အခန်း (၈၉၀)
Vol. 85 Ch. 890
အခန်း (၈၉၀) တုန်လှုပ်ချောက်ချားသွားသော သခင်နှင့် အစေခံ
ကျူကျင်းချန်၏ မျက်နှာကတော့ ယခုအကြိမ် ဧည့်ခံပွဲတွင် တကယ့်ကို အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်သည်။
ဘေးပတ်ပတ်လည်တွင် ရှိနေကြသူများအားလုံးက ကျင်းရှန် မြို့၏ အာဏာရှိ၊ အရှိန်အဝါရှိသော အထက်တန်းလွှာ လူကြီးလူကောင်းများ ဖြစ်ကြရာ ဤကိစ္စက မြို့တစ်ခုလုံးဆီသို့ အလျင်အမြန်ပင် ပြန့်နှံ့သွားတော့မည်မှာ သေချာပေသည်။
ဒုတိယအကြီးဆုံး အင်အားစုအဖြစ် သတ်မှတ်ခံထားရသော ကျူမိသားစု၏ သခင်လေး က ငွေကြေး အင်အားအပိုင်းတွင် မြို့ငယ်လေးတစ်ခုမှ လာသော မိန်းကလေးတစ်ဦးကို ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလော။
ဒါ့အပြင် အကဲခတ်တတ်သူတိုင်းက ကျူကျင်းချန်၏ ရည်ရွယ်ချက်ကို မြင်တွေ့နိုင်ကြသည်၊ သူက ဤအရာမှတစ်ဆင့် ကျူးကျစ်ယန်ကို သူ့လက်ခုပ်ထဲက ရေကဲ့သို့ ချုပ်ကိုင်ထားချင်ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ရည်ရွယ်ချက် မအောင်မြင်ခဲ့ရုံသာမကဘဲ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ရသည်။
ကျူးကျစ်ယန်ကို ပြန်ကြည့်လျှင်တော့ သူမက ကိစ္စကို အလွန် လှပပြေပြစ်စွာ ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။
ပထမဦးစွာ သူမက သူမ၏ ငွေကြေး အင်အားကို ပြသခဲ့သည်၊ ဤသည်က အခြားလူများ ထင်မှတ်ထားသလို ကျင်းရှန် မြို့နှင့် အဆင့်အတန်း အများကြီး ကွာခြားနေပြီး ရှန့်ထျန်း တာအိုကျောက်စိမ်း တစ်တုံးလောက်နှင့် နှင်ထုတ်၍ရသော အဆင့်မျိုး မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ဒုတိယအနေဖြင့် သူမက သူမ၏ အလွန် ကြောက်စရာကောင်းသော ပါရမီကို နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြန်သည်၊ တိုတောင်းလှသော ရက်ပိုင်းအတွင်းမှာတင် နတ်ဘုရား အဖြစ် ပြောင်းလဲခြင်း အဆင့်သို့ စတင်ခြေချရာ မှ နတ်ဘုရား အဖြစ် ပြောင်းလဲခြင်း တတိယအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ထိတ်လန့်ဖွယ်ရာ အဆင့်တက်လှမ်းမှု အမြန်နှုန်း က လူတိုင်းကို တကယ့်ကို အံ့မခန်း ဖြစ်ရပ်တစ်ခုအဖြစ် ရေရွတ်မိစေသည်။
နောက်ဆုံးအနေဖြင့် ကျူးကျစ်ယန်က ဤအရာမှတစ်ဆင့် သူ့ ရပ်တည်ချက်ကိုလည်း ဖော်ပြလိုက်သေးသည်။
ထိုအရာကတော့ သူမ၏ လူများ ပင် ဖြစ်သည်။
ဆိုလိုသည်မှာ သူမဘေးရှိ ရှောင်ယင်နှင့် ယနေ့ ပထမဆုံးအကြိမ် မြင်တွေ့ရသော သူစိမ်းအမျိုးသား ထန်ထျန်း တို့ ဖြစ်ကြသည်။
ထိုသူများက သူမ၏ တန်ပြန်ကြေးခွံ များ ဖြစ်ကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို လက်ဖျားနှင့်ပင် တို့ဝံ့ပါက နင်က ကျူမိသားစုရဲ့ သခင်လေး ဖြစ်နေပါစေဦးတော့၊ ကျူးကျစ်ယန်ကလည်း နောက်ဆုတ်ခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်ရန် တုံ့ဆိုင်းနေမည် မဟုတ်ချေ။
ဤ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို အကဲဖြတ်သည့်ပွဲတွင် သူမ၏ ကိုင်တွယ်ပုံက ပြီးပြည့်စုံလုနီးပါး ရှိခဲ့သည်ဟု ဆိုရပေမည်။
တစ်ချက် ရှိတာကတော့ ... စျေးနှုန်းက တကယ့်ကို ကြီးမားလွန်းလှပေသည်။
ကျူကျင်းချန် ထွက်ခွာသွားပြီးနောက် ကျန့်ဖုန်း လျှောက်လာခဲ့ပြီး မူလ စျေးနှုန်း အတိုင်းပင် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ကျူးကျစ်ယန်ထံ ရောင်းချပေးနိုင်ကြောင်း ပြောလာခဲ့သည်။
ဘာပဲပြောပြော ကျူးကျစ်ယန်၏ လက်ရှိ စွမ်းဆောင်ရည်အရဆိုလျှင် သူမအပေါ် ရင်းနှီးမြှုပ်နှံခြင်းက သေချာပေါက် တွက်ခြေကိုက်မည့် ကိစ္စတစ်ခု ဖြစ်သည်။
သို့သော်လည်း ကျူးကျစ်ယန်က ဤစေတနာကို ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။
ကျူကျင်းချန်က ဤကဲ့သို့သော ကျေးဇူးတရားကို အသုံးပြုပြီး သူမကို ချုပ်ကိုင်ချင်နေတာ၊ ကျန့်ဖုန်းကကော ထိုသို့ မလုပ်ဘူးလို့ ပြောနိုင်မလား
တစ်ကိုယ်တည်း အပြင်ထွက်လာသူ ဖြစ်ရာ သူမတွင် အမှီသဟဲပြုစရာ လုံလောက်သော အာဏာမရှိချေ၊ ဤကဲ့သို့သော အာဏာရှိ၊ အရှိန်အဝါရှိသူများ ပြည့်နှက်နေသည့် အထက်တန်းလွှာ လောကထဲတွင် လှုပ်ရှားရသည့်အခါ သတိကြီးကြီးထားခြင်းက ပိုမို ကောင်းမွန်ပေသည်။
ကျန့်ဖုန်းကလည်း ကျူကျင်းချန်ကဲ့သို့ အာဏာပြတတ်သူ မဟုတ်ရာ ကျူးကျစ်ယန်က ငြင်းပယ်သည်ကို မြင်သောအခါ အတင်းအကြပ် တောင်းဆိုခြင်း မပြုတော့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် ကျူးကျစ်ယန်က ရှန့်ထျန်း တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် ဟူသော အလွန်မြင့်မားသည့် စျေးနှုန်းဖြင့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်နှင့် သာမန် ပိုးပျံကောင်များ ပြည့်နှက်နေသော ခရစ်စတယ် သေတ္တာကို လက်ဝယ် ရရှိသွားခဲ့တော့သည်။
ခဏအကြာတွင် ထန်ထျန်း၊ ကျူးကျစ်ယန်၊ ရှောင်ယင်တို့ သုံးဦးက မည်သူမျှ မနှောင့်ယှက်နိုင်သော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။
ထို့နောက် ကျူးကျစ်ယန်က ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ထန်ထျန်းထံ ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲ"
ထန်ထျန်းက ထိုအရာကို သိမ်းဆည်းလိုက်သည်။
ကျူးကျစ်ယန်က ပြုံးလျက် ပြော၏။ "ကျွန်မအပေါ် ထားတဲ့ သခင်လေးရဲ့ ကျေးဇူးတရားနဲ့ နှိုင်းယှဉ်ရင် ဒါတွေက ဘာမှ မဟုတ်ပါဘူး"
" သခင်လေး လိုအပ်တာ တခြား ရှိသေးရင်လည်း ကျွန်မကို တိုက်ရိုက် ပြောလို့ ရပါတယ်"
"ကျစ်ယန် အနေနဲ့ သခင်လေးအတွက် အစွမ်းကုန် အရ ယူပေးပါ့မယ်"
ထန်ထျန်းက လက်ကို ဝှေ့ယမ်းပြကာ "တခြားတော့ မရှိပါဘူး၊ ဒါပါပဲ"
"တကယ်တော့ ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်အပေါ် ငါက ရုတ်တရက် စိတ်ဝင်စားမှု နည်းနည်း ရှိသွားရုံသက်သက်ပါ၊ မင်း ငါ့ကိစ္စကို သိပ်ပြီး စိတ်ထဲ ထားမနေပါနဲ့၊ မင်းကိုယ်မင်းပဲ သေသေချာချာ ဂရုစိုက်ပါ"
"ဒါ့အပြင်..."
ပြောရင်းဖြင့် ထန်ထျန်းက သူ့ သိုလှောင် နေရာလွတ် ထဲသို့ လှမ်းကြည့်လိုက်သည်၊ ထိုနေရာတွင် တောင်တန်းတစ်ခုကဲ့သို့ ပုံနေသော ရှန့်ထျန်း တာအိုကျောက်စိမ်းများထဲမှ တစ်ဆုပ်စာခန့်ကို အမှတ်မထင် နှိုက်ယူလိုက်ပြီး သိုလှောင်ကျောက်တုံး တစ်တုံးထဲသို့ ထည့်ကာ ကျူးကျစ်ယန်၏ ရှေ့သို့ ချပေးလိုက်သည်။
"တာအိုကျောက်စိမ်း တစ်သောင်းကျော်ဆိုတာ မင်းအတွက်တော့ နည်းတဲ့ ပမာဏ မဟုတ်ဘူး"
"အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်မှာလည်း အထောက်အကူအဖြစ် မင်း ဒါတွေကို လိုအပ်လိမ့်မယ်"
"နောက်ဆိုရင် ပိုက်ဆံကို လျှောက်မသုံးနဲ့"
ရှေ့ရှိ သိုလှောင်ကျောက်တုံးကို ကြည့်ကာ ကျူးကျစ်ယန်ကတော့ အတွင်းထဲတွင် ဘာရှိနေမည်ကို သဘာဝကျစွာ ခန့်မှန်းမိပေသည်။
သူမက အမြန် ပြုံးလျက် ပြော၏။ "သခင်လေးက တကယ့်ကို အားနာစရာပဲ"
"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ"
"သခင်လေး ပိုက်ဆံအကုန်ခံဖို့ မလိုပါဘူး၊ ကျွန်မမှာ ရှိတဲ့ တာအိုကျောက်စိမ်းက လက်ရှိအဆင့်အတွက် လုံလောက်ပါသေးတယ်"
ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းပြကာ "ငါ့မှာ အခြားသူတွေကို ပိုက်ဆံအကုန်ခံခိုင်းတဲ့ အကျင့်မရှိဘူး"
"မင်းကို ရှေ့ထွက်ပြီး ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ခိုင်းတာကလည်း လူအများရဲ့ အာရုံစိုက်တာ ကို မခံချင်လို့ပဲ"
"ယူခိုင်းရင် ယူထားလိုက်"
"ပိုတဲ့ တာအိုကျောက်စိမ်း နည်းနည်းပါးပါးကတော့ မင်းနဲ့ ရှောင်ယင်အတွက် မုန့်ဖိုးလို့ပဲ သဘောထားလိုက်ပါ"
"ရှောင်ယင်ရဲ့ ကျင့်ကြံခြင်း ပါရမီကလည်း မဆိုးပါဘူး၊ ဒါကို ဒီအတိုင်း ဖြုန်းတီးမပစ်လိုက်နဲ့"
"ဒါ့အပြင် ပါရမီရှင် ရွေးချယ်ပွဲ ကလည်း မကြာခင် စတော့မှာ ဆိုတော့ ကိုယ့်ကိုယ်ကိုအတွက် လိုအပ်တာလေးတွေ သေသေချာချာ ပြင်ဆင်ထားဦး"
ထန်ထျန်း၏ ငြင်းပယ်ရန် မပြတ်သားသော လေသံကို ကြားရသောအခါ ကျူးကျစ်ယန်၏ အမူအရာက အနည်းငယ် ကူကယ်ရာမဲ့သွားရသည်။
သူမက မူလက သူမ၏ စေတနာကို ဖော်ပြရန် အခွင့်အရေး ရပြီဟု တွေးထားခဲ့ခြင်းပင်။
သို့သော်လည်း ဆက်ပြီး လက်မခံပါက ထန်ထျန်းက သေချာပေါက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပေလိမ့်မည်။
"ဒါဆိုရင်တော့ သခင်လေးကို တကယ် ကျေးဇူးတင်ပါတယ်"
ကျူးကျစ်ယန် ကူကယ်ရာမဲ့နေသော်လည်း သိုလှောင်ကျောက်တုံးကိုသာ လက်ခံလိုက်ရုံ ရှိတော့သည်။
ထို့နောက် သိုလှောင်ကျောက်တုံးကို ဘေးရှိ ရှောင်ယင်ထံ ကမ်းပေးလိုက်သည်။
သူတို့၏ ငွေကြေး စီမံမှုကတော့ အမြဲတမ်း ရှောင်ယင်ကသာ တာဝန်ယူ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
"သခင်လေးက ဒီလိုဆိုတော့ ကျွန်မအနေနဲ့ သခင်လေးရဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး"
" သခင်လေးသာ မရှိရင် ကျွန်မနဲ့ ရှောင်ယင်က ကျင်းရှန် မြို့ကနေ အတင်း ထွက်သွားရလောက်ပြီ ထင်တယ်"
ကျူးကျစ်ယန်က အနည်းငယ် နေမထိထိုင်မသာဖြစ်စွာ ပြောလိုက်သည်။
လူမှုရေး ကျေးဇူးတရား အပိုင်းတွင် သူမက တော်တော်လေး အလေးအနက် ထားတတ်သူ ဖြစ်သည်။
ထန်ထျန်းကတော့ လက်ကို ဝှေ့ယမ်းပြကာ ပြော၏။ "ဒီလို ကိစ္စတွေကို စိတ်ထဲ သိပ်မထားပါနဲ့"
"မင်းတို့က ငါ့ကို လွင်ပြင်ကျယ်ကြီးထဲကနေ ကျင်းရှန် မြို့ဆီ ခေါ်လာပေးကတည်းက ကျေးဇူးဆပ်ပြီးသား ဖြစ်နေပါပြီ"
" မင်းတို့သာ မရှိရင်..."
"ငါ ဘယ်အချိန်မှ နိုးလာမလဲဆိုတာ မသိနိုင်ဘူး"
ကျူးကျစ်ယန် ခဏမျှ ဆွံ့အသွားသည်၊ ထန်ထျန်း၏ စကားထဲရှိ အဓိပ္ပာယ်ကို သူမ သိပ်ပြီး နားမလည်ချေ။
ထန်ထျန်း၏ အစွမ်းဖြင့်ဆိုလျှင် ကျင်းရှန် မြို့သို့ လာရန်အတွက် သူမတို့၏ အကူအညီကို ဘယ်လိုလုပ်ပြီး လိုအပ်ပါ့မလဲ
သို့သော်လည်း သူမ စဉ်းစားနေစဉ်အတွင်းမှာပင် ဘေးရှိ ရှောင်ယင်က ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
"အား"
သူမက ထိတ်လန့်သွားသော ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်သည်။
လက်နှစ်ဖက်က ထန်ထျန်း စောစောတုန်းက ပေးခဲ့သော သိုလှောင်ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်လုံးများ ပြူးလျက် မျက်နှာထက်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ ပြည့် နှက်နေခဲ့ပြီ ဖြစ်သည်။
"ဘာဖြစ်လို့လဲ"
"လန့် သွားတာပဲ"
ကျူးကျစ်ယန်က မေးမြန်းလိုက်သည်။
ရှောင်ယင်၏ အမူအရာက ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်၊ ကျူးကျစ်ယန်ကို ကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်တွင် ထိုင်နေသော ထန်ထျန်းကို ပြန်ကြည့်လိုက်သည်။
"အစ်ကိုထန်..."
"ရှင်... တစ်ခုခု မှားသွားတာလား..."
"အဲ့ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်က တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် လေ..."
သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျူးကျစ်ယန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိတော့သည်။
"ရှောင်ယင်"
"လျှောက်မပြောနဲ့"
"ခုနစ်ရောင်ခြယ် ပိုးပျံကောင်က မူလကတည်းက သခင်လေးကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ၊ သူ ငါ တို့ကို ဘယ်လောက်ပေးပေး အဲ့လောက်ပဲ၊ အဲ့လောက်အထိ တွက်ကပ်မနေနဲ့"
သူမက သိုလှောင်ကျောက်တုံးထဲရှိ တာအိုကျောက်စိမ်း ပမာဏက တစ်သောင်းတစ်ထောင် မပြည့်ဟု ထင်မှတ်သွားပုံရပြီး ရှောင်ယင်ကို အမြန်ပင် ပြစ်တင်ဆူပူ လိုက်ခြင်း ဖြစ်သည်။
ရှောင်ယင်ကတော့ မျက်တောင်တဖျတ်ဖျတ် ခတ်လျက် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
"အာ..."
"ဒါပေမဲ့..."
"ဒီထဲက တာအိုကျောက်စိမ်း အရေအတွက်က တကယ်ကို ကွာခြားချက် ကြီးမားလွန်းလို့ပါ..."
"သခင်မလေး ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ..."
ပြောပြီးနောက် သိုလှောင်ကျောက်တုံးကို ကျူးကျစ်ယန်ထံ ကမ်းပေးလိုက်သည်။
ကျူးကျစ်ယန်၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်သွားရသည်၊ ဤမိန်းကလေးက အမြဲတမ်း ထက်မြက်လှသော်လည်း ဘာဖြစ်လို့ ယခုအချိန်ကျမှ ရုတ်တရက် မိုက်မဲသွားရတာလဲ
အတွင်းထဲတွင် တာအိုကျောက်စိမ်း တစ်တုံးတည်း ရှိနေရင်တောင်မှ မင်းက လူရှေ့ မှာ ဒီလို တုံ့ပြန်မှုမျိုး မလုပ်သင့်ဘူးလေ။
ဒါက ထန်ထျန်းရဲ့ မျက်နှာကို ဘယ်နား သွားထားခိုင်းတာလဲ
သိုလှောင်ကျောက်တုံးကို လှမ်းယူလိုက်ပြီးနောက် သူမက အမှတ်မထင် ကြည့်လိုက်ရင်း ဤကဲ့သို့သော ကိစ္စကို ဖုံးဖိရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူမ၏ စိတ်ဝိညာဉ်က သိုလှောင်ကျောက်တုံး၏ အတွင်းပိုင်းကို ကြည့်လိုက်သည့်အခါတွင်မူ တိုက်ရိုက်ပင် အေးစက်သော လေထုကို တရှူးရှူး ရှူသွင်းလိုက်မိပြီး တစ်ကိုယ်လုံးလည်း နေရာတွင်တင် တောင့်တင်းအေးခဲသွားရတော့သည်။
အချိန်တော်တော်ကြာ သွားပြီးနောက်တွင်မှ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ထန်ထျန်းကို ကြည့်ကာ အလေးအနက် ပြောလိုက်တော့သည်။ "သခင်လေး..."
"ရှင်... တစ်ခုခု တကယ် မှားသွားတာလား..."