ရတနာသိုက်
Vol. 11 Ch. 130
အရှေ့ပိုင်း ယူနယ်မြေ။
ကြီးမားလှသော လင်းယုန်ကြီး နှစ်ကောင်သည် ကောင်းကင်ယံထက်တွင် အတောင်ပံဖြန့်ကျက် ပျံသန်းနေကြသည်။ တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်သန်း လျှောက်လှမ်းနေကြသည်။
လီယွမ်နှင့် နင်ဟုန်ယွီတို့သည် လင်းယုန်ကြီး၏ ကျောပေါ်တွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားပြောဆို နေကြသည်။
“ယူဘုရင် လင်းယွဲ့ ကျဆုံးသွားပြီး ကတည်းက ညဇီးကွက်ဘုရင်ဟာ ဒေသခံ တပ်ဖွဲ့တွေကို ခံစစ်စည်းတွေ တာဝန်ယူဖို့ အမိန့်ပေးခဲ့တယ် ညဇီးကွက်အစောင့်တပ်နဲ့ ဗိုလ်ချုပ် ပိုင်ချန်ရဲ့ တပ်တွေက စစ်တပ်ကို ပူးပေါင်း ကြီးကြပ် နေကြတာလေ”
“ဘုရင်တွေ မြို့စားတွေရဲ့ အတက်အကျ ဆိုတာ ညကောင်းကင်ယံက ကြယ်တံခွန်တွေလိုပဲ ဘယ်လောက်ပဲ တောက်ပနေပါစေ မျက်စိတစ်မှိတ် အတွင်းမှာ ပျောက်ကွယ် သွားနိုင်တာပဲ”
“တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့တဲ့ ယူဘုရင်ရဲ့ စံအိမ်တော်ကြီးက အခုတော့ လူသူကင်းမဲ့ပြီး ခွေးတစ်ကောင် ကြက်တစ်ကောင်တောင် မကျန်တော့ဘူး”
နင်ဟုန်ယွီက သက်ပြင်းချရင်း ဆိုလိုက်၏။
“စီနီယာအစ်မကြီး အဲဒီလို ပြောလိုက်မှပဲ ကျွန်တော် ပိုပြီး သံသယ ဝင်လာပြီ”
ဝါးတောလေးနှင့် အခြေစိုက်စခန်း၏ အပြင်ဘက်သို့ ရောက်သည်နှင့် လီယွမ်၏ စိတ်ထဲတွင် အစိုးရိမ်လွန်မှုများ ဖြစ်ပေါ်လာပြီး သစ်ပင်ခြုံနွယ် တိုင်းကိုပင် ရန်သူအဖြစ် မြင်နေရတော့သည်။
“ထောင်ချောက် ဖြစ်နေရင်တောင်မှ ငါတော့ မကြောက်ပါဘူး”
နင်ဟုန်ယွီက ရယ်ရင်း ဆိုလိုက်၏။
“ညဇီးကွက်ဘုရင် ကိုယ်တိုင် မပါဘူး ဆိုရင်တော့ ဦးလေး ယန်က ဘယ်သူ့ကိုမှ ကြောက်နေမှာ မဟုတ်ဘူး”
“အင်း”
လီယွမ်က ခေါင်းညိတ် လိုက်၏။ သူတို့ ဒီနေရာကို ရောက်နေပြီ ဖြစ်ရာ နောက်ဆုတ်ဖို့ အချိန်မရှိ တော့ပေ။
တောင်ပိုင်းနယ်စပ်တွင် ဆက်နေမည် ဆိုပါက အခြေအနေက ပိုဆိုးသွား နိုင်ပြီး သူ လုံးဝ မတွေ့ချင်ဆုံးသော ညဇီးကွက်ဘုရင်နှင့် ပက်ပင်းတိုး နိုင်ချေ ရှိသည် မဟုတ်ပါလား..
“ဂျူနီယာ မောင်လေး သံသယ ဝင်နေတယ် ဆိုတာကို .. သိပါတယ် ဒါကြောင့် ခဏနေကျရင် ငါ နောက်မှာ ပုန်းနေလိုက်မယ်”
နင်ဟုန်ယွီက ဆက်ပြောသည်။
“စည်းကမ်းတွေ အရဆိုရင် လင်းယွဲ့ကို သတ်တာက ငါ့ရဲ့ အောင်မြင်မှု ဆိုတော့ ငါက ရတနာတွေကို အရင်ဆုံး ရွေးချယ်ခွင့် ရှိတယ် ..မင်းက ငါ့ကို ဘာရွေးရမလဲ ဆိုတာကို တိတ်တဆိတ် ပြောပြလို့ ရတယ်လေ”
လင်းယွဲ့ကို အမှန်တကယ် သတ်ဖြတ်ခဲ့သူမှာ လီယွမ်သာ ဖြစ်ရာ နင်ဟုန်ယွီ၏ အမြင်တွင် ဂျူနီယာ မောင်လေး အနေဖြင့် အရင်ဆုံး ရွေးချယ်ခွင့် ရသင့်သည်ဟု ယူဆထားသည်။
“စီနီယာအစ်မကြီးတို့ ကြိုက်တာ ရွေးလို့ ရပါတယ် ..ကျွန်တော် နောက်ဆုံးမှ ရွေးလည်း ကိစ္စမရှိပါဘူး”
လီယွမ် အနေဖြင့် လူတိုင်းအပေါ် အမြတ်ထုတ်ရန် ဆန္ဒမရှိပေ။
စီနီယာအစ်မကြီးက သူ့အား တကယ် ကူညီပေးခဲ့ပြီး အရာရာတိုင်းကို တာဝန်ယူ ပေးခဲ့သည် မဟုတ်ပါလား..
“ဟိုရောက်မှပဲ ဆက်ပြောကြတာပေါ့”
နင်ဟုန်ယွီက အချိန်မဆွဲ တော့ပေ။
ကူသခင် တစ်ယောက်စီ၏ ပင်မကူကောင်များမှာ မတူညီကြသလို လိုအပ်သော ရတနာများမှာလည်း ကွဲပြားခြားနား ကြသဖြင့် အများအားဖြင့် ရွေးချယ်မှုများ တူညီမည် မဟုတ်ပေ။
အချိန်အတော် ကြာပြီးနောက်။
လင်းယုန်ကြီး နှစ်ကောင်သည် ကောင်းကင်ယံတွင် တစ်ပတ် လှည့်ပတ်ပြီးနောက် အောက်သို့ ထိုးဆင်းသွား ကြသည်။
“ရောက်ပြီ”
နင်ဟုန်ယွီက စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။
ဒါက နှစ်ပေါင်း ထောင်ချီ အုပ်စိုးခဲ့သော ဘုရင်တစ်ပါး၏ ရတနာသိုက်ကြီး ဖြစ်သည်။ သူ့ထံတွင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ရှိနေမည်မှာ သေချာလှသည်။
သူမ တစ်ယောက်တည်း မဟုတ်ဘဲ မည်သူမဆို စိတ်ဝင်စားကြမည်သာ။
အမျိုးသမီး တစ်ဦးက သူတို့ထံသို့ လျှောက်လှမ်းလာသည်။
“နဝမကူနန်းတော်က မိတ်ဆွေတွေကို ကြိုဆိုပါတယ်ရှင်”
ထိုအမျိုးသမီး၏ အသံမှာ နတ်မိမယ်များ၏ တေးသံအလား သာယာနာပျော်ဖွယ် ကောင်းလှပြီး နူးညံ့သော နွေဦးလေညင်းလေး တစ်ခုနှယ် စိတ်နှလုံးကို အေးချမ်းစေတော့သည်။
သူမက ရှေ့သို့ တိုးလာပြီး သူတို့လေးဦးအား လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်၏။
“ကျွန်မက ညဇီးကွက်အစောင့်တပ်ရဲ့ အရှေ့တောင်ပိုင်း တပ်မှူး ပိုင်လင် ပါရှင်”
“နာမည် ကြားဖူးတာ ကြာပါပြီ ..ငါက နဝမကူနန်းတော်ရဲ့ ဒုတိယနန်းတော်သခင် ချီယန် ပါ”
ချီယန်က လက်သီးဆုပ်ကာ ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်၏။
ညဇီးကွက်အစောင့်တပ်ကို သူ မနှစ်မြို့သော်လည်း ဤမိန်းကလေး၏ အသံမှာ တကယ်ကို သာယာလှသည်။ သူမက တမင်တကာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လူတို့၏ စိတ်နှလုံးကို ကုစားပေးနိုင်သော သဘာဝ စွမ်းရည်တစ်ခု ရှိနေပုံ ရသည်။
“အားလုံးပဲ ကျွန်မနောက်ကို လိုက်ခဲ့ကြပါ”
ပိုင်လင်က ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် သူတို့လေးဦးအား ချိတ်ပိတ်ထားသော နေရာဆီသို့ ညင်သာသော ခြေလှမ်းများဖြင့် ခေါ်ဆောင်သွားသည်။
သိပ်မကြာမီမှာပင် သူတို့သည် မြင့်မားလှသော စံအိမ်ကြီးတစ်ခုသို့ ရောက်ရှိသွားကြသည်။
ကြီးကျယ်ခမ်းနားလှသော ရွှေရောင် စံအိမ်ကြီးမှာ အလွန်ပင် ပြောင်မြောက်လှပြီး စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက် အနည်းငယ်မျှပင် မရှိခဲ့ချေ။
“ရတနာသိုက်ကြီး တစ်ခုလုံးက အကောင်းပကတိပဲလား”
နင်ဟုန်ယွီမှာ အံ့အားသင့် သွားရတော့သည်။
“မသေဆုံးခင် အချိန်တုန်းက ဂုဏ်သိက္ခာကျနေတဲ့ အမတ် လင်းယွဲ့ဟာ မာနထောင်လွှားပြီး ညဇီးကွက်အစောင့်တပ်ကို ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ အရာရာတိုင်းက အရှင်မင်းကြီးရဲ့ တွက်ချက်မှုတွေထဲမှာ ရှိနေတယ် ဆိုတာကိုတော့ သူ မသိခဲ့ဘူးလေ”
ပိုင်လင်က ရယ်လိုက်၏။
“သူ ဒီလောက်မြန်မြန် ရှုံးနိမ့်သွားလိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့ဘူး”
“ကျွန်မ ကိုယ်တိုင်တောင် မထင်ထားခဲ့တာက သူ အောင်ပွဲခံနေတဲ့ အချိန်မှာတင် ညဇီးကွက်အစောင့်တပ်က အရှေ့ပိုင်း ယူနယ်မြေကို ရှင်းလင်းဖို့ ကြိုတင် ပြင်ဆင်ပြီးနေပြီ ဆိုတာပါပဲ”
မိုးကြိုးအလား ပြင်းထန်သော စွမ်းအား လျှပ်စီးအလား မြန်ဆန်သော စစ်ဆင်ရေး။
အရှေ့ပိုင်း ယူနယ်မြေတွင် ကျန်ရှိနေသော ဗိုလ်ချုပ်မှာ ဘာမှ မလုပ်နိုင်ခင်မှာပင် လက်နက်ချ အရှုံးပေးလိုက်ရသဖြင့် ယူဘုရင်၏ စံအိမ်တော်ရှိ ပစ္စည်းများစွာမှာ အကောင်းပကတိ ကျန်ရှိနေခဲ့လေ၏။
“သခင်မလေး ပိုင်လင်.. ငါ့မှာ မေးစရာတစ်ခု ရှိတယ်.. ဒါပေမဲ့ မေးသင့် မမေးသင့်တော့ မသေချာဘူး”
ချီယန်သည် ဤကိစ္စများမှာ အလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းနေသဖြင့် သံသယများ စတင် ဝင်ရောက်လာခဲ့တော့၏။
“မေးပါရှင်”
ပိုင်လင်သည် လူတိုင်းကို ပြုံးရွှင်စွာဖြင့်သာ ဆက်ဆံနေပြီး တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
“လောကကြီးမှာ အခုလို စစ်မီးတွေ တောက်လောင်နေချိန်မှာ ညဇီးကွက်အစောင့်တပ်ကလည်း အတော်လေး အထိနာခဲ့မှာပဲလေ..ညဇီးကွက်ဘုရင်က ဒီလောက်ကြီးမားတဲ့ ရတနာသိုက်ကြီးကို နဝမကူနန်းတော်ကို ပေးလိုက်တာ.. မင်းရဲ့ မောင်နှမတွေက သဘောမကျဘဲ နေကြမလားလို့ပါ”
ချီယန်က မေးလိုက်၏။
“နန်းတော်သခင် အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူးရှင်”
ပိုင်လင်က ယဉ်ကျေးစွာဖြင့် တိုက်ရိုက် မဖြေဘဲ ရှောင်လွှဲသွားလေသည်။
ထိုသို့ပြောပြီးနောက် သူမသည် ဖိုင်တွဲတစ်ခုကို ကမ်းပေးလိုက်၏။
“ညဇီးကွက်အစောင့်တပ်က လင်းယွဲ့ရဲ့ ရတနာသိုက်ထဲက ပစ္စည်းတွေကို စာရင်းပြုစုပြီးပါပြီ.. တစ်ခုမှ မထိထားပါဘူး ..စာရင်းက ဒီမှာပါ.. ဘာမှ လိုနေတာ မရှိပါဘူး”
ချီယန်က ဖိုင်တွဲကို လှမ်းယူကာ ဖွင့်ဖတ်ကြည့်လိုက်၏။
ဖိုင်တွဲထဲတွင် ရတနာစာရင်းများ အပြည့်အနှက် ရေးသားထားပြီး စာမျက်နှာ တစ်မျက်နှာပြီး တစ်မျက်နှာ အနည်းဆုံး သောင်းချီ၍ ရှိနေကာ အများစုမှာ တန်ဖိုးဖြတ်မရနိုင်သော ရတနာများ ဖြစ်ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဗဟုသုတ ကြွယ်ဝလှသော ချီယန် ပင်လျှင် အံ့ဩတကြီး သက်ပြင်းချလိုက်မိတော့သည်။
မူလက ယုံကြည်မှု အပြည့်ရှိနေခဲ့သော သူသည် ယခုအခါတွင်မူ တွေဝေသွားခဲ့တော့၏။
ရတနာများမှာ များပြားလှပြီး တန်ဖိုးကြီးမားလွန်းသဖြင့် ဒါက အသက်ကို လောင်းကြေးထပ်ရမည့် ထောင်ချောက်တစ်ခုထက် အသိဉာဏ်ရှိသော အရှင်သခင် တစ်ပါး၏ ဆုလာဘ် တစ်ခုနှင့် ပိုတူနေတော့သည်။
နောက်ဘက်တွင် ရပ်နေသော လီယွမ်မှာမူ ကျောချမ်းသွားရပြီး သူ၏ ရင်ထဲတွင်လည်း သိချင်စိတ်များ ပြင်းပြလာခဲ့၏။
ထောင်ချောက်ပဲ လုံးဝကို ထောင်ချောက်ပဲ.. ။
“စာရင်းက ဒီမှာပါ..ကျွန်မရဲ့ တာဝန်ကတော့ ပြီးဆုံးသွားပါပြီ.. ရှင်တို့ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ရှင်တို့ သဘောပါပဲ.. ညဇီးကွက်အစောင့်တပ်က ဝင်မစွက်ဖက်ပါဘူး”
ပိုင်လင်က ညင်သာစွာ ပြုံးလိုက်၏။
“နှုတ်ဆက်ခဲ့ပါတယ်ရှင်”
အရှေ့တောင်ပိုင်း တပ်မှူးသည် အဖိုးတန် ရတနာသိုက်ကြီးကို ထိုလေးဦးအား လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
“ဘယ်လို ထင်ကြလဲ”
ချီယန်မှာ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေသည်။
“ဘယ်လို ကြည့်ရမလဲ ဟုတ်လား.. သေချာတာပေါ့..ကူကောင်ကို သုံးပြီးတော့ ကြည့်ရမှာပေါ့”
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော သတ္တမနန်းတော်သခင် ရွှီရွှမ်း က နောက်ဆုံးတွင်တော့ စကားပြောလာခဲ့သည်။
“ကျွန်မ သဘောတူတယ်”
နင်ဟုန်ယွီက ရယ်ရင်း ဆိုလိုက်၏။
“ကူကောင်တွေကို သုံးပြီး ရှေ့ကနေ စုံစမ်းခိုင်းတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ.. သဲလွန်စ တစ်ခုခုများ ရှိမလား.. ကြည့်ကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ညဇီးကွက်ဘုရင်က အဲဒီလောက်.. သဘောကောင်းမယ်လို့တော့ မယုံဘူး”
“စီနီယာအစ်မကြီး သဘောပါပဲ”
ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် လီယွမ်သည် ထင်ပေါ်ချင်စိတ် မရှိသဖြင့် အသံကို နှိမ့်ထားလိုက်၏။
“ခုနက အသံသာသာနဲ့ ကောင်မလေး ပိုင်လင် ထွက်သွားပုံ ထောက်ရင် သူ.. တစ်ခုခုကို သိထားပုံရတယ်”
ချီယန်က ခန့်မှန်းလိုက်၏။
“ဒီကိစ္စက မျိုးရိုးမတူတဲ့ ဘုရင်ရာထူးနဲ့ ဆက်စပ်နေဖို့ များတယ်”
“ဦးလေး ဘာကို ဆိုလိုတာလဲဟင်”
နင်ဟုန်ယွီမှာ နားမလည်နိုင် ဖြစ်နေသည်။
“ငါ နားလည်သလောက်တော့ တာ့ယန်အင်ပါယာကို တည်ထောင်ခဲ့တဲ့ ဘိုးဘေး ဧကရာဇ် ထိုက်ဇူ ဟာ နောင်တစ်ချိန်မှာ ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတာကို သေချာပေါက် ထည့်တွက်ထားမှာပဲ”
ချီယန်သည် အတွေ့အကြုံရင့် ခေါင်းဆောင် တစ်ဦးပီပီ ပြဿနာ၏ အချက်အခြာကို ချက်ချင်း သဘောပေါက်သွားပုံ ရသည်။
“မျိုးရိုးမတူတဲ့ ဘုရင် တစ်ပါးဆိုတာ နောင်လာနောက်သားတွေအတွက် အန္တရာယ် တစ်ခု ဖြစ်နေပြီလေ.. အဲဒီအပေါ်မှာ မျိုးဆက်အလိုက် ဆက်ခံခွင့်ပါ …
ထပ်ပေါင်းထည့်လိုက်တာက အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလိုက်တာနဲ့ အတူတူပဲ”
“ဒါဆို ဘာလို့ တာ့ယန်ရဲ့ ဘိုးဘေး ဧကရာဇ်က မျိုးရိုးမတူတဲ့ ဘုရင် စနစ်ကို ကျင့်သုံးခဲ့ရတာလဲ.. ပြီးတော့ ဘာလို့ ဘုရင် ငါးပါးကို တစ်ပြိုင်နက်တည်း ရာထူး ပေးခဲ့ရတာလဲ..”
“ကျေးဇူးဆပ်တာအပြင် တခြား အကြောင်းပြချက်တွေ သေချာပေါက် ရှိရမယ်”
“သူ တစ်ခုခု လုပ်ဖို့အတွက် မျိုးရိုးမတူတဲ့ ဘုရင် ငါးပါးရဲ့ အကူအညီကို လိုအပ်နေတာပဲ ဖြစ်ဖြစ်.. ဒါမှမဟုတ် ဘုရင်တွေနဲ့ မြို့စားတွေ အားလုံးကို လုံးဝ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခု သူ့ဆီမှာ ရှိနေတာပဲ ဖြစ်ဖြစ်.. နှစ်ခုထဲက တစ်ခုပဲ”
ချီယန်က တစ်ချက်ချင်းစီ ခွဲခြမ်းစိတ်ဖြာ ပြလိုက်၏။
ကျန်သုံးဦး၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်လာကြပါသည်။
အထူးသဖြင့် လီယွမ်သည် ဤကိစ္စကို အလွန် လေးလေးနက်နက် တွေးတောနေမိတော့သည်။ သူသည် ဤမေးခွန်းမျိုးကို ယခင်က တစ်ခါမျှ မစဉ်းစားခဲ့ဖူးသော်လည်း ချီယန်၏ ခွဲခြမ်းစိတ်ဖြာမှုက သူ့အား အတွေးနက်သွားစေခဲ့သည်။
ခွန်လွန်တောင်တွင် ဘိုးဘေး ဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့စဉ်က ရွှေနဂါးလေးကို သူ ပြန်လည် သတိရသွားသည်။
ဘိုးဘေး ဧကရာဇ် ထိုက်ဇူ ဆိုသည်မှာ ဤခေတ်ကာလ၏ သိုင်းနတ်ဘုရား တစ်ပါး ကမောက်ကမ လောကကြီးကို ဖြတ်ကျော်ပြီး တိုက်ခိုက် အောင်မြင်ခဲ့သော သိုင်းနတ်ဘုရား တစ်ပါး ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်းသူ ဖြစ်ပြီး သူ၏ ဟန်ပန်မှာလည်း တုနှိုင်းမဲ့ ကျက်သရေ ရှိလှသော်လည်း.. အလွန် သတိကြီးသော အရန် အစီအစဉ် တစ်ခုကို ကြိုတင် ချမှတ်ထားခဲ့သည်။
ဤအချက်က ဘိုးဘေး ဧကရာဇ် ထိုက်ဇူ သည် အနာဂတ်၏ ပြဿနာများကို ဂရုမစိုက်ဘဲ ဘုရင်များကို လွယ်လွယ်ကူကူ ရာထူးပေးမည့် မာနကြီးပြီး ကြွားဝါတတ်သူ တစ်ဦး မဟုတ်ကြောင်း သက်သေပြနေ၏။
တော်ဝင်သွေး မဟုတ်သော ဘုရင်များကို ထိန်းချုပ်မည့် နည်းလမ်းမှာ ညဇီးကွက်အစောင့်တပ်ကို ဖွဲ့စည်းရုံလောက် ရိုးရှင်းမည် မဟုတ်ပေ။
ပိုတွေးကြည့်လေ ယုတ္တိပိုရှိလေပင်။ တော်ဝင်မိသားစုက စောလွန်းစွာ ပြိုကျသွားပြီး သူ သိထားသည်များမှာ နည်းပါးလွန်းနေ၍သာ ဖြစ်မည်။ မဟုတ်ပါက ဤလျှို့ဝှက်ချက်များကို သူ သိရှိထားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
“မင်းတို့ ဒီမှာပဲ နေခဲ့ကြ.. ငါ ရှေ့ကနေ သွားကြည့်လိုက်မယ်”
သေသေချာချာ စဉ်းစားပြီးနောက်တွင် ချီယန်သည် စတင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ သူက ဖျတ်လတ်စွာပင် ဘူးသီးခြောက် တစ်လုံးကို ဖွင့်ကာ ကင်းထောက်ရန် အသုံးပြုသော ကင်းလှည့်ကူကောင် ရာချီကို ထိန်းချုပ်လျက် ရတနာသိုက်ကြီး အတွင်းသို့ ဝင်ရောက်သွားစေတော့သည်။