သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်
Vol. 11 Ch. 128
“ကျွန်တော်မျိုးက အရည်အချင်း မရှိပေမယ့်လည်း ကျန်း အင်ပါယာ မင်းဆက်ရဲ့ (၂၉) ဆက်မြောက် သားကြီး မုရုံစု ဖြစ်ပါတယ်”
ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်သခင်လေးသည် သူ၏ အမှတ်အသားကို ချက်ချင်းပင် ဝန်ခံလိုက်၏။
“တကယ်လား.. မင်းတို့က တော်တော် သတ္တိရှိတာပဲ”
“ဘုန်း..”
ရှောင်လျဲ့သည် ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်၏။
“အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေက ငါ့ရဲ့ ချန်းလန်နယ်မြေကို လာပြီးတော့ ငါ့ဆန္ဒတွေကို ဖျက်ဆီးရဲတယ်ပေါ့လေ.. အစောင့်တွေ.. ဒီသစ္စာဖောက်တွေကို ဖမ်းလိုက်စမ်း....”
“ဝှစ်...”
အစောင့်များက ဓားများကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်လာကြသည်။
မုရုံစုမှာမူ နေရာတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ အပြုံးက အနည်းငယ်မျှပင် ပျောက်ကွယ်မသွားခဲ့ချေ။ ဓားကို သူ၏ လည်ပင်းတွင် တေ့ထားသည်ကိုပင် ခွင့်ပြုထားသည်။
“ချန်းလန်ဘုရင်... ဘာလို့ ဒီလို လုပ်နေရတာလဲ.. အရှင်မင်းကြီးရဲ့ ခံစားချက်တွေကို ကျွန်တော့်ထက် ပိုပြီး နားလည်တဲ့သူ ဒီလောကမှာ မရှိပါဘူး”
သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ ရှောင်လျဲ့ကို တည့်တည့် စိုက်ကြည့်နေသည်။
“အရှင်မင်းကြီး ကျွန်တော့်ကို သတ်မှာ မဟုတ်ပါဘူး.. စိတ်တူကိုယ်တူ လူတစ်ယောက်ကို ဘယ်တော့မှ သတ်မှာ မဟုတ်ပါဘူး”
သူတို့၏ အကြည့်များ ဆုံတွေ့သွားကြပြီး တစ်ဦး၏ အတွေးကို တစ်ဦးက ဖောက်ထွင်းကြည့်နေကြသည့်အလား ဖြစ်နေတော့၏။
အချိန်အတော်ကြာပြီးနောက်တွင် ရှောင်လျဲ့က လက်ကို မြှောက်လိုက်၏။
လူများသည် ရုတ်တရက် ဓားများကို ပြန်သိမ်းကာ နောက်ဆုတ်သွားကြသည်။
“ဟားဟားဟား..”
မုရုံစုက ကျယ်လောင်စွာ ရယ်လိုက်၏။
“ဒါမှပေါ့.. ချန်းလန်ဘုရင်က အသားနဲ့ သွေးနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက် ဆိုတာကို ကျွန်တော် သိနေပါတယ်.. အကန်းလို သစ္စာစောင့်သိပြီး အဂတိလိုက်စားတဲ့သူမျိုး မဟုတ်ပါဘူး”
“မင်းပြောတာ မှန်တယ်.. ငါ တာ့ယန်အင်ပါယာကို မုန်းတယ်”
ရှောင်လျဲ့က ခေါင်းညိတ်လိုက်၏။
“ငါ့မိဘ နှစ်ပါးစလုံးက တာ့ယန်အင်ပါယာကြောင့် သေဆုံးခဲ့ရတာပဲ.. ငါ့ညီမကလည်း ဒီကိစ္စကြောင့် ငါနဲ့ လမ်းခွဲခဲ့တာလေ.. ငါက ချန်းလန်ဘုရင်ဆိုပေမယ့် ညဇီးကွက်ဘုရင်ရဲ့ အမြင်မှာတော့ ငါက တာ့ယန်အင်ပါယာရဲ့ သစ္စာရှိတဲ့ ခွေးတစ်ကောင်ထက် မပိုပါဘူး”
“ညဇီးကွက်ဘုရင်က ဧကရာဇ်ကို ဓားစာခံလုပ်ပြီး မြို့စားဘုရင်တွေကို အမိန့်ပေးနေတာလေ.. တာ့ယန်အင်ပါယာဆိုတာ နာမည်ခံပဲ ရှိတော့တာ ကြာပါပြီ”
“ဒါပေမဲ့...”
သူက စကားလမ်းကြောင်း လွှဲလိုက်၏။
“ညဇီးကွက်ဘုရင်ရဲ့ အစွမ်းကတော့ ငြင်းလို့ မရဘူးလေ.. ဘယ်သူကများ သူ့ကို မလေးမစား လုပ်ရဲလို့လဲ.. မင်းတို့က သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”
‘အစွမ်းအစ မရှိဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာ မရှိနိုင်ပါဘူး..
အဲဒီအစား သူတို့ကိုယ်သူတို့ သေတွင်းထဲ ပို့နေတာနဲ့ အတူတူပဲ..
သေဖို့ တန်းစီနေကြတာပဲ..’
မုရုံစုက အလွန် အစွမ်းထက်သော်လည်း ညဇီးကွက်ဘုရင်ကိုတော့ ယှဉ်နိုင်မည် မဟုတ်ချေ။
နဝမနယ်ပယ်၏ အဟန့်အတားအား ထိတွေ့ခဲ့သော ပြည့်စုံခြင်း နယ်ပယ်ရှိ ယူဘုရင် လင်းယွဲ့ပင်လျှင် ညဇီးကွက်ဘုရင်၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးခဲ့ရသည် မဟုတ်ပါလော။
လောကရှိ ဘယ်သိုင်းပညာရှင်ကများ သူ့ကို မကြောက်ဘဲ နေမည်လဲ..
“ညဇီးကွက်ဘုရင်က အရမ်း အစွမ်းထက်တာတော့ မှန်ပါတယ်.. ဒါပေမဲ့ သူက တကယ် ပြိုင်ဘက်ကင်း ဖြစ်နေတာတော့ မဟုတ်ပါဘူး” မုရုံစုက ဆိုလိုက်၏။
ရှောင်လျဲ့က လှောင်ပြောင်လိုက်၏။
“စကားလှလှလေးတွေကတော့ ဘယ်သူမဆို ပြောတတ်တာပဲလေ.. မင်းက ငါ့ကို အောက်ဆွဲချချင်တယ်ဆိုရင်တော့ မင်းရဲ့ အစွမ်းတွေကို ငါ့ကို ပြစမ်းပါ”
“ချန်းလန်ဘုရင်... သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင် ဆိုတာကိုရော အရှင်မင်းကြီး ကြားဖူးပါသလား”
မုရုံစုက မေးလိုက်၏။
ချန်းလန်ဘုရင်အသစ် ရှောင်လျဲ့သည် မည်သူထက်မဆို တာ့ယန်အင်ပါယာကို ဖြုတ်ချချင်နေကြောင်း သူ သိထားသည်။ သို့သော် သူက မူဟန်ပြနေပြီး အတိတ်က ဆက်ဆံရေးများကို ထည့်သွင်းစဉ်းစားကာ တွေဝေ တုံ့ဆိုင်းနေခြင်းပင်။
တစ်ဖက်လူကို မျှော်လင့်ချက်လေး နည်းနည်း ပေးလိုက်ရုံနှင့်တင် ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်အောင် လုပ်နိုင်မည်ပင်။
“သေချာပေါက် သိတာပေါ့”
တော်ဝင်မိသားစုတွင် မွေးဖွားလာသူဖြစ်ရာ ရှောင်လျဲ့သည် ထျန်းယွမ်တိုက်ကြီး၏ အခြေခံ အခြေအနေများကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင် ဆိုသည်မှာ လူမျိုးစု (၁၆) စုဖြင့် ဖွဲ့စည်းထားပြီး တညီတညွတ်တည်း ဖြစ်သလို လွတ်လပ်သော အဖွဲ့အစည်းများလည်း ဖြစ်ကြသည်။
တာ့ယန်အင်ပါယာ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ချန်းလန်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ပင်လယ်နှင့် နတ်ဆိုးနယ်မြေတို့ ခြားနားထားသဖြင့် နှစ်ဖက်စလုံးမှာ ရှားရှားပါးပါးသာ ဆက်သွယ်မှု ရှိကြပြီး မိမိတို့ဘာသာသာ နေထိုင်ကြသည်။
ကြီးမားသော စစ်ပွဲကြီး ဖြစ်ပွားရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
တစ်နေ့နေ့တွင် အင်အားကြီး နှစ်ခုကြား၌ တည်ရှိနေသော နတ်ဆိုးနယ်မြေကြီး ပျောက်ကွယ်သွားမှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
သို့မဟုတ်ပါကလည်း တစ်ဖက်ဖက်မှ ပင်လယ်တွင်းရှိ နတ်ဆိုးသားရဲများကို လျစ်လျူရှုပြီး ပင်လယ်ကို ဖြတ်ကျော်ကာ အကြီးအကျယ် စစ်ဆင်ရေးများ ပြုလုပ်နိုင်မှသာလျှင် ဖြစ်နိုင်ပေမည်။ မဟုတ်ပါက သူတို့သည် ထာဝရ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုတွင်သာ ဆက်လက် တည်ရှိနေကြမည် ဖြစ်သည်။
“သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင် အကြောင်း ပြောနေတော့ရော ဘာထူးမှာလဲ”
ရှောင်လျဲ့က မေးလိုက်၏။
“သူတို့က မင်းကို ကူညီနိုင်မယ်လို့ မင်း ထင်နေတာလား”
ဖခင်ဖြစ်သူ ရှောင်ယွမ် လက်ထက်က ရှောင်လျဲ့သည် တာ့ယန်အင်ပါယာသို့ လာရောက်ခဲ့သော သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှ သံတမန်များနှင့် အဆက်အသွယ် ရှိခဲ့ဖူးသည်။ နှစ်ဖက်စလုံးမှာ ချစ်ကြည်ရေး ဖလှယ်မှုများ ပြုလုပ်ခဲ့ကြပြီး သမိုင်းကြောင်း အချို့ကိုလည်း လေ့လာသိရှိခဲ့ရသည်။
အစွမ်းခွန်အားပိုင်းတွင်မူ ဂိုဘီသဲကန္တာရမှ နိုင်ငံ (၁၆) နိုင်ငံမှာ အချိန်အများစုတွင် ဤမြေဆီဩဇာ ကောင်းမွန်သော မြေပြင်ပေါ်ရှိ အင်ပါယာလောက် မစွမ်းဆောင်နိုင်ခဲ့ကြပေ။
မွေးဖွားလာခဲ့သော ‘သိုင်းနတ်ဘုရား’ အရေအတွက်မှာလည်း ပို၍ နည်းပါးလှသည်။
၎င်းက ယဉ်ကျေးမှု အခြေခံ ကွာခြားချက်ပင် ဖြစ်တော့၏။
“ဘာလို့ မကူညီနိုင်ရမှာလဲ”
မုရုံစုက ဆိုလိုက်၏။
“သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က စစ်တပ်လွှတ်ပြီး တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တာ မှန်ပေမယ့် သဲကန္တာရထဲက အစွမ်းထက်တဲ့ ပညာရှင်တချို့ကို ရယူဖို့ဆိုတာကတော့ ဖြစ်နိုင်ပါသေးတယ်”
“အဲဒီတော့ ဘာဖြစ်လဲ.. ညဇီးကွက်ဘုရင်ကို ယှဉ်နိုင်မှာ မို့လို့လား” ရှောင်လျဲ့က ပြန်လည် ချေပလိုက်၏။
“အဟင်း..ကြည့်ရတာ ချန်းလန်ဘုရင်ရဲ့ ညဇီးကွက်ဘုရင်အပေါ် ကြောက်ရွံ့မှုက အရိုးထဲထိ စိမ့်ဝင်နေပုံပဲ” မုရုံစုက ရယ်လိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”
ရှောင်လျဲ့မှာ ကြောက်ရွံ့နေခဲ့သည်မှာ အမှန်ပါ.. ။
အချိန်အတော်ကြာသည့်တိုင်အောင် သူသည် ညဇီးကွက်ဘုရင်နှင့် ပတ်သက်သည့် အိပ်မက်ဆိုးများကို မက်နေခဲ့ရသည် မဟုတ်ပါလော။
“မင်းက မကြောက်ဘူးဆိုရင်တော့ ငါ့ကို ပြောစမ်းပါ... မင်းရဲ့ လျှို့ဝှက်လက်နက်က ဘယ်မှာလဲ....”
သူသည် မုရုံစုနှင့် သူ၏ အဖွဲ့အပေါ်တွင် သံသယ ဝင်နေဆဲ ဖြစ်သည်။
အကယ်၍ ဤအရင်မင်းဆက်၏ အကြွင်းအကျန်များမှာ တကယ်ပဲ အစွမ်းထက်ခဲ့မည်ဆိုလျှင် နတ်ဆိုးများ သောင်းကျန်းပြီး တာ့ယန်အင်ပါယာကြီး ပြိုလဲတော့မည့် အချိန်အထိ ရေမြောင်းထဲက ကြွက်တွေလို ပုန်းအောင်းနေပြီးမှ ထွက်လာရဲကြမည် မဟုတ်ပေ။
“လောကရဲ့ ကိစ္စတွေကို တဖြည်းဖြည်းချင်း စီစဉ်ရတာပေါ့”
မုရုံစုသည် သူ၏ ရင်ခွင်ထဲမှ ရွှံ့ရုပ်လေး တစ်ရုပ်ကို ထုတ်ယူလိုက်ရာ အသေအချာ ကြည့်မည်ဆိုပါက ညဇီးကွက်ဘုရင်နှင့် အတော်လေး ဆင်တူနေကြောင်း တွေ့ရသည်။
သူသည် ညဇီးကွက်ဘုရင်နှင့် တူသော ရွှံ့ရုပ်လေး၏ ကိုယ်ပေါ်သို့ ငွေအပ်တစ်ချောင်းကို ထိုးစိုက်လိုက်၏။
“ညဇီးကွက်ဘုရင် ဆိုတာလည်း လူပါပဲ... နတ်ဘုရား မဟုတ်ပါဘူး”
သူ စကားပြောနေရင်းနှင့်ပင် ရုတ်တရက် အားစိုက်လိုက်ရာ ငွေအပ်မှာ ရွှံ့ရုပ်လေးကို ဖောက်ထွင်းသွားပြီး ထိုနေရာမှ တောက်ပသော သွေးနီရောင်များ ပန်းထွက်လာခဲ့သည်။
“ဒါ့အပြင်...”
“နတ်ဘုရားဆိုရင်တောင် သွေးထွက်တတ်သေးတာပဲလေ”
“ညဇီးကွက်ဘုရင်လည်း အရင်က ရှုံးနိမ့်ဖူးပါတယ်.. အတိတ်က တော်ဝင်သွေးစွန်းမှုမှာ သူ အရှုံးမပေးခဲ့ရဘူးလား.. နတ်ဆိုးတွေရဲ့ လှည့်စားမှုကို ခံရပြီး အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာလေ”
မုရုံစုသည် စကားလုံး တစ်လုံးချင်းစီတိုင်းကို မှော်ဆန်သော အသံဖြင့် ပြောဆိုနေပြီး ရှောင်လျဲ့၏ ညဇီးကွက်ဘုရင်အပေါ် ကြောက်ရွံ့နေမှုများကို တိတ်တဆိတ် ဖယ်ရှားပေးနေသည်။
နောက်ဆုံးတွင်တော့ သူသည် မတ်တတ်ရပ်ကာ သူ၏ ခေါက်ယပ်တောင်ကို ဖွင့်လိုက်၏။
“အခု ညဇီးကွက်ဘုရင် လုပ်နေတာတွေ အားလုံးက သူ့ရဲ့ အတိတ်က အမှားတွေကို ပြန်ပြီး ပြုပြင်နေတာ သက်သက်ပါပဲ.. သူ့ရဲ့ တာဝန် ပျက်ကွက်မှုကြောင့်ပဲ အခုလို လောကကြီး ကမောက်ကမ ဖြစ်ရတာလေ”
“အဲဒီလို လူမျိုးကို...”
“အရှင်မင်းကြီးက ကြောက်နေတုန်းပဲလား”
ထိုစကားများမှာ မိုးကြိုးသံများအလား ရှောင်လျဲ့၏ စိတ်ထဲတွင် ဟိန်းဟောက်သွားတော့သည်။
“အဲဒီလို လူမျိုးကို...”
“အရှင်မင်းကြီးက ကြောက်နေတုန်းပဲလား”
“အဲဒီလို လူမျိုးကို...”
“အရှင်မင်းကြီးက ကြောက်နေတုန်းပဲလား”
‘ငါ ကြောက်နေတာလား.. ဟုတ်တယ်... ငါ ကြောက်နေတယ်..
ဒါပေမဲ့ အခုတော့ အဲဒီလောက် မကြောက်တော့ဘူးထင်တယ်..’
သတိပြန်ဝင်လာပြီးနောက် ရှောင်လျဲ့က မေးမြန်းလိုက်၏။
“ခုနက သုံးလိုက်တဲ့ ပညာက ဘာပညာလဲ”
မုရုံစုက သူ၏ လက်ထဲရှိ ရွှံ့ရုပ်လေးကို လှုပ်ယမ်းပြလိုက်သည်။
“ဒါလား.. ဒါက သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က လာတဲ့ ‘ကျန်းထို’ လို့ ခေါ်တဲ့ မှော်ပညာ တစ်ခုပါ.. တောင်ပိုင်းနယ်စပ်မှာလည်း ဒီပညာရဲ့ အမွေအနှစ်တွေ ရှိပါတယ်”
အနက်ရောင် မှော်ပညာ ဆိုသည်မှာ ကူလမ်းစဉ်ထက်ပင် ပို၍ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။
ရှောင်လျဲ့က မျက်မှောင်ကြုတ်လိုက်၏။
“ဒါကို သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က သံတမန်တွေက မင်းကို ပေးခဲ့တာလား.. မင်း သူတို့နဲ့ အဆက်အသွယ် ရနေပြီပေါ့”
“သေချာတာပေါ့”
မုရုံစုက ခေါင်းညိတ်လိုက်၏။
ရှောင်လျဲ့မှာ တွေဝေသွားသည်။
“သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က မင်းကို ဘာလို့ ကူညီရမှာလဲ.. တာ့ယန်အင်ပါယာကြီး ပျက်စီးပြီး နတ်ဆိုးတွေရဲ့ ဝါးမြိုတာကို ခံလိုက်ရရင် သူတို့အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူးလေ”
ထျန်းယွမ်တိုက်ကြီး၏ လက်ရှိ အခြေအနေမှာ တာ့ယန်အင်ပါယာနှင့် သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်တို့ ပူးပေါင်းကာ နတ်ဆိုးနယ်မြေကို ထိန်းချုပ်ထားခြင်းပင် ဖြစ်၏။
တစ်ဖက်ဖက်က ပြိုကျသွားလျှင်တောင် မကောင်းချေ။
မုရုံစုက ဆိုလိုက်၏။
“လောကကြီးက ကမောက်ကမ ဖြစ်နေတာပါ.. တာ့ယန်အင်ပါယာ တစ်ခုတည်း ဆူပူနေတာ မဟုတ်ပါဘူး.. သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှာလည်း ဆူပူအုံကြွမှုတွေ ဖြစ်နေပြီး အာဏာလုပွဲတွေကြားထဲမှာ နစ်မွန်းနေကြတာပါ”
“နိုင်ငံတစ်နိုင်ငံက သံတမန် တစ်ယောက်က ကျွန်တော်တို့ကို တိတ်တဆိတ် လာရှာခဲ့တယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီနိုင်ငံမှာ အံ့မခန်း ပါရမီရှင် တစ်ယောက် မွေးဖွားခဲ့ဖူးတယ်.. အဲဒီပါရမီရှင်ဟာ ပလ္လင်ပေါ်ကို တက်လှမ်းပြီး နိုင်ငံ (၁၆) နိုင်ငံလုံးရဲ့ အရှင်သခင် ဖြစ်လာမယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတာလေ”
“နောက်ပိုင်းကျတော့ နိုင်ငံ (၁၆) နိုင်ငံကြားမှာ အာဏာလုပွဲတွေ ဖြစ်လာပြီး အဲဒီ ပါရမီရှင် ပါဝင်တဲ့ မျိုးနွယ်စု တစ်ခုလုံး နီးပါး အသတ်ခံလိုက်ရတယ်.. သူ တစ်ယောက်တည်းသာ လွတ်မြောက်သွားပြီး ပျောက်ကွယ်သွားခဲ့တာပါ”
“အကြောင်းအမျိုးမျိုးကြောင့် အဲဒီတုန်းက လူဟာ တာ့ယန်အင်ပါယာရဲ့ နယ်မြေထဲကို ရောက်သွားတယ်ဆိုတာကို သိလိုက်ရတယ်လေ”
မုရုံစုက အကြောင်းရင်းကို ရှင်းပြလိုက်၏။
“ဒါဆို... မင်းတို့က သဲကန္တာရနိုင်ငံက လူကို ရှာပေးမယ်.. သဲကန္တာရနိုင်ငံက မင်းတို့ကို နိုင်ငံ ပြန်လည် တည်ထောင်ဖို့ ကူညီပေးမယ်ပေါ့လေ” ရှောင်လျဲ့က အနည်းငယ် သံသယ ဝင်နေဆဲပင် မေးလိုက်၏။
“တကယ်လို့ ဒီအစီအစဉ်သာ အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့က လောကကြီးကို အတူတကွ မျှဝေခံစားကြမှာပါ”
မုရုံစုက ပြုံးလျက် ဆိုလိုက်၏။
“မင်း ဘာလုပ်ချင်တာလဲ.. မင်းရဲ့ အစီအစဉ်ကို ပြောပြစမ်းပါ”
ဤနေရာသို့ ရောက်သောအခါ ရှောင်လျဲ့မှာ နောက်ဆုံးတွင်တော့ သဘောတူလိုက်လေတော့၏။
...
မကြာမီမှာပင် ရှောင်ချင်အာ တစ်ယောက် တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး အဖြစ် ရာထူးလွှဲပြောင်းရယူမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပါသည်။
အမှတ် (၁၂) ဂူစံအိမ် ဝါးတောလေး။
နင်ဟုန်ယွီသည် လီယွမ် နေထိုင်ရာ အိမ်ဝင်းလေးအတွင်းသို့ ပြုံးရွှင်စွာဖြင့် ရောက်ရှိလာခဲ့သည်။
“ဂျူနီယာ မောင်လေး... ငါ့မှာ မင်းအတွက် သတင်းကောင်း တစ်ခု ရှိတယ်”
“ညဇီးကွက် အဆောင်အယောင်ကို အဘိုးကြီးဆီ ပေးလိုက်ပြီလား” လီယွမ်က မေးမြန်းလိုက်၏။
“အင်း”
နင်ဟုန်ယွီက ခေါင်းညိတ်လိုက်၏။
“အဘိုးကြီးက အဲဒါကို မြင်ပြီးသွားပြီ.. ဒါပေမဲ့ သူက အရှေ့ပိုင်း ယူနယ်မြေကို သွားဖို့ အချိန်မရှိဘူးတဲ့.. ဒုတိယနန်းတော်သခင်နဲ့ သတ္တမနန်းတော်သခင်ကို ငါနဲ့အတူတူ လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်”
“ဂျူနီယာ မောင်လေး... ဒါက အခွင့်အရေးပဲ”
“ညဇီးကွက်ဘုရင်က ချင်အာရဲ့ ရာထူးခန့်အပ်ပွဲ အခမ်းအနားကို တက်ရောက်မှာဆိုတော့ အဲဒီနေရာကနေ ခွာလို့ မရဘူးလေ.. အဘိုးကြီးကလည်း အခုအချိန်က အရှေ့ပိုင်း ယူနယ်မြေကို သွားဖို့ အကောင်းဆုံး အချိန်ပဲလို့ ပြောတယ်.. မင်းရော အတူတူ လိုက်မလား”