မမျှော်လင့်ထားသော ဆုလာဘ်
Vol. 11 Ch. 126
“မင်းရဲ့ ဆင့်ကဲပြောင်းလဲမှုကတော့ နည်းနည်းလေး ခက်ခဲလိမ့်မယ်ထင်တယ်”
လီယွမ်သည် ရှောင်ချိုက်၊ ဝူမေ့ နှင့် အခြားသော ပင်မကူကောင်များ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများနှင့် ပတ်သက်၍ အမြဲတမ်း အစီအစဉ်များ ရှိထားလေပြီ။
ငါးရောင်ခြယ် မီးတောက်စပါးအုံး၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ ‘ထူးဆန်းသော မီးလျှံများ’ အပေါ်တွင်သာ အခြေခံထားလေ၏။ ရိုးရှင်းပြီး ရှင်းလင်းလှသည်။
ပင့်ကူဘုရင်မကူကောင်မှာမူ ထိုသို့ မဟုတ်ပေ။ ပင့်ကူကူကောင် အမျိုးအစားများထဲတွင် ပင့်ကူဘုရင်မကူကောင်အား ရှားပါးကူကောင်များထဲ၌ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်၍ ရနိုင်သည်။ ‘ဘုရင်မ’ ဟူသော စကားလုံးက ၎င်း၏ အကောင်းဆုံး သက်သေပင် ဖြစ်တော့၏။
ပင့်ကူဘုရင်မကူကောင်၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုမှာ ထူးခြားကူကောင် အဆင့်သို့ ရောက်ရှိသွားနိုင်ချေ အလွန်ပင် များပြားလှသည်။
“ကျွီ ကျွီ...”
ဝူမေ့မှာ အလွန်ပင် ဝမ်းနည်းနေရှာတော့၏။
‘ဂရုမစိုက်ဘူး.. လိုချင်တယ်.. ရှောင်ချိုက်ကို အရှုံးမပေးနိုင်ဘူး....’
“တိုးတက်ချင်စိတ် ရှိတာက ကောင်းပါတယ်.. ဒါပေမဲ့ မင်းက စိတ်မရှည်တာမျိုး မနာလို ဖြစ်တာမျိုးတော့ မလုပ်ရဘူးလေ”
လီယွမ်က ပြန်လည် နှစ်သိမ့်လိုက်၏။
“မင်းနဲ့ ရှောင်ချိုက်က ညီညွတ်တဲ့ အပြိုင်အဆိုင်မျိုး ဖြစ်ရမယ်.. အချင်းချင်းလည်း ကူညီရမယ်.. မင်းတို့ နှစ်ယောက်လုံးက ငါ့ရဲ့ အဖိုးတန် ရတနာလေးတွေချည်းပဲ.. အခွင့်အရေး ရရင်တော့ ငါ မင်းကို သေချာပေါက် ကူညီမှာပါ”
“ကြည့်စမ်း... သူတို့ အားလုံးက အိပ်ရာတစ်ခုတည်းမှာ အတူတူ အိပ်ကြတာပဲ.. ဓားနတ်သမီးကကျတော့ ဘာလို့ အလုအယက် မလုပ်သလို ဝမ်းနည်းတာမျိုးလည်း မရှိတာလဲ”
“ဘာလို့လဲဆိုတော့ ရှောင်ချိုက် ရထားတဲ့အရာကို သူလည်း လိုအပ်တယ်ဆိုတာ သိနေလို့ပဲလေ”
လီယွမ်က အကြောင်းပြချက်များနှင့် ခံစားချက်များကို ရောနှောကာ ချော့မော့လိုက်ပြီးနောက်တွင်မူ ဝူမေ့မှာ ပြန်လည် လိမ္မာသွားခဲ့တော့၏။
“ကျွီ ကျွီ...”
အဆုံးတွင်တော့ သူမသည်လည်း ကပ်တွယ်တတ်သော ကောင်မလေး တစ်ယောက်သာ။ သူမသည် ရှောင်ချိုက်လောက် ပိုင်ဆိုင်လိုစိတ် မပြင်းပြသလို ဘာမှ နားမလည်သော ဓားနတ်သမီးလောက်လည်း ခေါင်းမာတတ်သူ မဟုတ်ပေ။
“ဒီလောက် မိသားစုကြီးကို ထိန်းကျောင်းရတာ တကယ်ကို ခက်ခဲတာပဲ.. သူတို့ကို ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်ဘူး... ဘဝက ခက်ခဲလိုက်တာ”
လီယွမ်က သက်ပြင်းချလိုက်မိသည်။
သူသည် အဆင့် (၇) ကူသခင် နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သတ္တမမြောက် ပင်မကူကောင်ကို မသန့်စင်ရသေးပေ။ အဓိက အကြောင်းရင်းမှာ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က လုံလောက်နေပြီ ဖြစ်သောကြောင့်ပင်။
နောက်ထပ် ရှားပါးကူကောင် တစ်ကောင် ထပ်တိုးလာခြင်းက အလှဆင်ရုံ သက်သက်သာ ဖြစ်မည်ဖြစ်ပြီး ထူးခြားကူကောင် တစ်ကောင်ကို ဖန်တီးရန်မှာလည်း အလွန်တရာ ခက်ခဲလှသည် မဟုတ်ပါလော။
“ကြည့်ကြသေးတာပေါ့လေ”
လီယွမ် အနေဖြင့် ‘အချိန်စီးဆင်း အလင်းဖလံ’ ကိုသာ ဆင့်ကဲပြောင်းလဲရန် ပိုမို ဆန္ဒရှိနေဆဲ ဖြစ်သည်။ ဤသာမန် ကူကောင်လေးသာ ထူးခြားကူကောင် တစ်ကောင် ဖြစ်လာမည်ဆိုပါက... ၎င်းသည် မယုံနိုင်လောက်အောင် အံ့မခန်း စွမ်းရည်များကို ပေးစွမ်းနိုင်လိမ့်မည်။
သူသည် အချိန်အတော်များများကို အချိန်စီးဆင်း အလင်းဖလံကို လေ့လာရာတွင်သာ အသုံးပြုခဲ့သည်မှာ အမှန်ပင် ဖြစ်တော့၏။
...
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချင်အာ တစ်ယောက် တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး အဖြစ် ရာထူးလွှဲပြောင်းရယူမည့် အချိန်နှင့် ရာထူးခန့်အပ်ပွဲ အခမ်းအနား ကျင်းပရန် သုံးရက်သာ လိုတော့၏။
နဝမကူနန်းတော်၏ အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီး အချို့မှာ ရှောင်ချင်အာအား ကျိုးကျင်း မြို့တော်သို့ စောင့်ရှောက် ခေါ်ဆောင်သွားခဲ့ကြသည်။
“ဂျူနီယာ မောင်လေး... ချင်အာရဲ့ ရာထူးခန့်အပ်ပွဲ အခမ်းအနားကို မသွားတော့ဘူးလား”
နင်ဟုန်ယွီက မေးမြန်းလိုက်၏။
“မသွားတော့ပါဘူး”
လီယွမ်က ခေါင်းခါယမ်းလိုက်၏။
“နဝမကူနန်းတော်က ဝါရင့် ပုဂ္ဂိုလ်ကြီးတွေ အများကြီး ပါသွားတာပဲလေ.. ပြီးတော့ ပထမနန်းတော်သခင် ကိုယ်တိုင်လည်း တိတ်တဆိတ် ကာကွယ်ပေးနေတာဆိုတော့ အရာရာ အဆင်ပြေသွားမှာပါ”
သူ မသွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ညဇီးကွက်ဘုရင်နှင့် မတွေ့ဆုံလိုသောကြောင့်ပင်..
“ချင်အာ အတွေ့ချင်ဆုံး လူက မင်းကိုပါ”
ဒီရက်ပိုင်းအတွင်း ရှောင်ချင်အာသည် အမှတ် (၁၂) ဂူစံအိမ်၏ ဝါးတောလေးအတွင်း၌သာ နေထိုင်ခဲ့ပြီး အားလုံးနှင့် စကားစမြည် ပြောဆိုကာ သူမ၏ ရင်တွင်းခံစားချက်များကို မျှဝေခဲ့သည်။
သူမက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟခဲ့သည်မှာ... လီယွမ်သည် သူမ ကလေးဘဝကတည်းက အလေးစားဆုံးသော ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး သူမ၏ ဘဝတစ်သက်တာ ရည်မှန်းချက်ပန်းတိုင် တစ်ခုလည်း ဖြစ်ကြောင်းပင်။
လီယွမ် ရှိနေခြင်းက သူမကို ရောင့်ရဲတင်းတိမ်စေပြီး မိမိကိုယ်ကိုယ် နှိမ့်ချတတ်စေခဲ့သည်။ သူမထက် သာလွန်သောသူများ အမြဲတမ်း ရှိနေပြီး သူမ လှမ်းမမီနိုင်သော အရာများလည်း အမြဲတမ်း ရှိနေကြောင်းကို သူက သင်ပေးခဲ့သည် မဟုတ်ပါလော။
အကယ်၍ ဤစကားများသာ အပြင်သို့ ပေါက်ကြားသွားမည်ဆိုလျှင် သူမသည် လှောင်ပြောင်ခြင်း ခံရမည်မှာ သေချာလှသည်။
သို့သော်လည်း ဝါးတောလေးအတွင်းရှိ လူအစုအဝေးကမူ သူမ၏ စကားကို အကြွင်းမဲ့ လက်ခံထားကြသည်။
အထူးသဖြင့် လီယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ကံကြမ္မာ အခွင့်အလမ်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော နင်ဟုန်ယွီသည် လီယွမ်အား အနာဂတ် ကူလမ်းစဉ်၏ နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် သူမ၏ စိတ်နှလုံးထဲတွင် အခိုင်အမာ သတ်မှတ်ထားလေပြီ။
ရှောင်ချင်အာတွင် ထူးခြားကူကောင် နှလုံးသားမေးခွန်းကူကောင် ရှိနေလျှင်ပင် လီယွမ်နှင့် ယှဉ်လိုက်ပါက အလှမ်းဝေးနေဆဲပင် ဖြစ်တော့၏။
“ချင်အာက ကျွန်တော့်ကို နားလည်ပေးမှာပါ”
လီယွမ်က ရယ်ရင်း ဆိုလိုက်၏။
“သူက ကျွန်တော့် စရိုက်ကို သိပါတယ်.. ကျွန်တော်က အပြင်ထွက်ရတာကို မကြိုက်သလို... လူအုပ်ကြီးကြားထဲမှာ ပေါ်လာရတာကို ပိုလို့တောင် မုန်းသေးတာ.. ချင်အာ့အတွက် ကျွန်တော် လက်ဆောင်လေး တစ်ခု ပြင်ဆင်ထားပါတယ်.. စီနီယာအစ်မကြီးကပဲ အဲဒါကို သူ့ဆီ ရောက်အောင် ကူညီပေးလိုက်ပါနော်”
“ကောင်းပြီလေ”
နင်ဟုန်ယွီကလည်း အတင်းအကျပ် မတိုက်တွန်းတော့ပေ။
“အစ်ကိုယွမ်... စီနီယာအစ်မကြီး နင်”
သူတို့ စကားပြောနေကြစဉ်မှာပင် ဝမ်ကျောက်ကျောက်က အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ဘာဖြစ်လို့လဲ ရှောင်ကျောက်”
လီယွမ်က မေးလိုက်၏။
“ညဇီးကွက်အစောင့်တပ်က လူတွေ ရောက်နေတယ်.. တောင်ပိုင်းတပ်မှူး ဇီနုန် ဖြစ်ပုံရတယ်” ဝမ်ကျောက်ကျောက်က ဆိုလိုက်၏။
လီယွမ်သည် ကူကောင်၏ ကွန်ရက်မှတစ်ဆင့် ထိုအရာကို အာရုံခံမိပြီးသား ဖြစ်သည်။
အမှတ် (၁၂) ဂူစံအိမ်၏ အပြင်ဘက်တွင် သေးသွယ်လှသော ပုံရိပ်လေးတစ်ခု မားမားမတ်မတ် ရပ်နေသည်။ ငယ်ရွယ်ပုံရသော်လည်း ထူးခြားလှသော အရှိန်အဝါ တစ်မျိုးကို ပိုင်ဆိုင်ထား၏။
“သူ့ကို ပင်မတောင်ထိပ်ဆီ ခေါ်သွားလိုက်ပါ”
နင်ဟုန်ယွီသည် ညဇီးကွက်အစောင့်တပ်ကို လုံးဝ မနှစ်မြို့ပေ။
သူမနှင့် လီယွမ်တို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စကားတစ်ခွန်းမျှ မဆိုဘဲ အခြေအနေကို နားလည်သွားကြသည်။
တောင်ပိုင်းတပ်မှူး ဇီနုန် ကိုယ်တိုင်ကိုယ်ကျ ဤအချိန်၌ ရောက်ရှိလာခြင်းမှာ ယူဘုရင် လင်းယွဲ့ ကျဆုံးသွားခြင်းကြောင့်သာ ဖြစ်ရပေမည်။
“ငါပဲ သွားရှင်းလိုက်ပါ့မယ်”
နင်ဟုန်ယွီသည် နေရာမှ ထကာ ပင်မတောင်ထိပ်ဆီသို့ ထွက်ခွာသွားသည်။
“ကျွန်တော်လည်း ဒီမှာပဲ ထိုင်ပြီး နားထောင်နေမယ်လေ”
လီယွမ်သည် တောင်ပိုင်းတပ်မှူး ဇီနုန်၏ စုံစမ်းစစ်ဆေးမှုကို မကြောက်ရွံ့သော်လည်း ညဇီးကွက်ဘုရင်၏ သတင်းစကားနှင့် သဘောထားကို ကြားသိလိုလေ၏။ ထိုအရာများမှတစ်ဆင့် တစ်စုံတစ်ခုကို လေ့လာပြီး ကြိုတင် ပြင်ဆင်ထားနိုင်ရန် ဖြစ်သည်။
မကြာမီမှာပင် ထိုမောင်နှမ နှစ်ဦးသည် ပင်မတောင်ထိပ်သို့ ရောက်ရှိသွားခဲ့ကြပြီး တောင်ပိုင်းတပ်မှူး ဇီနုန်လည်း ရောက်ရှိလာခဲ့တော့၏။
“ကျွန်မက နဝမကူနန်းတော်က နင်ဟုန်ယွီ ပါ.. တပ်မှူးကို အရိုအသေ ပေးပါတယ်”
နင်ဟုန်ယွီက လက်သီးဆုပ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သော်လည်း လွန်လွန်ကဲကဲ ဖော်ရွေခြင်းမျိုးတော့ မရှိခဲ့ပေ။
“အရိုအသေပေးစရာ မလိုပါဘူး” ဇီနုန်က ရယ်လိုက်၏။ “သိုင်းလောကမှာတော့ မင်းတို့ သိုင်းလောကရဲ့ စည်းကမ်းအတိုင်းပဲ နေကြတာပေါ့”
“တပ်မှူးမှာ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ”
နင်ဟုန်ယွီက မေးမြန်းလိုက်၏။
“ကျွန်မ ဒီကို ရောက်လာတာ ညဇီးကွက်ဘုရင်ရဲ့ အမိန့်တော်ကို ဆောင်ကြဉ်းဖို့နဲ့ ကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးဖို့ပါပဲ”
ဇီနုန်မှာ ပြုံးလိုက်သောအခါ ပါးချိုင့်လေးများ ပေါ်လာသဖြင့် ရိုးသားပြီး ချစ်စရာကောင်းသော အသွင်ကို ဆောင်နေတော့၏။
“ဘာကိစ္စများလဲ”
နင်ဟုန်ယွီမှာ သူမထက် အများကြီး ပိုအရပ်ရှည်ပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသော်လည်း အရှိန်အဝါမှာတော့ သူမထက် တစ်ပန်းသာနေခဲ့သည်။ သူမသည် မားမားမတ်မတ် ရပ်နေပြီး သူမ၏ ကောက်ကြောင်းအလှများမှာလည်း ပြေပြစ်လှပနေတော့၏။
“နန်းတော်သခင် နင်... ရှင်က ရင်သားတွေထက်တောင် ရန်လိုမှုက ပိုကြီးနေပါလား”
ဇီနုန်၏ စကားများမှာ အံ့ဩစရာ ကောင်းလှသည်။
“ငါတို့ ကူသခင်တွေက ဒီလိုပါပဲ.. အပြင်လူတွေက ငါတို့ကို ထူးဆန်းတယ်လို့ ထင်ကြသလို ငါတို့ကလည်း အပြင်လူတွေကို အဲဒီလိုပဲ ထင်တာပဲလေ.. ငါတို့တွေ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့”
နင်ဟုန်ယွီ၏ ဒေါသမှာ ပေါက်ကွဲလွယ်ဆဲ ဖြစ်သည်။
“ဟီးဟီး”
ဇီနုန်က ပြုံးလျက် ပြန်လည် တုံ့ပြန်လိုက်၏။
“ညဇီးကွက်အစောင့်တပ်ကို အရမ်း အဆိုးကြီး မမြင်ပါနဲ့.. ကျွန်မတို့က လောကကြီးအတွက် အလုပ်လုပ်နေတာပါ.. ပြည်သူတွေရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ လူနည်းစုကို ထိခိုက်မိတာမျိုးတွေ ရှိလာနိုင်တာပေါ့”
“စိတ်မလောပါနဲ့”
“ဒီတစ်ကြိမ်တော့ ကျွန်မမှာ သတင်းကောင်း ပါလာတယ်”
သူမ၏ မျက်လုံးများက နင်ဟုန်ယွီကို စူးစိုက်ကြည့်နေသည်။
“အရှေ့ပိုင်း ယူနယ်မြေရဲ့ ဘုရင်ဟောင်း ယူဘုရင် လင်းယွဲ့ဟာ... ရှင့်ရဲ့ အမှတ် (၁၂) ဂူစံအိမ် ခံစစ်စည်းမှာ သေဆုံးသွားခဲ့တယ်”
“သူ့ကို ရှင်တို့ သတ်လိုက်တာ ဖြစ်ရမယ် မဟုတ်လား”
“ရှင်တို့က တာ့ယန်အင်ပါယာအတွက် အန္တရာယ်ကောင် တစ်ကောင်ကို ရှင်းလင်းပေးခဲ့တာဆိုတော့ သူရဲကောင်းတွေပဲပေါ့.. ညဇီးကွက်ဘုရင်က ရှင်တို့ကို ဆုလာဘ် ပေးသနားဖို့အတွက် တော်ဝင်မိသားစုဆီ အထူး တောင်းဆိုပေးခဲ့ပါတယ်.. အဲဒါကတော့ လင်းယွဲ့ရဲ့ ရတနာသိုက်ကြီးပါပဲ”
ထိုစကားကို ကြားလိုက်ရသည်နှင့် နင်ဟုန်ယွီရော လီယွမ်ပါ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားကြရတော့၏။
‘လင်းယွဲ့ရဲ့ ရတနာသိုက် ဟုတ်လား..
တစ်ချိန်က အရှေ့ပိုင်း ယူနယ်မြေရဲ့ အရှင်သခင် ယူဘုရင်ဆိုတာ နဝမနယ်ပယ်ရဲ့ အချုပ်အနှောင်ကို ထိတွေ့ခဲ့တဲ့ အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်သလို... ဘိုးစဉ်ဘောင်ဆက် စုဆောင်းခဲ့တဲ့ စည်းစိမ်တွေကြောင့်လည်း အလွန်အမင်း ချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်ခဲ့တာ မဟုတ်လား..
ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ ရတနာသိုက်ဆိုတာ တန်ဖိုးဖြတ်လို့တောင် မရနိုင်ပါဘူး..
ညဇီးကွက်ဘုရင်က ဘာလို့ ဒီလောက်တောင် ရက်ရောနေရတာလဲ..
ထောင်ချောက်ပဲ..’
လီယွမ်၏ မသိစိတ်ထဲတွင် ထိုသို့ ချက်ချင်း တွေးလိုက်မိသည်။
“လင်းယွဲ့ကို ငါ သတ်ခဲ့တာပါ”
နင်ဟုန်ယွီက ဆက်လက်၍ ဆိုလိုက်၏။
“ရတနာသိုက်က ဘယ်မှာလဲ.. နေရာအတိအကျကို ပေးပါ.. ညဇီးကွက်အစောင့်တပ်ရဲ့ ကျေးဇူးကို ငါ မှတ်ထားပါ့မယ်”
“သူ့ကို ရှင် သတ်ခဲ့တာလား”
ဇီနုန်က ပြုံးလျက် ဆိုလိုက်၏။
“စကားနဲ့ ပြောရုံတင် သက်သေမဖြစ်ဘူးလေ.. ဒီကိစ္စက အလွန် အရေးကြီးတယ်.. သူရဲကောင်းရဲ့ အောင်မြင်မှုတွေကို တခြားသူတွေ ခိုးယူသွားတာမျိုး ညဇီးကွက်အစောင့်တပ်က ခွင့်မပြုနိုင်ဘူး”
“ဟွန့်”
နင်ဟုန်ယွီမှာ ကြိုတင် ပြင်ဆင်ထားလေပြီ။ သူမသည် ခါးတွင် ချိတ်ထားသော ဘူးသီးကို ယူကာ အောက်သို့ မှောက်ချလိုက်၏။
“ဒေါက်.. ဒေါက်.. ဒေါက်..”
လင်းယွဲ့၏ ကြေမွနေသော ဦးခေါင်းခွံများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။
ဒီအထောက်အထားက လုံလောက်ပြီလား..
“လုံလောက်ပါပြီ”
ဇီနုန်သည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဦးခေါင်းခွံ အပိုင်းအစ တစ်ခုကို ကောက်ယူကာ လက်ထဲတွင် ခဏမျှ ပွတ်သပ်ကြည့်လိုက်၏။ တစ်စုံတစ်ခုကို အာရုံခံနေသည့်အလားပင်။
သူမ၏ ကျင့်စဉ်က အရာရာတိုင်း၏ သဲလွန်စများကို အာရုံခံနိုင်စွမ်း ရှိသည်။
သူမသည် အာရုံခံစားမှုများမှတစ်ဆင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ခဲ့သော်လည်း... ဦးခေါင်းခွံပေါ်ရှိ သဲလွန်စများ အားလုံးမှာ ဖျက်ဆီးခံထားရပြီး ဘာမှ မကျန်ရှိတော့ပေ။ ၎င်းက လင်းယွဲ့၏ အမှတ်အသားကိုသာ အတည်ပြုနိုင်ပြီး အခြား ဘာအချက်အလက်ကိုမျှ ရှာမတွေ့နိုင်တော့ချေ။
“သူ့ကို ရှင် တကယ်ပဲ သတ်ခဲ့တာလား”
ဇီနုန်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
“ငါက အဲဒီလောက် အစွမ်းမရှိဘူးလို့ ထင်နေတာလား”
နင်ဟုန်ယွီသည် မားမားမတ်မတ် ရပ်ကာ အကြည့်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်၏။
ဒီအပြစ်ကို သူမ တာဝန်ယူရမည်မှာ သဘာဝပင်။ အကယ်၍ သူမသာ အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်မည်ဆိုလျှင် ထိုအရာက အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းပြီး ဂျူနီယာ မောင်လေးမှာ ညဇီးကွက်အစောင့်တပ်၏ ပစ်မှတ် ဖြစ်သွားနိုင်ချေ ရှိသည် မဟုတ်ပါလော။
“ကောင်းပါပြီ”
ဇီနုန်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ ကျွန်မမှာ ရှင်းရှင်းလင်းလင်း သိရမယ့် နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်”