← Chapters

အခန်း ၃၅၆

Vol. 35 Ch. 356

အခန်း ၃၅၆

Vol. 35 Ch. 356

အခန်း (၃၅၆) ဓားတစ်ချက်ဖြင့် ပင်လယ်ကို ချိတ်ပိတ်ခြင်း

ဘုန်း...

တပ်စခန်းတစ်ခုလုံးတွင် အက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ချန်ဟန်ကျုံး၏ ပုံရိပ်က နောက်သို့ လွင့်ထွက်သွား၏။ သူက အိမ်အလုံးပေါင်းများစွာကို ဖြတ်သန်း ပေါက်ထွက်သွားပြီး နောက်ဆုံးတွင် ခြံဝင်းနံရံတစ်ခု၌ ဝင်စိုက်သွားကာ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးကျလာသည်။

ဓားတစ်ချက်တည်းနှင့်ပင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သေလုမျောပါး ဖြစ်သွားရ၏။

ချန်ဟန်ကျုံး၏ ချီစွမ်းအင်များ သိသိသာသာ ကျဆင်းသွားသည်ကို အာရုံခံမိလိုက်သောအခါ သူ့အနီးရှိ အတွင်းကလီစာသန့်စင်ခြင်း အဆင့် စစ်သူကြီးများပင် ကြက်သေသေသွားကြသည်။

ဤသည်က မည်သို့သော စွမ်းအားမျိုးနည်း။ တိုက်ကွက်တစ်ကွက်တည်းဖြင့် ချန်ဟန်ကျုံးကို သေလုမျောပါး အခြေအနေသို့ ရောက်သွားစေခဲ့သည်။

ချန်ဟန်ကျုံး၏ ချီစွမ်းအင် ကျဆင်းသွားသည့် နှုန်းထားအရသာဆိုလျှင် အချိန်မီ မကုသပါက ခဏအကြာတွင် သူ သေချာပေါက် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

ကျီကျောက်ဝမ်၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာ၏။ ချန်ဖေး ကိုယ်ဖော့ပညာ ထုတ်သုံးလိုက်သည်ကို မြင်ကတည်းက သူ အံ့ဩနေခဲ့ပြီ ဖြစ်သော်လည်း ချန်ဟန်ကျုံးကို သတိပေးရန် အချိန်ပင် မရလိုက်ဘဲ ချန်ဖေး၏ ဓားချက်က ပိုင်းချပြီးနေပြီ ဖြစ်သည်။

ဤဓားချက်က ကျီကျောက်ဝမ်ကို အပြည့်အဝ ကြောက်လန့်သွားစေခဲ့သည်။

တောင်တန်းချိတ်ပိတ် ဓားသိုင်း၏ ဓားသိုင်းများအနက်မှ တစ်ခုကိုသုံးသော ချန်ဟန်ကျုံးကို တိုက်ရိုက် သေလုမျောပါး ဖြစ်သွားစေရန် ယာရှန်းဂိုဏ်းထဲတွင် မည်သူမျှ မလုပ်နိုင်သကဲ့သို့ ကျီကျောက်ဝမ်ကိုယ်တိုင်လည်း မလုပ်နိုင်ပေ။

ဤမျှ အာဏာရှင်ဆန်ပြီး ကျိုးကြောင်းမဆီလျော်သော စွမ်းအားမျိုးက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ယောက်တွင် ရှိနေရန် မသင့်တော်ချေ။

မှန်သည်။ ဤသည်က ချန်ဖေး အစွမ်းကုန် ထုတ်သုံးထားခြင်း ဖြစ်သည်။ သူ၏ စွမ်းအားအဆင့်ကို ကျီကျောက်ဝမ် သိရှိသွားစေရန် ဖြစ်၏။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ဆိုသည်မှာ သူ့ကျင့်ကြံမှုနှင့် ညီမျှသော်လည်း ချန်ဖေး ပြသလိုက်သည့် စွမ်းအားက သူ့ထက် များစွာ သာလွန်နေသည်။

သူ့အတွက် မမှီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

ချန်ဖေးက ကျီကျောက်ဝမ်ကို လှည့်ကြည့်လိုက်သောအခါ ကျီကျောက်ဝမ်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် သူ၏အနီးရှိ စစ်သားများကလည်း အနားသို့ မရောက်လာကြသေးသကဲ့သို့ အစီအရင်လည်း မပွင့်သေးချေ။

ထိုဓား၏ ထက်မြက်လှသော အရှိန်အဝါကို ယခု ကျီကျောက်ဝမ် တစ်ယောက်တည်း ရင်ဆိုင်ရမည် ဖြစ်သည်။

သူ ဝန်မခံချင်သော်လည်း ကျီကျောက်ဝမ် အမှန်တကယ်ပင် အနည်းငယ် ကြောက်ရွံ့နေမိပြီ ဖြစ်၏။

အစောက သူ ကြုံးဝါးခဲ့သော စကားများကိုမူ လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။

ကျီကျောက်ဝမ်၏ အနည်းငယ် ထိတ်လန့်နေသော မျက်လုံးများကို ကြည့်ကာ ချန်ဖေးက ဘာမှမပြောဘဲ လှည့်၍ တပ်စခန်းပြင်ပသို့ ပြေးထွက်သွား၏။

ကျီကျောက်ဝမ်က တံတွေးမြိုချလိုက်ပြီး မလှုပ်မယှက် ရပ်နေမိသည်။

ရုတ်တရက် ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် အနည်းငယ်၏ ချီစွမ်းအင်များက မြို့စားမင်း စံအိမ်ဘက်မှ ထွက်ပေါ်လာပြီး ကျီကျောက်ဝမ်၏ အာရုံထဲသို့ ဝင်ရောက်လာ၏။ ထိုချီစွမ်းအင်များ၏ တည်နေရာက ယခု ဤနေရာနှင့် အတော်လေး နီးကပ်နေပြီ ဖြစ်သည်။

"ဂိုဏ်းတူအစ်ကို ကျီ... ထောင်ဖောက်တဲ့သူကို ဖမ်းမိပြီလား..."

ရွှီယန်ရှင်း၏ အသံက အဝေးမှ ထွက်ပေါ်လာပြီး ထိုအသံထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့် ပါဝင်နေ၏။

ကျီကျောက်ဝမ်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။ ချန်ဖေး ထွက်ပြေးသွားသည့် ကျောပြင်ကို ကြည့်ကာ ချန်ဖေး ပြသခဲ့သည့် ကိုယ်ဖော့ပညာ အရှိန်ကြောင့် သူ တားဆီးချင်သော်လည်း လုံးဝ တားဆီးနိုင်မည် မဟုတ်မှန်း သိလိုက်သည်။

သို့သော်လည်း မလှမ်းမကမ်းတွင် ထွက်ပြေးနေသည့် ရွမ်မိသားစုဝင် လူတစ်ဒါဇင်ကျော်ကိုမူ ကျီကျောက်ဝမ် တားဆီးနိုင်သေးသည်။ ထိုလူများကို တားဆီးထားနိုင်သရွေ့ ချန်ဖေး တစ်ယောက်တည်း ထွက်ပြေးမည် သို့မဟုတ် သူ့ကို ပြန်လည် ရင်ဆိုင်ရမည် ဖြစ်သည်။

"ညီအစ်ကိုကျီ... လူတွေကို ပေးမလွတ်စေနဲ့..."

ထူးဆန်းသော အသံတစ်သံက အဝေးမှ ထွက်ပေါ်လာ၏။

လာနေသူ၏ အသံကို ကြားလိုက်ရသောအခါ ကျီကျောက်ဝမ်က တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူ့လက်ထဲမှ လေးဖြင့် မြားတစ်ဒါဇင်ကျော်ကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။

မြားများက ဥက္ကာပျံများကဲ့သို့ ရွမ်မိသားစုဝင်များထံ လျင်မြန်စွာ ပြေးဝင်သွား၏။ တစ်ချိန်တည်းမှာပင် ကျီကျောက်ဝမ်၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားပြီး အတူတကွ ပြေးဝင်သွားသည်။

သူ၏ ဂိုဏ်းတူညီအစ်ကိုများကလည်း မဝေးတော့သည့် နေရာတွင် ရှိနေပြီ ဖြစ်၏။ ချန်ဖေး၏ အစောက ဓားချက်က အားကောင်းလှသော်လည်း သူသာ ဂရုတစိုက်ဖြင့် ခဏမျှ အချိန်ဆွဲထားနိုင်မည် ဆိုလျှင် ယုံကြည်ချက် အနည်းငယ် ရှိသေးသည်။

အချိန်ကျလာပါက အားလုံး ဝိုင်းရံလိုက်လျှင် ချန်ဖေးတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပါလာလျှင်ပင် ထွက်ပြေးနိုင်မည် မဟုတ်ချေ။

အနက်ရောင် ဓားပုတီးစေ့များက လက်ခနဲ ဖြစ်သွားပြီး ထိုမြားများ အားလုံး လေထဲတွင် ပေါက်ကွဲထွက်သွား၏။

ချန်ဖေးက သူ့ထံ ပြေးဝင်လာသော ကျီကျောက်ဝမ်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများ မှေးကျဉ်းသွားသည်။

မလှမ်းမကမ်းမှ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ၏ ချီစွမ်းအင်များကို ချန်ဖေး သဘာဝကျကျ အာရုံခံမိသည်။

သို့သော် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ချီစွမ်းအင်များ မပါဝင်ဘဲ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် နှစ်ယောက်သာ ပါဝင်ပေသည်။

"အဲဒီလူတွေကို ထားခဲ့လိုက်... မဟုတ်ရင် ခဏနေ ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး..."

ကျီကျောက်ဝမ်က ချန်ဖေးကို စိုက်ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချန်ဖေး၏ ကိုယ်ပွားအနားရှိ ရွမ်မိသားစုဝင်များ၏ မျက်နှာများထက်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်နေပြီ ဖြစ်သော်လည်း ကျီကျောက်ဝမ်၏ စကားများ နှင့် အဝေးမှ တမင်ထုတ်ဖော်ပြသနေသော ဒွာရသန့်စင်ခြင်း အဆင့် ချီစွမ်းအင်များကြောင့် အားလုံး၏ မျှော်လင့်ချက်များ ပြာကျသွားရသည်။

ဤမျှများပြားသော ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရချိန်တွင် လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို မယှဉ်နိုင်သဖြင့် ချန်ဖေးက သူတို့ကို စွန့်လွှတ်ရန်မှာ မလွှဲမရှောင်သာ ဖြစ်လာသည်။

သို့မဟုတ်ပါက ချန်ဖေး ကိုယ်တိုင်ပါ အသက်အန္တရာယ် ကြုံတွေ့ရမည် ဖြစ်၏။ ရွမ်မိသားစုဝင်များအနေဖြင့် ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်တစ်ယောက်က သူတို့ကို ကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် စတေးမည်ဟု လုံးဝ မျှော်လင့်မထားကြချေ။

ထိုသို့ပြုမူခြင်းဟာ လက်တွေ့မကျပေ။ သူတို့ကိုယ်တိုင်သာ ဆိုလျှင်လည်း ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ချူးဝမ်နီယန်၏ မျက်နှာက ခါးသီးမှုများဖြင့် ပြည့်နှက်သွား၏။ သူနှင့် သူ့မြေးမလေး ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ထင်မှတ်ထားသော်လည်း နောက်ဆုံးတွင် ဤသို့သော ဇာတ်သိမ်းမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဘဝက အဘယ်ကြောင့် ဤမျှ ခါးသီးရသနည်း။

"မင်းက မင်းရဲ့အသက်ကို ရှည်လွန်းတယ်လို့ ထင်နေတာလား..."

ချန်ဖေး၏ ကိုယ်အစစ်က ကျီကျောက်ဝမ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းက အစွမ်းထက်တယ် ဆိုပေမဲ့ ဒီမှာ ငါတို့ နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး..."

ကျီကျောက်ဝမ်၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လှောင်ပြောင်လိုက်၏။

သူ တစ်ယောက်တည်းသာ ဆိုလျှင် ချန်ဖေးကို အစောကအတိုင်း တားဆီးရဲမည် မဟုတ်ပေ။ သို့သော် ယခု အဝေးမှ ဂိုဏ်းတူအစ်ကိုများ အလျင်အမြန် လာနေပြီ ဖြစ်သဖြင့် တစ်ခဏမျှသာ တားဆီးရန် လိုအပ်သည်။

"ဟုတ်လား..."

ချန်ဖေး၏ စကားသံ အဆုံးတွင် ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးလိုက်သဖြင့် သူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး လေဟာနယ် ခရီးသွားခြင်းကဲ့သို့ ကျီကျောက်ဝမ်၏ ရှေ့တွင် ပေါ်လာ၏။

ချန်ဖေး၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ကျီကျောက်ဝမ် အထိတ်တလန့် ဖြစ်သွားသည်။ သူ၏ အမြင်အာရုံဖြင့်ပင် ပျံသန်းလာသော အရိပ်တစ်ရိပ်ကိုသာ မြင်တွေ့လိုက်ရ၏။

ဤသို့သော ကိုယ်ဖော့ပညာမျိုးက အစောက ချန်ဖေး ပြသခဲ့သည်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ပေသည်။

ဤသည်က ချန်ဖေး၏ အမှန်တကယ် အရှိန်ပင် ဖြစ်ရမည်။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင် မည်သို့လုပ်၍ ဤကိုယ်ဖော့ပညာမျိုး ရှိနေနိုင်မည်နည်း။ အစောက ပြသခဲ့သော စွမ်းအားမျိုးနှင့်ပါ ပေါင်းစပ်လိုက်လျှင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ယောက်အတွက် စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။

ဤသို့သော ကိုယ်ဖော့ပညာ၊ ဤသို့သော စွမ်းအားများကြောင့် ချန်ဖေးက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်တစ်ယောက်များ ဖြစ်နေမလားဟု ကျီကျောက်ဝမ် သံသယ ဝင်လာမိသည်။

အစောက ကျီကျောက်ဝမ်၏ အချိန်ဆွဲရန် အကြံအစည်မှာ အကွာအဝေးကို အသုံးပြု၍ ချန်ဖေးကို အစွမ်းကုန် မထွက်ပြေးနိုင်စေရန် တားဆီးရန် ဖြစ်သည်။ ယခု ချန်ဖေး၏ ဤမျှမြန်ဆန်သော အရှိန်ကို မြင်လိုက်ရသောအခါ အကွာအဝေး ဆိုသည်မှာ ရယ်စရာတစ်ခု ဖြစ်လာပြီး အချိန်ဆွဲရန် ဆိုသည်မှာလည်း ဟာသတစ်ခုသာ ဖြစ်သွားတော့သည်။

‘ပင်လယ်ချိတ်ပိတ် ဓားသိုင်း…’

ကျီကျောက်ဝမ်က လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ချီစွမ်းအင်များ တစ်ကိုယ်လုံးတွင် ဆူပွက်လာကာ အစောက ချန်ဟန်ကျုံး အသုံးပြုခဲ့သော သိုင်းကွက်နှင့် ဆင်တူသော်လည်း သိသိသာသာ ပိုမိုနက်နဲလှသော တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

ပင်လယ်ချိတ်ပိတ် ဓားသိုင်း ဆိုသည်မှာ တောင်တန်းချိတ်ပိတ် ဓားသိုင်းကို အခြေခံ၍ ထပ်မံ မြှင့်တင်ထားသော သိုင်းကွက် ဖြစ်ပြီး နောက်ဆုံး တိုက်ကွက်ကိုမူ ကောင်းကင်ချိတ်ပိတ် ဓားသိုင်းဟု ခေါ်ဆိုသည်။

ကောင်းကင်ချိတ်ပိတ် ဓားသိုင်း ဆိုသည်မှာ မည်မျှ မောက်မာလှသော အမည်နာမ ဖြစ်သနည်း။ သို့သော် အမှန်တကယ်သာ အောင်မြင်အောင် ကျင့်ကြံနိုင်ပါက ကာကွယ်ရေး စွမ်းအားမှာ ပြိုင်ဘက်ကင်း ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေး သက်သက် မဟုတ်ဘဲ တိုက်ခိုက်မှုပိုင်းဆိုင်ရာ ဓားသိုင်းများထဲတွင်လည်း ထိပ်တန်း အဆင့်တွင် ရှိပေသည်။

ချန်ဖေး ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်တွင် ကျင့်ကြံခဲ့သော ကြယ်တာရာ ဓားသိုင်း၊ ဆူးခက် ဓားသိုင်းတို့တွင်လည်း ဆင်တူသည့် သဘောတရားများ ပါဝင်သည်။ သေချာပေါက် ယာရှန်းဂိုဏ်း၏ ဤဓားသိုင်း သုံးကွက်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားပေလိမ့်မည်။

ကျီကျောက်ဝမ်၏ ဓားသိုင်း ဖြန့်ကျက်လာသည်နှင့်အမျှ မုန်တိုင်းထန်နေသော လှိုင်းလုံးကြီးများကဲ့သို့ အရှိန်အဝါများ ပျံ့နှံ့ထွက်ပေါ်လာပြီး ကျီကျောက်ဝမ်၏ အမူအရာကလည်း ရုတ်ခြည်း တည်ကြည်သွား၏။

ပတ်ဝန်းကျင်ရှိ ယွမ်ချီစွမ်းအင်များ အဆက်မပြတ် လှုပ်ခတ်လာပြီး ကြီးမားလှသော စွမ်းအားကြီးတစ်ခုက ဒေါသတကြီး ရိုက်ခတ်လာသော လှိုင်းလုံးကြီးများအလား ဆူပွက်လာသည်။

ချန်ဖေး၏ ဆံပင်များ နောက်သို့ လွင့်ထွက်သွား၏။ ချန်ဖေးက ဤငရဲကဲ့သို့သော ဖိအားကို လျစ်လျူရှု၍ သူ့လက်ထဲမှ ချန်ယွမ်ဓားဖြင့် ရှေ့သို့ ထိုးစိုက်လိုက်သည်။

ထူထပ်သိပ်သည်းလှသော ပင်လယ်ရေပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ခံစားရပြီး စွမ်းအားများက အလိုအလျောက် အနည်းငယ် လျော့ကျသွား၏။ ဓားသွားက ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ ဤခံစားချက်က ပိုမို သိသာလာလေလေ ဖြစ်သည်။

"ဂါး..."

နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံကြီးက ချန်ဖေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ချန်ဖေး၏ ရှေ့တွင် ကာဆီးနေသော ဓားဆန္ဒနံရံများ လှုပ်ခတ်သွားကာ ဧရာမ ခွန်အားကြီး တစ်ခုကြောင့် အတင်းအကျပ် ဖယ်ရှားခံလိုက်ရသည်။

ကျီကျောက်ဝမ်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာ၏။ သူ၏ မူလစွမ်းအားများ ဆက်တိုက် ဆူပွက်လာပြီး နဖူးထက်မှ သွေးကြောစိမ်းများ ထောင်ထလာကာ ချန်ယွမ်ဓားကို ဧရာမ ခွန်အားဖြင့် ဖယ်ရှားနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် ကျီကျောက်ဝမ် မည်မျှပင် ကြိုးစားစေကာမူ ချန်ယွမ်ဓား၏ ဓားသွားက ထိုးဖောက်ဝင်ရောက်လာသည်ကိုသာ ရပ်ကြည့်နေနိုင်တော့သည်။ ချန်ယွမ်ဓား မျက်နှာပြင်ပေါ်ရှိ အနက်ရောင် လှိုင်းဂယက်များက ဆူပွက်နေသော လှိုင်းလုံးကြီးများ၏ ဧရာမ ခွန်အားကို သယ်ဆောင်ထားသကဲ့သို့ ရှိနေ၏။

ပင်လယ်ချိတ်ပိတ် ဓားသိုင်းမှာ ဤစွမ်းအားရှေ့တွင် ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားလုနီးပါး ဖြစ်သွားသည်။ လုံးဝ ခုခံ၍မရသကဲ့သို့ အင်အားလည်း ကင်းမဲ့နေ၏။

ဘုန်း...

ပင်လယ်ချိတ်ပိတ် ဓားသိုင်း အပြည့်အဝ ပေါက်ကွဲထွက်သွားပြီး ကျီကျောက်ဝမ် ခေါင်းမော့၍ သွေးမြူများ တစ်ပွက် တဟွတ်ဟွတ် အန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူလျော့သွားပြီး တစ်ကိုယ်လုံးရှိ မူလစွမ်းအားများက တစ်ခဏချင်းမှာပင် ထိန်းချုပ်မရအောင် သောင်းကျန်းလာ၏။

ကျီကျောက်ဝမ်မှာ သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများ အဆက်မပြတ် ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ထိန်းညှိရန် ကြိုးစားသော်လည်း မည်သည့်နေရာမှ စတင် ထိန်းညှိရမည်ကို မသိတော့ချေ။ ထိုအခိုက်တွင် ကျီကျောက်ဝမ်မှာ ခုခံနိုင်စွမ်း အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ကျီကျောက်ဝမ်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ သူ၏ စွမ်းအားက ချန်ဖေးကို မမီမှန်း သိသော်လည်း တိုက်ကွက် အနည်းငယ်လောက်တော့ ယှဉ်နိုင်မည်ဟု သူ ထင်ထားခဲ့သည်။

သို့သော် သူ၏ ပင်လယ်ချိတ်ပိတ် ဓားသိုင်းကို ထုတ်သုံးပြီးသည့်တိုင် တိုက်ကွက် တစ်ကွက်တည်းဖြင့် ထိပ်တိုက် ရိုက်ချိုးခံလိုက်ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဤသည်က ယာရှန်းဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားရသော အမွေအနှစ် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ယခု ချန်ဖေး၏ ရှေ့တွင်မူ ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လုံးဝ အားနည်းလွန်းလှသည်။

"ရပ်လိုက်စမ်း..."

စိုးရိမ်တကြီး အော်ဟစ်သံ တစ်သံက အဝေးမှ ထွက်ပေါ်လာ၏။ ချန်ဖေး လှည့်ကြည့်လိုက်သောအခါ ရှန်ဝူမြို့အပြင်ဘက်တွင် တစ်ခေါက် ဆုံဖူးသော ယာရှန်းဂိုဏ်းမှ အကြီးအကဲ လျန်ကျုံးဖူ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထို့အပြင် ယခု လျန်ကျုံးဖူ၏ ဘေးတွင် ရွှီယန်ရှင်းအပြင် ချန်ဖေး မျှော်လင့်မထားသော သူတစ်ယောက်ပါ ပါလာသည်။ သူကတော့ နတ်တိမ်ဓားဂိုဏ်းမှ ဟုန်ယွမ်ဖုန်းပင် ဖြစ်သည်။

ရှင်းဖန်မြို့တွင် သူ့အပေါ် သတ်ဖြတ်လိုစိတ် အနည်းငယ် ပြသခဲ့ဖူးသော နတ်တိမ်ဓားဂိုဏ်း၏ အကြီးအကဲနှင့် ယနေ့ ချင်ဟိုင်မြို့တွင် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ချန်ဖေး၏ အမူအရာက ရုတ်ခြည်း အနည်းငယ် ပြောင်းလဲသွား၏။ ယနေ့ သူ ရရှိခဲ့သော သတင်းများနှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ ဤသည်က ဟုန်ယွမ်ဖုန်းက ယာရှန်းဂိုဏ်းနှင့် ပူးပေါင်း၍ သူ့ကို ထောင်ချောက်ဆင်ထားခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ရွမ်မိသားစုဝင်များကို ငါးစာအဖြစ် အသုံးပြု၍ သူ့ကို ထွက်ပေါ်လာစေရန် သွေးဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ထွက်ပေါ်လာလျှင် အကောင်းဆုံး ဖြစ်ပြီး ထွက်မလာခဲ့လျှင်လည်း သူတို့အတွက် ဆုံးရှုံးစရာ ဘာမှမရှိပေ။ ဤသည်က ဟုန်ယွမ်ဖုန်း နောက်ဆုံးအချိန်မှ ဆုံးဖြတ်လိုက်သော ထောင်ချောက်တစ်ခုနှင့် ပိုတူပေသည်။

ယာရှန်းဂိုဏ်းအနေဖြင့် အဘယ်ကြောင့် ပူးပေါင်းရန် ဆန္ဒရှိသနည်း ဆိုလျှင် နတ်တိမ်ဓားဂိုဏ်းမှ အကြီးအကဲ တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက် စည်းရုံးသဖြင့် မျက်နှာပေးရခြင်း ဖြစ်ပေမည်။

ထို့အပြင် အစောပိုင်းက ရှန်ဝူမြို့အပြင်ဘက်တွင် ချန်ဖေးနှင့် ယာရှန်းဂိုဏ်းတို့ကြား ပြဿနာ အနည်းငယ် ရှိခဲ့ဖူးသည်။ ချက်ချင်းပင် အပေးအယူ တည့်သွားကြခြင်း ဖြစ်သည်။

ချင်ဟိုင်မြို့အတွင်း ချန်ဖေး၏ တည်နေရာကို ရရှိထားသော သတင်းအချက်အလက်များနှင့် ဆက်စပ်ကြည့်လိုက်ပါက ခန့်မှန်းချက်များက ဆယ်ပုံကိုးပုံခန့် မှန်ကန်နေပြီ ဖြစ်သည်။

ဤသည်က ချန်ဖေးကို အပြည့်အဝ ပစ်မှတ်ထားသော ထောင်ချောက်တစ်ခု ဖြစ်ပြီး ရွမ်မိသားစုဝင်များကမူ ရေထဲသို့ အဆွဲချခံလိုက်ရခြင်း ဖြစ်သည်။ ချန်ဖေးနှင့် သိကျွမ်းသူများ ဖြစ်နေခြင်းကြောင့်သာ ငါးစာ ဖြစ်သွားရခြင်း ဖြစ်၏

မတရားဘူးလား။ သေချာပေါက် မတရားပေ။ သို့သော် ဤလောကကြီးတွင် တစ်ခါတစ်ရံ ယုတ္တိမတန်မှုများက ဤသို့ပင် ဖြစ်တတ်သည်။ စွမ်းအား တစ်ခုတည်းကသာ ဤအရာအားလုံးကို ရှောင်လွှဲနိုင်ပြီး အခြေအနေကို ဖောက်ထွက်နိုင်စွမ်း ရှိသည်။

"ညီအစ်ကိုကျီက ငါတို့ နတ်တိမ်ဓားဂိုဏ်းရဲ့ မိတ်ဆွေပဲ... ချန်ဖေး... မင်း အမှားမလုပ်နဲ့နော်..."

ဤနေရာရှိ အခြေအနေကို မြင်လိုက်ရသောအခါ ဟုန်ယွမ်ဖုန်းက အေးစက်စွာ ခြိမ်းခြောက်လိုက်သည်

နတ်တိမ်ဓားဂိုဏ်းက အလွန်မြင့်မားသော နေရာတွင် ရှိနေပြီး ယခု နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ အခြေအနေများက ရှုပ်ထွေးနေသော်လည်း ထိပ်ဆုံး သုံးနေရာတွင် ပါဝင်နေဆဲ ဖြစ်သည်။

သေးငယ်သော ယွမ်ချန်ဓားဂိုဏ်းကဲ့သို့ နတ်တိမ်ဓားဂိုဏ်း မဟာမိတ်အဖွဲ့၏ အောက်ခြေအဖွဲ့ဝင် တစ်ခုက မည်သို့များ ပြန်လည် ခုခံရဲမည်နည်း။

ချန်ဖေး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ ဤခံစားချက်က ယခင်က ဟုန်ယွမ်ဖုန်း၏ တပည့်ဖြစ်သော ရှန်တင်းယန်ကို သတ်ဖြတ်ခဲ့ပြီးနောက် ခံစားခဲ့ရသည်နှင့် အလွန် တူညီနေသည်။

ထိုအချိန်က ချန်ဖေးမှာ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့သော်လည်း ယခုအခါ ဟုန်ယွမ်ဖုန်း၏ ကျင့်ကြံမှုအဆင့်က ယခင်အတိုင်းပင် ရှိနေသေးချိန်တွင် ချန်ဖေးကမူ အရိုးသန့်စင်ခြင်း အဆင့်မှ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ကူးပြောင်းရောက်ရှိနေပြီ ဖြစ်သည်။

"ရွှစ်..."

ချန်ယွမ်ဓားက လေထဲတွင် လည်ပတ်သွားပြီး ကျီကျောက်ဝမ်၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဓားတစ်ချက်က သူ၏ လည်ပင်းကို ဖြတ်တောက်သွားကာ သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။

All Chapters