆုလာဘ်အဖြစ် ပေးလိုက်တာ"
ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် ထိုနေရာတွင် တိတ်တဆိတ် မတ်တတ်ရပ်နေခဲ့သည်။ သူက ထန်ထျန်းထံမှ ကျေးဇူးတင်စကားများနှင့် ဒူးထောက် လာမည့် မြင်ကွင်းကို စောင့်ဆိုင်းနေပုံရသည်။
ဘာပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်အတွက်မူ အလင်းရောင် ထွက်နိုင်သော ပုလဲလုံးတစ်လုံးဆိုသည်မှာ တစ်သက်လုံး ရှာဖွေ၍မရနိုင်သော အရာမျိုး ဖြစ်ပြီး မိသားစုအစဉ်အဆက် လက်ဆင့်ကမ်းရမည့် ရတနာတစ်ခုအဖြစ် သတ်မှတ်ရန်ပင် လုံလောက်လှပေသည်။
သို့သော်လည်း သူ မျှော်လင့်ထားသည့် မြင်ကွင်းကမူ ပေါ်ပေါက်မလာခဲ့ချေ။
ထန်ထျန်းက မျက်တောင်ပင် တစ်ချက် မခတ်ဘဲ အေးစက်စွာနှင့် စကားတစ်ခွန်းတည်းကိုသာ ထုတ်ဖော်လိုက်သည်။
"လစ်"
သူ့တွင် ရှောင်ယင်ကဲ့သို့ အခြေအနေကို လိုက်လံ ပြောင်းလဲနိုင်စွမ်းမျိုး မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ့အတွက် ထိုသို့ လုပ်ရန် မလိုအပ်သောကြောင့်ပင်။
အကယ်၍ ကျူကျင်းချန်ကသာ ထပ်မံ၍ ရိုင်းစိုင်းလာပါက သူက ကျူမိသားစုတစ်ခုလုံးကို ကျင်းရှန် မြို့မှ လုံးဝ ဥဿုံ ပျောက်ကွယ်သွားအောင် လုပ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
သို့သော်လည်း ကျူကျင်းချန်ကမူ ထိုအခြေအနေကို သိရှိခြင်း မရှိဘဲ ဤစကားလုံးကို ကြားလိုက်ရသည့်အခါ သူ၏ မျက်ခုံးများ ချက်ချင်းပင် တွန့်ကွေးသွားခဲ့သည်။
"မင်း ဘာပြောလိုက်တယ်"
သူက သူ့ နားပင် သူ နားကြားမှားလိုက်သလားဟု သံသယ ဝင်သွားခဲ့သည်။
သေးငယ်လှသော သေမျိုး တစ်ယောက်၊ နိမ့်ကျလှသော အစေခံတစ်ယောက်က သူ့ကို ဤမျှ ရိုင်းစိုင်းစော်ကားသော စကားလုံးမျိုး ပြောရဲသည်လား။
နတ်သမီးကျူးကျစ်ယန် ကိုယ်တိုင်ပင်လျှင် မလုပ်ရဲချေ။
ဒေါသအရှိန်အဟုန်က သူ၏ ရင်ဘတ်ထဲတွင် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
"ကောင်လေး..."
"မင်း နောက်တစ်ခေါက် ထပ်ပြောရဲလား"
ကျူကျင်းချန်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။
ထန်ထျန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
ကျူကျင်းချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ဖုံးကွယ်မထားသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ရင်ဆိုင်ရသည့်တိုင် သူ၏ စိတ်ထဲတွင် ဆံခြည်တစ်မျှပင် လှုပ်ခတ်သွားခြင်း မရှိပေ။
"ငါ နောက်ဆုံးအကြိမ် ပြောမယ်"
"လစ်"
ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ချက်ချင်းပင် ဓားဆွဲ လှံဆွဲ ဖြစ်လုနီးပါး တင်းမာသွားသော သူတို့နှစ်ဦးကို ကြည့်ကာ ရှောင်ယင် ချက်ချင်းပင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။
သို့သော်လည်း တစ်ယောက်က ကျူမိသားစုရဲ့ သခင်လေး ဖြစ်ပြီး အခြားတစ်ယောက်ကမူ လျှို့ဝှက်ဆန်းကြယ်လှသော စီနီယာ ထန်ထျန်း ဖြစ်နေရကား သူမ မည်သူ့ကိုမျှ တားဆီးနိုင်စွမ်း မရှိချေ။
သူမက နတ်သမီးကျူးကျစ်ယန် ရှိရာဘက်သို့သာ မကြာခဏ လှမ်းကြည့်နေမိပြီး သူမ အမြန် ရောက်လာကာ မကြာခင် ဖြစ်ပွားတော့မည့် ပြဿနာ ကို ပြေငြိမ်း ပေးနိုင်ရန်သာ မျှော်လင့်နေမိတော့သည်။
ကံကောင်းသည်မှာ နတ်သမီးကျူးကျစ်ယန်က အခြားတစ်ဖက် နေရာတွင် ရှိနေသော်လည်း ဤဘက်ကို အမြဲ အာရုံစိုက်နေခဲ့ခြင်းပင်။
ဤဘက်က အခြေအနေများ မဟန်တော့သည်ကို မြင်လိုက်ရသည့်အခါ သူမက ဤနေရာသို့ အမြန် လျှောက်လှမ်းလာခဲ့ပြီ ဖြစ်သည်။
"ကောင်လေး... မင်း သေချင်နေတာပဲ"
သူ့ကို အနည်းငယ်မျှ မလေးစားသော ထန်ထျန်းကို ကြည့်ကာ ကျူကျင်းချန် ဒေါသ အလိပ်လိပ် ထွက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ထန်ထျန်းကို နေရာ၌ပင် သတ်ပစ်တော့မည့် အလား ဖြစ်နေသည်။
သို့သော်လည်း နတ်သမီးကျူးကျစ်ယန်က အချိန်မီ ရောက်ရှိလာခဲ့သည်။
"ရပ်လိုက်"
သူမက အသံတိုးတိုးဖြင့် အမိန့်ပေးသံ ပြုလိုက်ပြီး ကျူကျင်းချန်၏ ရှေ့သို့ တိုက်ရိုက် လျှပ်စီးကဲ့သို့ ရောက်ရှိလာခဲ့သည်။
"သခင်လေး ကျင်းချန်... တစ်ခုခုရှိရင် ကျွန်မဆီပဲ လာပါ"
"ကျွန်မရဲ့... မိသားစုဝင်ကို အကျပ်ကိုင်ဖို့ မလိုအပ်ပါဘူး"
နတ်သမီးကျူးကျစ်ယန်က အေးစက်စွာ ပြောလိုက်သည်။
ခွန်အားကြီးမားလှသော ကျူကျင်းချန်ကို ရင်ဆိုင်ရသည့်တိုင် သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။
ကျူကျင်းချန်က မျက်လုံးကို မှေးလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များက နတ်သမီးကျူးကျစ်ယန် ရောက်လာသည့်တိုင် လျော့နည်းသွားခြင်း မရှိပေ။
"မိသားစုဝင် ဟုတ်လား"
"နတ်သမီး ကျူးကျစ်ယန်... မင်းရဲ့ ဒီမိသားစုဝင်က တော်တော်လေးကို မောက်မာလှချေလား"
"ငါ့ကိုတောင် လာပြီး စော်ကားရဲတယ်"
"တကယ်လို့ သေချာ မဆုံးမထားဘူးဆိုရင်တော့ နောက်ဆို မင်းအတွက် ပြဿနာတွေ အကြီးအကျယ် သယ်ဆောင်လာလိမ့်မယ်"
သူက အေးစက်စွာ ပြောလိုက်သည်။
သို့သော်လည်း နတ်သမီးကျူးကျစ်ယန်က အနည်းငယ်မျှ နောက်မဆုတ်ဘဲ အေးစက်စွာပင် ပြန်ပြော၏။ "ကျွန်မရဲ့ လူကို တခြားသူတွေ လာပြီး ဆုံးမဖို့ မလိုပါဘူး"
"သူ့ရဲ့ ဆန္ဒကပဲ ကျွန်မရဲ့ သဘောထားပဲ"
"ရှင် ဘာလုပ်ချင်လဲ"
သူမကလည်း အလားတူပင် အလွန် စွမ်းအားကြီးမားပြီး ပြတ်သားလှသည်။
ထန်ထျန်းကမူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ဒီစကားတွေကတော့ နားထောင်လို့ တော်တော်ကောင်းသားပဲ။
နတ်သမီးကျူးကျစ်ယန်က နည်းနည်းလေးမျှ အလျှော့မပေးဘဲ ထန်ထျန်းကို ဤမျှ ကာကွယ်ပေးနေသည်ကို မြင်သောအခါ ကျူကျင်းချန်၏ သတ်ဖြတ်လိုစိတ်က ပိုမို ပြင်းထန်လာခဲ့သည်။
သူက ဤကဲ့သို့သော ကိစ္စမျိုးတွင် တစ်ခါမျှ အရှုံးမပေးဖူးချေ။
မြို့ငယ်လေးက လာသော နတ်သမီးကျူးကျစ်ယန်ကို တကယ်တော့ သူက မျက်စိထဲ ထည့်ထားခြင်း မရှိပေ။
သို့သော်လည်း ပြဿနာ က ချက်ချင်း ပေါက်ကွဲတော့မည့် အချိန်မှာပင် နူးညံ့ပျော့ပျောင်းသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"မင်းတို့နှစ်ယောက် ..."
ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့သည်။
"ကျန့်မိသားစုက အခက်အခဲတွေကြားထဲကနေ ဒီဧည့်ခံပွဲကို ခင်းကျင်းထားတာပါ၊ ပါရမီရှင် နှစ်ဦးရဲ့ ဖျက်ဆီးမှုကိုတော့ မခံနိုင်ပါဘူး"
"ငါ့မျက်နှာကို ထောက်ထားပေးကြပါဦး"
"ပြီးသွားရင် ငါ နှစ်ဦးစလုံးအတွက် လက်ဆောင်တစ်ခု စီစဉ်ပေးပါ့မယ်၊ ဒါက ငါတို့ ဘက်က သေချာ မစဉ်းစားမိတဲ့ အားနာမှုအဖြစ် သတ်မှတ်ပေးပါ"
လူငယ်က ပြုံးလျက် ပြောလိုက်သည်။
ဤလူကို ရှောင်ယင်က ထန်ထျန်းအား ခုနကတင် မိတ်ဆက်ပေးထားခဲ့ပြီး ဖြစ်သည်။
သူကတော့ ကျန့်မိသားစုရဲ့ သခင်လေး... ကျန့်ဖုန်း ပင် ဖြစ်သည်။
အလားတူပင် သူသည်လည်း ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲတွင် အလားအလာ အရှိဆုံးသော ထိပ်တန်း ပြိုင်ဘက်ကြီးများထဲက တစ်ဦး ဖြစ်ပေသည်။