အခန်း ၇၇၄
Vol. 73 Ch. 774
အခန်း (၇၇၄) - အဆုံးမဲ့မိုးကြိုးပင်လယ် ဓမ္မသဏ္ဌာန်၊ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ ဟွေကွမ်နတ်ဘုရားကြေးမုံ၊ မိုးကြိုးအင်မော်တယ်စံအိမ်တော်၏ အခွင့်အရေး(၄)။
ဝှစ်…။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့၏ကိုယ်ဟန်က လင်းလက်သွားပြီး စံအိမ်တော်၏ အိပ်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ဤအချိန်၌ ပိုင်စုကျဲ့မှာလည်း အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။
"ယောက်ျား... ကိစ္စတွေ ရှင်းလင်းပြီးသွားပြီလား...”
ကျိုးစွေ့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ ပိုင်စုကျဲ့မှာ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
"အင်း၊ ရှင်းလင်းပြီးသွားပြီ။ သစ္စာဖောက်သုံးယောက်ကို သတ်လိုက်ပြီ...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး သူ၏တာအိုလက်တွဲဖော်အား စိုးရိမ်ပူပန်မှုများ ကင်းဝေးစေရန် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ရိုးရှင်းစွာ ပြောပြလိုက်၏။
ဤကိစ္စသည် ပြင်ပလူများအတွက် သဘာဝကျစွာပင် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။ သို့သော် သူ၏ တာအိုလက်တွဲဖော်အတွက်မူ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မူလကတည်းက တစ်သားတည်း ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ပိုင်စုကျဲ့အနေဖြင့် ဤကိစ္စများကို သိရှိခွင့်ရှိသည်မှာ သဘာဝပင် ဖြစ်လေသည်။
"ဝိညာဉ်ရုပ်သေးပညာရပ်ကို အသုံးပြုထားတဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် သစ္စာဖောက်သုံးယောက်တဲ့လား။ ပြီးတော့ သူတို့က ကျွန်မတို့ကို လုပ်ကြံဖို့ ကြံစည်နေခဲ့တာလား...”
ဤစကားကို ကြားသောအခါ ပိုင်စုကျဲ့၏ လှပသော မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
ယနေ့ညတွင် ဤမျှ အန္တရာယ်များလှပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ရုပ်သေးကျင့်ကြံသူ သုံးဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ အကယ်၍ သူမ၏ခင်ပွန်းသာ ကြိုတင်၍ သတိမထားမိခဲ့ပါက ၎င်းတို့မှာ ကံဆိုးမိုးမှောင်ကျသွားနိုင်ချေ ရှိသည်။
"မှန်တယ်။ သူတို့ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီလိုဆင်တူတဲ့ လှုပ်ရှားမှုတွေ အများကြီးရှိသေးတယ်။ အခြေခံအားဖြင့်တော့ လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တိုင်းက သူတို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတယ်...”
ကျိုးစွေ့က လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ရုပ်သေးမျိုးနွယ်စု... လူတိုင်း သူတို့ကို သတ်ပစ်သင့်တယ်။ အရင်တုန်းက ငါတို့လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေ အများကြီး အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့တာ မဆန်းတော့ဘူး။ အားလုံးက ရုပ်သေးမျိုးနွယ်စုရဲ့ လက်ချက်တွေ ဖြစ်နေတာကိုး...”
ပိုင်စုကျဲ့က သူမ၏ လက်သီးလေးများကို ဆုပ်ကာ အံကြိတ်လျက် အလွန် ဒေါသထွက်နေတော့သည်။
အရင်က လူသားမျိုးနွယ်စုအတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များစွာကိုလည်း သူမ ပြန်မတွေးဘဲ မနေနိုင်တော့ချေ။
လူသားမျိုးနွယ်စု၏ ပါရမီရှင်အများအပြားမှာ အကြောင်းပြချက်မရှိဘဲ အမြဲတမ်း သေဆုံးနေခဲ့ကြ၏။ တချို့က မြို့တွင်း၌ သေဆုံးကြပြီး၊ တချို့က တောတောင်များထဲ၌ သေဆုံးသွားကြရသည်။
မူလက သူတို့၏ သေဆုံးမှုမှာ မတော်တဆဖြစ်ရပ်များဟု ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ အားလုံးသည် ရုပ်သေးမျိုးနွယ်စု၏ လျှို့ဝှက်ကြံစည်မှုများသာ ဖြစ်နေလေသည်။
လူသားမျိုးနွယ်စု၏ မြို့တော်အတွင်း၌ အပေါ်ယံကြည့်လျှင် အလွန်လုံခြုံသည်ဟု ထင်ရသော်လည်း၊ တကယ်တမ်းတွင်မူ အန္တရာယ်များ ပတ်လည်ဝိုင်းနေပြီး အချိန်မရွေး သေစေနိုင်သော လုပ်ကြံမှုများနှင့် ကြုံတွေ့ရနိုင်မည်ကို သူမလည်း ထင်မှတ်မထားခဲ့ပေ။
အရင်က သူမ ဘာမှမဖြစ်ခဲ့ရခြင်းမှာ သူမ၏ ခြိမ်းခြောက်နိုင်စွမ်းက မလုံလောက်သောကြောင့်သာ ရုပ်သေးမျိုးနွယ်စု၏ ပစ်မှတ်ထားခြင်းကို မခံခဲ့ရခြင်းဖြစ်၏။
တစ်ကြိမ် ပစ်မှတ်ထားခံရပြီဆိုလျှင် သူမသည် လူသားဧကရာဇ်၏ သမီးတော်ဖြစ်နေလျှင်ပင် အလွန် အန္တရာယ်များလှပေမည်။
အဘယ်ကြောင့်ဆိုသော် ယခုနှစ်များအတွင်း ရုပ်သေးမျိုးနွယ်စု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော တော်ဝင်မိသားစုဝင် အဆက်အနွယ်များမှာ နည်းပါးလှသည်မဟုတ်သောကြောင့်ပင်။
ရုပ်သေးမျိုးနွယ်စုအနေဖြင့် တော်ဝင်မိသားစုဝင် ဟုတ်မဟုတ်ကို ဂရုစိုက်နေမည်မဟုတ်ချေ။ ၎င်းတို့အတွက်မူ လူသားတစ်ဦးကို သတ်ပစ်ရုံမျှသာဖြစ်ရာ အထူးအဆန်း မဟုတ်ပေ။
"ယောက်ျား... ယောက်ျားက တကယ် ရှေ့ရေးကို ကြိုမြင်နိုင်တာပဲ။ အကယ်လို့ အမှတ် (၈၈) တာအိုကျောင်းတော်မှာ ဆဋ္ဌမအဆင့်အစီအရင်ကို ကြိုတင်မတည်ဆောက်ထားဘူးဆိုရင် သူတို့ရဲ့ အကြံအစည် အောင်မြင်သွားလောက်တယ်...”
ပိုင်စုကျဲ့က ကျိုးစွေ့ကို အလွန်လေးစားသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
အရင်က သူမသည် ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ အပိုအလုပ်တစ်ခုဖြစ်ပြီး အလွန်အမင်း သတိထားလွန်းနေသည်ဟု အမြဲတမ်း ထင်မြင်ခဲ့၏။ ဖုန်းရှီးမြို့ထဲတွင် နေထိုင်ရသည်မှာ မည်ကဲ့သို့ အန္တရာယ်ရှိနိုင်ပါမည်နည်း။
တာအိုကျောင်းတော်တွင် ဆဋ္ဌမအဆင့်အစီအရင်ကို တည်ဆောက်ခြင်းမှာ ငွေကြေးဖြုန်းတီးခြင်းသာ ဖြစ်သည်ဟု သူမ တွေးခဲ့မိ၏။ ဤမျှများပြားသော ငွေကြေးများဖြင့် အခြားအရာများကို အဘယ်ကြောင့် မဝယ်ယူရသနည်းဟုပင် တွေးခဲ့ဖူးသည်။
သို့သော် ယခု ကြည့်လိုက်သောအခါ ဤငွေကြေးများအားလုံးမှာ အလွန်တန်ဖိုးရှိစွာ အသုံးချနိုင်ခဲ့ပြီး အသက်အန္တရာယ်ကို တားဆီးနိုင်ခဲ့ပေသည်။
"ဒါဆိုရင် ချစ်ဇနီးလေးက ဘာဆုချဖို့ရှိလဲ မသိဘူး...”
ကျိုးစွေ့က ပိုင်စုကျဲ့၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ပြီး ဤပြိုင်ဘက်ကင်း အလှမယ်လေးကို ဤအတိုင်းသာ ကြည့်နေလိုက်တော့သည်။
မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ တူနှစ်ကိုယ်ကျင့်ကြံခဲ့ပြီးဖြစ်သော်လည်း၊ ဤအလှမယ်လေးမှာ အလွန်တရာ ဆွဲဆောင်မှုရှိနေဆဲဖြစ်ကာ သွားရည်ကျချင်စရာ ကောင်းလှပေသည်။
"ဟွန့်… ဘာဆုချရဦးမှာလဲ။ ယောက်ျားအတွက် ကိုယ်လုပ်တော် နောက်ထပ်နည်းနည်းလောက် ထပ်ပြီး ဆုချပေးရမှာလား...”
ပိုင်စုကျဲ့က မကျေမနပ်ဖြင့် ပြောလိုက်ပြီး ထိုလူယုတ်မာအား မျက်စောင်းတစ်ချက် မထိုးဘဲ မနေနိုင်တော့ချေ။
"ဒါလည်း မဆိုးပါဘူး။ ဒီချစ်ဇနီးလေးရဲ့ ဘေးမှာ ရုပ်ရည်လှပတဲ့ ညီအစ်မလေးတွေများ ရှိနေမလားလို့ပါ...”
ကျိုးစွေ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
"ဟမ့်…၊ မကောင်းတဲ့လူ... ကျွန်မကိုတောင် လာဖောက်ပြန်ချင်နေသေးတယ်။ စဉ်းတောင် မစဉ်းစားနဲ့...”
ပိုင်စုကျဲ့က ဒေါသတကြီးဖြင့် တစ်ကိုက် ကိုက်ချလိုက်လေသည်။ ရွှေမွေးကျောက်စိမ်းမျက်နှာမြေခွေးအပေါ် ဖောက်ပြန်လိုခြင်းမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်၏။
အမြဲတမ်း သူမကသာ လောကကြီးကို ညို့ယူဖမ်းစားနိုင်ခဲ့ပြီး ယောကျ်ားတစ်ယောက်က သူမအပေါ် ဖောက်ပြန်ခြင်းမျိုး မည်သည့်နေရာတွင် ရှိနိုင်ပါမည်နည်း။
ဤသည်မှာ ရွှေမွေးကျောက်စိမ်းမျက်နှာမြေခွေး၏ မျက်နှာကို လုံးဝ အိုးမဲသုတ်လိုက်ခြင်းပင် မဟုတ်ပါလော။
ဤတစ်ကြိမ်တွင်မူ သူမ၏အစွမ်းကို သိရှိသွားစေရန် ဤယောကျ်ားအား အစွမ်းကုန် ကြိုးစားအားထုတ်စေပြီးမှ အဆုံးသတ်ရမည် ဖြစ်၏။
ဤမကောင်းသောယောကျ်ားအနေဖြင့် အခြားအရာများကို တွေးတောရန် ခွန်အားများ ကျန်ရှိနေဦးမည်လားဆိုသည်ကို ကြည့်ရပေမည်။
အချိန်များစွာမကြာလိုက်၊ အိပ်ခန်းအတွင်း၌ တာအိုစည်းချက်သံများက အချက်ကျကျ ထွက်ပေါ်လာခဲ့ပြီး သုံးရက်တိုင်တိုင် ပဲ့တင်ထပ်နေမည်ဟုပင် ထင်မှတ်ရတော့သည်။
............
အခြားတစ်ဖက်ရှိ ရုပ်သေးမျိုးနွယ်စု၌။
ကွေ့ဝူယီ အစရှိသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ သေဆုံးသွားမှုက ရုပ်သေးမျိုးနွယ်စု၏ ထိပ်တန်းအလွှာ ကျင့်ကြံသူများကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် လေဟာနယ်သန့်စင်ခြင်းအဆင့် ရုပ်သေးကျင့်ကြံသူများသည် ရုပ်သေးမျိုးနွယ်စုတွင်ပင် အားနည်းသူများ မဟုတ်ဘဲ အလယ်အလတ်ထိပ်တန်းအလွှာတွင် ပါဝင်နေသောကြောင့်ပင်။
ထို့အပြင် တစ်ဖက်လူများသည် လူသားမျိုးနွယ်စုအတွင်းသို့ ခိုးဝင်သွားခဲ့သော အဆင့်မြင့် သူလျှိုများလည်း ဖြစ်ကြပေသည်။
ယခုကဲ့သို့ လူသားမျိုးနွယ်စု၏ မြို့တော်အတွင်း၌ အသတ်ခံလိုက်ရခြင်းမှာ သဘာဝကျစွာပင် ရုပ်သေးမျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူအချို့ကို တုန်လှုပ်သွားစေခဲ့သည်။
"ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကွေ့ဝူယီ၊ ကွေ့ဝူအာ၊ ကွေ့ဝူဆန်းတို့အကုန်လုံး သေဆုံးသွားရတာလဲ။ သူတို့ရဲ့ ခြေရာလက်ရာတွေကိုများ ဖော်ထုတ်ခံလိုက်ရလို့လား...”
ရုပ်သေးမျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးမှာ မျက်နှာပျက်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် သူ၏ လက်ရုံးတပည့်များဖြစ်ပြီး ရုပ်သေးမျိုးနွယ်စုအတွက် သတင်းအချက်အလက်မြောက်မြားစွာကို ပေးပို့ခဲ့သောကြောင့်ပင် ဖြစ်၏။
ယခုလို သေဆုံးသွားခြင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုကြီးဟု ဆိုနိုင်ပေသည်။ ရုပ်သေးမျိုးနွယ်စုအနေဖြင့် အရေးကြီးသော သတင်းအချက်အလက် လမ်းကြောင်းတစ်ခု ဆုံးရှုံးသွားသည်နှင့် တူညီလေသည်။
အကြောင်းမူကား ရုပ်သေးမျိုးနွယ်စုဝင်တိုင်း မိမိကိုယ်ကို စတေး၍ ဝိညာဉ်ရုပ်သေး ပေါင်းစည်းခြင်းပညာရပ်ကို အသုံးပြုရန် ဆန္ဒရှိကြသည်မဟုတ်သောကြောင့်ပင်။
ရုပ်သေးမျိုးနွယ်စုဖြစ်လျှင်ပင် သင့်တော်သောသူကို ရှာဖွေရန်မှာ အတော်လေး ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
"မဖြစ်နိုင်ဘူး။ ကွေ့ဝူယီတို့က လူမိုက်တွေမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး အကြောင်းပြချက်မရှိဘဲ သူတို့ရဲ့ ခြေရာလက်ရာတွေကို ဖော်ထုတ်ခံရမှာလဲ။ အရေးအကြီးဆုံးက အခုငါတို့ သူတို့ကို ဘာတာဝန်မှလည်း မပေးထားဘူးလေ။
လောလောဆယ် သူတို့ရဲ့ အရေးအကြီးဆုံး တာဝန်က လူသားမျိုးနွယ်စုရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ပုန်းကွယ်နေဖို့ပဲ။ ပြဿနာရှာဖို့မှ မဟုတ်တာ...”
အခြားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် သူတို့သေသွားကြပြီလေ။ ပြီးတော့ ဖုန်းရှီးမြို့ထဲမှာ သေသွားကြတာ...”
"ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ...”
ခန္ဓာပေါင်းစည်းခြင်းအဆင့် ရုပ်သေးမျိုးနွယ်စုဝင် တစ်ဦးက မေးလိုက်၏။
"ငါတို့ ဖုန်းရှီးမြို့တော်မှာ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်တဲ့ ဟွေကွမ်နတ်ဘုရားကြေးမုံကို ချန်ထားခဲ့တာ ငါမှတ်မိတယ်...”
"ဒီကောင်းကင်အဆင့်ဝိညာဉ်ရတနာက ကွေ့ဝူယီရဲ့ လက်ထဲမှာ ရှိနေတာပဲ...”
ရုပ်သေးမျိုးနွယ် ကျင့်ကြံသူတစ်ဦး၏ မျက်လုံးများ၌ အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာလေသည်။
"နေပါဦး... မင်းဆိုလိုတာက ကွေ့ဝူယီဆီမှာရှိတဲ့ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာကို တစ်ယောက်ယောက်က ရိပ်မိသွားတယ်ဆိုတဲ့ သဘောလား...”
"ဒါကြောင့် တခြား လူသားကျင့်ကြံသူတွေ မျက်စိကျပြီး သတ်ဖြတ်လုယူခံလိုက်ရတာပေါ့...”
"အဲဒါကြောင့် သူက ဖုန်းရှီးမြို့တော်မှာ သေဆုံးသွားခဲ့ရတာပဲ...”
ထိုရုပ်သေးမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသည် သူ၏အဖော်ပြောလိုက်သော စကားအဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားလေ၏။
"ဟုတ်တယ်။ ဒီကိစ္စက အဲဒီလို ဖြစ်ဖို့များတယ်...”
"လူသားမျိုးနွယ်တွေရဲ့ စရိုက်က ရက်စက်ကြမ်းကြုတ်တယ်။ ကိုယ့်မျိုးနွယ်တူ အချင်းချင်းကိုတောင် ညှာတာမှုမရှိဘူး...”
"ကွေ့ဝူယီကသာ အဖိုးတန်ရတနာကို ထုတ်ပြမိပြီး တခြား အဆင့်မြင့် လူသားကျင့်ကြံသူတွေရဲ့ လိုချင်တပ်မက်မှုကို ခံလိုက်ရမယ်ဆိုရင် ဒါက နားလည်ရခက်တဲ့ ကိစ္စတော့ မဟုတ်ဘူး။
အပြစ်တင်ရမယ်ဆိုရင် ကွေ့ဝူယီတို့ကိုပဲ အပြစ်တင်ရမယ်။ သူတို့ မသေချာမရေရာဘဲ ရတနာကို ထုတ်ပြမိလို့ သေဘေးကို ဖိတ်ခေါ်သလို ဖြစ်သွားတာပဲ...”
"တောက်... ဒီလူသားမျိုးနွယ်က ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်ရတာလဲ။ သူများဆီမှာ ရတနာရှိတာကို မြင်တာနဲ့ ဘာမှမစဉ်းစားဘဲ သတ်ပစ်ကြတာပဲ။ ဒါက ဥပဒေမဲ့လွန်းတာ မဟုတ်ဘူးလား...”
"ဟူး... လူသားမျိုးနွယ်ဆိုတာ ဒီလိုမျိုးနွယ်ပဲလေ။ အကျိုးအမြတ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲကြတယ်။ တကယ်တော့ ဒီလိုကိစ္စက ပထမဆုံးအကြိမ် ဖြစ်ဖူးတာမှ မဟုတ်တာ။
အရင်တုန်းကလည်း ငါတို့ရုပ်သေးမျိုးနွယ်က သူလျှိုတချို့ စိတ်ဝိညာဉ်ရုပ်သေးရုပ်ပညာရပ်ကို သုံးပြီး ဝင်ရောက်ခဲ့သေးတယ်။ ဘယ်သူက ထင်မှာလဲ။ သူတို့ရဲ့ ဇာတ်မြစ်ကို မဖော်ပြမိတာတောင် အင်မော်တယ်သလင်းကျောက်တချို့ ပေါက်ကြားသွားတာနဲ့ တခြား လူသားကျင့်ကြံသူတွေရဲ့ လုပ်ကြံတာကို ခံလိုက်ရတယ်။ ငါတို့ အပင်ပန်းခံပြီး စေလွှတ်ခဲ့ရတဲ့ သူလျှိုတွေက ဘာမှတောင် အသုံးမချလိုက်ရသေးခင် လူသားတွေရဲ့ လက်ချက်နဲ့ စိစိညက်ညက် ကြေသွားခဲ့ရတယ်...”
"လူသားမျိုးနွယ်က ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်လိမ့်မယ်လို့ မထင်ထားဘူး။ အချိန်တိုအတွင်းမှာ ဒီလောက်အထိ တိုးတက်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ဟွေကွမ်နတ်ဘုရားကြေးမုံကို ဘယ်လူသားကျင့်ကြံသူက ယူသွားတာလဲ။ ဒါက ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ ရတနာပဲ။ လူသားမျိုးနွယ်လက်ထဲ အရောက်ခံလို့မဖြစ်ဘူး...”
"စိတ်မပူပါနဲ့။ သူတို့ကို ခဏပေးထားရုံတင်ပါ။ မှော်ရတနာထိန်းချုပ်မန္တန်မရှိရင် တစ်ဖက်လူက ဟွေကွမ်နတ်ဘုရားကြေးမုံကို ရသွားရင်တောင် ထင်းတစ်ချောင်းနဲ့ သိပ်မကွာပါဘူး။ အနှေးနဲ့အမြန် ငါတို့ ပြန်ယူနိုင်မှာပါ...”
"သူလျှိုတွေကို ချက်ချင်းလွှတ်ပြီး စုံစမ်းခိုင်းလိုက်။ အဲဒီလူသားကျင့်ကြံသူသာ ဟွေကွမ်နတ်ဘုရားကြေးမုံကို ထုတ်ပြတာနဲ့ သူက လူသတ်သမားပဲ ဖြစ်ရမယ်။ အဲဒီအချိန်ကျရင် ငါတို့ရုပ်သေးမျိုးနွယ်က ချက်ချင်း လူလွှတ်ပြီး အဲဒီကောင်ကို ဝိုင်းဝန်းချေမှုန်းမယ်...”
ရုပ်သေးမျိုးနွယ် ကျင့်ကြံသူများစွာသည် အံများကို ကြိတ်ကာ လက်စားချေရန် ဆန္ဒပြင်းပြနေကြ၏။
သူတို့၏ မျိုးနွယ်စုဝင်များကို သတ်ဖြတ်ခြင်းမှာ ကိစ္စမရှိလှသော်လည်း ဟွေကွမ်နတ်ဘုရားကြေးမုံကိုပါ လုယူသွားခြင်းကမူ သူတို့အတွက် သည်းခံနိုင်စရာ မရှိပေ။
............