အခန်း (၈၉၂)
Vol. 85 Ch. 892
အခန်း (၈၉၂) ကျူမိသားစု ပျံသန်း သွားခဲ့ပြီ
"သေချင်းဆိုး ဖာသည်မ"
"ကျေးလက်တောရွာက လာတဲ့ မျိုးမစစ်မက ငါ့လို သခင်လေးကို လူတကာရှေ့မှာ ဒီလောက်အထိ အရှက်ကွဲအောင် လုပ်ဝံ့တယ်ပေါ့"
"ငါ့ကို ပြစ်မှားမိရင် ဘယ်လို အကျိုးဆက်မျိုး ကြုံရမလဲဆိုတာ မင်း သေသေချာချာ သိစေရမယ်"
သူ့ မိသားစုထံ ပြန်ရောက်ရောက်ချင်း ကျူကျင်းချန်၏ ဒေါသများ ပေါက်ကွဲထွက်လာကာ ရှေ့ရှိ စျေးကြီးလှသော စားပွဲခုံကို ခြေထောက်ဖြင့် ဝုန်းခနဲ ကန်ချလိုက်တော့သည်။
သူ မွေးဖွားလာကတည်းက ကျင်းရှန် မြို့တွင် ဩဇာအာဏာ ကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ရာ မည်သူမျှ သူ့ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူဝံ့ကြချေ။
ပထမဆုံး မိသားစုကြီးမှ ရွယ်တူဖြစ်သည့် ကျန့်ဖုန်း ပင်လျှင် သူ့ရှေ့တွင် အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသည်။
သူ ဤကဲ့သို့သော စော်ကားမှုကို တစ်ခါမျှ ကြုံဖူးပါ့မလား။
"ငါ့ဆန္ဒကို ဆန့်ကျင်ဝံ့တယ်ပေါ့"
"ကျင်းရှန် မြို့မှာ ဒီလောက်အထိ မောက်မာတဲ့သူ ရှိနေတာကို ငါ ခွင့်မပြုနိုင်ဘူး"
ကျူကျင်းချန်က နောက်ထပ် လက်သီးတစ်ချက်ဖြင့် ဘေးရှိ တန်ဖိုးကြီးလှသော ဘီဒိုကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
"ဂျုန်း" ဟူသော အသံနှင့်အတူ ဘီဒိုကြီးက သူ့လက်ချက်ဖြင့် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
ထိုစဉ် အခန်းတံခါးအပြင်ဘက်မှ အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျူမိသားစုရဲ့ သခင်လေး ဖြစ်ပြီးတော့ လူမမည်လေးတစ်ယောက်ရဲ့ ဖိနှိပ်စော်ကားတာကို ခံခဲ့ရတယ်ပေါ့"
"ကျူမိသားစုရဲ့ မျက်နှာကတော့ ဒီနေ့ မင်းလက်ထဲမှာတင် အကုန် ပျက်စီးသွားပြီ"
ထို့နောက် ပိန်ပိန်ခြောက်ခြောက် ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦးက လှမ်းဝင်လာခဲ့သည်။
ကျူကျင်းချန် ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ရောက် လာသူက မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့်အခါတွင်မူ အမြန်ပင် သူ့ ဒေါသကို သိမ်းဆည်းလိုက်ပြီး သနားစဖွယ် အမူအရာသို့ ပြောင်းလဲလိုက်တော့သည်။
"အဖေ... ကျွန်တော်လည်း ဒီလို မဖြစ်ချင်ပါဘူး"
"ဒါပေမဲ့ အဲ့ဒီ ကျူးကျစ်ယန်ရဲ့ ငွေကြေး အင်အားက ဒီလောက်အထိ ကြီးမားနေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ"
"ကျွန်တော့် မှာ တာအိုကျောက်စိမ်း တစ်သောင်းဝန်းကျင်ပဲ ရှိတာ၊ ရလဒ်အနေနဲ့ သူက တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင်ကို မျက်တောင်တစ်ချက်တောင် မခတ်ဘဲ ခေါ်လိုက်တာလေ"
"အဲ့ဒါကို ကျွန်တော်က ဘာလုပ်နိုင်ဦးမှာလဲ"
သူက အနည်းငယ် ညည်းတွားသံဖြင့် ပြောလိုက်သည်။
ကျူမိသားစု ခေါင်းဆောင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပြော၏။ "သာမန်အချိန်တွေမှာတော့ အာဏာပြတတ်ပြီး အရေးကြီးတဲ့ အချိန်ကျတော့ တုံးအလိုက်တာ"
"ကျူးကျစ်ယန်က ဝေးလံတဲ့နေရာက လာတာဆိုတော့ သူ့ကိုယ်သူအတွက် ခရီးစရိတ်တွေ အများကြီး ပြင်ဆင်လာမှာ သဘာဝပဲလေ၊ မင်းက မင်း မုန့်ဖိုးလေးနဲ့ သူ့ကို သွားပြိုင်တာလား"
"မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် မိသားစုက သေချာပေါက် မင်းကို ထောက်ပံ့ပေးမှာပေါ့"
"အဲ့ဒီအချိန်ကျရင် ကျူးကျစ်ယန် တစ်ယောက်တည်းကို ကြောက်နေစရာ လိုသေးလို့လား၊ သူ့ မိသားစုတစ်ခုလုံး လာရင်တောင် ငါတို့မျက်စိထဲ ထည့်စရာ မလိုဘူး"
သူက မကျေမနပ်ဖြင့် ပြစ်တင်ဆူပူ လိုက်သည်။
ကျူကျင်းချန် နှုတ်ဆိတ်နေမိသည်၊ သူက အပြင်တွင် မည်မျှပင် မောက်မာရိုင်းစိုင်းနေပါစေဦးတော့၊ မိသားစုအတွင်းသို့ ပြန်ရောက်ပြီး အဖေဖြစ်သူ၏ ရှေ့မှောက်တွင်မူ ကြောင်သူတော်လေးတစ်ကောင်ကဲ့သို့ ငြိမ်ကုပ်နေခဲ့ခြင်းပင်။
ခဏမျှ ဆူပူပြီးနောက် ကျူမိသားစု ခေါင်းဆောင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြော သည်။ "ကျူမိသားစုရဲ့ မျက်နှာကို အပြင်က လာတဲ့ မိန်းကလေးတစ်ယောက်က နင်းသွားတာမျိုး အဖြစ်မခံနိုင်ဘူး"
"မဟုတ်ရင် နောင် ကျင်းရှန် မြို့မှာ ဘယ်လို ခြေကုပ်ယူရတော့မလဲ"
"ပါရမီရှင် ရွေးချယ်ပွဲ မတိုင်ခင်မှာ သူ သေချာပေါက် ပေးဆပ်စေရမယ်၊ မြင့်မြတ်နန်းတော် ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်ခွင့် လုံးဝ မရစေရဘူး"
ဤစကားကို ကြားသောအခါ ကျူးကျင်းချန်က အမြန်ပင် အပြုံးမျက်နှာဖြင့် ပြောင်းလဲလိုက်ပြီး ပြော၏။ "အဖေ... ဒီအချက်ကိုတော့ စိတ်ချပါ"
"ကျွန်တော် သူ့ အစေခံ တစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ကူကောင် တစ်ကောင် ထည့်ထားပြီးပြီ"
"ဒါက အဆင့်မြင့် ကူကောင် တစ်ကောင်ပဲ၊ အဲ့ဒီ အစေခံကို ထိန်းချုပ်ပြီးတာနဲ့ ကျူးကျစ်ယန်ကိုပါ ကျွန်တော့်လက်ခုပ်ထဲက ရေလို ချုပ်ကိုင်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်"
"အဲ့ဒီအချိန်ကျရင်... ဟဲဟဲ၊ သူ့ကို ဘာလုပ်ခိုင်းခိုင်း သူ လုပ်ရတော့မှာ"
ကျူမိသားစု ခေါင်းဆောင်က ထိုအခါမှသာ ခေါင်းညိတ်ပြလိုက်တော့သည်။
"ဒါဆိုလည်း ကောင်းပြီ"
"ဒီလောကမှာ မင်းက လုံလောက်အောင် ရက်စက်တတ်မှ ရမယ်"
"ဒီ ကျင်းရှန် မြို့မှာ ဘယ်တုန်းကမဆို ငါတို့ ကျူမိသားစုကပဲ သူများကို နှိပ်စက်တာ၊ ဘယ်သူမှ ငါတို့ ကျူမိသားစုကို လာပြီး မနှိပ်စက်နိုင်ဘူး"
"သူ့ကို သေချာပေါက် ပေးဆပ်စေရမယ်"
ကျူကျင်းချန် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။
ရုတ်တရက် သူ မျက်လုံးများ တောက်ပသွားကာ ပြော၏။ "အာ... အတော်ပဲ၊ ကျွန်တော့်ရဲ့ ကူကောင် ပြန်လာပြီ"
ခဏအကြာတွင် အလွန် သေးငယ်လှသော ပိုးကောင်တစ်ကောင်က ပြတင်းပေါက်အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာခဲ့ပြီး ကျူကျင်းချန်၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။
"ကြည့်ရတာ... အောင်မြင်သွားပုံပဲ"
ကျူကျင်းချန်က ပြုံးလျက် ပြောလိုက်သည်။
သို့သော်လည်း မကြာခင်မှာပင် သူ မျက်မှောင်ကြုတ်သွားရပြန်သည်။
"ဟင်"
"ဘာဖြစ်လို့ ရုတ်တရက် ဒီ ကူကောင် က နည်းနည်း ထူးဆန်းနေသလို ခံစားရတာလဲ"
"ပုံမှန်ထက်... ပိုပြီးတော့ အစွမ်းထက်လာသလိုပဲ"
သူက သံသယဖြင့် ရေရွတ်လိုက်သည်။
ကျူမိသားစု ခေါင်းဆောင် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "ငါ့ကို ပေး ကြည့်"
ထို့နောက် သူက ကူကောင် ကို လှမ်းယူလိုက်ပြီး အချိန်အတော်ကြာ သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။
ချက်ချင်းပင် သူ့ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားရတော့သည်။
"ဒါက... ဆင့်ကဲပြောင်းလဲ သွားတာပဲ"
"ဒါတင်မကဘူး၊ တစ်ကြိမ်ထက်မကဘူး"
"ဒါက မြင့်မြတ်တဲ့ ကူကောင်အဆင့်ကို ရောက်တော့မယ့် လက္ခဏာပဲ"
ကျူမိသားစု ခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
ကျူကျင်းချန်လည်း ကြောင်အမ်းသွားရသည်၊ သူ့ ကူကောင် ကို သာမန်လူတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာပဲ ထည့်ထားခဲ့တာ မဟုတ်ပါလား၊ ဘာဖြစ်လို့ အကြောင်းရင်းမရှိဘဲ မြင့်မြတ်အဆင့်ကို ရောက်ရှိနိုင်မယ့် ပါရမီမျိုး ရှိသွားရတာလဲ
"ဒါဆို အခု ဘာလုပ်ကြမလဲ"
သူက လှမ်းမေးလိုက်သည်။
ကျူမိသားစု ခေါင်းဆောင်က အကျယ်ကြီး ရယ်မောလိုက်တော့သည်။
"ဟားဟားဟား..."
"ဒါက နိမိတ်ကောင်းပဲ"
"ဒါ ရှိပြီဆိုမှတော့ ကျင်းရှန် မြို့ရဲ့ ပထမဆုံး မိသားစုကြီး နေရာက လူပြောင်းရတော့မယ်"
"သွား... မိသားစုရဲ့ အဓိက အဖွဲ့ဝင် အားလုံးကို ခေါ်ပြီး ဘိုးဘေးခန်းမ ကို သွားမယ်၊ ဘိုးဘေး တွေကို ကျူမိသားစုရဲ့ ပျံသန်း (တောက်ပ) မယ့် ဒီ အခိုက်အတန့်ကို အတူတူ သက်သေပြုခိုင်းရမယ်"
.....
ကျန့်မိသားစု
ယခုအချိန်တွင် ကျန့်ဖုန်းနှင့် အဖေဖြစ်သူ ကျန့်မိသားစု ခေါင်းဆောင်တို့သည်လည်း အတူတူ ရပ်နေကြသည်။
"အဲ့ဒီ ကျူးကျစ်ယန်က ဘယ်လိုလဲ"
ကျန့်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်က ထွားကျိုင်းလှပြီး အသံကလည်း ဩဇာပြည့်ဝကာ အားအင်အပြည့် ရှိနေသည်။
ကျူးကျစ်ယန်၏ အခြေအနေကို ကျင်းရှန် မြို့၏ အင်အားစုကြီး အသီးသီးက ကြာလှပြီ ဖြစ်ရာ သေသေချာချာ သိရှိထားကြပြီး ဖြစ်သည်၊ သို့သော်လည်း ကျန့်ဖုန်းက သူ့ အဖေ မေးမြန်းသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ပြန်လည် ဖြေကြားလိုက်သည်။ "အလွန် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်တစ်ယောက်ပါ"
ကျန့်မိသားစု ခေါင်းဆောင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိရင်း မေးသည်။ "ပြိုင်ဘက် သက်သက်ပဲလား"
ကျန့်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
"သူမ က တကယ့်ကို သန့်စင်လွန်းတယ်၊ ချို့ယွင်းချက် ရှာရခက်တယ်"
"ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားတာကတော့ အဆင်ပြေပါတယ်"
"ဒါပေမဲ့ သူမ ကို ကျွန်တော်တို့ ကျန့်မိသားစုဘက် ပါလာအောင် လုံးဝ ဆွဲဆောင်ဖို့ ဆိုတာကတော့ တကယ့်ကို ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်လိမ့်မယ် ထင်တယ်"
ဤသည်က သူ ကျူးကျစ်ယန်ထံ ချဉ်းကပ်ရခြင်း၏ အဓိက ရည်ရွယ်ချက် ပင် ဖြစ်သည်။
အခြားသော အထက်တန်းလွှာ လူကြီးလူကောင်းများကလည်း အခြေခံအားဖြင့် ဤကဲ့သို့ပင် ဖြစ်ကြပြီး အားလုံးက သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ အခြေခံပြီး လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ကျန့်ဖုန်း၏ စကားကို ကြားရသောအခါ ကျန့်မိသားစု ခေါင်းဆောင်က ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မရှိဘဲ ခေါင်းညိတ်ပြလိုက်ရုံ မျှသာ ပြုလုပ်ပြီး ပြော သည်။ "ဒီကိစ္စကို မင်းကိုယ်တိုင်ပဲ စီမံလိုက်ပါ"
"ကျန့်မိသားစုဆီ ခေါ်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ငါလည်း ဒီမိန်းကလေးကို တော်တော်လေး သဘောကျပါတယ်"
"ဒါပေမဲ့... သူ ဒီနေ့ လုပ်လိုက်တဲ့ ကိစ္စကတော့ နည်းနည်း စိတ်လိုက်မာန်ပါ ဆန်သွားသလိုပဲ"
ကျန့်ဖုန်းက ပြုံးလျက် ပြော၏။ "အဖေက ကျူကျင်းချန်နဲ့ ရန်ငြိုးဖွဲ့လိုက်တဲ့ ကိစ္စကို ပြောတာလား"
ကျန့်မိသားစု ခေါင်းဆောင်က "အင်း" ဟု ရေရွတ်လိုက်ရင်း "သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက အလွန် အစွမ်းထက်တယ် ဆိုပေမဲ့ ဘာပဲပြောပြော အပြည့်အဝ မကြီးပြင်း သေးဘူးလေ"
"သူ ဒီနေ့ ကျူမိသားစုရဲ့ မျက်နှာကို ဖျက်ဆီးလိုက်တာ၊ သူတို့ရဲ့ ကလဲ့စားချေတတ်တဲ့ သဘာဝအရဆိုရင် သေချာပေါက် ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
"တစ်ကိုယ်တည်း ဖြစ်နေတဲ့ ကျူးကျစ်ယန် အနေနဲ့ ကျူမိသားစုရဲ့ ကလဲ့စားချေမှုကို တောင့်ခံနိုင်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်"
ကျန့်ဖုန်း ခေါင်းခါပြလိုက်ရင်း "ကျွန်တော်ကတော့ သူ ကိုင်တွယ်သွားတာ အလွန် လှပတယ်လို့ ထင်တယ်"
"ကျူကျင်းချန် သုံးလိုက်တာက ပရိယာယ် မဟုတ်ဘဲ အကွက်ဆန်း ဖြစ်နေတာ၊ ထိပ်တိုက် ရင်ဆိုင်တာကလွဲရင် ဖြေရှင်းဖို့ ခက်တယ်"
"ဘာပဲဖြစ်ဖြစ် ကျူကျင်းချန်ရဲ့ သဘာဝအရ သူ့ ရည်ရွယ်ချက် မအောင်မြင်မချင်း သေချာပေါက် ကလဲ့စားချေမှာပဲ၊ အဲ့ဒါဆိုရင်တော့ အရှက်မရှိ တာက ပိုကောင်းတာပေါ့"
"ကျွန်တော်ကတော့ ဒီလို သဘာဝမျိုးကို တော်တော် သဘောကျတယ်"
ကျန့်မိသားစု ခေါင်းဆောင်က ဝေဖန်ခြင်း မပြုဘဲ ပြော သည်။ "ပိုပြီးတော့ ဂရုစိုက်ပေးလိုက်ပါ"
"သင့်တော်တဲ့ အချိန်ကျရင် သူ့ကို အကူအညီ အချို့ ပေးလိုက်၊ ကျူမိသားစု တကယ် အကြံအစည် အောင်သွားတာမျိုး အဖြစ်မခံနဲ့"
"ဒါပေမဲ့ သတိကြီးကြီးထားရမယ်၊ ငါ ခုနတင် သတင်းရထားတာ၊ ကျူမိသားစုက အလွန် အစွမ်းထက်တဲ့ အရာတစ်ခုကို ရရှိထားပုံရပြီး မကြာခင် ပျံသန်း ( တောက်ပ )လာ တော့မယ် တဲ့"
ကျန့်ဖုန်း ခေါင်းညိတ်ပြလိုက်ရင်း သူ နားလည်ကြောင်း ပြသလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ကျန့်မိသားစုဝင် တစ်ဦးက ရုတ်တရက် အပြင်းအထန် အလောတကြီး ပြေးဝင်လာခဲ့ပြီး မျက်နှာထက်တွင် ဖုံးဖိမရနိုင်သော ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
"မိသားစု ခေါင်းဆောင်... သခင်လေး... အရေးကြီးတဲ့ ကိစ္စကြီး ဖြစ်ပျက်သွားပါပြီ"
သူက အလျင်စလို ပြောလိုက်သည်။
သူ ပြောပြလိုက်သော ကိစ္စကို ကြားပြီးနောက်တွင်မူ ကျန့်မိသားစု ခေါင်းဆောင်နှင့် ကျန့်ဖုန်း တို့သည်လည်း ရှိရင်းစွဲ နေရာတွင်တင် တုန်လှုပ်ချောက်ချားစွာဖြင့် ဆွံ့အသွားရတော့သည်။
"ဘာ"
"ကူကောင် တွေ သောင်းကျန်းတာ ဟုတ်လား"
"ကျူမိသားစုရဲ့ အဓိက အဖွဲ့ဝင် အားလုံးက ဘိုးဘေးခန်းမ ထဲမှာ တင် အကုန်လုံး ကောင်းကင်ပေါ်ကို ပျံတက် (ပေါက်ကွဲ ) သွားကြပြီ ဟုတ်လား"
ကျန့်မိသားစု ခေါင်းဆောင်၏ မျက်နှာထက်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားရတော့သည်။
သူ ခုနတင် ကျူမိသားစုက ပျံသန်း(တောက်ပ) တော့မယ့် သတင်းကို ရရှိထားခဲ့ခြင်း မဟုတ်ပါလား။
အခု ဘယ်လောက်တောင် ကြာသွားလို့လဲ၊ တကယ်ကြီးကို "ပျံသန်း" သွားခဲ့ရပြီလား