← Chapters

အခန်း ၇၇၅

Vol. 73 Ch. 775

အခန်း ၇၇၅

Vol. 73 Ch. 775

အခန်း (၇၇၅) - အဆုံးမဲ့မိုးကြိုးပင်လယ် ဓမ္မသဏ္ဌာန်၊ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ ဟွေကွမ်နတ်ဘုရားကြေးမုံ၊ မိုးကြိုးအင်မော်တယ်စံအိမ်တော်၏ အခွင့်အရေး(၅)။

ရက်အနည်းငယ် ကြာပြီးနောက်။

ကျိုးစွေ့သည် အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော ဟွေကွမ်နတ်ဘုရားကြေးမုံထံမှ မှော်ရတနာထိန်းချုပ်မန္တန်ကို နားလည်သဘောပေါက်သွားခဲ့လေသည်။

ယင်းသည် ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာအား အလုံးစုံ သန့်စင်လိုက်နိုင်ခြင်းဖြစ်ပြီး၊ သူ့အပိုင် မှော်ရတနာများထဲမှ တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထို့ကြောင့် သူသည် ဟွေကွမ်နတ်ဘုရားကြေးမုံ၊ ရှန်းဟိုင်ပုလဲနှင့် 'ကူ' ပိုးကောင်များစွာကို ယူဆောင်သွားရန် ကိုယ်ပွားတစ်ခုအား စေလွှတ်ကာ မိုးကြိုးအင်မော်တယ်စံအိမ်ဆီသို့ သွားစေလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ကံကြမ္မာအကျိုးပေးသည်လည်း ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း အာရုံခံမိရာ ဖုန်းရှီးမြို့တော်တွင် အချိန်ဖြုန်းနေ၍ မရနိုင်တော့သောကြောင့်ပင် ဖြစ်၏။

ထိုသို့မဟုတ်လျှင် ကံကြမ္မာအကျိုးပေးကို လက်လွတ်ဆုံးရှုံးရပြီး ကံတရားများ ဆုံးရှုံးသွားမည်သာ ဖြစ်လေသည်။

သိပ်မကြာခင်မှာပင် သူသည် 'တည်နေရာပြောင်းကူ'ကို အသုံးပြု၍ မိုးကြိုးအင်မော်တယ်စံအိမ်အနီးသို့ ချက်ချင်း ရောက်ရှိသွားကာ၊ သူ၏တည်ရှိမှုကို မည်သူမျှ မသိစေရန် ၎င်း၏ အငွေ့အသက်များကို ဖုံးကွယ်ထားလိုက်၏။

"ဒါက မိုးကြိုးအင်မော်တယ်စံအိမ်လား...”

ကျိုးစွေ့က ရှေ့သို့ လှမ်းကြည့်လိုက်၏။

တောင်တန်းများကြားတွင် တည်ရှိနေသော ခရမ်းရောင် နန်းတော်ကြီးတစ်ခုကို သူမြင်တွေ့လိုက်ရသည်။ ၎င်း၏ပတ်လည်တွင် သိပ်သည်းလှသော တားမြစ်အစီအရင်များဖြင့် ပြည့်နှက်နေပြီး၊ ကျင့်ကြံသူများ ဝင်ရောက်ခြင်းမှ တားဆီးထားသော ကြီးမားလှသည့် အစီအရင်နယ်မြေတစ်ခုကို ဖန်တီးထားလေသည်။

ယင်းအထက်တွင် နက်နဲလှသော စွမ်းအားများ ပါဝင်နေသည့် အင်မော်တယ်စာလုံးများ၊ အင်မော်တယ်အဆောင်များဟု ထင်ရသော ရုန်းသင်္ကေတများစွာ ပေါ်ထွက်နေ၏။

သို့ရာတွင် ၎င်းတို့သည် အလွန်နက်နဲလွန်းလှသဖြင့် လုံးဝ နားမလည်နိုင်ပေ။

ကောင်းကင်ထက်တွင်လည်း တစ်ခါတစ်ရံ မိုးကြိုးများ ကျဆင်းလာကာ ဟိန်းဟောက်သံများ ထွက်ပေါ်နေတတ်၏။

ဤဒေသတစ်ခုလုံးသည် မိုးကြိုးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။

သာမန်ကျင့်ကြံသူများသာ ချဉ်းကပ်သွားပါက မိုးကြိုးပစ်ခံရပြီး အပိုင်းပိုင်းအစစ သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ချေသည်။

ဤအင်မော်တယ်စံအိမ်၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ခန့်မှန်းကြည့်နိုင်သည်။ မဟာယာနအဆင့် ကျင့်ကြံသူများ ချဉ်းကပ်လာလျှင်ပင် အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်ချေ။

'ဟမ်...'

မိုးကြိုးအင်မော်တယ်စံအိမ်အနီးသို့ ရောက်ရှိသွားပြီးနောက် ကိုယ်ပွားကျိုးစွေ့သည် နှလုံးသားမျက်လုံးစွမ်းအားကို ချက်ချင်း အသုံးပြုကာ မိုင်သိန်းချီ ကျယ်ဝန်းသော နယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်လေသည်။

ပထမဆုံးအနေဖြင့် မိုးကြိုးအင်မော်တယ်စံအိမ်အနီးတွင် စောင့်ကြပ်နေကြသော အစွမ်းထက်မျိုးနွယ်စုများကို သူ အာရုံခံမိလိုက်၏။

လူသားမျိုးနွယ်၊ မြွေပျံမျိုးနွယ်၊ ရွှေဖားပြုပ်မျိုးနွယ်၊ ရုပ်သေးမျိုးနွယ်၊ သန့်စင်ခြင်္သေ့မျိုးနွယ်၊ ကောင်းကင်ကျားမျိုးနွယ်၊ လေကျားသစ်မျိုးနွယ် စသည်တို့ ဖြစ်ကြ၏။

သူတို့သည် နေရာတစ်ခုစီကို ကိုယ်စီ သိမ်းပိုက်ထားကြသည်။

ထို့အပြင် အနီးနားတွင် စခန်းများတည်ဆောက်ထားပြီး ၎င်းတို့၏ကိုယ်ပိုင် တားမြစ်အစီအရင်များကို ချထားကြလေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာပင် ဤနေရာတွင် ရှိနေကြ၏။

မဟာယာနအဆင့် ကျင့်ကြံသူများကား မရှိပေ။

သူတို့သည် မိုးကြိုးအင်မော်တယ်စံအိမ်ကို အရေးမစိုက်ဘဲ ဤရှုပ်ထွေးနေသော ကိစ္စများတွင် ပါဝင်ပတ်သက်လိုခြင်း မရှိ၍ ဖြစ်နိုင်သည်။

အရေးအကြီးဆုံးမှာ ထိုအဆင့်ရှိသူများသည် လွယ်လွယ်နှင့် လှုပ်ရှားလေ့မရှိခြင်းပင် ဖြစ်၏။

ထိုသို့မဟုတ်ပါက မျိုးနွယ်စုနှစ်ခုအကြား စစ်ပွဲဖြစ်ပွားသွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် မဟာယာနအဆင့် ကျင့်ကြံသူများသည် မျိုးနွယ်စုအသီးသီး၏ ပင်မကျောရိုးများဖြစ်ရာ၊ သူတို့ ကျဆုံးသွားပါက မျိုးနွယ်စုတစ်ခုလုံး၏ အတက်အကျအပေါ် သက်ရောက်မှု ရှိသွားမည် ဖြစ်သောကြောင့်ပင်။

မလွှဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍ မဟာယာနအဆင့် ကျင့်ကြံသူများသည် အလွယ်တကူ လှုပ်ရှားမည်မဟုတ်ပေ။

အင်မော်တယ်စံအိမ်ရှိ ရတနာများသည် လူတိုင်း၏ သွားရည်ကျချင်စရာ ကောင်းသည်မှာ မှန်ပေ၏။

သို့သော် မျိုးနွယ်စု၏ အတက်အကျနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်စံအိမ်ရှိ ရတနာများကို မရရှိလျှင်ပင် မျိုးနွယ်စုသည် ကျဆင်းသွားမည် မဟုတ်သောကြောင့်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားပြီး အချိန်တိုအတွင်း ဒုတိယမြောက် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်မလာပါက၊ မျိုးနွယ်စုသည် လုံးဝ ကျဆင်းသွားမည်သာ ဖြစ်ချေသည်။

'တကယ်ကို နှလုံးသားမျက်လုံးစွမ်းအားက အတိုင်းအဆမသိ နက်နဲဆန်းကြယ်တာပဲ...’

'ခန္ဓာပေါင်းစည်းခြင်းအဆင့်က စွမ်းအားရှင်တွေတောင်မှ နှလုံးသားမျက်လုံးစွမ်းအားရဲ့ တည်ရှိမှုကို မသိနိုင်ကြဘူး...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

အစောပိုင်းက သူသည် နှလုံးသားမျက်လုံးစွမ်းအားကို စမ်းသပ်ကြည့်ရုံသာဖြစ်ပြီး၊ ဤဒေသရှိ ကျင့်ကြံသူမည်သူမျှ သူ၏ စုံစမ်းထောက်လှမ်းမှုကို သတိမထားမိကြချေ။

အကယ်၍ နတ်ဘုရားအာရုံစွမ်းအားကိုသာ အသုံးပြုခဲ့ပါက အခြားကျင့်ကြံသူများ သိရှိသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထိုမျှမက အခြားကျင့်ကြံသူများကို ဒေါသထွက်စေပြီး တိုက်ပွဲကြီးတစ်ရပ်ပင် ဖြစ်ပွားသွားနိုင်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများအတွက် နတ်ဘုရားအာရုံစွမ်းအားကို အသုံးပြုကာ အခြားသူများကို ထင်သလို စုံစမ်းထောက်လှမ်းခြင်းသည် ချောင်းမြောင်းကြည့်ရှုခြင်းနှင့် သိပ်မကွာသောကြောင့် ဖြစ်၏။

ယင်းသည် ပဋိပက္ခများ၊ သို့မဟုတ် သူသေကိုယ်သေ တိုက်ပွဲများအထိပင် ဖြစ်ပေါ်လာနိုင်သည်။

သို့ရာတွင် သူ နှလုံးသားမျက်လုံးစွမ်းအားကို အသုံးပြုလိုက်သော်လည်း မည်သည့် ကျင့်ကြံသူထံမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

ဤသည်ကပင် ဤစွမ်းအားသည် နတ်ဘုရားအာရုံထက် သာလွန်ပြီး၊ ထိုကျင့်ကြံသူများ သတိမထားမိနိုင်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ဤသည်က ကျိုးစွေ့အတွက်လည်း ကောင်းမွန်သောအရာ ဖြစ်၏။

ကြီးမားသော လျှို့ဝှက်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ဖြစ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

'ဒါပေမဲ့ မိုးကြိုးအင်မော်တယ်စံအိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ဘူး...’

ကျိုးစွေ့က မျက်လုံးများကို ‌မှေးကျဉ်းလိုက်၏။

ယခုအချိန်တွင် မိုးကြိုးအင်မော်တယ်စံအိမ်၏ ဝင်ပေါက်ကို မျိုးနွယ်စုအသီးသီးက သိမ်းပိုက်ထားပြီး ဖြစ်၏။

ဤမျိုးနွယ်စုများမှ သက်ရှိများမှလွဲ၍ ကျန်လူများ အလွယ်တကူ ချဉ်းကပ်ခွင့် မရှိပေ။

ထိုသို့မဟုတ်ပါက မျိုးနွယ်စုများ၏ ဝိုင်းဝန်းချေမှုန်းခြင်းကို ခံရပြီး အရိုးများပင် ကျန်ရစ်မည်မဟုတ်ချေ။

ထို့အပြင် မည်သည့်သက်ရှိမဆို အဝင်အထွက် ပြုလုပ်ရာတွင် ဤအင်မော်တယ်စံအိမ်၏ ဝင်ပေါက်မှတစ်ဆင့်သာ သွားရမည် ဖြစ်သည်။

ယင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်စံအိမ်တစ်ခုလုံးတွင် အဝင်အထွက် ပြုလုပ်နိုင်သော နေရာတစ်ခုတည်းသာ ရှိသောကြောင့်ပင်။

သေချာသည်မှာ အကယ်၍ သူ၏ လူသားဇာတ်မြစ်ကို အသုံးပြုမည်ဆိုပါက လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် မိုးကြိုးအင်မော်တယ်စံအိမ်သို့ တရားဝင် ဝင်ရောက်နိုင်မည် ဖြစ်သော်လည်း၊ သူ ထိုသို့မလုပ်လိုပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ပါက သူ၏ သွားလာလှုပ်ရှားမှုများကို ဖော်ပြလိုက်သလိုဖြစ်ပြီး အကျိုးထက်အပြစ်က ပိုများနေမည် ဖြစ်သောကြောင့်ပင်။

'အင်း... မဟုတ်သေးဘူး...’

'ငါက မိုးကြိုးအင်မော်တယ်စံအိမ်ထဲကို ဝင်ဖို့တောင် မလိုဘူးထင်တယ်...’

ထိုအချိန်တွင်ပင် ကျိုးစွေ့၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး 'ကံကြမ္မာကူ'ထံမှ လျှို့ဝှက်ဆန်းကြယ်သော သတင်းစကားတစ်ခုကို ရရှိလိုက်လေသည်။ ၎င်းက အကြီးမားဆုံးသော ကံကြမ္မာအကျိုးပေးကို ရယူလိုပါက မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ရန် လုံးဝ မလိုအပ်ကြောင်း ပြောဆိုနေပုံရ၏။

ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူသာ မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ပါက ကပ်ဘေးများနှင့် ကြုံတွေ့ရနိုင်ပြီး အကျိုးထက်အပြစ်က ပိုများနိုင်သည်။

ဝုန်း...။

ချက်ချင်းပင် 'ကံကြမ္မာကူ'၏ စွမ်းအားမှတစ်ဆင့် သူသည် မိုးကြိုးအင်မော်တယ်စံအိမ်မှ မိုင်သောင်းချီ ကွာဝေးသော နေရာတစ်ခု၌ ကြီးမားလှသော ရွှေရောင်အလင်းလုံးကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

မှန်ပေသည်၊ ဤသည်မှာ ကံကြမ္မာအကျိုးပေး အလင်းလုံးကြီး ဖြစ်၏။

ထိုနေရာတွင် နေထိုင်ရုံဖြင့် ကံကြမ္မာအကျိုးပေးကို သဘာဝအလျောက် ရရှိနိုင်မည် ဖြစ်ပေသည်။

ရွှစ်...။

ကျိုးစွေ့သည် အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သေချာနားမလည်သော်လည်း 'ကံကြမ္မာကူ'၏ အစွမ်းထက်မှုကိုမူ သူသိရှိထား၏။ ယင်းသည် ကံတရား၏ စွမ်းအားများကို တွန်းအားပေးနိုင်ပြီး အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် ဤသို့လုပ်ဆောင်ရခြင်းတွင် အကြောင်းရင်းတစ်ခု ရှိရမည်မှာ သေချာလှသည်။

ဤသည်ကို တွေးမိသည်နှင့် ကျိုးစွေ့၏ပုံရိပ်သည် လျှပ်တစ်ပြက် လှုပ်ရှားသွားကာ 'တည်နေရာပြောင်းကူ'၏ စွမ်းအားကို အသုံးပြု၍ မိုးကြိုးအင်မော်တယ်စံအိမ်နှင့် ဝေးရာသို့ ချက်ချင်း ထွက်ခွာသွားလေသည်။

သိပ်မကြာခင်မှာပင် သူသည် လျှို့ဝှက်တောင်ကြားတစ်ခုထဲသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေလေသည်။

ရှေးဟောင်းသားရဲများပင် မရှိဘဲ သာမန်နေရာတစ်ခုနှင့် တူနေကာ၊ ကံကြမ္မာအကျိုးပေးရှိမည့် နေရာနှင့် လုံးဝမတူချေ။

'ဒီလိုလား။ ကံကြမ္မာအကျိုးပေးကို ရယူဖို့ အချိန်မတန်သေးတာပဲ...'

'ငါ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ လိုသေးတယ်...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ဤသည်ကို တွေးမိသည်နှင့် သူသည် ချက်ချင်း တည်ငြိမ်သွားကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ စိတ်အေးချမ်းသာစွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။

သူ့အတွက်မူ ဤသည်မှာ ဆိုးရွားသော ကိစ္စမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မိုးကြိုးအင်မော်တယ်စံအိမ်အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိနိုင်သည့်အတွက်၊ အထဲသို့ ဝင်ရောက်ကာ စွန့်စားရန် မလိုအပ်သောကြောင့်ပင်။

အနည်းငယ်ပေါ့ဆမိပါက ထိုအတွင်း၌ ကျဆုံးသွားပြီး ခန္ဓာကိုယ်ပျက်စီးကာ တာအို ပျောက်ကွယ်သွားနိုင်ချေ ရှိလေသည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ထပ်မံ ကြာမြင့်သွားခဲ့ပြန်၏။

ဤကာလအတွင်း အရာအားလုံးသည် လှိုင်းလေငြိမ်လှိုင်းသက်နေပြီး ထူးခြားမှု တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။

သို့သော် မိုးကြိုးအင်မော်တယ်စံအိမ်အတွင်း၌မူ ပူပြင်းနေဆဲဖြစ်ပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာ အဝင်အထွက်ပြုလုပ်ကာ အင်မော်တယ်စံအိမ်အတွင်းရှိ ရတနာများကို တူးဖော်ရန် ကြိုးစားနေကြ၏။

အင်မော်တယ်စံအိမ်အတွင်းတွင် ကြမ်းတမ်းပြင်းထန်သော သေရေးရှင်ရေး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေလေသည်။

တစ်နည်းအားဖြင့် မျိုးနွယ်စုအသီးသီး၏ စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်။

သို့ရာတွင် တကယ်တမ်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှ၏။

ထို့အပြင် တကယ်တမ်း အဖိုးတန်ရတနာများကို ရရှိခဲ့လျှင်ပင် ထိုအဆင့်မြင့် ကျင့်ကြံသူများ၏ လုယူခြင်းကို ခံလိုက်ရလေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ အလှည့်သို့ လုံးဝ ရောက်မလာခဲ့ပေ။

ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် အသက်စွန့်ကာ ပင်ပန်းဆင်းရဲစွာ ကြိုးပမ်းခဲ့သော်လည်း၊ သာမန် ရတနာအချို့ကိုသာ ရရှိခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။

သူတို့၏ ပေးဆပ်မှုနှင့် ရရှိလာသော အကျိုးအမြတ်မှာ လုံးဝ အချိုးမညီခဲ့ချေ။

သို့သော် ဤသည်မှာလည်း မတတ်နိုင်သော ကိစ္စတစ်ခုသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အင်အားနည်းပါးသူများသည် အင်အားကြီးသူများ၏ ခေါင်းပုံဖြတ်ခြင်းကို ခံရမည်သာ ဖြစ်၏။ ဤသည်မှာ ဤလောက၏ အင်အားကြီးသူသာ ရှင်သန်ခွင့်ရှိသည့် ဥပဒေသပင် ဖြစ်လေသည်။

‘ဟမ်...'

ထိုအချိန်တွင်ပင် ကျိုးစွေ့က ရုတ်တရက် မျက်လုံးဖွင့်ကာ အဝေးသို့ လှမ်းကြည့်လိုက်လေသည်။

မိုးကြိုးအင်မော်တယ်စံအိမ်၌ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြီဖြစ်ကြောင်းကို သူ အာရုံခံမိလိုက်တော့သည်။

All Chapters