ရတနာသိုက်ကြီး
Vol. 11 Ch. 131
ကင်းလှည့်ကူကောင်သည် ရတနာသိုက်ထဲသို့ ပျံသန်း ဝင်ရောက်သွားပြီး အဆောက်အအုံ၏ ထောင့်ပေါင်းစုံကို မယုံနိုင်လောက်အောင် မြန်နှုန်းဖြင့် ဖြတ်သန်းသွားသည်။
ဒုတိယနန်းတော်သခင် ချီယန်သည် ကြွယ်ဝလှသော စိတ်အာရုံ စွမ်းအင်များကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ကင်းလှည့်ကူကောင်၏ စောင့်ကြည့်မှုမှတစ်ဆင့် ရတနာသိုက် အတွင်းရှိ အခြေအနေများကို ကောင်းစွာ သိမြင်နိုင်သည်။
တစ်နေရာလုံးကို ရှာဖွေပြီးနောက် မည်သည့် သဲလွန်စမျှ မတွေ့ရပေ။
သူသည် စိတ်မချသေးသဖြင့် နောက်ထပ် နှစ်ကြိမ်တိုင်တိုင် သေသေချာချာ ထပ်မံ စစ်ဆေးခဲ့သော်လည်း ဘာတစ်ခုမျှ မတွေ့ရသေးချေ။
“ထူးဆန်းတယ် အရာရာက အရမ်းကို အေးချမ်းလွန်းနေတယ်”
ချီယန်သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း အတွေးနက်နေသည်။
“ဦးလေး ယန် အန္တရာယ် တစ်ခုခုကို အာရုံခံမိလို့လား”
နင်ဟုန်ယွီက မေးလိုက်၏။
“မခံမိဘူး”
ချီယန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျက်နှာမှာ လေးနက်နေသည်။
“ဒီအခြေအနေက တကယ်ပဲ အေးချမ်းနေတာလား. ဒါမှမဟုတ် မှန်းဆလို့ မရနိုင်တဲ့ တစ်ခုခုက ငါတို့ကို စောင့်ကြိုနေတာလား ဆိုတာပဲ”
နဝမကူနန်းတော်၏ ဒုတိယ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သူ ချီယန်သည် အလွန်တရာ စွမ်းအားကြီးမားလှပေသည်။
တောင်ပိုင်းနယ်စပ်ရှိ ကူသခင် လမ်းစဉ်တွင်မူ သူသည် ဘိုးဘေးကြီး ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံး သူဖြစ်ပြီး အဋ္ဌမအဆင့် နယ်ပယ်တွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။
သို့သော်လည်း အစွမ်းထက်သည်ဟု ဆိုရုံဖြင့် မာနထောင်လွှားနေမည်ဟု မဆိုလိုပေ။
ချီယန်သည် သတိကြီးစွာ နေထိုင်တတ်သူ တစ်ဦးဖြစ်ပြီး သတိရှိခြင်းကသာ အသက်ပိုရှည်စေသည်ဟု အမြဲတမ်း ယုံကြည်သူ ဖြစ်သည်။ ဒါက သူ၏ ပင်မကူကောင်နှင့်လည်း သက်ဆိုင်နေပေ၏။
“ဦးလေး..ကျွန်မတို့ ဦးလေးရဲ့ အမိန့်အတိုင်းပဲ လိုက်နာပါ့မယ် နော်”
နင်ဟုန်ယွီက လုံးဝကို စိတ်အေးလက်အေးဖြင့် ဆိုလိုက်၏။
သတ္တမနန်းတော်သခင် ရွှီရွှမ်းမှာ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး လီယွမ်မှာမူ တစ်ဦးတည်းသော ‘တပည့်’ ဖြစ်သဖြင့် အခြေအနေအရ လိုက်ပါစီးဆင်းရုံသာ တတ်နိုင်ပြီး အာရုံစိုက် မခံရစေရန်သာ ကြိုးစားနေသည်။
“ဒီအထိတောင် ရောက်နေပြီဆိုတော့ သေချာပေါက် ဝင်ရမှာပေါ့”
ဟု ချီယန်က ဆိုလိုက်၏။
“အန္တရာယ်တွေကို ခဏ ဘေးဖယ်ထားလိုက်ဦး ဒီနေရာက ရတနာတွေ အားလုံးက တကယ့်ကို အဖိုးတန်တဲ့ အရာတွေချည်းပဲ ပြီးတော့ အများစုက ကူသန့်စင်တဲ့ နေရာမှာ အသုံးဝင်တယ်”
“ပိုကြီးတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ငါတို့သာ ဒီရတနာသိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်မယ် ဆိုရင် ငါတို့ နဝမကူနန်းတော်ရဲ့ အဓိက တိုက်ခိုက်ရေး စွမ်းအားက အများကြီး တိုးတက်လာမှာပဲ”
“ငါ့အမြင်ကတော့ ဒီခရီးစဉ်က အန္တရာယ်များပေမယ့် စမ်းကြည့်ဖို့တော့ တန်ပါတယ် အန္တရာယ် ဘာမှမရှိဘဲ ယူရမယ် ဆိုရင်တောင် ငါ စိတ်ဖြောင့်မှာ မဟုတ်ဘူး”
“ဒါဆိုရင် သွားကြတာပေါ့”
နင်ဟုန်ယွီမှာ အလွန်ပင် စိတ်အားထက်သန် နေခဲ့တော့၏။
သူမသည် စစ်မှန်သောချစ်ခြင်းကူအား နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲပြီး ထူးခြားကူကောင် စာရင်း၏ တတိယနေရာရှိ နှလုံးသားမေးခွန်းကူကောင် သို့မဟုတ် အဆင့် (၁၁) ရှိ လူ့လောကကူကောင် အဖြစ်သို့ ရောက်ရှိသွားရန် အမြဲတမ်း မျှော်လင့်နေခဲ့သူ ဖြစ်သည်။
မည်သည့်အရာပင် ဖြစ်စေကာမူ ဆင့်ကဲပြောင်းလဲမှုသာ အောင်မြင်သွားမည် ဆိုပါက သူမသည် ခံစားချက်များ၏ ချုပ်နှောင်မှုမှ လွတ်ကင်းသွားမည်သာ။
သူမ အနေဖြင့် စစ်မှန်သော ချစ်သူကို ရှာမတွေ့နိုင်လျှင်တောင် ကိုယ့်ဘာသာကိုယ် ပိုမို အစွမ်းထက်လာအောင် လုပ်နိုင်သေးသည် မဟုတ်ပါလား..
“ဟုန်ယွီ ..လီယွမ် ..မင်းတို့ နှစ်ယောက် အပြင်မှာ စောင့်နေခဲ့”
ချီယန်မှာ တကယ်ကို ‘အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သူ’ ပင် ဖြစ်တော့သည်။ သတိကြီးသူ ဖြစ်သော်လည်း ဂိုဏ်း၏ မျိုးဆက်သစ် တပည့်တစ်ဦးကိုတော့ ရှေ့မှ သွားခိုင်းမည် မဟုတ်ပေ။
“ညီလေး ရွှီ ..မင်း.. ငါနဲ့အတူ လိုက်ခဲ့ပါ”
“ဟုတ်”
သတ္တမနန်းတော်သခင် ရွှီရွှမ်းက ခေါင်းညိတ်လိုက်၏။
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးမှာ ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားကာ ရတနာသိုက်ကြီး အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
ရတနာသိုက် အပြင်ဘက်တွင်..
နင်ဟုန်ယွီနှင့် လီယွမ်တို့မှာ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
“စီနီယာအစ်မကြီး ဒုတိယနန်းတော်သခင်နဲ့ သတ္တမနန်းတော်သခင်တို့ရဲ့ ပင်မကူကောင်တွေက ဘာတွေလဲဆိုတာ အစ်မကြီး သိလား”
စောင့်ဆိုင်းနေစဉ်အတွင်း ထိုမောင်နှမ နှစ်ဦးမှာ ပေါ့ပေါ့ပါးပါး စကားပြော နေကြသည်။
နင်ဟုန်ယွီက တွေးတောရင်း ဆိုလိုက်၏။
“အင်း ဦးလေး ယန်ရဲ့ ပင်မကူကောင်ကတော့ အန်းရွှမင် လို့ ခေါ်တဲ့ အသက်ဆက်ကူကောင်ပဲ.. အဲဒါက ထူးခြားကူကောင် စာရင်းရဲ့ အဆင့် (၁၇) မှာ ရှိတယ်”
“ဦးလေး ရွှီကတော့ လှုပ်ရှားမှု မလုပ်တာ အတော်ကြာပြီလေ ..သူက သုတေသန လုပ်ရတာကို အရမ်း ဝါသနာပါပြီးတော့ စရိုက်ကလည်း တော်တော်လေး ထူးဆန်းတယ်.. သူ့ရဲ့ ပင်မကူကောင်ကလည်း ဆင့်ကဲပြောင်းလဲပြီးသား ဖြစ်ကောင်း ဖြစ်နိုင်တယ်”
“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက.. မြွေလို သတ္တဝါမျိုး တစ်ကောင်ပါပဲ”
နင်ဟုန်ယွီ ပင်လျှင် သတ္တမနန်းတော်သခင်နှင့် ပတ်သက်၍ အလွန်နည်းပါးစွာသာ သိရှိထားသည်။
လီယွမ်မှာ သတိဝီရိယ ရှိနေခဲ့တော့၏။ သူသည် သတ္တမနန်းတော်၏ တပည့် နှစ်ဦးကို သတ်ဖြတ်ခဲ့ဖူးရာ ဤကိစ္စသာ ပေါ်ပေါက်သွားမည် ဆိုပါက အသေအလဲ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား..။
“စီနီယာအစ်မကြီး.. နဝမကူနန်းတော်မှာ ထူးခြားကူကောင်ကို သန့်စင်ထားတဲ့ ကူသခင် ဘယ်နှစ်ယောက် ရှိလဲဆိုတာ အစ်မကြီး သိလား”
လီယွမ်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“အပြင်ပန်းမှာတော့ ငါးယောက် ရှိတယ်”
နင်ဟုန်ယွီက နာမည်များကို ရေရွတ်ပြလိုက်၏။
“လူကြီးပိုင်းမှာဆိုရင်တော့ ဘိုးဘေးကြီးရယ် ဦးလေး ယန်ရယ် ဦးလေး စန်းဝူယာရယ် ပေါ့ မျိုးဆက်သစ်တွေထဲမှာတော့ ချင်အာရယ် ..(ပထမနန်းတော်က) ဂျူနီယာညီမလေး ရယ်ပေါ့ ”
“တိတ်တဆိတ် သန့်စင်ထားတဲ့သူ ဘယ်နှစ်ယောက် ရှိလဲဆိုတာကိုတော့ ငါ မသိဘူး..ဒါပေမဲ့ စုစုပေါင်း အနည်းဆုံး ဆယ်ယောက်လောက်တော့ ရှိနိုင်တယ်”
နဝမကူနန်းတော်၏ ကူသခင်များမှာ လူသိရှင်ကြား ထုတ်ဖော်ပြသလေ့ သိပ်မရှိကြပေ။
သူတို့ အနေဖြင့် ထူးခြားကူကောင်ကို သန့်စင်ထားပြီး ဖြစ်နိုင်သော်လည်း ၎င်းကို ဖုံးကွယ်ထားကာ လူသိရှင်ကြား မပြသခြင်းလည်း ဖြစ်နိုင်သည်။
“ပုန်းနေတဲ့ နဂါးတွေ.. ဝပ်နေတဲ့ ကျားတွေပဲ”
လီယွမ်က သက်ပြင်းချလိုက်၏။
ထူးခြားကူကောင်များကို ပြုစုပျိုးထောင်ရန် ခက်ခဲသော်လည်း နဝမကူနန်းတော်တွင် ကူသခင် အရေအတွက် လုံလောက်စွာ ရှိနေပြီး ကူအင်မော်တယ်၏ လျှို့ဝှက်နယ်မြေကိုလည်း အခြေခံအဖြစ် ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလား.. ။
ထို့ကြောင့် ထူးခြားကူကောင် အရေအတွက်မှာ နင်ဟုန်ယွီ ခန့်မှန်းထားသည်ထက် ပိုမို များပြားနိုင်ချေ ရှိသည်။
အချိန်အနည်းငယ် အကြာတွင် ချီယန်က နင်ဟုန်ယွီနှင့် လီယွမ်တို့အား ရတနာသိုက်ကြီး အတွင်းသို့ ဝင်ရောက်ရန် သတင်းစကား ပါးလိုက်၏။
“သွားကြရအောင်”
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရတနာသိုက်ကြီး အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။
ရတနာသိုက်ကြီးမှာ ကိုးထပ် ရှိပြီး မျှော်စင်တစ်ဆူ၏ ပုံသဏ္ဍာန် ရှိသည်။
အပေါ်ထပ်သို့ ရောက်လေလေ..
ရတနာများမှာ ပိုမို အဖိုးတန်လေလေ ပင်။
၎င်းအပြင် အထူး မြေအောက် ရတနာသိုက် တစ်ခုလည်း ရှိနေသေးသည်။
“ဟုန်ယွီ.. ငါတို့ နှစ်ကြိမ်တိုင်တိုင် စစ်ဆေးပြီးပြီ.. ရတနာသိုက်ထဲမှာ တကယ်ပဲ ဘာအန္တရာယ်မှ မရှိဘူး.. ညဇီးကွက်ဘုရင်က ငါတို့အပေါ် တကယ်ပဲ ကြင်နာတာများလား”
အတွေ့အကြုံရင့် ဝါရင့်ပုဂ္ဂိုလ်ကြီး ဖြစ်သော ချီယန် ပင်လျှင် အခြေအနေကို နားမလည်နိုင် ဖြစ်နေတော့သည်။
ညဇီးကွက်အစောင့်တပ်သည် တောင်ပိုင်းနယ်စပ်နှင့် အရှေ့ပိုင်း ယူနယ်မြေရှိ စစ်ရေး ခံစစ်စည်းများကို ဖြည့်တင်းရန်အတွက် ကူသခင် လမ်းစဉ်မှ လူများကို အသုံးချရန် ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်ဟု သူ ယူဆလိုက်၏။
ရတနာသိုက်ကြီးမှာ သူ၏ တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန်အတွက် ညဇီးကွက်ဘုရင် ပေးအပ်သော လျော်ကြေးတစ်ခု ဖြစ်ပေလိမ့်မည်။
“ဟုန်ယွီ.. လင်းယွဲ့ကို မင်း သတ်ခဲ့တာဆိုတော့ မင်းလိုချင်တဲ့ ရတနာကို အရင်ရွေးလိုက်ပါ”
အခြေအနေများက ဤသို့ ဖြစ်လာပြီဖြစ်ရာ ချီယန်သည် ထပ်မံ မတွေးတောတော့ဘဲ ရတနာများကို အရင် ယူရန်သာ ဆုံးဖြတ်လိုက်၏။
အန္တရာယ် အများစုကို သူ ဖြေရှင်းနိုင်စွမ်း ရှိသည်ဟု ယုံကြည်မှု အပြည့် ရှိနေသည် မဟုတ်ပါလား.. ။
“ကောင်းပြီရှင့်”
နင်ဟုန်ယွီက အားနာမနေတော့ဘဲ ပြုံးလျက် ဆိုလိုက်၏။
“ဦးလေးတို့.. ကျွန်မ.. ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီး အရင်ရွေးလို့ ရမလားဟင်”
“သေချာတာပေါ့”
ချီယန်က ခေါင်းညိတ်လိုက်၏။
“ဂျူနီယာ မောင်လေး.. ငါနဲ့အတူတူ လာရွေးပါလား”
နင်ဟုန်ယွီသည် လီယွမ်၏ လက်ကောက်ဝတ်ကို ဆွဲကာ အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီး သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
“မင်း သဘောကျတဲ့ တစ်ခုခုကို တွေ့ရင် စီနီယာအစ်မကြီးကို.. ပြောနော်”
“ဟုတ်ကဲ့”
ရှောင်ချိုက်၏ လမ်းညွှန်မှုဖြင့် လီယွမ်သည် မည်သည့် ရတနာများက အစစ်အမှန် ဖြစ်ပြီး မည်သည့် အရာများကတော့ နာမည်နှင့်
မလိုက်အောင် အတုအယောင်တွေ ဖြစ်နေလဲ ဆိုတာကို အတိအကျ သိနေခဲ့တော့၏။
စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ရှောင်ချိုက်သည် တကယ့် ‘မီးတောက်မျက်လုံး’ များကို ပိုင်ဆိုင်ထားရုံသာမက သူမ၏ ကိုယ်ပိုင် ရတနာသိုလှောင်ရာ နေရာလွတ် တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
“ရှောင်ချိုက်.. ဝူမေ့ရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် အသင့်တော်ဆုံး ရတနာကို အရင်ရွေးလိုက်”
လီယွမ်က သူ၏ အတွေးများကို ပို့လွှတ်လိုက်၏။
“ရွှီး...”
ရှောင်ချိုက်မှာ သိပ်တော့ မလိုလားလှသော်လည်း သူမ၏ သခင် အလိုကျ လုပ်ဆောင်ပေးလိုက်ရသည်။
ဝူမေ့သည်လည်း ရှောင်ချိုက်နှင့် အပြိုင်အဆိုင် ဖြစ်ရန် တစ်စုံတစ်ဦးကို တိတ်တဆိတ် ရှာဖွေနေခဲ့သည် မဟုတ်ပါလား.. ။
မျက်စိကျိန်းမတတ် များပြားလှသော ရတနာများက ဆွဲဆောင်နေသဖြင့် လီယွမ်သည် ရှောင်ချိုက်၏ ရတနာနယ်မြေကို ဖွင့်ကာ ရတနာများ အားလုံးကို သိမ်းကျုံး ယူပစ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
“စိတ်ထိန်း.. စိတ်ထိန်း”
လီယွမ် တစ်ယောက် သူ၏ ရင်တွင်းမှ ဆန္ဒများကို ဖိနှိပ်ထားလိုက်ပြီး ရတနာသိုက်ကြီး၏ အဋ္ဌမထပ်သို့ ရောက်သည်အထိ လျှောက်ကြည့်ကာ ရတနာများကို ရွေးချယ်နေခဲ့သည်။
ဤအထပ်တွင် လင်းယွဲ့ စုဆောင်းထားသော ရတနာများမှာ အလွန်တရာ ရှားပါးလှပြီး စုစုပေါင်း ဆယ်ခုခန့်သာ ရှိ၏။ ၎င်းတို့ထဲတွင် သိုင်းပညာ ကျင့်စဉ်များနှင့် ဓားသိုင်းများ လျှို့ဝှက်သိုင်းကျမ်းများ လက်နက်များ အစရှိသည်တို့ ပါဝင်သည်။
သိုင်းပညာရှင်များအတွက် အထူး သီးသန့် ဖန်တီးထားသော ဤအရာများမှာ ကူသခင်များအတွက်တော့ လုံးဝ အသုံးမဝင်သလောက်ပင်။
ယေဘုယျ သုံးစွဲနိုင်သော ပစ္စည်းများကိုသာ ရွေးချယ်နိုင်သည်။
“ဂျူနီယာ မောင်လေး.. နဝမထပ်ကို အရင် သွားကြည့်ကြမလား”
နင်ဟုန်ယွီက မေးလိုက်၏။
“ကောင်းပြီလေ”
လီယွမ်က ခေါင်းညိတ်လိုက်၏။
အဋ္ဌမထပ်တွင် ဝူမေ့နှင့် ကိုက်ညီသော ပစ္စည်းတစ်ခု ရှိသော်လည်း ဒါက ရှောင်ချိုက်အတွက် ‘ငရဲမီးလျှံ’ လောက်တော့ အကျိုးသက်ရောက်မှု မရှိသေးပေ။
နဝမထပ်တွင်မူ ရတနာ သုံးခုသာ သိမ်းဆည်းထားသည်။
ပထမတစ်ခုမှာ ရှေးဟောင်း လက်နက်အကျိုး တစ်ခုဖြစ်ပြီး ၎င်း၏ ကိုယ်ပေါ်တွင် အစက်အပြောက်များ ပြည့်နှက်နေကာ အလွန် မှေးမှိန်သော သိုင်းဝိညာဉ် တစ်ခု ကိန်းအောင်းနေ၏။ ဒါက ကနဦး သိုင်းနတ်ဘုရား တစ်ပါး အသုံးပြုခဲ့သော နတ်လက်နက် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
၎င်းက လုံးဝ နီးပါး ပျက်စီးနေပြီဖြစ်ပြီး ယခုအခါ အမှတ်အသား တစ်ခုအနေဖြင့်သာ ကျန်ရှိတော့၏။
လင်းယွဲ့ ပင်လျှင် ၎င်းကို အသုံးမပြုနိုင်ခဲ့သလို ဝူမေ့ကလည်း စိတ်မဝင်စားပေ။ သို့သော် ရှောင်ချိုက်ကတော့ သဘောကျနေပုံ ရသည်။
“ရွှီး...”
သူမမှာ အနည်းငယ်ပင် စိတ်လှုပ်ရှား နေခဲ့တော့၏။
“ရှောင်ချိုက်.. မင်း ဆိုလိုချင်တာက...”
လီယွမ် သဘောပေါက် သွားသည်။
“ဒီနတ်လက်နက်ကို ပြုပြင်ဖို့အတွက် နေမင်း မီးလျှံကို အချိန်အကြာကြီး သုံးပြီး အရောင်တင်ပေးရမယ် ဆိုတဲ့ သဘောလား”
နေမင်း မီးလျှံ ဆိုသည်မှာ သောင်း အဆင့် ကူအိမ် ‘စိတ်ကူးယဉ်အရောင်စုံ နန်းတော်’ မှ ထုတ်လုပ်ပေးသော ရတနာတစ်ခု ဖြစ်ပြီး ရတနာလက်နက်များကို သွန်းလုပ်ရာတွင် အသုံးပြုသော အဆင့်မြင့် မီးလျှံတစ်ခု ဖြစ်ပါသည်။
ထိုလက်နက်မှာ လီယွမ်အတွက် အသုံးမဝင်သော်လည်း အကယ်၍ ၎င်းကို ပြုပြင်နိုင်မည် ဆိုပါက ဓားနတ်သမီးအား ပေးရန် ဖြစ်စေ.. အခြားအရာများနှင့် လဲလှယ်ရန် ဖြစ်စေ ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်ပေလိမ့်မည်။
“လောလောဆယ်တော့ အရံ အစီအစဉ်အနေနဲ့ ထားလိုက်ဦးမယ်”
လီယွမ်သည် အလျင်စလို ဆုံးဖြတ်ချက် မချခဲ့ပေ။ ပျက်စီးနေသော နတ်လက်နက်ကို ပထမဆုံး အရာအဖြစ် ရွေးချယ်လိုက်ခြင်းက ကူသခင် တစ်ယောက်၏ အဆင့်အတန်းနှင့် ကြည့်မည်ဆိုပါက ရုတ်တရက် ဆန်လွန်းနေပေမည်။