အကြီးအကဲ
Vol. 001 Ch. 13
အကြီးအကဲစွန်းက ဆေးပင်များဆီကို လျှောက်လာပြီး သေချာစစ်ဆေး ကြည့်လိုက်သောအခါ ခရမ်းရောင် အပင်မှ အပြာရောင် မြက်ပင်အထိ ညှိုးနွမ်းနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း အပြာရောင် မြက်ပင်များက အခြေအနေ အရမ်းမဆိုးသေးချေ။
ဆေးပင်များက နေမွန်းတည့်ချိန် မတိုင်မီ အချိန်အထိ ကောင်းမွန် နေသေးသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိ၏ … ‘မွန်းတည့်ချိန်ရောက်ပြီး တစ်နာရီလောက်မှာ ဘယ်လို ဖြစ်သွားတာလဲ …’ သူက အပြာရောင် မြက်ပင်ကို ကောက်ယူ စစ်ဆေးကြည့် လိုက်သည်။ အပြာရောင် မြက်ပင်က ရေဓာတ် ဆုံးရှုံးကာ ညှိုးနွမ်းနေ၏။ အကြီးအကဲစွန်းက မြေပြင်ကို ထပ်မံစမ်းသပ် လိုက်သည်။ မြေပြင်က သာမန်အတိုင်း ဆေးပင်များအတွက် လုံလောက်သည့် စိုစွတ်မှု ရှိနေသည်။ သူ့စိတ်ထဲ အလွန် ရှုပ်ထွေးသွား၏။
အတန်ငယ် ကြာပြီးနောက် သူ ရုတ်တရက် တွေးလိုက်မိသည် ... 'နေ့လယ်က လူတစ်ယောက်ပဲ ငါ့ဆီကို လာတယ် … သူက ပြင်ပဂိုဏ်းသား တစ်ယောက်ပဲလေ… ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဆေးပင်တွေကို ပျက်စီး စေနိုင်မှာလဲ… '
ထိုအကြောင်းကို စဉ်းစားပြီးနောက် သည်ကိစ္စကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ သူက လက်ကို ဝှေ့ယမ်းကာ ပျံသန်းလိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် ပြင်ပ ဂိုဏ်းသားများ၏ တာဝန်ခွဲဝေရာ ဌာနသို့ ရောက်လာသည်။
အကြီးအကဲစွန်းက အော်ပြောလိုက်သည်။
''ဒီနေရာက ပြင်ပတပည့် ခေါင်းဆောင်က ဘယ်သူလဲ ... " အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှ၏။ အဝါရောင်ဝတ် ပြင်ပတပည့် ခေါင်းဆောင်က အပြင်သို့ လျင်မြန်စွာ ပြေးထွက်လာပြီး မြေကြီးပေါ်၌ ဒူးထောက်လိုက်သည်။
အကြီးအကဲစွန်းက စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်သည်။
''မင်းမှာ ... ဝမ်လင်းရဲ့ဂိုဏ်းဝင် မှတ်တမ်းရှိလား… ''
တပည့်လျို၏ နှလုံးက ပြင်းထန်စွာ တုန်ခါသွား၏။ အဆင့်မြင့် အကြီးအကဲ တစ်ယောက်က ဝမ်လင်းလို အမှိုက်ကောင်၏ အကြောင်းကို လာမေးလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။ သူက ဝမ်လင်းကို အချိန်တိုင်း အနိုင်ကျင့်ခဲ့၏။ ထို့ကြောင့် သူ၏မျက်နှာက ဖြူရော်သွားသည်၊
''ကျွန်တော့်မှာ ... ညီလေးဝမ်လင်းရဲ့ ဂိုဏ်းဝင်မှတ်တမ်း ရှိ ... ရှိပါတယ်… ညီလေး ဝမ်လင်းက သူ့ရဲ့ အလုပ်ရဲ့ ပတ်သက်ပြီး အရမ်း ကြိုးစားပါတယ်… သူက အမြဲတမ်း သူ့ကိုယ်သူ စံပြဖြစ်အောင် နေတယ် … “
အကြီးအကဲစွန်း ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။ သို့သော် သူ့စိတ်ထဲ သည်အရာက ကောင်းသည်ဟု ထင်မိသည်။ သူတို့က ကြောက်စရာ ကောင်းသော လူတစ်ယောက်နှင့် စကားပြောသည့်အခါ ထိုလူ ရည်ညွှန်း လိုက်သည့်သူကို သူတို့က အရင်ကထက်ပိုပြီး လေးစား လာပေလိမ့်သည်။ ဟုန်ယွီဂိုဏ်း၌ အကြီးအကဲဆိုသည့် ဂုဏ်ပုဒ်က အလွန်ကို အဆင့်အတန်း မြင့်လှ၏။ ပြင်ပတပည့်များက ဒုတိယမျိုးဆက်က တပည့်အားလုံး နီးပါးကို အကြီးအကဲဟု ခေါ်ကြသော်လည်း ပင်မတပည့်များက ဆရာဦးလေးဟု ခေါ်ကြသည်။
ပြင်ပတပည့်များက သူ့အား လေးစားကြသော်လည်း ဒုတိယမျိူးဆက်ထဲ၌ သူက ဘာကောင်မှ မဟုတ်ပေ။ တတိယ မျိုးဆက်များကတောင် သူ့ကို မလေးစား ချင်ကြတော့ချေ။ ပြင်ပတပည့်များ အိမ်ပြန်သည့်အခါ စီစဉ်ပေးရသည့် အဓိပ္ပာယ်မရှိ အလုပ်များကိုလည်း သူက မလုပ်လိုပေ။
အကြီးအကဲစွန်းက မေးလိုက်သည်၊
"ဝမ်လင်းက ဘယ်ခြံဝင်းမှာနေတာလဲ…"
"မြောက်ဘက် အဆောက်အဦရဲ့ ခြံဝင်းမှာ နေထိုင်တာပါ… ''
အကြီးအကဲစွန်းက သူစကား ပြောပြီးအောင်ကိုပင် စောင့်မနေပဲ မြောက်ဘက်သို့ ဦးတည် ပျံသန်းကာ မျက်စိတစ်မှိတ် အတွင်း၌ပင် ပျောက်ကွယ်သွား၏။
တပည့်လျိုက ပို၍ပင် ကြောက်လန့်သွား၏။ သူက ဝမ်လင်းအား နောက်တစ်ကြိမ် တွေ့လျှင် မလှောင်ပြောင်တော့ဘဲ သူ၏အဘိုးကဲ့သို့ ရိုရိုကျိုးကျိုး ဆက်ဆံမည်ဟု ဆုံးဖြတ်လိုက်သည်။
အကြီးအကဲစွန်း မြောက်ဘက် ခြံဝန်းသို့ ရောက်သောအခါ ဝမ်လင်းအား ရှာမတွေ့ခဲ့ပေ။ သူက ကျောင်း၏ ဝင်ခွင့်ဋ္ဌာနကို သွားပြီး ဝမ်လင်း၏ အခန်းနံပါတ်အား တောင်းယူကာ ဝမ်လင်း၏ အခန်းဆီသို့ ရောက်လာသည်။ ကျန်းဟူသည် အိပ်ပျော်နေပြီး သူက အကြီးအကဲစွန်း ရောက်နေသည်ကို မသိဘဲ ကျယ်လောင်စွာ ဟောက်၍ အိပ်ပျော်နေသည်။
အကြီးအကဲစွန်းက အခန်းကို သေချာစွာ စစ်ဆေးပြီး စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။
''သူက မြန်မြန်ပြန်သွားတာပဲ … ပြန်ရောက်လာမှပဲ သူ့ကို စစ်ဆေးရမယ်… "
ဝမ်လင်းက သူ့ခြေထောက်၌ အင်မော်တယ် လက်ဖွဲ့အား ချည်၍ တောင်ပေါ်၌ ပြေးနေသည်။ အင်မော်တယ် လက်ဖွဲ့က အလွန်အံ့ဩစရာ ကောင်းလှသည်။ လက်ဖွဲ့ကို သူ၏ခြေထောက်၌ ချည်ပြီးသောအခါ သူ့တစ်ကိုယ်လုံး နွေးထွေး သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်လင်း၏ ခြေထောက်၌ အဖြူရောင် အလင်းတန်းများ စုစည်းဖြစ်ပေါ်နေခြင်းက သူ့ကို အင်မော်တယ် တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
တောင်ပေါ်၌ရှိသော သတ္တဝါများ အားလုံးက ထိုအဖြူရောင် အလင်းတန်းကို မြင်သောအခါ အဝေးသို့ ထွက်ပြေး သွားကြသည်။
လတ်ဆတ် အေးမြသော တောင်ပေါ် လေအေးများက ဝမ်လင်း၏ မျက်နှာကို ရိုက်ခတ်နေပြီး သူအား ကောင်းမွန်သော ခံစားချက်ကို ခံစားရစေသည်။ ထို့နောက် မှတ်သားထားသော လမ်းကြောင်းအတိုင်း အိမ်သို့ လျင်မြန်စွာ ပြေးသွား၏။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့၏ အရုဏ်ဦးအချိန်သို့ ရောက်ရှိလာသည်။ ဝမ်လင်းက သူ၏ ဘူးသီးခြောက်ထဲမှ ရေကို ပါးစပ်အပြည့် သောက်ပြီး အားအင်များကို ဖြည့်တင်းလိုက်၏။ သူသည် တောင်ကို ကျော်ဖြတ်ပြီးပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ရွာကိုရောက်လျှင် အိမ်သို့ရောက်ရန် လမ်းကျဉ်းလေးအတိုင်း ဆက်သွားရုံသာ ရှိတော့မည်ဖြစ်၏။
အနားမယူဘဲ သူက လျင်မြန်စွာ ရှေ့သို့သာ ခရီးဆက်ခဲ့သည်။ မြို့ထဲသို့ ရောက်သောအခါ နေမြင့်နေပြီဖြစ်သကဲ့သို့ မြို့ထဲ၌ လူများ ပြည့်ကျပ်ကာ အလွန်စည်ကားနေ၏။ ဝမ်လင်းက အနည်းငယ်ခန့် လှည့်ပတ် ကြည့်ရှုပြီး မိဘများအတွက် လက်ဆောင် အနည်းငယ်ဝယ်ပြီး လျင်မြန်စွာ အိမ်ကို ပြန်လာလိုက်သည်။
ဝမ်လင်း ရွာကို ရောက်သည့် အချိန်က နောက်ကျနေလေပြီ။ သူက သူ့အိမ်ရှေ့တွင် စာတန်းတစ်ခု ရေးထိုးထားသည့် အလံနီတစ်ခုကို တွေ့လိုက်ရသည်။
***
အပြင်ဘက်တွင် လက်ဆောင် ပစ္စည်းများ အများအပြား ရှိနေပြီး လူများကလည်း အလွန်ပင် များပြားပြည့်လျှံ နေသည်။
ဝမ်လင်းသည် သူ့အိမ်ရှေ့သို့ ရောက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်သွား၏။ သူ၏ရောက်ရှိလာမှုက အလွန်ပင် မြန်ဆန်လွန်းလှသည်။ သူ့အဖေ၏ မွေးနေ့ကို ရောက်ရှိနေသော ဆွေမျိုးများအားလုံးက လက်ခနဲ ဖြစ်သွားသည့် အဖြူ အလင်းတန်းကိုသာ မြင်လိုက်ရပြီး ဝမ်လင်း ပေါ်လာသည်ကို တွေ့လိုက်ကြ၏။
လူတိုင်းက မနာလိုသော အကြည့်များဖြင့် ကြည့်ကာ စတင်ချီးမွမ်း လိုက်ကြသည်။
“ဒုတိယအစ်ကို … ဝမ်လင်း ပြန်လာပြီ … ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ… သူက အင်မော်တယ် တစ်ယောက်နဲ့တောင် တူနေပြီ … “
“အင်မော်တယ်တွေက မှားယွင်း ဆုံးဖြတ်ခဲ့ကြပြီး … နောက်မှ သူတို့အမှားတွေကို သိမြင်လာတော့မှ ဝမ်လင်းကို တပည့် အဖြစ်ခဲ့ရင်တောင်မှ အနာဂါတ်မှာ ငါတို့ဝမ်မိသားစုက ကလေးသုံးယောက်အပေါ်မှာပဲ မှီခိုရလိမ့်မယ်… “
“ငါ့ရဲ့မျက်လုံးကြောင့် ဒီကလေးရဲ့ ကောင်းတဲ့ အချက်တွေကို မမြင်မိလိုက်ဘူး … အခုမြင်ရတဲ့ ပုံစံအရဆိုရင် ဝမ်ကျောက်နဲ့ ဝမ်ဟိုကို မယှဉ်နိုင်စရာ ဘာရှိလို့လဲ… လူတွေကြားထဲက နဂါးတစ်ကောင်ပဲ… “
ဝမ်မိသားစုမှ တတိယအကြီးဆုံး အကြီးအကဲမှ တစ်ချိန်က ပြောခဲ့သော ယုတ်ယုတ်မာမာ စကားများကို မေ့နေသည့်အလား အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီကလေး… ဝမ်လင်းက ကလေးဘဝ ကတည်းက သပ်သပ်ရပ်ရပ် နေတတ်တာ … အရင်တစ်ခေါက်က အင်မော်တယ်တွေဘက်က မှားယွင်းသွားခဲ့တယ်… အင်မော်တယ်တွေ ဖြစ်ပြီး ဘယ်လိုလုပ် မှားနိုင်ရတာလဲ… ဝမ်လင်း … မင်းရဲ့ ဦးလေးငါးက မင်းကို တောင်းပန်ပါတယ် … မင်းရဲ့ ဦးလေးကို မမုန်းလိုက်ဖို့ မျှော်လင့်ပါတယ်… “
ဆွေမျိုးအားလုံး၏ အမူအရာများသည် အားလုံး ပြောင်းလဲနေပြီး သူတို့၏ မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းထားကြ၏။
ဝမ်လင်းက နှာမှုတ်ကာ သရော်လိုက်သည်။ ထိုအချိန်တွင် သူ့အဖေ ရောက်လာပြီး အံ့ဩနေဟန်ဖြင့် သူ့လက်မောင်းကို ဆွဲကိုင်လိုက်၏ ။
“ထေ့ကျူး.. မင်း ဘာလို့ ပြန်လာတာလဲ … မင်းကို ဟုန်ယွီဂိုဏ်းမှာပဲနေဖို့ မပြောထားဘူးလား… အိမ်ကို အမြဲတမ်း စိုးရိမ်ရအောင် မလုပ်ပါနဲ့… “
ဝမ်လင်းက သူ့အဖေကို ကြည့်လိုက်ရာ ယခင်က ရှိနေသည့် ပါးရေနားရေများက အနည်းငယ် လျော့နည်း သွားသည်ကို သတိပြုမိလိုက်သည်။ သူ့အဖေက သည်ရက်များတွင် အလွန်ပျော်ရွှင်နေပုံ ရသည်။
“မစိုးရိမ်ပါနဲ့ တပည့်အားလုံးက တစ်နှစ်မှာ အိမ်ကို သုံးကြိမ် ပြန်လာခွင့်ရှိတယ် … အဖေ့မွေးနေ့ပြီးတာနဲ့ ကျွန်တော် အမြန်ပြန်မှာပါ… “
ဝမ်လင်း၏ အဖေက ဂုဏ်ယူစွာနှင့် အမျိုးများ ပတ်လည် ဝိုင်းနေသည့်သူ့ကို ကြည့်ကာ လက်ကိုဆွဲပြီး တံခါးနားသို့ သွား၍ အော်ပြောလိုက်သည်။
''မိန်းမရေ ... ဘယ်သူပြန်လာလဲ ကြည့်စမ်းပါဦး… ''
ဝမ်လင်း၏ အမေက အမျိုးသမီး ဆွေမျိုးများ ကြားထဲ၌ ရောက်နေသည်။ သူ့ယောက်ျား၏ အသံကို ကြား၍ ကြည့်လိုက်သောအခါ ဝမ်လင်းအား မြင်၍ အံ့အားသင့် သွားသည်။ ထို့နောက် သူမက အပြေးအလွှား ရောက်လာကာ ဝမ်လင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းများအား စတင်ပြီး မေးမြန်းလေသည်။
***