အဝေးမှ ဧည့်သည်
Vol. 11 Ch. 127
“မေးစရာ ရှိတာ မေးလေ”
နင်ဟုန်ယွီမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
“သစ္စာဖောက်တွေကို သတ်ဖြတ်တာက နိုင်ငံတော်ကို ကာကွယ်တဲ့ ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်တစ်ခုပဲလေ.. ရှင်က ဘာလို့ ပုန်းကွယ်နေရတာလဲ” ဇီနုန်က မေးမြန်းလိုက်၏။
“ငါက အဲဒီလိုပဲ နေတတ်လို့လေ”
နင်ဟုန်ယွီက မာန်ပါပါဖြင့် ဆိုလိုက်၏။
“ကူသခင်တွေက လူတွေကို တိတ်တဆိတ် သတ်ရတာကို ပိုနှစ်သက်တယ်.. ပေါ်ပေါ်ထင်ထင် လုပ်ရတာက ငါတို့ရဲ့ ပုံစံ မဟုတ်ဘူးလေ”
သူမက မျက်ခုံးပင့်လိုက်ရင်း ဆက်ပြော၏။
“မင်းတို့ ညဇီးကွက်အစောင့်တပ်က ငါ့ရဲ့ နောက်ကြောင်းကို စုံစမ်းပြီး ငါ့အကြောင်းတွေ အကုန်လုံး ပြောပြမှာတော့ မဟုတ်ပါဘူးနော်”
“အဲဒီလိုတော့ မလိုပါဘူး”
ဇီနုန်သည် မေးခွန်းများ ဆက်မမေးတော့ဘဲ အဆောင်အယောင် တံဆိပ်ပြား တစ်ခုကို နင်ဟုန်ယွီထံသို့ ပစ်ပေးလိုက်၏။
“ဒါက ညဇီးကွက် အဆောင်အယောင်ပဲ.. ဒါလေးရှိရင် ရှင်က အရှေ့ပိုင်း ယူနယ်မြေကို သွားပြီးတော့ လင်းယွဲ့ရဲ့ ရတနာသိုက်ထဲကနေ ရှင့်အတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေကို ယူလို့ ရပါပြီ”
“ညဇီးကွက်ဘုရင်ကို ငါ ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”
နင်ဟုန်ယွီက အဆောင်အယောင် တံဆိပ်ပြားကို လှမ်းဖမ်းလိုက်၏။
ပူးပေါင်းကြံစည်မှုတွေ၊ လှည့်ကွက်တွေကို ဘေးဖယ်ထားလိုက်ဦး... အရင်ဆုံး ရအောင် ယူထားတာက ပိုကောင်းတာပေါ့လေ..
“ဒါဆိုလည်း နှုတ်ဆက်ခဲ့ပါတယ် နန်းတော်သခင် နင်”
ဇီနုန်သည် နေရာမှ ပျံဝဲ ထွက်ခွာသွားလေတော့၏။
ဇီနုန် ထွက်သွားပြီးနောက် နင်ဟုန်ယွီသည် လီယွမ်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ဂျူနီယာ မောင်လေး... ဒါက လှည့်ကွက် တစ်ခုများလား”
“ဘယ်လိုပဲဖြစ်ဖြစ် ညဇီးကွက်ဘုရင်က အဲဒီလောက်အထိ သဘောကောင်းလိမ့်မယ်လို့ ငါ မယုံဘူး.. လင်းယွဲ့ရဲ့ ရတနာသိုက်ဆိုတာက ကြီးမားတဲ့ စည်းစိမ် တစ်ခုပဲ.. သူ့အနေနဲ့ ငါတို့ကို အလကား ပေးစရာ အကြောင်းမှ မရှိတာ”
လီယွမ်၏ အမြင်တွင်မူ ညဇီးကွက်ဘုရင်ဆိုသည်မှာ ဘယ်သောအခါမှ ပေါ့ဆတတ်သူ မဟုတ်သလို သဘောကောင်းသူ တစ်ယောက်တော့ ပိုလို့တောင် မဟုတ်သေးပေ။ ၎င်းအပြင် ကူသခင် လမ်းစဉ်အပေါ် သူ၏ သဘောထားမှာလည်း ရင်းနှီးမှု မရှိလှချေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆုလာဘ်က ကြီးမားလေလေ... ပူးပေါင်းကြံစည်မှု တစ်ခုနှင့် ပို၍ တူလေလေပင် ဖြစ်တော့၏။
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
နင်ဟုန်ယွီက သဘောတူလျက် ခေါင်းညိတ်လိုက်ပြီး ခန့်မှန်းလိုက်သည်။
“လင်းယွဲ့ရဲ့ ရတနာသိုက်ထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ရှိနေလို့များ ငါတို့ကို ကင်းထောက်တွေအနေနဲ့ အသုံးချချင်နေတာလား”
လင်း မိသားစု၏ ဘိုးဘေးများဆိုသည်မှာ တာ့ယန်အင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်၏ အမွေအနှစ်များကြောင့် နဝမနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြသူများ ဖြစ်ရာ သူတို့တွင် ခိုင်မာသော အခြေခံတစ်ခု ရှိနေမည်မှာ သေချာလှသည်။
“အရမ်းကို ဖြစ်နိုင်ချေ ရှိတယ်”
လီယွမ် အနေဖြင့် ရတနာများကို လိုအပ်နေသော်လည်း ဤကဲ့သို့ သိသာလှသော ထောင်ချောက်အတွင်းသို့ သူ ဝင်ရောက်မည် မဟုတ်သလို စီနီယာအစ်မကြီးအားလည်း အန္တရာယ် မကြုံစေလိုပေ။
“ဒီညဇီးကွက် အဆောင်အယောင်ကို ဂိုဏ်းကို ပေးလိုက်ရင်ကော... ဘယ်လိုနေမလဲ”
နင်ဟုန်ယွီက အကြံပြုလိုက်၏။
ဂိုဏ်းမှ အစွမ်းထက်သော သူများက သွားရောက် ရှာဖွေပါစေလေ.. ရတနာများ ရရှိပြီးနောက်မှ သူတို့နှင့် အချိုးကျ ခွဲဝေယူမည်ပေါ့.. ထိုသို့ဆိုလျှင် အန္တရာယ် ရှိလာပါကလည်း သူတို့အနေဖြင့် ထွက်ပြေးရန် ပို၍ လွယ်ကူပေလိမ့်မည်။
“ကောင်းပြီလေ” လီယွမ်က ခေါင်းညိတ်ပြလိုက်၏။
“အချိန်တန်ရင်တော့ ဒီညဇီးကွက် အဆောင်အယောင်ကို အဘိုးကြီးဆီ ပေးလိုက်မယ်.. သူ့ရဲ့ အသိပညာနဲ့ ကျင့်ကြံခြင်းနယ်ပယ်နဲ့ဆိုရင် ဖြေရှင်းနည်း တစ်ခုခု ရှိမှာပါ”
ထိုမောင်နှမ နှစ်ဦးမှာ ဤကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိသွားကြသည်။
နင်ဟုန်ယွီက အပြစ်အားလုံးကို တာဝန်ယူမည်ဖြစ်ပြီး သင့်တော်သော ရတနာများ တွေ့ရှိချိန်တွင် လူတိုင်းက မိမိတို့ နှစ်သက်ရာကို ရွေးချယ်ကာ လက်ရပစ္စည်းများကို တဖြည်းဖြည်းချင်း ခွဲဝေယူကြမည် ဖြစ်သည်။
...
ချန်းလန်နယ်မြေ။
မြို့တော်ရှိ ဘုရင်၏ စံအိမ်တော်ဝယ်..
ချန်းလန်ဘုရင်အသစ် ရှောင်လျဲ့ သည် စပါးအုံးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်နေကာ စားပွဲပေါ်ရှိ ရွှေရောင်အနားကွပ် ဖိတ်စာတစ်စောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
“ညဇီးကွက်ဘုရင်.. မင်းက တကယ် သေသင့်တဲ့ကောင်ပဲ....”
သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသဖြင့် လက်သည်းများမှာ အသားထဲသို့ စိုက်ဝင်လုမတတ် ဖြစ်နေတော့၏။
“မင်းက ငါ့အဖေကို အသုံးချတယ်.. ငါ့အမေကို အသုံးချတယ်.. ပြီးတော့ ငါ့အစ်မကိုလည်း အသုံးချတယ်.. အခုတော့ ငါ့ကိုပါ အရှက်ခွဲချင်နေတာလား....”
“မင်းနဲ့ ငါ အသေအလဲ ရှင်းရဦးမယ်....”
ရှောင်လျဲ့ အနေဖြင့် သူနှင့် သူ၏ အမြွှာအစ်မဖြစ်သူတို့မှာ လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းများကို လျှောက်လှမ်းကြမည်ဖြစ်ပြီး သဘောထား ကွဲလွဲမှုများ ရှိမည်ကို လက်ခံနိုင်သည်။
ဖခင်ဖြစ်သူ သေဆုံးပြီးနောက်တွင် သူနှင့် သူ၏ အစ်မဖြစ်သူ တို့မှာ သူတို့၏ ယုံကြည်ချက်များ မတူညီမှုကြောင့် လုံးဝ လမ်းခွဲခဲ့ကြသော်လည်း... သူ၏ ရင်ထဲတွင်မူ မည်သည့် အမုန်းတရားမျှ မရှိခဲ့ချေ။
နှလုံးသားမေးခွန်းကူကောင်ရော၊ ရှောင် မိသားစု၏ ဘိုးစဉ်ဘောင်ဆက် မှာကြားချက်များကပါ သူ့အား အဖြေတစ်ခု ပေးခဲ့လေပြီ။
ရှောင်ချင်အာ သည် တောင်ပိုင်းနယ်စပ်နှင့် ပြည်သူများကို အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားရမည်မှာ ကံကြမ္မာ၏ စီမံမှု ပင်။
ညဇီးကွက်ဘုရင်၏ အသုံးချခံ ဖြစ်နေရမှန်း သိနေလျှင်တောင်မှ... တောင်ပိုင်းနယ်စပ်က ပြည်သူတွေ၏ အသက်အိုးအိမ် စည်းစိမ်တွေနှင့် သူမ လောင်းကြေးထပ်မည် မဟုတ်ပေ။
သူ၏ ညီမလေးကို သူ အပြစ်မတင်ရက်ပေ။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ရှောင်လျဲ့ အနေဖြင့် ပလ္လင်ပေါ်တွင် ဆက်လက် ထိုင်ခွင့်ရနေခြင်းမှာလည်း သူ၏ အစ်မဖြစ်သူ၏ ကြင်နာမှုကြောင့်ပင်။ မဟုတ်ပါက ညဇီးကွက်အစောင့်တပ်သည် သူ့အား ပစ်မှတ်ထားခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
သူ ခံစားနေရသည်မှာ ဤအရာများ အားလုံးက လုံးဝ မတန်ဘူးဟုပင်..။
ပိုတွေးလေ... ပိုပြီးတော့ လက်မခံနိုင်လေပင်..။
‘ဘိုးဘေးတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေရင်တောင်မှ ဖခင်နဲ့ မိခင်ရဲ့ ဆန္ဒတွေကို ဆန့်ကျင်နေရင်တောင်မှ... ခေါင်းမာတယ်လို့ပဲ ခေါ်ခေါ် လျစ်လျူရှုတယ်လို့ပဲ ခေါ်ခေါ်... အရေးမကြီးတော့ဘူး..
ဒီကိစ္စကို ငါ လုံးဝ မြိုမချနိုင်ဘူး..’
“တစ်ယောက်ယောက် လာခဲ့စမ်း..”
ရှောင်လျဲ့ က စားပွဲကို လက်သီးဖြင့် ထုကာ အော်လိုက်၏။
“အရှင်မင်းကြီး... ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ”
အစောင့်များမှာ တဲတော်အတွင်းသို့ ဝင်ရောက်လာကြသည်။
“ညဇီးကွက်အစောင့်တပ်က လာတဲ့ သံတမန်ကို သွားပြောလိုက်စမ်း... ငါ နေမကောင်းလို့ တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူးရဲ့ ရာထူးခန့်အပ်ပွဲ အခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့”
“ငါ့အတွက် နောက်ထပ် လက်ဆောင်တစ်ခု ပြင်ဆင်ပြီး ကျိုးကျင်း မြို့တော်ကို ပို့လိုက်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..”
အစောင့်တစ်ဦးက အမိန့်ကို လက်ခံပြီး ထွက်သွားသည်။
“အစီရင်ခံပါတယ်..”
ခဏအကြာတွင် အစောင့်တစ်ဦးက အပြေးအလွှား ဝင်ရောက်လာပြီး အစီရင်ခံသည်။
“အရှင်မင်းကြီး... မြို့အပြင်ဘက်မှာ အရှင်မင်းကြီးနဲ့ တွေ့ချင်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင် တစ်ယောက် ရောက်နေပါတယ်.. အရှင်မင်းကြီးနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စရှိတယ်လို့ ပြောပါတယ်”
“သိုင်းပညာရှင် ဟုတ်လား.. ဘယ်လောက်တောင် အစွမ်းထက်လို့လဲ”
ရှောင်လျဲ့ ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ချန်းလန်နယ်မြေကြီးက အခုဆိုရင် စွမ်းအားမဲ့ ခွေးသူတောင်းစား တစ်ကောင်အဖြစ်ကို ရောက်နေပြီမို့လို့ ခွေးကအစ၊ ကြောင်ကအဆုံး လူတိုင်းက အနိုင်ကျင့်ချင်နေကြတာလား..
“ဗိုလ်ချုပ်ကျိုးက သူ့ကို စမ်းသပ်ကြည့်ပြီးပါပြီ.. အသစ်ရောက်လာတဲ့သူရဲ့ အစွမ်းက ဗိုလ်ချုပ်ကျိုးထက်တောင် ပိုပြီး သာလွန်နေပုံရပါတယ်” အစောင့်က ရိုသေစွာဖြင့် လျှောက်တင်လိုက်၏။
“အဲဒီလောက်တောင် အစွမ်းထက်တာလား”
ရှောင်လျဲ့ သည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
ယူဘုရင်နှင့် နတ်ဆိုးတပ်တို့နှင့် အကြိမ်ကြိမ် သွေးမြေကျ တိုက်ခိုက်ခဲ့ပြီးနောက်တွင် ချန်းလန်နယ်မြေရှိ အစွမ်းထက်လှသော ပညာရှင်များစွာမှာ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြပြီး ထက်ဝက်ခန့်မှာ ပျောက်ဆုံးသွားခဲ့ကြသည်။
ထို့နောက် စစ်သည်အချို့က ရှောင်ချင်အာ၏ နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ကြပြန်သည်။
ယနေ့ခေတ်တွင်မူ ချန်းလန်နယ်မြေ၌ လေးစားလောက်သော အစွမ်းအထက်ဆုံး ပညာရှင်များမှာ အလွန်ပင် နည်းပါးလှသည်။
အစောင့်ပြောသော ဗိုလ်ချုပ်ကျိုး ဆိုသည်မှာ မြို့တော်၏ တပ်မှူးကြီး ဖြစ်သည်။ သူသည် အဋ္ဌမအဆင့်တွင် ရပ်တည်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး အတွေ့အကြုံများစွာ ရှိသူ ဖြစ်ရာ ချန်းလန်နယ်မြေတွင် အစွမ်းအထက်ဆုံး သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
အသစ်ရောက်လာသောသူက ဗိုလ်ချုပ်ကျိုးကို မည်သို့လျှင် အနိုင်ယူနိုင်ခဲ့သနည်း။
၎င်းက ရှောင်လျဲ့ အား အကြံတစ်ခု ရစေခဲ့ပြီး သူက လက်ဝှေ့ယမ်းကာ ဆိုလိုက်၏။
“သူတို့ကို ဒီကို ခေါ်လာခဲ့”
သိပ်မကြာမီမှာပင်..အစောင့်များသည် ထိုသုံးဦးအား ချန်းလန်ဘုရင်၏ စံအိမ်တော် ပင်မခန်းမကြီးအတွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။
“အဝေးက ရောက်လာတဲ့ ဧည့်သည် မုရုံစု က ချန်းလန်ဘုရင်ကို အရိုအသေ ပေးပါတယ်”
ရောက်လာသူမှာ ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ထူးခြားလှသော ဟန်ပန်ရှိသည့် ချောမောလှပသော လူငယ်သခင်လေး တစ်ဦး ဖြစ်လေရာ... ဂုဏ်သတင်း ကြီးမားလှသော မိသားစုမှ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
အတွေးအချို့က ရှောင်လျဲ့ ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
လောကကြီးတွင် ဂုဏ်သတင်း ကြီးမားသော မိသားစုများ များစွာ ရှိသော်လည်း အဋ္ဌမအဆင့် သိုင်းသူတော်စင် တစ်ဦးကို ခေါင်းဆောင်အဖြစ် ပိုင်ဆိုင်ထားသော မိသားစုများမှာ လက်ချိုးရေ၍ ရနိုင်သည်။
မုရုံ ဟုတ်လား..။
သူ၏ မှတ်ဉာဏ်ထဲတွင်မူ ထင်ရှားကျော်ကြားသော မိသားစုများထဲ၌ မုရုံ ဟူသော မျိုးရိုးအမည်ဖြင့် မိသားစု တစ်ခုမျှ မရှိခဲ့ပေ။
တစ်ဖက်လူက မိမိကိုယ်ကိုယ် ‘အဝေးမှ ဧည့်သည်’ ဟု သုံးနှုန်းသွားခြင်းက ပို၍ပင် ထူးဆန်းနေသေးတော့၏။
“မင်းတို့ ဒီကို ဘာကိစ္စ လာကြတာလဲ”
ရှောင်လျဲ့ က မေးလိုက်၏။
“အရှင်မင်းကြီးကို ကူညီဖို့ပါ... ပိုတိတိကျကျ ပြောရရင်တော့ တစ်ယောက်ကို တစ်ယောက် ကူညီဖို့ပေါ့လေ”
လူငယ်သခင်လေး မုရုံစု က ပြုံးလျက် ဆိုလိုက်၏။
“မင်း ဘာကို ဆိုလိုတာလဲ”
ရှောင်လျဲ့ က မျက်မှောင်ကြုတ်လိုက်၏။
“ရိုးရိုးသားသား ပြောရရင်တော့... ကျွန်တော်က ချန်းလန်ဘုရင်ကို စောင့်ကြည့်နေတာ ကြာပါပြီ.. အရှင်မင်းကြီးဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လောကမှာ ရှားပါးတဲ့ လူတစ်ယောက် ဆိုတာကို ကျွန်တော် သိပါတယ်”
ချန်းလန်ဘုရင် ဒဏ်ရာမရခင် အချိန်ကတည်းက မုရုံစု သည် လူအချို့ကို ချန်းလန်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် စီစဉ်ထားခဲ့လေပြီ။
သူတို့သည် မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ မထားရှိခဲ့ဘဲ... သူ၏ အမိန့်အရ ချန်းလန်နယ်မြေအတွက် အသက်စွန့်ရန်ပင် အသင့်ရှိနေသော သစ္စာရှိ နောက်လိုက်များ ဖြစ်ခဲ့ကြသဖြင့် မည်သူမျှ မရိပ်မိခဲ့ကြပေ။
ထိုအချိန်ကာလအတွင်း သူသည် လုံလောက်သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။
များစွာသော ခွဲခြမ်းစိတ်ဖြာမှုများနှင့် စဉ်းစားဆင်ခြင်မှုများ ပြုလုပ်ပြီးနောက်... ယနေ့တွင် အရှင်မင်းကြီးထံသို့ ရောက်ရှိလာခဲ့လေ၏။
ချန်းလန်ဘုရင်အသစ် ရှောင်လျဲ့ မှာ ဒေါသထွက်နေပြီး တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး ရှောင်ချင်အာ က ရာထူးလွှဲပြောင်းယူတော့မည့် ဤနေ့ရက်တွင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရန် ရွေးချယ်လိုက်ခြင်းမှာ အသင့်တော်ဆုံး အချိန်ပင် ဖြစ်တော့၏။
“မင်းတို့က တကယ်တော့ ဘယ်သူတွေလဲ”
ရှောင်လျဲ့ ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ တစ်ဖက်လူတွင် အစွမ်းထက်လှသော နောက်ခံတစ်ခု ရှိနေပြီး သူ့အား စမ်းသပ်နေသည့်အလား ပင်။
ချန်းလန်နယ်မြေမှာ ယခင်ကလောက် မစွမ်းဆောင်နိုင်တော့လျှင်ပင်... ၎င်းသည် တိုင်းပြည်တစ်ခု ဖြစ်ပြီး လောကရှိ အစွမ်းအထက်ဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်နေဆဲပင်။ ချန်းလန်ဘုရင်အသစ် ဖြစ်သော သူ၏ ရှေ့မှောက်တွင် မည်သူကများ ရောင့်တက်ဝံ့မည်နည်း။
“ကျွန်တော်တို့က... အရှင်မင်းကြီးရဲ့ မိသားစုအတွက် လက်စားချေပေးပြီး တာ့ယန်အင်ပါယာကို ဖြုတ်ချဖို့ ကူညီပေးမယ့်သူတွေပါ”
မုရုံစု က ပြုံးလျက် ဆိုလိုက်၏။
“မင်း.. မင်းတို့ အားလုံးက....”
ရှောင်လျဲ့ သည် စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ကာ မတ်တတ်ရပ်လိုက်လေရာ သူ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့တော့၏။ သူသည် တစ်ဖက်လူ၏ အမှတ်အသားကို နောက်ဆုံးတွင်တော့ ခန့်မှန်းမိသွားခဲ့ပါသည်။
“မင်းတို့က အရင်မင်းဆက်... ကျန်း အင်ပါယာရဲ့ အကြွင်းအကျန်တွေပဲ.. မုရုံ မိသားစုဝင်တွေ..”
လွန်ခဲ့သော နှစ်များစွာက နယ်စပ်ဒေသများ အလွန်အမင်း ဆူပူအုံကြွနေချိန်တွင်... နေနှင့်လ သန့်စင်သော ဂိုဏ်း ပြန်လည် အသက်ဝင်လာခြင်း၊ မြောက်ပိုင်း နတ်ဘုရား ပူဇော်ပွဲ အခမ်းအနား၊ ယခင် မင်းဆက်များ ပြန်လည် ခေါင်းထောင်လာခြင်းနှင့် အရှေ့ပိုင်း တောရိုင်းဒေသမှ လူပုလေးများ၏ လုပ်ရပ်များ စသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိခဲ့သည်။
သူ ကြားဖူးခဲ့သော်လည်း ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။
ဒါက တကယ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က ကျန်း အင်ပါယာမှ သွေးဆက်များ တကယ်ပဲ တည်ရှိနေသေးတာလား.. ထောင်စုနှစ် တစ်ခုတိုင်တိုင် တောင့်ခံထားခဲ့ပြီး... တာ့ယန်ခေတ်ရဲ့ ဖရိုဖရဲ အချိန်ကျမှ ထွက်ပေါ်လာကြတာလား..
“မင်းတို့ ရောက်လာတာ... အချိန်ကိုက်ပဲ..”