← Chapters

အခန်း ၃၆၄

Vol. 35 Ch. 364

အခန်း ၃၆၄

Vol. 35 Ch. 364

အခန်း (၃၆၄) အဆင့်မြင့် မှော်ရတနာ

တစ်နာရီ ကြာပြီးနောက် နတ်တိမ်ဓားဂိုဏ်းက ယွီမိသားစုကို သတင်းပို့လိုက်၏။ အမွှေးတိုင်တစ်တိုင်စာ အချိန်ပင် မကြာလိုက်ဘဲ ယွီမိသားစုနှင့် နတ်တိမ်ဓားဂိုဏ်းတို့မှ လူတစ်ယောက်စီ ထွက်ခွာလာကြပြီး ရှန်ဝူမြို့သို့ အခြေအနေကို စုံစမ်းရန် ထွက်သွားကြသည်။

ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင်များ၏ ဘေးဒုက္ခများက အဆုံးမရှိသော်လည်း ယခု ဤကိစ္စမှာ ချန်ဖေး ပြောသည်မျှသာ ဖြစ်ရာ ထိုနေရာတွင် အမှန်တကယ် ဤသို့ ဖြစ်နေသလား ဆိုသည်ကို လူကိုယ်တိုင် အတည်ပြုရန် လိုအပ်နေဆဲ ဖြစ်သည်။

တစ်ရက်ခွဲခန့် အကြာတွင် သတင်းပြန်ရောက်လာပြီး ရှန်ဝူမြို့မှာ အမှန်တကယ်ပင် တစ္ဆေမြို့ တစ်မြို့ ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း ဤတစ္ဆေမြို့က လူသားလောင်းကောင်ကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ် ဆိုသည်ကိုမူ အတည်မပြုနိုင်သေးချေ။

သို့သော် ဤတစ္ဆေမြို့မှ ထုတ်လွှတ်လိုက်သော ချီအရှိန်အဝါက အမှန်တကယ်ပင် ဝေဝါးပြီး လေးလံနေကာ သာမန် တစ္ဆေမြို့များနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အတွင်း၌ ပါဝင်သော စွမ်းအားများက အလွန်တရာ ကြီးမားလှပေသည်။

နတ်တိမ်ဓားဂိုဏ်းနှင့် ယွီမိသားစုတို့မှ စေလွှတ်လိုက်သူများမှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်က ရှန်ဝူမြို့အတွင်းသို့ လူကိုယ်တိုင် ဝင်ရောက်ရန် မဝံ့ရဲခဲ့ကြချေ။

မည်သို့ပင်ဆိုစေ ရှန်ဝူမြို့အတွင်း၌ အမှန်တကယ်ပင် ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် ရှိနေပါက ထိုနေရာသို့ ဝင်ရောက်သွားခြင်းမှာ အသွားသာရှိပြီး အပြန်မရှိဘဲ ဒုတိယ ရလဒ် ထွက်လာမည် မဟုတ်ပေ။

"တာအိုညီအစ်ကို... ခရီးတစ်ခေါက်လောက် သွားရတာ ဒုက္ခပေးသလို ဖြစ်သွားပြီ..."

ယွီမိသားစု၏ ဂိုဏ်းတံခါးတွင် တုံးကျုံးချိုးက ယွီရှို့ချန်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။တုံးကျုံးချိုး အနေဖြင့် နတ်တိမ်ဓားဂိုဏ်းမှ အလွယ်တကူ ထွက်ခွာရန် မဖြစ်နိုင်ပေ။

အကယ်၍ ရှန်းယန်ဂိုဏ်းမှ ကျန်ကျင်းရှန်းက နတ်တိမ်ဓားဂိုဏ်းကို ရုတ်တရက် လာရောက် တိုက်ခိုက်မည် ဆိုပါက နတ်တိမ်ဓားဂိုဏ်းတွင် အမျိုးမျိုးသော အစီအရင် ကာကွယ်မှုများ ရှိနေလျှင်တောင်မှ ဒွာရပေါင်းစည်းခြင်း အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

တစ်ဖက်တွင်လည်း ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် ကိစ္စ၏ မှန်ကန်မှုကို အတည်ပြုရမည် ဖြစ်သည်။

နောက်ဆုံးတွင် လူသားလောင်းကောင်ကို သတ်ဖြတ်ရန် အတူတကွ ပူးပေါင်းရမည်လား ဆိုသည်မှာ နောက်ပိုင်းကိစ္စ ဖြစ်သော်လည်း သတင်း၏ တိကျမှုကိုပင် အတည်မပြုနိုင်ပါက အလွန် ပေါ့ဆရာ ကျပေလိမ့်မည်။

"ဒွာရပေါင်းစည်းခြင်း အဆင့်ရှိတဲ့ လူသားလောင်းကောင်ဆိုတာ... အဆုံးမဲ့ ပင်လယ်မှာတောင် ကြားရခဲတဲ့ ကိစ္စပါ..." ယွီရှို့ချန်က အံ့ဩစွာ ပြောလိုက်၏။

"သေချာပေါက် မှန်ချင်မှ မှန်မှာပါ... မှားယွင်းတဲ့ သတိပေးချက်လည်း ဖြစ်နိုင်ပါတယ်..." တုံးကျုံးချိုးက တိုးညှင်းစွာ ပြောလိုက်သည်။

"သွားကြည့်လိုက်ရင် အမှန်လား အမှားလား သိရမှာပေါ့..."

ယွီရှို့ချန်က အနည်းငယ် ပြုံး၍ မတ်တတ်ရပ်ကာ တုံးကျုံးချိုးကို မျက်နှာမူပြီး လက်ကို အနည်းငယ် ယှက်လိုက်၏။

နောက်တစ်စက္ကန့်တွင် သက်တံ့ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ရှန်ဝူမြို့ ရှိရာဘက်သို့ ထွက်ခွာသွားသည်။

တုံးကျုံးချိုးက အောက်တွင် ရပ်နေရင်း ယွီရှို့ချန်၏ ချီအရှိန်အဝါ ဝေးကွာသွားသည်ကို အာရုံခံလိုက်ရာ သူ၏ အကြည့်များ အနည်းငယ် တုန်လှုပ်သွား၏။

နာရီဝက်ပင် မပြည့်မီ ယွီရှို့ချန်က ရှန်ဝူမြို့ နယ်နိမိတ်သို့ ရောက်ရှိလာသည်။

ကောင်းကင်ယံတွင် ယွီရှို့ချန်က လေထဲတွင် ရပ်နေပြီး ညလေပြေများ တိုက်ခတ်လာသော်လည်း ယွီရှို့ချန်၏ ပတ်ဝန်းကျင်သို့ မဝင်ရောက်နိုင်ချေ။

အစောက အလွန် ဝေးကွာသော နေရာမှပင် ယွီရှို့ချန်က ရှန်ဝူမြို့၏ ချီအရှိန်အဝါကို အာရုံခံမိခဲ့ပြီး ထူးဆန်းကာ လျှို့ဝှက်ဆန်းကြယ်နေသော်လည်း ကနဦး ခံစားချက်အရ သာမန် တစ္ဆေမြို့များနှင့် ကွာခြားမှု မရှိသေးပေ။

သို့သော် အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ယွီရှို့ချန်က ရှန်ဝူမြို့အတွင်းရှိ အေးစက်ပြီး မှိုင်းညို့နေသော ချီအရှိန်အဝါထဲတွင် လျင်မြန်ဖြတ်လတ်မှု အနည်းငယ်ကို နောက်ဆုံးတွင် အာရုံခံမိလိုက်သည်။

ဤသို့သော လျင်မြန်ဖြတ်လတ်မှုမျိုးက တစ္ဆေမြို့ ကဲ့သို့သော နေရာမျိုးတွင် အလွန် နေရာမှားနေသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤလျင်မြန်ဖြတ်လတ်မှုမျိုးက မိစ္ဆာကောင်များတွင် မရှိသင့်သောကြောင့် ဖြစ်သည်။

ထို့အပြင် ဤလျင်မြန်ဖြတ်လတ်မှုက အချိန်နှင့်အမျှ ဆက်တိုက် ကြီးထွားလာနေသည်။ ဤရှန်ဝူမြို့က ဤအခိုက်အတန့်တွင် သန္ဓေသား တစ်ခုကဲ့သို့ အသက်ရှင်သန်မှု အသစ်တစ်ခုကို မွေးဖွားပေးနေသည်။

မိစ္ဆာကောင်များက အသက်ရှင်သန်မှုနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိသော်လည်း ဤအခိုက်အတန့်တွင်မူ အလွန် နီးကပ်စွာ ဆက်စပ်နေပေသည်။

ဆန့်ကျင်ဘက် ဖြစ်မှုနှင့် ပေါင်းစပ်မှုတို့၏ ရှုပ်ထွေးသော ခံစားချက်က လူများကို ရူးသွပ်သွားစေမည့်အလား ဖြစ်နေသည်။

ဘုန်း...

ယွီရှို့ချန်၏ အကြည့်ကို အာရုံခံမိပုံရကာ ရှန်ဝူမြို့ တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး ထိတ်လန့်သွားသကဲ့သို့ ဖြစ်သွား၏။ လျင်မြန်ဖြတ်လတ်မှုများက တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားပြီး အေးစက်ကာ လျှို့ဝှက်ဆန်းကြယ်သော ရှန်ဝူမြို့၏ အတွင်းပိုင်း လည်ပတ်မှုသာ ကျန်ရစ်တော့သည်။

"ဒီအချိန်မှာ အတင်းအကျပ် ဝင်သတ်လိုက်မယ် ဆိုရင်..."

ယွီရှို့ချန်က ရှန်ဝူမြို့ကို အာရုံခံလိုက်ရာ သူ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွား၏။

လူသားလောင်းကောင်မှာ ကြီးမားသော ရန်သူ ဖြစ်သော်လည်း မွေးဖွားနေဆဲ ဖြစ်သော လူသားလောင်းကောင်ကို အခြား ရှုထောင့်မှ ကြည့်လျှင် ရှားပါးသော ရတနာ တစ်ခု ဖြစ်သည်။

အဆုံးမဲ့ ပင်လယ်တွင် ရရှိခဲ့သော နည်းလမ်းကို အသုံးပြု၍ နည်းစနစ် မှန်ကန်ပြီး စွမ်းအား လုံလောက်ပါက ဤရှန်ဝူမြို့ကို အတင်းအကျပ် သန့်စင်၍ မှော်ရတနာ အတွင်းသို့ အပြည့်အဝ ထည့်သွင်းနိုင်ပေသည်။

ထိုအချိန်ကျလျှင် အဆင့်နိမ့် မှော်ရတနာကို အလယ်အလတ်အဆင့် မှော်ရတနာ အဖြစ်သို့ တိုက်ရိုက် မြှင့်တင်နိုင်မည် ဖြစ်သည်။

အကယ်၍ ထိုမှော်ရတနာ၏ ကိုယ်ပိုင် အရည်အသွေးက လုံလောက်စွာ ကောင်းမွန်ပါက မှော်ရတနာကို အဆင့်မြင့် အတိုင်းအတာအထိ မြှင့်တင်ရန် မျှော်လင့်ချက်ပင် ရှိနေသေးသည်။

အဆင့်မြင့် မှော်ရတနာ၊ မည်မျှ ရူးသွပ်ဖွယ် ကောင်းသနည်း။

ယခု ယွီရှို့ချန်၏ ဒွာရပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုဖြင့် အဆင့်မြင့် မှော်ရတနာ တစ်ပါးကို ကိုင်ဆောင်နိုင်ပြီး ရတနာ၏ စွမ်းအားဖြင့် မိမိ၏ ကျင့်ကြံမှုကို ထောက်ပံ့ပေးနိုင်မည် ဆိုပါက ဆယ်နှစ်အတွင်း သူ၏ ကျင့်ကြံမှုကို ဒွာရပေါင်းစည်းခြင်း အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်မည်ဟု ယွီရှို့ချန် သေချာပေါက် ယုံကြည်သည်။

ထို့အပြင် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ဒွာရပေါင်းစည်းခြင်း အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် မှော်ရတနာတို့ ပေါင်းစပ်ပါက ကျင့်ကြံမှုကို ဆက်လက် အရှိန်မြှင့်တင်နိုင်ဆဲ ဖြစ်ပြီး အရင်းအမြစ်များ အားလုံး လိုက်မီပါက ဒွာရပေါင်းစည်းခြင်း နောက်ဆုံးအဆင့်ထိ ဆက်တိုက် ကျင့်ကြံသွားရန်မှာ မဖြစ်နိုင်သည့် ကိစ္စ မဟုတ်တော့ချေ။

အဆင့်မြင့် မှော်ရတနာကို မကိုင်ဆောင်နိုင်လျှင်တောင်မှ အလယ်အလတ်အဆင့် မှော်ရတနာကပင် ယွီရှို့ချန်၏ ကျင့်ကြံမှု အရှိန်ကို များစွာ တိုးတက်စေရန် လုံလောက်ပေသည်။

အစပိုင်းက နတ်တိမ်ဓားဂိုဏ်းတွင် အဆင့်နိမ့် မှော်ရတနာ နှစ်ခုကို ပေါင်းစပ်၍ အလယ်အလတ်အဆင့် မှော်ရတနာ ဖြစ်လာရန် မျှော်လင့်ကာ ကျင့်ကြံမှုကို ကူညီပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ယွီရှို့ချန်က အလယ်အလတ်အဆင့် မှော်ရတနာကို ကိုင်ဆောင်ထားနိုင်ပါက အချိန်ကျလာလျှင် တစ်ယောက်ချင်း ရင်ဆိုင်ရာတွင် နတ်တိမ်ဓားဂိုဏ်းမှ တုံးကျုံးချိုး ဖြစ်စေ၊ ရှန်းယန်ဂိုဏ်းမှ ကျန်ကျင်းရှန်း ဖြစ်စေ မည်သူကမျှ သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။

အနည်းငယ် စီစဉ်လိုက်ရုံဖြင့် နတ်တိမ်မြို့မှာ ယွီ မိသားစု၏ မျိုးရိုးအမည်သို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

ဤနယ်မြေတွင် မူလစွမ်းအင်များ အားနည်းသော်လည်း နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ အရင်းအမြစ်များဖြင့် ယွီ မိသားစု အနေဖြင့် နောက်ထပ် ဒွာရပေါင်းစည်းခြင်း အဆင့် တစ်ယောက်ကို ပျိုးထောင်ရန် မဖြစ်နိုင်သည် မဟုတ်ချေ။

ဤအချက်ကို တွေးမိသောအခါ ယွီရှို့ချန်၏ အသက်ရှူနှုန်းက အလိုအလျောက် အနည်းငယ် မြန်ဆန်လာ၏။ ရှန်ဝူမြို့အတွင်းသို့ ဝင်ရောက်၍ အဓိက အစိတ်အပိုင်းကို ရှာဖွေကာ အတင်းအကျပ် သန့်စင်ပစ်ရန်သာ လိုအပ်သည်။

အစောက စိတ်ကူးယဉ်ခဲ့သမျှ အရာအားလုံးက လက်တွေ့ ဖြစ်လာတော့မည်။ ယွီ မိသားစုက နတ်တိမ်မြို့၏ အစစ်အမှန် ဘုရင် အဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး အနာဂတ်တွင် အဆုံးမဲ့ ပင်လယ်သို့ ပြန်သွားပါကလည်း နေရာတစ်နေရာကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

"အစွမ်းထက်လှတဲ့ ဆွဲဆောင်မှုပဲ... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က အဆွေတော်နဲ့ မဆုံတွေ့ခဲ့ရတာ နှမြောစရာပဲ..."

ယွီရှို့ချန်၏ ချီအရှိန်အဝါ အနည်းငယ် တုန်လှုပ်သွားပြီး တည်ငြိမ်မှုကို ပြန်လည် ရရှိကာ သူ၏ မျက်လုံးများ ရှင်းလင်းသွား၏။

သူ၏ နှလုံးသားထဲတွင် လှုပ်ခတ်နေသော အတွေးများကို ယွီရှို့ချန်က တိုက်ရိုက် ဖိနှိပ်ပစ်လိုက်သည်။

ယွီရှို့ချန်၏ စကားအဆုံးတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ သူ့ကိုယ်သူ စကားပြောနေသကဲ့သို့သာ ဖြစ်နေ၏။

ယွီရှို့ချန်က အနည်းငယ် ပြုံး၍ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မန္တန်အဆောင် တစ်ခုက လေထဲတွင် ဖြစ်တည်လာသည်။

ဤမန္တန်အဆောင်က လေနှင့်အတူ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း တောင်ကြီးတစ်လုံး အရွယ်အစားခန့် ဖြစ်သွား၏။

နောက်တစ်စက္ကန့်တွင် မန္တန်အဆောင်က ဘုန်းခနဲ ကျဆင်းလာပြီး ရှန်ဝူမြို့ကို ဖုံးလွှမ်းသွားသည်။

ရှန်ဝူမြို့က ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော အေးစက်သည့် ချီအရှိန်အဝါများ ပေါက်ကွဲထွက်လာကာ ဤမန္တန်အဆောင်၏ ကျူးကျော်မှုကို ခုခံလိုက်သည်။

နှစ်ဘက် တိုက်ခိုက်ကြသည်နှင့်အမျှ အရပ်လေးမျက်နှာရှိ မူလစွမ်းအင်များက ရုတ်တရက် ရေကြီးရေလျှံဖြစ်ကာ ဆူနာမီ လှိုင်းတံပိုးများကဲ့သို့ သောင်းကျန်းလာ၏။

မိုင်ဆယ်ဂဏန်းကျော် အကွာတွင် နတ်တိမ်ဓားဂိုဏ်းနှင့် ယွီမိသားစုတို့မှ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် နှစ်ယောက်က ရှန်ဝူမြို့ကို ကြည့်ရင်း အလိုအလျောက် အသက်အောင့်ထားမိကြသည်။

ဒွာရပေါင်းစည်းခြင်း အဆင့်များက အလွန်မြင့်မားသော နေရာတွင် ရှိကြပြီး ကောင်းကင်နှင့် မြေကြီးကြား လွတ်လပ်စွာ ကျက်စားနိုင်ကြသည်။

ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များမှာ ဒွာရပေါင်းစည်းခြင်း အဆင့်၏ လက်ထဲတွင် လက်မောင်းနှင့် လက်ချောင်းများကဲ့သို့ ဖြစ်နေပြီး ရိုးရှင်းသော လှုပ်ရှားမှု တစ်ခုကပင် တောင်ပြိုမြေကွဲ စွမ်းအားများ ပါဝင်နေသည်။

ဤသည်က အစစ်အမှန် စွမ်းအား ဖြစ်ပြီး အရေအတွက်ကို အားကိုး၍ အချည်းနှီး အနိုင်ယူ၍ မရနိုင်သော တည်ရှိမှု တစ်ခုလည်း ဖြစ်သည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ယွီရှို့ချန်၏ အေးစက်သော နှာမှုတ်သံနှင့်အတူ မန္တန်အဆောင်က အက်ကွဲသွားသော်လည်း ပြယ်လွင့်မသွားဘဲ မရေမတွက်နိုင်သော မန္တန်အဆောင်ငယ်များအဖြစ် ပြောင်းလဲသွားကာ ရှန်ဝူမြို့၏ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။

မြေပြင်၏ ချီစွမ်းအင်များနှင့် ချိတ်ဆက်ကာ မူလစွမ်းအင်များက မန္တန်အဆောင်များမှ တစ်ဆင့် ဖြတ်သန်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အစီအရင်တစ်ခု ဖြစ်တည်လာကာ ရှန်ဝူမြို့ကို အတွင်း၌ အပြည့်အဝ ဖုံးကွယ်သွားစေသည်။

အစီအရင်က အလွန် အစွမ်းမထက်သော်လည်း ရှန်ဝူမြို့က ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များကို စုပ်ယူနေခြင်းကို အနည်းငယ် တားဆီးပေးနိုင်သည်။

ရှန်ဝူမြို့ အတွင်းရှိ လူသားလောင်းကောင်မှာ အမှန်တကယ်ပင် သန္ဓေသား အခြေအနေတွင် ရှိနေဆဲ ဖြစ်ပြီး လွတ်လပ်စွာ မလှုပ်ရှားနိုင်သေးသော်လည်း ပိုင်ဆိုင်ထားသော စွမ်းအားမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြီးမားနေပြီ ဖြစ်သည်။

ယွီရှို့ချန် တစ်ယောက်တည်း အားဖြင့် လုံးဝ မဖိနှိပ်နိုင်ချေ။

ထိုသို့ဆိုလျှင် ယွီရှို့ချန်က မူလစွမ်းအင်များကို ရိုးရှင်းစွာ ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်ပြီး အစောက လှုံ့ဆော်ခံခဲ့ရသော စိတ်နှလုံးအတွက် တုံ့ပြန်မှု တစ်ခုဟု ယူဆနိုင်သည်။

ယွီရှို့ချန်က နောက်ဆုံးအနေဖြင့် ရှန်ဝူမြို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ ပုံရိပ် ယိမ်းယိုင်သွားကာ လေထဲတွင် ပျောက်ကွယ်သွား၏။

မိုင်ဆယ်ဂဏန်းကျော် အကွာတွင် ယွီမိသားစု၏ ဒွာရသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ၏ နားများ အနည်းငယ် လှုပ်ရှားသွားပြီး ယွီရှို့ချန်၏ အသံလွှင့်ချက်ကို လက်ခံရရှိလိုက်ရာ နတ်တိမ်ဓားဂိုဏ်း၏ ကိုယ်စားလှယ်နှင့်အတူ နတ်တိမ်မြို့သို့ စတင် ပြန်လည် ထွက်ခွာခဲ့ကြသည်။

ဤနေရာရှိ အခြေအနေကို သိရှိသွားခဲ့ပြီ ဖြစ်ပြီး ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် အမှန်တကယ် ရှိနေသည်။ ဤသည်က ဒွာရပေါင်းစည်းခြင်း အဆင့်အောက်ရှိ သိုင်းပညာရှင်များ ဖြေရှင်းနိုင်သော ကိစ္စ မဟုတ်တော့ချေ။

ဤလူသားလောင်းကောင်ကို ဖျက်ဆီးပစ်လိုပါက ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင် အားလုံးကို စုဆောင်း၍ အတင်းအကျပ် ဝိုင်းရံတိုက်ခိုက်မှသာ မျှော်လင့်ချက် ရှိမည် ဖြစ်သည်။

သို့သော် ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင် တစ်ယောက်ထက်ပို၍ စုဆောင်းရန် ဆိုသည်မှာ ပြောသလောက် လွယ်ကူပါမည်လော။

တစ်ရက် ကြာပြီးနောက် ရှန်ဝူမြို့တွင် ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် ပေါ်လာသည့် သတင်းက နတ်တိမ်မြို့မှ စတင်၍ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့၏။

ဤသတင်းက အံ့မခန်း အရှိန်အဟုန်ဖြင့် မင်းဆက် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဤသတင်းကို ကြားရပြီး ဤသတင်း၏ အဓိပ္ပာယ်ကို နားလည်သူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤလူသားလောင်းကောင်ကြောင့် ရှန်ဝူမြို့ ပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက် လှုပ်ရှားရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း ယခုလောက် ခက်ခဲတော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် ရှန်ဝူမြို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင်တစ်ပင်မျှ မပေါက်ရောက်နိုင်တော့ဘဲ ထူးဆန်းသော အရာများ သောင်းကျန်းနေမည်ဟု ဆိုနိုင်သည်။

ဖြတ်သန်းသွားရာ နေရာများတွင် လူသားဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဆက်လက် အသက်မရှင်နိုင်တော့ချေ။

ထို့အပြင် ရှန်ဝူမြို့က လူစည်ကားရာ နေရာများသို့ သေချာပေါက် ရွေ့လျားသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားလောင်းကောင်၏ သဘာဝအရ လူသားများကို စုပ်ယူရမည် ဖြစ်ပြီး သိုင်းပညာရှင်များကို စုပ်ယူရမည် ဖြစ်သောကြောင့်တည်း။

ဤသည်က အခြားသော တစ္ဆေမြို့ မိစ္ဆာများနှင့် မတူဘဲ အခြေခံကျသော ကွာခြားချက် ရှိနေသည်။

ရှီးလျန် အစစ်အမှန်သခင်၏ အမည်နာမက အရပ်လေးမျက်နှာတွင် တစ်ဖန် ပြန်လည် ကျော်ကြားလာခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ နာမည်ဆိုးဖြင့် ကျော်ကြားလာခြင်း ဖြစ်ပြီး ခေတ်အဆက်ဆက် သမိုင်းရိုင်းမည့် အမည်နာမ ဖြစ်လာခဲ့သည်။

သို့သော် မည်မျှပင် ပြင်းထန်စွာ ဆဲဆိုကြစေကာမူ ရှီးလျန် အစစ်အမှန်သခင် အပေါ် မည်သည့် သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။

ချင်ဟိုင်မြို့တွင် လူများစွာ စတင် ထွက်ပြေးကြတော့သည်။

ဤနေရာက ရှန်ဝူမြို့နှင့် အလွန်နီးကပ်လွန်းလှရာ ဤလူသားလောင်းကောင် သန္ဓေတည် ဖွဲ့စည်းပြီးနောက် ပထမဆုံး စားသုံးမည့် အရာမှာ ချင်ဟိုင်မြို့ ဖြစ်လာနိုင်သည်။

ဖွဲ့စည်းမှု မပြီးဆုံးမီ ရှန်ဝူမြို့ ဖျက်ဆီးခံရမည်လား ဆိုသည်ကို ချင်ဟိုင်မြို့မှ လူများက လောင်းကြေး မထပ်ဝံ့ကြချေ။

လောင်းကြေးနိုင်ပါက သဘာဝကျကျ ဝမ်းသာရမည် ဖြစ်သော်လည်း လောင်းကြေးရှုံးပါက ဘာမှ ကျန်တော့မည် မဟုတ်ပေ။

ဤဖြစ်နိုင်ချေကို မည်သူကမျှ သူတို့၏ အသက်နှင့် ရင်း၍ လောင်းကြေး မထပ်လိုကြချေ။

မြို့ပြင်တွင် အန္တရာယ်များသော်လည်း အနည်းဆုံးတော့ ထိုင်စောင့်နေခြင်းထက် ပိုကောင်းပေသည်။

ယွမ်ချန်ဓားဂိုဏ်း အတွင်း၌ ချန်ဖေးက သဘာဝကျကျ အရာအားလုံးကို ကြားသိခဲ့ရသည်။ သို့သော် ရှန်ဝူမြို့မှ လူသားလောင်းကောင်ကို ချန်ဖေး ဖြေရှင်း၍ မရနိုင်ချေ။ ချန်ဖေး လုပ်နိုင်သမျှမှာ သူ၏ ကျင့်ကြံမှုအဆင့်ကို ဆက်လက် မြှင့်တင်ရန်သာ ဖြစ်သည်။

ဤတစ်ကြိမ် ရှန်ဝူမြို့တွင် ချန်ဖေး၏ ကျင့်ကြံမှု အခြေခံသာ မရှိခဲ့ပါက ထိုအထဲတွင် ကျရောက်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် ကျင့်ကြံခြင်း ဆိုသည်မှာ မည်သည့်အခါမျှ မလုံလောက်သလို လွန်ကဲသွားသည်ဟုလည်း မရှိပေ။

တိုးတက်မှု ဆိုသည်မှာ အဆုံးမရှိပေ။

"ကျင့်စဉ်တစ်ခုကို တွေ့ရှိပါသည်... ဝိညာဉ်ကျောက်တုံး ဆယ်တုံး အသုံးပြု၍ ရေကျောက်စိမ်း ဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်မည်လား..."

"ရေကျောက်စိမ်း ဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်နေပါသည်... ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်ပါသည်... ရေကျောက်စိမ်း ဓားသိုင်းမှ ကြယ်စင်ည ဓားသိုင်းသို့..."

"ကျင့်စဉ်တစ်ခုကို တွေ့ရှိပါသည်... ဝိညာဉ်ကျောက်တုံး ဆယ့်နှစ်တုံး အသုံးပြု၍ သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်မည်လား..."

"သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်နေပါသည်... ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်ပါသည်... သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းမှ မူလ ဓားသိုင်းသို့…”

ယာရှန်းဂိုဏ်း၏ ရက်ရောသော လက်ဆောင်များကြောင့် ချန်ဖေး ဒွာရများ ဖွင့်လှစ်သည့် အရှိန်က အံ့မခန်း မြန်ဆန်နေဆဲ ဖြစ်သည်။

ဒွာရများကို ဖွင့်လှစ်နေသည့် တစ်ချိန်တည်းမှာပင် ချန်ဖေးက ပြန်လည်ရရှိခဲ့သော ကျင့်စဉ်လေးခုကိုလည်း ရိုးရှင်းအောင် ပြုလုပ်နေခဲ့သည်။

ယွမ်ချန်ဓားကျမ်းစာကို ရိုးရှင်းအောင် ပြုလုပ်လိုက်ရာ အဆင့်ဆင့် ထပ်နေသော အိတ်များကဲ့သို့ ဖြစ်နေပြီး တတိယအဆင့် ကျင့်ကြံမှုက ဒုတိယအဆင့် အတိုင်း ဖြစ်နေသည်။

အခြား အမွေအနှစ်သုံးခု အနက် သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းနှင့် ရေကျောက်စိမ်း ဓားသိုင်းတို့မှာ ပုံမှန်ဖြစ်ပြီး ဂိုဏ်းအတွင်းရှိ ဓားသိုင်းနှစ်ခုကို ညွှန်ပြနေသည်။

သို့သော် ချန်ဖေးကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည်မှာ ယုံကြည်ရန် ခက်ခဲသော မဟာမိုးကြိုးဓားသိုင်းပင် ဖြစ်သည်။

ဤသည်က မည်သည့်အရာကိုမျှ မညွှန်ပြဘဲ ကိုယ်တိုင် ရိုးရှင်းအောင် ပြုလုပ်သွားခြင်း ဖြစ်သည်။

"ကျင့်စဉ်တစ်ခုကို တွေ့ရှိပါသည်... ဝိညာဉ်ကျောက်တုံး ဆယ်တုံး အသုံးပြု၍ မဟာမိုးကြိုးဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်မည်လား..."

"မဟာမိုးကြိုးဓားသိုင်းကို ရိုးရှင်းအောင် ပြုလုပ်နေပါသည်... ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်ပါသည်... မဟာမိုးကြိုးဓားသိုင်းမှ အသံကျယ်ကျယ် ဟောက်ခြင်းသို့..."

All Chapters