← Chapters

တိမ်ဖုံးရွှေလင်းတ

Vol. 11 Ch. 129

တိမ်ဖုံးရွှေလင်းတ

Vol. 11 Ch. 129

“အတူတူ သွားရအောင်လား”

လီယွမ်မှာ အနည်းငယ် စိတ်ဝင်စားသွားသည်။

ရှောင်ချိုက် တစ်ယောက် ငါးရောင်ခြယ် မီးတောက်စပါးအုံး မှနေ၍ စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ် အဖြစ်သို့ ပြောင်းလဲသွားပြီးကတည်းက... ဝူမေ့မှာ အနည်းငယ် စိတ်ဓာတ်ကျနေပြီး သူမလည်း ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိလိုနေခဲ့သည် မဟုတ်ပါလော။

‘ငရဲမီးလျှံ’ လောက် အဖိုးတန်ပြီး ဝူမေ့နှင့် လိုက်ဖက်သော ရတနာမျိုးကို ရှာဖွေတွေ့ရှိရန်မှာ မည်မျှအထိ လွယ်ကူပါမည်နည်း။

ချမ်းသာကြွယ်ဝမှုနှင့် စုဆောင်းမှုများအပိုင်းတွင်မူ ယူဘုရင် လင်းယွဲ့သည် သူ့ထက် များစွာ ပို၍ အသုံးအဖြုန်း ကြီးသူ တစ်ဦး ဖြစ်သည်။

“မင်း သွားမှာလား မသွားဘူးလား”

နင်ဟုန်ယွီက ဆက်ပြောသည်။

“ဒါက တကယ်ကို အခွင့်အရေးကောင်း တစ်ခုပဲ.. မင်းက သတိကြီးပြီး အမှားတစ်ခုခု ဖြစ်သွားမှာကို ကြောက်နေတယ် ဆိုတာကို ငါ သိပါတယ်.. ဒါပေမဲ့ ငါတို့ အဖွဲ့က ဘာမှ ကြောက်စရာ မလိုဘူးလေ”

ညဇီးကွက်ဘုရင်သည် ကျိုးကျင်း မြို့တော်ရှိ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲနေရမည် ဖြစ်ပြီး ရှောင်ချင်အာ၏ ရာထူးခန့်အပ်ပွဲ အခမ်းအနား အဆင်ပြေချောမွေ့စေရန် သေချာအောင် လုပ်ဆောင်နေရပေမည်။

ထိုသို့ဆိုပါက လင်းယွဲ့၏ ရတနာသိုက်ကြီးအား ‘ဆုလာဘ်’ အဖြစ် ပေးအပ်မှုနှင့် ပတ်သက်၍ အစီအစဉ်အချို့ ရှိနေလျှင်ပင်... ညဇီးကွက်ဘုရင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေမည် မဟုတ်သလို နဝမကူနန်းတော်၏ အဖွဲ့ကလည်း လုံလောက်အောင် အစွမ်းထက်နေသဖြင့် ဘာမှ ကြောက်ရွံ့နေစရာ အကြောင်း မရှိတော့ပေ။

“ကူသန့်စင်တဲ့ ပညာရပ်မှာ... နယ်ပယ်မြင့်လေလေ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို ပိုပြီးတော့ လိုအပ်လေလေပဲ.. မင်း ဘာလိုအပ်တယ်ဆိုတာကို မင်းပဲ အသိဆုံးပါ”

နင်ဟုန်ယွီက မျက်တောင်လေး ခတ်ပြလိုက်၏။

“ဘယ်လိုလဲ.. မင်း စိတ်ဝင်စားတယ်ဆိုရင် အတူတူ သွားကြတာပေါ့”

“ငါ စဉ်းစားလိုက်ဦးမယ်”

လီယွမ်သည် အကောင်းအဆိုးများကို ချိန်ဆနေပြီး ဖြစ်လာနိုင်ချေရှိသော အန္တရာယ်များကို တွက်ချက်နေသည်။

သေချာ စဉ်းစားကြည့်ပြီးနောက်တွင်မူ မည်သို့ပင်ဖြစ်စေ ဤခရီးစဉ်မှာ ယခင်က ခွန်လွန်တောင်သို့ သွားခဲ့စဉ်ကလောက် ဆူပူလှိုင်းထန်မှုများ ရှိမည် မဟုတ်သလို အန္တရာယ်လည်း ထူပြောနေမည် မဟုတ်ကြောင်း သူ နားလည်သွားခဲ့သည်။

“ဂျူနီယာ မောင်လေး... မင်းက မစွမ်းဆောင်နိုင်တာ မဟုတ်ဘူး.. အရမ်းကို သတိကြီးလွန်းနေတာပါ”

နင်ဟုန်ယွီက သက်ပြင်းချလိုက်၏။

“ဒါ့အပြင် ဒုတိယနန်းတော်သခင် ဆိုတာ အဋ္ဌမအဆင့် နန်းတော်သခင်တွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှု တစ်ခုပဲ.. သိုင်းသူတော်စင်တွေထက်တောင် မညံ့ဘူးလေ.. ဒါကြောင့် ဒီခရီးစဉ်က စိတ်ပူစရာ ဘာမှ မရှိပါဘူး”

“ယုတ္တိတော့ ရှိပါတယ်”

လီယွမ်က ခေါင်းညိတ်လိုက်၏။

ဒါပေမဲ့ မိမိက ရန်သူတွေကို ကြောက်နေလို့လား..

ရန်သူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်... ကိုယ့်လူများက ပိုပြီးတော့ ကြောက်စရာကောင်းသည်ဟု သူ ခံစားနေရလေ၏။

စီနီယာအစ်မကြီး နင်ဟုန်ယွီနှင့် သူ အချိန်အကြာကြီး အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် သူတို့ကြားတွင် နက်ရှိုင်းသော သံယောဇဉ်များ ရှိနေခဲ့ပြီး... သူမသည်လည်း သူ့အား ကာကွယ်ပေးမည်ဟု သူမ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် ကတိသစ္စာ ဆိုထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် သူသည် သူမအား ယုံကြည်လေ၏။

နင်ဟုန်ယွီက ဆက်ပြောလာသည်။

“စိတ်မပူပါနဲ့.. ငါတို့က သိုသိုသိပ်သိပ် သွားကြမှာပါ.. ငါတို့ရဲ့ အမှတ်အသားတွေကိုလည်း ဖုံးကွယ်သွားမှာလေ.. ပြဿနာတွေလည်း မလုပ်ဘူး.. ပြီးတော့ သူတို့နဲ့ လင်းယုန် တစ်ကောင်တည်းလည်း အတူတူ မစီးဘူးလေ”

“ကောင်းပြီလေ... ကျွန်တော် လိုက်ခဲ့မယ်”

များစွာ တုံ့ဆိုင်းနေပြီးနောက်တွင်မူ ဤအရာက တောင်ပိုင်းနယ်စပ်တွင် ညဇီးကွက်ဘုရင် ရောက်ရှိနေမှုကို ရှောင်ရှားရန် အခွင့်အရေး တစ်ခုအဖြစ် လီယွမ် ခံစားလိုက်ရ၏။

လောကကြီးတွင် သူ သတိထားရမည့် လူများနှင့် ကိစ္စရပ်များစွာ ရှိပါသည်။

သို့သော် သူ့အား ထိတ်လန့်သွားစေနိုင်သည့် တစ်ဦးတည်းသော သူမှာကား ညဇီးကွက်ဘုရင်ပင်။

“ဒါမှပေါ့”

နင်ဟုန်ယွီက ချိုသာစွာ ပြုံးလိုက်၏။

“ဂျူနီယာ မောင်လေးက စီနီယာအစ်မကြီးကို တကယ်ပဲ သဘောကျတာကိုး”

လီယွမ်မှာ နေရခက်သွားရတော့၏။

“ဒါက ဘယ်လို ယုတ္တိဗေဒမျိုးလဲ”

နင်ဟုန်ယွီက ဖြည်းညင်းစွာ ဆိုလိုက်၏။

“ကြည့်ပါဦး... မင်း နဝမကူနန်းတော်မှာ နေခဲ့တာ ဆယ်နှစ်ကျော်ပြီ.. တောင်ပိုင်းနယ်စပ်ကနေ အပြင်ကို နှစ်ကြိမ်ပဲ ထွက်ဖူးသေးတာလေ”

“ပထမတစ်ကြိမ် ခွန်လွန်တောင်ကို သွားတုန်းကလည်း ငါနဲ့ပဲ”

“အခု ဒုတိယအကြိမ် အရှေ့ပိုင်း ယူနယ်မြေကို သွားဖို့ လုပ်တော့လည်း... ငါနဲ့အတူတူပဲလေ.. ဟီးဟီးဟီး”

စကားပြောနေရင်း သူမသည် တခစ်ခစ် ရယ်နေတော့၏။

“အင်း...”

လီယွမ်မှာ ဆွံ့အသွားပြီး ဘာမှ ပြန်မချေပနိုင်တော့ချေ။

“နောက်တာပါ.. လာခဲ့... ဒုတိယနန်းတော်သခင်နဲ့ သတ္တမနန်းတော်သခင်ဆီ ငါ မင်းကို ခေါ်သွားပေးမယ်.. ဒီနေ့ပဲ ထွက်ကြရအောင်.. ဒီကိစ္စက အချိန်ဆွဲနေလို့ မဖြစ်ဘူးလေ”

နင်ဟုန်ယွီက ဆိုလိုက်၏။

“ကောင်းပါပြီ”

လီယွမ်က ခေါင်းညိတ်လိုက်၏။

သိပ်မကြာမီမှာပင် နင်ဟုန်ယွီသည် လီယွမ်အား အမှတ် (၁၂) ဂူစံအိမ်၏ ပင်မတောင်ထိပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒုတိယနန်းတော်သခင် ချီယန် နှင့် သတ္တမနန်းတော်သခင် ရွှီရွှမ်း တို့မှာ ရောက်ရှိနေနှင့်ကြပြီ ဖြစ်သည်။

“ဦးလေး ယန် နဲ့ ဦးလေး ရွှီ ကို အရိုအသေ ပေးပါတယ်”

နင်ဟုန်ယွီက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။

လီယွမ်ကလည်း ထပ်တူပင် အရိုအသေပေးလိုက်၏။

“ဟုန်ယွီ... မင်းက အခုဆိုရင် နန်းတော်တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်နေပြီလေ.. မင်းရဲ့ အဆင့်အတန်းက ငါတို့နဲ့ တန်းတူပဲ ဆိုတော့ အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”

ဒုတိယနန်းတော်သခင် ချီယန် မှာ ဆံပင်ဖြူဖြူနှင့် လူငယ်တစ်ဦး ဖြစ်သည်။

သူ၏ အသွင်အပြင်မှာ (၁၄) နှစ်၊ (၁၅) နှစ် အရွယ်သာ ရှိပုံရပြီး ကလေးဆန်သော မျက်နှာသွင်ပြင်များ ရှိသည်။ သူ၏ ထင်ရှားလှသော ဆံပင်ဖြူဖြူများသာ မရှိပါက သူ့အား သာမန် လူငယ်လေး တစ်ဦးနှင့် ခွဲခြား၍ ရမည် မဟုတ်ပေ။

သူ၏ အကြည့်များက လီယွမ်ထံသို့ ရောက်ရှိသွားပြီး ခပ်တိုးတိုး ရယ်လိုက်၏။

“မင်းက လီယွမ် ဆိုတဲ့ ကောင်လေးလား.. မင်းမှာ တော်တော်လေး ပါရမီ ပါတာပဲ.. မင်းသာ ပင်မကူကောင်ကို ရွေးချယ်ရာမှာ အမှားမလုပ်ခဲ့ဘူးဆိုရင်... မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ချင်အာထက်တောင် နိမ့်ကျမှာ မဟုတ်ဘူး”

“ဦးလေး ယန်... ချီးကျူးတာ များသွားပါပြီ”

ချီယန်၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် လီယွမ်မှာ အလွန်ပင် နေရခက်သွားရတော့၏။

ဤသူမှာ သူ တိုက်ရိုက် ကြုံတွေ့ဖူးသမျှ ကူလမ်းစဉ်မှ လူများထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်သော်လည်း... မည်သည့် အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကိုတော့ သူ လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။

“မင်းရဲ့ ကူသန့်စင်တဲ့ စွမ်းရည်တွေက နဝမကူနန်းတော်ရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ဂျူနီယာ ညီလေး ယွီ ပြောတာ ငါ ကြားဖူးတယ်” ချီယန်က မေးလိုက်၏။

လီယွမ်က ပြုံးလျက် ဖြေလိုက်၏။

“ဆရာတွေက သူတို့ရဲ့ တပည့်တွေကို အမြဲတမ်း သဘောကျတတ်ကြတာပါပဲ.. အရာရာတိုင်းမှာ သူတို့ရဲ့ တပည့်တွေ ကောင်းတယ်လို့ပဲ မြင်တတ်ကြတာလေ”

“ဟားဟားဟား”

ချီယန်က ကျယ်လောင်စွာ ရယ်လိုက်၏။

“ညီလေး ယွီ ပြောတာက... မင်းက တောင်တန်းတွေပေါ်မှာပဲ တစ်နှစ်ပတ်လုံး နေတတ်ပြီး အပြင်ထွက်လေ့ သိပ်မရှိတဲ့ အေးအေးဆေးဆေး နေတတ်သူတဲ့.. ကြည့်ရတာ အဲဒါက မမှန်ဘူး ထင်တယ်နော်”

“ဦးလေးတို့... ကျွန်မတို့ ဘယ်တော့လောက် ထွက်ကြမလဲဟင်”

ဂျူနီယာ မောင်လေး ဖြစ်သူမှာ အမေးခံရခြင်းကို မနှစ်သက်ကြောင်း သိထားသဖြင့် နင်ဟုန်ယွီသည် အချိန်ကိုက်ပင် ချီယန်၏ စကားကို ဖြတ်ပြောလိုက်၏။

“အခုပဲ သွားကြတာပေါ့”

ချီယန်သည် သူ၏ အကြည့်များကို လီယွမ်ထံမှ ဖယ်ခွာလိုက်၏။

သတ္တမနန်းတော်သခင် ရွှီရွှမ်း မှာမူ အတော်လေး တိတ်ဆိတ်နေပြီး သူ၏ မျက်နှာထက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အမူအရာ တစ်ခု ရှိနေသည်။ သူသည် စကားတစ်ခွန်းမျှ မဆိုသော်လည်း တစ်ခါတစ်ရံတွင် သူ၏ အဝတ်အစားများကြားမှ မြွေခေါင်းတစ်ခု ထွက်ပေါ်လာကာ အသံပြုရင်း လျှာကို ထုတ်ပြတတ်သည်။

သတ္တမနန်းတော်သခင်ကို မြင်တွေ့ရတိုင်း လီယွမ်သည် ‘ပင်မကူကောင်ကို လက်ထပ်ပြီး ဆွေမျိုး မိတ်ဆွေ အများအပြားကို ဖိတ်ကြားခဲ့သည့်’ ရူးသွပ်သော လုပ်ရပ်ကို သတိရမိသည်။

ထိုသို့သော အချိန်မျိုးတွင် သူ၏ အဝတ်အစားများကြား၌ ပုန်းအောင်းနေသော ရတနာလေးမှာ ဂနာမငြိမ် ဖြစ်လာတတ်သည်။

တိတ်ဆိတ်မှုက စကားလုံးများထက် ပို၍ ကျယ်လောင်စွာ စကားပြောနေသည် မဟုတ်ပါလော။

၎င်းက လီယွမ်အား... ‘မင်းက သူ့ထက်တောင် ပိုပြီးတော့ ရူးသွပ်တဲ့ကောင်ပဲ’ ဟု ပြောနေသယောင်ပင်။

...

ကျိုးကျင်း မြို့တော်။

တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး ရှောင်ချင်အာ၏ ရာထူးခန့်အပ်ပွဲ အခမ်းအနားကြီးကို အကြီးအကျယ် ကျင်းပနေတော့၏။

အလယ်ပိုင်းဒေသ အသီးသီးမှ ထင်ရှားကျော်ကြားသော မိသားစုများ၊ အစွမ်းထက်လှသော မျိုးနွယ်စုများနှင့် မင်းသားများသည် ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ကြပြီး အချို့မှာ တောင်ပိုင်းနယ်စပ်သို့ပင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

လူအများ၏ စောင့်ကြည့်မှုအောက်တွင် ရှောင်ချင်အာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး ကတိသစ္စာ တစ်ခုကို ဆိုလိုက်၏။

“ကျွန်မဟာ တောင်ပိုင်းနယ်စပ်က ပြည်သူတွေအတွက် နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းပေးသွားမှာ ဖြစ်သလို... တောင်ပိုင်းနယ်စပ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားပါ့မယ်.. ဒီယုံကြည်မှုကို ကျွန်မရဲ့ ဘဝတစ်သက်တာလုံး သစ္စာရှိရှိ ထမ်းဆောင်သွားပါ့မယ်”

အဝေးမှ စံအိမ်တစ်ခုတွင်မူ လူနှစ်ဦး စစ်တုရင် ကစားနေကြသည်။

ဝတ်ရုံခြုံထားပြီး မျက်နှာဖုံး တပ်ထားသော အရပ်အမောင်း ကောင်းကောင်း ပုံရိပ်တစ်ခုက ထိုမြင်ကွင်းကို ကြည့်ရင်း စစ်တုရင် အကြွေစေ့ တစ်ခုကို ချလိုက်၏။

“တောင်ပိုင်းနယ်စပ်ရဲ့ ကိစ္စတွေကတော့ အခုဆိုရင် အခြေတကျ ဖြစ်သွားလောက်ပါပြီ”

“အဲဒီလိုတော့ မဟုတ်သေးဘူး ဘုရင်ကြီး”

ညဇီးကွက်ဘုရင်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသူမှာ ကျောတွင် ဓားတစ်လက်ကို လွယ်ထားပြီး ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ထားကာ... ဂရုမစိုက်တတ်.. အုပ်ချုပ်၍ မရနိုင်သော ဟန်ပန်မျိုး ရှိသည့် လူငယ်လေး တစ်ဦး ဖြစ်သည်။

ညဇီးကွက်ဘုရင်၏ ရှေ့မှောက်တွင် ဤကဲ့သို့ ပြုမူဝံ့သူမှာ လောကတွင် သိပ်မရှိလှပေ။

တိမ်ဖုံးရွှေလင်းတ သည် ထိုအနည်းစုထဲမှ တစ်ဦးပင် ဖြစ်တော့၏။

ညဇီးကွက်ဘုရင်သည် တိမ်ဖုံးရွှေလင်းတ၏ အမူအကျင့်များကြောင့် ဒေါသထွက်ခြင်း မရှိပေ။ အရည်အချင်းရှိပြီး ထိရောက်စွာ အလုပ်လုပ်နိုင်သူ တစ်ဦးမှာ သူ၏ ရှေ့မှောက်တွင် ကွဲပြားစွာ နေထိုင်ခွင့် ရှိသည် မဟုတ်ပါလော။

သို့သော် ထိုမျှသာ။

ပေါ့ပေါ့ပါးပါး စကားပြောဆိုနေချိန်တွင်မူ သူ လျစ်လျူရှုထားနိုင်သည်။

“မြောက်ပိုင်းလွင်ပြင် မျိုးနွယ်စုရဲ့ သခင်မလေး အန်းမူယောင် ကို နောက်ယောင်ခံ လိုက်ဖို့ ငါ မင်းကို တာဝန်ပေးထားတာ အတော်ကြာနေပြီပဲ.. ဘာသဲလွန်စများ ရသေးလဲ” ညဇီးကွက်ဘုရင်က မေးလိုက်၏။

“နည်းနည်းတော့ ရတယ်... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး”

တိမ်ဖုံးရွှေလင်းတ က ဖြေလိုက်၏။

“အရှင်မင်းကြီး သိတဲ့အတိုင်းပဲ... အန်းမူယောင် ဟာ သာမန်လူ မဟုတ်ဘူးလေ.. သူ့ကို နောက်ယောင်ခံ လိုက်ရတာ ပိုပြီးတော့တောင် ခက်ခဲသေးတယ်”

“အချိန်အများစုမှာတော့ သူက လိမ္မာသလို နေတတ်ပါတယ်”

“တစ်ကြိမ်တည်းသာ သူက ကျင့်ကြံဖို့ တံခါးပိတ်ထားတယ်လို့ ပြောပြီးတော့... မြောက်ပိုင်းလွင်ပြင်ကနေ တိတ်တဆိတ် ထွက်လာပြီး တောင်ပိုင်းနယ်စပ်ကို ရောက်လာခဲ့ဖူးတယ်.. သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ ကျွန်တော် မသိဘူး”

“ဪ...”

ညဇီးကွက်ဘုရင်မှာ တစ်စုံတစ်ခုကို တွေးတောနေပုံ ရသည်။

“တောင်ပိုင်းနယ်စပ်ကို ဝင်လာပြီးတဲ့နောက်မှာတော့ သူက ပိုပြီး သတိကြီးသွားတယ်.. ကျွန်တော် နောက်က လိုက်လာတာကို သူ ရိပ်မိသွားပုံရတယ်... အဲဒီနောက်မှာတော့ သူ ထပ်ပြီး ပျောက်ကွယ်သွားတယ်.. ဘာသဲလွန်စမှ မချန်ထားခဲ့ဘူး” တိမ်ဖုံးရွှေလင်းတ က ဆက်ပြောသည်။

“တောင်ပိုင်းနယ်စပ် ဆိုတာ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာပဲ”

ညဇီးကွက်ဘုရင်၏ စကားသံတွင် အပြုံးတစ်ခု ရောနှောနေသည်။

“ကြည့်ရတာ မင်းလည်း တစ်ခုခုကို တွေ့ရှိထားပုံရတယ်”

တိမ်ဖုံးရွှေလင်းတ၏ မျက်လုံးများမှာ တောက်ပသွားသည်။

“အခမ်းအနား ပြီးသွားရင် မြောက်ပိုင်းက အခြေအနေတွေကို တည်ငြိမ်အောင် လုပ်ရင်းနဲ့ အန်းမူယောင် ကို ဆက်ပြီး နောက်ယောင်ခံ လိုက်ပါ”

ညဇီးကွက်ဘုရင်သည် သူ၏ တွေ့ရှိချက်ကို ထုတ်ဖော် မပြောခဲ့သော်လည်း... အချို့သော အရာများက သူ့အား တွေးတောစရာများ ဖြစ်စေခဲ့ပြီး သူ၏ နောက်ထပ် အစီအစဉ်ကို စတင် ဖန်တီးနေခဲ့တော့၏။

‘ငါကိုယ်တိုင် နဝမကူနန်းတော်ကို သွားလည်သင့်တယ်ထင်တယ်’

All Chapters